Thursday, February 5, 2015

နိုင်ငံ ရပ်ခြား ခရီးသွားခြင်း နှင့် နိုင်ငံခြားတွင် အခြေချ နေထိုင်ခြင်း ဆိုင်ရာ (အပိုင်း ၂)

လက်တွေ့ ဇာတာ တို့အား အထက်ပါ နည်းစနစ် တို့ဖြင့် သုံးသပ် လေ့လာခြင်း။

လက်တွေ့ ဇာတာ (၁)

အထက်တွင် ဖေါ်ပြခဲ့သော နိုင်ငံခြား နှင့် ပါတ်သက်သည့် ဆန်းစစ် လေ့လာ နည်းတို့ကို လက်တွေ့ လေ့လာကြပါစို့။
အောက်တွင် ဖေါ်ပြထားသော နမူနာ ဇာတာ (၁) သည် အခြားသူ၏ ဇာတာ မဟုတ်၊ ကျွန်တော် ကိုယ်တိုင်၏ ဇာတာ ဖြစ်ပါသည်။ ကျွန်တော့် အနေဖြင့်- မိမိ ဇာတာကို လက်တွေ့ သုံးသပ် ပြရာတွင်- ကျွန်တော့် ဘ၀ သက်ဆိုင်သော အကြောင်း အရာ အချို့ကိုပါ ယှဉ်တွဲ ဖေါ်ပြခြင်း ဖြင့် လေ့လာသူတို့ အကျိုးရှိမည် ဟု ယူဆ၍ တင်ပြပေးခြင်း ဖြစ်ရာ- ကိုယ်ရည်သွေးခြင်း မျိုး ရည်ရွယ်ချက် လုံးဝ မရှိကြောင်း ပြောလိုပါသည်။ 



 ဇာတာ အရ- ဓနုဂ် ဖြစ်ရာတွင်- ၉-တန့် ဘာဝ သခင်သည် တနင်္ဂနွေ ဖြစ်၍- ၈-တန့်တွင် တည်၏။ တစ်ဖန်- ၈-တန့် သခင် တနင်္လာ သည် ၉-တန့် ဘာဝတွင် တည်၏။ ၄င်းကို မြင်သာ ရန် အတွက်- ဘာဝ စက်ဖြင့် ကြည့်ရပါလိမ့်မည်။

ရာဟု နှင့် ကိတ်မပါသော ပကတိ ဂြိုဟ် ၇-လုံးတွင် ဂြိုဟ် ၃-လုံး သည် ၉-တန့် တွင် တည်နေသည်ကိုလည်း မြင်နိုင်ပါ၏။

တစ်ဖန်- အင်္ဂါဂြိုဟ်သည်- မိဿ ဘာဝတွင် မူလတြိဂေါဏ အိမ်ရှင် ဖြစ်လေရာ- ဓနုလဂ် သမား အတွက် အင်္ဂါသည် ၅-တန့် သခင် ဖြစ်သည့် အချိန် နှင့် တစ်ပြိုင်တည်း- ဗြိစ္ဆာ ရာသီကိုလည်း ပိုင်သောကြောင့်- ၁၂-တန့် အိမ်ရှင် လည်း ဖြစ်နေသည်ကို သတိပြု နိုင်ပါသေးသည်။

ဓနုလဂ် သမား အတွက်- အင်္ဂါသည် သဘာဝ ပါပပင် ဖြစ်သော်ငြားလည်း- ကာရက ပါပဂြိုဟ် မဟုတ်တော့ပြီ။
သို့သော်လည်း- ၁၂-တန့်-အိမ်ရှင် သာဖြစ်ပြီး- အဓိက အားဖြင့် ၅-တန့် ဘာဝ၏ သခင် ဖြစ်သော အင်္ဂါ၏ အနေအထား ကြောင့်- ကာရက ပါပ၏ ဆိုးကျိုးတို့ကို မရပဲ- ကာရက သောမ အကျိုးတို့ကိုပင် ရစရာ ရှိပါတော့၏။

ထို ၁၂-တန့်-အိမ်ရှင် အင်္ဂါသည်- အလုပ်အကိုင် နှင့် ပါတ်သက်သော ၁၀-တန့် သခင် ဗုဒ္ဓဟူးဂြိုဟ် အား- ၈၂% ဖြင့် (တစ်နည်းအားဖြင့် ၂-ဒီဂရီ မျှ အကွာအဝေးဖြင့်) ပူးကပ် လွှမ်းမိုးထား၏။ မည်သည်ကို သဘောဆောင်ပါသနည်း။ အလုပ် အကိုင် နှင့် ပတ်သက်၍- ရပ်ဝေး မြေခြားတွင် နေရမည် ကို ပြဆိုထား၏။ တစ်ဖန်- ထိုအင်္ဂါသည် ၅-တန့် ဘာဝ၏ သခင် ဖြစ်သော ကြောင့် ပညာရေး အကြောင်းပြု ရမည် ကိုလည်း ဖေါ်ပြနေ၏။
အထက်တွင် ဖေါ်ပြခဲ့သော ဥပဒေသ တစ်ခု ဖြစ်သည့် “ဘ၀တိုးတက်ရေး အလုပ် အကိုင် အတွက် နိုင်ငံခြားတွင် နေထိုင်ရမည် ဆိုသော” အချက် ကို မြင်ရ၏။

၁၂-တန့် အိမ်ရှင်၊ သခင် သည် အင်အား ကောင်းပါ- မြို့ကြီး ပြကြီး ဒေသ တွင် နေရမည် ဟု ဆိုရာတွင်- ကျွန်တော့်၏ ၁၂-အိမ်ရှင် ဖြစ်သော အင်္ဂါသည် ၁၉၅% အင်အား ရှိနေသော ကြောင့်- ထင်ရှားသော မြို့ကြီး များတွင်သာ နေဘို့ ဖြစ်နေ၏။

