Saturday, May 16, 2015

မြန်မာ့ ကံကြမ္မာ (နှစ် ၁၀၀) အပိုင်း (၂)

ဗုဒ္ဓဟူး ဂြိုဟ်
ဗုဒ္ဓဟူး ဂြိုဟ် သည် အတတ်ကို ကိုယ်စားပြုသော ဂြိုဟ်ဖြစ်သည်။ ဆက်သွယ်မှု ကို ကိုယ်စားပြုသော ဂြိုဟ်ဖြစ်သည်။
ထို့ကြောင့်လည်း- ဗုဒ္ဓဟူး ဂြိုဟ် နှင့် အင်္ဂါတို့ ပူးကပ်ပါက- အင်ဂျင်နီယာ အတတ်၊ ကိုယ်ခံပညာ အတတ်တို့ကို လေ့လာ ဖြစ်စေခြင်း စသည်ဖြင့် လူတစ်ဦး ၏ ဇာတာတွင် ပြဆိုတတ်လေ့ ရှိသည်။ 
၁-တန့် (လဂ်) သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် ရန်ဖြစ်သော ဓနု ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -8% ရှိကာ၊ -100% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
မူလ ဗုဒ္ဓဟူး ဂြိုဟ် (၁-တန့် (လဂ်) ၏ သခင်) အား မူလ တနင်္ဂနွေ (၁၂-တန့် ဘာဝ ၏ သခင်) မှ (-100) % ဖြင့် လွှမ်းမိုး ဖျက်ဆီး ထားသည်။ တနည်း အားဖြင့် ဆိုသော် တနင်္ဂနွေ အနေဖြင့် ဗုဒ္ဓဟူး၏ အကူအညီ ရသော်လည်း- ဗုဒ္ဓဟူး ကိုယ်တိုင် အနေဖြင့်မူ တနင်္ဂနွေ ကြောင့် ပျက်စီး သွားရခြင်း ပင် ဖြစ်တော့၏။

မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ ဇာတာတွင် - ဗုဒ္ဓဟူးဂြိုဟ် -၄-တန်.တွင် ရပ်တည်ခြင်း သည် တိုင်းပြည်တွင် ရေမြေ သယံဇာ ပေါကြွယ်ဝ ခြင်း၊ တိုင်းပြည်တွင် ပညာတတ်များ ပေါများခြင်း တို့ကို ဖြစ်စေ၏။ 
သို့သော် ထို လဂ်သခင် ဗုဒ္ဓဟူး အနေဖြင့် အင်အား မရှိခြင်းက- ထိုသယံဇာတ တို့၏ အကျိုးအမြတ်ကို ခံစားခွင့် မရှိ။ ထိုပညာတတ် တို့ အနေဖြင့် ထင်သလောက် မပေါက်။
ထိုမျှ နှင့် မရပ်သေး- ထို လဂ်သခင် ဗုဒ္ဓဟူး အား- ၁၂-တန့် သခင် တနင်္ဂနွေ မှ အနီးကပ် ဖျက်ဆီး ထားခြင်း ကြောင့်- တိုင်းပြည်၏ သယံဇာတ များသည် လည်းကောင်း၊ ပညာတတ် များသည် လည်းကောင်း တိုင်းပြည်အား အကျိုးပြုခွင့် မရပဲ ဆုံးရှုံး ပျက်စီး ရခြင်း- ၁၂-တန့်သည် ပြည်ပ ကိုလည်း ရည်ညွှန်းသဖြင့်- ပြည်ပ သို့- ယိုစိမ့် ထွက်နေ ရခြင်း တို့ကို ဖေါ်ပြတော့၏။ ဤနေရာတွင် ဗုဒ္ဓ အဓိတျ ယုဂ် ကို ရခြင်း ဖြစ်ရန်မှာ- တနင်္ဂနွေ သည် ၁၂-တန့် သခင် မဖြစ်ရန် သော်လည်းကောင်း၊ ရန်အိမ် မရပ် ရန် သော်လည်းကောင်း လိုအပ်သဖြင့်- ဗုဒ္ဓ အဓိတျ ယုဂ် ရရန် အသာထား- အရင်းထဲမှ ပင် ရှုံးနေရပြီ ဖြစ်၏။ 
တစ်ဘက်မှ ကြည့်လျှင်- လဂ်သခင် သည် ၄-တန်. ဘာဝတွင် ရပ်တည် ခြင်းဖြင့်- တိုင်းပြည် အနေဖြင့် ယေဘူယျ အားဖြင့် အေးချမ်းသာယာ သော အနေအထား- လူတို့ အနေဖြင့် ငြိမ်းချမ်း စွာ နေလိုသော အနေအထားကို ရည်ညွှန်း၏။ 

