Tuesday, February 3, 2015

နိုင်ငံ ရပ်ခြား ခရီးသွားခြင်း နှင့် နိုင်ငံခြားတွင် အခြေချ နေထိုင်ခြင်း ဆိုင်ရာ နက္ခတ္တ ပညာ။

ယနေ့ ခေတ်သည်ကား- ကမ္ဘာကြီးသည် ရွာကြီး အဖြစ်သို့ ရောက်သွားသည့် ခေတ် ဖြစ်တော့၏။

မြန်မာ လူငယ် လူရွယ် များစွာတို့သည်- နိုင်ငံခြားတွင် ပညာသင် လိုခြင်း- နိုင်ငံခြားတွင် သက်မွေး အလုပ် အကိုင် လုပ်လိုခြင်း- ဖြစ်နိုင်လျှင် ရေရှည် နေထိုင် လိုခြင်း တို့ ဆန္ဒတို့ ဖြင့် ကြံစည် ကြိုးစား တတ်ကြသော အနေအထား လည်း ဖြစ်၏။

ယခု တင်ပြရေးသားမည့် အကြောင်း အရာ တို့သည် - ကျမ်း စာအုပ်တို့၏ သီအိုရီ သဘော တို့သာ မက- လက်တွေ့ ဇာတာ များနှင့် ပါ ဆက်စပ် သုံးသပ် ရေးသားခြင်း ဖြစ်သဖြင့်- လေ့လာသူများ အတွက် လုံးဝ သေချာ အကျိုးရှိမည် ဟု အလေးထား ပြောလိုပါသည်။

နိုင်ငံခြားသို့ ပို့ဆောင်ပေးတတ်သည့် ဂြိုဟ်ဇတ်ဆောင်များ။
ပါပဂြိုဟ် တစ်လုံးဟု ပညာရှင် များ တစ်ညီ တစ်ညွတ်တည်း လက်ခံထားရသည့် ရာဟု ဂြိုဟ်သည် နိုင်ငံခြား ပို့ပေးသည့် ဂြိုဟ်တစ်လုံး တည်းတွင် အတိအကျ ပါဝင်၏။

ရပ်ဝေး ခရီးကို ကိုယ်စားပြုသည့်- ၉-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင် သည် လည်းကောင်း။
တစ်စိမ်း တစ်ဒေသ ကို ကိုယ်စားပြုသည်- ၁၂-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင် သည်လည်းကောင်း။

ဤနေရာတွင်- မိုးတား နက္ခတ် ပညာနှင့် ရင်းနှီးသူ တို့ အနေဖြင့်- မိုးတား နက္ခတ် စနစ်တွင်- သခင် နှင့် အိမ်ရှင် ကို ခွဲခြား အသုံးပြုသည် ကို သိကြပါလိမ့်မည်။ ဤသည်မှာ- သမားရိုးကျ နက္ခတ် ပညာ နှင့် မိုးတား စနစ်၏ ကွဲပြားသော အချက် တစ်ခု ဖြစ်၏။

မိုးတား သင်တန်း မူတို့တွင် မိုးတားသည် ဘာဝ တို့၏ သခင် ခေါ် မူလတြိဂေါဏ အိမ်ရှင် ကိုသာ အသုံးပြုတတ် သဖြင့်- ပုံမှန် နက္ခတ် ပညာတွင် အသုံးပြုကြ သော တနင်္ဂနွေ နှင့် တနင်္လာမှ လွဲ၍- အခြားသော ဂြိုဟ် တို့သည် ရာသီ ၂-ခု ကို ပိုင်ခြင်းဖြင့်- သခင် မဟုတ်သော အိမ်ရှင် ကို လျစ်လျူ ရှု သည် ဟု ထင်မြင် ကြကောင်း ထင်မြင်ကြပါလိမ့်မည်။

အကယ်စင်စစ် အားဖြင့်- ဘာဝ တို့၏ သခင် ခေါ် မူလတြိဂေါဏ အိမ်ရှင် ကို- အဓိက အသုံးပြုခြင်းမှာ- ဂြိုဟ်တို့၏ ကာရက သောမ- ကာရက ပါပ သဘောကို ခွဲခြား ဆုံးဖြတ်ရန် ဖြစ်၍- သခင် မဟုတ်သော အိမ်ရှင် ကို သက်ဆိုင်ရာ ဆန်းစစ် ခြင်းများတွင် လျစ်လျူ ရှု ပစ်ပယ် ခြင်း မရှိပါ။ 
ဤ အကြောင်းကို လက်တွေ့ ဇာတာများ နှင့် ယှဉ်တွဲ ဆုံးဖြတ်သော အခန်းတွင် ရှင်းပြပေးမည် ဖြစ်ပါသည်။