နောက်တစ်ချက် ဆက်ကြည့်ပါက- လဂ်သခင် ကြာသပတေးသည်- ၉-တန့်ဘာဝ ဖြစ်သော သိဟ်ရာသီ ၁၃း၃၆ အံသာတွင် တည်၏။ ၉-တန့် ဘာဝ သည် ခရီးဝေး ဖြစ်သကဲ့သို့- သိဟ်ရာသီ သည် ထိရ ရာသီ ဖြစ်၏။ သိဟ်ရာသီ ၏ ပထမ ၁၅-အံသာ အတွင်း ဖြစ်သောကြောင့် ထိရ စစ်စစ် လည်း ဖြစ်၏။ 
အထက်တွင် ဖေါ်ပြခဲ့သော ဥပဒေသ တစ်ခု ဖြစ်သည့် “လဂ်သခင် သည် ၉-တန့် (သို့မဟုတ်) ၁၂-တန့်တွင် ထိရ ရာသီ တည်နေပါမူ- နိုင်ငံခြားတွင် Permanent Resident ခေါ် ရေရှည် နေထိုင် ဖြစ်မည်။ ” ဆိုသော အချက် သည် တိတိကျကျ ပေါ်လွင် နေပြန်၏။ ထိုကြာသပတေး အားလည်း စရ ရာသီတွင် တည်သော မည်သည့်ဂြိုဟ်ကမျှ အမြင်ပြုခြင်း၊ လွှမ်းမိုးခြင်း မရှိသည့် အတွက် ရေရှည် နေထိုင်ရသည့် ဘ၀ ဖြစ်ပြန်တော့၏။


ပထမဆုံး နိုင်ငံခြား ခရီး။

ဦးစွာ ပြောလိုသည် က- ကျွန်တော့် အနေဖြင့်- ဘီအီး ဘွဲ့ နှင့် နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာ ဒီပလိုမာ တို့ကို ၁၉၉၃-၉၄ တွင် ရခဲ့ သော်လည်း- နိုင်ငံခြား သွားစရာ အဆက် အသွယ် ဟူ၍ လုံးဝ မရှိခဲ့။
ကျောင်းတက်စဉ် ကာလ တုန်းကလည်း- နိုင်ငံခြား သွားရန် စိတ်ကူး မရှိ- အချိန်တန်လျှင် အစိုးရ ၀န်ထမ်း လုပ်မည် ဟုသာ ရည်ရွယ် ထားခဲ့သည်။
သို့သော်လည်း- ၁၉၈၈ အရေး အခင်း ကာလ ကို ဖြတ်သန်း ခဲ့ရ သော ခေတ်တွင် အခြေအနေ တို့- ကျွန်တော့်၏ ရည်ရွယ်ချက် တို့ ပြောင်းလဲ သွားခဲ့ရသည်။
စက်မှု ကျောင်းသား အများစု၏ ရည်ရွယ်ချက် ဖြစ်သော- နိုင်ငံခြား သင်္ဘောလိုက်ရန် ကလည်း- သင်္ဘောကျင်း အတွေ့ အကြုံ ရရန် Dock ဆင်းဘို့က- အဆက် အသွယ် ရှိရန်- ငွေကြေး ရှိရန် လိုသေး သော်လည်း- တောသား ကျွန်တော့်မှာ ဒီနေရာတွင် လည်း အဆင်မပြေခဲ့။

တစ်ဖန်- နှစ်ရှည် လများ ကျောင်းပိတ် ထားသော ကာလတွင်- နယ်ပြန်၍ ခြံစိုက် နေသော- လူတစ်ယောက် အနေဖြင့်- အခြား သူငယ်ချင်း များ ကဲ့သို့- လုပ်ငန်း အတွေ့ အကြုံများ (အထူးသဖြင့်- နိုင်ငံခြား သွားလိုလျှင်- အဲယားကွန် နှင့် ရေခဲ သေတ္တာ အတွေ့ အကြုံ ရှိရမည် ဆိုသည်၊) တို့လည်း မရှိ။
ဘွဲ့လက်မှတ် တစ်ကိုင်ကိုင် နှင့် အလုပ် လိုက်ရှာယင်း နှင့်- ကျေးဇူးရှင် မိတ်ဆွေ တစ်ဦး ထံမှ- AutoCAD ကို လေ့လာရန် စာအုပ် ကြီး တစ်အုပ် နှင့် ကွန်ပျူတာ ကို သုံးခွင့် ရခြင်းဖြင့်- AutoCAD ကို ကိုယ်ထူ ကိုယ်ထ တတ်မြောက်လာပြီး- သင်တန်းဖွင့် ဆရာ ဖြစ်ခဲ့၏။ 
သို့သော်- ဒါက ကျွန်တော် ရည်ရွယ် ထားသည့် ဘ၀ ရပ်တည်မှု မဟုတ်သေးပြီ။

ထိုထို ကာလများ အတွင်း- လုပ်ငန်း အတွေ့ အကြုံ ရှိခဲ့သူများ- အဆက်အသွယ် ရှိသူများ- နှင့် အင်တာဗျူးများ သွားယင်း- သူတို့ အချို့ အလုပ်ရသွား ပြန်တော့- ကိုယ့်ကိုယ်ကိုယ် နောင်တ ရသလိုလို ဖြစ်ရပြန်သေး၏။
ထို့နောက်တွင်တော့- နိုင်ငံခြား ကုမ္ပဏီ တစ်ခု တွင် အလုပ်လျှောက် ခဲ့ရာမှ- မရည်ရွယ် ပါပဲ လျှက်- ထိုလုပ်ငန်း နှင့် ပတ်သက်၍ မြန်မာပြည်တွင် တာဝန် အကြီးဆုံး သူတစ်ဦး ဖြစ်သွားရ၏။
ထို ကုမ္ပဏီ မှ ကျွန်တော့်အား နိုင်ငံခြား သင်တန်းပို့ သဖြင့်- ၂၁-ရက်ကြာ သင်တန်း တက်ရန် နိုင်ငံခြား စတင် သွားခဲ့ ရခြင်း ဖြစ်တော့၏။
ကျွန်တော့် ငွေကြေး တစ်ပြားမှ မကုန်ခဲ့ရ။
ပထမဆုံး နိုင်ငံခြား ခရီး မှာ 08-Feb-95 နေ့တွင် ဖြစ်၏။
ကျွန်တော့်ကို ပို့လိုက်သော ဂြိုဟ်ကား ရာဟု မှ ရာဟု ပင် ဖြစ်ပေ၏။ သောကြာ ထူလ၏ အင်္ဂါ အန္တရ ဒဿ အဆုံး- ရာဟု အန္တရ သို့ ၀င်ဝင်ခြင်း- နိုင်ငံ ရပ်ခြားသို့ ငွေကြေး တစ်ပြားမှ မကုန် ရပဲ ရောက်သွား၏။ အတိအကျ ဆိုရသော်- သောကြာ-ရာဟု-ရာဟု ကာလ ပင်ဖြစ်တော့၏။
ရာဟု သည်ကား- နိုင်ငံခြားတော့ ပို့ပေးပါ၏။ သို့သော် ထိုကာလ အတွင်း ကျွန်တော့် အနေဖြင့်- စိတ်ချမ်းသာ ရခြင်းများ မရှိသော ကာလပင် ဖြစ်ခဲ့၏။


