Wednesday, June 25, 2014

လျှို.၀ှက်ချက် တို. သခင် ကွန်ဖူးဘုရင် (၁)

(ဤဆောင်းပါး ကို Digital Sarpay မှ ထုတ်ဝေမည် ဖြစ်ရာ- အပြည့်အစုံ ဖတ်လိုသူများ အနေဖြင့်- Digital Sarpay သို့ ဆက်သွယ်ပါရန်။)

သူ၏ ရုပ်ကလာပ်ကို ထည့်သွင်းထား သည့် ဟောင်ကောင် ဒေါ်လာ ၄သောင်းတန် ကြေးခေါင်း ကြီးအား အမေရိကန်သို. ပြန်လည် သယ်ဆောင် လာခဲ့ ကြသည်။ 

တစ်ချိန်က သူနေခဲ့ရာ ဆီရယ်တယ် မြို.သို. အရောက်တွင် ကြေးခေါင်းကြီးသည် ထူးဆန်းလှစွာပင် အလိုအလျောက် ပွင့်ထွက် သွားခဲ့၏။ သူအား ၀တ်ဆင်ပေးထားသော တရုပ်ဝတ်စုံ အပြာရောင် မှ ဆိုးဆေးတို. သည် လည်း ခေါင်း၏ အတွင်း နံရံ ပိုးသား အဖြူရောင် အား စွန်းထင်း နေစေ ခဲ့၏။
- သူသည် လွန်စွာမှ ရိုးသားပွင့်လင်းသည်။ သို.သော် ရုတ်ချည်း ခက်ထန် ကြမ်းတမ်းတတ် သူလည်း ဖြစ်သည်။
- သူသည် လွန်စွာ ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိသူ ဖြစ်သည်။ သို.သော် လွန်စွာမှ ချိနည့်သူ ဖြစ် ပြီးရောဂါများစွာ ခံစားခဲ့ရသူ ဖြစ်သည်။
- သူသည် သူ၏ ခန္ဓာကိုယ်အား အကောင်းဆုံးဖြစ်အောင် တည်ဆောက်ခဲ့၏။ သို.သော် သူသည်ပင်လျှင်  မိမိ ကိုယ်ခန္ဓာ အား လုံးဝ ဖျက်ဆီးပစ်ခဲ့ သူ ဖြစ်သည်။
- သူသည် ဇနီးအား လွန်စွာချစ်သည်။ သို.သော် မိန်းမပွေရှူပ် သူလည်း ဖြစ်သည်။
- သူ.အား လူအများက ချစ်ခင်လေးစားကြသည်။ သို.သော်သူ.အား လွန်စွာမုန်းတီးပြီး သတ်ချင်သူတို.က များစွာရှိသည်။
- သူသည် ဆရာဖြစ်သူ၏ အချစ်ဆုံးတပည့်ဖြစ်သည်။ သို.သော် ဆရာနှင့် တစ်မြို.တည်း ရှိနေပါလျှက် ဆရာ.အသုဘသို. မလာခဲ့သူ ဖြစ်သည်။ 
- သူ ဘာ့ကြောင့် သေခဲ့သလဲ၊
- သူ.ကို ဘယ်သူ သတ်တာလဲ၊
- သူ မသေခင် ၂-ရက်မှာ နဂါး ကိုးကောင် အိမ်ကြီးမှ ယတြာမှန်ပြားဟာ ဘာ့ကြောင့် ပြုတ်ကျ ကွဲပျက်ခဲ့ရသလဲ၊
ထိုသို.သော ထူးဆန်းချက်၊ လျှို.၀ှက်ချက်တို. နှင့် ပြည့်နှက်နေခဲ့သော သူသည်ကား-
“ကမ္ဘာကျော် ကွန်ဖူးသရုပ်ဆောင် ဘရုစ်လီ” ပင် ဖြစ်တော့သည်။

လူသား.. ထဲက ဘရုစ်လီ…
သူသည် လူသား တစ်ယောက်ဖြစ်၏။ သူသည် လွန်စွာကြိုးစား၏။ သူသည် ပါရမီရှင် ဖြစ်၏။ သူသည် မိမိလုပ်ကိုင်နေသော ကိစ္စရပ်တို.တွင် လွန်စွာမှ စွဲလမ်းစွာ နှစ်မြုပ်လုပ်ကိုင်တတ်သူ ဖြစ်၏။ ထို.ကြောင့် လည်း သူသည် သမားရိုးကျ ကိုယ်ခံပညာ လောကမှ သီးသန်. ဖယ်ထွက်၍ သူ၏ ကိုယ်ပိုင် ပညာရပ်ကို တီထွင်ခဲ့နိုင်၏။ သူသည် ကမ္ဘာကိုယ်ခံပညာ လောကကို ကိုင်လှုပ်နှိုင်ခဲ့သူ ဖြစ်၏။

သို.သော် သူသည် လူသားပီပီ အမှားများလုပ်မိ၏။ မည်ရွေ.မည်မျှပင် ပါရမီ ရှိသူဖြစ်သော်လည်း- ပြင်းထန်သော ဆန္ဒ၊ ရပ်တန်.၍ မရသော လူသားတို.၏ လောဘ၊ ပြုပြင်ရန် ခက်ခဲ သော အတ္တ တို.ကြောင့် အမှားတို.ကို ပြုမိ၏။ အမှားတို.ကို အမှားမှန်းပင် သိ သွားသော အခါ နောက်ဆုတ်ရန် ကြိုစား သော်လည်း လွန်စွာ နောက်ကျ သွား၏။ အမှားဖြင့် တည်ဆောက်ခဲ့သော ကျော်ကြားအောင်မြင်မှုကို ဆက်လက် ထိန်းသိမ်းနိုင် ရန် အတွက်- အမှားကို သိပင်သိသော်လည်း သူ.တွင် ရပ်တန်.ဘို. မဖြစ်နိုင်တော့ သော အခြေအနေသို. ရောက်ခဲ့ရ၏။ 

လောက၏ နိယာမ တရားဖြစ်သော အယူရှိလျှင် အပေးရှိ၏။ အပေးရှိလျှင် အယူရှိ၏။ ထိုမှသာလျှင်- သဘာဝ၏ ညီမျှမှု အနေအထားတွင် အရာ အားလုံးတို.ဟန်ချက်ညီစွာ တည်နေ၏။ သာမာန်ထက်ကျော်လွန်သော အတ္တကို ရှေ.တန်းပြုသော၊ အောင်မြင်မှု၊ ချမ်းသာမှု ကို ရယူလိုသော စိတ်ဖြင့် ဖြတ်လမ်း နည်းကို သုံးမိခဲ့လျှင်၊ တစ်နေ.သော အချိန်တွင် မလွဲမသွေ ပြန်လည် ပေးဆပ်ရမည်မှာ သဘာဝ လောကတရားကြီး၏ ထာဝရ မှန်ကန် နေသော နိယာမသာ ဖြစ်၏။ 