ကြာသပတေး ဂြိုဟ်
ကြာသပတေး အား သက္ကတ ဘာသာဖြင့် “ဂုရု” ဟု ခေါ်၏။ “ဂုရု” ဆိုသည်မှာ ပညာရှိ ဆရာသမား ဖြစ်၏။
ကြာသပတေး ဂြိုဟ် ၏ ပရိယာယ်ကို တစ်ခုတည်းသော ဝေါဟာရ ဖြင့် ဖေါ်ပြရမည် ဆိုပါက- “ဆင်ခြင်ဥာဏ် ကို ထောက်ပံ့ပေးခြင်း” ဖြစ်၏။
ဆင်ခြင် ဥာဏ် ဆိုသည်မှာ-

  • ပညာရပ် တစ်ခုကို သင်ယူသော အခါ- နှုတ်တိုက် သင်ကြား လေ့လာမည့် အစား- ထိုပညာရပ်၏ ကြောင်းကျိုး ဆက်စပ်မှုကို ဆင်ခြင်ခြင်း။
  • အကြောင်း အရာကိစ္စ တစ်ခုကို ကြားသိသော အခါ- ဖြစ်တန်၏ မဖြစ်တန်၏ ယုတ္တိတန်မတန် ဆင်ခြင် လေ့လာခြင်း။
  • ကောင်းသော အလုပ် ဖြစ်စေ- ဆိုးသော အလုပ် ဖြစ်စေ- အလုပ်တစ်ခု ကို လုပ်တော့မည် ဆိုလျှင် ထိုအလုပ်ကို လုပ်သင့် မလုပ်သင့် ဆင်ခြင်ခြင်း တို့ဖြစ်တော့၏။

ဆက်လက်၍ လည်း-

  • ထိုသို့သော အနေအထားများသည်- လွတ်လပ်ရေး ရခဲ့သည့် အချိန်မှ စ၍- ယခု အချိန် အထိ တိုင်းပြည်၏ မီးရှူးတန်ဆောင် ခေါင်းဆောင်များတွင် ရှိခဲ့ကြပါ၏ လော။ ရှိနေကြပါ၏ လော။
  • ထိုသို့သော အနေအထားများသည်- တိုင်းပြည်၏ ဦးဏှောက် နှင့် တူသော ပညာရှင်ကြီးများ မင်းတိုင်ပင် ကြီးများတွင် ရှိခဲ့ကြပါ၏ လော။ ရှိနေကြပါ၏ လော။ ရှိသော်မှ အရာရောက် ကြပါ၏လော။
  • ထိုသို့သော အနေအထားများသည်- လူအများစု အကြားတွင် ရှိခဲ့ကြပါ၏ လော။ ရှိနေကြပါ၏ လော။ ရှိသော်မှ အရာရောက် ကြပါ၏လော။
  • ထိုသို့သော အနေအထားများသည်- ပညာသင်ကြားပေး သူ လူတန်းစား ဖြစ်သည့် ပညာရေး ၀န်ထမ်း  အကြားတွင် မည်သို့ ရှိနေပါသနည်း။ “ဂုရု” အမှန်တကယ် မည်မျှ ရှိနေကြပါသနည်း။ ရှိသော်မှ အရာရောက် ကြပါ၏လော။

အကယ်၍ ထိုသို့သာ ရှိနေမည် ဆိုလျှင်- တိုင်းပြည် အနေဖြင့် ယခု အနေအထားထက် များစွာ ကွာခြားသော အနေအထား သို့ ရောက်မည် ဖြစ်တော့၏။
ထပ်ဆင့် လေ့လာမည် ဆိုလျှင်- ရှိခဲ့ကြသော ပညာရှင်ကြီးများ၊ “ဂုရု”  များသည်ပင်လျှင် - တိုင်းပြည်တွင် အခြေအနေ များ မရခဲ့သဖြင့် ပြည်ပသို့ ရောက်မှသာ သူတို့၏ တန်ဘိုး မြင့်လား လာကြရသည့် နမူနာတို့ကို သိဘူး မြင်ဘူးသူများ ရှိကြပါလိမ့်မည်။
ဤသို့ဆိုလျှင် မြန်မာပြည် ဇာတာ၏ ကြာသပတေးသည် အင်အား ကောင်းနေပါမည်လား- အင်အားနည်း နေပါမည် လား..
အများအနေဖြင့် အလွယ်ပြောကြသောအခါ - ပညာတတ် ဖြစ်ရန် ကြာသပတေး အားကောင်း ရမည် ဟု ဆိုတတ်ကြ၏။
အမှန် အားဖြင့် ဤအဆိုမှာ မတိကျ။
လူပုဂ္ဂိုလ် တစ်ဦး အတွက်- ထင်ရှားသော ပညာတတ် တစ်ယောက် ဖြစ်ရန် မှာ -