ရာဟု ဒဿာ၏ မွှေနှောက်ခံရ ခြင်း နှင့် မိမိ၏ စရိုက် နှင့် မိမိ၏ ရည်ရွယ်ချက် နှင့် မကိုက်ညီသော ထို ကုမ္ပဏီ အလုပ် မှ တစ်နှစ် ခွဲခန့် အကြာတွင် နှုတ်ထွက် လိုက်ပြီး နောက်- 
AutoCAD သင်တန်း ဆရာ လုပ်ယင်း- မိတ်ဆွေ သင်တန်းသား များ၏ ကောင်းမှု ကြောင့်- ထိုင်းနိုင်ငံ လုပ်ငန်းရှင် တစ်ဦး နှင့် အဆက်အသွယ် ရပြီး- မိမိစားရိတ် လုံးဝ မကုန်ပြန်ပါပဲ လျှက်- ၁၉၉၆ ခုနှစ် ဇွန်လ တွင် နောက်တစ်ကြိမ် နိုင်ငံခြား သို့ ရောက်ခဲ့ ရပြန်တော့၏။ ဤတစ်ခေါက် တွင်တော့- ရာဟု က ကြာကြာ နေခွင့် ရအောင် ပို့ပေးခဲ့၏။

သို့သော်- ကာလကြာရှည်စွာ ဖြင့် တည်ညိမ်စွာ နေထိုင်ခဲ့ ရသည့် နိုင်ငံခြား ခရီးကို ထွက်ခဲ့ ရသည့် နေ့မှာ မူ ၂၆-ဒီဇင်ဘာလ - ၂၀၀၀ နေ့ရက်တွင် ပင် ဖြစ်၏။
ထိုရက်သည်လည်း- ကျွန်တော့် ဇာတာ၏ ၉-တန့်တွင် တည်နေသော ခရီးဂြိုဟ် သောကြာ ၏ ထူလ ဒဿာ- ကျွန်တော့် ဇာတာ၏ ၂-တန့်၊ ၅-တန့်၊ ၇-တန့်၊ နှင့် ၁၁-တန့် ဘာဝများ၏ အလယ်မှတ် တို့ကို အတိအကျ နီးပါး လွှမ်းမိုး ထားသည့် စနေ- (တစ်နည်း အားဖြင့် လည်း - ၁၂- တန့် အိမ်ရှင် အင်္ဂါ၏ မူလ တြိဂေါဏ အိမ်တွင် တည်နေသော စနေ) နိစ္စ ဘင်္ဂ ဖြစ်နေသော စနေ ၏ အန္တရ ဒဿာ တွင်ပင် ဖြစ်တော့၏။ 

နောက်ပိုင်း- ဥရောပ နိုင်ငံများစွာ သို့ သွားရခြင်း သည်ကား- ဘ၀ အပြောင်းအလဲ နှင့် သိပ်မဆိုင်တော့ သဖြင့်- အထူးပြောစရာ မလိုတော့ပါပြီ။


လက်တွေ့ ဇာတာ (၂)

ဤဇာတာသည် ကား- နိုင်ငံခြားရေး ၀န်ကြီး ဌာန တွင် သံအမတ်ကြီး မှ လွဲလျှင် ဒုတိယ အကြီးဆုံး ရာထူး ဖြင့် တာဝန် ထမ်းဆောင် ခဲ့ပြီး- တနည်း အားဖြင့် သံတမာန် ၀န်ထမ်း စစ်စစ် Career Diplomat အဖြစ် တာဝန် ထမ်းခဲ့သော Minister Counsellor and Deputy Chief of Mission ခေါ် သံရုံး ဒုတိယ အကြီးအကဲ ဖြစ်သူ- သံမှူးကြီး ဟောင်း ဦးရဲမြင့် ၏ ဇာတာ ဖြစ်၏။ အများ အကျိုး အတွက် ရေးသားပေးရန် ဇာတာရှင် ကိုယ်တိုင်မှ လိုလားစွာ ခွင့်ပြုခဲ့ သဖြင့်- ဤဇာတာ ဆန်းစစ် ချက်ကို ရေးရခြင်း ဖြစ်သည်။
ဤသို့ ရေးခွင့် ရခြင်း အတွက် ဦးရဲမြင့်အား အထူး ကျေးဇူးတင် ရှိကြောင်း ကိုလည်း ဤနေရာမှ တစ်ဆက်တည်း ပြောလိုက် ရပါသည်။


 

အထက်တွင် တင်ပြခဲ့သော ဥပဒေသများ ထဲမှ- နိုင်ငံ တာဝန်ထမ်း တစ်ဦး အနေဖြင့် ရပ်ဝေး မြေခြားတွင် တာဝန် ထမ်းဆောင်ရသော အနေအထားကို ပြဆိုနေသည်က- ၆-တန့်ဘာဝ၏ အိမ်ရှင် (သခင် မဟုတ်ပါ) သောကြာ သည် ၁၂-တန့် ဘာဝတွင် တည်နေ၏။

ဤနေရာတွင် ထပ်မံ ရှင်းပြရပါဦးမည်။ နက္ခတ် ပညာ ကို စတင် လေ့လာ ကြ၍ ရာသီစက် အမည်များ အလွတ်ရပြီး- လဂ် ရှိရာ ရာသီစက် မှ- ၁-တန့်၊ ၂- တန့် စသည်ဖြင့် လက်ထောက် တတ်သော အခါ အချို့သော သူတို့သည် မိမိကိုယ် မိမိ နက္ခတ် တတ်သည် ဟု ကြေညာကြ၏။ လဂ် အံသာ ကို ကြည့်ရမှန်း- ၄င်းကို မူတည်၍ ဘာဝ ခွဲရမှန်း မသိပါပဲ လျှက်- ဘယ်ဂြိုဟ် ဘယ်အတန့် စသည် ဖြင့် လွှတ်ပြောတော့၏။