ထိုနည်းတူစွာ- မိမိအနေဖြင့် လူ.ဘောင် လူလောကကို ပြုအပ်သော ကောင်းကျိုးတရားတို.သည် လည်း အလကား မနေ၊ အလဟဿ မဖြစ်သွား၊ အချိန်တန် လျှင် ထိုကောင်းမှု ကုသိုလ်ကံ၏ အသီးအပွင့်ကို မလွဲမသွေ ပြန်လည် ခံစားရမည်မှာလည်း မြေကြီးလက်ခတ် မလွဲမသွေပင် ဖြစ်သည်။

ဤစာအုပ်တွင်- ဘရုစ်လီ၏ ထူးချွန်သော အရည်အချင်းတို.ကို ရေးထား၏။ တစ်ဆက်တည်းတွင် လူအများတို. မသိရှိကြသေးသော သူ.ဘ၀၏ အမှောင် ဘက် အခြမ်းကိုလည်း မီးမောင်းထိုးပြထား၏။ ကောင်းသော အရည်အချင်းတို.သည်ကား အားကျစရာ ဖြစ်၏။ သို.သော် သင်ခန်းစာ ယူတတ် ခြင်းက အတုယူခြင်း ထက် ပို၍ တန်ဘိုးရှိ၏။

ကံ-ကံ၏ အကျိုးကို နားလည်ခြင်းသည် ဆုတောင်းရုံသက်သက် မဟုတ်သော၊ ထာဝရ တန်ခိုးရှင်ကို အားကိုးခြင်း မပြုသော၊ ဗုဒ္ဓ၀ါဒ ၏အနှစ်သာရ ဖြစ်၏။ ထိုကြောင့် စာဖတ်သူတို.အား ကောင်းသောကံကို ပြု၍ ကောင်းသော အကျိုးဆက်တို.ကို ရနိုင်စေခြင်းငှာ ၊ ကမ္ဘာကျော် ကွန်ဖူးဘုရင် ဘရုစ်လီ၏ ဘ၀ဖြစ်ရပ်မှန်ကို သိရှိပြီး သံဝေဂ သင်ခန်းစာယူနိုင်စေရန်၊ ဥပမာပြု ၍ ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။


ဤစာအုပ်ကို ရေးသားရာ၌ ဝေဒပညာ နှင့် မပါတ်သက်သူများ အတွက်၊ ဘရုစ်လီ၏ ဘ၀ ဇတ်ကြောင်း၊ ထူးခြား သော လူသိနည်းသော လျှို.၀ှက်ချက် များကို သုတ၊ ရသ စုံလင် စွာဖြင့် ဖတ်နိုင် စေရန် ရည်ရွယ်ပြီး၊ နက္ခတ် ဗေဒင်၊ ဝေဒ ပညာနှင့် အသက်မွေးဝမ်းကြောင်း ပြုနေသော ဗေဒင်ဆရာများ၊ တိကျနက်နဲသော နက္ခတ်ပညာ ကို လေ့လာ ဆည်းပူးနေသော ပညာရှင်၊ ပညာသင် များ အတွက် ကို မူ ဘရုစ်လီ ၏ ဘ၀ ဖြစ်စဉ်နှင့် တကွ၊ ၄င်း၏ ဘ၀ ကို အခြေပြု ၍ နက္ခတ်ပိုင်း ဆိုင်ရာ ပညာများ ကိုပါ လေ့လာ နိုင်ရန် ရည်ရွယ် တင်ပြထားပါသည်။ ဘ၀ ဖြစ်စဉ်ဆိုင်ရာ၊ ဆေးဝါးဆိုင်ရာ နှင့် မှုခင်း ဆိုင်ရာ၊ ဗဟုသုတ တို.သာ မက ဝေဒ ဆိုင်ရာ ဗဟုသုတ တို.ကို ထည့်သွင်း တင်ပြထားသဖြင့် ကိုညီညီစိန် ၏ Digital Sarpay မှ ထုတ်ဝေမည့် ယခု စာအုပ် သည် စာရှုသူ တို. အဘို. သုတ၊ ရသ ပေးစွမ်းနိုင်သော စာအုပ် တစ်အုပ် ဖြစ်မည်ဟု ယုံကြည်မိပါသည်။

ဘရုစ်လီ၏ ဘ၀အစ။
၂၀-ရာစု၏ ထင်ရှားသော လူသား ၁၀၀- တွင် တစ်ဦးလည်းဖြစ်၊ အမေရိကန်၏ အထင်ရှားဆုံး ပုဂ္ဂိုလ်များတွင်လည်း တစ်ဦး အဖြစ်ပါဝင်ခဲ့သော ကွန်ဖူးဘုရင် ဘရုစ်လီအား အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကိုမြို.၌ ၁၉၄၀-ခုနှစ်၊ နိုဝင်ဘာလ ၂၇-ရက်၊ နံနက် ၇း၁၂ တွင် မွေးဖွားခဲ့သည်။ မြန်မာ သက္ကရာဇ်အားဖြင့် ၁၃၀၂-ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၄-ရက်၊ ဗုဒ္ဓဟူးနေ. ဖြစ်သည်။ တရုပ်အယူအဆ အရ အလွန်မင်္ဂလာရှိသော နဂါးနှစ်တွင် ဖခင်ဖြစ်သူ လီဟွေ.ချွန် နှင့် မိခင်ဖြစ်သူ ဂရေ့စ်လီတို.မှ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဖခင်ဖြစ်သူသည် ကန်တုန် ဇတ်အဖွဲ.၏ အငယ်တန်း ဇတ် သရုပ်ဆောင် တစ်ဦး အဖြစ် ဖြင့် အမေရိကန်နိုင်ငံသို. ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ 

ဤနေရာတွင် အရေးကြီးသော အချက်တစ်ခု သိထားရန် လိုပါ၏။ ၁၉၄၀-ခုနှစ် အမေရိကန် နိုင်ငံသား အက်ဥပဒေ အသစ် ကို အသက်မသွင်းမီက တရုပ်လူမျိုးတို.အား အမေရိကန် နိုင်ငံသား အဖြစ်သို.ပြောင်းလဲခြင်းကို အမေရိကန် တွင် တားမြစ်ထားခဲ့သည်။ အမေရိကန် တွင် မွေးဖွားသည် ဖြစ်စေ၊ အခြေချ နေထိုင်သည် ဖြစ်စေ အမေရိကန်နိုင်ငံသား အဖြစ်သို. ပြောင်းလဲခွင့် မရပါ။ ၁၉၄၀-ခုနှစ်၊ အောက်တိုဘာလ ၁၁-ရက်တွင် အမေရိကန်သမ္မတ ရူစဗဲ့ က လက်မှတ်ရေးထိုးပြီး နိုင်ငံသား အက်ဥပဒေကို  အတည်ပြု ပေးလိုက်၍သာ ထိုနောက်ပိုင်း တရုပ်လူမျိုးတို. အနေဖြင့် အမေရိကန် နိုင်ငံသား ဖြစ်ရန် လွယ်ကူ သွားသည်။ ဆိုလိုသည်မှာ ဘရုစ်လီသည် ၂-လခန်. စော၍ မွေးဖွားခဲ့ပါမူ ဘရုစ်လီ၏ ဘ၀ဇတ်ကြောင်းသည် တစ်မျိုးတစ်မည် ဖြစ်သွား နိုင်ပါသည်။

