Saturday, November 2, 2013

ဘ၀ စစ်ပွဲ အနှိုင်နွှဲ နိုင်မလား…

နေရာတိုင်း လိုလိုမှာ- “ဘ၀တိုက်ပွဲ” ဆိုတဲ့ အသုံး အနှုန်းကိုပဲ တွေ့ကြရမှာ ဖြစ်ပြီး- “ဘ၀ စစ်ပွဲ” လို့သုံးနှုန်း တာကိုတော့ အင်မတန် တွေ့ရခဲ လို့ - စာဖတ်သူများ စနိုး စနောင့် ဖြစ်သွားမယ်လို့ ထင်ပါတယ်။

ဒီနေရာမှာ- “တိုက်ပွဲ”ဆိုတာ နဲ့ “စစ်ပွဲ” ဆိုတာကို ရှင်းလင်းစွာ အဓိပ္ပါယ် နားလည် ဘို့ ကြိုးစား ကြည့်ကြ ပါစို့။

တကယ်တော့ “တိုက်ပွဲ”ဆိုတာဟာ- Battleဖြစ်ပြီး- “စစ်ပွဲ” ဆိုတာကတော့- War ဖြစ်ပါတယ်။

“စစ်ပွဲ” တစ်ခုမှာ-“တိုက်ပွဲ” ပေါင်းများစွာ ရှိပါတယ်။ စစ်ကြီး အပြီးမှာ- ဘယ်သူ နိုင်တယ်- ဘယ်သူရှုံးတယ် ဆိုတာကို- “စစ်ပွဲ” တစ်ခုလုံး ရဲ့ အနိုင် အရှုံး ကသာ ဆုံးဖြတ်ပါတယ်။တိုက်ပွဲ တွေကတော့- သက်ဆိုင်ရာ တိုက်ပွဲ တစ်ခုချင်း အနေနဲ့သာ ဆုံးဖြတ်ပါတယ်။ သို့သော်လည်း-စစ်ရဲ့ နောက်ဆုံး အဆုံးအဖြတ်ကို ပေးတဲ့- နောက်ဆုံး တိုက်ပွဲ ကတော့- စစ်ပွဲ ရဲ့နိဂုံး တိုက်ပွဲ ဖြစ်ပါတယ်။

များစွာသော စစ်ဧကရာဇ်-စစ်သူကြီး၊ စစ်သေနာ ပတိ တွေဟာ- တိုက်ပွဲများစွာ ရှုံးခဲ့ဘူး ပေမယ့်- “စစ်ပွဲ” ကိုအောင်မှသာ- အောင်မြင်သော စစ်သူကြီး ဖြစ်ပါတယ်။ ဒါကြောင့် အားလုံး အနေနဲ့ ခြုံငုံကြည့်ယင်- ဘယ် “တိုက်ပွဲ” ကတော့ ဖြင့်- စစ်ရဲ့ အဆုံး အဖြတ်ကို သတ်မှတ် ပေးလိုက်တဲ့တိုက်ပွဲ ဖြစ်တယ်-ဆိုတာ က- တစ်နည်း အားဖြင့်- စစ်ပွဲ အရှုံး အနိုင် ကို သတ်မှတ်ပေးတဲ့- အဓိက “တိုက်ပွဲ” ကို အောင်မြင် နိုင် ဘို့ က အရေးကြီးဆုံး ဖြစ်ပါတယ်။

ဆိုလိုတာက- တိုက်ပွဲတွေဘယ်လောက် နိုင်ခဲ့ နိုင်ခဲ့ပါစေ- စစ်ပွဲ ကြီးကို ရှုံးယင်- ရှုံးတာပါပဲ။
တိုက်ပွဲ ငယ်တွေဘယ်လောက် ရှုံးနိမ့် ခဲ့ပါစေ- စစ်ပွဲကြီးကို အဆုံးအဖြတ် ပေးမယ့် တိုက်ပွဲ ကိုနိုင်သူဟာ- စစ်အောင်သူ ဖြစ်တာပါပဲ။

ဥပမာ- အားဖြင့်- ကမ္ဘာကျော်“ဒင်ဗင်ဖူး” တိုက်ပွဲကြီးဟာ- ဗီယက်နမ် နဲ့ ပြင်သစ် တို့ရဲ့ စစ်ပွဲ ကြီးကိုအဆုံးအဖြတ် ပေးလိုက်တဲ့ အဓိက တိုက်ပွဲ- (Major Decisive Battle) ဖြစ်ပါတယ်။ လူအသေအပျောက်အားဖြင့်- ဗီယက်နာမ် တို့ဘက်က ပြင်သစ်တို့ ထက် များစွာ သာလွန် ဆုံးရှုံးခဲ့ရတာ မှန်ပေမယ့်- ပြင်သစ်တွေ အညံ့ခံ ရအောင် လုပ်နိုင်တဲ့ တိုက်ပွဲ ဖြစ်တာမို့- နိဂုံးတိုက်ပွဲ- စစ်ပွဲကို အဆုံး သတ်ပြီး- မည်သူ နိုင်- မည်သူ ရှုံး သတ်မှတ် ပေးလိုက်တဲ့တိုက်ပွဲ ဖြစ်ပါတယ်။

နောက် ဥပမာ- တစ်ခုအနေနဲ့တော့- ကျားထိုးယင်- ၁-ကောင် ကျွေး၊ ၃-ကောင်ရိုက်၊ ကင်းပေါက် သွားပြီး-တစ်ဘက်သူရဲ့ အကောင်တွေကို ဆက်တိုက် သိမ်းကြုံး နိုင်မယ်- စစ်တုရင် ထိုးယင်-နယ်ရုပ်၊ မြင်းစတာတွေ လိုအပ် သလို ချကျွေးခဲ့ပြီး- ပြိုင်ဘက် ရဲ့ ဘုရင်ရုပ် ကိုအပိုင် “ချက်” နိုင်မယ် ဆိုယင်- ထိုသူဟာ- အောင်နိုင်သူပါပဲ။