ဆက်လက်၍-
ရာဟု၊ ၉-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင်၊ ၁၂-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင် တို့သည်-

  • ဇာတာရှင်၏ လဂ် နှင့် ဖြစ်စေ-
  • ဇာတာရှင်၏ ၁၀-တန့် ဘာဝ နှင့် ဖြစ်စေ -
  • ဇာတာရှင် ၏ ၇-တန့် ဘာဝ နှင့် ဖြစ်စေ -

ထင်ထင်ရှားရှား ဆက်စပ် နေလျှင် ဇာတာရှင် သည် နိုင်ငံ ရပ်ခြားသို့ ခရီး သွားရမည် ဖြစ်၏။

သို့သော်-ထပ်မံ၍ သုံးသပ် ရမည်က- 

  • အကျိုး အမြတ် ဖြစ်ထွန်းသော နိုင်ငံခြား ခရီး ဖြစ်မည်လား- 
  • အရင်းပါ ရှုံးမည့် နိုင်ငံခြား ခရီး ဖြစ်မည် လား- 
  • နိုင်ငံခြားတွင် ယာယီ သာ နေထိုင် ရမည်လား- ရေရှည် နေထိုင် ရမည် လား-

ဆိုသည် ပင် ဖြစ်၏။

တစ်ဖန်- နိုင်ငံ ရပ်ခြားသို့ သွားကြရ ရာတွင်လည်း- သွားရပုံ သွားရနည်း တစ်ဦး နှင့် တစ်ဦး မတူညီကြ-

  • တစ်ချို့က ပညာသင် ခွင့် ရယုံ အတွက် မျှသာ သွားကြရ၏။ ပညာတော်သင် သွားပြီး- အချိန်တန် အိမ်ပြန် ရသော သူမျိုး ရှိကြသလို- နိုင်ငံခြားတွင် အလုပ်လုပ် ခွင့် ရရန် ပညာရေး အကြောင်းပြု ပညာသင် ခွင့် သွားကြရ သော်လည်း- ပညာသင် ပြီးသော အခါ- အလုပ်လုပ် ရန် အခွင့် အရေး မသာ သော ကြောင့် ပညာသင် ခဲ့ ရရုံ မျှဖြင့် နိုင်ငံခြား သွားခဲ့ကြရသော အနေအထားများ။
  • အချို့က- ပွဲစား အားကိုး ဖြင့် နိုင်ငံခြားသို့- မလွယ်ပေါက်မှ ကြိုးစား ၀င်ကြရ၏။ အချို့ အဆင်ပြေ၏။ အချို့ ဒုက္ခကြီးစွာ ရောက်၏။
  • အချို့မှာ- မိမိစားရိတ်ဖြင့် မိမိသွားရောက် ကြိုးစားကြ၏။ အဆင်ပြေသူ ရှိ၏။ တပ်ခေါက် ပြန်ခဲ့ရသူများ ရှိ၏။
  • အချို့မှာ- မိမိ၏ အရည်အချင်း- အဆက်အသွယ် မိတ်ဆွေ တို့ကြောင့် စားရိတ် တစ်ပြားမှ မကုန်ကျရပဲ- နိုင်ငံခြားသို့ ရောက်ရှိ ကြရ၏။
  • အချို့မှာ- မိမိ၏ အလုပ် အကိုင်ကြောင့် မဟုတ်ပဲ- အသက်ကြီးချိန်တွင် သားသမီး များကြောင့် နိုင်ငံခြားသို့ ရောက်ခွင့် ရကြရ၏။
  • အချို့မှာ- ကျန်းမာရေး ကုသရန် နိုင်ငံခြားသို့ ရောက်ကြရ၏။ 