မွေးဖွားစဉ်က ဘရုစ်လီ၏ အမည်မှာ လီကျွန်.ဖန် (အဓိပ္ပါယ်အားဖြင့် ပြန်လည်ရောက်ရှိခြင်း) ဟူ၍ ဖြစ်သည်။ မိဘများအနေဖြင့် ၄င်းတို.၏ သားဖြစ်သူ ကို မွေးဖွားခဲ့ရာ အမေရိကန်နိုင်ငံသို. ပြန်လည် ရောက်ရှိ အောင်မြင်ကျော်ကြားစေရန် ရည်ရွယ်၍ ပေးခဲ့ခြင်း ဖြစ်သည်။


သို.သော်လည်း နောင်တစ်ချိန်တွင် ကလေးငယ် ၏ အမေရိကန် မွေးစာရင်း တွင် ရှုပ်ထွေးမှုများ မဖြစ်စေရေးအတွက် ဘရုစ်လီဟူသော အင်္ဂလိပ် အမည် ကို ပေးရန် အတွက် ဘရုစ်လီ အား မွေးဖွားခဲ့သော Jackson Street Hospital မှ သူနာပြုဆရာမ တစ်ဦးမှ အကြံပေးသည်ကို မိဘတို.က လက်ခံ ခဲ့သဖြင့် မွေးစာရင်း တွင် ဘရုစ်လီဟု စာရင်းသွင်းခဲ့သည်။

အမှန်အားဖြင့် ဘရုစ်လီသည် တရုပ်နှင့် ဂျာမာန် သွေးနှောသူ ဖြစ်သည်။ သူ.ဖခင်ဖြစ်သူ လီဟွေ.ချွန်သည် တရုပ်သွေး အစစ်ဖြစ်သော်လည်း မိခင် ဘက်မှ အဘိုးမှာ ဂျာမာန် လူမျိုးဖြစ်သည်။
မိခင်နှင့် ဖခင်တို.လက်ထပ်ခဲ့ပြီးနောက် ဟောင်ကောင်ရှိ၊ ကောင်းလုံရပ်ကွက်၊ အမှတ် ၂၁၈၊ နာသန်လမ်း (Nathan Road) တွင် အခြေချ နေထိုင်ခဲ့ ကြသည်။

ပထမဆုံး မွေးဖွားခဲ့သည် သားငယ်သည် မွေးဖွားပြီး မကြာမီတွင်ပင် သေဆုံးခဲ့သဖြင့်၊ မိဘများအနေဖြင့် ၄င်းကို နိမိတ်ဆိုးတစ်ခု အဖြစ်ယူဆခဲ့ကြသည်။ ထို.နောက်တွင်တော့ သမီးငယ်ဖြစ်သူ ဖိုဘီ ၊သားငယ် ဖြစ်သူ ပီတာနှင့် ဘရုစ်လီတို.ကို မွေးဖွားခဲ့သည်။ ၀ူငန် ဟုအမည်ရသည့် ကလေးငယ် (နောင်သော အခါ အများမှ မသင်္ကာဖြစ်ခြင်း ခံရသော ဘရုစ်လီ၏ လူယုံတော် စားတော်ကဲ) ကို နောက်ထပ် မွေးစားခဲ့သည်။ ပြီးမှ ညီမဖြစ်သူ အဂ္ဂနီးစ် နှင့် ညီဖြစ်သူ ရောဘတ် တို.ကို မွေးဖွားခဲ့သည်။

ပထမဦးဆုံး သားငယ်ကို ဆုံးရှုံးခဲ့ပြီးနောက် ဖခင်ဖြစ်သူသည် နာမ်လောက၊ တရုပ်ဝေဒ များကို များစွာသက်ဝင်ယုံကြည်ခဲ့သည်။ လီဟွေ.ချွန်တို.၏ မျိုးရိုးတွင် ယောက်ျား လေးများသည် ငယ်ရွယ်စဉ် သေဆုံးခဲ့ကြသည်။ ထို.ကြောင့် မကောင်းဆိုးဝါးများကို လှည့်စားရန် ရည်ရွယ်ချက်ဖြင့် ဘရုစ်လီ၏ အမည်ကို ပထမဦးစွာ ဆိုင်ဖွန် ဟူသော မိန်းကလေးအမည်ကို ရွေးခဲ့သေးသည်။ အဓိပ္ပါယ်မှာ ဖီးနစ်ငှက်လေး ဖြစ်သည်။ ထိုသို. လုပ်ခဲ့သဖြင့် လီဟွေ.ချွန်၏ လုပ်ရပ်ကို အခြေအမြစ်မရှိ အယူသည်းသော လုပ်ရပ်ဟု သတ်မှတ်မည်ဆိုလျှင်- ဘရုစ်လီ အသက် (၃၃) နှစ်တွင် သေဆုံးခဲ့ခြင်း၊ ဘရုစ်လီ၏ သားဖြစ်သူ ဘရန်ဒွန်လီ အသက် (၂၈) နှစ် တွင် သေဆုံးခဲ့ခြင်းတို.သည် ကြောက်စရာ ကောင်းသော တိုက်ဆိုင်မှုဟု ဆိုရမည်ပင် ဖြစ်သည်။

လူအများက ထင်ထားကြသည်မှာ ဘရုစ်သည် ကြွက်သားအပြိုင်းပြိုင်းထသော၊ အင်အား ပြည့်စုံသည့် သူဟု ဖြစ်သည်။ တကယ်တော့ ဤ အချက်သည် မှားယွင်း ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဘရုစ်သည် ငယ်စဉ်က ခရစ်ပ်တို ချစ်ဒီဇမ် ခေါ် (cryptorchidism) ကပ္ပါယ်အိပ်သို. ဝှေးစေ့ မကျသော ရောဂါကို ခံစားရသူဖြစ်သည်။ ပုံမှန်အားဖြင့် ကလေးငယ်တစ်ယောက်သည် မိခင်ဝမ်းထဲတွင်ရှိချိန်၊ ကိုယ်ဝန် ၈-လ သား အရွယ်တွင် ကပ္ပါယ်အိပ်သို. ဝှေးစေ့ ဆင်းသက်ရမည် ဖြစ်သည်။ မိခင်ဖြစ်သူနှင့် သန္ဓေသားမှ ထုတ်ပေးသော အင်ဒရိုဂျင် ဟော်မုန်း (androgen hormone)မှ အလိုအလျောက် ပြုပြင် ပေးရမည့် ကိစ္စဖြစ်သည်။ ထိုရောဂါရှင်များ သည် စိတ်ပညာအရ မရင့်ကျက်သူများ ဖြစ်တတ်သည်။ ဘရုစ်လီသည် ယခုမှ သိကျွမ်းသော သာမာန် အသိ တစ်ဦးကိုပင် ဤကိစ္စကို ထုတ်ဖော်ပြောလေ့ ရှိသည်။ ခရစ်ပ်တို ချစ်ဒီဇမ် ရောဂါကြောင့် ဘရုစ်လီ၏ အရိုးနှင့် ကြွက်သားများသည် တိုးတက်မှု နှေးကွေးခဲ့သည်။ ထို.အပြင် သေဆုံးချိန်အထိ သူ၏ ယောင်္ကျားတန်ဆာသည် လူပျိုပေါက်အရွယ်ထက် ပို၍ မဖွံ.ဖြိုးခဲ့ပါ။

