Wednesday, October 23, 2013

ကမ္ဘာမြေကို သွေးအများဆုံး စွန်းစေခဲ့သူ- မွန်ဂို ဧကရာဇ်- ဂျင်ဂစ်ခန် နှင့် နက္ခတ် ပညာ. (၃)

ဂြိုဟ်ပူး ယောဂ များ နှင့် ဂျင်ဂစ်ခန် 

များစွာသော ဂြိုဟ်များ တစ်ပြိုင်တည်း ပူးကပ် နေခြင်းဖြင့်- ဂျင်ဂစ်ခန်၏ ဇာတာတွင် ဂြိုဟ်ပူး ယောဂ များစွာကို ရထားတော့၏။ စာရေးသူ အနေဖြင့်- ၄င်း ဂြိုဟ်ပူး ယောဂ အားလုံးကို ချရေး ရန် မတတ်နိုင်သော်လည်း- စာဖတ်သူများ အနေဖြင့်- အကျိုးရှိစေရန် အတတ်နိုင်ဆုံး ဖေါ်ပြပေးလိုက် ရပါသည်။ ဂျင်ဂစ်ခန်၏ ဘ၀ စာမျက်နှာ အကုန်အစင် မသိကြသူ အချို့ အနေဖြင့်- အချို့ သော ယောဂများသည် မတိုက်ဆိုင်သကဲ့သို့- အချင်းချင်း ဆန့်ကျင် နေသကဲ့သို ဖြစ်နေသည်များကိုလည်း မြင်နိုင်ကြပါလိမ့်မည်။ သို့သော်- ထိုယောဂ တို့၏ သဘောကို နားလည် မည် ဆိုလျှင်- ၄င်းတို့သည် ဆက်စပ် နေကြသည်ကို မြင်ကြရပါဦးမည်။ ၄င်းတို့ကို လေ့လာကြည့်ပါက-

သူရိယ စန္ဒရ ယောဂ
တနင်္ဂနွေနှင့် တနင်္လာ တို့သည် ဘာဝ တစ်ခုတွင် အတူတည်နေလျှင် ဤယောဂကိုရသည်။
ဇာတာရှင်သည် သူရဲကောင်းဆန် သော သတ္တိကြီးစွာ ရှိပြီး- မာန်မာ ကြီးခြင်း၊ ရန်လိုခြင်း၊ ကျောက် အုပ်တို့နှင့် ပတ်သက်သော၊ စက်ကရိယာ များနှင့် ပတ်သော အလုပ်များတွင် ကျွမ်းကျင်ပြီး- အလွန်ကြွယ်ဝခြင်း၊ အပြောအဆို တိုတောင်းခြင်း၊ ရက်စက်ခြင်း တို့ ရှိ၍- မိန်းမတို့အား အလျှော့ပေးဆက်ဆံ တတ်သည် ဟု ဆိုသည်။

သူရိယ မင်္ဂလ ယောဂ
တနင်္ဂနွေနှင့် အင်္ဂါတို့သည် ဘာဝ တစ်ခုတွင် အတူတည်နေလျှင် ဤယောဂကိုရသည်။
ဇာတာရှင်သည် အင်အားသန်မာပြီး၊ ထင်ရှား ကျော်ကြားလျှက် ကောက်ကျစ်ခြင်း၊ မကောင်းမှုတို့ကို လုပ်ဆောင်ခြင်း၊ ရန်လို ရက်စက်ခြင်းများ ရှိမည်ဟု ဆိုထားသည်။

သူရိယ ဗုဒ္ဓ ယောဂ
တနင်္ဂနွေနှင့် ဗုဒ္ဓဟူး တို့သည် ဘာဝ တစ်ခုတွင် အတူတည်နေလျှင် ဤယောဂကိုရသည်။ (၄င်းကို ဗုဒ္ဓအဓိယ ယောဂ ဟုလည်း ခေါ်သေးသည်။) ဇာတာရှင်သည် ချိုသာစွာ ပြောတတ်လျှက်၊ ပါးနပ်ခြင်း၊ ပညာတတ်ခြင်း၊ ကိုယ့်ကျင့်ကောင်းခြင်း၊ ပညာသင်ကြားခြင်း၊ ကြွယ်ဝ ချမ်းသာခြင်း၊ သားသမီး ထွန်းကားခြင်း၊ မိမိကိုယ်ကို ကောင်းစွာ ထိမ်းသိမ်း နိုင်ခြင်း၊ အများကို ကူညီခြင်းဖြင့် ၀င်ငွေရရှိခြင်းတို့ ဖြစ်မည် ဟု ဆိုထားသည်။ ထိုမျှ မက အလွန် ဥာဏ်ထက်မြက်လျှက်၊ လုပ်သမျှ အလုပ်တို့တွင် ကျွမ်းကျင် နာမည် ရခြင်း ဖြစ်မည် ဟု ဆိုထားသည်။ (ယေဘူယျ ဖြစ်တတ်သော ယောဂ ဖြစ်သည်ကို သတိပြုရန်)

သူရိယ ဂုရု ယောဂ
တနင်္ဂနွေနှင့် ကြာသပတေး တို့သည် ဘာဝ တစ်ခုတွင် အတူတည်နေလျှင် ဤယောဂကိုရသည်။ 
ဇာတာရှင် ဆရာသမားမျိုး ဖြစ်တတ်သည်။ ရှင်းပြနိုင်စွမ်းသည်။ ညှိနှိုင်းတတ်ပြီး- ဘာသာရေးတို့ ကို လိုက်နာတတ်သည်။ မင်းတို့၏ ဂုဏ်ပြုခြင်း၊ မိတ်ဆွေကောင်းများ၊ ကြွယ်ဝ ချမ်းသာမှုများ- တို့ဖြင့်- လူအများက ထင်ရှားစွာ သိရသော သူဖြစ်မည်။

