Saturday, May 9, 2015

မြန်မာ့ ကံကြမ္မာ (နှစ် ၁၀၀) အပိုင်း (၁)

ပထမဦးစွာ ပြောချင်သည်က- ယခု ဆောင်းပါးကို ဖတ်နေစဉ် အတွင်း- ဤအင်တာနက် စာမျက်နှာ နှင့် နောက်ဆက်တွဲ ဆောင်းပါးများ၏ Web link ကလေးကို copy ကူး၍ တစ်နေရာတွင် သိမ်းထား ခြင်း ဖြစ်စေ- မိမိ အီးမေးလ် တစ်ခုတွင် သိမ်းထားခြင်း ဖြင့် ဖြစ်စေ- Book mark ဖြစ်စေ ဦးစွာ လုပ်ထားပါဟု ကနဦး ပြောလိုပါသည်။

အဘယ်ကြောင့် ဆိုသော်-နောင် ၃-နှစ် အကြာ (၂၀၁၈) တွင် သင့်အနေဖြင့်- ဤဆောင်းပါး ကို ပြန်လည် ဖတ်ကြည့် လိုချင် စိတ်ပေါ်ပေါက် လာမည် ဖြစ်သောကြောင့် ဖြစ်ပါ၏။ ယခု ဆောင်းပါးတွင် မြန်မာ နိုင်ငံ အတွက် နှစ်ပေါင်း ၁၂၀ ၀ိသောတ္တရီ ဒဿာ သက်တမ်း ဟောကိန်းကို မိုးတား ၏ နိုင်ငံရေး ဆိုင်ရာ ဟောပြောမှု မူကို မထိခိုက် စေပဲလျှက်- သင့်တော် သလောက် ဖေါ်ပြပေးမည် ဖြစ်ပါသည်။ တစ်နည်း အားဖြင့် ၀ိသောတ္တရီ ဒဿာ အရ နှစ် ၁၂၀ ဖြစ်သော်လည်း- လွတ်လပ် ရေး ရသည်မှ နှစ် ၁၁၀ ဖြစ်သော ၂၀၅၈ အထိ မြန်မာ့ ကံကြမ္မာကို လေ့လာ သုံးသပ်သော ဆောင်းပါး ဖြစ်ပါသည်။

ကျွန်တော့် အနေဖြင့် - မကြာခင် ကာလက မြန်မာပြည် သို့ ခေတ္တခဏ ပြန်ရောက် စဉ်တွင်- ဝေဒသုတေသန မှ ဆရာ ဦးကျော်မြင့်က ကျွန်တော့် အား တန်ဘိုး ရှိသော လက်ဆောင် စာအုပ် လေး တစ်အုပ် ပေးခဲ့ပါ၏။
ထိုစာအုပ် လေးသည်ကား- ဆရာကြီး လျှပ်စစ်ဗေဒင် ဦးအုန်းသင် ရေးသား ခဲ့သော “သာသနာ နှစ် ၂၅၀၀ မှ ရှေ့နှစ်ပေါင်း ၅၀ အတွင်း ဘာဖြစ်မည် လဲ” အမည် ရှိသော ရှေ့ဖြစ် ဗေဒင် စာအုပ် ကလေး ဖြစ်၏။

ဆရာကြီး ဦးအုန်းသင် ထို စာအုပ် လေးကို ရေးရာတွင်- လက်ရှိ မြန်မာ ပညာ နက္ခတ် ပညာရှင် များ အသုံးပြု နေကြသော မြန်မာ နိုင်ငံ ဇာတာ ဟု ခေါ်နေကြသည့်- “အလံတင် အလံချ ဇာတာ” (နံနက် ၄း၂၀ ဇာတာ) ကို လုံးဝ ပင် အသုံး မပြုပဲလျှက်- ထိုစာအုပ် ထုတ်ဝေ ရေးသားသည့် ၁၉၅၆ ခုနှစ် မြန်မာ သင်္ကြန် ကျသည့် အချိန်ကို မူတည် သည့် သင်္ကြန် ဇာတာ ကိုသာ အသုံးပြု၍ ထိုနှစ် အတွက် ဟောကိန်း နှင့်- သာသနာ နှစ် ၂၅၀၀ ပြည့် ဇာတာ တို့ကိုသာ အသုံးပြု၍ နှစ် ၅၀ ဟောကိန်း တို့ကို ဟောကြား ခဲ့သည်မှာ ကား- အင်မတန် အံ့သြ လေးစား ဘွယ် ကောင်းလှတော့သည်။

၁၃၅၆-သင်္ကြန် ဇာတာ။
ဆရာကြီး အနေဖြင့်- ဇာတာ အချိန်ကို အောက်ပါ အတိုင်း တွက်ချက် ပေးထားပါသည်။
“မိဿ ရာသီသို့ တနင်္ဂနွေ ဂြိုဟ် နေမင်း ပြန်လည် ရောက်ရှိချိန် မှာ မဟာ သင်္ကြန် ကျရှိချိန် ဟု ယူဆပြီးလျှင်- ဤနှစ် ကြီးသည် နှောင်းတံခူး လဆန်း ၃-ရက်-၁၃-၄-၁၉၅၆ ခုနှေ နံနက် စံတော်ချိန် ၁၀ နာရီ ၈ မိနစ် ၂၄ စက္ကန့်တွင် မဟာ သင်္ကြန် ကျခဲ့လျက် တံခူး လဆန်း ၅-ရက် ၁၅-၄-၅၆ ခုနေ့ မွန်းလွဲ စံတော်ချိန် ၂-နာရီ ၉-မိန်စ ၃၆ စက္ကန့်တွင် မဟာ သင်္ကြန် တက်ပြီး နှစ်သစ် တို့ စတင် ခဲ့လေသည်။”

သာသနာ နှစ် ၂၅၀၀ ပြည့် ဇာတာ။
“သာသနာ သက္ကရာဇ် ၂၅၀၀ ပြည့် နှစ် စေ့ရောက်သည့် အချိန် သည် ကား။ မြန်မာ သက္ကရာဇ် ၁၃၁၈-ခုနှစ်၊ ကဆုံ လပြည့်နေ့၊ ခရစ် သက္ကရာဇ် ၁၉၅၆-ခု၊ မေလ ၂၄-ရက်နေ့၊ ကြာသပတေး နေ့၊ ညဥ့် စက်စံတော်ချိန် ၁၀-နာရီ ၊ ၁-မိနစ်၊ ၁၁-စက္ကန့် တွင် လပြည့်ချိန် ကြုံလေသည်။ ထိုအချိန် သည် မြန်မာ သံဒိဌ ဂြိုဟ်သွား ပက္ခဒိန် အရ ၄င်း- အိန္ဒိယ ဂြိုဟ်သွား ပက္ခဒိန် အရ ၄င်း၊ ကိုက်ညီ မှန်ကန် သည့် အားလျော်စွာ- လွတ်လပ်သော ဇာတာ၏ အခြေခံ ၂-ခု ကို ဆက်စပ်ကာ၊ ရှေ့ရေး အတွက် နှစ်ပေါင်း များစွာ တို့၏ ဖြစ်ပျက် တွေ့ကြုံ ရတတ်သည့် ကိစ္စရပ် တို့ကို ဖြေရှင်း ဟောဆိုခြင်း ပြုပေအံ့။” 
(စာလုံးပေါင်း သတ်ပုံ များကို မူလ စာအုပ်ထဲ အတိုင်း ပင် ပြန်လည် ရိုက်ကူးပေးထားပါသည်- စကားချပ်)



ဆရာကြီး ဦးအုန်းသင် ၏ သာသနာ ၂၅၀၀ ပြည့် ဇာတာ အရ ဟောကိန်း

ဆရာကြီး ဦးအုန်းသင် ၏ သာသနာ ၂၅၀၀ ပြည့် ဇာတာ အရ ဟောကိန်း တွင်- အခြားသော နှစ်ပိုင်း ဟောကိန်းများ ရှိသော်လည်း- လူအများစု သိရှိထား ကြသည့် - ခေတ်ပြောင်း ခေတ်လွဲ အနေအထားကို ဆရာကြီးက ကြိုတင် ဟောကိန်း ထုတ်ပေးခဲ့သည်မှာ-
“၉-၂-၁၉၆၀ ခုနေ့မှ ၃၀-၁၁-၁၉၆၂ ခုနှစ် အတွင်း၌။ ။ ရာဟု ဗုဒ္ဓိ ဒသာ စားဆဲ ကြုံနေခဲ့ လေသည်။ အရှေ့တောင် အာရှ တိုက် တိုင်းပြည် ကြီးများ အချို့တွင် လက်နက် ကိုင်ဆောင် တိုက်ခိုက်မှု၊ စစ်ဘေး စစ်ဒဏ် များနှင့် ယှဉ်ကြုံ ဖြစ်ပေါ် ရခြင်း ကြားသိ တွေ့မြင် ရစေဘွယ် ရာ ဖြစ်ရစေတတ် လေသည်။ ထိုနှစ်ပိုင်း အတွင် မြန်မာ နိုင်ငံ တွင် ကံကောင်းလျှက် စစ်ဘေး စစ်ဒဏ်မှာ ကင်းဝေးမည်။ သို့သော် ထိုနှစ်ပိုင်း အတွင် မြန်မာ နိုင်ငံတော် အစိုးရ အဖွဲ့ အပြောင်း အလွဲ ပြုလုပ် ရမှု တွေ့ကြုံ ရစေတတ် လေသည်။ အဆို ပါ နှစ်ပိုင်း လက်မှု စက်မှု လုပ်ငန်းတို့ ထူးခြားစွာ ချဲ့ထွင် အောင်မြင် ပေအံ့။”