ထို.အပြင် မျိုးရိုးဗီဇ ချို.တဲ့မှုကြောင့် ဘရုစ်လီတို. ညီအကိုအားလုံးသည် ခြေထောက်နှစ်ဘက် အတိုအရှည်မတူညီကြပါ။ သိုင်းပညာ စသင်ချိန်တွင် မြင်းခွပုံ ထိုင်ရန် လွန်စွာခက်ခဲ ခဲ့သည်။ သို.သော်လည်း ပြင်းထန်သော နည်းစနစ်လေ့ကျင့်မှုများ၊ ဆေးဝါးသုံးစွဲမှုများကြောင့် ကမ္ဘာပေါ်တွင် အကောင်းဆုံး သော ကိုယ်ခန္ဓာဟူ လူတိုင်း ထင်မှတ်ခဲ့ကြရသည်။ 

နောက်တစ်ခု ထပ်ချို.တဲ့သည်က ဘရုစ်လီ၏ အမြင်အာရုံဖြစ်သည်။ သူသည် ငယ်စဉ်ကပင် မျက်စိအားနည်းသည်။ အနီးကို မြင်ရသော်လည်း အဝေးမှုန် ဖြစ်ခြင်းကြောင့် ဟောင်ကောင်တွင် လမ်းဖြတ်ကူးစဉ် ထရပ်ကား တစ်စင်းနှင့် တိုက်မိမလို ဖြစ်ပြီး ထရပ်ကား ဒရိုင်ဘာနှင့် ထိုးကြိတ် ရန်ဖြစ် ခဲ့ရဘူး သည်။
ဘရုစ်လီ၏ ငယ်ရွယ်စဉ် ဟောင်ကောင်ဘ၀။
ဤနေရာတွင် ဟောင်ကောင်၏ အနေအထားနှင့် သမိုင်းနောက်ခံကို အနည်းငယ် သိထားရန်လိုပါသည်။ တရုပ်ပြည် ချင်မင်းဆက် ၁၈၃၉-၁၈၄၂ ခုတွင်၊ နယ်ချဲ. အင်္ဂလိပ်တို.မှ တရုပ်တို.အား အဓမ္မနည်းဖြင့် ဘိန်းသွင်းပြီး လူညွန်.တုံးအောင် ပြုလုပ်သည်ကို တရုပ်တို.က လက်မခံသဖြင့် ပထမဆုံး အင်္ဂလို-ချိုင်းနီးစ် တရုပ်-အင်္ဂလိပ် ဘိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက် ဟောင်ကောင်ကျွန်းသည် အင်္ဂလိပ်တို.၏ လက်အောက်သို. ကျရောက်ခဲ့သည်။ ဟောင်ကောင် ကျွန်း သည် အင်္ဂလိပ်တို.လက်အောက် စတင်ရောက်ရှိစဉ်က အိုးအိမ်အနည်းငယ် သာရှိခဲ့သည်။ ပြင်းထန်သော တိုင်ဖွန်း လေမုန်တိုင်း ဒဏ်ကို မကြာခဏ ခံစားရပြီး၊ ဟောင်ကောင်တွင် နေထိုင်သူများမှာလည်း ငှက်ဖျား၊ ကာလ၀မ်းရောဂါ၊ ပလိပ်ရောဂါ တို.နှင့် အမြဲလိုလို နပမ်းလုံး နေခဲ့ ရသည်။ အဆိုးတကာ့ အဆိုးဆုံးမှာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် ကျေက်တန်းအချွန်အထက်များ ဖြင့် ပြည့်နှက်နေပြီး ရေချို ရနိုင်စရာ မြစ်ချောင်း တို.ကို မမြင်ရပါ။ သို.သော် အင်မတန်ကောင်းသော အချက်တစ်ခုမှာ ပင်လယ်ကူးသင်္ဘောဆိပ်ကြီး တစ်ခုဖြစ်စေရန်အတွက် လိုအပ်ချက် ဖြစ်သော ရေနက်သည့် ပင်လယ် ကို မူ ဟောင်ကောင်က ပိုင်ဆိုင်ထားသည်။ 
အင်္ဂလိပ်တို.၏ ကုန်သွယ်မှုစခန်း အဖြစ်ပြုလုပ်ထားသော ဟောင်ကောင် သည် အရည်အချင်းညံ့ဖျင်းသော၊ အကျင့်ပျက်အရာရှိများ၊ လက်မရွံ. လူဆိုးလူမိုက်များ၊ အခွင့်အရေးသမားများ၊ ပျက်စီးနေသော တရားစီရင်စနစ်များဖြင့် ပြည့်နှက်ရာ နေရာ ဖြစ်ခဲ့သည်။ ဘရုစ်လီ၏ ဖခင်ဖြစ်သူ လီဟွေ.ချွမ် သည် ကန်တုန်ပြည်နယ် ဖုရှန် ဘက်မှ ကျေးရွာသား တစ်ယောက် ဖြစ်သော်လည်း လူလိမ်တို.၏ မလိမ့်တစ်ပါတ် ခေါ်ဆောင်လာမှုကြောင့် ကွန်မြူနစ် တရုပ်ပြည်မှ ထွက်ပြေးလာသော တရုပ်လူမျိုး ထောင်ပေါင်းများစွာ အနက်မှ တစ်ယောက်ဖြစ်သည်။ အကယ်၍ တရုပ်ပြဇတ် အဖွဲ.သို. မလိုက်ခဲ့ပါလျှင် လည်း ဟောင်ကောင်ရှိ လောင်းကစားဝိုင်းတစ်ခုခု သို.မဟုတ် ဘိန်းခန်းတစ်ခု ခုတွင်သာ ဘ၀ကို ဇတ်သိမ်းရဘွယ်ရှိ၏။ 