ပညာရေး အကြောင်းပြု၍ နိုင်ငံခြား သွားရခြင်း။

ဇာတာရှင်၏ မူလ ဇာတာတွင် ၄-တန့်၊ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များသည် ဆက်စပ် ပတ်သက် နေပါက- ဇာတာရှင်သည် ပညာ ရေးကို အကြောင်းပြု၍ နိုင်ငံခြားကို သွားရမည်။ မိုးတား သင်ခန်းစာများ တွင် ဖေါ်ပြခဲ့သည့် အတိုင်း- ၄-တန့် ဘာဝ သည် ဇာတာရှင်၏ အခြေခံ ပညာကို ဖေါ်ပြ၏။ ၉-တန့် ဘာဝသည် အဆင့်မြင့် ပညာကို ဖေါ်ပြ၏။ ၁၂-တန့် သည် ရပ်ဝေး မြေခြား တစ်စိမ်း ဒေသ ကို ရည်ညွှန်း၏။

ဘ၀တိုးတက်ရေး အလုပ် အကိုင် ကို အကြောင်းပြု၍ နိုင်ငံခြား သွားရခြင်း။

ဇာတာရှင်၏ မူလ ဇာတာတွင် ၅-တန့်၊ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များသည် ဆက်စပ် ပတ်သက် နေပါက- ဇာတာရှင်သည် အလုပ် အကိုင်ကို အကြောင်းပြု၍ နိုင်ငံခြားကို သွားရမည်။ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် တို့သည် ၁၀-တန့် သခင် (သို့မဟုတ်) အိမ်ရှင် နှင့် ဆက်သွယ် နေပါက- နိုင်ငံခြား သွားရခြင်းသည် ဇာတာရှင်၏ အလုပ်အကိုင် နှင့် ပတ်သက် ခြင်း ကို ဖေါ်ပြ၏။ ၄င်းကို ၀ဂ္ဂစက် တစ်ခု ဖြစ်သော D-10 နှင့် လည်း- တွဲဘက် ဆန်းစစ် ၍ အတည်ပြု နိုင်ပါသည်။

အစိုးရ ၀န်ထမ်း အဖြစ်ဖြင့်- နိုင်ငံခြားတွင် တာဝန် ထမ်းဆောင်ရခြင်း။

မိုးတား သင်ခန်းစာ များတွင် ဖေါ်ပြခဲ့သည့် အတိုင်း- ၆-တန့် ဘာဝ သည် တာဝန် ထမ်းဆောင် ရခြင်း ကို ဖေါ်ပြ၏။ အကယ်၍ ဇာတာရှင်၏ မူလ ဇာတာတွင် ၆-တန့်၊ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များသည် ဆက်စပ် နေသော် မိမိတိုင်းပြည် မှ ခန့်အပ်သော တာဝန် ဖြင့် နိုင်ငံခြားတွင် တာဝန် ထမ်းဆောင်ရခြင်း မျိုး ဖြစ်လိမ့်မည်။

အိမ်ထောင်ရေး ကို အကြောင်းပြု၍ နိုင်ငံခြား သွားရခြင်း။
အချို့သည် အိမ်ထောင်ဘက် ကြောင့် နိုင်ငံခြား သွားဖြစ် သကဲ့သို့- အချို့သည် အိမ်ထောင်ကျပြီး သည်နှင့် ပျားရည်ဆမ်း ခရီး အဖြစ် နိုင်ငံခြား သွားခြင်း မျိုး ဖြစ်၏။ ထိုသို့သော အနေအထားသည် ၇-တန့် သခင်- အိမ်ရှင် အနေဖြင့်- ၈-တန့်၊ ၉-တန့် ဘာဝများ ၄င်းတို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များ နှင့် ဆက်သွယ် နေခြင်းက အကြောင်းပြု၏။

နိုင်ငံခြား တွင် ကြာမြင့်စွာ နေထိုင်ရခြင်း။
အင်အားကောင်းသော ၉-တန့်၊ သို့မဟုတ် ၉-တန့် သခင် (သို့မဟုတ်) အိမ်ရှင် သည် ၁၂-တန့် ဘာဝ နှင့် ဆက်စပ် နေရပြီး- ၄-တန့် နှင့် အဆက် အစပ် မရှိလျှင်- နိုင်ငံခြားတွင် ရေရှည် နေဖြစ်မည် ဖြစ်၏။ သို့မဟုတ်ပါမူ- အကြောင်း တစ်မျိုးမျိုး ကြောင့် ပြန်လာဖြစ်မည် ဖြစ်၏။