“၂၀-၂-၁၉၈၂ ခုနှစ်မှ ၂၂-၁-၁၉၈၉ ခုနှစါ အတွင်း၌။ ။ (ကိတ်) ထူလ ဒသာ စားဆဲ ကြုံနေခဲ့လေသည်။ ထိုနှစ်ပိုင်း အတွင်း၌ တိုင်းပြည်တွင် အုပ်ချုပ်မှု စနစ် ပြောင်းလဲ ရတတ်ခြင်း၊ အာဏာရှင် ဆံသော အုပ်ချုပ်ရေး တို့ဖြင့် အုပ်ချုပ်မှု ခံရခြင်း။ အစိုးရ အပြောင်းအလွဲ အမျိုးမျိုး နှင့် တွေ့ကြုံရခြင်း ကို ဖြစ်ရစေတတ် လေသည်။ ထိုနှစ်ပိုင်း လက်နက် စက်ရုံ အလုပ်ရုံ တို့ တည်ဆောက်ခြင်း များလျှက် တိုင်းပြည် မညိန် မသက်မှု များပြားခြင်း တို့ ဖြစ်ရစေတတ်လေသည်။”

အလွန်မှန်ကန်သော ဟောကိန်းကို ဆရာကြီးသည် ဒဿာ နည်းစနစ် ကို အသုံးပြု၍ နှစ်ပေါင်းများစွာ ကြိုတင် ဟောကိန်း ထုတ်ခဲ့ပါ၏။
ကျွန်တော်၏ မဖြစ်စလောက် ဥာဏ်လေးဖြင့်- ဆရာကြီး မည်သည့် အတွက်ကြောင့်- ၁၉၆၀ မှ ၁၉၆၂ ကာလ အတွင်း အစိုးရ အပြောင်း အလဲ ကို မည်သို့ ကြိုတင် ဟောနိုင် သနည်းကို လေ့လာ ရာတွင်-

  • သာသနာ ၂၅၀၀ ဇာတာ အရ- အန္တရ ဒဿာ သခင် ရာဟု သည် အင်္ဂါ ပိုင်သော ဗြိစ္ဆာရာသီ နှင့် ဗြိစ္ဆာ န၀င်းကို စီးနင်း ထား၏။ အင်္ဂါသည် စစ်ကို အစိုးရ ခြင်း- ရာဟုသည် အပြောင်း အလဲ ဖြစ်ခြင်း၊ ရာဟု သည် ၁၂-တန့်တွင် တည်ခြင်း- တို့ကို မူတည်၍- စစ်ဘေး စစ်ဒဏ် တို့ကို ဟောပြော နိုင်ခြင်း၊ စစ်တပ်မှ ၁၉၆၂ အာဏာ သိမ်းခြင်းကို ဖြစ်စေခြင်း တို့ကို အကြောင်းပြု ဟောပြော ခြင်း ဖြစ်သည် ဟု နားလည် မိပါသည်။
  • ဆက်လက်၍- ၁၉၈၈ အရေးအခင်း နှင့် ပတ်သက်၍ ကြိုတင် ဟောရာတွင် လည်း- သာသနာ ၂၅၀၀ ဇာတာ အရ- ထူလ ဒဿာ သခင် ကိတ် သည် ပြိဿ ရာသီ ၆-တန့် ဘာဝ တွင် တည်ခြင်း၊ ကိတ်သည် လက်ရှိ အခြေအနေ ကို ဖျက်ဆီး တတ်ခြင်း၊ ၆-တန့် သည် ရန်သတ္တရု ဆိုင်ရာ အာရီ ဘာဝ ဖြစ်သော ကြောင့်- အာဏာရှင် ဆန်သော အုပ်ချုပ်မှု နှင့် တိုင်းပြည် အတွင်း မငြိမ် မသက်မှု တို့ကို ဖြစ်စေခြင်း တို့ကို အကြောင်းပြု ဟောကြားခြင်း ဖြစ်ကြောင်း နားလည် မိပါသည်။


နှစ်ပေါင်း များစွာကို ကြိုတင် ဟောကြားရာတွင်- ကွန်ပျူတာ အကူအညီ မပါပဲလျှက်- နှစ်များစွာ အတွက် ကောဇာ ဂြိုဟ်လွှမ်းမိုးမှုများ ကို ကြိုတင် တွက်ရန် မှာမူ မဖြစ်နိုင်သော အနေအထားတွင်  ဒဿာ စနစ်ဖြင့်ပင် မှန်ကန် စွာ သုံးသပ် ဟောကိန်း ထုတ်ခဲ့သော ဆရာကြီးအား ဤနေရာမှ ဦးညွှတ် လိုက်ရပါတော့၏။

ဒဿာ နှင့် ကောဇာ။
မြန်မာပြည်တွင် ကောဇာ နှင့် ဒဿာ တိုက်ပွဲတို့ ပြင်းထန် ခဲ့ဘူး၏။
ကောဇာ ကို အားပြုသော ဆရာကြီး က- ဒဿာကို ပြင်းထန် စွာ နှိပ်ကွပ် သကဲ့သို့- ဒဿာ နှင့် ကောဇာ အချေ အတင် ဖြစ်သည် တို့ကား အထင်အရှား ဖြစ်၏။
မည်သည်က ပိုမှန်သနည်း-
မည်သည်ကို ဦးစားပေး ဟောရမည်နည်း-
ထိုသို့ အငြင်းပွားရခြင်း၏ အကြောင်းရင်း သည် စစ်မှန်သော ဘက်မလိုက်သော သုတေသန စစ်စစ် တစ်ခု မလုပ်ပဲ- မိမိစမ်းမိရာကို အမှန်ဟု ထင်ခြင်း၍ ငြင်းခုံ ခြင်းမှ အကြောင်းခံသည် ဟုသာ ကျွန်တော် ယူဆပါသည်။

  • အမှန်အားဖြင့်- ရှင်းလင်းစွာ ဥပမာ ပြရသော်- ဒဿာသည် ကာယကံရှင် ကိုယ်တိုင်၏ ကျန်းမာ ရေး ကိုယ်ခံစွမ်းအား အင်အား အနေအထား ကို တိုင်းတာခြင်း ဖြစ်၏။
  • ကောဇာ ဂြိုဟ်ဆိုးတို့၏ အမြင် အပူး လွှမ်းမိုးမှု တို့သည်- ပြင်ပမှ ၀င်ရောက်သော ရောဂါ ပိုးမွှားတို့၏ တိုက်ခိုက်မှု ကို ပြဆိုခြင်း ဖြစ်၏။
ဆက်လက်၍ ရှင်းလင်းပါမည်။
ကျွန်တော်တို့ လူသားများ၏ ကိုယ်ခန္ဓာ ကို ပြန်ကြည့်လိုက်ပါ- ကျွန်တော်တို့၏ ကိုယ်တွင်း ဇီဝ စွမ်းရည် အားဖြင့်- ကိုယ်ခံ စွမ်းအား ဆိုသည်မှာ လူတိုင်းတွင် ရှိ၏။
၎င်းကို  immune system ဟုလည်း ခေါ်၏။ ထိုကိုယ်ခံ စွမ်းအားသည်- စက္ကန့် မိနစ်တိုင်းတွင် တစ်ချက် ကလေးမှ အနား မနေရပဲ- အချိန် နှင့် အမျှ ၀င်ရောက် နေသော- ဗိုင်းရပ်စ် ပိုးများ- ဘက်တီးရီးယား များ နှင့် parasite ခေါ် ကပ်ပါး ကောင်များကို ကြိုးစား တိုက်ထုတ် နေရ၏။
ပြင်ပ ပိုးမွှား အား ကိုယ်ခံစွမ်းအား အနေဖြင့်- အနိုင်ယူ နိုင်သော အခါတွင်- ကိုယ်ခံ စွမ်းအား အနေဖြင့်- ထိုရောဂါ ပိုး အတွက် antibody ကို ထုတ်ပေးသော antigen အဖြစ်သို့ ရောက်သွားခြင်း ဖြင့်- ကိုယ်ခန္ဓာ၏ immune အားကောင်း လာကာ- ထိုရောဂါ အနေဖြင့် ကိုယ်ခန္ဓာ အား ဥပါဒ် မပေးနိုင်တော့ပေ။ ကျောက်ရောဂါ ကာကွယ်ဆေး- ၀က်သက် ကာကွယ်ဆေး- ခွေးရူး ရောဂါ ကာကွယ်ဆေး- စသော ကာကွယ်ဆေးများ သည် အယဉ် မွေးထား သော ရောဂါ ပိုး ဖြင့် ကိုယ်ခန္ဓာ၏ ကာကွယ်ရေး စွမ်းအင် immunity  ရလာကာ- ထိုရောဂါ ၏ ဒုက္ခပေးခြင်းကို မခံရတော့ပေ။