၁၉၄၀-နှစ်များ တွင် ဟောင်ကောင်တွင် ချမ်းသာသူများရှိသော်လည်း၊ လူအများစုမှာမူ လွန်စွာ ဆင်းရဲကြသည်။ ဒုတိယကမ္ဘာစစ်မီး ၏ အရှိန်အဟုန်က လည်း ဟောင်ကောင်သို. လွှမ်းမိုးကူးစက်ခဲ့သည်။ ဘရုစ်လီတို.၏ မိသားစုမှာ အလွန်ချမ်းသာသူများနှင့် အလွန်ဆင်းရဲသူများ ဟူသော အစွန်းနှစ်ရပ် ကြားတွင် ရှိနေ၍ ပါးနပ်စွာ နေခဲ့ကြရသည်။ 

ဘရုစ်လီကို မွေးဖွားပြီး လအနည်းအကြာ၊ ၁၉၄၁-ခုနှစ် အစောပိုင်းတွင် အမေရိကန်တွင် နေထိုင်ခွင့် ဗီဇာကုန်သဖြင့် သူ.မိဘများသည် ဟောင်ကောင်သို. ပြန်ရောက်ခဲ့ကြသည်။ ရာသီဥတု အပြောင်းအလဲ ကြောင့် ကလေးငယ်မှာ အကြီးအကျယ် နေမကောင်းဖြစ်ခဲ့၍ မိဘများမှာ ၄င်း၏ အသက်ကို ကယ်နိုင်ရန် ကြိုးစားခဲ့ကြရသည်။

ဘရုစ်လီ၏ ငယ်ရွယ်စဉ် ပညာရေး။

ဘရုစ်လီ၏ ငယ်ရွယ်စဉ် ဘ၀တွင် ပညာရေးကို စိတ်ဝင်စားမှု ရှိခဲ့သည်ကို မတွေ.ရပါ။ အမေရိက သို.ရောက်ပြီးမှ ပညာရေး၏ တန်ဘိုးကို နားလည်ပြီး ငယ်စဉ်က ဆုံးရှုံးခဲ့သည်များကို ကာမိအောင် ကြိုးစားခဲ့သည်ကို တွေ.ရသည်။

ငယ်စဉ်က ကျောင်းတက်ချိန်လွန်စွာ နည်းခဲ့သဖြင့် မိခင်ဖြစ်သူထံသို. ကျောင်းမှာ တိုင်စာများရခဲ့သဖြင့် မိခင်ဖြစ်သူ က- “သူ.စရိုက်ကို လုံးဝမပြောင်းဘူး၊ အမှားတွေကို ထပ်ထပ်ပြီးလုပ်တယ်။ ငါသူ.ကို စိတ်ပျက်လာပြီ“ ဟု ပြောခဲ့သည်။ 

နောက်ဆုံးမတော့ ကျောင်းမှန်မှန် တက်ရန် မိခင်ဖြစ်သူ၏ ကြိုးစားမှုမှာ လုံးဝ အရှုံးပေးလိုက်ရပြီး၊ ကျောင်းမသွားလျှင် မည်သည့်နေရာသို. သွားသည် ကိုတော့ မိခင်အား ပြောပြရန် သဘောတူညီမှု ရရှိခဲ့သည်။ 

အသက် ၁၂-နှစ်သားတွင် ဘရာသာ ဟင်နရီပန်း ဆိုသော ဆရာကို တွေ.ခဲ့ရသည်။ အခြား ဆရာများ၏ အမြင်အရ ဘရုစ်လီသည် အလွန် ခေါင်းမာသော၊ ပျင်းသော၊ ကြမ်းတမ်းသော ကျောင်းသားဖြစ်သော်လည်း ဟင်နရီပန်းကမူ ဘရုစ်လီသည် ကိုင်တွယ်ရ ခက်သော်လည်း လွန်စွာ ဥာဏ်ကောင်း ခြင်း၊ အလားအလာရှိခြင်းများကို သတိထားမိသည်။ ထို.ကြောင့် ၄င်းအား ပုံစံတစ်မျိုးပြောင်းဆက်ဆံခဲ့သည်။
ထို.ကြောင့်လည်း ဟင်နရီပန်းသည် အငြိမ်နေ၍ မရသော ဘရုစ်လီအား ဟိုဟိုဒီဒီ ပြေးရသော လုပ်ငန်းများ၊ ကျောက်သင်ပုန်းဖျက်ခိုင်းခြင်း၊ ပြုတင်းပေါက်များ ဖွင့် ခိုင်းခြင်းစသည်တို.ကို ခိုင်းခဲ့သည်။ စာသင်ခန်းထဲတွင် ငြိမ်ငြိမ်ထိုင်နေရသော လုပ်ငန်းမှာ ဘရုစ်လီ အတွက်တော့ မဖြစ်နိုင်သော လုပ်ငန်း တစ်ခု ဖြစ်သည်။ စာသင်ကျောင်းကို မနှစ်သက်သော ဘရုစ်လီသည် ၄င်း၏ အိပ်ခန်းတွင် တော့ နာရီပေါင်းများစွာ စာဖတ်နေတတ်သည်။
သို.သော်လည်း ပြဿဿနာများ ဆက်တိုက်ဖြစ်နေသဖြင့် La Salle ကျောင်းမှ ၄င်းအား ထုတ်ခဲ့ရပြီး နောက် အခြားကျောင်းများစွာ ပြောင်းခဲ့ရသေးသည်။ St. Francis Xavier college တွင်တော့ အနည်းငယ် နေသားကျခဲ့သည်။

ဘရုစ်လီနှင့် ကလေး ရုပ်ရှင် သရုပ်ဆောင် ဘ၀။

ဘရုစ်လီအနေဖြင့် ကွန်ဖူးသိုင်းပညာဖြင့် ချက်ကြိုးဆက်မွေးဖွားလာသည်ဟု ဆိုနိုင်သကဲ့သို. ရုပ်ရှင် သရုပ်ဆောင်ဘ၀နှင့်လည်း လွန်စွာရေစက် ပါသည်ဟု ဆိုနိုင်သည်။ အသက် ၃-လသားအရွယ်၊ မိဘများ ဆန်ဖရန်စစ္စကိုမှ မထွက်ခွာမီ တွင် Golden Gate Girl ဆိုသော ရုပ်ရှင်ကား ၌ မွေးခါစ မိန်းကလေး ငယ် အဖြစ် ပါဝင် ခွင့်ရ ခဲ့ရသည်။

အသက် ၆-နှစ်သားတွင် ဟောင်ကောင်မှ ထုတ်လုပ်သော ရုပ်ရှင်ဖြစ်သည့် “The Birth of Mankind” ဇတ်ကားတွင် ဘရုစ်လီက ဘိနပ်တိုက်သော သူငယ်နှင့် ရန်ဖြစ်ရသော လမ်းပေါ်မှ ချာတိတ်အဖြစ် သရုပ်ဆောင်ခဲ့ရသည်။ 