  • တနင်္ဂနွေ အားကောင်း ခြင်းဖြင့် ထင်ရှားသော ဥာဏ်ရရှိ နိုင်သလို- 
  • အင်္ဂါ အားကောင်းခြင်း ဖြင့်- ထက်မြက်သော ဥာဏ်၊ လက်တွေ့ ကျသော ဥာဏ် ရနိုင်သလို၊ 
  • ဗုဒ္ဓဟူး အားကောင်း ခြင်းဖြင့်- အတတ်ကို ကိုယ်စားပြုသော အတတ်ပညာ ရှင် ဖြစ်နိုင်သဖြင့်- ဘွဲ့ရ ပညာတတ် တစ်ဦး ဖြစ်ရန် အတွက် ကြာသပတေးသည် အဓိက မဟုတ်။ (ရာဟု ကြောင့်လည်း- တကယ့် ပြင်ပတွင် မရှိသော Software တို့ကို ဖန်တီး နိုင်သော Programmer, Virtual Reality ပညာရှင်များ ဖြစ်နိုင်၏။)

သို့ဖြစ်လျှင် ကြာသပတေးက မည်သို့သော အရာများကို လုပ်ပေးနိုင်ပါသနည်း။
လူပုဂ္ဂိုလ် တို့၏ ဇာတာတွင် ကြာသပတေး အားကောင်းသူ သည်- ငယ်စဉ်က အတန်းထဲတွင် ဆရာမက ဖြေနိုင်သူ လက်ညှိုးထောင် ဆိုပါက- အယင်ဦးဆုံး လက်ညှိုး ထောင်တတ်သူမျိုး မဟုတ်။
၎င်းသိထားသည့် အဖြေအား အနုလုံ ပဋိလုံ စဉ်းစား နေခြင်း ဖြင့်- ထက်မြက်သူဟု ရုတ်တရက် သိနိုင်သူမျိုး မဟုတ်။ (အိုင်းစတိုင်း ဇာတာ သည်ကား အကောင်းဆုံး ဥပမာ ဖြစ်တော့၏။)
ကြာသပတေး အားကောင်းသူ သည်- မေးခွန်း မှ အဖြေကို မစဉ်းစားမီ- မေးခွန်း ကိုယ်တိုင်က မှန်မမှန် သဘာဝ ကျမကျ စဉ်းစား နေတတ်သည်။
အဖြေတစ်ခု ခေါင်းထဲတွင် ရှိပြီးသော်မှ အခြား ဖြစ်နိုင်စရာ အဖြေကို စဉ်းစား နေတတ်၏။
ဆိုလိုသည်မှာ ကြာသပတေးသည် အတန်းထဲတွင် စာတော်ခြင်း ကို ဖေါ်ပြ နေခြင်း မျိုးမဟုတ်။ အတန်းထဲတွင် စာတော် စေနိုင်သော အကြောင်းများစွာ ရှိပါ၏။ ကြာသပတေးသည် အတွေး ပါသော ဆင်ခြင် အား ဖြစ်၏။
ထို့သို့ ဆင်ခြင် နိုင်စွမ်းကြောင့်- ကြာသပတေး အားကောင်းသူသည်-
မကောင်းမှု ကို အလွယ်မလုပ် ဖြစ်တော့သော ကြောင့်- ဂုဏ်သိက္ခာ နှင့် အဆင့်အတန်းကို ဖြစ်စေခြင်း ဖြစ်၏။
မကောင်းသော ယုဂ်များ ရနေပါစေ- ဆင်ခြင် ဥာဏ် ကောင်းသော ကြာသပတေး တစ်ခု အားကောင်း နေခြင်းဖြင့်- ထိုမကောင်းမှု များကို လက်တွေ့ မလုပ် ဖြစ်သော ကြောင့်- “ကြာသပတေး ကောင်းလျှင် အပြစ် တစ်သန်း ကျေ သည်” ဟု ဆိုစမှတ် ပြုရခြင်း ဖြစ်၏။
ဆင်ခြင် ဥာဏ်ကို ကိုယ်စားပြုသော ကြောင့် ကြာသပတေးသည်- မျှတစွာ ဆုံးဖြတ် တတ်ခြင်း ကြောင့် တရားသူကြီး စသော အလုပ်များ လုပ်ရတတ် သည် ဟု ရှေးကျမ်း များက ဆိုခြင်း ဖြစ်၏။
ဆင်ခြင် ဥာဏ် အားနည်းသူသည် ဦးစွာ ကြားသည်ကို အမှန် ထင်တတ်ခြင်း၊ အပြော ကောင်းသူကို ယုံတတ်ခြင်း၊ တို့ကြောင့် နောင် ဖြစ်လာ နိုင်မည့် အနေအထား များကို ကြိုတင် တွက်ဆ နိုင်ရန် အသာထား- ပြီးခဲ့သော ကိစ္စရပ်တို့မှ အမှားတို့ကို ပြန်မြင် နိုင်ရန် ခက်ခဲခြင်း၊ ပြန်မြင် သော်မှ အကြောင်းရင်း အစစ်အမှန်ကို မမြင် မသိနိုင်ခြင်း တို့ကို ဖြစ်စေ တော့၏။
သို့ဆိုလျှင်- မည်မျှပင် ရှုံးရှုံး လောင်းကစား ကို စွဲတတ် သူတို့ အများဆုံး ဖြစ်နေတတ် သော နေရာ-
မည်သူတို့ အနေဖြင့် သဘာဝ မကျသော အလိမ်တို့ကို ဟန်ကျ ပန်ကျ လိမ်လိမ်၊ တစ်မျိုး မဟုတ် တစ်မျိုး အလိမ်ခံ နေကြရသူများ များပြား နေသော နေရာတွင်- ထိုအရပ် ဒေသ၏ ဇာတာတွင် ဆင်ခြင် နိုင်စွမ်း ကို ကိုယ်စားပြုသော ကြာသပတေး ကောင်းနိုင်ပါမည် လားဟု ဦးစွာ တွေးတော သင့်ပါ၏။