ဒါကြောင့်- “လမ်းဆုံးယင်ရွာတွေ့” ဆိုသလို- စစ်ပွဲကြီး ပြီးဆုံးသွားယင် ဘယ်သူ နိုင်- ဘယ်သူ ရှုံး- ဖြစ်သွားတယ်ဆိုတာ ကသာ အရေး အကြီး ဆုံး ဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်တွေ-ကံ- အကြောင်း ထောက်မပြီး- လူသား ဘ၀ ကို ရောက်လာခဲ့ကြရပါတယ်။
ဒီလို နဲ့ပဲ- လူ့လောကလမ်းခရီး- တနည်းအားဖြင့်- “ပုခက်မှ - သုဿန် သို့” အသွား ခရီး တစ်လျှောက်လုံး မှာ-တိုက်ပွဲပေါင်း များစွာကို လူတိုင်း ကြုံတွေ့ ခဲ့ကြရသလို- ရင်ဆိုင် ယှဉ်ပြိုင် အနိုင်ယူဘို့ ကြိုးစားကြ ရပါတယ်။ ဒီလို တိုက်ပွဲပေါင်း များစွာ နဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့- လူ့ဘ၀ စစ်ပွဲ ကြီးမှာ- ကျွန်တော်တို့ နိုင်-နိုင်သလား-ကျွန်တော်တို့ ရှုံး-နိုင်သလား ကို ဇကာထိုး စစ်ဆေးကြည့်ကြ ရအောင်-

ဒီနေရာမှာ- သံသရာခရီးသည် တွေ ဖြစ်တဲ့ ကျွန်တော်တို့ အနေနဲ့- သံသရာ စစ်ပွဲ အနှိုင် အရှုံး ကိစ္စကို တော့-ကျွန်တော် မဆွေးနွေးလိုပါ။ ဘာသာရေး သီးသန့် ဖြစ်တဲ့ အတွက်- ဘာသာရေး ရှုထောင့် ကဆွေးနွေးဘို့ အတွက် ကျွန်တော့် အနေနဲ့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကြောင့် ဘာသာရေးဝေါဟာရ တွေ၊ ဘာသာရေး အတွေးအခေါ်တွေ၊ ကြားဘူး နားဝ တွေ အားလုံးကို ထည့်မရေးပါဘူး။

ဒါကြောင့်- တစ်ဘ၀စာ စစ်ပွဲ တစ်ခု ရဲ့ အနိုင် အရှုံး အနေနဲ့ ပဲ သာမာန် လူတစ်ယောက် အနေနဲ့- ကျွန်တော်မြင်သလို- သုံးသပ် ပြပါမယ်။
ဘ၀ တာ စစ်ပွဲ ခရီးမှာ“အောင်နိုင်ခြင်း” နဲ့  “ရှုံးနိမ့်ခြင်း”တို့ ရဲ့ အဓိပ္ပါယ် နဲ့- ကျွန်တော်တို့ ဘ၀ လမ်းခရီး မှာ- မလွှဲ မရှောင်သာ ရင်ဆိုင်တိုက်ခိုက် ကြရတဲ့၊ - တိုက်ပွဲ တွေ အကြောင်း လေ့လာ ကြည့်ကြ ရအောင်။

မိမိဘ၀ရဲ့ နောက်ဆုံးအချိန်- လူ့လောက က ထွက်ခွာချိန် ဟာ- ဒီ တစ်ဘ၀စာ စစ်ပွဲ ရဲ့ အနိုင် အရှုံးကို ကြေညာလိုက်ချိန်သာ ဖြစ်ပါတယ်။ လူတစ်ယောက်- မြေပြင်ပေါ်မှာ ပေါ်ထွန်းလာပြီး- နေထိုင်ရှင်သန် ခဲ့တဲ့ ဘ၀ မှာ-
  • မိမိကိုယ်မိမိ စိတ်ကျေနပ် စွာနဲ့ နှုတ်ဆက် ထွက်ခွာ နိုင်ခဲ့ယင်။
  • စိုးရိမ်ခြောက်ချား မှု၊ နောင်တ ရမှု များ ကင်းမဲ့ စွာ နဲ့ နှုတ်ဆက် ထွက်ခွာ နိုင်ခဲ့ယင်။
  • သန့်ရှင်းသောမနော- မနသီကာရ နဲ့ နှုတ်ဆက် ထွက်ခွာ နိုင်ခဲ့ယင်။
  • ကိုယ်တိုင်တကယ် ပိုင်ဆိုင် နိုင်တာ တစ်ခုခု ကို ယူပြီး ထွက်ခွာ နိုင်ခဲ့ယင်-


ကျွန်တော်တို့ အနေနဲ့ ဒီတစ်ဘ၀ တာ စစ်ပွဲ မှာ အနိုင်ရသွားခဲ့ပါပြီ။

သို့သော်- ကျွန်တော့်ရဲ့နောက်ဆုံး ထွက်သက် မှာ-
  • မိမိရဲ့အမှားတွေကို ပြန်မြင်ယောင် နောင်တရပြီး- ကြေကွဲစွာ နှုတ်ဆက် ခဲ့ရယင်-
  • ကျွန်တော်တို့စိတ်တွေ မဖြူစင် မသန့်ရှင်း စွာ နဲ့ နှုတ်ဆက် ခွဲခွာ ခဲ့ရမယ်-
  • စိတ်ဆင်းရဲ-ကိုယ်ဆင်းရဲ များစွာ ကို ခံစားရပြီးမှ နှုတ်ဆက် ခွဲခွာ ခဲ့ရမယ်-

ကျွန်တော်တို့ အနေနဲ့ရှုံးနိမ့် စွာ ထွက်ခွာ ရခြင်းသာ ဖြစ်ပါတော့တယ်။ ဒီတော့ကာ- ကျွန်တော်တို့ ဘ၀ တစ်လျှောက်စစ်ပွဲကြီးမှာ ပါဝင်တဲ့ တိုက်ပွဲတွေကို အုပ်စု ခွဲကြည့်ယင်- ဒီလိုတွေ့ကြရပါလိမ့်မယ်။
-    ဘ၀ ကနဦး တိုက်ပွဲများ။
-    ဘ၀ အလယ်တိုက်ပွဲများ။
-    ဘ၀နိဂုံးပိုင်း တိုက်ပွဲများ။

ဘ၀ ကနဦး တိုက်ပွဲများ။

ဘ၀ အစရဲ့ ကနဦးတိုက်ပွဲကြီး တစ်ခုကတော့- အမိဝမ်းကနေ အသက်ရှင်စွာ နဲ့ လူ့လောက ကို ခြေချ နိုင်ရေးတိုက်ပွဲ ဖြစ်ပါတယ်။ မိခင် နဲ့ ဆရာဝန် (သို့မဟုတ်) သူနာပြု၊ ၀မ်းဆွဲ သည် တို့ကတစ်ဘက်က ကြိုးစား နေကြ သလို- အမိဝမ်းက ကလေးငယ်ဟာလည်း သူ့ အသက်ရှင်သန် ရေးတိုက်ပွဲကို သူကိုယ်တိုင် အတိအကျ နားမလည် သော်မှ- ရွပ်ရွပ် ချွံချွံ ခုခံ တိုက်ပွဲခဲ့ရပါသေးတယ်။ ဒီတိုက်ပွဲမှာ သူရှုံး သွားယင်- ဒီဘ၀ အတွက် စစ်ပွဲ တစ်ခုလုံးရှုံးသွားပြီလေ။