သူရိယ သုက္ကရ ယောဂ
တနင်္ဂနွေနှင့် သောကြာ တို.သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ဥာဏ်ကောင်းခြင်း၊ လက်နက် လုပ်ကိုင်ရာတွင် ကျွမ်းကျင်ခြင်း၊ စာရိတ္တကောင်းခြင်း၊ မိမိနှင့် မပါတ်သက်သော အမျိုးသမီး တို.မှ တစ်ဆင့် ၀င်ငွေ ရရှိခြင်း၊ အချုပ် အနှောင် ခံရတတ်ခြင်း၊ အသက်ကြီးပိုင်းတွင် အမြင် ချို့တဲ့ခြင်း၊ ဇတ်လမ်း၊ သရုပ်ဆောင်၊ အနုပညာ တို.မှ ၀င်ငွေ ရရှိခြင်းတို.ကို ဖြစ်စေသည်။

သူရိယ သျှာနီ ယောဂ
တနင်္ဂနွေနှင့် စနေ တို.သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင် အနေဖြင့် သတ္တု ပညာတွင် ကျွမ်းကျင်ခြင်း၊ ဘာသာရေး ကိစ္စများတွင် ပါဝင် လုပ်ဆောင်ခြင်း၊ သားသမီး ကလေးများ နှင့် ပါတ်သက်၍ စိတ်ချမ်းသာမှု မရတတ်ခြင်း၊ အတတ်ပညာ တတ်မြောက်ခြင်း၊ ရန်သူ၏ လွှမ်းမိုးမှုကို ခံစားရတတ်ခြင်း၊ ရိုးရာ ထုံးတမ်းကို လိုက်နာ တတ်ခြင်း တို.ကို ဖြစ်စေသည်။

စန္ဒရ မင်္ဂလ ယောဂ
တနင်္လာနှင့် အင်္ဂါတို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင် အနေဖြင့် ငွေကြေးကြွယ်ဝခြင်း၊ ရဲရင့်ခြင်း၊ တိုက်ပွဲတို.တွင် နိုင်တတ်ခြင်း၊ အမျိုးသမီး၊ သေရည်၊ မြေအိုးမြေခွက်များ အရောင်းအ၀ယ်ပြုလုပ်ခြင်း၊ သတ္တုထည် များပြုလုပ်ခြင်းတွင် ကျွမ်းကျင်ခြင်း၊ သွေးလေမမှန်သော ရောဂါရှိခြင်း၊ မိခင်ကို ရန်ပြုတတ်ခြင်းတို.ကို ဖြစ်စေသည်ဟု ဆိုထားသည်။

စန္ဒရ ဗုဒ္ဓ ယောဂ
တနင်္လာနှင့် ဗုဒ္ဓဟူးတို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင် အနေဖြင့် ကြည့်ကောင်းသော ရုပ်ရည် ရူပကာ ရှိခြင်း၊ စကားပြော ချိုသာခြင်း၊ ကောင်းမှုကိစ္စများတွင် ပါဝင်တတ်ခြင်း၊ ကုသိုလ်ကံကောင်းခြင်း၊ ကြင်နာတတ်သော နှလုံးသားရှိခြင်း၊ ဇနီးအား သံယောဇဉ်ကြီးတတ်ခြင်းတို.ကို ဖြစ်စေသည်ဟု ဆိုထားသည်။

စန္ဒရ ဂုရု ယောဂ
တနင်္လာနှင့် ကြာသပတေးတို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင် အနေဖြင့် အင်အားသုံးတတ်ခြင်း၊ လွှမ်းမိုးတတ်ခြင်း၊ ကောင်းမွန်သည်ကို လုပ်ဆောင်တတ်ခြင်း၊ ကျော်ကြားခြင်း၊ ဥာဏ်ကောင်း ပါးနပ်ခြင်း၊ မိတ်ဆွေကောင်း ပေါများခြင်း၊ အများအား အကျိုးပြုခြင်းများတွင် ပါဝင်တတ်ခြင်း၊ ချမ်းသာခြင်း၊ မိသားစု အကြီးအကဲ ဖြစ်ခြင်း- တို့နှင့် တကွ စိတ်အပြောင်းအလဲ ဖြစ်လွယ်ခြင်း တို့ကို ပြဆိုထားသည်။

စန္ဒရ သုက္ကရ ယောဂ
တနင်္လာနှင့် သောကြာတို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင် အနေဖြင့် အရောင်းအ၀ယ်လုပ်ငန်းတွင် ကျွမ်းကျင်ခြင်း၊ ဆံပင်ညှပ်၊ ယက္ကန်း ယက်လုပ်ရာ၊ အင်္ကျီချုပ်လုပ်ရာ ၌ ကျွမ်းကျင်ခြင်း၊ ရန်ဖြစ်လွယ်ခြင်း၊ ပန်းနှင့် အမွှေးနံ.သာတို.တို.ကို နှစ်ခြိုက်တတ်ခြင်း၊ ပျင်းရိခြင်း၊ အကုသိုလ်မကင်းခြင်း၊ ကဗျာရေးဖွဲ.တတ်ခြင်း တို.ကို ဖြစ်စေသည်ဟု ဆိုထားသည်။

စန္ဒရ သျှာနီ ယောဂ
တနင်္လာ စန်း နှင့် စနေ တို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် အိမ်ထောင်ကျဘူးသူ နှင့် အိမ်ထောင်ဘက် ဖြစ်တတ်ခြင်း၊ အသက်ကြီးသူတို့ကို ကြိုက်နှစ်သက်တတ်ခြင်း၊ ချမ်းသာခြင်း၊ ရဲရင့်ခြင်း နှင့် ဆင်မြင်း အခြွေအရံ နှင့် ပြည့်စုံတတ်သည် ဆို၏။ (မိမိ၏ ဇနီးကို သူများက ခိုးသွားပြီးမှ ပြန်ပေါင်းထုပ်ရခြင်း အပါအ၀င် အခြားအချက် အလက်များ အရ- ဤယောဂသည် အတော်ကို မှန်သည်ဟု ပင် ဆိုရပါမည်။)