ထို.နောက်တွင်တော့ အာရှနိုင်ငံသားများက ဘရုစ်လီကို သိထားကြ သော “လီရှောင်လုံ” ဟူသော အမည်ဖြင့် “My Son, Ak Cheun” တွင် သရုပ်ဆောင် ခဲ့သည်။
အလွမ်းနှင့် ဟာသနှောနေသည့် ရုပ်ရှင်ကားဖြစ်သည့် “It’s Father’s Fault” ဟူသော 

ရုပ်ရှင်ကားတွင်လည်း ဆင်းရဲသော မိဘမဲ့ကလေး အဖြစ် သရုပ် ဆောင် ခဲ့သည်။ 
ဘရုပ်စ်လီသည် ကလေးသရုပ်ဆောင် အဖြစ်ဖြင့် ဇတ်ကား စုစုပေါင်း (၂၀) တွင် ပါဝင်ခဲ့ရသည်။ ထိုအထဲ မှ အကောင်းဆုံးမှာ ဘရုပ်စ်လီ ၁၈-နှစ်သား တွင် အဓိက နေရာမှ သရုပ်ဆောင်သော “The Orphan” ဇတ်ကားဖြစ်သည်။ အချို.သော စာတမ်းများက ကလေးဇတ်လိုက်ဟု ရည်ညွှန်းသော်လည်း ထိုစဉ်က တရုပ်ဇတ်လမ်းများတွင် အနောက်နိုင်ငံဇတ်ကားများကဲ့သို. ကလေးဇတ်လိုက်ဟူ၍ မရှိပဲ၊ ကလေးသရုပ်ဆောင်ဟု ပြောမှ ပို၍တိကျ ပါလိမ့်မည်။

လမ်းမပေါ်က လူဆိုးလေး ဘရုစ်လီ။
နဂိုကပင် တိုက်ခိုက် ရန်ဖြစ်ခြင်းတွင် ပါရမီရှိသော ဘရုပ်စ်လီသည် အရွယ်ကလေးရလာသော အခါ၊ ကလေးသရုပ်ဆောင် ဖြစ်ခဲ့သည့် လူသိများမှုဖြင့် ရွယ်တူ သူငယ်များအကြား လမ်းမပေါ်တွင် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ အထူးသဖြင့် အင်္ဂလိပ်များကို မုန်းတီးသော ကလေးကျောင်းသားဂိုဏ်း၏ ခေါင်းဆောင် ဖြစ်ခဲ့သည်။ ထိုစဉ်က တရုပ်လူမျိုးများအနေဖြင့် ဗြိတိသျှ တို.အပေါ်တွင် မုန်းတီးနာကြည်းမှုမှာ ထိပ်ဆုံးတွင် ရောက်နေခဲ့သည်။

တနေကုန် ငြီးငွေ.ဘွယ်ရာ ကျောင်းအတန်း ကုန်ဆုံးသွားသည် နှင့် ဘရုစ်လီ တို. အုပ်စုသည် အနီးတွင် ရှိသော “King George V School” ကျောင်း အနားတွင် စုစည်းနေ၍ အင်္ဂလိပ်ကျောင်းသားများကို ရန်စ ၍ နောက်ဆုံးမတော့ ရန်ပွဲဖြင့် အဆုံးသတ် ခဲ့လေ့ရှိသည်။ အင်္ဂလိပ်ကျောင်းသား များသည် တရုပ် ကျောင်းသားများထက် လူကောင်ကြီးသော်လည်း ဘရုစ်လီခေါင်းဆောင် သောအဖွဲ.က ရန်ပွဲများစွာကို အနိုင်ရခဲ့သည်။ 

ထုံးစံအားဖြင့် ရန်ပွဲများ ၌ တစ်ဘက်ဘက် မှ လုံးဝ မရှူံးသေး မချင်း၊ ပုလိပ်များ မရောက်သေးမချင်း ရန်ပွဲတို.မှာ အရှိန်ကောင်းလျှက် ရှိနေခဲ့သည်။ ဤသို.ဖြင့် ဘရုစ်လီ အိမ်သို. ဟောင်ကောင် ပုလိပ်များက ဖုန်းတဂွမ်ဂွမ် ဆက်ခြင်း၊ မကြာခဏ ရောက်ရှိခြင်းကြောင့် ဖခင်ဖြစ်သူမှာ လွန်စွာဒေါသ ထွက်ခဲ့ သော်လည်း မိခင်က ဘရုစ်လီအား အမြဲ အကာအကွယ် ပေးခဲ့သည်။

ပုလိပ်များ၏ အနှောက်အယှက်ကင်းလွတ်စေရန် အတွက် ရန်ပွဲများကို တိုက်ခန်းများ၏ ခေါင်မိုးပေါ်တွင် မကြာခဏနွှဲခဲ့ကြသည်။ မျက်စိတွင် အညိုအမဲ စွဲလာခြင်း၊ ဒဏ်ရာ ရလာခြင်းတို. ဖြစ်ပါက ဖခင်မသိစေရန် အတွက် အိမ်မပြန်သေးပဲ လမ်းပေါ်တွင် အချိန် ဖြုန်းခဲ့ရသည်။

ဘရုစ်လီ၏ ဆတ်ဆတ်ထိမခံသော ရန်လိုသော စရိုက်ကို သုံးသပ်ရန်အတွက် ၁၉၅၀- နှစ်များတွင် ဟောင်ကောင်၏ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို နားလည်ရန် လိုပါသည်။ လူနည်းစုသာ ချမ်းသာပြီး အများမှာ လုပ်စရာအလုပ်မရှိ၊ ၀င်ငွေမရှိ ဖြစ်နေသော အခြေအနေဆိုးကြီးတွင် လူအများတို.သည် တရား ဥပဒေကို လိုက်နာရန်အတွက် သိပ်အာရုံမထားတော့ပဲ မိမိ၏ အခက်အခဲကို လတ်တလော ဖြေရှင်းရန် ဦးစားပေးကြသည်။ လောကကြီးကို မကျေနပ် ကြသော လူငယ်တို.သည် လမ်းသရဲဂိုဏ်းများ အသွင် စုစည်းလာကြသည်။ 