ရှေးပညာ ရှင်များက ထိုအကြောင်းကို သိသောကြောင့် တြိစက္ကဇာတာ ဖြင့်- အထူးသဖြင့် ဘာဝ စက်ကို သီးသန့် ချပြီး သုံးသပ်ရန် အတိအကျ ဆိုထား ခဲ့သော်လည်း- ဂရုမမူ ကြသူက များလှ၏။ 

ကျွမ်းကျင်သော နက္ခတ် ပညာရှင် တစ်ယောက် အနေနှင့်မူ မည်သည့် အခါမျှ ဂြိုဟ်တို့၏ အံသာကို မကြည့်ပဲ နှင့် ဟောပြောချင်း မရှိ။ ကျွမ်းကျင်သူ သည် အံသာတို့ကို ကြည့်ပြီးသည် နှင့် စိတ်မှန်း နှင့်ပင် ဘာဝ များကို မြင်လိုက်ပြီး ဖြစ်သောကြောင့်- ဘာဝ စက်ကို သီးသန့် မခွဲတော့ပဲ- မည်သည့် ဂြိုဟ် မည်သည့် ဘာဝ ဆိုသည်ကို မှန်ကန် စွာပြောနိုင်သည်။

အထက်တွင် ပြဆိုခဲ့သော ဇာတာများတွင် လဂ်များ သည် ရာသီ၏ အစပိုင်း နေရာတွင် တည်နေသော ကြောင့်- ဘာဝ စက်ကိုလည်း မသုံး- ကျွမ်းကျင်မှု မရှိပဲလျှက် ရာသီ စက်တစ်ခု ကိုပင် ကြည့်၍ ဘယ်ဂြိုဟ် ဘယ်ဘာဝ ဟု ပြောလျှင် မှားရန် အလွန် အခွင့်အလမ်း များလှ၏။

ယခု ဇာတာတွင်- လဂ်သည် ဓနုရာသီ ၀၃း၁၃ တွင် တည်လေရာ- သက်ဆိုင်ရာ ဘာဝ အားလုံး၏ အလယ်မှတ် များသည် ၀၃း၁၃ ဖြစ်၏။ ထို့ကြောင့် ဤဇာတာရှင်၏ ၁၂-တန့် အလယ်မှတ် သည် ဗြိစ္ဆာရာသီ ၀၃း၁၃ ဖြစ်၏။ ယင်းမှ နေ၍ ဘယ်ညာ တစ်ဘက် တစ်ချက် သို့ ၁၅ ဒီဂရီ ခြားနား လိုက်ပါမူ- ၁၂-တန့် ဘာဝ၏ အစနှင့် အဆုံးကို ရ၏။ ထို့ကြောင့် ၁၂-တန့် ဘာဝ၏ အဆုံး သည် ဗြိစ္ဆာရာသီ ၁၈း၁၃ ဖြစ်၍- ၁၂-တန့် ဘာဝ၏ အစသည် တူရာသီ ၁၈း၁၃ ဖြစ်သည်။ ထို့ကြောင့် ထိုအတွင်းတွင် ရှိသော ဂြိုဟ်တို့သည် ၁၂-တန့်တွင် ရှိခြင်း ဖြစ်သည်။ ဤသည်ကို ဘာဝ စက်ချ တတ်သူများ အနေဖြင့်မူ အလွယ်ပင် မြင်၏။ 

ရာသီစက်တွင် သောကြာသည် တူရာသီ ၂၇း၃၄ တွင် တည်၏။ ဘာဝ စက်ကို မကြည့်ပဲ- ဘာဝ သဘောကို နားမလည်ပဲ- ရာသီ စက်ကိုသာ ကြည့်သော်- သောကြာသည် ၁၁-တန့်တွင် တည်နေ သယောင် ဖြစ်သော်လည်း- အမှန် အားဖြင့် တူရာသီ ၁၈း၁၃ မှ ဗြိစ္ဆာရာသီ ၁၈း၁၃ အတွင်းတွင်- တူရာသီ ၂၇း၃၄ သည် ကျရောက် သောကြောင့်- သောကြာဂြိုဟ် သည် ၁၂-တန့်ဘာဝ တွင် တည်ခြင်း ဖြစ်၏။

အထက်ပါ အချက်ကို နားလည် ပါက ၆-တန့်ဘာဝ၏ အိမ်ရှင် (သခင် မဟုတ်ပါ) သောကြာ သည် ၁၂-တန့် ဘာဝတွင် တည်နေသည် ကို မြင်ရပြီ ဖြစ်သဖြင့်- အလုပ်တာဝန် နှင့် ဆိုင်သော ၆-တန့် ဘာဝ၏ အိမ်ရှင် သောကြာ အနေဖြင့်- နိုင်ငံ ရပ်ခြား နှင့် ဆိုင်သော ၁၂-တန့်တွင် တည်ခြင်း ဖြင့် ဇာတာ ရှင် သည် မိမိ၏ အလုပ်တာဝန် ကို နိုင်ငံ ရပ်ခြားတွင် ထမ်းဆောင်ရမည် ဆိုသည် ကို လည်းကောင်း- ထိုသောကြာ ကိုယ်တိုင်သည် ပင်လျှင် ခရီး သွားဂြိုဟ် ဖြစ်နေသည် ကို လည်းကောင်း- သို့သော်လည်း- စရ-ရာသီတွင် တည်နေခြင်း- ကြောင့် တစ်ဒေသ မှ တစ်ဒေသ ပြောင်းရွှေ့ နေရမည် ကို လည်းကောင်း- တွေ့မြင် ရပြီ ဖြစ်၏။ 

သို့သော်- ဤမျှသော တွေ့ရှိမှု မျှ ဖြင့် အပိုင် ဟောချ လိုက်ရန်မှာ မူ စောသေး လွန်းလှသည်။ အခြားသော အနေအထား များကိုပါ ဆက်လက် လေ့လာ ရဦးမည် ဖြစ်၏။

နောက်ဆက်လက် တွေ့ရသည် ကတော့- တနင်္လာဂြိုဟ် ဖြစ်၏။ ၄င်းသည် ၈-တန့် သခင် အဖြစ် ၁၂-တန့်တွင် တည်၏။ တနင်္လာသည် ခရီးသွား ဂြိုဟ် ဖြစ်ကြောင်း နှင့် “၈-တန့် သည် နိုင်ငံခြား ကိစ္စ နှင့် ပတ်သက်သော် နိုင်ငံ ရပ်ခြားတွင် နေထိုင် ရခြင်း ကို ရည်ညွှန်း၏။” ဆိုသော အထက်တွင် တင်ပြခဲ့ခြင်း ကို ပြန်ကြည့်ပါလေ။ ၈-တန့် နှင့် ၁၂- တန့် တို့ ဆက်စပ်ခြင်း- သည် နိုင်ငံခြားတွင် ကြာရှည်စွာ နေခဲ့ ရခြင်းကို ဖေါ်ပြတော့၏။ 