မင်္ဂလ-ဗုဒ္ဓ ယောဂ
အင်္ဂါနှင့် ဗုဒ္ဓဟူးတို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင် သည် ဆေးဝါးနှင့်ပါတ်သက်၍ ကျွမ်းကျင်ခြင်း၊ မိမိကိုယ်ကို ကောင်းစွာဖော်ဆောင်ပြသတတ်ခြင်း၊ အလွန်မချမ်းသာ သော်လည်း၊ မုဆိုးမ သို့မဟုတ် နိမ့်ကျသော အမျိုးသမီးကို စောင့်ရှောက်ခြင်း၊ သံသတ္တုထည်လုပ်ငန်းများ ကျွမ်းကျင်ခြင်း၊ အနုစိတ်လုပ်ငန်းများ ကျွမ်းကျင်ခြင်း၊ နပမ်းသမား၊ လက်ဝှေ.သမား ဖြစ် တတ်ခြင်း တို.ကို ဖြစ်စေသည်ဟု ဆိုထားသည်။

မင်္ဂလ-ဂုရု ယောဂ
အင်္ဂါနှင့် ကြာသပတေး တို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည်- လေ့လာသင်ယူတတ်သူ ဖြစ်၏။ ချမ်းသာပြီး ပါးနပ်၏။ သူတစ်ပါးကို သင်ကြားရာ၌ ကျွမ်းကျင်သောသူ ဖြစ်၏။ ပန်းပု အတတ်၊ လက်နက်တို့ကို အသုံးပြုခြင်း အတတ်တို့တွင် ကျွမ်းကျင်ပြီး- နားကြားသည်နှင့်မျှပင်- ဦးခေါင်းတွင် စွဲအောင် မှတ်သားလိုက်နိုင်၏ ဟု ဆိုထားသည်။

မင်္ဂလ-သုက္ကရ ယောဂ
အင်္ဂါနှင့် သောကြာ တို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင် သည် အရာအားလုံးကို ဆန်.ကျင် အတိုက်အခံ ပြုတတ်ခြင်း၊ သင်္ချာပညာ ကျွမ်းကျင်ခြင်း၊ နပမ်းသမား ဖြစ်တတ်ခြင်း၊ ဇာတာရှင်၏ အစွမ်းကြောင့် အခြားသော ယောင်္ကျားတို. အကြားတွင် ထင်ရှားခြင်း တို.ကို ဖြစ်စေတတ်သည်ဟု ဆိုပါသည်။

မင်္ဂလ-သျှာနီ ယောဂ
အင်္ဂါနှင့် စနေ တို.သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် ဒုက္ခများတတ်ခြင်း၊ ရန်ပြဿနာ များ ဖြစ်တတ်ခြင်း၊ မတည်ကြည်တတ်ခြင်း၊ စကားပြော ပါးနပ်ခြင်း၊ လက်နက်များတွင် ကျွမ်းကျင်တတ်ခြင်း၊ မိသားစု ယုံကြည်မှုထက် အခြားသူတို့၏ ယုံကြည်မှုကို လိုက်နာတတ်ခြင်း၊ အဆိပ် နှင့် ထိခိုက် ဒဏ်ရာတို့ကြောင့် အန္တရယ် ရှိခြင်းများ ဖြစ်တတ်သည် ဟု ဆိုသည်။

ဗုဒ္ဓ-ဂုရု ယောဂ
ဗုဒ္ဓဟူးနှင့် ကြာသပတေး တို.သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် ချက်ခြာ ပါးနပ်စွာ မိမိကိုယ်ကို ဖော်ပြတတ်ခြင်း၊ ကြည့်ကောင်းသော ရုပ်ရည်ရှိခြင်း၊ ကြွယ်ဝခြင်း၊ အက အနုပညာတို့ကို တတ်မြောက်နိုင်ခြင်း၊ အမွှေး နံ့သာတို့ကို နှစ်ခြိုက်ခြင်း စသည်တို.ကို ဖြစ်စေသည် ဟုဆိုထားသည်။

ဗုဒ္ဓ-သုက္ကရ ယောဂ
ဗုဒ္ဓဟူးနှင့် သောကြာတို.သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် ချက်ခြာ ပါးနပ်စွာ မိမိကိုယ်ကို ဖော်ပြတတ်ခြင်း၊ ကုသိုလ်ကောင်းမှုတွင် စိတ်ပါခြင်း၊ စာရေးတွင်တွင် ကျွမ်းကျင်ခြင်း၊ လွန်စွာချမ်းသာခြင်း၊ ပန်းပု၊ အနုပညာ၊ တွင်တွင် ကျွမ်းကျင်ခြင်း၊ ကောင်းစွာ ၀တ်စားဆင်ယင်တတ်ခြင်း၊ မြေပိုင်ခြင်း၊ စိတ်ပါလက်ပါ အားပါးတရ ရီမောတတ်ခြင်းတို.ကို ဖြစ်စေသည် ဟုဆိုထားသည်။

ဗုဒ္ဓ-သျှာနီ ယောဂ
ဗုဒ္ဓဟူး နှင့် စနေ တို.သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် ကျန်းမာရေး ချူခြာခြင်း၊ ပညာကောင်းစွာ တတ်မြောက်ခြင်း၊ ချမ်းသာခြင်း၊ ငတ်မွတ်သူများကို ပေးကမ်းစွန့်ကျဲခြင်း၊ ရန်လိုတတ်ခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ အတတ်ပညာမျိုးစုံ ကို ကျွမ်းကျင်တတ်မြောက်ခြင်း၊ အကြီးအကဲများကို မနာခံတတ်ခြင်း၊ လိမ်လည်တတ်ခြင်း တို့ကို ဖြစ်စေသည်ဟု ဆိုထားသည်။