ဒီလိုနဲ့- ပညာသင်တဲ့အရွယ် ရောက်လာတော့-
ကျွန်တော်တို့ တစ်တွေပညာသင်ကြရတယ်။ တကယ်တော့ ပညာသင် တယ်၊ အသိဥာဏ် ရှာတယ် ဆိုတာ- နောင်လာမည့် စစ်ပွဲတွေ ၊ဘ၀ တိုက်ပွဲတွေ အတွက် လိုအပ်တာတွေ စုဆောင်း ကြရခြင်း ပါပဲ။
-        ဒီအချိန်မှာလိုအပ်တာတွေ ကို ကောင်းစွာ စုဆောင်းဘို့ အခွင့် အလမ်း ရပေမယ့်- ဒါကို တစ်ချို့က-တန်ဘိုးထားရမှန်း နားမလည် ကြပါဘူး။
-        တစ်ချို့ကြပြန်တော့လည်း- မိဘတွေ ရဲ့ မပြည့်စုံ မှုကြောင့်- လက်နက် လူသူ စုဆောင်း ရမယ့်အစား- (တစ်နည်းအားဖြင့်- အတတ်ပညာ၊ အသိပညာ ဖြည့်ဆည်း ရမည့် အစား)၊ ဘ၀ တိုက်ပွဲကိုလူမမည် အရွယ် ကတည်းက စတင်ကြရပါတော့တယ်။

ဘာပဲ ဖြစ်ဖြစ် ပြင်ဆင်နိုင်ခွင့် ရသူတွေ အတွက်ကတော့-

စစ်ပွဲ ကြီးတွေမစခင်မှာ- စစ် အတွက် လိုအပ်တာတွေ ပြင်ဆင် ကြရပါမယ်။ အကယ်၍ စာဖတ်သူဟာ- ပြင်ပလောကမှာ- စစ်ပွဲ ရဲ့ သေနာပတိချုပ် ဖြစ်ခဲ့ယင်- အရေးကြုံ သက်လုံ ကောင်းစေဘို့ အတွက်-စစ်ပွဲမှာ မရှိ မဖြစ် လိုအပ်တဲ့- အထောက်အကူ ပစ္စည်းများ အနေနဲ့ကတော့-
  • လက်နက်ခဲယမ်း မီးကျောက်၊ တည်နေရာ ခံတပ် အနေအထား၊ ရဲမက် အင်အား၊ စွမ်းဆောင်မှု စည်းကမ်းရှိမှု၊ ကွပ်ကဲ နိုင်ရည် နှင့် အရေးအကြီးဆုံး မဟာဗျူဟာ၊ နည်းဗျူဟာ ရှင်များ နဲ့-မဟာမိတ်များ ဖွဲ့ထားခြင်း တို့ပါပဲ။
  • ဒီလိုပါပဲ-နောက်လာမည့် စစ်ပွဲတွေ အတွက်- မရှိမဖြစ် တတ်အပ်တဲ့ အတတ်ပညာ တွေနဲ့၊ အခြေခံ ပညာရေးဟာ- စစ်ပွဲ အတွက် လက်နက်၊ ခဲယမ်း မီးကျောက် သဘော ဖြစ်သလို၊ တွေးခေါ် စဉ်းစားနိုင်စွမ်းဟာ- စစ်ပွဲ က ဗျူဟာ ပညာရှင် များ နဲ့ သဏ္ဍာန် တူပါတယ်။ ထိုနည်းတူ-စည်းကမ်း ရှိမှု၊ ကွပ်ကဲ နိုင်မှု ဟာ- အခြေခံ ကိုယ့်ကျင့် တရား ခိုင်မာ မှုဖြစ်သလို- အခြားသော တိုင်း၊ နိုင်ငံများ နဲ့ မဟာမိတ် ဖွဲ့ထားခြင်းဟာ- မိတ်ဆွေ များနဲ့ လူမှု ဆက်ဆံရေး နယ်ပယ် ကျယ်ပြန့် အောင် လုပ်ထားခြင်းပါပဲ။ ဒီနေရာမှာ- သူရဲကောင်းရဲမက် များရဲ့ စွမ်းအင် နဲ့ တူတဲ့ ကိုယ်စွမ်း ကိုယ်စ ဆိုတာကို မေးထားလို့ မရပါဘူး။
ဘယ်ကိစ္စကို လုပ်ရာမှာဖြစ်ဖြစ်- အချိန် ကန့်သတ်မှု ရှိလေတော့- လုပ်စရာ အားလုံးကို ပြည့်စုံ အောင်တစ်ပြိုင်တည်း လုပ်လို့ မရပါဘူး။ ဒီတော့ကာ- ဘယ်အရာတွေ ကို ဦးစားပေးပြီး လုပ်ရမလဲလေ့လာ ပြီးနောက် အဲဒီ အတွက် လိုအပ်တာတွေ လုပ်ဆောင် နေဆဲမှာ- မိမိမလုပ်ဖြစ်လိုက်တဲ့၊ တစ်နည်း အားဖြင့် မလုပ်နိုင်သေးတဲ့- “ဟာကွက်” အားနည်းချက် ကိုအမြဲသတိထား နေရပါတယ်။ အချိန် ပြန်ရတာနဲ့ အဲဒီ “ဟာကွက်” များကို အင်အား ဖြည့်တင်းရပါတယ်။ ကျွမ်းကျင်တဲ့ တပ်မှူး တစ်ယောက်ဟာ- လုပ်ထား နိုင်သမျှ အားလုံးတော့ထောင့်စေ့ လုပ်ထား နိုင်တောင်မှ- ဒါတွေ အတွက် အထူးတလည် အပျော်လွန် မော်ကြွားခြင်းမရှိပဲ- မလုပ်ရသေး တာတွေ၊ လစ်ဟာ သွားခဲ့ ရတာတွေ အတွက် ကိုသာ ပြန်လုပ်ဘို့၊ ပြန်ဖြည့်တင်းဘို့ စဉ်းစားပါတယ်။ ပြည့်စုံတယ် ဆိုတာ ဘယ်တော့မှ မရှိပါဘူး။