ထို့ကြောင့် ကိုယ်ခံ စွမ်းအားသည် ခံတပ်ကြီး ဖြစ်၏။
သို့သော် 
  • လူတစ်ဦး နှင့် တစ်ဦး ကိုယ်ခံ စွမ်းအားခြင်း မတူ-
  • လူတစ်ဦး ကိုယ်တိုင်ပင်လျှင်- အသက်အရွယ် အချိန် အားဖြင့် ကိုယ်ခံ စွမ်းအားခြင်း မတူ-
  • တစ်ဖန် ၀င်လာသော ရောဂါ အရလည်း - မတူ- ဥပမာ- ဘီပိုး ရောဂါ အတွက် antigen ရှိသူသည် စီပိုး အတွက် antigen ရှိချင်မှ ရှိမည် ဖြစ်၏။
ထိုနည်းတူ- ဒဿာ ဆိုသည်မှာ- မိမိ၏ မူလ ဇာတာတွင် တည်သော စန်းခေါ် တနင်္လာ ဂြိုဟ်၏ တည်နေရာ အနေအထား အလိုက်-သက်ဆိုင်ရာ နက္ခတ် ဒဿာ သခင် ဂြိုဟ်တို့ အလှည့်ကျ စိုးမိုးသော ကာလ ဖြစ်ပြီး- ထိုကာလတို့ကို ပထမဆင့် ခွဲဝေ ပိုင်းခြားခြင်းသည်- ထူလ ဒဿာ တနည်းအားဖြင့်- မဟာ ဒဿာ ဖြစ်ပြီး- ၄င်းကို ထပ်ဆင့် ပိုင်း၍ ရလာသည်က အန္တရ ဒဿာ- ထပ်မံ၍ ပိုင်းခြား ရလာသည်က- ပြတန္တရဒဿာ စသည်ဖြင့် ဖြစ်၏။ ဒဿာကို ၅-ဆင့်၊ ၇-ဆင့် အထိ ပိုင်းသော ပညာရှင်တို့ ရှိသော်လည်း- မိုးတား အနေဖြင့်- ၃-ဆင့်သာ ပိုင်းပါသည်။ ဆင့်ကဲ ဆင့်ကဲ ပိုင်းသော ဒဿာ များကို ဘုတ္ထိ ဒဿာ ဟု ခေါ်၏။

ထိုဒဿာ ရှင် ဂြိုဟ်တို့ အနေဖြင့် ၄င်းတို့ အလှည့်ကျ စိုးမိုးသော ကာလ များတွင်-

  • ၄င်းတို့၏ မူလ ဇာတာ အားဖြင့် အင်အား ရှိသော အနေအထား တွင် ရှိလျှင် လည်းကောင်း-
  • ၄င်းတို့ အား ကောင်းမွန်သော ဂြိုဟ်တို့၏ အမြင် အပူး ရရှိထားလျှင် လည်းကောင်း စသည်တို့ ပေါ် မူတည်၍- 
  • သက်ဆိုင်ရာ ဒဿာ ဂြိုဟ်၏ သဘာဝ စွမ်းအင်များ- ကာရက စွမ်းအင်များ- ထိုဂြိုဟ်တို့ တည်ရာ ရာသီ သခင်တို့ ၏ သဘာဝ စွမ်းအင်များ- ကာရက စွမ်းအင်များ-ကောင်းမွန်သော အကျိုးပေးခြင်းကို ရရှိမည် ဖြစ်သော်လည်း-
  • ထိုဂြိုဟ်တို့သည် မူလ ဇာတာ အားဖြင့် အင်အား ကင်းမဲ့ သော အနေအထား တွင် ရှိလျှင် လည်းကောင်း-
  • ထိုဂြိုဟ်တို့ အား မကောင်းသော ဂြိုဟ်တို့၏ အမြင် အပူး ရရှိထားလျှင် လည်းကောင်း-

သက်ဆိုင်ရာ ဒဿာ ဂြိုဟ်၏ သဘာဝ စွမ်းအင်များ- ကာရက စွမ်းအင်များ- ထိုဂြိုဟ်တို့ တည်ရာ ရာသီ သခင်တို့ ၏ သဘာဝ စွမ်းအင်များ- ကာရက စွမ်းအင်များ-အင်အား နည်းပါးကာ- ဖျက်ဆီးခြင်း ခံရတတ်၏။

ဆက်လက်၍ ရှင်းပါဦးမည်။
များစွာသော ကျမ်းများတွင်- အင်္ဂါ- စနေ- စသော သဘာဝ ပါပ ဂြိုဟ်များ၏ ဒဿာ ကျရောက်ပါက- အဆိုးဟော များကို တွေ့ရမည် ဖြစ်၏။
ထိုအဟော တို့ အတိုင်း ဧကန် အမှန် ဖြစ်ကြပါသည်လား။
မိုးတား အနေဖြင့် မူ ထိုသို့သော ပုံသေ အဟောများကို မယူပါ။
ထိုဒဿာ သခင် ဂြိုဟ် သည်- 
  • မူလ ဇာတာတွင်- မည်သည့် ဘာဝ၏ ကာရက ဂြိုဟ်ဖြစ်သနည်း-
  • မူလ ဇာတာတွင် - မည်သည့် ဘာဝ ၊ မည်သည့် နက္ခတ်- တွင် တည်သနည်း။
  • မူလ ဇာတာတွင်- မည်မျှ အင်အား ရှိသနည်း။
  • မူလ ဇာတာတွင်- ၄င်းအား မည်သည့် ဂြိုဟ်များက အကောင်း- အဆိုးတို့ဖြင့် လွှမ်းမိုးထားခြင်း ရှိမရှိ 

စသည်တို့ကို လေ့လာ ပြီးမှ သာ- ထိုကာလ အတွက် ဟောချက် ကို ထုတ်ဆိုခြင်း ဖြစ်လေရာ- အင်္ဂါ- စနေ- စသော သဘာဝ ပါပ ဂြိုဟ်များ၏ ဒဿာ ကျရောက် တိုင်းလဲ ဆိုးချင်မှ ဆိုးမည် ဖြစ်၏။

အင်အား ကောင်းသော- ၁၀-တန့် အိမ်ရှင် အင်္ဂါ သမားတို့ သည်- ထိုကာလတွင် ရာထူး ဌာနန္တရ တိုးတက်ခြင်း၊ ထင်ရှား အောင်မြင် ခြင်း များ ရှိသကဲ့သို့-
သဘာဝ သောမ ဂြိုဟ်ကြီး ဖြစ်သော ကြာသပတေး ဒဿာ ပင် ဖြစ်ငြားလည်း- ထိုကြာသပတေးသည်- ၆-တန့် ဘာဝ ၏ မူလ တြိဂေါဏ သခင် ဖြစ်နေခြင်း၊ ရပ်တည်မှု မကောင်းခြင်းများ ရှိနေပါက- မတော်တစ်ဆ မှုများ- အစွပ်စွဲ ခံရမှု များ- အလုပ် ကိစ္စ အဆင်မပြေမှု များ ကြုံတွေ့ ရခြင်း တို့ကို ဖြစ်စေတော့၏။

နက္ခတ် ပညာ လေ့လာ သူတို့ အနေဖြင့်- ပုံသေ ဟောကွက်များ ကို ငါးပွက်ရာ ငါးစာချ လေ့လာခြင်းမျိုး မလုပ်ကြပဲ- ရှေးကျမ်း တို့၏ မူလ ဆိုလိုရင်းကို ကောင်းစွာ နားလည် အပ်၏။
အင်အား မဲ့သော ဂြိုဟ် ဒဿာ စားသော ကာလ သည်- ထိုနေရာမှ ခံတပ် ပေါက်နေခြင်း- ပြင်ပ ကျူးကျော်သူ (တစ်နည်းအားဖြင့်- မကောင်းသော ကောဇာ ဂြိုဟ်ဆိုး) တို့၏ ၀င်ရောက် တိုက်ခိုက်မှု ကို ခံရမည့် အတွင်း တံခါး ပွင့်သော ကာလ ဖြစ်၏။
အင်အား ကောင်းသော ဂြိုဟ် ဒဿာ စားသော ကာလ သည်- ထိုဂြိုဟ် နှင့် တကွ သက်ဆိုင်ရာ ဂြိုဟ်များ တာဝန် ထမ်းဆောင်ရာ ကာရက များ ကောင်းစွာ အလုပ်လုပ် ခြင်းဖြင့်- ကောဇာ ဂြိုဟ်တို့ထံမှ အနေအထား ကောင်းကို အကျိုးခံစား ခွင့် ရမည့် ကာလ ဖြစ်၏။
ရှင်းအောင် ဆိုရသော်- ဒဿာ သည် လမ်းခင်း ပေး၏။ တံခါးဖွင့် ပေး၏။
ကောဇာ သည် ထိုလမ်းမှ လျှောက်၏။ ထိုတံခါးက မှ ၀င်လာ၏။
ထို့ကြောင့် ဒဿာ နှင့် ကောဇာ မည်သူက ပိုအရေးကြီး သနည်း ဆိုသည်ကို ငြင်းနေ စရာမရှိ၊ 
၎င်းတို့ နှစ် ခု စလုံး ထင်ရှားစွာ အရေးပါတော့၏။