သူရိယ ဂုရု သုက္ကရ ယောဂ
တနင်္ဂနွေ၊ ကြာသပတေး နှင့် သောကြာ တို.သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ပညာတတ်မည်။ ဆင်းရဲမည်။ မင်းအစိုးရ အား မှီခိုရသူ ဖြစ်မည်။ ကျေးကျွန် အနေအထား ဖြစ်မည်။ စကားများမည်။ ရက်စက်တတ်၍ အမြင်အာရုံ ချို့တဲ့မည် ဟု ဆိုထားသည်။

ဂုရု-သျှာနီ ယောဂ
ကြာသပတေးနှင့် စနေတို.သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် သန်မာခြင်း၊ နာမည်ကျော်ကြားခြင်း၊ အုပ်စုတို.၏ ခေါင်းဆောင်ဖြစ်တတ်ခြင်း၊ အနုပညာရှင်၊ ဆံပင်ညှပ်သမား၊ အိုးထိမ်းသည်၊ ထမင်းချက် ဖြစ်တတ်ခြင်း၊ ချမ်းသာခြင်း၊ ဇနီးပေါ်တွင် မယုံသင်္ကာစိတ်များခြင်း၊ ခရီးသွားလာနေတတ်သူ ဖြစ်ခြင်း၊ ကျွဲနွားအုပ်စုတို ကို ဂရုစိုက်တတ်ခြင်း တို.ကို ဖြစ်စေသည် ဟုဆိုထားသည်။

သုက္ကရ-သျှာနီ ယောဂ
သောကြာနှင့် စနေတို.သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် ယှဉ်ပြိုင်တိုက်ခိုက် တတ်သောသူ၊ အမြဲမပြတ် လျှောက်သွားနေတတ်သူ၊ ကျွမ်းကျင်သော လက်မှု ပညာရှင်၊ စာရေးဆရာ၊ ပန်းချီဆရာ၊ အားကစားသမား၊ ကျွဲနွားကျောင်း တတ်ခြင်း၊ အမြင် တိုတောင်းခြင်း၊ ပုံမှန် လိင်စိတ် မှ သွေဖီတတ်ခြင်း၊ ချမ်းသာ ခြင်း အတွက် အိမ်ထောင်ရေးသည် အရေးပါ သော ကိစ္စဖြစ်ခြင်း တို.ကို ဖြစ်စေသည်။

သူရိယ-စန္ဒရ-မင်္ဂလ ယောဂ
တနင်္ဂနွေ၊ တနင်္လာ နှင့် အင်္ဂါ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ တည်နေကြလျှင် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် သူရသတ္တိ ရှိပြီး- သနားကြင်နာ မှု ကင်းမည်။ အလွန် စွမ်းဆောင်နိုင်မည်။ ပန်းပု ထုခြင်း၊ မန္တန် ယန္တရားများ ကျွမ်းကျင်ခြင်း ရှိတတ်၍- ရန်သူတို့အား ဖျက်ဆီးသူ ဖြစ်မည်။ သွေးနှင့် ပတ်သက်သော ရောဂါ ကို ခံစားရမည် ဟု ဆိုထားသည်။

သူရိယ-စန္ဒရ-ဂုရု ယောဂ
တနင်္ဂနွေ၊ တနင်္လာ နှင့် ကြာသပတေး တို့သည် ဘာဝ တစ်ခုတွင် အတူတကွ တည်နေကြလျှင် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ကိုယ်ကျင့် တရား ကောင်း၍ ပညာတတ်မြောက်မည်၊ မင်းအမတ် ဖြစ်မည်။ ခိုင်မာသော အသိဥာဏ်ရှိ၍- ကိုယ်ပိုင် ခံယူချက် ဖြင့် အမှန်တရားကို မြတ်နိုးမည်။ ဒေါသဖြစ်လွယ် သည်။ ရပ်ဝေးမြေခြားတွင် နေရတတ်၍- မိမိ၏ သြဇာ အာဏာကို ပတ်ဝန်းကျင်သို့ သက်ရောက် စေမည်။ လှည့်ဖျား နိုင်စွမ်းရှိမည် ဟု ဆိုထားသည်။

သူရိယ-စန္ဒရ-သုက္ကရ ယောဂ
တနင်္ဂနွေ၊ တနင်္လာ နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ တည်နေကြလျှင် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ကိုယ်ကျင့်တရားကို စိတ်ဂရုမစိုက်၊ မိမိပိုင်မဟုတ်သော တစ်ပါးသူ၏ ဥစ္စာချမ်းသာ၊ သူတစ်ပါး သားမယား စည်းစိမ် ကို ရယူရန် စိတ်ဝင်စားသည်။ ကြည့်ကောင်းသော ရုပ်ရည် ရှိ၍- ပညာ၊ ဓန ရှိပြီး- ရန်သူကို အမြဲသတိထားနေရမည်။ သွားနှင့် ပတ်သက်သော ဝေဒနာကို ခံစားရမည် ဟု ဆိုထားသည်။

သူရိယ-မင်္ဂလ-ဗုဒ္ဓ ယောဂ
တနင်္ဂနွေ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးတို့သည် ဘာဝ တစ်ခုတည်းတွင် ပူးနေပါက ဤယောဂကို ရသည်ဟု ဆိုသည်။
ဤယောဂကို ရပါက- ဇာတာရှင်သည် နာမည် ကျော်ကြားခြင်း၊ အင်အား သုံးတတ်ခြင်း၊ ရက်စက်တတ်ခြင်း၊ အတိုက်အခိုက် ၀ါသနာ ပါတတ်ခြင်း၊ ရုပ်ဝတ္ထု ပိုင်ဆိုင်မှု တို့နှင့်၊ အိမ်ထောင်ဘက်၊ ဥစ္စာ ငွေကြေး နှင့် သားသမီး တို့ ဆုံးရခြင်း ကြောင့်- စိတ်မချမ်းမြေ့ရခြင်း ဖြစ်တတ်သည် ဟု ဆိုထားသည်။