လဂ်သခင် သည် ၉-တန့် (သို့မဟုတ်) ၁၂-တန့်တွင် ထိရ ရာသီ တည်နေပါမူ- နိုင်ငံခြားတွင် Permanent Resident ခေါ် ရေရှည် နေထိုင် ဖြစ်မည် ဖြစ်၏။

အကယ်၍- ၄င်းအား စရ-ရာသီရှိ ဂြိုဟ်တစ်လုံး မှ ထင်ရှားစွာ အမြင်ပြုထားသော်- ပြန်လာ ဖြစ်မည် ဖြစ်၏။
စရ- ရာသီ ထိရ ရာသီ တို့ကို ပုံမှန် ဥပဒေများ အတိုင်း စစ်ဆေး ယုံမျှ မက- ထပ်ဆင့် နည်းဖြင့်- စစ်ဆေးလိုပါက- ရာသီတိုင်း၏ ပထမ ၁၅-ဒီဂရီ သည် ထိရ သဘောဆောင်၍- နောက်ပိုင်း ၁၅ ဒီဂရီ သည် စရ သဘော ဆောင်သည်ကိုပါ တွဲဘက် အသုံးပြုပါလေ။

တစ်နည်းအားဖြင့် ဆိုရသော်-
၉-တန့်၊ ၁၂-တန့် သခင် (သို့မဟုတ် ဘာဝ) တို့ နှင့် ကြာသပတေး၊ တနင်္လာ၊ ရာဟု တို့သည် ပူးနေခြင်း၊ အပြန်အလှန် အမြင် ပြုနေကြခြင်း များ ရှိပါက- ဇာတာရှင်သည် နိုင်ငံခြားသို့ မလွဲမသွေ သေချာပေါက် သွားရမည် သာ ဖြစ်၏။

နိုင်ငံခြား ဘယ်အချိန် သွားရမည်လဲ။

  • ၉-တန့်၊ ၁၂-တန့် သခင် (သို့မဟုတ်) အိမ်ရှင် တို့၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • ၉-တန့်၊ ၁၂-တန့် တွင် တည်သော ဂြိုဟ် တို့၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • စန်း ခေါ် တနင်္လာမှ ၉-ခု မြောက် ရာသီ၏ သခင် (သို့မဟုတ်) အိမ်ရှင် ၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • ၉-တန့် သခင် (သို့မဟုတ်) အိမ်ရှင် တည်ရာ ရာသီ သခင် (သို့မဟုတ်) အိမ်ရှင် ၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • ကောဇာ အားဖြင့် ကြည့်ပါက- ကောဇာ ၉-တန့် သခင် (သို့မဟုတ်) အိမ်ရှင် အနေဖြင့် မူလ ၉-တန့်ကို မြင်သော ကာလ - ၉-တန့်တွင် တည်သော ဂြိုဟ်တစ်ခုကို မြင်သော ကာလ- သည် လည်းကောင်း။
  • ကောဇာ အားဖြင့် ကြည့်ပါက စန်းမှ ၉-တန့် ရာသီ၏ သခင် (သို့မဟုတ်) အိမ်ရှင် သည်- ၄င်းဂြိုဟ် တည်ရာ ရာသီ၏ သခင် ကို အမြင်ပြု သော ကာလ သည် လည်းကောင်း၊ ၁၂-တန့် သခင် (သို့မဟုတ်) အိမ်ရှင် ၏ တည်ရာ ရာသီ သခင် ကို အမြင်ပြု သော ကာလ သည် လည်းကောင်း နိုင်ငံခြား သွားရခြင်း ကို ဖြစ်စေ၏။