မြန်မာနိုင်ငံ ဇာတာ။
မြန်မာနိုင်ငံ ဇာတာ နှင့် ပါတ်သက်၍- မိုးတားသည်- မြန်မာ ပညာရှင် အများစု အသုံးပြုသော- ၄း၂၀ အလံတင် အလံချ ဇာတာကို အသုံးမပြုပါ။ ထိုအကြောင်း နှင့် ပါတ်သက်၍- အသေးစိတ် ကို- “၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၂) ”  တွင် ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ (ပြန်လည် ဖတ်ရှု လိုလျှင် ထိုဆောင်းပါး ခေါင်းစဉ် ကို နှိပ်လိုက်ပါ။)

ယခင်ဖေါ်ပြခဲ့သော မြန်မာ့ ဇာတာ ကိစ္စကို အကြမ်းပျင်း ပြန်လည် တင်ပြရမည် ဆိုပါက- မြန်မာ နိုင်ငံ လွတ်လပ်ရေး အက်ဥပဒေ Burmese Independence Act ကို သိရမည် ဖြစ်၏။ မြန်မာ နိုင်ငံ အား အိန္ဒိယ ၏ ပြည်နယ် တစ်ခု အနေဖြင့် အင်္ဂလိပ်တို့မှ နှစ်ပေါင်း များစွာ အုပ်ချုပ် လာခဲ့ရာတွင်- ၁၉၄၇ တွင် အိန္ဒိယ အား လွတ်လပ်ရေး ပေးပြီး နောက်- မြန်မာအားလည်း အနှေးနှင့် အမြန် ဆိုသလိုပင် လွတ်လပ်ရေး ပေးရတော့ မည် ပင်ဖြစ်ရာ- ဗြိတိသျှ ပါလီမာန် အနေဖြင့်- မြန်မာ နိုင်ငံ လွတ်လပ်ရေး အက်ဥပဒေ ကို ရေးဆွဲ ပြီး- ဦးနု နှင့် အက်တလီ တို့ ချုပ်ဆိုသော နု-အက်တလီ စာချုပ်ကို ဖြစ်စေခဲ့၏။

အင်္ဂလိပ်ဘာသာ ဖြင့် ဖေါ်ပြထားသော မြန်မာ နိုင်ငံ လွတ်လပ်ရေး အက်ဥပဒေ ကို လေ့လာ လိုပါက- http://www.ibiblio.org/obl/docs/1947_treaty.htm တွင် လေ့လာ နိုင်ပါသည်။ ၄င်းကို အောက်တွင်လည်း ဖေါ်ပြထား၏။


လွတ်လပ်ရေး ကြေညာ စာတမ်း အက်ဥပဒေ အရ- မြန်မာ နိုင်ငံအား- 
(1) “On the appointed day, Burma shall become an independent country, neither forming part of His Majesty's dominions nor entitled to His Majesty's protection”. “သတ်မှတ်ထားသော နေ့တွင်၊ မြန်မာနိုင်ငံသည်- အင်္ဂလန် ဘုရင် မင်းမြတ်၏ ဒိုမီနီယမ် နိုင်ငံ အနေဖြင့်သော်လည်းကောင်း၊ ဘုရင် မင်းမြတ်၏ အကာအကွယ် ပေးမှု အောက်တွင် လည်းကောင်း မရှိစေရပဲ- လွတ်လပ်သော နိုင်ငံ အဖြစ်သို့ ရောက်ရှိစေရမည်။” 
ဟု ဖေါ်ပြထားကာ- 
ထိုသတ်မှတ်သော နေ့- မည်သည့် နေ့ ဖြစ်သည် ဆိုသည်ကိုလည်း- ဥပဒေ အပိုဒ် (၂) အရ- 
“In this Act, the expression "the appointed day" means the fourth day of January, nineteen hundred and forty-eight”- “ယခု ဥပဒေ အရ- သတ်မှတ်ထားသော နေ့၏ ဖွင့်ဆိုချက်သည်- ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ ၄-ရက် ဖြစ်သည်။” 
ဟု ဖေါ်ပြ ပါရှိပါသည်။ 
ဆိုလိုသည်မှာ- အလံတင် အလံချ အခမ်းအနား လုပ်သည် ဖြစ်စေ၊ မလုပ်သည် ဖြစ်စေ၊ အမြောက်ဖေါက်၊ ဗြောက်အိုးဖေါက်ပြီး- ပျော်ပွဲ ရွှင်ပွဲ လုပ်သည် ဖြစ်စေ- မလုပ် သည် ဖြစ်စေ- - ၁၉၄၈-ဇန်န၀ါရီလ ၄-ရက်သို့ မြန်မာ စံတော်ချိန် အရ စက္ကန့် စွန်းလျှင် စွန်းချင်း- ဗြိတိသျှ တို့အနေဖြင့် - မြန်မာ နိုင်ငံအား လုံးဝ အုပ်ချုပ်ခွင့် မရှိတော့ပဲ- မြန်မာများ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို- ထိုအချိန်မှပင် စတင်ရရှိပြီ ဖြစ်သည်။

သင်အနေဖြင့် ကလေးတစ်ယောက်၏ ဇာတာကို ဆန်းစစ်ပါက- ထိုကလေး အမှန်တကယ် မွေးဘွားသည့် အချိန်ကို ယူ၍ ဆန်းစစ်ပါသည် လား- ဗေဒင် ဆရာ နှင့် ညှိနှိုင်း၍ ကောင်းမွန်သော အခါရွေးထားသော ကင်ပွန်းတပ် မင်္ဂလာ အခါ ဇာတာဖြင့် ဆန်းစစ် လေ့လာပါသည်လား။

ဤသည်မှာ- သဘာဝ ယုတ္တိ ဖြစ်၏။
ဤနေရာတွင်- အလံတင် အလံချ အခမ်းအနား ဇာတာ ၄း၂၀ သည် မှားယွင်းသည် ဟု ဆိုလိုခြင်း မရှိ။
ဇာတာတို့ မည်သည် - တစ်ခု နှင့် တစ်ခု Superimpose ခေါ် ထပ်ဆင့် အကြောင်းပြုတတ်ခြင်း ရှိသော် လည်း- မည်သည်က ပို၍ ထင်ရှားသည် ကို ဆိုလိုခြင်း ဖြစ်၏။
အာဂမ ယုတ္တိ အနေဖြင့်မူ- မှန်ကန် ကြောင်း သက်သေ ပြနိုင်ရန် အတွက်- ဖြစ်ရပ်တို့ကို လက်တွေ့ နှိုင်းယှဉ် ဆန်းစစ်၍ မည်သည့် အချိန်က ဇာတာချိန် အမှန် ဖြစ်သနည်း ဆန်းစစ် ရမည် ဖြစ်၏။

ဤ အချင်းအရာ နှင့် ပါတ်သက်ပြီး မိုးတား အနေဖြင့်- 
  • မြန်မာနိုင်ငံ တွင် ဗုံးပေါက်ကွဲခဲ့သော ဖြစ်ရပ်များ။
  • မြန်မာနိုင်ငံ တွင် နိုင်ငံရေး အပြောင်းအလဲ ထင်ရှားသော ဖြစ်ရပ်များ၊
  • မြန်မာနိုင်ငံ တွင် ငလျင်ကြီးများ လှုပ်ခဲ့သော ဖြစ်ရပ်များ။
  • မြန်မာနိုင်ငံ တွင် မီးဘေး ကြုံခဲ့သော ဖြစ်ရပ်များ။
  • မြန်မာနိုင်ငံ တွင် လေမုန်တိုင်းဘေး ကြုံခဲ့သော ဖြစ်ရပ်များ။
  • မြန်မာနိုင်ငံ တွင် ရေဘေး ကြုံခဲ့သော ဖြစ်ရပ်များ။
  • မြန်မာနိုင်ငံ တွင် လေယာဉ်ပျက်ကြခဲ့သော ဖြစ်ရပ်များ။
  • မြန်မာနိုင်ငံ တွင် ရေကြောင်း အန္တရယ် များ ပေါ်ပေါက်ခဲ့မှုများ။ 

တို့ကို သုတေသန ပြုလုပ် ခဲ့ပြီး- အောက်ပါ ဆောင်းပါးတို့တွင် ဖေါ်ပြရေးသား ခဲ့ပြီး ဖြစ်ပါသည်။
၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၁) ”  ဆောင်းပါး
၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၂) ”   ဆောင်းပါး
၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၃) တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်။ ဆောင်းပါး
ငလျင်ကြီးများ နှင့် မြန်မာ နိုင်ငံ။” 
“မြန်မာ့ ငလျင်ကြီးများ နှင့် မြန်မာ နိုင်ငံ ဇာတာ ၂-စောင်။” 
“မြန်မာနိုင်ငံ ဇာတာ- နှင့် လေပြင်း မုန်တိုင်း တို့၏ ရိုတ်ခတ်မှု သမိုင်း။” 

လွတ်လပ်ရေး ဥပဒေ ဇာတာ


 