ဘရုစ်လီသည် ဆင်းရဲသော မိသားစုဝင် မဟုတ်သည်သာမက နာမည်ကြီးကျောင်းတို.တွင် တက်လာသူ ဖြစ်သော်လည်း လမ်းမ ပေါ်က ဘ၀ကို သူကိုယ်တိုင်က နှစ်သက်သူဖြစ်သဖြင့် “လမ်းဆုံကကျား (Tiger of Junction Street)” ဆိုသော လူငယ် ဂိုဏ်းကို ထူထောင်ခဲ့သည်။ သို.သော် ဘရုစ်သည် ကြေးစား လူမိုက်ဂိုဏ်း များသို. ၀င်ရောက်ဆက်သွယ်ခဲ့ခြင်း ရှိသည်ဟု အထောက်အထားမရှိပါ။ 
အကြမ်းဖက်ဆန်သော ဘရုစ်လီ၏ စရိုက်နှင့် ပတ်သက်၍ ဘရုစ်၏ ဂိုဏ်းဝင်ဟောင်းတစ်ယောက် က ဤသို.ပြောခဲ့သည်။
“တစ်နေ.မှာ ကျနော်တို.အဖွဲ.၀င် တစ်ယောက်ကို ကောင်းလုံဂိုဏ်းဝင် တစ်ယောက်က ရိုက်လိုက်တယ်။ ဘရုစ်နှင့် အဖွဲ.က ပြန်ချဖို.အတွက် ထွက်သွား ကြတယ်။ ကနဦးတော့ သူတို.နဲ.ညှိနှိုင်းရေး စကားပြောမလိုနဲ. ဘရုစ်က သူတို.ဆီကို ချဉ်းကပ်သွားတယ်။ အဲဒီအထဲက လူကောင်အကြီးဆုံး နှစ်ယောက် နဲ. လက်တကမ်းအကွာ လည်းရောက်ရော ဘာတခွန်းမှ မပြောပဲနဲ. စချတော့တာပါပဲ။“
တဖန် ဘရုစ်လီ၏ ညီမကိုယ်တိုင်က သူ.အကိုနှင့် ပါတ်သက်၍ “ဘာအကြောင်းရင်းမှ မရှိပဲနဲ.လဲ ရန်ထဖြစ်တတ်တယ်။ သူမနိုင်ယင် အကြီးအကျယ် ဒေါသ ဖြစ်တော့တာပဲ။ အရှူံး ဆိုယင် တစ်ခါလောက် တောင်မှ သည်းညည်းမခံနိုင်ဘူး။ 

ဘရုစ်လီ၏ မည်သည့်အရာကို လုပ်လုပ် အနိုင်ရ ရမည်ဟူသော သဘောထားသည် ဟောင်ကောင် လမ်းမပေါ်မှ စတင်ခဲ့သည်ဟု ဆိုရပါမည်။

ဘရုစ်လီ၏ ဆရာသခင် ဖြစ်သူ မစ္စတာ ယစ်ပ်မန်။
ဘရုစ်သည် ပထမဦးစွာ တိုင်ချီသိုင်းပညာကို သင်ကြားခဲ့ဘူးသည်။ သို.သော်လည်း ပျင်းရိငြီးငွေ.ဘွယ် ကောင်းပြီး၊ တကယ့်တိုက်ပွဲတွင် ရှူံးနိမ့် ခဲ့ဘူးသဖြင့် ထိုသိုင်းပညာအား ရပ်တန်.လိုက်သည်။ လမ်းပေါ်ရန်ပွဲများတွင် အနိုင်ရသော နည်းများ အတွက် ဘရုစ်အား လမ်းညွှန်မှု ပေးခဲ့သူမှာ ၀ီလျံချွန်း ဆိုသူ ဖြစ်၍ ဘရုစ်အား သိုင်းပညာရှင် တစ်ယောက် ဖြစ်အောင် ပုံလောင်း သွန်သင်ခဲ့သူမှာ ဆရာကြီး ယစ်ပ်မန် ဖြစ်သည်။ စတင် သင်ကြား ပေးချိန်က ဘရုစ်မှာ ၁၃-နှစ်သား အရွယ်ဖြစ်သည်။ သူတို.ဆရာတပည့် နှစ်ဦး၏ ဆက်ဆံရေးမှာ လွန်စွာ အဓိပ္ပါယ်လေးနက်သည်။ ဘရုစ်၏ သိုင်းပညာ စိတ်ဝင်စားမှုမှာ လွန်စွာ လွန်ကဲသောကြောင့် ဆရာကြီး ယစ်ပ်မန်၏ သားဖြစ်သူ ယစ်ပ်ချုယန် ကပင် ဘရုစ်အား “သိုင်းရူး“ ဟုမှတ်ချက် ပေးခဲ့သည်။

ပထမအနေဖြင့် ဘရုစ်သည် လမ်းပေါ်ရန်ပွဲများအတွက် ကွန်ဖူးပညာကို စိတ်ဝင်စားခဲ့သော်လည်း ဆရာကြီး ယစ်ပ်မန်၏ ညွှန်ကြားမှုတို.ကြောင့် ပညာရပ် အပေါ်တွင် ပို၍ အသေးစိတ် စိတ်ဝင်စားလာသည်။ တိုက်ခိုက်မှုပညာကို ရန်ဖြစ်ခြင်းဆိုသော သဘောထက် တိုက်ခိုက်ခြင်း ဒဿန အတွေးအခေါ် တို.ကို ပို၍ နားလည်လာသည်။ 

မူလပထမအားဖြင့် ကွန်ဖူးပညာ ၏အဓိပ္ပယ်မှာ “ခက်ခဲသော လုပ်ငန်း၏ အောင်မြင်မှု“ ဟု ဖြစ်သည်။ သမိုင်း အထောက်အထားတို.အရ ကွန်ဖူးပညာကို တရုပ်ပြည်တွင် ဖော်ထုတ်ခဲ့သည် အိန္ဒိယ ဘုန်းတော်ကြီးဖြစ်သူ အရှင်ဗောဓိဓမ္မ ဖြစ်သည်။ နောင်သောအခါ တရုပ်တို.က ၄င်းအား “တာမိုဘုန်းတော်ကြီး” ဟု ခေါ်တွင်ခဲ့ကြသည်။ ခရစ်တော်ပေါ်ပြီး ၆-ရာစုတွင် အရှင်ဗောဓိဓမ္မ သည် ဗုဒ္ဓဘာသာအား တရုပ်ပြည်တွင် သာသနာပြု ရေး အတွက် ရောက်ရှိခဲ့သည်။ တရုပ်ပြည်မြောက်ပိုင်း အရောက် ရှောင်လင် ဟုခေါ်သော ဘုန်းကြီးကျောင်းသို. ရောက်ခဲ့သည်။ ပထမဦးစွာ အရှင် ဗောဓိဓမ္မ အား ရှောင်လင်ဘုန်းကြီးများက လက်မခံခဲ့သဖြင့် အနီးအနားရှိ ကျောက်ဂူတစ်ခုတွင် သီတင်းသုံးခဲ့ရသည်။ နောင် ၉-နှစ်အထိ ကျောက်ဂူ ထဲတွင် နေထိုင်၍ အချိန်ကြာမြင့်စွာ တရားထိုင်ခဲ့သည်။ အသက် ၇၀ ပြည့်ပြီးနောက် ရှောင်လင်ကျောင်းသို. ထပ်မံ ရောက်သွားသော အခါတွင် အရှင်ဗောဓိဓမ္မ တွင် တစ်ဘက်သူများ မငြင်းပယ်နိုင်သော စွမ်းရည်များ ပိုင်ဆိုင်နေပြီဖြစ်သည်။ အရှင်ဗောဓိဓမ္မ အနေဖြင့် လက်ရှိရှောင်လင် ဘုန်းကြီးများ တရားထိုင်သော အခါ အိပ်ငိုက်၊ အိပ်ပျော်သွားသည်တို.ကို တွေ.နေခဲ့ရသည်။ စည်းကမ်းကို လိုက်နာလွန်းသဖြင့် လွန်စွာမှ စိတ်ဖိစီးမှု များသော ဘုန်းကြီး များသည် ခန္ဓာကိုယ် ကြံ.ခိုင်မှု အားနည်းခြင်း ကြောင့် ထိုသို. အိပ်ငိုက်ခြင်းကို ဖြစ်စေကြောင်း အရှင်ဗောဓိဓမ္မ အနေဖြင့် သတိပြု မိသည်။ ထို.ကြောင့် ဘုန်းကြီးများအနေဖြင့် လိုအပ်သော ကြံ.ခိုင်မှု လေ့ကျင့်ခန်းကျင့်စဉ်တို.ကို တီထွင်ပေးသည်။ 