နိုင်ငံခြား သွားခြင်း နှင့် ပတ်သက်၍ သုံးသပ် ရာတွင်-

  • လဂ်သခင် နှင့် ၄-တန့် သခင် တို့သည် ၁၂-တန့်တွင် တည်နေလျှင် ဇာတာရှင် သည် ရပ်ဝေး မြေခြား တွင် နေထိုင် ရလိမ့်မည်။
  • အကယ်၍ ၁၂-တန့် သခင် (သို့မဟုတ်) အိမ်ရှင် သည် ၄-တန့်တွင် တည်ပါက- ဇာတာရှင် သည် မိမိ တိုင်းပြည်တွင် သာ နေထိုင် ဖြစ်မည်။
  • အကယ်၍ ၄-တန့် သခင် သည် ၁၂-တန့်တွင် တည်လျှင် ဖြစ်စေ- ၄တန့် ဘာဝ အား ၁၂- တန့် အိမ်ရှင်၊ သခင် မှ လွှမ်းမိုး ထားလျှင် ဖြစ်စေ ဇာတာရှင် သည် ရပ်ဝေး မြေခြား တွင် ကြာမြင့် စွာ နေထိုင် ဖြစ်မည်။
  • အကယ်၍ လဂ်သခင် နှင့် ၂-တန့် သခင် တို့ အိမ်ချင်း ဖလှယ် နေလျှင် ဇာတာရှင် သည် နိုင်ငံခြားသား အဖြစ် ခံယူလိမ့်မည်။
  • အကယ်၍ ၁၂-တန့် အိမ်ရှင်၊ သခင် သည် တြိကောဏ အိမ်တို့တွင် တည်နေလျှင်- ဇာတာရှင် သည် ရပ်ဝေး မြေခြား နိုင်ငံခြားတွင် အောင်မြင် လိမ့်မည်။
  • အကယ်၍ လဂ်သခင် မှ- အင်အား နည်းသော ၁၂-တန့် အိမ်ရှင်၊ သခင် အား အမြင် ပြုထားပါက- ဇာတာရှင်သည် ရပ်ဝေး မြေခြား နိုင်ငံခြား၏ ခေါင်ဖျား သော တောရွာ ဒေသ တို့တွင် နေရမည် ဖြစ်ပြီး- ၁၂-တန့် အိမ်ရှင်၊ သခင် သည် အင်အား ကောင်းပါ- မြို့ကြီး ပြကြီး ဒေသ တွင် နေရမည် ဖြစ်သည်။
  • အထက်ပါ အချက်တို့တွင် စန်း ခေါ် တနင်္လာ အင်အား ချိနဲ့ပါက- နိုင်ငံ ခြား ခရီး အထမြောက်မည် မဟုတ်ပေ။
  • ဇာတာရှင် ခရီးသွားသော အချိန်တွင် တနင်္လာ သို့မဟုတ် သောကြာ ဖြစ်ပါက အပျော် ခရီး အပန်းဖြေ ခရီး ဖြစ်တတ်၏။
  • ၈-တန့် သည် နိုင်ငံခြား ကိစ္စ နှင့် ပတ်သက်သော် နိုင်ငံ ရပ်ခြားတွင် နေထိုင် ရခြင်း ကို ရည်ညွှန်း၏။
  • ရာဟု အနေဖြင့် ၈-တန့် တွင် တည်ခြင်း နှင့် ၈-တန့် သခင် ၁၀-တန့်တွင် တည်ခြင်း တို့သည် လည်း နိုင်ငံခြား ခရီး အတွက် အခွင့်အလမ်း ရှိခြင်း ကို ဖေါ်ပြ၏။


မွေးချိန် မသိသော ဇာတာ များ အတွက်- ဟူးရား စနစ်ဖြင့် ဟောပြောခြင်း။
မွေးချိန် မသိသော ဇာတာရှင် များ အတွက်- မိုးတား နက္ခတ် ပညာရှင် အနေဖြင့်- ဟူးရား ဇာတာ ကို တွက်၍ အောက်ပါ အတိုင်း ဆန်းစစ် ဟောပြော နိုင်ပါသည်။