လွတ်လပ်ရေး ကြေညာ စာတမ်း အက်ဥပဒေ ဇာတာ ၏ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
လွတ်လပ်ရေး ကြေညာ စာတမ်း အက်ဥပဒေ ဇာတာ အရ မြန်မာ နိုင်ငံ အနေဖြင့် ကန် လဂ်- ကန် စန်း ဖြစ်သည်။
အောက်တွင် ဖေါ်ပြထားသည်က- ဂြိုဟ်နှင့် ဘာဝ တို့၏ မန်ဒိန်း ဆိုင်ရာ ပရိယာယ်များ ဖြစ်၏။



အင်အားကောင်း သော ဂြိုဟ် နှင့် အင်အားနည်းသော ဂြိုဟ် (သို့မဟုတ်) ပျက်စီးသော ဂြိုဟ်
နက္ခတ်ပညာ ၏ အတွင်း သဘောကို နားလည် လျှင် - မည်သည့် ဂြိုဟ်မဆို အင်အားကောင်းခြင်းသည် လိုလား စရာဖြစ်၏။ အင်အား ပျက်ခြင်း သည် မလိုလား စရာ ဖြစ်၏။ အဘယ့်ကြောင့် ဆိုသော် ဂြိုဟ်တို့ အနေဖြင့် ထမ်းဆောင်ရသော တာဝန် များ ရှိလေရာ- အင်အား ရှိမှသာ ထိုတာဝန်များကို ထမ်းဆောင် နိုင်မည် ဖြစ်၏။ အင်အားမဲ့ လျှင် ထိုတာဝန်များကို မထမ်းဆောင် သည် သာမက- ကပျက် ကချော် ပျက်စီး မှုများကိုပင် ပေး၏။ 
အလွယ်ဆုံး- အရှင်းဆုံး ပြောရမည် ဆိုပါက-
  • အင်အားကောင်းသော တနင်္ဂနွေ သည်- ဦးဆောင်နိုင်စွမ်း၊ ထက်မြက်စွမ်းကို ပေး၏။ အင်အားနည်းသော (သို့မဟုတ်) ပျက်စီးသော တနင်္ဂနွေ သည် ဘ၀င် မြင့်မှု၊ ဟန်ဆောင် ကြွားဝါမှု၊ လူပေါ် လူဇော် လုပ် ဆရာကြီး လုပ်လိုခြင်းသာ ဖြစ်စေ၍ တကယ့် စစ်မှန်သော ဦးဆောင်နိုင်စွမ်း ပေးနိုင်စွမ်း မရှိ၊
  • အင်အားကောင်းသော တနင်္လာ သည်- လူသားဆန်မှု၊ နူးညံ့ နွေးထွေးမှု- ကူညီ ဖေါ်ရွေမှု၊ ကြင်နာတတ်မှုကို ပေး၏။ အင်အားနည်းသော (သို့မဟုတ်) ပျက်စီးသော တနင်္လာ သည် စိတ်ပျော့ညံ့မှု၊ စိတ်အပြောင်းအလဲ မြန်မှု၊ ညံ့ဖျင်းမှု ကိုပေး၏။
  • အင်အားကောင်းသော အင်္ဂါ သည်- ရဲရင့်ပြတ်သားမှု၊ လက်တွေ့ ဆန်မှု၊ စွန့်စား ရဲမှု တို့ကို ပေး၏။ အင်အားနည်းသော (သို့မဟုတ်) ပျက်စီးသော အင်္ဂါ သည် အနိုင်ကျင့်တတ်မှု၊ ရက်စက်တတ်မှု၊ မိုက်ရိုင်း ရမ်းကား မှု တို့ကိုသာ ပေး၍- တကယ့် သတ္တိကို ပေးနိုင်ခြင်း မရှိ။ (များစွာ သော ဗေဒင် ကျမ်းများတွင်- အင်္ဂါ အားကြီးပါက မကောင်း၊ ရက်စက်ခြင်း ဟု ရေးတတ်ကြ၏။)
  • အင်အားကောင်းသော ဗုဒ္ဓဟူး သည်- ပါးနပ်မှု၊ လိမ္မာစွာ ပြောဆိုတတ်မှု၊ တွက်ချက် နိုင်မှု စွမ်းရည် တို့ကို ပေး၏။ အင်အားနည်းသော (သို့မဟုတ်) ပျက်စီးသော ဗုဒ္ဓဟူး သည် အာချောင်မှု၊ ကတိမတည်မှု၊ လူကျယ်ကျတတ်မှု- ဖလေဖလံ လုပ်တတ်မှု တို့ကိုသာ ပေး၏။
  • အင်အားကောင်းသော ကြာသပတေး သည်- ဥာဏ်ပညာ ကြီးမှု၊ ဂုဏ်သိက္ခာ ကြီးမှု၊ အကျင့်စာရိတ္တ ကောင်းမှု တို့ကို ပေး၏။ အင်အားနည်းသော (သို့မဟုတ်) ပျက်စီးသော ကြာသပတေး သည် ယုတ်မာမှု၊ ဥာဏ်နည်းမှု၊ ကျက်သရေ ကင်းမဲ့မှုသာ ပေး၏။
  • အင်အားကောင်းသော သောကြာ သည်- ကာမဂုဏ် စည်းစိမ် ချမ်းသာ နှင့် ဥာဏ်ရည်၊ လှပ ချောမော မှု တို့ကို ပေး၏။ အင်အားနည်းသော (သို့မဟုတ်) ပျက်စီးသော သောကြာ သည် တဏှာ ရာဂ ကြီးမှု၊ လိုအပ်သည် ထက်ပို၍- လှချင်အောင် ပြင်လိုမှု စသည့် အနေအထား များကို သာပေး၏။ (များစွာသော ဗေဒင် လက္ခဏာ ကျမ်းများတွင်- သောကြာ အားကြီးပါက- တဏှာ အားကြီးသည် ဟု ရေးထားတတ်ကြ၏။)
  • အင်အားကောင်းသော စနေ သည်- ဇွဲကောင်းမှု၊ အပင်ပန်း ခံနိုင်မှု၊ စည်းကမ်း ရှိမှု၊ အကျင့်စာရိတ္တ ကောင်းမှု တို့ကို ပေး၏။ အင်အားနည်းသော (သို့မဟုတ်) ပျက်စီးသော စနေ သည် ပျင်းရိမှု၊ လေးလံ ထိုင်းမှိုင်းမှု စသည် တို့ကို သာ ပေး၏။
  • ရပ်တည်မှု ကောင်းသော ရာဟု၊ သောမဂြိုဟ်တို့၏ ကောင်းသော လွှမ်းမိုးမှုကို ရထားသော ရာဟု သည် ပါးရည် နပ်ရည် ရှိခြင်း၊ လိမ္မာပါးနပ် ခြင်း၊ ပရိယာယ် ကြွယ်ဝခြင်း တို့ဖြင့်- ဇာတာရှင် အား လောကီ စည်းစိမ် အောင်မြင်ကို ပေးခြင်း၊ လျှင်မြန်စွာ ကြီးပွားခြင်း တို့ကို ပေးနိုင်သော်လည်း- ထိုကဲ့သော အနေအထားကောင်းများ မရပဲ- ဒုဌာန ဘာဝ တို့တွင် တည်သော ရာဟုသည် ဇာတာရှင်အား ကြီးစွာ ဒုက္ခရောက်စေခြင်း တို့ကို ဖြစ်စေ တတ်၏။ မည်သို့ပင် ဆိုစေ- ရာဟု သည် ပင်ကိုယ် အားဖြင့်- လှည့်ဖျား တတ်ခြင်း နှင့် ရုတ်တရက် မထင်မှတ်သော ဖြစ်ရပ်များကို ဖြစ်စေ တတ်၏။
  • ရပ်တည်မှု ကောင်းသော ကိတ်၊ သောမဂြိုဟ်တို့၏ ကောင်းသော လွှမ်းမိုးမှုကို ရထားသော ကိတ် သည် လောကီ စည်းစိမ်ကို စွန့်လွှတ်၍ လောကုတ္တရာ အသိဥာဏ် တို့ကို ပေးနိုင်သော်လည်း- ထိုကဲ့သော အနေအထားကောင်းများ မရပဲ- ဒုဌာန ဘာဝ တို့တွင် တည်သော ကိတ် သည် ဇာတာရှင်အား ဆုံးရှုံး ပျက်စီးမှုများ၊ ကြီးစွာ ဒုက္ခရောက်စေခြင်းများ တို့ကို ဖြစ်စေ တတ်၏။ မည်သို့ပင် ဆိုစေ- ကိတ် သည် ပင်ကိုယ် အားဖြင့်- ရုပ်ဝတ္ထုများ၊ အောင်မြင်မှုများကို ဖယ်ရှားစေသော ဖြစ်ရပ်များကို ဖြစ်စေ တတ်၏။