စောစောက ပြောခဲ့တဲ့-ဒီပညာရေး ဆိုတဲ့ လက်နက် ခဲယမ်း မီးကျောက် စုဆောင်းမှု ကဏ္ဍမှာ- အားနည်း ခဲ့ရသူအချို့ဟာ ဘ၀ ကို စောစီးစွာ ရုန်းကန် ရယင်း နဲ့ လိုအပ်တဲ့- ကိုယ်စွမ်း ကိုယ်စ ခေါ်တဲ့- Adversity Quotient လို့ ခေါ်တဲ့- Resilience  ရုန်းကန်နိုင်မှု- ကျဆုံးမှု ကိုကြံ့ကြံ့ခိုင်မှု စွမ်းရည်များ တစ်ဘက် ကလည်း ရလာတတ်ပါတယ်။ ဒါဆိုယင် တစ်ဘက်မှာလက်နက် ခဲယမ်း မီးကျောက် စုဆောင်း နိုင်မှု အားသွားပေမယ့်- တစ်ဘက်က- သူ့အနေနဲ့စစ်ပွဲ အတွက် အရည်အချင်း ပြည့်မီ တဲ့ သူရဲကောင်း ရဲမက်တွေ ရလာနိုင်တဲ့ သဘောပါပဲ။
ကောင်းပါပြီ- လက်နက်ခဲယမ်း မီးကျောက် တွေကို စုဆောင်းခြင်း နဲ့ တူတဲ့ အတတ်ပညာတွေ ကို လေ့လာသင်ကြားခွင့် ရတဲ့ သူတွေ ကတော့- ကိုယ်တိုင် ရုန်းကန် တိုက်ပွဲ မစရသေးတဲ့ အတွက်ရဲရင့်-တဲ့ သူရဲကောင်းတွေ မရသေးတဲ့ သဘောလည်း ဖြစ်နေပြန်ပါတယ်။ သူတို့လည်း တစ်ခုရပြီး- တစ်ခု အတွက် မပြင်ဆင်နိုင်သေးဘူး ဆိုတဲ့ သဘောပါပဲ။

သို့သော်- ရရှိ လာတဲ့အခွင့်အရေးတွေ၊ ရနိုင်စရာ ရှိတဲ့ အခွင့်အလမ်း တွေကို- ယူထားရ ကောင်းမသိ- နောင်တိုက်ပွဲ တွေ အတွက် လိုအပ် လာမယ့် အရာ တွေကို- စုဆောင်း ပြင်ဆင် ထားရမှန်းမသိသူတွေ အနေနဲ့ ကြတော့ရော-
သူတို့ အနေနဲ့တော့- ၂-ခုစလုံး ဆုံးရှုံး သွားစရာပဲ ရှိပါတော့တယ်။ ဒီတော့ကာ နောက်လာမယ့် လောက တိုက်ပွဲ တွေမှာ- ပျောက်ကြား တိုက်ခိုက်၊ ခြုံခို တိုက်ပွဲ ပဲ လုပ်ခွင့် လောက်ပဲ သူတို့ ရနိုင်ပါတော့တယ်။

တက္ကသိုလ် ကျောင်းသား ဘ၀-ကျောင်းတွေ ပိတ်ထားစဉ်ကာလမှာ- မိဘ ရဲ့ ကားလုပ်ငန်းမှာ- ကျွန်တော် စပယ်ယာ အနေနဲ့လိုက်ခဲ့ပါတယ်။ စာအုပ် တစ်အုပ်ယူပြီး- စာဖတ်ယင်း ကားအော်ဒါ စောင့် နေစဉ်မှာ-ကျွန်တော်လို အခြား ကျောင်းသားတွေဟာ- မြို့နယ် ကျောင်းသား အသင်း လက္ဘက်ရည်ဆိုင်အတွက်- လက်မှတ် လိုက်ရောင်းနေကြတာကို သိပေမယ့်- ကျွန်တော်က ဒါကို ဂရုမပြုမိခဲ့ဘူး။ကျွန်တော် လုပ်နေတာ မှန်တယ်ပဲ ထင်နေမိတယ်။

ဒီအချိန်မှာ-ကျွန်တော့်ကို အလယ်တန်း တုန်းက သင်ဘူးပေးတဲ့ ဆရာ တစ်ယောက်က- ကျွန်တော့် ကားဆီ ကိုရောက်လာယင်း- ကျွန်တော်နဲ့ စကားစမြည် လာပြောပါတယ်။

ဒီနေရာမှာ- ဆရာပြောသွားခဲ့တဲ့ စကား တစ်ခုကို ယခု အထိ အမြဲ မှတ်မိ နေပါတော့တယ်-

သူပြောသွားတာက- 
မင်းက-အခုဆိုယင် မင်းကိုမင်း- အဓိပ္ပါယ် ရှိတာကို လုပ်နေတယ်။ မိဘ အတွက်၊ အိမ် အတွက်အကျိုးရှိတာကို လုပ်နေတယ်။ အခြားသူတွေက တော့- ဝေလေလေ လုပ်နေတယ်-လို့ ထင်ကောင်းနေမှာပဲ။ ဒါပေမယ့်- ငါ့ အနေနဲ့ ပြောရယင်- အခု မင်းရဲ့ လက်ရှိ ရည်မှန်းချက်ဟာ-မင်းကား ကို အော်ဒါ ရဘို့ အတွက်ပဲ ဖြစ်တယ်။ ဒါဟာ အကန့် အသတ် တစ်ခုစာပဲ တန်ဘိုးရှိတယ်။ မင်းသူငယ်ချင်း တွေကျတော့- လူတွေ ဆီကို တစ်အိမ် တက်ဆင်း- လက်မှတ်ရောင်းကြယင်း- အပေါင်း အသင်း၊ မိတ်ဆွေ ကဏ္ဍ၊ လူတွေရဲ့ အလိုက်ကန်းဆိုး၊ လူတွေအကြောင်းကို ပိုသိ နိုင်တဲ့ အခွင့် အရေးကို ရသွား ကြတယ်။ ဒါဟာ အကန့် အသတ်မရှိဘူး။ဒီတော့- ဘယ်ဟာက ပိုတန်ဘိုး ရှိသလဲ မင်းစဉ်းစားပါ”.တဲ့။

အင်မတန် မှန်တဲ့ စကားဖြစ်ပါတယ်။ ကျွန်တော် ဒါကို မမြင်မိခဲ့ဘူး။
ဒီတော့ကာ- သူတို့ဟာ-တစ်ခြားခြား သော အရည်အသွေးပိုင်းတွေ၊ အခြားခြား သော လိုအပ်ချက်များ ကို ကျွန်တော့်ထက် သာပြီး ရသွား နိုင်စရာရှိပါတယ်။ ကျွန်တော်ဟာ မိမိအတွက် လိုအပ်တာကိုပြင်ဆင်ယင်း တစ်ခြားဘက်မှာ လစ်ဟာသွားခြင်း ဖြစ်တာကို ဆရာက ထောက်ပြခဲ့ပါတယ်။