သူရိယ-မင်္ဂလ-ဂုရု ယောဂ
တနင်္ဂနွေ၊ အင်္ဂါနှင့် ကြာသပတေး တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးနေပါက ဤယောဂကို ရသည်ဟု ဆိုသည်။
ဇာတာရှင်သည် အလွန်ချမ်းသာပြီး၊ အပြော အဆို ကောင်းမည်။ အုပ်ချုပ်သူ- အမိန့်ပေးနိုင်သူ ဖြစ်မည်။ အပေးအကမ်း ရက်ရော၍- အမှန်ကို ပြောမည်။ အစွန်း ရောက်သော တွန်းတွန်းထိုးထိုး စရိုက်ရှိ၍- တစ်ပါးသူကို လွှမ်းမိုးတတ်မည်။ ဖျော်ဖြေမှု တို့ကို နှစ်ခြိုက်၍- တရားမျှတမှု ကို ဖြစ်စေမည် ဟု ဆိုထားသည်။

သူရိယ-မင်္ဂလ-သုက္ကရ ယောဂ
တနင်္ဂနွေ၊ အင်္ဂါနှင့် သောကြာ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးနေပါက ဤယောဂကို ရသည်ဟု ဆိုသည်။
ဇာတာရှင်သည် ကံကောင်း၍- ပါးနပ်မှု အလွန်ရှိမည်။ ချမ်းသာ ကြွယ်ဝမည်၊ ခင်မင် လိုဘွယ် ရှိသော်လည်း ကြမ်းတမ်းမည်၊ ကြည့်ကောင်းသော ရုပ်ရည် ရှိသော်လည်း- စကားနည်းမည်။ မျက်စိနှင့် ပတ်သက်သော ရောဂါရှိမည် ဟု ဆိုထားသည်။

သူရိယ-မင်္ဂလ-သျှာနီ ယောဂ
တနင်္ဂနွေ၊ အင်္ဂါ နှင့် စနေ တို.သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင် ဂရုမမူတတ်သူ ဖြစ်မည်။ ဆင်းရဲမည်။ ဘခင် နှင့် မိတ်ဆွေများ ကင်းမဲ့မည်။ ကိုယ်လက် အင်္ဂါ အစိတ်အပိုင်း ချို့ယွင်းမည်။ ရန်ဖြစ်သူ ရန်မူ တတ်သူ ဖြစ်သည်။ အမွှေးအမျှင် ထူထပ်သော ကိုယ်ခန္ဓာရှိမည် ဟု ဆိုထားသည်။

စန္ဒရ-မင်္ဂလ-ဂုရု ယောဂ
တနင်္လာ၊ အင်္ဂါနှင့် ကြာသပတေး တို့သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် ကြည့်ကောင်းသော ရုပ်ရည် ရှိ၍-အချစ်ကြောင့် ခံစားရခြင်း၊ အချစ်ကြီးခြင်း၊ ဒေါသ ထွက်လွယ်ခြင်း တို့ ရှိပြီး- သူ၏ ကိုယ်ခန္ဓာတွင် ဒဏ်ရာ များပြားစွာ ရှိမည် ဟု ဆိုထားသည်။

စန္ဒရ-ဗုဒ္ဓ-ဂုရု ယောဂ
တနင်္လာ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေး တို့သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် လေ့လာ သင်ယူတတ်ခြင်း၊ နာမည် ကြီးခြင်း၊ ချမ်းသာခြင်း၊ ကိုယ့်ကျင့် ကောင်းခြင်း တို့ ရှိ၍ မင်းအုပ်ချုပ်သူ၏ အားအထားဆုံး သူဖြစ်မည် ဟု ဆိုထားသည်။

စန္ဒရ-ဗုဒ္ဓ-သုက္ကရ ယောဂ
တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာ တို့သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် လေ့လာသင်ယူရာတွင် ကောင်းမွန်ခြင်း၊ ဂုဏ်ရှိခြင်း၊ ယုတ်မာသော သဘောရှိခြင်း၊ လွန်စွာမှ အပြိုင်အဆိုင်စိတ်ဓါတ်ကြီးမားခြင်း၊ သူတစ်ပါးကို မနာလိုတတ်ခြင်းတို.ကို ဖြစ်စေသည်ဟု ဆိုထားသည်။

စန္ဒရ-ဗုဒ္ဓ-သျှာနီ ယောဂ
တနင်္လာ၊ ဗုဒ္ဓဟူးနှင့် စနေ တို့သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် လေ့လာ သင်ယူတတ်ခြင်း၊ ချမ်းသာခြင်း၊ လူကြီးများ၏ ဂုဏ်ပြုမှုကို ခံရ၍- ခေါင်းဆောင် ဖြစ်မည် ဟု ဆိုထားသည်။

ဗုဒ္ဓ-ဂုရု-သုက္ကရ ယောဂ
အင်္ဂါ၊ ကြာသပတေး နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတွင် အတူတည်သော ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ကြည့်ကောင်းသော ရုပ်ရည် ရှိ၍-ရန်သူကင်းမဲ့ကာ- ဖြောင့်မှန်၍- ကာလ ရှည်စွာ နာမည် ကျော်ကြားမည် ဟု ဆိုထားသည်။