မြန်မာ့ ကံကြမ္မာ အား မြန်မာ့ လွတ်လပ်ရေး အက်ဥပဒေ ဇာတာ ဖြင့် ဆန်းစစ် လေ့လာခြင်း။

တနင်္ဂနွေ ဂြိုဟ်
၁၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် -17% ရှိကာ၊  ၄င်းအား ကာရက ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိသော်လည်း- အင်အား အနှုတ် တန်ဘိုး ပြနေသော တနင်္ဂနွေသည်- အုပ်ချုပ်သူ မင်း အစိုးရ တို့ နှင့် ၄င်းတို့၏ အုပ်ချုပ်မှု ယန္တယား၏ အရည်အသွေး- ဦးဆောင် နိုင်ရည် ကို မည်မျှ အနေအထား သာ ရှိနေသည်ကို ဖေါ်ပြထား၏။ ၄င်းကို အထက်ပါ ဂရပ်တွင် အနက်ရောင် ဖြင့် ဖေါ်ပြ၏။
တနင်္ဂနွေ၏ အင်အားကို လက်တွေ့ သုံးသပ်ကြည့် မည် ဆိုပါက- လွတ်လပ်ရေး ရပြီးသည်မှ- ယခု အချိန် အထိ မည်သည့် အုပ်ချုပ်မှု အဖွဲ့အစည်း သည်- အမှန်တကယ် ဦးဆောင်၍ တိုင်းပြည် ကို တောက်ပြောင် အောင် လုပ်နိုင် ခဲ့သည်ကို စာဖတ်သူတို့ တွေ့ဘူးပါသနည်း။ ဖဆပလ တည်မြဲ- သန့်ရှင်း အာဏာလုပွဲမှ တွင်လည်း- ပါလီမာန် ဒီမိုကရေစီ စနစ်၏ လွတ်လပ်မှု ကို တလွဲ အသုံးချ၍ တိုင်းပြည် အား အတိဒုက္ခ တွင်းသို့ တွန်းပို့ခဲ့ကြသည်ကိုသာ မြင်ကြရပါမည်။ ထိုစဉ်က မြန်မာ နိုင်ငံ အနေဖြင့်- ပါတ်ဝန်းကျင် နိုင်ငံများထက်- ပို၍ ချမ်းသာမှု၊ ပို၍ ပညာတတ်မြောက် မှုတို့မှာ- ထိုအစိုးရ တို့၏ လုပ်ဆောင်ချက်လား- ကိုလိုနီ အင်္ဂလိပ်၏ လက်ကျန် အရှိန်ကြောင့်လား ဆိုသည်ကို ခွဲခြား နားလည် ပါလေ။
ပထမလင်မကောင်း၍ နောက်လင်ယူပြန်လည်း- “နောက်လာတဲ့ မောင်ပုလဲ- ဒိုင်းဝန်ထက်ကဲ” ဖြစ်ကြ ကုန်သော- အုပ်ချုပ်သူတို့၏ အရည်အချင်း သည် မြန်မာပြည် အား “လင်ဆိုးမယား တစ်ဖါးဖါး” ဘ၀ သို့ ရောက်စေခဲ့သည်မှာ အားလုံး အသိပင် မဟုတ်ပါလား။ 

သို့သော် ထိုအင်အားနည်းသော မူလ တနင်္ဂနွေ ဂြိုဟ် (၁၂-တန့် ဘာဝ ၏ သခင်) အားမူလ ဗုဒ္ဓဟူး (၁-တန့် (လဂ်) ၏ သခင်) မှ (100) % ဖြင့် လွှမ်းမိုးထားသည်။
ဗုဒ္ဓဟူး သည် ပြောရေး ဆိုခွင့် ရှိသူများ၊ သတင်း နှင့် ပြန်ကြားရေးတို့ကို စသော မီဒီယာတို့ဖြစ်လေရာ- ၄င်းတို့ သည် ထိုအုပ်ချုပ်မှု ယန္တယား အဓွန့်ရှည်မှု အား ပြန်လည်ပံ့ပိုး ထားခဲ့နိုင်ခြင်း ဖြစ်၏။

တစ်နည်း အားဖြင့်- လဂ်သခင် အနေဖြင့် တနင်္ဂနွေ အား အလွန် နီးကပ်စွာ ပူးကပ် ထားခြင်းသည် ၄င်းတို့၏ အုပ်ချုပ်ရေး ယန္တယား မည်မျှ ညံ့ပါစေ- တော်ရုံ နှင့် မပြိုကွဲ နိုင်စေသော ဖြစ်ရပ် ဖြစ်၏။ လဂ်သခင် ဗုဒ္ဓဟူး မှ တနင်္ဂနွေ အား ထောက်ပံ့ ပေးထားပုံ ကို အထက်ပါ ဂရပ်တွင် အစိမ်းရောင် ဖြင့် ဖေါ်ပြ၏။

၎-တန်. ဘာဝ အနေဖြင့် ကိုယ်စားပြုသော- စာသင်ကျောင်း၊ စသည့် ပညာရေး အဖွဲ့အစည်းများ၊ နိုင်ငံတော် မြေယာ ကဏ္ဍ၊ ကုန်သွယ်ရေး နှင့် စိုက်ပျိုးရေး။ လူထု အုပ်စု၊ သဘာဝ သယံဇာတ၊ သတ္တုတွင်း၊ ငြိမ်းချမ်း သာယာ အေးချမ်းမှု၊ နိုင်ငံတော် တည်ညိမ် အေးချမ်းမှု တို့၏ တနင်္ဂနွေ အရှိန်အဟုန် ကြောင့် ပူလောင် စိတ်ဆင်းရဲ ကြခြင်းကို တနင်္ဂနွေသည် ၄-တန်. ဘာဝ တည်ခြင်းက ဖြစ်စေ၏။ ပိုဆိုးသည်က- ထိုတနင်္ဂနွေ သည်- ဗျာယ ဘာဝ ခေါ် ၁၂-တန့် ဘာဝ ၏ မူလ တြိဂေါဏ သခင် ဖြစ်ခြင်းက ထပ်မံ အတည်ပြုတော့၏။ 
  •  နိုင်ငံတော် မြေယာများ မည်သူတို့ လက်တွင်းတွင် ရှိနေသနည်း- နိုင်ငံတော် သယံဇာတများ မည်သူတို့ လက်တွင်းတွင် ရှိနေသနည်း။
  •  နိုင်ငံတော် ပညာရေး (၄-တန့်ဘာဝ) မည်သည့် အခြေနေသို့ တွန်းပို့ ခံရသနည်း စသည်တို့သည်- ၁၂-ဘာဝ သခင်လည်း ဖြစ်သော တနင်္ဂနွေ ၄-တန့်တွင် တည်ခြင်းကြောင့် ဖြစ်တော့၏။ 
  •  ၁၂-တန့်ဘာဝ သည် ခိုးကြောင်ခိုးဝှက်-မှောင်ခို၊ အကျင့်ပျက် လာဘ်စားခြင်း တို့ကိုလည်း ကိုယ်စားပြုသော ဘာဝ ဖြစ်၏။


အထက်ပါ ဇယားကွက်မှာ- မြန်မာ နိုင်ငံတွင် နိုင်ငံတော် အေးချမ်း သာရေး နှင့် ပတ်သက်၍ အထိကရုဏ်း ပြဿနာများ ဖြစ်ပွားခဲ့သော ကာလများ အတွင်း- ကောဇာ တနင်္ဂနွေ မှ နိုင်ငံတော် လွတ်လပ်ရေး အက်ဥပဒေ ဇာတာ (ည ၁၂း၀၀) ဇာတာ ၏ မူလ ဘွားဂြိုဟ်များ အပေါ်တွင် လွှမ်းမိုး နေခြင်းကို ပြဆို၏။ အံသာချင်း လွန်စွာ နီးကပ်ပါက- တွေ့မြင်ရသော ရာခိုင်နှုန်း ပမာဏ များ၍ အံသာ ကွာဝေးပါက- ရာခိုင်နှုန်း နည်းသွားပြီး ၆၀% ထက်နည်းသော လွှမ်းမိုးမှုကို မပြတော့ပါ။
ဥပမာ- ၁၉၆၂-ခုနှစ် ကျောင်းသား သမဂ္ဂ အရေးအခင်း ဖြစ်စဉ်က- မေထုန် ရာသီတွင် တည်သော ကောဇာ တနင်္ဂနွေသည် - ဓနုရာသီတွင် တည်သော မြန်မာနိုင်ငံ ဘွားဇာတာ တနင်္ဂနွေကို အံသာ နီးစပ်စွာ ဖြင့် သမသတ် မြင်ထား၏။ ထိုနည်းတူ ၁၉၈၈ အရေး အခင်းတွင်လည်း- ကရကဋ်တွင် တည်သော ကောဇာ တနင်္ဂနွေမှ- မကာရတွင် တည်သော လွတ်လပ်ရေး အက်ဥပဒေ ဇာတာ (ည ၁၂း၀၀) ဇာတာ ၏  မူလ ဘွား သောကြာဂြိုဟ် အား ၈၂% ဖြင့် သမသတ် မြင်ခဲ့၏။ာ အခြားသော နေ့စွဲများကိုလည်း တွက်ချက် ကြည့်နိုင်ကြပါသည်။
အောက်တွင် ဆက်လက်ကြည့်ပါက- သက်ဆိုင်ရာ ဖြစ်ရပ်များ ဖြစ်ပွားသော နေ့ရက် များတွင် - ကောဇာ တနင်္ဂနွေ မှ မြန်မာ့ လွတ်လပ်ရေး ဇာတာ ၏ ဘာဝ အလယ်ချက်များ ပေါ်၌ လွှမ်းမိုးထားပုံ ကို ပြခြင်း ဖြစ်၏။


နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့သော ၂၀၀၈-မေလ-၃ ရက်တွင်- မိဿ:19:11 တွင် တည်သော ကောဇာ တနင်္ဂနွေသည်- မူလ ဇာတာ၏ ၂-တန့် ဘာဝ နှင့် ၈-တန့် ဘာဝ အလယ်မှတ် များကို အံသာအလွန် နီးစပ်စွာ ဖြင့် ၉၃% လွှမ်းမိုး ခြင်းဖြင့် ကြီးစွာသော သေဆုံးမှု ကြီးကို ဖြစ်စေခဲ့၏။ အကယ်၍ မြန်မာ နက္ခတ် ပညာရှင် များ လက်ရှိ သုံးစွဲ နေကြသော ၄း၂၀ ဇာတာ အရမူ မြန်မာ နိုင်ငံသည် ဗြိစ္ဆာ လဂ် ဖြစ်သွားသော ကြောင့်- တနင်္ဂနွေ သည် ၁၀-တန့် ဘာဝ သခင် ဖြစ်ကာ- ကောင်းကျိုး ပေးရမည့် ကာလ ပင်ဖြစ်၏။ ဆင်ခြင် ကြပါလေ။ (ဒဿာ သခင်ဂြိုဟ်၏ ခံတပ်ပွင့်သွားခြင်း နှင့် ကောဇာ ဂြိုဟ်ဆိုး ၏ လွှမ်းမိုးမှု တည့်တည့် ဆုံချက် ကြမှသာ ဖြစ်၍- ဆောင်းပါး နောက်ပိုင်းတွင် မြန်မာနိုင်ငံ ဒဿာ နှင့် ကောဇာ အနေအထား များကို လွန်လေပြီးသော ကာလများ၏ အနေအထား နှင့် နောင်လာမည့် အနေအထား များကို ယှဉ်တွဲ ဖေါ်ပြ ရေးသား ပေးပါမည်။)

အထက်ပါ ဖြစ်ရပ်များမှ ကောဇာ တနင်္ဂနွေ၏ လွှမ်းမိုးမှု ကို ကြည့်ခြင်း အားဖြင့်- ၁၂-တန့်  ဘာဝ (ဒုဌာန ပိုင်ရှင်) တနင်္ဂနွေ၏ အပူး အမြင် လွှမ်းမိုးမှု သည် မြန်မာနိုင်ငံ အတွက် မည်မျှ ထင်ရှား သနည်း ဆိုသည်သာ မက-ဇာတာချိန် ၏ မှန်ကန် မှုကိုလည်း ပြနေတော့၏။

တနင်္လာ ဂြိုဟ်
တနင်္လာ ဂြိုဟ် သည်- မန်ဒိန်း အနေအားဖြင့်- အုပ်ချုပ်မှု အနေအထား၊ ပြည်သူလူထု၊ အမျိုးသမီးထု၊ လူအများ စိတ်ဝင်စားစရာ၊ လူအများ နှစ်ခြိုက်ရာ၊ သဘာဝ အရင်းအမြစ်၊ ရေလမ်း ခရီး သယ်ယူပို့ဆောင်ရေး၊ အလုပ်အကိုင် နှင့် ကောက်ပဲ သီးနှံ စသည်တို့ကို ကိုယ်စားပြု၏။
၁၁-တန့် ဘာဝ သည်- ပြည်ပမှ ရရှိသော ၀င်ငွေ၊ (ပြည်ပ ပို့ကုန်မှ ရသော ငွေကြေး)၊ နိုင်ငံတကာ ဆက်ဆံရေး နှင့် အနာဂါတ် အစီအစဉ်များ၊ တိုင်းပြည်၏ ဂုဏ်အဆင့် အတန်း တို့ကို ဖေါ်ပြ၏။ 
ယခု ဇာတာ အားဖြင့်- ၁၁-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် ရန်ဖြစ်သော ကန် ရာသီ (၁-တန့် (လဂ်) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 110% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
အင်အား ရှိသော တနင်္လာ အနေအထားသည်- ယေဘူယျ အားဖြင့်- စရိုက်ကောင်းသော ပြည်သူတို့ အနေအထား၊ ငြိမ်းချမ်း စွာ နေလိုသော ပြည်သူတို့၏ အနေအထား- တိုင်းပြည် ၏ အရင်းအမြစ် နှင့် ပြည်ပ ပို့ကုန် တို့အနေအထား ကောင်းခြင်းကို ဖြစ်စေ၏။ လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ ပင် နိုင်ငံတော်တွင် သယံဇာတ အရင်းအမြစ် တူးဖေါ် နိုင်မှု တို့ ပို့၍ ကောင်းလာ၏။ သယံဇာတ ပို့ကုန် ပမာဏ ကောင်းခြင်းကို ဖြစ်စေ၏။ (၄င်းတို့ကို ပြည်သူတို့ ခံစားခွင့် ရခြင်း မရခြင်းကမူ- အခြား အကြောင်း ဖြစ်၏။)
သို့သော်- တနင်္လာသည် ၁-တန်.ဘာဝတွင် ရပ်တည်ခြင်းကြောင့် ပြည်သူတို့သည်- စိတ်ခံစားမှု အလိုကိုသာ အလွယ်လိုက်တတ်ခြင်း- ဆုတ်ချည် တစ်ခါ ဆန်းချည် တစ်လှည့် ဖြစ်သော- လမင်း တနင်္လာ ၏ သဘော ဖြစ်သော ကောက်ရိုးမီး သဖွယ် ပြီးပျောက်လွယ်ခြင်း- ရည်ရွယ်ချက် နှင့် ခံစားမှု ယှဉ်လာလျှင် ခံစားမှု ကိုသာ ဦးစား ပေးတတ် ကြခြင်း တို့ကို ဖြစ်စေ၏။ ရောင့်ရဲ လွယ်သော၊ ကြင်နာ တတ်သော စရိုက်ကို ပေး၏။ သို့သော်- self centered ခေါ်သော အခြားသူ၏ ကိစ္စထက် မိမိ ဦးတည်ရင်း ကိစ္စ ကို သာ အလိုလို ဦးစားပေးတတ်ခြင်း၊ စကားပြောလျှင် မိမိ၏ ရှုထောင့်မှ သာ ပြောတတ် ကြခြင်း၊ အဝေဘန် မခံနိုင်ကြခြင်း၊ စသည်တို့ကို ဖြစ်စေ၏။
ဆက်စပ်၍ ပြောရလျှင် အကယ်၍ တနင်္လာသည် ၁၀-တန်.ဘာဝတွင် တည်ပါက- ထိုဇာတာရှင် တို့သည် အောင်မြင်မှု သာ ပဓာန စိတ်ဓါတ်ခံ ရှိတတ်၏။ အောင်မြင် မှု အတွက် ပျော်ရွှင်မှု ကို စွန့်နိုင်၏။ လူထု ထောက်ခံမှု များ ရခြင်း၊ အများအလည် တွင် ထင်ပေါ် ကျော်ကြားခြင်း ဖြစ်သကဲ့သို့ - ထိုသို့ ဖြစ်ချင်သော ဆန္ဒလည်း ကြီးစွာ ရှိတတ်၏။ ထိုသူတို့တွင်လည်း- တနင်္လာသည် ၁-တန်.ဘာဝတွင် ရပ်တည်သူများ သကဲ့သို့ self centered ခေါ်သော အခြားသူ၏ ကိစ္စထက် မိမိ ဦးတည်ရင်း ကိစ္စ ကို သာ အလိုလို ဦးစားပေးတတ်ခြင်း၊ စကားပြောလျှင် မိမိ၏ ရှုထောင့်မှ သာ ပြောတတ်ခြင်း၊ အဝေဘန် မခံနိုင်ခြင်း စသည်တို့ကို ထင်ရှားစွာ တွေ့ရ၏။ ထင်ရှားသော “လူထု ခေါင်းဆောင်” တို့တွင် တွေ့ရသော အနေအထား ဖြစ်၏။ မိမိ၏ ကျော်ကြား အောင်မြင်မှု အတွက် မိမိ၏ ပျော်ရွှင်မှု ကိုပင် စွန့်လွှတ် နိုင်သည် ဆိုလျှင်- အခြားသူတို့၏ ပျော်ရွှင် စိတ်ချမ်းသာ မှုသည် ထိုဇာတာရှင်၏ ရည်ရွယ်ချက် နှင့် တိုက်ဆိုင်ခြင်း မရှိပါက- ဦးစားပေး ခံရဘွယ်မရှိ။ ဤ သည်မှာ တနင်္လာသည် ၁၀-တန်. ဘာဝတွင် တည်သူတို့ အနေဖြင့် မဆင်ခြင် ပါက- အကောင်းထဲမှ အဆိုး- ပြဿနာ တစ်ခု ဖြစ်နိုင်သော အချက် တစ်ခု ဖြစ်၏။ 