ဆက်လက်၍ လည်း- တိုင်းပြည်၏ ဇာတာတွင် ကြာသပတေး ကောင်း နေပါက ထိုဒေသ တွင် နေထိုင် သူတို့သည်-
တိုင်းပြည်၏ အနေအထား- အုပ်ချုပ်သူတို့၏ အမှား အယွင်းကို လည်းကောင်း၊ အတိုက် အခံတို့၏ အမှား အယွင်းကို လည်းကောင်း ဆင်ခြင် နိုင်၊ ထောက်ပြနိုင်သူ များတတ်ကြ၍-
ကြာသပတေး အားနည်း နေသော နိုင်ငံမှ လူအများစု အနေဖြင့် မူ- အုပ်ချုပ်သူတို့ဘက်မှ အကွက်ချ လှည့်ဖျားလျှင် သော်လည်းကောင်း၊ အတိုက်အခံ တို့ဘက်မှ လှည့်ကွက် ကစားလျှင် သော် လည်းကောင်း၊ ကြားလူ တို့ကို ၄င်းတို့ ကိုယ်ကျိုး အတွက် လည်းကောင်း- ထင်ရာ မြင်ရာကို လည်းကောင်း ၀ါဒ ဖြန့်ချီသော် ယုံလွယ် တော့၏။

ဆိုလိုသည်မှာ ကြာသပတေးသည် ဘွဲ့လက်မှတ် မဟုတ်-
ဘွဲ့လက်မှတ် တစ်ခုမှ မရသည်ထား- ကြာသပတေး သမား အင်အား ကောင်းသူသည်- မိမိ လုပ်ဆောင်ရာ ပတ်ဝန်းကျင် တွင် မိမိ၏ စဉ်းစား ဆင်ခြင် ပြောနိုင်မှု ကြောင့် ဆိုက်ကား ဆရာ ဖြစ်ပါစေ- မိမိ အကြောင်း သိသူများက လေးစားခြင်းကို ခံရတတ်၏။
ငွေပေး၍ ၀ယ်သော ဘွဲ့လက်မှတ် များ မည်မျှ ကိုင်ထားပါစေ- ဆင်ခြင် ဥာဏ် အားနည်းပါက- အကြောင်း သိသူက အထင်မကြီးတော့။
သို့ပါလျှက်-် သိန်းပေါင်း များစွာ ပေး၍ မည်သို့မျှ တန်ဘိုး မရှိသော ဘွဲ့လက်မှတ် စာရွက်များကို မရမက လိုက်ဝယ် နေသူတို့ အလွန်များပြား သည့် နိုင်ငံ သည်ကား-- မည်သည့် နိုင်ငံ ဖြစ်ပါသနည်း။

မြန်မာ နိုင်ငံ၏ ဇာတာ တွင်- ၄-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် မိတ်ဖြစ်သော ဗြိစ္ဆာ ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော ဇေဋ္ဌ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -70% ရှိကာ၊  ဂြိုဟ်ဆိုး အားဖြင့် တိုက်ရိုက် လွှမ်းမိုးမှု တော့ မရှိပါချေ။
ကြာသပတေးဂြိုဟ် -၃-တန်.တွင် ရပ်တည်ခြင်းဖြင့် တိုင်းပြည်တွင် သံတမာန် ကောင်းများ- ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို ပြုလုပ်နိုင်ခြင်း၊ နိုင်ငံတော် အကြီးအကဲ သို့ အကြံပေး နိုင်သူ ပညာရှင်များ ရှိနေ နိုင်ခြင်းကို ဖေါ်ပြ၏။ သို့သော်- ထိုကြာသပတေးသည် အင်အား အနှုတ်ပြ နေလေရာ- ထိုထို ကိစ္စများ၊ ထိုထို အားထုတ် မှုများသည် အရာရောက် ခွင့်မကြုံရ။ ထိုမျှသာ မကသေး- အရေးကြီးဆုံး ဂြိုဟ်ကြီး ဖြစ်သော- ကြာသပတေး - အချိန်ကာလ အားဖြင့် လည်း ကြာမြင့် တတ်သော ကြာသပတေး အနေဖြင့် အင်အားမဲ့ နေခြင်းကြောင့်- တိုင်းပြည် မငြိမ်မသက် ဖြစ်ရပ်များ အနေဖြင့် ကြာသပတေး ဒဿာ ကာလ များတွင် အဆိုးပေးခွင့် ရထားတော့၏။
မြန်မာနိုင်ငံ လွတ်လပ်ရေး ဥပဒေ ဇာတာ အရ- ကြာသပတေး ဆိုင်ရာ ဒဿာတို့တွင် အောက်ပါ ဖြစ်ရပ်များ ဖြစ်ပွားခဲ့၏။ အင်အားနည်းသော ဂြိုဟ်၏ ဒဿာသည် ကောဇာ ဂြိုဟ်ကောင်းများ၏ ကောင်းကျိုးကို ခံစားခွင့် ရရန် ခက်ခဲ၍- ဂြိုဟ်ဆိုးတို့၏ ဆိုးကျိုးကို ရနိုင်ရန် အခွင့်အလမ်း ပေးလိုက်သော ကြောင့် ဖြစ်၏။