  • ဟူးရား ဇာတာ၏ န၀င်း လဂ် သို့မဟုတ် D3- လဂ် သည် စရ- ရာသီတွင် တည်နေပါက- ဇာတာရှင် သည် ခရီးသွားခြင်း နှင့် သက်ဆိုင်သော မေးခွန်းကို မေးလိမ့်မည် ဖြစ်သည်။ အကယ်၍ မေးလာခဲ့လျှင်- ခရီးသွားဖြစ်ရန် အနေအထား ကောင်း၏။ 
  • အကယ်၍- ဟူးရား လဂ်သည် ၈-တန့် သို့မဟုတ် ၉-တန့် နှင့် ဆက်စပ် နေပါက- နိုင်ငံခြား နှင့် ပတ်သက်သော မေးခွန်းကို မေးလိမ့်မည်။
  • ဟူးရား ဇာတာ၏ လဂ်-၇-တန့် နှင့် ၉-တန့် တို့တွင် သောမဂြိုဟ်များ တည်နေပါက- ဇာတာရှင်၏ ဆန္ဒ ပြည့်ဝမည်။
  • ဟူးရား ဇာတာ၏ လဂ်-၇-တန့် နှင့် ၉-တန့် တို့တွင် ပါပ ဂြိုဟ်များ တည်နေပါက- ဇာတာရှင်၏ အစီအစဉ် တွင် အခက်အခဲ များ ကြုံတွေ့ ရမည်။
  • ဟူးရား ဇာတာ၏ ၈-တန့် တွင် သောမဂြိုဟ်များ တည်နေပါက- ဇာတာရှင်၏ သည် နိုင်ငံခြားတွင် အောင်မြင်မှု ရမည်။
  • ဟူးရား ဇာတာတွင်- တနင်္ဂနွေသည် ၇-တန့် တွင် တည်နေပါက- ဇာတာရှင် သည် နိုင်ငံ ရပ်ခြားမှ စောစီးစွာ ပြန်လာ ရမည်။
  • ဟူးရား ဇာတာတွင်- ဟူးရား အင်္ဂါသည် ၉-တန့်တွင် တည်ပါက- ဇာတာရှင် ၏ ပစ္စည်းများ ပျောက်ဆုံးမည်။ အင်္ဂါသည် ဂ-တန့်တွင် တည်ပါက- ဇာတာရှင် သည် ထိခိုက် ဒဏ်ရာ ရလိမ့်မည်။ အင်္ဂါသည် ၇-တန့် တွင် တည်ပါက- ဇာတာရှင်၏ ကျန်းမာရေး ထိခိုက်မည်။
  • ဟူးရား ဇာတာတွင်- ရာဟု သို့မဟုတ် စနေ သည် ၇-တန့်၊ ၈-တန့်၊ ၉-တန့် တို့တွင် တည်ပါက ဇာတာရှင် သည် မနာမကျန်း ဖြစ်လိမ့်မည်။

လက်တွေ့ ဇာတာ တို့အား အထက်ပါ နည်းစနစ် တို့ဖြင့် သုံးသပ် လေ့လာခြင်းကို နောက်ဆောင်းပါးတွင် ဆက်လက် ဖေါ်ပြပေးပါမည်။

အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

4 comments:

YE MYINT said...

ကွန်တော့်ဘ၀တစ်လျှောက်လုံး ယခုထက်တိုင် နိုင်ငံခြားနှင့် အမြဲ ဆက်စပ်ပတ်သက်နေပါသည်။ အကျိုးလည်းပေးပါသည်။ ဆရာ ၏တန်ဘိုးရှိလှသော ဆောင်း ပါးတွင် ကျွန်တော့်ဇာတာ အား ကိုးကားအသုံးပြု နိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်ခင်ဗျား။ အစဉ်လေးစားခင်မင်လျက်။ ဦးရဲမြင့် (အငြိမ်းစားသံမှူးကြီး)

YE MYINT said...

အလွန်ကောင်းမွန် တန်ဘိုးရှိသော ဆောင်းပါးဖြစ်ပါသည်။ ကွန်တော့် ဘ၀တစ်လျှောက်လုံး နီးပါး နိုင်ငံခြားနှင့်ပတ်သက်ခဲ့ရပါသည်။ နိုင်ငံပေါင်း ၄၀ နီးပါးကို သံတမန်ဘ၀ဖြင့် သွားလာခဲ့ရပါသည်။ အချို .နိုင်ငံများဒတွင် မိသားစုတစ်စုလုံး နှစ်ရှည်နေထိုင်ခဲ့ရပါသည်။ ယခုတိုင်လည်းနိုင်ငံခြားနှင့် ပတ်သက်ဆက်စပ် သော အလုပ်များကို သာ ဆက်လက် ဆောင်ရွက်ပေးရပါသည်။ နိုင်ငံခြားနှင့်လည်းအထူးကျိုးပေးပါသည်။ ဆက်လက် တင်ပြမည့် ဆောင်းပါးများတွင် ကွန်တော့်ဇာတာ အား ကိုးကားရေးသားနိုင်ပါတယ်ခင်ဗျာ။ ဦးရဲမြင့် ( အငြိမ်းစားသံမှူကြီး)

Maung Thant said...

Thanks for your very informative post.

ko zaw said...

သင်​ယူရလို့​​ကျေးဇူးပါလို့​ပြောပါရ​စေဆရာ

Post a Comment