အင်္ဂါ ဂြိုဟ်
၈-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် မိတ်ဖြစ်သော တနင်္ဂနွေ ပိုင်သော သိဟ် ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗဖလဂုဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 4% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
ဤနေရာတွင် အင်္ဂါဂြိုဟ် သည် အင်အား ကင်းမဲ့ခြင်းကို ဖေါ်ပြ၏။  အင်အား နည်းသော ပျက်စီးသော အင်္ဂါသည် မည်သည့် အကျိုးမျိုး ပေးတတ် သည်ကို အထက်တွင် ပြန်ကြည့်ပါ။

လက်တွေ့ ဖြစ်ရပ်များမှ နေ၍-့ မြင့်မြတ် ရဲရင့် သော အင်္ဂါလော- ရက်စက်သော၊ အနိုင်ကျင့်တတ်သော အင်္ဂါလော ဆိုသည်ကို သုံးသပ် ကြပါလေ။

အင်္ဂါသည် နိုင်ငံ တစ်ခု၏ လက်နက်ကိုင် အဖွဲ့အစည်း တို့ကို ရည်ညွန်း၏။ ၄င်းသည်- တနင်္ဂနွေ ဆိုသော အုပ်ချုပ်သူတို့နှင့်- ရာသီ စက်တွင် ရော- န၀င်းစက်တွင်ပါ ပါတ်သက် နေ၏။ 
အင်္ဂါဂြိုဟ်သည် ပင်ကိုယ် အား ပျက်ပြား၏ အကောင်းသဘော စရိုက်တို့အား ပေးနိုင်စွမ်း မရှိတော့သည့် ပြင်-
  •  ၄င်း၏ သဘာဝ ပါပ စရိုက်-
  •  ၄င်း အနေဖြင့် ၈-တန့် ဘာဝ၏ မူလ တြိဂေါဏ သခင် ဖြစ်ခြင်းကြောင့် ဖြစ်တည် သော ကာရပါပ စရိုက် - တို့သာမက
  •  တည်နေရာ အားဖြင့် ၁၂-တန့် ဘာဝ ဖြစ်ခြင်း ကြောင့် ဖြစ်တည်သော ဌာန ပါပ စရိုက်တို့ ပါ တွဲဘက် နေခြင်း ကြောင့်- အင်္ဂါ၏ ဆိုးကျိုးများသာ ရနိုင်ခြင်း ဖြစ်စေတော့၏။

အင်္ဂါသည် ၁၂-တန်.ဘာဝတွင် ရပ်တည်ခြင်းကြောင့် လူတို့၏ စိုးရိမ်သောက ဗျာပါဒ များကို ဖြစ်စေတတ်သော အနေအထား၊ ဆုံးရှုံးမှု များကို ဖြစ်စေတတ်သော အင်္ဂါ ဖြစ်စေ တော့၏။  အင်္ဂါသည် တန့် ဘာဝ၏ မူလ တြိဂေါဏ သခင် ဖြစ်ခြင်းကြောင့် လူသတ်သော ဂြိုဟ် ဖြစ်နေ၏။ 

မန်ဒိန်း မူများ အရ- ၈-တန့်ဘာဝ သည်- လူစု လူဝေး၊ အုပ်ချုပ်မှု ကြိုးနီ စနစ်၊ အနှောက်အယှက် အဖျက်အဆီး၊ မတော်တစ်ဆမှုများ၊ သေဆုံးမှုများ၊ ကပ်ရောဂါများ၊ ရွှေ ငွေ နှင့် ကျောက်မျက် ရတနာများ၊ ငလျင်၊ မီးဘေး၊ လေဘေး၊ ရေဘေး စသော သဘာဝ ဘေးအန္တရာယ်များ၊ နိုင်ငံတော် အရန် ဘဏ္ဍာ ငွေ စသည်တို့ကို ရည်ညွှန်း၏။
မန်ဒိန်း မူများ အရ- ၁၂-တန့်ဘာဝ သည်- ငွေကြေး ဆုံးရှုံးမှုများ၊ နိုင်ငံတော် အသုံးစရိတ်၊ မှောင်ခို စသော လျှို့ဝှက် ရာဇ၀တ်မှုများ၊ ဆေးရုံ၊ စစ်ရေး နှင့် ဆုံးရှုံးမှုများ။ သောက ပူပန် ခြင်း၊ တိုင်းပြည် အနေအထား အရ စိုးရိမ်ကြောင့်ကျရမှုများကို ရည်ညွှန်း၏။
အောက်ဖေါ်ပြပါ- သုတေသန ဆန်းစစ်ချက် တို့ကို လေ့လာ သုံးသပ် လိုက်ပါက- အင်္ဂါ၏ မြန်မာပြည် ကို ဒုက္ခပေးခဲ့သော အနေအထား များကို ထင်ထင်ရှားရှား တွေ့ကြရပါတော့မည်။ 
သုတေသီများ ကိုယ်တိုင် ချတွက် ကြည့်ကြပါရန်- လေးစားစွာ အကြံပြုပါသည်။



အထက်ပါ ဇယားမှ- ၈-၈-၁၉၈၈ ကို ဥပမာ အဖြစ် လေ့လာကြည့် ကြပါစို့။ (အားလုံးကို ရှင်းပြခြင်းငှာ- မတတ်နိုင်ပါသဖြင့်)
ဇယားတွင် ဖေါ်ပြထားသည်က- အင်္ဂါဂြိုဟ် တစ်ခုချင်း၏ လွှမ်းမိုးမှု တစ်ခုတည်း သက်သက်ကို ပင် ဖေါ်ပြထားပါ၏။ အမှန် အားဖြင့် မူ- ထိုရက်တွင်- မြန်မာပြည်၏ လွတ်လပ်ရေး ဥပဒေ ဇာတာအား လွှမ်းမိုးသော - ဂြိုဟ်ဆိုးတို့မှာ ကောဇာ အင်္ဂါသာမက- ကောဇာ တနင်္ဂနွေ (အထက်တွင် ဖေါ်ပြခဲ့ပါသည်။) နှင့် ကောဇာ ရာဟု နှင့် ကိတ် တို့ပါ- ပါဝင်တော့၏။ ယခု အခန်းတွင်မူ အင်္ဂါ နှင့် ပတ်သက်၍ တစ်ခုတည်းကို သာ ရှင်းပြပါမည်။ 

၈-၈-၁၉၈၈ တွင်- ကောဇာ အင်္ဂါသည် မိန် ၁၅း၂၂ တွင် တည်၏။ မြန်မာ့ ဇာတာ၏ လဂ် အံသာ သည် ၁၇း၂၃ ဖြစ်သောကြောင့် ဘာဝ တို့၏ အလယ်မှတ် အသီးသီး တို့သည် လည်း ၁၇း၂၃ ဖြစ်၏။

မိန်ရာသီတွင် တည်သော ကောဇာ အင်္ဂါသည်- မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ ဇာတာ၏ လဂ် (၁-တန့်ဘာဝ) အား သမသတ် အမြင် ဖြစ်လည်းကောင်း၊ ၂-တန့် ဘာဝ (ပညာရေး နှင့် တိုင်းပြည်၏ တိုးတက်မှု) အား- ၈-တန့် အမြင် ဖြင့် လည်းကောင်း၊ ၇-တန့် ဘာဝ - မိန်ရာသီ ၁၇း၂၃ (ပြည်ပ ဆက်ဆံရေး၊ ကုန်သွယ် ရေး၊ သံတမာန် ရေး စသည် များ) အား- ၁၂-တန့် ဘာဝ (တိုင်းပြည် ၏ စိုးရိမ် သောက- အချုပ်အနှောင်၊ ဆုံးရှုံးမှု) သိဟ်ရာသီ အား- ၃-တန့် အမြင် ဖြင့်လည်းကောင်း အံသာ နီးကပ်စွာ ၉၂% အင်အားဖြင့် ဖျက်ဆီး လွှမ်းမိုး ခဲ့ပါ၏။
ထို့အပြင် ကောဇာ အင်္ဂါသည် မူလ ဇာတာ၏ အင်္ဂါ အား ၄-တန့် အမြင် ဖြင့် လွှမ်းမိုး တိုက်ခိုက် လိုက်ပြန် သဖြင့်- တစ်တိုင်းပြည်လုံး အနေဖြင့် သမိုင်းတွင် သော ဖြစ်ရပ် ကြီးကို ဖြစ်စေခဲ့တော့သည်။
ဤနေရာတွင်လည်း သက်ဆိုင်ရာ ဒဿာ သခင်ဂြိုဟ် ၏ အင်အား က ကိုယ်ခံ အား နည်းနေ၍ ဖြစ်ကြောင်း နောက်ပိုင်းတွင် ဆက်လက် ရှင်းပြပေးပါမည်။

မြန်မာ့ ကံကြမ္မာ (နှစ် ၁၀၀) အပိုင်း (၂) ဆောင်းပါး ကို ဆက်လက် ဖတ်ရှုပါ။

အားလုံး ငြိမ်းချမ်းပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

2 comments:

Maung Thant said...

Thank you very much. You cover every angle.

Anonymous said...

အထူးကျေးဇူးတင်ရှိပါတယ်။
ဤပညာဖြင့် လောကအကျိုး ထမ်းပိုးနိုင်ပါစေ။

Post a Comment