  • 06/Jun/1974 - အလုပ်သမား အရေးအခင်း ဖြစ်စဉ်က- ကြာသပတေး ထူလ၊ ကြာသပတေး အန္တရ၊ ဗုဒ္ဓဟူး ပြတန္တရ
  • 10/Dec/1974- ဦးသန့် အရေးအခင်း။ ဖြစ်စဉ်က- ကြာသပတေး ထူလ၊ ကြာသပတေး အန္တရ၊ သောကြာ ပြတန္တရ
  • 13/Mar/1988- စက်မှု တက္ကသိုလ် အထိကရုဏ်း နှင့် ဖုန်းမော် သေဆုံးမှု။ ဖြစ်စဉ်က ကြာသပတေး ထူလ၊ ရာဟု အန္တရ၊ စနေ ပြတန္တရ
  • 08/Aug/1988- ၈-လေးလုံး အရေးတော်ပုံ ဖြစ်စဉ်က- ကြာသပတေး ထူလ၊ ရာဟု အန္တရ၊ ဗုဒ္ဓဟူး ပြတန္တရ
  • 09/Oct/198- တောင်ကိုရီးယား သမ္မတကြီး ချန်ဒူးဝမ် လာရောက်၍ အာဇာနည် ဗိမာန်အား အလေးပြုချိန်တွင် မြောက်ကိုရီးယား မှ ဗုံးဖေါက် လုပ်ကြံရန် ကြိုးစား ခဲ့စဉ်က- ကြာသပတေး ထူလ၊ သောကြာ အန္တရ၊ ဗုဒ္ဓဟူး ပြတန္တရ
  • 23/Oct/1965 - သေဆုံးသူ ၁၀၀-ဦး ရှိခဲ့သော စစ်တောင်း မြစ်ဝှမ်းဒေသ မုန်တိုင်း ဖြစ်စဉ်က ရာဟု ထူလ၊ ဗုဒ္ဓဟူး အန္တရ၊ ကြာသပတေး ပြတန္တရ
  • 05/May/1975 - -အနောက် တောင်ပိုင်း ဒေသ မုန်တိုင်း - ပုသိမ် တွင် သေဆုံးသူ အရေအတွက်-၃၀၃ ဦး၊ တိရစ္ဆာန် ကောင်ရေ ၁၀၁၉၁၊ ဆုံးရှုံးမှု တန်ဘိုး ကျပ် သိန်း ၇၇၆ သိန်းကျော်ဘိုး၊ အိမ်ပေါင်း ၂၄၆၇၀၀ (၅-ရက် နေ့ မှ ၇-ရက်နေ့ အတွင်း) ခဲ့စဉ်က- ကြာသပတေး ထူလ၊ ကြာသပတေး အန္တရ၊ တနင်္လာ ပြတန္တရ။
  • 23/Mar/1983- - သေဆုံးသူ ၅၀၀-ဦး ရှိခဲ့သော အမရပူရ ငလျင် (မန္တလေး တိုင်း)၊ ဖြစ်စဉ်က- ကြာသပတေး ထူလ၊ သောကြာ အန္တရ၊ ကြာသပတေး ပြတန္တရ
  • 03/May/2008- (နာဂစ် ဆိုင်ကလုန်း မုန်တိုင်း) ကြောင့် လူဦးရေ ၁-သိန်း ၃-သောင်းခန့် သေဆုံး ခဲ့စဉ်က- စနေ ထူလ၊ ကြာသပတေး အန္တရ၊ အင်္ဂါ ပြတန္တရ