ဗုဒ္ဓ-ဂုရု-သျှာနီ ယောဂ
အင်္ဂါ၊ ကြာသပတေး နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတည်သော ဤယောဂ ကိုရသည်။
ဇာတာရှင် သည် ကြွယ်ဝ ပြည့်စုံ၍- ရုပ်ပိုင်း ဆိုင်ရာ စည်းစိမ်များ ရရှိပြီး- ကံကောင်းမည်။ သူ၏ ဇနီး မယားကို တန်ဘိုးထားမည် ဟု ဆိုထားသည်။

ဂုရု-သုက္ကရ-သျှာနီ ယောဂ
ကြာသပတေး၊ သောကြာ နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတည်သော ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ထင်ရှားမည်။ ရှင်းပြတ်သော အသိဥာဏ်ရှိ၍- သာမာန် လူတန်းစားမှ မွေးဖွားလျှင် သော်မှ- မင်းကဲ့သို့သော အဖြစ်ကို ရောက်မည် ဟု ဆိုထားသည်။

သူရိယ-စန္ဒရ-မင်္ဂလ-သုက္ကရ ယောဂ
တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် လေ့လာ သင်ယူတတ်မည်။ နာမည် ကျော်ကြားမည်။ ဇနီး၊ သားသမီး၊ စည်းစိမ် သိက္ခာနှင့် ပြည့်စုံမည် ဟု ဆိုထားသည်။

သူရိယ-စန္ဒရ-ဗုဒ္ဓ-ဂုရု ယောဂ
တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓဟူး နှင့် ကြာသပတေး တို့သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ကျန်းမာမည်။ ချမ်းသာမည်။ အင်အား သန်စွမ်းမည်။ ကိုယ်ကျင့်ကောင်း၍- ကြည့်ပျော်ရှုပျော် ရုပ်ရှိမည်။

သူရိယ-စန္ဒရ-ဂုရု-သုက္ကရ ယောဂ
တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် သူကောင်းပြု ခံရမည်။ ရေမြေ တောတောင် ပိုင်ဆိုင်မည်။ စည်းစိမ် များစွာ ရမည် ဟု ဆိုထားသည်။

သူရိယ-စန္ဒရ-ဂုရု-သျှာနီ ယောဂ
တနင်္ဂနွေ၊ တနင်္လာ၊ ကြာသပတေး နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် ဂုဏ်ပြုခံရမည်။ ချမ်းသာခြင်း၊ သားသမီး ထွန်းကားခြင်း နှင့် ပြည့်စုံမည်။ မျှတသော အသွင်ရှိမည်။ အဆင့်မြင့်သော အမျိုးသမီး များ၏ ဦးစားပေး ခံရမည်။ ဒေါသ ဖြစ်လွယ်မည်။ အချို့ အဆိုများ အရ- စိတ်နှင့် ပတ်သက်သော ဝေဒနာ ရတတ်သည်ဟု ဆိုထားသည်။

သူရိယ-မင်္ဂလ-ဗုဒ္ဓ-သျှာနီယောဂ
တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဇာတာရှင်သည် လေ့လာသင်ယူမည်။ တိုက်ခိုက်ရေး သမား ဖြစ်သည်။ စစ်ဗိုလ် ဖြစ်မည်။ အုပ်ချုပ်သူ ဖြစ်မည်။ ဥပဒေ လိုက်နာခြင်း ကို နှစ်ခြိုက်မည်။

သူရိယ-မင်္ဂလ-ဂုရု-သျှာနီယောဂ
တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဇာတာရှင်သည် နာမည် ထင်ရှားမည်။ ချမ်းသာမည်။ ကံကောင်းမည်။ အဆင့်မြင့်သော ဂုဏ်ထူးဆောင် အနေအထားသို့ ချီးမြှောက်ခံရမည်။

သူရိယ-မင်္ဂလ-ဂုရု-သျှာနီယောဂ
တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဤဇာတာရှင်သည် ဂုဏ်ထူးဆောင် အဖြစ် ချီးမြှောက်ခံရခြင်း၊ လုပ်ဆောင်သမျှ အောင်မြင်ခြင်း၊ မိတ်ဆွေ၊ ညာတိ မင်းတို့၏ ချီးမြှောက်မှုတို့ ဖြင့် ပြည့်စုံ၍ စိတ်အားဖြင့် မညီမျှမှု ရှိတတ်သည်ဟု ဆိုသည်။

သူရိယ-မင်္ဂလ-သုက္ကရ-သျှာနီယောဂ
တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာ နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဤဇာတာရှင်သည် ဥပဓိ၊ ကိုယ်ကျင့် တရား နှင့် ဥာဏ်ပညာ နည်းတတ်ခြင်း၊ စိတ်နှင့် ပတ်သက်သော သောက များခံစားရခြင်း နှင့် အများတကာ၏ အနိုင်ကျင့်ခြင်း ခံရတတ်သည် ဟု ဆိုထားသည်။

သူရိယ-ဗုဒ္ဓ-ဂုရု-သုက္ကရ ယောဂ
တနင်္ဂနွေ၊ ဗုဒ္ဓဟူး ကြာသပတေး နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဇာတာရှင်သည် ကျော်ကြားခြင်း၊ ချမ်းသာခြင်း၊ ခေါင်းဆောင် ဖြစ်ခြင်းတို့ နှင့် တကွ- သူ၏ ဆန္ဒများကို ဖြည့်စွမ်းနိုင်ခြင်း ရှိမည် ဟု ဆိုထားသည်။