ဒါတင်ပဲ ဆိုတော့ - မဟုတ်သေး။ ခရီးဂြိုဟ် သောကြာသည် - အထက်တွင် ဆိုခဲ့သော တနင်္လာ နှင့် ၁၂-တန့်တွင် အတူတကွ တည်နေကြပြန် သဖြင့်- နိုင်ငံခြားမှ နိုင်ငံခြား သို့- တစ်နိုင်ငံမှ တစ်နိုင်ငံ သို့ ရွှေ့ပြောင်း တာဝန် ထမ်းဆောင် ခဲ့ရခြင်း တို့ကို ထင်ရှား စေတော့၏။

များစွာသော နမူနာ ဇာတာများ ရှိသေးသော်လည်း- အားလုံးကို ရေးပြပေးရန် ကျွန်တော် မတတ်နိုင်တော့ သဖြင့်- ဤမျှ နှင့် ကျေနပ် ကြပါရန် တောင်းပန်ယင်း- ဤဆောင်းပါး ကို နိဂုံး ချုပ်အပ် ပါသည်။

အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

Tuesday, February 3, 2015

နိုင်ငံ ရပ်ခြား ခရီးသွားခြင်း နှင့် နိုင်ငံခြားတွင် အခြေချ နေထိုင်ခြင်း ဆိုင်ရာ နက္ခတ္တ ပညာ။

ယနေ့ ခေတ်သည်ကား- ကမ္ဘာကြီးသည် ရွာကြီး အဖြစ်သို့ ရောက်သွားသည့် ခေတ် ဖြစ်တော့၏။

မြန်မာ လူငယ် လူရွယ် များစွာတို့သည်- နိုင်ငံခြားတွင် ပညာသင် လိုခြင်း- နိုင်ငံခြားတွင် သက်မွေး အလုပ် အကိုင် လုပ်လိုခြင်း- ဖြစ်နိုင်လျှင် ရေရှည် နေထိုင် လိုခြင်း တို့ ဆန္ဒတို့ ဖြင့် ကြံစည် ကြိုးစား တတ်ကြသော အနေအထား လည်း ဖြစ်၏။

ယခု တင်ပြရေးသားမည့် အကြောင်း အရာ တို့သည် - ကျမ်း စာအုပ်တို့၏ သီအိုရီ သဘော တို့သာ မက- လက်တွေ့ ဇာတာ များနှင့် ပါ ဆက်စပ် သုံးသပ် ရေးသားခြင်း ဖြစ်သဖြင့်- လေ့လာသူများ အတွက် လုံးဝ သေချာ အကျိုးရှိမည် ဟု အလေးထား ပြောလိုပါသည်။

နိုင်ငံခြားသို့ ပို့ဆောင်ပေးတတ်သည့် ဂြိုဟ်ဇတ်ဆောင်များ။
ပါပဂြိုဟ် တစ်လုံးဟု ပညာရှင် များ တစ်ညီ တစ်ညွတ်တည်း လက်ခံထားရသည့် ရာဟု ဂြိုဟ်သည် နိုင်ငံခြား ပို့ပေးသည့် ဂြိုဟ်တစ်လုံး တည်းတွင် အတိအကျ ပါဝင်၏။

ရပ်ဝေး ခရီးကို ကိုယ်စားပြုသည့်- ၉-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင် သည် လည်းကောင်း။
တစ်စိမ်း တစ်ဒေသ ကို ကိုယ်စားပြုသည်- ၁၂-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင် သည်လည်းကောင်း။

ဤနေရာတွင်- မိုးတား နက္ခတ် ပညာနှင့် ရင်းနှီးသူ တို့ အနေဖြင့်- မိုးတား နက္ခတ် စနစ်တွင်- သခင် နှင့် အိမ်ရှင် ကို ခွဲခြား အသုံးပြုသည် ကို သိကြပါလိမ့်မည်။ ဤသည်မှာ- သမားရိုးကျ နက္ခတ် ပညာ နှင့် မိုးတား စနစ်၏ ကွဲပြားသော အချက် တစ်ခု ဖြစ်၏။

မိုးတား သင်တန်း မူတို့တွင် မိုးတားသည် ဘာဝ တို့၏ သခင် ခေါ် မူလတြိဂေါဏ အိမ်ရှင် ကိုသာ အသုံးပြုတတ် သဖြင့်- ပုံမှန် နက္ခတ် ပညာတွင် အသုံးပြုကြ သော တနင်္ဂနွေ နှင့် တနင်္လာမှ လွဲ၍- အခြားသော ဂြိုဟ် တို့သည် ရာသီ ၂-ခု ကို ပိုင်ခြင်းဖြင့်- သခင် မဟုတ်သော အိမ်ရှင် ကို လျစ်လျူ ရှု သည် ဟု ထင်မြင် ကြကောင်း ထင်မြင်ကြပါလိမ့်မည်။

အကယ်စင်စစ် အားဖြင့်- ဘာဝ တို့၏ သခင် ခေါ် မူလတြိဂေါဏ အိမ်ရှင် ကို- အဓိက အသုံးပြုခြင်းမှာ- ဂြိုဟ်တို့၏ ကာရက သောမ- ကာရက ပါပ သဘောကို ခွဲခြား ဆုံးဖြတ်ရန် ဖြစ်၍- သခင် မဟုတ်သော အိမ်ရှင် ကို သက်ဆိုင်ရာ ဆန်းစစ် ခြင်းများတွင် လျစ်လျူ ရှု ပစ်ပယ် ခြင်း မရှိပါ။ 
ဤ အကြောင်းကို လက်တွေ့ ဇာတာများ နှင့် ယှဉ်တွဲ ဆုံးဖြတ်သော အခန်းတွင် ရှင်းပြပေးမည် ဖြစ်ပါသည်။

ဆက်လက်၍-
ရာဟု၊ ၉-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင်၊ ၁၂-တန့် ဘာဝ သခင် (သို့မဟုတ်) အိမ်ရှင် တို့သည်-