အထက်ပါ ဖြစ်ရပ်တို့ကို ကြည့်ပါလျှင် အင်အားနည်းသော ကြာသပတေး ဂြိုဟ်၏ ဒဿာ တွင် ဂြိုဟ်ဆိုးတို့၏ ဆိုးကျိုးကို ရနိုင်ရန် တံခါးဖွင့်ပေး လိုက်သည်ကို စာရှုသူတို့ မြင်တွေ့ ကြရပါလိမ့်မည်။

သောကြာ ဂြိုဟ်
ဤဇာတာတွင် အင်အား အကောင်းဆုံး ဂြိုဟ်သည်ကား- သောကြာ ဖြစ်၏။ ၂-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် မိတ်ဖြစ်သော မကာရ ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော သရ၀ဏ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 212% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
မန်ဒိန်း ပရိယာယ်များ အရ- သောကြာသည် နိုင်ငံတော် အရင်းအမြစ်များ၊ ဟော်တယ် နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ ရုပ်ရှင် နှင့် အနုပညာ လုပ်ငန်းများ၊ အနုပညာရှင်များ၊ ဖျော်ဖြေရေး လုပ်ငန်းများ၊ ပွဲလမ်း သဘင်များ၊ ကလေးသူငယ် မွေးဖွားမှုများ ကို အစိုးရ၏။ မည်မျှပင် စီးပွားရေး မကောင်းသည် ဖြစ်စေ- လူတို့သည်ကား ပျော်ပျော် နေတတ်၏။ ပျော်အောင် နေတတ်၏ ပြောရမည်။ သဘာဝ အရင်းအမြစ် များ ကြွယ်ဝ ခြင်းကို ထပ်မံ ဖြစ်စေသော အကြောင်းလည်း ဖြစ်၏။

သောကြာဂြိုဟ် ၅-တန်.ဘာဝတွင် ရပ်တည်ခြင်း ဖြင့် ကောင်းသော-ဆိုးသော အကျိုးတို့ရှိ၏။ ကောင်းကျိုး အနေဖြင့်- အရည်အချင်း ရှိသော လူတော် လူကောင်းတို့ ကို မွေးဖွား စေနိုင်၏။ ဆိုးသော အချက် အနေဖြင့်- အပျော်ကြိုက်သော သောကြာ နှင့် စွဲလမ်း တတ်သော ၅-တန့်- တနည်းအားဖြင့် လောင်းကစား နှင့် ဆိုင်သော ၅-တန့် ဖြစ်နေခြင်းက- စိတ်ကူးယဉ် မှု- အလွယ်တကူ ချမ်းသာလိုမှု နှင့် လောင်းကစား တို့တွင် ၀ါသနာ ထုံတတ်ကြစေ သော အနေအထား ကို ဖြစ်စေတော့၏။
တနည်းအားဖြင့်- လက်တွေ့ ဆန်မှု နည်းပါး၍- လောင်းကစား ဆန်ဆန် လုပ်ကိုင်ရသော စီးပွားရေး လုပ်ငန်းများ သာ ဖြစ်ထွန်းစေ တတ်သော အနေအထားကို ဖြစ်စေတော့၏။
သောကြာဂြိုဟ် ကောဇာလွှမ်းမိုးချိန်- သောကြာဂြိုဟ် ဒဿာ စားချိန် တို့တွင် နိုင်ငံတော် အနေဖြင့် ဘဏ္ဍာရေး၊ ပြည်သူ လူထု၏ ကြွယ်ဝမှု၊ သုံးစွဲ နိုင်မှု၊ ငွေကြေး တည်ငြိမ်မှု၊ နိုင်ငံတော် ဘတ်ဂျက်များ တိုးတက်မှုကို ရနိုင်သော ကာလ ဖြစ်၏။

စနေ ဂြိုဟ်
ကန်လဂ် ဇာတာ အတွက်- တနင်္ဂနွေ-အင်္ဂါ တို့သာမက- စနေသည် လည်း သဘာဝ ပါပသာမက- ကာရက ပါပ ဖြစ်နေခြင်း- လဂ်သခင် သည် ဗုဒ္ဓဟူး ဖြစ်၍ မူလ သဘောကိုက အင်အားနည်းတတ်ခြင်း တို့ခြင်းတို့သည် ပြဿနာ ဖြစ်၏။

၆-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကရကဋ် ရာသီ (၁၁-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-ဗုဒ္ဓဟူး ပိုင်သော အသလိဿ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 91% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။