သူရိယ-ဗုဒ္ဓ-သုက္ကရ-သျှာနီ ယောဂ
တနင်္ဂနွေ၊ ဗုဒ္ဓဟူး သောကြာ နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဇာတာရှင်သည် ဘာသာထုံးတမ်း လိုက်နာပြီး၊ လှပ တင့်တယ်ခြင်း၊ ပညာတတ်မြောက်ခြင်း၊ စည်းစိမ် ပြည့်စုံခြင်း၊ အမှန်တရားကို နှစ်ခြိုက်ခြင်း၊ စကားပြောကောင်းခြင်း နှင့် မိတ်ဆွေများ အား ကူညီ စောင့်ရှောက်တတ်ခြင်း ရှိမည် ဟု ဆိုထားသည်။

သူရိယ-ဂုရု-သုက္ကရ-သျှာနီ ယောဂ
တနင်္ဂနွေ၊ ကြာသပတေး သောကြာ နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဇာတာရှင်သည် တောင့်တခြင်း၊ ခေါင်းဆောင်ဖြစ်ခြင်း၊ ရဲတင်းခြင်း၊ အနုပညာ ဆန်ခြင်း၊ မင်းအစိုးရ၏ ချစ်ခင်ခြင်း ခံရမည် ဟု ဆိုထားသည်။

စန္ဒရ-မင်္ဂလ-ဗုဒ္ဓ-ဂုရု ယောဂ
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် ကြာသပတေး တို့သည် ဘာဝ တစ်ခုတွင် အတူတကွ ပူးယှဉ်နေကြလျှင် ဤယောဂ ကို ရသည်။
ဇာတာရှင် သည် ရှေးကျမ်းဂန် တို့ကို နားလည် တတ်ကျွမ်းခြင်း၊ မင်းသို့မဟုတ် အမတ် ဖြစ်၍- အလွန် နာမည် ထင်ရှားမည် ဟု ဆိုထားသည်။

စန္ဒရ-မင်္ဂလ-ဗုဒ္ဓ-သျှာနီ ယောဂ
တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် စနေ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။ 
ဇာတာရှင်သည် ရဲရင့်ခြင်း၊ မိတ်ဆွေတို့၏ စည်းစိမ် အတွက် စိုးရိမ် သောက ဖြစ်ရတတ်ခြင်း၊ သားသမီး၊ ဇနီး၊ မိတ်ဆွေ တို့ဖြင့် ပြည့်စုံခြင်း ဖြစ်စေသည်ဟု ဆိုထားသည်။ (ဤဇာတာတွင်- မိခင် ၂-ဦး၊ ဘခင် ၂-ဦး ရတတ်သည်။ တစ်နည်းအားဖြင့် ဆိုသော် မွေးစားခံရ ခြင်း ဖြစ်တတ်သည် ဟုလည်း ဆိုထားသည်။)

စန္ဒရ-မင်္ဂလ-ဂုရု-သုက္ကရ ယောဂ
တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် သူရဲကောင်း ဆန်တတ်ခြင်း၊ ကြွယ်ဝခြင်း၊ လေ့လာ သင်ယူတတ်ခြင်း၊ မိတ်ဆွေ၊ ဇနီးတို့ဖြင့် ပြည့်စုံခြင်း တို့ရှိသော်လည်း- ပုံပျက်သော လက်ခြေတို့ ရှိတတ်သည်ဟု ဆိုထားသည်။

စန္ဒရ-မင်္ဂလ-ဂုရု-သျှာနီ ယောဂ
တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့် စနေ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် လေ့လာ သင်ယူတတ်ခြင်း၊ သဒ္ဓါ တရား ကောင်းခြင်း၊ ရဲရင့်ခြင်း၊ တို့ ရှိလျှက်- စိတ်ဓါတ်ပိုင် မတည်ငြိမ်တတ်၊ ချမ်းသာ တတ်သည် ဟု ဆိုထားသည်။ (ဂျင်ဂစ်ခန် သည် စိတ် အပြောင်းအလဲ ရုတ်ရှည်း မြန်တတ်သည် ဟု လည်း- သုတေသီ အချို့က ဆိုထားသည်။)

စန္ဒရ-မင်္ဂလ-သုက္ကရ-သျှာနီ ယောဂ
တနင်္လာ၊ အင်္ဂါ၊ သောကြာ နှင့် စနေ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည်  ကိုယ်ကျင့် မကောင်းသူနှင့် အိမ်ထောင်ဘက် ဖြစ်ရတတ်ပြီး၊ ဘ၀ တွင် ဒုက္ခများခြင်း၊ သတ္တိလွန်စွာ ကောင်းခြင်း၊ အကြောက် တရား မရှိခြင်း၊ တို့နှင့် မြွေ၏ မျက်စိ ကဲ့သို့သော မျက်စိ ရှိတတ်သည် ဟု ဆိုထားသည်။

စန္ဒရ-ဗုဒ္ဓ-ဂုရု-သုက္ကရ ယောဂ
တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် သင်ယူလေ့လာခြင်း၊ အမည် နာမ ကျော်ကြားခြင်း၊ ကြွယ်ဝ ချမ်းသာခြင်း၊ မိဘ တို့အတွက် စိုးရိမ် ပူပန်ရခြင်း၊ ရန်သူတို့ကို ဖယ်ရှင်း နိုင်ခြင်း တို့ ရှိလျှက်- အကြား အာရုံ ချို့တဲ့တတ်သည် ဟု ဆိုထားသည်။

စန္ဒရ-ဗုဒ္ဓ-ဂုရု-သျှာနီ ယောဂ
တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နှင့် စနေ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် သည် ကောင်းမွန်စွာ ကျင့်ကြံခြင်း၊ ရက်ရောစွာ ပေးကမ်း တတ်ခြင်း၊ သင်ယူ လေ့လာတတ်ခြင်း၊ အမည် ကျော်ကြားခြင်း၊ အလွန့် အလွန် ချမ်းသာခြင်း၊ မင်း၏ အကြံပေး ဖြစ်ခြင်း တို့ ရရှိနိုင်သည် ဟု ဆိုထားသည်။