  • ဇာတာရှင်၏ လဂ် နှင့် ဖြစ်စေ-
  • ဇာတာရှင်၏ ၁၀-တန့် ဘာဝ နှင့် ဖြစ်စေ -
  • ဇာတာရှင် ၏ ၇-တန့် ဘာဝ နှင့် ဖြစ်စေ -

ထင်ထင်ရှားရှား ဆက်စပ် နေလျှင် ဇာတာရှင် သည် နိုင်ငံ ရပ်ခြားသို့ ခရီး သွားရမည် ဖြစ်၏။

သို့သော်-ထပ်မံ၍ သုံးသပ် ရမည်က- 

  • အကျိုး အမြတ် ဖြစ်ထွန်းသော နိုင်ငံခြား ခရီး ဖြစ်မည်လား- 
  • အရင်းပါ ရှုံးမည့် နိုင်ငံခြား ခရီး ဖြစ်မည် လား- 
  • နိုင်ငံခြားတွင် ယာယီ သာ နေထိုင် ရမည်လား- ရေရှည် နေထိုင် ရမည် လား-

ဆိုသည် ပင် ဖြစ်၏။

တစ်ဖန်- နိုင်ငံ ရပ်ခြားသို့ သွားကြရ ရာတွင်လည်း- သွားရပုံ သွားရနည်း တစ်ဦး နှင့် တစ်ဦး မတူညီကြ-

  • တစ်ချို့က ပညာသင် ခွင့် ရယုံ အတွက် မျှသာ သွားကြရ၏။ ပညာတော်သင် သွားပြီး- အချိန်တန် အိမ်ပြန် ရသော သူမျိုး ရှိကြသလို- နိုင်ငံခြားတွင် အလုပ်လုပ် ခွင့် ရရန် ပညာရေး အကြောင်းပြု ပညာသင် ခွင့် သွားကြရ သော်လည်း- ပညာသင် ပြီးသော အခါ- အလုပ်လုပ် ရန် အခွင့် အရေး မသာ သော ကြောင့် ပညာသင် ခဲ့ ရရုံ မျှဖြင့် နိုင်ငံခြား သွားခဲ့ကြရသော အနေအထားများ။
  • အချို့က- ပွဲစား အားကိုး ဖြင့် နိုင်ငံခြားသို့- မလွယ်ပေါက်မှ ကြိုးစား ၀င်ကြရ၏။ အချို့ အဆင်ပြေ၏။ အချို့ ဒုက္ခကြီးစွာ ရောက်၏။
  • အချို့မှာ- မိမိစားရိတ်ဖြင့် မိမိသွားရောက် ကြိုးစားကြ၏။ အဆင်ပြေသူ ရှိ၏။ တပ်ခေါက် ပြန်ခဲ့ရသူများ ရှိ၏။
  • အချို့မှာ- မိမိ၏ အရည်အချင်း- အဆက်အသွယ် မိတ်ဆွေ တို့ကြောင့် စားရိတ် တစ်ပြားမှ မကုန်ကျရပဲ- နိုင်ငံခြားသို့ ရောက်ရှိ ကြရ၏။
  • အချို့မှာ- မိမိ၏ အလုပ် အကိုင်ကြောင့် မဟုတ်ပဲ- အသက်ကြီးချိန်တွင် သားသမီး များကြောင့် နိုင်ငံခြားသို့ ရောက်ခွင့် ရကြရ၏။
  • အချို့မှာ- ကျန်းမာရေး ကုသရန် နိုင်ငံခြားသို့ ရောက်ကြရ၏။ 

ပညာရေး အကြောင်းပြု၍ နိုင်ငံခြား သွားရခြင်း။

ဇာတာရှင်၏ မူလ ဇာတာတွင် ၄-တန့်၊ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များသည် ဆက်စပ် ပတ်သက် နေပါက- ဇာတာရှင်သည် ပညာ ရေးကို အကြောင်းပြု၍ နိုင်ငံခြားကို သွားရမည်။ မိုးတား သင်ခန်းစာများ တွင် ဖေါ်ပြခဲ့သည့် အတိုင်း- ၄-တန့် ဘာဝ သည် ဇာတာရှင်၏ အခြေခံ ပညာကို ဖေါ်ပြ၏။ ၉-တန့် ဘာဝသည် အဆင့်မြင့် ပညာကို ဖေါ်ပြ၏။ ၁၂-တန့် သည် ရပ်ဝေး မြေခြား တစ်စိမ်း ဒေသ ကို ရည်ညွှန်း၏။

ဘ၀တိုးတက်ရေး အလုပ် အကိုင် ကို အကြောင်းပြု၍ နိုင်ငံခြား သွားရခြင်း။

ဇာတာရှင်၏ မူလ ဇာတာတွင် ၅-တန့်၊ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များသည် ဆက်စပ် ပတ်သက် နေပါက- ဇာတာရှင်သည် အလုပ် အကိုင်ကို အကြောင်းပြု၍ နိုင်ငံခြားကို သွားရမည်။ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် တို့သည် ၁၀-တန့် သခင် (သို့မဟုတ်) အိမ်ရှင် နှင့် ဆက်သွယ် နေပါက- နိုင်ငံခြား သွားရခြင်းသည် ဇာတာရှင်၏ အလုပ်အကိုင် နှင့် ပတ်သက် ခြင်း ကို ဖေါ်ပြ၏။ ၄င်းကို ၀ဂ္ဂစက် တစ်ခု ဖြစ်သော D-10 နှင့် လည်း- တွဲဘက် ဆန်းစစ် ၍ အတည်ပြု နိုင်ပါသည်။

အစိုးရ ၀န်ထမ်း အဖြစ်ဖြင့်- နိုင်ငံခြားတွင် တာဝန် ထမ်းဆောင်ရခြင်း။

မိုးတား သင်ခန်းစာ များတွင် ဖေါ်ပြခဲ့သည့် အတိုင်း- ၆-တန့် ဘာဝ သည် တာဝန် ထမ်းဆောင် ရခြင်း ကို ဖေါ်ပြ၏။ အကယ်၍ ဇာတာရှင်၏ မူလ ဇာတာတွင် ၆-တန့်၊ ၉-တန့် နှင့် ၁၂-တန့် တို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များသည် ဆက်စပ် နေသော် မိမိတိုင်းပြည် မှ ခန့်အပ်သော တာဝန် ဖြင့် နိုင်ငံခြားတွင် တာဝန် ထမ်းဆောင်ရခြင်း မျိုး ဖြစ်လိမ့်မည်။

အိမ်ထောင်ရေး ကို အကြောင်းပြု၍ နိုင်ငံခြား သွားရခြင်း။
အချို့သည် အိမ်ထောင်ဘက် ကြောင့် နိုင်ငံခြား သွားဖြစ် သကဲ့သို့- အချို့သည် အိမ်ထောင်ကျပြီး သည်နှင့် ပျားရည်ဆမ်း ခရီး အဖြစ် နိုင်ငံခြား သွားခြင်း မျိုး ဖြစ်၏။ ထိုသို့သော အနေအထားသည် ၇-တန့် သခင်- အိမ်ရှင် အနေဖြင့်- ၈-တန့်၊ ၉-တန့် ဘာဝများ ၄င်းတို့၏ သခင် (သို့မဟုတ်) အိမ်ရှင် များ နှင့် ဆက်သွယ် နေခြင်းက အကြောင်းပြု၏။

နိုင်ငံခြား တွင် ကြာမြင့်စွာ နေထိုင်ရခြင်း။
အင်အားကောင်းသော ၉-တန့်၊ သို့မဟုတ် ၉-တန့် သခင် (သို့မဟုတ်) အိမ်ရှင် သည် ၁၂-တန့် ဘာဝ နှင့် ဆက်စပ် နေရပြီး- ၄-တန့် နှင့် အဆက် အစပ် မရှိလျှင်- နိုင်ငံခြားတွင် ရေရှည် နေဖြစ်မည် ဖြစ်၏။ သို့မဟုတ်ပါမူ- အကြောင်း တစ်မျိုးမျိုး ကြောင့် ပြန်လာဖြစ်မည် ဖြစ်၏။

လဂ်သခင် သည် ၉-တန့် (သို့မဟုတ်) ၁၂-တန့်တွင် ထိရ ရာသီ တည်နေပါမူ- နိုင်ငံခြားတွင် Permanent Resident ခေါ် ရေရှည် နေထိုင် ဖြစ်မည် ဖြစ်၏။

အကယ်၍- ၄င်းအား စရ-ရာသီရှိ ဂြိုဟ်တစ်လုံး မှ ထင်ရှားစွာ အမြင်ပြုထားသော်- ပြန်လာ ဖြစ်မည် ဖြစ်၏။
စရ- ရာသီ ထိရ ရာသီ တို့ကို ပုံမှန် ဥပဒေများ အတိုင်း စစ်ဆေး ယုံမျှ မက- ထပ်ဆင့် နည်းဖြင့်- စစ်ဆေးလိုပါက- ရာသီတိုင်း၏ ပထမ ၁၅-ဒီဂရီ သည် ထိရ သဘောဆောင်၍- နောက်ပိုင်း ၁၅ ဒီဂရီ သည် စရ သဘော ဆောင်သည်ကိုပါ တွဲဘက် အသုံးပြုပါလေ။

တစ်နည်းအားဖြင့် ဆိုရသော်-
၉-တန့်၊ ၁၂-တန့် သခင် (သို့မဟုတ် ဘာဝ) တို့ နှင့် ကြာသပတေး၊ တနင်္လာ၊ ရာဟု တို့သည် ပူးနေခြင်း၊ အပြန်အလှန် အမြင် ပြုနေကြခြင်း များ ရှိပါက- ဇာတာရှင်သည် နိုင်ငံခြားသို့ မလွဲမသွေ သေချာပေါက် သွားရမည် သာ ဖြစ်၏။

နိုင်ငံခြား ဘယ်အချိန် သွားရမည်လဲ။

  • ၉-တန့်၊ ၁၂-တန့် သခင် (သို့မဟုတ်) အိမ်ရှင် တို့၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • ၉-တန့်၊ ၁၂-တန့် တွင် တည်သော ဂြိုဟ် တို့၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • စန်း ခေါ် တနင်္လာမှ ၉-ခု မြောက် ရာသီ၏ သခင် (သို့မဟုတ်) အိမ်ရှင် ၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • ၉-တန့် သခင် (သို့မဟုတ်) အိမ်ရှင် တည်ရာ ရာသီ သခင် (သို့မဟုတ်) အိမ်ရှင် ၏ ထူလ ဒဿာ၊ သို့မဟုတ် အန္တရ ဒဿာ ကာလ။
  • ကောဇာ အားဖြင့် ကြည့်ပါက- ကောဇာ ၉-တန့် သခင် (သို့မဟုတ်) အိမ်ရှင် အနေဖြင့် မူလ ၉-တန့်ကို မြင်သော ကာလ - ၉-တန့်တွင် တည်သော ဂြိုဟ်တစ်ခုကို မြင်သော ကာလ- သည် လည်းကောင်း။
  • ကောဇာ အားဖြင့် ကြည့်ပါက စန်းမှ ၉-တန့် ရာသီ၏ သခင် (သို့မဟုတ်) အိမ်ရှင် သည်- ၄င်းဂြိုဟ် တည်ရာ ရာသီ၏ သခင် ကို အမြင်ပြု သော ကာလ သည် လည်းကောင်း၊ ၁၂-တန့် သခင် (သို့မဟုတ်) အိမ်ရှင် ၏ တည်ရာ ရာသီ သခင် ကို အမြင်ပြု သော ကာလ သည် လည်းကောင်း နိုင်ငံခြား သွားရခြင်း ကို ဖြစ်စေ၏။


နိုင်ငံခြား သွားခြင်း နှင့် ပတ်သက်၍ သုံးသပ် ရာတွင်-

  • လဂ်သခင် နှင့် ၄-တန့် သခင် တို့သည် ၁၂-တန့်တွင် တည်နေလျှင် ဇာတာရှင် သည် ရပ်ဝေး မြေခြား တွင် နေထိုင် ရလိမ့်မည်။
  • အကယ်၍ ၁၂-တန့် သခင် (သို့မဟုတ်) အိမ်ရှင် သည် ၄-တန့်တွင် တည်ပါက- ဇာတာရှင် သည် မိမိ တိုင်းပြည်တွင် သာ နေထိုင် ဖြစ်မည်။
  • အကယ်၍ ၄-တန့် သခင် သည် ၁၂-တန့်တွင် တည်လျှင် ဖြစ်စေ- ၄တန့် ဘာဝ အား ၁၂- တန့် အိမ်ရှင်၊ သခင် မှ လွှမ်းမိုး ထားလျှင် ဖြစ်စေ ဇာတာရှင် သည် ရပ်ဝေး မြေခြား တွင် ကြာမြင့် စွာ နေထိုင် ဖြစ်မည်။
  • အကယ်၍ လဂ်သခင် နှင့် ၂-တန့် သခင် တို့ အိမ်ချင်း ဖလှယ် နေလျှင် ဇာတာရှင် သည် နိုင်ငံခြားသား အဖြစ် ခံယူလိမ့်မည်။
  • အကယ်၍ ၁၂-တန့် အိမ်ရှင်၊ သခင် သည် တြိကောဏ အိမ်တို့တွင် တည်နေလျှင်- ဇာတာရှင် သည် ရပ်ဝေး မြေခြား နိုင်ငံခြားတွင် အောင်မြင် လိမ့်မည်။
  • အကယ်၍ လဂ်သခင် မှ- အင်အား နည်းသော ၁၂-တန့် အိမ်ရှင်၊ သခင် အား အမြင် ပြုထားပါက- ဇာတာရှင်သည် ရပ်ဝေး မြေခြား နိုင်ငံခြား၏ ခေါင်ဖျား သော တောရွာ ဒေသ တို့တွင် နေရမည် ဖြစ်ပြီး- ၁၂-တန့် အိမ်ရှင်၊ သခင် သည် အင်အား ကောင်းပါ- မြို့ကြီး ပြကြီး ဒေသ တွင် နေရမည် ဖြစ်သည်။
  • အထက်ပါ အချက်တို့တွင် စန်း ခေါ် တနင်္လာ အင်အား ချိနဲ့ပါက- နိုင်ငံ ခြား ခရီး အထမြောက်မည် မဟုတ်ပေ။
  • ဇာတာရှင် ခရီးသွားသော အချိန်တွင် တနင်္လာ သို့မဟုတ် သောကြာ ဖြစ်ပါက အပျော် ခရီး အပန်းဖြေ ခရီး ဖြစ်တတ်၏။
  • ၈-တန့် သည် နိုင်ငံခြား ကိစ္စ နှင့် ပတ်သက်သော် နိုင်ငံ ရပ်ခြားတွင် နေထိုင် ရခြင်း ကို ရည်ညွှန်း၏။
  • ရာဟု အနေဖြင့် ၈-တန့် တွင် တည်ခြင်း နှင့် ၈-တန့် သခင် ၁၀-တန့်တွင် တည်ခြင်း တို့သည် လည်း နိုင်ငံခြား ခရီး အတွက် အခွင့်အလမ်း ရှိခြင်း ကို ဖေါ်ပြ၏။


မွေးချိန် မသိသော ဇာတာ များ အတွက်- ဟူးရား စနစ်ဖြင့် ဟောပြောခြင်း။
မွေးချိန် မသိသော ဇာတာရှင် များ အတွက်- မိုးတား နက္ခတ် ပညာရှင် အနေဖြင့်- ဟူးရား ဇာတာ ကို တွက်၍ အောက်ပါ အတိုင်း ဆန်းစစ် ဟောပြော နိုင်ပါသည်။

  • ဟူးရား ဇာတာ၏ န၀င်း လဂ် သို့မဟုတ် D3- လဂ် သည် စရ- ရာသီတွင် တည်နေပါက- ဇာတာရှင် သည် ခရီးသွားခြင်း နှင့် သက်ဆိုင်သော မေးခွန်းကို မေးလိမ့်မည် ဖြစ်သည်။ အကယ်၍ မေးလာခဲ့လျှင်- ခရီးသွားဖြစ်ရန် အနေအထား ကောင်း၏။ 
  • အကယ်၍- ဟူးရား လဂ်သည် ၈-တန့် သို့မဟုတ် ၉-တန့် နှင့် ဆက်စပ် နေပါက- နိုင်ငံခြား နှင့် ပတ်သက်သော မေးခွန်းကို မေးလိမ့်မည်။
  • ဟူးရား ဇာတာ၏ လဂ်-၇-တန့် နှင့် ၉-တန့် တို့တွင် သောမဂြိုဟ်များ တည်နေပါက- ဇာတာရှင်၏ ဆန္ဒ ပြည့်ဝမည်။
  • ဟူးရား ဇာတာ၏ လဂ်-၇-တန့် နှင့် ၉-တန့် တို့တွင် ပါပ ဂြိုဟ်များ တည်နေပါက- ဇာတာရှင်၏ အစီအစဉ် တွင် အခက်အခဲ များ ကြုံတွေ့ ရမည်။
  • ဟူးရား ဇာတာ၏ ၈-တန့် တွင် သောမဂြိုဟ်များ တည်နေပါက- ဇာတာရှင်၏ သည် နိုင်ငံခြားတွင် အောင်မြင်မှု ရမည်။
  • ဟူးရား ဇာတာတွင်- တနင်္ဂနွေသည် ၇-တန့် တွင် တည်နေပါက- ဇာတာရှင် သည် နိုင်ငံ ရပ်ခြားမှ စောစီးစွာ ပြန်လာ ရမည်။
  • ဟူးရား ဇာတာတွင်- ဟူးရား အင်္ဂါသည် ၉-တန့်တွင် တည်ပါက- ဇာတာရှင် ၏ ပစ္စည်းများ ပျောက်ဆုံးမည်။ အင်္ဂါသည် ဂ-တန့်တွင် တည်ပါက- ဇာတာရှင် သည် ထိခိုက် ဒဏ်ရာ ရလိမ့်မည်။ အင်္ဂါသည် ၇-တန့် တွင် တည်ပါက- ဇာတာရှင်၏ ကျန်းမာရေး ထိခိုက်မည်။
  • ဟူးရား ဇာတာတွင်- ရာဟု သို့မဟုတ် စနေ သည် ၇-တန့်၊ ၈-တန့်၊ ၉-တန့် တို့တွင် တည်ပါက ဇာတာရှင် သည် မနာမကျန်း ဖြစ်လိမ့်မည်။

လက်တွေ့ ဇာတာ တို့အား အထက်ပါ နည်းစနစ် တို့ဖြင့် သုံးသပ် လေ့လာခြင်းကို နောက်ဆောင်းပါးတွင် ဆက်လက် ဖေါ်ပြပေးပါမည်။

အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post