အင်အားရှိသော စနေသည်- မန်ဒိန်း ဥပဒေက သတ်မှတ်ထားသည့် ၄င်း၏ တာဝန် ဖြစ်သော- သတ္တုတွင်း တူးဖေါ်ရေးများ၊ ရှေးဟောင်း အမွေအနှစ်များ ကို ထောက်ပံ့ပေး၏။ ၄င်းတို့၏ အကျိုးကို ခံစား ရရှိစေ၏။ တိုင်းပြည်၏ ဂုဏ်အဆင့် အတန်းကို ဖေါ်ပြသော ၁၁-တန့် နှင့် တူးဖေါ်ရေး လုပ်ငန်း ရှေးဟောင်း အမွေ အနှစ်တို့ ဆက်စပ် အကျိုးပေးစေ၏။
သို့သော် ၄င်းသည် ကိုယ်တိုင် အနေဖြင့်- ၁၁-တန့်တွင် တည်ခြင်းဖြင့်- အပေါင်းအသင်း အသိုင်းအ၀ိုင်း- မိတ်ကောင်း ဆွေကောင်း တို့ကို ဖေါ်ပြသော ၁၁-တန့် အနေဖြင့် ထိခိုက်ရသည်။ ဤနည်းဖြင့်- သူများ အပယ်ခံ ဖြစ်ရတတ်ခြင်း၊ စီးပွားရေး ပိတ်ဆို့မှုများ ခံရတတ်ခြင်း၊ မိတ်ကောင်း ဆွေကောင်း ရှားပါး၍ အထီးကျန် ဖြစ်ရခြင်းတို့ကို ဖြစ်စေ၏။

မိမိ၏ တာဝန်ဖြစ်သော- စနေ၏ ကာရက သဘော ကို ကျေပွန်သော်လည်း ၆-တန်.ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင် လည်းဖြစ်- ပင်ကိုယ်၌ က- ပါပ လည်း ဖြစ်သော စနေသည်- ၄င်း၏ ကောဇာ လွှမ်းမိုးမှုတို့တွင်- ဒဿာသခင် ဂြိုဟ်များ အင်အား နည်းချိန်တွင် ဆိုးကျိုးတို့ကို ထင်ရှားစွာ ပေးသည်ကို အောက်ပါ ဇယားတို့တွင် မြင်နိုင်ပါတော့၏။




ရာဟု ဂြိုဟ်

မူလ ကတည်းကပင် အဆိုးဓါတ်ခံ ရှိသော ရာဟု- မထင်မှတ်သော အနိဌာရုံ တို့ကို ဖြစ်စေတတ်သော ရာဟု သည် -

  • - မရဏ ဆိုသော သေဆုံးခြင်း နှင့် ဆိုင်သည့် ၈-တန့် ဘာဝတွင် ရပ်တည်၍
  • - ဆုံးရှုံးမှုများ- သောက ဗျာပါဒ များကို ဖြစ်စေသည့် ဗျာယ ဘာဝ (၁၂-တန့်) သခင် တနင်္ဂနွေ ပိုင်သော ကြတ္တိကာ နက္ခတ် ကိုစီးနင်း ထားသည့် အပြင်
  • - (၆-တန့် ဘာဝ ၏ သခင်) စနေ မှ (-99.7) % ဖြင့် လွှမ်းမိုးထားခြင်းကို ရထားခြင်းဖြင့်- အလွန့်လွန့် ဆိုးသော အနေအထားကို ပေးသော ရာဟု အခြေအနေ ကို မြန်မာ့ လွတ်လပ်ရေး အက်ဥပဒေ ဇာတာ အနေဖြင့် ထူးခြားစွာ ရထားတော့၏။

ဤအချက်ကို သက်သေ ခံနေသည်က အောက်ပါ အဖြစ်အပျက်တို့ ဖြစ်တော့၏။ 
မြန်မာနိုင်ငံတွင် ဖြစ်ပျက်သမျှ အနိဌာရုံ အားလုံးနီးနီးတို့တွင် ရာဟု အနေဖြင့် ထင်ရှားစွာ ပတ်သက်နေရသည်မှာ အထက်ပါ အနေထားတို့ဖြင့် ဆိုးကျိုးကို ၂-ထပ်ကွမ်း ၃-ထပ်ကွမ်း ဖြစ်ရထားသော ရာဟုကြောင့် ဖြစ်၏။ 
ဇာတာ အားလုံးအတွက် ရာဟု အပူးအမြင်သည် အဆိုးမဟုတ်။ သို့သော် မြန်မာ့ ဇာတာ အတွက်ကမူ- ရာဟု သည် အဆိုးသက်သက်- အဆိုးစစ်စစ် ကို ပေးခဲ့သည့်မှာ အကြိမ်ပေါင်းများစွာ ပင် ဖြစ်တော့၏။
မြန်မာပြည်တွင် နောင်နှစ်ပေါင်း များစွာ မမေ့နိုင်အောင် လူအသေ အပျောက် များခဲ့သော- အနိဌာရုံ နှင့် ညံ့ဖျင်း၍ လူမဆန်သော အုပ်ချုပ်သူတို့ ၏ အနေအထားကို ၂၀၀၈-ခုနှစ် မေလ ၃-ရက်မှ ၄-ရက် အတွင်း လူသတ် တိုက်ခိုက် ဖျက်ဆီး နာဂစ် ဆိုက်ကလုန်း ကာလတွင် ကောဇာ ရာဟုသည် ကုမ် ရာသီ ၀း၂၃ တွင် တည်၏။
ဤသို့ တည်ခြင်းဖြင့်-
မြန်မာ့ လွတ်လပ်ရေး ဇာတာတွင် ကရကဋ် ၂၈း၄၃ တွင် တည်သော စနေဂြိုဟ် ၆-တန့် သခင်အား ၉၄% ရှိသော ၅-တန့် အမြင်ဖြင့် ထိခိုက် ဖျက်ဆီး ခဲ့၏။
ထိုကာလတွင် လွတ်လပ်ရေး ဥပဒေ ဇာတာ၏ ဒဿာ အားဖြင့်လည်း- စနေ ထူလ၊ အင်္ဂါ ပြတန္တရ ဖြစ်ခြင်း ဖြင့် ကောဇာ၏ မကောင်းသော လုပ်ရပ်ကို အောင်မြင်စွာ လုပ်နိုင်စေခဲ့ပါ၏။ ၅-တန့် အမြင် ဆိုသည်မှာ- ဒီဂရီ အားဖြင့်- ၁၂၀ ဒီဂရီ အကွာအဝေးကို ဆိုလိုခြင်းပင် ဖြစ်၏။