ဒါကြောင့်- မိဘ အရွယ်ဖြစ်တဲ့ ကျွန်တော့် အနေနဲ့- အခြား မိဘ များကို အကြံ ပြုချင်တာကတော့-
ကျွန်တော့်တို့ မြန်မာမိဘများဟာ- ကိုယ့်သားသမီး လိမ္မာတယ် ဆိုယင်၊ စာတော် တယ် ဆိုယင် ဂုဏ်ယူ ချင်ကြတယ်။ဒါပေမယ့်- တစ်ဘက်မှာ- စာအုပ်ပုံ ထဲမှာသာ နစ်မွမ်းပြီး- ဘ၀ အကြောင်း မသိဘူး ဆိုယင်-နောက် လက်တွေ့ ရုန်းကန် ရတဲ့ ဘ၀ရပ်တည် ရေး တိုက်ပွဲမှာ- မလိုလား အပ်တဲ့ဆုံးရှုံးမှုတွေ နဲ့လည်း ရင်ဆိုင် ရတတ်ပါတယ်။

ကျောင်းတွေတက်-စာတွေကြည့်၊ လူမှုရေး အားနည်း ချက်ကို- ဖုံးကွယ် တဲ့ အနေနဲ့ - စာကိုပဲပိုအာရုံစိုက် ခဲ့ရတဲ့ ကလေး တစ်ယောက်ဟာ- နောက်ကြယင်- ဗြူရိုကရက် တစ်ယောက် ဖြစ်သွားနိုင်သလို၊ ရာထူး ကြီးသော်လည်း- လက်အောက်ငယ်သား များကို အုပ်ချုပ်နိုင်စွမ်းမကောင်းတဲ့- သူတစ်ဦး ဖြစ်သွား နိုင်စရာတွေ ရှိပါတယ်။ လူတွေရဲ့ အကြောင်း၊ လူတွေရဲ့ခံစားချက် ကို နားမလည် နိုင်တဲ့ အားနည်းချက် နဲ့၊ မိတ်ဆွေ အသိုင်းအ၀ိုင်း ရဲ့တန်ဘိုး နားမလည် ခြင်း စတဲ့ လိုအပ် ချက်တွေ- သူမှာ ထင်ထင် ရှားရှား ပါသွားခဲ့ပြီလေ။

ဘိလပ်ပြန်မောင်းသောင်းဘေ-

ပညာဝန် ဦးဘိုးကျား ရေးခဲ့တဲ့ဘိလပ်ပြန် မောင်သောင်းဘေကို ကျွန်တော် ကောင်းကောင်း ဖတ်ခဲ့ရ ပေမယ့်- တကယ်တမ်းတော့- ကောင်းကောင်း နားမလည် ခဲ့မိပါ။
ကိုယ်တိုင် လက်ကကိုင်သွားလို့ ရတဲ့ အိတ်တစ်လုံး အတွက် ကူလီခေါ်၊ စကားပြောယင် ဘိုလို ညှပ်ပြော၊အများက အထင်ကြီးအောင် ဟန်ထုတ်၊ ရွှံ့ဗွက် ရေအိုင် တွေ့ယင်- အမေနဲ့ ညီမတွေက ပွေ့သွားရတဲ့ မောင်သောင်းဘေ ကို ဘယ်သူ ဖန်တီးခဲ့ပါသလဲ-
တကယ်တမ်းက သူ့မိသားစုနဲ့ သူ့ ပတ်ဝန်းကျင် ကသာ ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။
မိဘ-ဆွေမျိုး မောင်နှမအားလုံး ပညာတတ်လောကမှာ- ပညာတတ် တစ်ယောက် ဖြစ်လာသူ အနေနဲ့- သူကိုယ်သူ ဟန်တမင်ထုတ်စရာ မလိုသလို- ဘ၀င်ဟပ် စရာလည်း မရှိပါ။
မိမိနဲ့ ပတ်သက်ရာအနီးဆုံး ပတ်ဝန်းကျင်- မိဘ အသိုင်း အ၀ိုင်းမှာ- မိမိဟာ ပညာ အတတ်ဆုံး ဖြစ်လာခဲ့ယင်၊ ဖြစ်စေ၊ မိဘ ပတ်ဝန်းကျင်မှာ လူနေမှု အဆင့် အတန်း မမြင့်ခဲ့ဘူးပဲ- ကိုယ့်လက်ထက်ကျမှ အဆင့်မြင့် မြင့် နေထိုင်ခွင့် ရလာခဲ့ယင် ဖြစ်စေ၊ မိဘ အသိုင်းအ၀ိုင်းမှာ- ရာထူး ဌာနန္တရ ကြီးမားသူ မရှိခဲ့ပဲ-ကိုယ်တစ်ယောက် သာလျှင် သူတို့ ထက် ထူးချွန်ခဲ့ယင် ဖြစ်စေ- “မောင်သောင်းဘေ” တွေ ပေါ်လာတတ်စမြဲပါပဲ။ ခေတ်သစ် မောင်သောင်းဘေ များစွာကိုလည်း ကျွန်တော် ကြုံတွေ့ နေခဲ့ရသလို-ကြုံတွေ့ နေရဆဲလည်း ဖြစ်ပါတယ်။

ဘ၀ အလယ်ပိုင်း တိုက်ပွဲများ။

တကယ်တမ်း အားဖြင့်ကတော့- ဘ၀ အလယ်ပိုင်း တိုက်ပွဲများဟာ- စစ်မျက်နှာ ပြင် အမျိုးမျိုး မှာ ရင်ဆိုင် တိုက်ပွဲများ ဆက်တိုက် ဖြစ်တာမို့- တိုက်ပွဲများစွာ ပါဝင် နေတဲ့- ရည်ရွယ်ချက်  Mission  မျိုးစုံ ပါဝင် နေတဲ့ စစ်ပွဲ ဖြစ်ပါတယ်။ ဘ၀တစ်သက်တာ စစ်ပွဲ ကြီးအတွက်- ဆိုယင်လည်း- ဘ၀ -အလယ်ပိုင်း စစ်ပွဲ များရဲ့ အနေအထား ဟာအရေးကြီးတဲ့ အတွက်- သေသေချာချာ လေ့လာ သုံးသပ် သင့်တဲ့- စစ်ပွဲ တစ်ခု ဖြစ်ပါတယ်။
အဲဒီ မှာ- မိမိရောက်ရှိရာ စစ်မြေပြင် ပေါ်မူတည်ပြီး-
-        အချို့သူများက-စစ်မြေပြင် အပေါ်စီး နေရာ ကောင်း က တိုက်ခိုက်ခွင့်ရသူများ။
-        အချို့သူများကျတော့-မိမိရောက်ရှိထားတဲ့ နေရာ ဟာ ကောင်းမွန်ခြင်း မရှိတဲ့ အတွက်- နေရာကောင်း ရအောင်ပထမဦးစွာ ကြိုးစားရပြီးမှ “အောင်မြင်နိုင်မှု Mission” အတွက် ဆက်လက် တိုက်ပွဲ ၀င်ကြရသူများဖြစ်ပါတယ်။

ဒီနေရာ-မှာ ဘ၀အလယ်ပိုင်း စစ်ပွဲကာလများကို ကြည့်မယ် ဆိုယင်-
-        ပညာရေးစစ်မျက်နှာ ဒေသ-
-        အချစ်ရေး၊အိမ်ထောင် ရေး စစ်မျက်နှာ ဒေသ-
-        အလုပ်အကိုင်ဘ၀ စစ်မျက်နှာ ဒေသ-

စစ်ပွဲရဲ့လှည့်စားချက်များ။

မည်သည့် စစ်မှာ မဆို-လှည့်စားချက်များစွာ ရှိပါတယ်။ စစ်အတွေ့ အကြုံ မရှိသူ- ဥာဏ်ရည် နုနည် သူများအနေနဲ့ တစ်ခုကောင်း၊ တစ်ချက်ကောင်း အနိုင်ရလိုက်တဲ့ အခါမှာ- တကယ်နိုင်သွားပြီထင်မိတတ် ကြပါတယ်။ အဲဒီ အခါမှာ- ကောင်းကောင်း ပြန်ခံရတော့ တာပါပဲ။

ဥပမာ- တစ်ဘက် ရန်သူကို-မိမိက ချေမှုန်း လိုက်တဲ့ အခါ- ရန်သူ တပ်တွေဟာ- ကြောက်လန့် တကြား နဲ့ နောက်ဘက်လှည့်ပြေးကြတဲ့ အခါ- လက်စသတ် ချေမှုန်းဘို့ ဆက်လိုက်ယင်း- ရန်သူ က မြူခေါ် သွားတဲ့သတ်ကွင်း ထဲ ကို ရောက်သွားမိတတ် ပါတယ်။

ဒီအတိုင်းပါပဲ- လောကဓံဆိုတဲ့ ရန်သူ နဲ့ ရင်ဆိုင်ရတဲ့ အခါမှာ- သူဟာ အင်မတန် ပရိယာယ် များတဲ့ ရန်သူ ဖြစ်လေတော့
  • တစ်ခါတစ်လေကြယင် ကိုယ် အနိုင်ရသလို နဲ့- လာဘော- ဆိုတဲ့ လာဘ် လာဘ ပေါများခြင်း၊ ယသော- ဆိုတဲ့-မိတ်ဆွေ ရောင်းရင်း အပေါင်းအသင်း တပည့် တပမ်းများ ပေါများလာခြင်း၊ ပသံသာ၊ ဆိုတဲ့ချီးမွမ်း လေးစားမှုကို ခံရခြင်း၊ သုခံ- ဆိုတဲ့ ကောင်းကျိုး ချမ်းသာ ကို ရခြင်းဆိုတာတွေကို ရတဲ့ အခါ မှာ ကျွန်တော်တို့ဟာ- အောင်မြင်သူ ဖြစ်တဲ့ ဆိုတဲ့ အထင်ဝင်ရောက် ပါတော့ တယ်။ တကယ်တော့- ဒါဟာ- ရန်သူ ဖြစ်တဲ့ လောကဓံ တရား ရဲ့-မြူခေါ်သွားတဲ့ ချောင်ပိတ် သတ်ကွင်း ဖြစ်တာကို ကျွန်တော်တို့ ရုတ်တစ်ရက်သတိလစ်သွားမိတတ်ပါတယ်။
  • တစ်ခါ တစ်လေကြတော့လည်း- ကျွန်တော်တို့ကို- လောကဓံ တရားက အလစ်ထိုး- ချောင်ခို Ambush တိုက်ခိုက်တတ်ပါသေးတယ်။ မတော်တစ်ဆ ဖြစ်တာမျိုး၊ ရောဂါတစ်ခု ရုတ်တစ်ရက် ကောက်ခါ ငင်ခါရတာမျိုး၊ စသဖြင့်ပေါ့။

လှည့်စားတတ်သော အချစ် စစ်မြေပြင်။
လူတိုင်း အနေနဲ့-ကြုံတွေ့ ရတတ်တဲ့ ဒီစစ်မြေပြင်ဟာ- လှည့်စားမှု တွေ နဲ့ အင်မတန် ထူပြောတဲ့ နယ်မြေပဲဖြစ်ပါတော့တယ်။
အဆိုးဝါး ဆုံးကတော့-ကိုယ်-ကိုယ်တိုင် မိမိကိုယ် မိမိ လှည့်စားနေမိတတ်ခြင်း ပါပဲ။ မိန်းကလေး တစ်ယောက်အနေနဲ့ လည်း- သူတကယ် ဘာကို လိုချင်တာလဲ သူမသိတာမျိုး ဖြစ်တတ် ကြသလို- ယောက်ျားလေးများ အနေနဲ့လည်း- မိမိ လိုချင်တာ ဘာလဲ သေသေချာချာ မသိပါပဲ လျှက်- စွန့်စား မိကြ၊နောင်မှ နောင်တ ရကြရတဲ့ စစ်မြေပြင် တစ်ခုပါပဲ။

ဒီလိုပါပဲ-
ဘ၀ အောင်မြင်မှုတွေကြိုးစားကြယင်း နဲ့- အတိုင်းအတာ တစ်ခု အနေနဲ့ ဒီစစ်မြေပြင် မှာလည်း အောင်မြင်လာရော၊ တယ်ဟုတ်တဲ့ ငါပါလား ဆိုတဲ့ အတွေး တွေ ၀င်လာတတ်ကြတယ်။ သောက်လေ သောက်လေငတ်မပြေတဲ့- လောဘ ဆားငန် ရေမှာ- နစ်မွန်းသွားယင်း နဲ့- အခြား စစ်မြေပြင်တွေရှိနေမှန်း ကို မေ့သွားကြပါတော့တယ်။

မှားယွင်းသောအာရုံစွဲငြိမှု Obsession.

Obsession ဆိုတဲ့ ဝေါဟာရဟာ- တစ်ကယ်တမ်း အားဖြင့်-အသေးအမွှား ကိစ္စ တစ်ခု ကို - လုပ်ဆောင်ဘို့ အတွက် သဘာဝမကျ-တဲ့ စိတ်အကြောင်း ရင်း တစ်ခု၊ ဘာဖြစ်လို့ မှန်း မိမိ ကိုယ်တိုင် တောင် ရန်ဖန်ရန်ခါ မသိရပဲ- အလိုလို အချိန်ကုန် ခံပြီး လုပ်မိနေတတ်တဲ့ စိတ်တစ်မျိုးပါ။

လက်တွေ့ ဥပမာ- တစ်ခု အားဖြင့်-
ကျွန်တော့် တပည့် တစ်ဦးဟာ- AutoCAD ပုံ ဆွဲတဲ့ အခါမှာ Dimension ခေါ်တဲ့ အတိုင်းအတာ တွေ ကို အင်မတန်အချိန်ယူပြီး- လုပ်ဆောင် တတ်ပါတယ်။ ပုံဆွဲတာက ၁-နာရီ ကြာပေမယ့်- အတိုင်းအတာ တွေကို တပ်ဘို့ အတွက်- နောက်ထပ် ၁-နာရီ လောက် ကြာအောင်- သူစိတ်တိုင်း ကျအောင် တပ်လေ့ရှိပါတယ်။ ဒီနေရာမှာ- အတိုင်းအတာ တွေ တပ်ရခြင်း က- အခြားသူတွေ ပုံကို ဖတ်ရာမှာနားလည် နိုင်အောင် တပ်ရခြင်း ဖြစ်တယ်။ နိုင်ငံတကာ စံညွှန် အတိုင်း တပ်ပြနိုင်ယင်လုံလောက်ပြီ ဖြစ်ပေမယ့်- ဒါကို သူစိတ်တိုင်း မကျပါဘူး။ တပ်ကြည့်- ရေးကြည့်လိုက်-စာလုံး အနေအထား၊ အရွယ် အစား- ပြပုံ အနေအထား ကို စိတ်တိုင်း မကျ မချင်း ထပ်ခါ ထပ်ခါဖျက်လိုက်၊ ပြန်ပြင်လိုက်၊ ပြန်တပ် လိုက်- လုပ်ပါတယ်။ ဘယ်တော့မှ ကျေနပ်သွားတယ်မရှိပါဘူး။ ဒီနေရာမှာ- သူ့ကို အလုပ်က- လစာပေး ခန့်ထားတယ်၊ တစ်ရက် တာ ကာလမှာ-သူ့အလုပ် ဘယ်လောက် ပြီးသွားတယ် ဆိုတာကိုလည်း ဆန်းစစ် ဘို့ အတွက်- ဘယ်လိုပြောပြော-အဲဒီ နေရာ ရောက်ယင်- သူမေ့သွားပြီ။ ဒါကိုပဲ အချိန်ကုန် ခံ လုပ်ဆောင်ပါတယ်။နောက်ဆုံးတော့- သူနဲ့ အတူတူ လုပ်ခဲ့သူများ ရာထူး အနေအထား တက်သွား ပေမယ့်- သူကတော့မပြောင်းလဲပါဘူး။

တစ်ချိန်ကမြန်မာနိုင်ငံမှာ တစ်ခုတည်းသာ ရှိခဲ့တဲ့ တက္ကသိုလ် တစ်ခုမှာ တက်ယင်း- ကျွန်တော်တို့နဲ့ အတန်းတူ မိန်းကလေး တစ်ယောက် ရှိခဲ့ပါတယ်။ မိန်းကလေး အရေအတွက်ကို ၁၅% သာလက်ခံတဲ့ တက္ကသိုလ်မှာ သူဟာ လူနည်းစု မိန်းကလေး ဖြစ်ခဲ့ပြီး- အင်မတန်ထူးချွန်ခဲ့ပါတယ်။
သို့သော်- အတန်းထဲမှာအမှတ် အကောင်းဆုံး ဖြစ်တဲ့- ခုံနံပတ် (၁) နေရာ -ရဘို့- ကိစ္စဟာ-သူ့ရဲ့ စွဲလမ်းငြိတွယ် သွားတဲ့ စိတ်ဖြစ်သွားပါတယ်။ ဘ၀ တိုက်ပွဲ - ဘ၀ အောင်ပွဲ အတွက်ဒီစစ်မြေပြင်ဟာ အရေး ဘယ်လောက် ပါသလဲ ဆိုတာကို ဝေဘန် ဆန်းစစ် ရမည့် အစား- ဒီနေရာကို ရဘို့ အတွက်-
-        သူ့ရဲ့စာကြည့်ချိန် တွေကို မြှင့်တင်ပါတယ်။
-        မည်သူကမျှသူ့ကို လာစာမေးလို့ မရအောင်- မိန်းကလေး ဆောင်မှာ လူမရှိတဲ့ စတိုခမ်း ထဲမှာသွားနေပါတယ်။
-        သူ့အချိန်မကုန်အောင်- မည်သူနဲ့မျှ ဆက်ဆံ ခြင်း မရှိတော့ အတွက်- အပေါင်းအသင်း ကဏ္ဍကိုသူကိုယ်တိုင် ပိတ်ပစ်လိုက်ပါတယ်။
နောက်ဆုံးမှာ-သူ အနေနဲ့ စွဲစွဲ လမ်းလမ်း လိုချင်တဲ့ အနေအထား ရဘို့ ဘယ်လိုကြိုးစား ကြိုးစား-မရခဲ့တဲ့ နောက်မှာ- စိတ်ရောဂါ ရပြီး- လွန်ခဲ့တဲ့ နှစ်အတော်ကြာကပဲ လူ့ဘ၀ ကိုစွန့်ခွာသွားခဲ့ရ ပါတော့တယ်။


ဒီလိုပါပဲ။
ကျွန်တော်တို့တစ်တွေ ပညာတွေ သင်ယူကြတယ် ဆိုတာ- မိမိဘ၀ အတွက် လိုအပ်တာ စုဆောင်းခြင်း၊ အခက် အခဲကြုံတွေ့ချိန်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ကို သင်ယူရခြင်း - ဆိုတဲ့ စစ်လက်နက်၊ခဲယမ်း မီးကျောက် စုဆောင်းသဘော ဖြစ်ပေမယ့်- တစ်ချို့သူတွေ အတွက် အဲဒါကိုမေ့သွားတယ်။ ဘ၀ တစ်ခုလုံးရဲ့ စစ်ပွဲကြီး ကို မမြင်နိုင်တော့ပဲ- ဒီနေရာမှာ မီးကုန်ယမ်းကုန် စစ်တလင်း ခင်း လိုက်ခြင်း နဲ့ပဲ- ဘ၀ စစ်ပွဲကြီး အရှုံးပေးလိုက် ရမှန်းမသိပေးလိုက် ကြရပြန်ပါတယ်။

တစ်ချိန်က-တရုပ်နိုင်ငံ မှာ ကိုယ်ခံပညာ သိုင်းပညာတွေ ထွန်းကားခဲ့တယ်။ သိုင်းဝတ္ထု တွေဟာချဲ့ကား ထားတာ မှန်ပေမယ့်- နောက်ခံ သမိုင်းကြောင်း အမှန်တွေ အများကြီးရှိခဲ့ပါတယ်။

ဒီနေရာမှာ-ကိုယ်ခံ ပညာ ဆိုတာ ဟာ-
  • မိမိနဲ့မိမိ ချစ်သူတွေကို ရန်သတ္တရု ပြုသူ ကြုံလာခဲ့ယင် ကာကွယ် နိုင်ဘို့၊ မိမိ နေထိုင်ရာမိမိ လူမျိုး၊ မိမိ ပတ်ဝန်းကျင် ကို ကာကွယ် ဘို့ ဖြစ်ပေမယ့်- တကယ့် တကယ်လဲ ကျရော-အဲဒီ ခေတ်က တရုပ် ကွန်ဖူး ပညာရှင်တွေဟာ- မိမိ အချင်းချင်း ပဲ ဘယ်သူကသာ တယ် ဆိုတာနဲ့ အသေခံ ပြိုင်နေခဲ့ကြပြီး- ရန်သူ မွန်ဂိုတွေ ကိုလည်း အရှုံးပေးခဲ့ရ၊ ရန်သူမန်ချူးတွေကိုလည်း အရှုံးပေးခဲ့ရပြီး မူလ ကိုယ်ခံပညာ ရဲ့ ရည်ရွယ်ချက် နဲ့ဆန့်ကျင်ရာ ကို ရောက်ခဲ့ရပါတယ်။
  • ဒီလိုပါပဲ-အဆင့်မြင့်တဲ့- စကြာဝဠာ ရဲ့ ကြယ်တာရာ တွေ သွားလာ မှုဆိုင်ရာ ကို တွက်ချက်၊လေ့လာပြီး- လူ့လောက အတွက် ဘာတွေ ဖြစ်နိုင်တယ် ဆိုတာကို ကြိုတင် ခန့်မှန်း တွက်ချက်တဲ့ ဗေဒင် ပညာရပ်ဟာ- အတတ်ပညာ တင်သာမက- အတွေး အခေါ် ပညာ တွေ မြင့်မားစွာ ပါဝင်ပါတယ်။ ဒါပေမယ့် လည်း- စိတ်မကောင်းစရာ အနေနဲ့က- အာရှတိုက် က ဗေဒင် ပညာရှင် အများစုဟာ- စားဝတ် နေရေး အတွက်- ဖြစ်သလို လှုပ်ရှားယင်း၊ အချင်းချင်း ပညာပြိုင်၊ ဝေဘန်နေကြယင်း နဲ့ပဲ- ကမ္ဘာနဲ့ တကွ လူသား အကျိုးကို ဆောင်ရွက် နိုင်သူ မရှိသလောက် ကိုဖြစ်ရပါတော့တယ်။
-        တကယ်တော့ဒါတွေဟာ လောကဓံ စစ်ပွဲရဲ့ လှည့်စားချက်ပါပဲ။

အရေးအကြီးဆုံး- အချက်ကိုခုမှ ပြောရပါတော့မယ်။

ကျွန်တော်တို့ ရဲ့ ဘ၀ စစ်ပွဲကြီးမှာ- တိုက်နေကြရတဲ့- တိုက်ကြမယ့် ရန်သူ အကြီးအမှူးတွေက ဘယ်သူတွေပါလဲ..

  • ပထမရန်သူကတော့- ပြင်ပ ရန်သူ ဖြစ်တဲ့- စားဝတ်နေရေး ဆိုတဲ့ ရန်သူ- မငတ် အောင် အတွက်၊ရာသီ ဥတု နှိပ်စက် မခံရအောင် အတွက်၊ မိမိ ကိုယ်တိုင် နဲ့ မိသားစု အတွက် တိုက်ပွဲဝင်ရတယ်။ ဒီရန်သူ နဲ့ တိုက်ပွဲ မှာ- တစ်နည်းအားဖြင့် ဒီစစ်မြေပြင်မှာအနိုင်ရကောင်း ရနိုင်တယ်။
  • ဒုတိယရန်သူကတော့- သဘာဝ ရန်သူ ဖြစ်တဲ့- အိုခြင်း၊ နာခြင်း၊ သေခြင်း တို့ ဆိုတဲ့- လောကနိယာမ တရား ဆိုတဲ့ ရန်သူ စစ်သူကြီးနဲ့ ယှဉ်ရတဲ့ ပွဲ။ ဒီစစ်ပွဲကတော့- ကိုယ့်ဘက်ကခံစစ် သက်သက်ပဲ ဖြစ်ပြီး၊ တစ်ဘက် က အဆက်မပြတ် တိုက်ခိုက်မှုကို ဘယ်လောက် တည်ငြိမ်စွာ တောင့်ခံ နိုင်သလဲ က- ကျွန်တော့်တို့ရဲ့ အခြေအနေ ကို ပြဆိုတယ်။
  • တတိယ ရန်သူကတော့- ကျွန်တော်တို့ ရဲ့ အတွင်းစိတ်၊ တနည်းအားဖြင့်- ပူပန် ရခြင်း၊ နောင်တရခြင်း၊မကောင်းကြံစည်မိခြင်း၊ မကောင်းတွေး မကောင်းမြင် တတ်တဲ့- အနှုတ် လက္ခဏာ ဖြစ်စေတဲ့စိတ်၊ မိမိ ရဲ့ အတ္တစိတ်၊ မိမိ မှာ ပိုင်ဆိုင်တာတွေ ဆုံးရှုံးမှာ စိုးရိမ်ကြောက်လန့် တတ်တဲ့ စိတ် အစရှိတဲ့- အတွင်း စိတ် ဆိုတဲ့ ရန်သူ စစ်သူကြီး နဲ့တိုက်ပွဲ ၀င်ရခြင်း ပါပဲ။

ကျွန်တော်တို့ ဘယ်လောက်ပြင်ဆင်ထားခဲ့တယ်။ ဘယ်လောက် အမြင် ရှိထားတယ်။ ဘယ်လောက် ရဲရင့် တယ် ဆိုတာတွေက-ကျွန်တော်တို့ ရဲ့ နောက်ဆုံး အချိန်မှာ-
စစ်အရှံး အနိုင်ကြေညာပေးလိုက်တော့ မှာပါပဲ။

အားလုံးချမ်းမြေ့ကြပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

1 comment:

Anonymous said...

Great writing! The truth... Thanks for posting it....

Post a Comment