ထိုလှုပ်ရှားမှုတို.သည် လှုပ်ရှားလျက် တရားထိုင်ခြင်း ကို ဖြစ်စေ၏။ ထို.အပြင် ဘုန်းကြီးများ တနေရာမှ တစ်နေရာသို. ခရီးသွားရာတွင် သူခိုး၊ ဓါးပြတို.၏ ရန်မှ ကာကွယ်ရန်လည်း ဖြစ်သည်။ အရှင်ဗောဓိဓမ္မ ၏ အဓိက ရည်ရွယ်ချက်မှာ ခန္ဓာကို တောင့်တင်းသော အင်အားမဟုတ်ပဲ ကိုယ်တွင်းမှ လာသော အသက်ဓါတ် စွမ်းအင်ကို အသုံးချတတ်စေရန် ဖြစ်သည်။

နှစ်ပေါင်း ၁၄၀၀ ကျော် ရှိလာပြီးနောက် ကွန်ဖူးသည် ပုံစံ (၃၈) မျိုး အထိကွဲပြားလာခဲ့သည်။ ဘရုစ်လီ၏ ဆရာ မစ္စတာ ယစ်ပ်မန်သည် မျိုးဆက် ၆-ဆက်လုံးလုံး ကွန်ဖူးပညာကို လေ့ကျင့်သင်ကြားလာခဲ့သော မျိုးရိုးမှ ဆင်းသက်လာ သူ ဖြစ်သည်။ မစ္စတာ ယစ်ပ်မန်အနေဖြင့် အသက် ၁၃-နှစ်သားမှ စတင်လေ့ကျင့်ခဲ့ သော်လည်း အသက် ၅၆-နှစ်ကျမှသာ အခြားသူများကို ပညာသင်ကြား ပေးခဲ့သည်။ သူသင်တန်းပို.ချပြီး ၂-နှစ် အကြာတွင် ဘရုစ်လီနှင့် တွေ.ရခြင်းပင် ဖြစ်သည်။

မစ္စတာ ယစ်ပ်မန်သည် နူးညံ့သော အပြုအမူရှိပြီး အရပ်အမောင်းအား ဖြင့် ၅-ပေနှင့် လက်မ၀က်၊ ကိုယ်အလေးချိန်အားဖြင့် ပေါင် ၁၁၀-ခန်. သာ ရှိသော်လည်း စိတ်ဓါတ်အားဖြင့် လွန်စွာခိုင်မာသော သူဖြစ်သည်။ အနောက်တိုင်းဝတ်စုံကို ရှောင်ကြဉ်ပြီး၊ လူအများနှင့် ဓါတ်ပုံရိုက်ခြင်းကို လည်း မနှစ်သက်ပါ။ ၄င်း၏ ပညာဖြစ်သော ကွန်ဖူးမှာ ၀င်ချွန်းဆိုသော ပညာဖြစ်သည်။ ဘရုစ်လီ၏ အဆိုအရ 

သူ.တစ်သက်တာတွင် လက်သီးစွမ်းရည် အပြင်းဆုံး သူတွေ.ဘူး သူမှာ ဆရာ ယစ်ပ်မန်ဖြစ်ပြီး လူတစ်ယောက်အား လက်သီးတစ်ချက်တည်းဖြင့် သေစေခဲ့ဘူးသူ ဟု အဆိုရှိသည်။
ဘရုစ်လီ အနေဖြင့် ၀င်ချွန်းပညာအား စိတ်ဝင်စားမှု ဖြစ်စေသည်မှာ ၄င်း၏ တိကျသော သဘောနှင့် စွမ်းအားကို တိုးတက် မြှင့်တင်စေ မှုကို ဦးစား ပေးသော နည်းကြောင့်ဖြစ်သည်။ ၀င်ချွန်း၏ အဓိကမူမှာ အမှတ် နှစ်ခုမှ အနီးဆုံးမျဉ်းဖြောင့်ကို သွားရောက်ခြင်းပင်ဖြစ်သည်။ ခြေကန်ခြင်းနည်း စနစ်များ ရှိသော် လည်း ရန်သူ၏ ခါးအထက်ကို လုံးဝမကန်ပါ။ အနီးကပ်တိုက်ခိုက်မှုကို ဦးစားပေးသော နည်းဖြစ်သည်။ တိုက်ခိုက်မှုအားလုံးသည် ရန်သူ၏ ဗဟို အလယ်မျဉ်း ဆီသို.သာ ဖြစ်သည်။ 

ဝင်ချွန်းပညာ၏ မရှိမဖြစ် လေ့ကျင့်ရသောနည်းစနစ်မှာ ”ချီစောင်” ခေါ် လက်များဆန်.ထုတ်ရသော လေ့ကျင့်ခန်းပင်ဖြစ်သည်။ ၄င်းကို ကျင့်ရာ၌ အဆင့် သုံးဆင့် ရှိသည်။ အဆင့်မြင့်လာသော အခါမျက်စိကို အ၀တ်စည်း၍ ကျင့်ရသည်။ အရေးအကြီးဆုံးသဘောပေါက်ရန်အချက်မှာ ချီစောင်သည် တကယ့် ရန်သူနှင့် တိုက်ခိုက်ရာနှင့် တူညီမည် မဟုတ်ဆိုသည်ကိုပင် ဖြစ်သည်။ ဘရုစ်လီအနေဖြင့် ချီစောင်ကို ကျင့်ခြင်းဖြင့် ယင်၊ယန် သဘောတရား တို.ကိုလည်း နားလည် လာခဲ့သည်။ 

(မှတ်ချက်။ Digital Sarpay မှ ထုတ်ဝေမည့် စာအုပ်တွင် အပြည့်အစုံ ပါဝင်ပါမည်။)

အပိုင်း (၂) ကို ဆက်လက် ဖေါ်ပြပေးပါမည်။

နျူမာန် (မိုးတား)


[+/-] show/hide this post

1 comment:

Anonymous said...

Fabulous, what a website it is! This website presents helpful facts to us, keep it up.



Also visit my webpage: Toe Pain treatment

Post a Comment