ထိုအကြောင်းကို ကျွန်တော့် အနေဖြင့်- မြန်မာနိုင်ငံ ဇာတာ- နှင့် လေပြင်း မုန်တိုင်း တို့၏ ရိုတ်ခတ်မှု သမိုင်း။   ဆောင်းပါးတွင် ရေးသား ဖေါ်ပြထားခဲ့၏။
ထိုနည်းတူ ကောဇာ ရာဟု၏ ဖျက်ဆီးမှုကို ဦးသန့် အရေးအခင်း၊ ဖုန်းမော် သေဆုံးမှု အစရှိသော ဖြစ်ရပ်များစွာတွင် အောက်ပါ အတိုင်း တွေ့မြင်ကြရပါမည်။




ကိတ် ဂြိုဟ်
ကိတ် ဂြိုဟ် သည် ဖြစ်သော တူ ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ၀ိသာခါ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 108% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
ဤနေရာတွင် ထူးခြားချက်ကို မြင်ကြတော့၏။
ပုံမှန် အားဖြင့် အနှုတ် သဘောသာ ပြသော ကိတ်ဂြိုဟ်သည် မြန်မာ နိုင်ငံ ဇာတာ အတွက် 108% အင်အား ကောင်းနေ၏။
ကိတ်သည် လောကုတ္တရာ ဂြိုဟ်ဖြစ်၏။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၆-နိုင်ငံမျှသာ ရှိတော့ ရာတွင်- လောကုတ္တရာ နှင့် ပတ်သက်သော ၀ိပဿနာ တရား အထွန်းကားဆုံး နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ တည်နေရခြင်း သည် ဤအချက် သည် အဓိက တစ်နေရာတွင် ပါဝင်နေတော့၏။ ဤနေရာတွင် မိုးတား နည်းစနစ် အရ ကိတ်ဂြိုဟ် အားကောင်း ရသည့် အကြောင်းမှာ- ကိတ် တည်ရာ တူရာသီ၏ မူလတြိဂေါဏ သခင် သောကြာ အနေဖြင့် အင်အား ကောင်းလွန်း သောကြောင့် ဖြစ်၏။

အင်အားကောင်းသော ဘွားဇာတာ ကိတ်သည် ၄င်း၏ အကောင်းသဘော တာဝန် ဖြစ်သော- လောကုတ္တရာ အသိဥာဏ်၊ ၀ိပဿာနာ ပညာရပ် နှင့် တကွ- စွန့်လွှတ် လှူဒါန်း တတ်သော သဒ္ဓါ တရားတို့ကို ထွန်းကားစေ၏။
အခြား တစ်ဘက်တွင်မူ- ရုပ်ဝတ္တုတို့ကို ဖျက်ဆီးတတ်သော ကိတ် အနေဖြင့်မူ- ကောဇာ ရပ်တည်မှုများ မကောင်းသော အခါ နှင့် ဒဿာ ပိုင်ရှင် ဂြိုဟ်များ အင်အား နည်းသော အခါတွင် လူသားတို့ အား သံဝေဂ ရစေနိုင်သည် အထိ ပျက်စီး ဆုံးရှုံးမှု များပေးသေး၏။
အောက်ပါ ဖြစ်ရပ်တို့ကို ကြည့်လိုက်ပါက- မြန်မာနိုင်ငံ ၏ သမိုင်း တစ်လျှောက်တွင် ကိတ်၏ ခြေရာ လက်ရာများကို တွေ့နိုင်ပါတော့၏။




မြန်မာ့ ကံကြမ္မာ (နှစ် ၁၀၀) အပိုင်း (၃) ဆောင်းပါး ကို ဆက်လက် ဖတ်ရှုပါ။

အားလုံး ငြိမ်းချမ်းပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment