Thursday, November 13, 2014

ဗြိစ္ဆာ ရာသီရောက် စနေဂြိုဟ် (အပိုင်း-၂)

သိဟ်စန်း၊

နေ့စဉ် နဲ့ အမျှ ဆုံတွေ့ လုပ်ကိုင် နေရသူ များနဲ့ ရန်သဘော ဆောင်တဲ့ အနေအထား မျိုး ကြုံရတတ်ပါတယ်။ ဒီနေရာမှာ- လင်မယားချင်း ရန်ဖြစ် တာ အပါအ၀င် ပါပဲ။

ယခု- စနေဂြိုဟ် ဗြိစ္ဆာ ရာသီ ရောက် ကာလ အတွင်း- ကောဇာ စန်း- လည်း ဗြိစ္ဆာ (သို့မဟုတ်) သိဟ် ရောက်ခိုက် နဲ့ ကြုံတဲ့ ကာလတွေမှာ- တစ်နည်း အားဖြင့်လည်း- တရားရုံး- အမှု အခင်း ကိစ္စ- များ ပေါ်ပေါက် တတ်ပါတယ်။
မိမိ အိမ်ကို သူများ ကို ငှားထားသူများ- အိမ်ငှား ကို အိမ်ပေါ်က ဆင်းခိုင်း လို့ မရတာမျိုး- စပေါ် - စရံ ကိစ္စ ပြဿနာ တတ်တာမျိုး ကြုံရတတ်ပါတယ်။

မိမိရဲ့ လက်အောက်ငယ်သား များ နဲ့ လည်း သဘောထား ကွဲလွဲ ခြင်း- အခက် အခဲ ကြုံရခြင်းများ ဖြစ်နိုင်ပါသေးတယ်။ အထူးသဖြင့်- အိမ်ဖေါ် ရှိသူများ- အခက် ကြုံရတတ် ပါတယ်။ ဒီနေရာမှာ- မိခင် ဖြစ်သူ ဘက်က ဒေါ်ကြီး- ဒေါ်လေး- ဦးကြီး ဦးလေး များ နဲ့ အချေအတင် ငြင်းခုံ ရတာမျိုးလည်း ဖြစ်နိုင် ပါသေးတယ်။

သိဟ်စန်း သများ အနေနဲ့ နောက် တစ်ခု သတိထားရမှာက- ဆီးကျိတ်၊ ဆီးအိမ်- ကျောက်တည် ခြင်း- ဆီးပူလောင်ခြင်း- ကျောက်ကပ် ဝေဒနာ တစ်ခုခု ပေါ်တတ်ခြင်း များလည်းဖြစ်ပါသေးတယ်။
တစ်ခါ တစ်လေ မှာ- ခေါင်းစဉ် တပ်လို့ မရတဲ့- စိုးရိမ် ကြောင့်ကျ မှု- သံသယ ရှိမှု များကြောင့် လည်း ခြောက်ခြား နေတတ်ပါတယ်။
ဒါကြောင့်လည်း- စိတ်တိုလွယ် မိတတ် သလို ဖြစ်လာ တတ်လို့- သတိပြုပါ။

တိရစ္ဆာန် တစ်ကောင်ကောင်- အထူးသဖြင့်- ခွေးကိုက် ခံရတာမျိုး ကြုံရတတ်လို့- ဒါကိုလည်း သတိပြုသင့်ပါတယ်။
မိမိ အိမ်ကို ပြုပြင်ဘို့- ဖြစ်စေ- ဆေးဝါး စားရိတ် ဖြစ်စေ- ပညာရေး ကိစ္စ အတွက် ဖြစ်စေ- ငွေချေး ရတတ်ပါတယ်။

ဒါပေမယ့် သိဟ်စန်း သမား များ အတွက်- ဒီကာလ အတွင်း ကောင်းတာ တစ်ချက်က- ရုတ်တစ်ရက် ရာထူး တက်နိုင်ခြင်း- အလုပ်ရှာယင်လည်း- အိမ်နဲ့ မဝေးတဲ့ အလုပ် ရနိုင်ခြင်း တို့ ဖြစ်ပါတယ်။

ရေကူးတတ်သူပဲ ဖြစ်ဖြစ်- ရေမကူးတတ် သူပဲ ဖြစ်ဖြစ်- ရေနဲ့ ဝေးဝေး နေနိုင်ယင် အကောင်းဆုံးပါပဲ။
အိမ်ထောင်ပြုဘို့ ကြံစည် ထားသူများ အဘို့ ဖူးစာရှင် ဟာ ပညာရေး ၀န်ထမ်း ဖြစ်နေတတ် ပါတယ်။

ဗြိစ္ဆာစန်း
နက္ခတ် သမား အချို့ စိုးရိမ်တဲ့- sadesathi  သတ္တသတ္တိ ကာလ- ရောက်ပါတယ်။ ဒီနေရာမှာ- အလယ်မှာ- ၂-နှစ် ခွဲ- ဘယ်ညာ ရာသီ ၂-ခု စီမှာ ၂-နှစ်ခွဲ ရယ် ဆိုတော့- စုစုပေါင်း- ၇-နှစ် ခွဲ လို့ ဆိုရပါမယ်။

ပညာရှင် အများစု အဆိုအရ- ကောဇာ စနေ - မူလ စန်းကို ဖြတ်ခြင်းဟာ အင်မတန် ဆိုးပါတယ်။ (ဒီနေရာမှာ- မြန်မာနိုင်ငံ အလံတင် အလံချ ဇာတာ ၄း၂၀ အရ- မြန်မာ အနေနဲ့ ဗြိစ္ဆာ လဂ် ဖြစ်ပါတယ်။)

ဒါပေမယ့်- ကောဇာ ကြာသပတေး ဟာ ၂၀၁၅ နှစ်လယ်ပိုင်း မှာ- ကရကဋ် ရာသီ (တစ်နည်း အားဖြင့်- ဗြိစ္ဆာ ရဲ့ ၉-တန့် ဘာဝ) ကို ရောက်လာပြီး- ဥုစ် အနေနဲ့ ဗြိစ္ဆာ ကို ကူညီ ပေးမှာ မှာမို့- သိပ်အဆိုးကြီး မဟုတ်ပါဘူး လို့ ပြောရပါမယ်။

ကောင်းတဲ့ အချက် တွေ အနေနဲ့ ပြောရယင်- အရေးပါသူ တစ်စုံ တစ်ယောက် ရဲ့ ယုံကြည် အားကိုး ခံရပြီး- ဦးဆောင် ရတဲ့ အလုပ် အနေအထား ကို ရတတ်ပါတယ်။

ဗြိစ္ဆာစန်း နိုင်ငံရေး သမား များ- အထူးသဖြင့်- လူထု ထောက်ခံမှု ကြောင့် တိုးတက် လာသူများ ဟာ- ပိုပြီး- ထင်ရှား လာတတ်ပါတယ်။ သို့သော်- လိုချင်တာ ရဘို့တော့- ဒီအနေအထားက- မလွယ်လှပါ။

ဗြိစ္ဆာစန်း  ပိုင်ရှင် များ အနေနဲ့- မြေ-ယာအိုးအိမ် ၀ယ်ယူ ဖြစ်ပြီး- ဆောက်လုပ် ရေး လုပ်ငန်း လုပ်ယင်- အဆင်ပြေပါတယ်။

သို့သော်လည်း- အရှုပ်တော်ပုံထဲ ရောက်မှန်း မသိ ရောက်သွား တတ်ပါသေးတယ်။

အသုဘ ဈာပန ကိစ္စ အချို့မှာ- ၀င်ကူညီ ပေးရတတ်ပါတယ်။ 

ဘာပဲပြောပြော- ဒီကာလ မှာ- အိမ်ထောင်ပြုမယ် ဆိုယင်တော့- နှောင့်နှေး သွားတတ်ပါတယ်။

နဂိုက အ၀လွန်လို့- ၀ိတ်လျှော့ဘိုး ကြိုးစား နေသူများ- ဒီကာလ မှာတော့- ၀ိတ်လျှော့ ပြိုင်ပွဲဝင်ယင်- ဆုတစ်ခု ရမှာ သေချာ သလောက်ပါပဲ။

(ဆက်လက် တင်ပြပေးပါမယ်)
ချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

Sunday, November 9, 2014

ဗြိစ္ဆာ ရာသီရောက် စနေဂြိုဟ် (အပိုင်း-၁)

လွန်ခဲ့တဲ့ အပါတ် နိုဝင်ဘာလ ၂-ရက် ၂၀၁၄ က စတင်ပြီး- မြန်မာ ဗေဒင် ပညာရှင်၊ ၀ါသနာ ရှင်များ- အင်မတန် သတိထား ကြရတဲ့ စနေ ဂြိုဟ် ဟာ ဗြိစ္ဆာ ရာသီ တို့ ၀င်ရောက် ခဲ့ပြီ ဖြစ်ပါတယ်။ စနေဂြိုဟ်ဟာ ဗြိစ္ဆာရာသီ မှာ ၂၀၁၇-ဇန်န၀ါရီ လ ၂၆-ရက် အထိ တည်နေဦးမှာ ဖြစ်တဲ့ အတွက်- အချို့သော လဂ်ပိုင်ရှင် များအတွက် အခက်အခဲ ပြဿနာ များ ဖြစ်နိုင်ကြောင်း အသိပေးယင်း ဤဆောင်းပါး ကို ရေးသားခြင်း ဖြစ်ပါတယ်။ 

နှေးကွေးစွာ သွားလာတတ်တဲ့ စနေဂြိုဟ်ဟာ- ယခု အခါ- ရာသီ စက်ဝိုင်းရဲ့- အဋ္ဌမ မြောက်- ရာသီ ဖြစ်တဲ့ ဗြိစ္ဆာ ရာသီ၊ တစ်နည်း ဟာဖြင့်- ပုန်းလျှိုးခြင်း- အတွင်း ကျိတ်ကြံခြင်း- တို့ကို ကာရက ပြုတဲ့ ရာသီကို ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

တကယ်တမ်းက- စနေဂြိုဟ် အနေနဲ့- ဇာတာရှင်များရဲ့-
- ရှေ့ ပုည ကံ
- ရှေ့ အကုသိုလ်ကံ
များ အလိုက် အကျိုး၊ အဆိုး ပြုမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ- ၃-တန့်-၇-တန့် နဲ့ ၁၀-တန့်ကို မြင်တဲ့ စနေ အတွက်- ၇-တန့် နဲ့ ၁၀-တန့် အမြင်တွေဟာ- ပိုပြီး ပြင်းထန်ပါတယ်။

စနေဂြိုဟ်ဟာ- သဘာဝ အားဖြင့်- စိတ်ပျက် ဆုံးရှုံးခြင်းများ၊ နှောင့်နှေး ကျန့်ကြာခြင်းများ၊ ဒုက္ခ သုက္ခရောက်ခြင်း၊ အတိဒုက္ခ ဆင်းရဲခြင်း- အချုပ် အနှောင် နဲ့ ၀မ်းနည်း ကြေကွဲ ဘွယ် ကိစ္စများကို တာဝန် ယူလေ့ ရှိပါတယ်။

မိုးတား သုတေသန အနေနဲ- Quantitative Research မှာ စိတ်ရောဂါရှင် များစွာ မှာ စနေဂြိုဟ်ရဲ့ ပတ်သက်မှုများ ထင်ရှားစွာ တွေ့မြင်ရပါတယ်။

လောလောဆယ် ကိစ္စ ကို ဆက်ပြောရယင်တော့- ကမ္ဘာ့ နိုင်ငံ အများစု ရဲ့ စီးပွားရေး ပြဿနာများ၊ အကြမ်းဘက်မှုများ၊ လူစုလူဝေး ပြဿနာများ ပေါ်ပေါက် လာနိုင် စရာ ရှိပါတယ်။

မိုးတား နက္ခတ် ပညာ အနေနဲ့- မူလ တြိဂေါဏ သခင် ဟာ- မိမိအတွက် ကာရက ပါပ - သောမ ကို တာဝန်သော ဂြိုဟ်များ ဖြစ်တဲ့ အတွက်- စနေဂြိုဟ်ဟာ- မိမိအတွက်- ကာရက ပါပ ဂြိုဟ် ဖြစ်တဲ့-
- ကန် လဂ် ပိုင်ရှင်များ။
- ကရကဋ် လဂ် ပိုင်ရှင်များ။
- မိန် လဂ် ပိုင်ရှင်များ။


အတွက် ဤကာလ အတွင်း အထူး သတိထားရမယ့် အချိန်အခါ ဖြစ်ပါတယ်။ 
အထူးသဖြင့် ကတော့- အဆိုပါ လဂ်ပိုင်ရှင်များ အနက်- လဂ် အံသာ ၁၀- ပတ်ဝန်းကျင် ရှိသူများ အနေ နဲ့ကတော့- ၂၆-ဇန်န၀ါရီ ၂၀၁၅ ကနေ ၃-မေ-၂၀၁၅ အတွင်း အထူးကို သတိထားကြရပါမယ်။ 

တစ်ခါ- အထက်ပါ လဂ်ပိုင်ရှင် များ အနက်- လဂ် အံသာ ၅- ပတ်ဝန်းကျင် ရှိသူများ အနေ နဲ့ကတော့- ၁၃-ဇွန် ၂၀၁၅ ကနေ ၂၀-စက်တင်ဘာလ-၂၀၁၅ အတွင်း အထူးကို သတိထားကြရပါမယ်။

တစ်ဖန်- ၁- စက်တင်ဘာလ ၂၀၁၅ ကနေ ၁၅-အောက်တိုဘာ-၂၀၁၅ အတွင်း မှာ- ကောဇာ ကိတ် ရဲ့ ၉-တန့် အမြင်ကို စနေဂြိုဟ် အနေနဲ့ ရထားလိုက် ပြန်တဲ့ အတွက်- စနေ နဲ့ ကိတ်တို့ရဲ့- အဆိုးသဘောများ ကို ရနိုင် တဲ့ အတွက် အထူးသဖြင့်- အထက်ပါ လဂ် ပိုင်ရှင် များ အနက်- လဂ် အံသာ ၅-ဒီဂရီ ပတ်ဝန်းကျင် ရှိသူများ အတော်ကြီး သတိထားရမယ့် အချက် ဖြစ်နေပြန်ပါတယ်။

ဒီနေရာ- မြန်မာ နိုင်ငံ အနေနဲ့ သတိပေးလိုတာကတော့-
မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ စာတမ်း ဇာတာ အရ- မြန်မာပြည် အနေနဲ့ ကန်လဂ် ၁၇း၂၃ ဖြစ်ပါတယ်။ (မိုးတား စနစ် အနေနဲ့- အခြား မြန်မာ ပညာရှင် အများစု အသုံးပြုသော အလံတင် အလံချ အချိန် ၄း၂၀ ဇာတာကို အသုံးမပြုပါ။ အသုံးမပြု ရခြင်း ၏ အကြောင်းရင်း ကို- 

၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၁)
၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၂)
၂၀၁၂-နှင့် မြန်မာနိုင်ငံ ဆိုင်ရာ သုတေသန။ အပိုင်း (၃)
ငလျင်ကြီးများ နှင့် မြန်မာ နိုင်ငံ။
မြန်မာ့ ငလျင်ကြီးများ နှင့် မြန်မာ နိုင်ငံ ဇာတာ ၂-စောင်။
မြန်မာနိုင်ငံ ဇာတာ- နှင့် လေပြင်း မုန်တိုင်း တို့၏ ရိုတ်ခတ်မှု သမိုင်း။

စသည်တို့ မှာ ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။ ပညာရှင်များ အနေနဲ့ မိမိ အနေနဲ့ လက်ခံတဲ့ ဇာတာ ကို မိမိသဘော အတိုင်းသာ ရွေးချယ် အသုံးပြု နိုင်ပါတယ်။)

03/12/2015 နေ့ရက်မှ စတင်ပြီး- 14/03/2016 အတွင်း ဟာ မြန်မာ ပြည်အတွက် သတိထားရက် ရမယ့် ကာလ ဖြစ်ပါတယ်။
ဘာဖြစ်လို့ လဲ ဆိုတော့

  • ဒီကာလ အတွင်းမှာ ကောဇာ စနေဂြိုဟ်ရဲ့-အံသာ ဟာ 
  • ၁၃ ဒီဂရီ နဲ့- ၂၂-ဒီဂရီ အတွင်းမှာ ဖြစ်တဲ့ အတွက်- မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ စာတမ်း ဇာတာ ရဲ့ လဂ် အံသာ ကို နှေးကွေးစွာ ဖြတ်ကျော် တာက တစ်ကြောင်း- 
  • မြန်မာ နိုင်ငံ လွတ်လပ်ရေး ဥပဒေ စာတမ်း ဇာတာ အရ ကန်လဂ် ဖြစ်တဲ့ မြန်မာ နိုင်ငံ အတွက်- စနေဂြိုဟ်ဟာ ၆-တန့် သခင် ဖြစ်နေတာက တစ်ကြောင်း-
  • အထက်ပါ မြန်မာ နိုင်ငံ ဇာတာ အနေနဲ့- 03/12/2015 ကနေ- 30/12/2015 အတွင်း- ဗုဒ္ဓဟူး ထူလ၊ တနင်္လာ အန္တရ၊ အင်္ဂါ ပြတန္တရ ဖြစ်ပြီး- နောက်ရက်တွေမှာ- 
  • ဗုဒ္ဓဟူး ထူလ၊ တနင်္လာ အန္တရ၊ ရာဟု ပြတန္တရ ဖြစ်သွားမှာ ဖြစ်တဲ့ အတွက် တစ်ကြောင်း 

တို့ကြောင့်-
မထင်မှတ်တဲ့- အပြောင်းအလဲ- အထိကရုဏ်း- သွေးထွက် သံယို ကိစ္စများ ပေါ်ပေါက် လာနိုင်ခြင်း ဖြစ်ပါတယ်။
မိုးတား အနေနဲ့ နိုင်ငံ ရေး ဗေဒင်မျိုး ဟောပြောမှာ မဟုတ်တဲ့ အတွက် သတိပေးတဲ့ အနေနဲ့- ဒီကိစ္စ ကို ဒီလောက်တင် ရပ်ပါမယ်။

ကောင်းပါပြီ- လူအများစု စိတ်ဝင်စားမယ့် မိမိတို့နဲ့ ဆိုင်တဲ့ ကိစ္စကိုပဲ ပြောရမယ် ဆိုယင်-  

ဇနမ စန်း ခေါ်တဲ့ မူလ ဇာတာ က စန်းအားဖြင့်- 

ပြိဿစန်း၊ သိဟ်စန်း၊ ဗြိစ္ဆာ စန်း၊ ကုမ်စန်း နဲ့ မိဿ စန်းသမား များ အတွက်လည်း သတိထားကြရပါမယ်။ 
အကယ်၍ မိမိဇာတာဟာ- အပေါ်ဆုံးမှာ ဖေါ်ပြခဲ့တဲ့ လဂ်နဲ့ အခု ဖေါ်ပြတဲ့ စန်းတို့ထဲမှာ ပါဝင် နေတယ် ဆိုယင်တော့- အတော်ကြီးကို ဆင်ဆင်ခြင်ခြင် နေကြရမယ် လို့ ဆိုချင်ပါတယ်။ 

ပြိဿစန်း၊
ပြိဿစန်း သမားများ အနေနဲ့- စိတ်ခံစားမှု ဆိုင်ရာ ပြဿနာများ ပေါ်ပေါက် လာတတ်ခြင်း၊ မိခင်- အိမ်ထောင်ဘက်- မော်တော်ယာဉ် အိုးအိမ်များ- နဲ့ ပတ်သက်ပြီး စိတ်ဒုက္ခ ရောက်စရာများ ပေါ်လာတတ်ပါတယ်။
နဂိုက ပန်းနာ ရင်ကြပ် အခံ ရှိသူများ- အခက်အခဲ ပိုကြုံလာတတ်ပါတယ်။
အဲ- အရေးကြီး တာ တစ်ခုအားဖြင့်တော့- ကိုယ်စာရေး မှားပြီး- ဒုက္ခရောက်တတ်ပါတယ်။ ဖေ့စ်ဘွတ် တင်လျှင် သတိထားသင့် ပါတယ်။
အအေးမိ လည်ချောင်းနာ မကြာခဏ ဖြစ်တတ်သလို- လုပ်ငန်းများ နှောင့်နှေး တတ်ပါလိမ့်မယ်။
မကောင်းတဲ့ အိုးအိမ်ကို ပြောင်းရွှေ့ ရတာမျိုး - ပျော်စရာ မရှိတဲ့ ခရီးသွားရ တာမျိုး ဖြစ်တတ်သလို- ခရီးသွားယင်း စိတ်မချမ်းသာ စရာ ကြုံရတတ်ပါတယ်။
မိခင် ဘခင် ကျန်းမာရေး စိုးရိမ် စရာ ပေါ်တတ်သလို- မဟုတ်မဟပ် စွပ်စွဲ ခံရတာမျိုးလည်း ကြုံရနိုင်ပါတယ်။ 
မိန်းကလေး များ အနေနဲ့ အထူးသဖြင့်- မင်္ဂလာ ရက် ရွှေ့ဆိုင်း ခံရတာမျိုး- အစီအစဉ် ပျက်တာမျိုး ဖြစ်နိုင်လို့ သတိပြုစေချင်ပါတယ်။
ကျောင်းသူ ကျောင်းသား များအနေနဲ့ စာကြည့်လို့ မရပဲ စိတ်လေ တတ်သလို- စာမေးပွဲ မှာ ထင်သလောက် မပေါက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ 
(ဆက်လက် တင်ပြပေးပါမယ်)

ချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

Sunday, November 2, 2014

ဆေးပေါင်းခ တဲ့ ည….

(ဤဆောင်းပါးသည်- ကျွန်တော် နျူမာန် ရေးသား သော အာဘော် မဟုတ်ပဲ- ဝေဒ သုတေသန အဖွဲ့မှ ဆရာ ဦးကျော်မြင့် အနေဖြင့်- MOTAA VEDIC SYSTEM facebook တွင် မျှဝေ ထားသော ဆောင်းပါး ဖြစ်ပါသည်။ အများ အတွက် သိသင့် သိထိုက်သော အချက်အလက်များကို ရှင်းပြပေးသော ဆရာ ဦးကျော်မြင့် အား လွန်စွာ ကျေးဇူးတင် ကြောင်း ဤနေရာမှ ပြောကြားလိုက်ပါသည် ခင်ဗျား။)

မကြာခင် နိုဝင်ဘာလ ၆ ရက် ကြာသပတေးနေ့မှာ တန်ဆောင်မုန်းလပြည့် ရောက်ပြီဆိုပြီး ကထိန်ပွဲတွေ နက္ခတ်ပွဲတွေ မဲဇလီဖူးသုတ် စားပွဲတွေ ကျင်းပကြပါတော့မယ်။

ဘာသာရေးပွဲတော်ကတော့ ကုသိုလ်ရေးမို့ အချိန်ကာလက အရေးပါမှု နည်းပါတယ်။
နက္ခတ်ပွဲနဲ့ မဲဇလီဖူးသုတ် စားပွဲတွေ ကတော့ အချိန်မကျသေးလို့ အာနိသင် ပြည့်မှာ မဟုတ်ပါဘူး။
Jotysh tool နဲ့ တွက်ကြည့်တဲ့အခါ စန်းယှဉ်နက္ခတ်က ဘရဏီဖြစ်ပြီး တနင်္ဂနွေ ဂြိုဟ်ကလည်း နိစ်အိမ် တူရာသီမှပဲ ရှိနေပါသေးတယ်။


မဲဇလီဖူး ခူးသင့်သည့် သည်ချိန်ခါ
ပထမဇာတာက ကြတ္တိကာနက္ခတ်ရဲ့ ပဓာနကြယ် - ၁ရာသီ ၅ အံသာ ၅၇ လိတ္တာ ၃၉ -ဝိလိတ္တာ(လဟီးရီး) နဲ့ လပြည့်ခါနီးစန်းနဲ့ ယှဉ်ချိန် ၂၀၁၄ ဒီဇင်ဘာလ ၅ ရက် ညနေ ၅ နာရီ ၄ မိနစ်
အခါဇာတာပါ။
ဒုတိယဇာတာက လပြည့် စစ်စစ်ဖြစ်တဲ့ ၂၀၁၄ ဒီဇင်ဘာလ ၆ ရက် ည ၆ နာရီ ၅၈မိနစ် အခါဇာတာပါ။
  



ဘာ့ကြောင့် အဲဒီအချိန်မှာ မဲဇလီဖူး ဆေးဘက်ဝင်ရသလဲဆိုတာကို နက္ခတ် ဗေဒင် ရှုထောင့်ကနေ ဆက်လက်တင်ပြပါမယ်။

နက္ခတ်ဗေဒင်မှာ တန်ဆောင်မုန်းလပြည့် ဆိုတာ တနင်္ဂနွေဂြိုဟ် နိစ်ရာသီ တူရာသီကနေ ဗြိစ္ဆာရာသီကို
ပြောင်းသွားပြီး တနင်္လာဂြိုဟ်က ၁၈၀ အံသာ (ဒီဂရီ) အကွာ ပြိဿရာသီ ရောက်တဲ့ကာလ ဖြစ်ပါတယ်။
စန်းယှဉ်နက္ခတ်က ကြတ္တိကာနက္ခတ်နဲ့ ယှဉ်လေ့ရှိပါတယ်။ အောက်က ဇာတာမှာ တွေ့နိုင်ပါတယ်။


ဒီဇာတာမှာ ကျန်တဲ့ဂြိုဟ်တွေရဲ့ တည်နေရာက တစ်နှစ်နဲ့တစ်နှစ် တူမှာမဟုတ်ပါဘူး။
ဆေးပေါင်းခတဲ့ည ဖြစ်ရတာက တနင်္ဂနွေ တနင်္လာ ပြိဿ ဗြိစ္ဆာ ရာသီတွေ ဂြိုဟ်တွေကြောင့်ပါ။
တနင်္လာဂြိုဟ်ဟာ ဆေးဘက်ဝင် နွယ်မြက်သစ်ပင်တွေရဲ့ ကာရကဂြိုဟ် ဖြစ်ပါတယ်။ ပြိဿရာသီမှာ အလင်းအား အမြင့်ဆုံး ဥစ်အိမ်ဖြစ်တဲ့ပြင် လပြည့် အတိဗလဝ ပုဏ္ဏာစန်း ဖြစ်နေပါတယ်။ အာပေါဓာတ် အထူးအားကောင်းနေချိန်ပါ။

တေဇောဂြိုဟ် တနင်္ဂနွေ နိစ် လွတ်သွားပြီး ဥစ်ရာသီဆီကို တက်လာနေပါတယ်။ တေဇောဓာတ်ဟာ ကြီးထွားခြင်းရော အိုမင်းရင့်ရော်ခြင်းရော ၂မျိုးလုံးကို ဖြစ်စေနိုင်ပါတယ်။
နိစ်ရာသီ ကနေ ဥစ်ရာသီဆီကို တက်နေချိန်မှာ ကြီးထွားတေဇောပါ။ ဥစ်ရာသီကနေ နိစ်ရာသီ ဆီကို ဆင်းနေချိန်မှာ ရင့်ရော် တေဇော ဖြစ်သွားပါပြီ။ 
ဒါကြောင့် တန်ဆောင်မုန်းလပြည့် မှာ ကြီးထွားတေဇော လွှင့်ထုတ်ပေးနေပါတယ်။

ဘယ်ဓာတ်တွေ ဘယ်လိုပင် အားကောင်းနေပါစေ ပထဝီဓာတ်ခံ မကောင်းရင် တည်မှီလို့ မရပါဘူး။
ပြိဿရာသီက ပထဝီဓာတ်ခံ ကောင်းတဲ့ ရေပြည့်လယ်မြေ ရာသီ ဖြစ်ပါတယ်။
အိမ်ရှင် သောကြာ က အာပေါဓာတ် ထပ်ဖြည့်ပေးပြန်ပါတယ်။
အာပေါရာသီ ဗြိစ္ဆာမှာ ရပ်တည်တဲ့တနင်္ဂနွေကို အိမ်ရှင် အင်္ဂါ က တေဇော ဖြည့်ပေးနေသလို တေဇောနက္ခတ် ကြတ္တိကာကလဲ အာပေါမလွန်အောင် တနင်္လာ နဲ့ သောကြာ ကို ထိန်းထားပြန်ပါတယ်။
မြေ ကောင်း ရေ ကောင်း နေ ကောင်း ဓာတ် ၃ ပါး ညီညွတ်နေချိန်ဟာ တန်ဆောင်မုန်းလပြည့် အချိန်ပါပဲ။
ပြိဿရာသီ နဲ့ ဗြိစ္ဆာရာသီတို့ဟာလဲ သစ်ပင်ရေမြေတောတောင်ဆိုင်ရာ မူလ ( ဓာတု ဇီဝ ) ရာသီတွေ ဖြစ်ကြလို့ ဆေးဖက်ဝင်အပင်တွေကို ထောက်ပံ့ပြန်ပါတယ်။

မဟာဘူတ ဓာတ်ကြီး ၄ ပါးနဲ့ ဖွဲ့စည်းထားတဲ့ ရုပ်ဝတ္ထုပစွည်းတွေထဲမှာ တန်ဆောင်မုန်းလပြည့် ကာလအနီး ဝေဝေဆာဆာ ဖူးပွင့်ကြတဲ့ စားပင် သီးပင်တွေ ကို ကြည့်ရင် ဝါယောဓာတ် အခါးအရသာ ပြည့်ဝတဲ့ မဲဇလီပင်ဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ 
လူတွေ အခါးအရသာ အစားနည်းကြလို့ ဝါယောဓာတ် ချို့တဲ့နေကြတာကို ရှေးပညာရှင်တွေက သိမြင်ခဲ့ကြပါတယ်။
သဘာဝအရကိုက ဆေးဖက်ဝင်နေပြီးဖြစ်တဲ့ မဲဇလီဖူးကို စကြာဝဠာစွမ်းအားစုကြီးတွေက တန်ဆောင်မုန်းလပြည့်ည မှာ ထောက်ပံ့လိုက်တော့ ဆေးပေါင်းခတဲ့ည ဖြစ်လာပါတော့တယ်။
နကိုရှိပြီးသားကို နကိုင်းတတ်ပေးလိုက်တော့ နကိုင်းထွက်ပြီပေါ.။

ဒီနေရာမှာ ဆေးဖက်ဝင် မဲဇလီပင်မှာရှိနေတဲ့ ဓာတ်ကြီး ၄ ပါးထဲ အားကောင်းညီညွတ်နေတဲ့ စကြာဝဠာ ဓာတ်ကြီး ၄ပါးက ထောက်ပံ့မှုကို တန်ဆောင်မုန်းလပြည့်ညက ပံ့ပိုးနေပြန်ပါတယ်။
ဇောတိသရောင်ခြည် ( cosmic rays ) တွေ ကမ္ဘာပေါ် ရိုက်ခတ်တဲ့အခါ တားဆီးပိတ်ပင်တတ်တဲ့ ညစ်မျိုး ၅ပါး ရှိနေတတ်ပါတယ်။
ဆီးနှင်း မြူ တိမ် သူရိန် မီးခိုး ၅ မျိုးပါ။

  • တန်ဆောင်မုန်းလပြည့်ည ဟာ မိုးအကုန် ဆောင်းအကူး ကာလ ဖြစ်လို့ ဆီးနှင်း မကျသေးပါဘူး။
  • မိုးရွာသွန်းထားလို့ မြူမထနိုင်သေးပါဘူး။
  • မိုးတိမ်တွေ ကုန်သွားချိန်မို့ တိမ်မဖုံးနိုင်သေးပါဘူး။
  • ညအခါ ဖြစ်လို့ နေရောင် မနှောင့်ယှက်ပါဘူး။
  • တောမီးမလောင် တောင်ယာမီးမရှို့တာကြောင့် မီးခိုးမထပါဘူး။
  • ညစ်မျိုး ၅ ပါးလုံး ကင်းစင်လေ့ရှိတာ တန်ဆောင်မုန်းလပြည့်ညကလွဲလို့ မရှိနိုင်ပါဘူး

ဒါ့ကြောင့်လဲ ကြယ်တွေအစုံ မြင်နိုင်တဲ့ည ဆေးပေါင်းခတဲ့ည ဖြစ်ရတာပါ။

ဖြည့်ပြောချင်တာကတော့ လူဟာ လူလူချင်းပြောတာကို နားဝင် လိုက်နာလိုစိတ် နည်းပါးလေ့ရှိပါတယ်။
တန်ခိုးရှင်တွေကပြောတယ်ဆိုရင် မျက်ကန်းယုံကြည်စိတ်နဲ့တောင် လိုက်နာဖို့ ဝန်မလေးတတ်ပါဘူး။
လူ့သဘာဝကို နောကျေနေတဲ့ ပညာရှင်တွေက အခါးကြောက်တဲ့လူတွေကို ဆေးပေါင်းခတဲ့ မဲဇလီဖူး စားစေချင်တော့ နတ်သဘင် အစည်းအဝေးကို မဟေသရနတ်မင်းကြီး ဦးဆောင်ပြီး တန်ဆောင်မုန်းလပြည့်ည မဲဇလီပင်အောက်မှာ ကျင်းပကြောင်း ပုံထုတ်ခဲ့ဟန် တူပါတယ်။

တင်ပြခဲ့တာတွေ အတော်များသွားပါပြီ။
နိဂုံး ချုပ်ပါတော့မယ်။
တန်ဆောင်မုန်းလပြည့်ည သန်းကောင်ယံအချိန်မှာ သိဟ်ရာသီလဂ် ထွက်ပေါ်ပါတယ်။
၁၀တန့် မွန်းတည့်ဘာဝ ခေါင်းပေါ်တည့်တည့်မှာ ပြိဿရာသီနဲ့ လပြည့်ဥစ်စန်းဟာ ကြတ္တိကာနက္ခတ်နဲ့ယှဉ်ပြီး အစွမ်းကုန် ထွန်းလင်းတောက်ပနေမှာပါ။

ဇောတိသရောင်ခြည် အား ၃ မျိုး ဖြစ်နိုင်ပါတယ်။ လပြည့်ချိန် စွမ်းအား
ကြတ္တိကာနက္ခတ်နဲ့ စန်းယှဉ်ချိန် စွမ်းအား ခေါင်းပေါ်မွန်းတည့်ချိန် စွမ်းအား
တို့ဖြစ်ပါတယ်။

အကြမ်းအားဖြင့် ၂၀၁၄ ဒီဇင်ဘာ ၅ ရက် ညနေ ၅ နာရီ ၄ မိနစ်ဝန်းကျင်မှာ
ကြတ္တိကာနက္ခတ်ရဲ့ ပဓာနကြယ် နဲ့ စန်း ရာသီ အံသာ လိတ္တာ ထပ်မိပူးယှဉ်ပါလိမ့်မယ်။
၂၀၁၄ ဒီဇင်ဘာ ၅ ရက် ည သန်းကောင်ယံမှာ ခေါင်းပေါ် မွန်းတည့်ဘာဝ ရောက်လာပါလိမ့်မယ်။
၂၀၁၄ ဒီဇင်ဘာ ၆ ရက် ည ၆ နာရီ ၅၈ မိနစ်ဝန်းကျင်မှာမှ လပြည့်ပါလိမ့်မယ်။
ဒီအချိန် ၃ ခု တစ်ထပ်တည်းကျဖို့ သိပ်ခက်ပါတယ်။

ဒါ့ကြောင့်-
မဲဇလီဖူး ခုးခူး သုတ်စားစား သိမ်းထားထား- ၂၀၁၄ ဒီဇင်ဘာ ၅ရက် ညသန်းကောင်မှာ

  • ကြယ်တွေစုံတဲ့ည
  • ဆေးပေါင်းခတဲ့ည
  • သီချင်းဆိုကြပါစို့လား ......

အချိန်အတိအကျကို တွက်တင်ပေးပါမည်။
ဤစာစုဖြင့် ဗေဒင်အသိဥာဏ်အမြင်ကို ဖွင့်လှစ်ပေးခဲ့သော လက်ဦးဖလိတဆရာ ဦးမြင့်စိန် ( B.Com ) အား လေးမြတ်စွာ ဂါရဝ ပြုအပ်ပါသည်။
နိဋ္ဌိတံ။

[+/-] show/hide this post