မင်္ဂလ-ဗုဒ္ဓ-ဂုရု-သုက္ကရ ယောဂ
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နှင့် သောကြာ တို့သည် ဘာဝ တစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင်သည် ချမ်းသာခြင်း၊ ကျန်းမာခြင်း၊ ဂုဏ် မြင့်မားခြင်း တို့ ရှိသော်လည်း- အမျိုးသမီးများ နှင့် ကတောက် ကဆ ပြဿနာ ဖြစ်ရခြင်းများ ရှိတတ်သည်ဟု ဆိုထားသည်။

မင်္ဂလ-ဗုဒ္ဓ-သုက္ကရ-သျှာနီ ယောဂ
အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် စစ်မြေပြင်တွင် ကျွမ်းကျင်မည်။ နပမ်း သတ်ပုတ်မှု ကျွမ်းကျင်ခြင်း၊ လွန်စွာ ကျန်းမာခြင်း၊ နာမည်ကျော်ကြားခြင်း တို့ ရှိလျှက်- ခွေးကို မွေးထားတတ်သည် ဟု ဆိုသည်။

မင်္ဂလ-ဂုရု-သုက္ကရ-သျှာနီ ယောဂ
အင်္ဂါ၊ ကြာသပတေး သောကြာ နှင့် စနေ တို့သည် ဘာဝ တစ်ခုတွင် အတူနေခြင်းဖြင့် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် အောင်မြင် ကျော်ကြား၍- ချမ်းသာပြီး၊ သတ္တိရှိသော်လည်း တစ်ပါးသူ၏ အိမ်ထောင်ဘက် သို့ စွဲငြိတတ်သည် ဟု ဆိုသည်။

မူလ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ် အား မိုးတား စနစ်ဖြင့် လေ့လာခြင်း။

ဂျင်ဂစ်ခန်၏ ဇာတာ တွင် ဂြိုဟ်တို့၏ စွမ်းအင်တို့သည် ၃-တန့် ရာသီ စက် တွင် စုစည်းနေခြင်းဖြင့်- လုပ်သမျှ-ကြံသမျှ၊ ဆောင်ရွက် သမျှသည် - ၃-တန့်၏ သဘောကိုသာ အားပေးရာ ရောက်နေ၏။ သူ၏ အင်အားတို့ကို ၃-တန့်ဘာဝ တွင်သာ လာရောက် စုစည်းမိသကဲ့သို့ ဖြစ်နေ၏။

တနည်းအားဖြင့် ဂြိုဟ်တို့၏ အံသာကို နာရီလက်တံ ပြောင်းပြန် အစဉ်အတိုင်း ကြည့်ပါက- တနင်္လာမှ စတင်၍ နောက်ဆုံးတွင် အင်္ဂါနှင့် ဗုဒ္ဓဟူး တို့ဖြင့် အဆုံးသတ်နေခြင်းကြောင့် - အင်္ဂါနှင့် ဗုဒ္ဓဟူးတို့တွင် စွမ်းအင်များ စုစည်းနေ၏။ အင်္ဂါသည် စစ်ကို လိုလားခြင်း၊ ရဲရင့်ခြင်း၊ တို့ကို မူလ သဘောဆောင်နေသကဲ့သို့- ဗုဒ္ဓဟူး သည် ရဲရင့်မှု၊ ရှင်သန်မှုကို ကာရက တာဝန်ယူသော ၃-တန့်၏ သခင် (မူလတြိဂေါဏ အိမ်ရှင်) ဖြစ်နေ၏။
၃-တန့်ဘာဝ နှင့် အင်္ဂါ တို့ ၏ သဘောဖြစ်သော- ဆုံးဖြတ်မှု၊ လုပ်ရည် ကိုင်ရည် သတ္တိရှိမှု၊ အနိုင်မခံ အရှုံးမပေးသော စိတ်၊ အသက်ရှင်သန် လိုစိတ်၊ ကိုယ်ခန္ဓာ၏ ကိုယ်ခံ စွမ်းအား တို့ နှင့် ရဲရင့်မှု၊ ရက်စက်မှု၊ စစ်တို့ ကို ဖေါ်ညွှန်းနေသော ကြောင့်- ဇာတာရှင် အသက်ရှင်သန် ရေး၊ ကိုယ်ပိုင် လုပ်ငန်း တည်ထောင်ရေး (ဂျင်ဂစ်ခန် သည် သာမာန် လူမျိုးစုငယ် လေး၏ ခေါင်းဆောင် မျိုးနွယ် အဆင့်မှ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး အင်ပိုင်ယာ တည်ထောင် ခဲ့ရုံသာမက- ဘ၀ တစ်လျှောက်လုံးတွင်- ရန်သူ တို့၏ သတ်ဖြတ် မှုတို့မှ လွတ်မြောက် ခဲ့ခြင်း တို့ကို မြင်နိုင်ပါသည်။) တို့ကို ထူးခြားစွာ အကျိုးပေး၏။

သို့သော်- ထိုဂြိုဟ်တို့၏ အင်အားတို့သည် တစ်ခု နှင့်တစ်ခု လွန်စွာပူးယှက်နေ၍ - အခြားသော ရာသီ၊ ဘာဝ များတွင် ရပ်တည်မှု မရှိသောကြောင့်- ဘ၀တွင် ကြီးကျယ်သော လစ်ဟာချက် တို့ဖြင့် ရှင်သန်ခဲ့ရ၏။
  • ဇာတာရှင်သည် ကရကဋ် လဂ်- ကန် စန်း ဖြစ်သည်။
  • ၂-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော ကန် ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 222% ရှိကာ၊ -87% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 158% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။ ၂-တန့် ဘာဝ သည်- ဇာတာရှင်၏ တောင့်တမှု၊ ဆန္ဒ၊ ရည်ရွယ်ချက် တို့ကို ဖေါ်ဆောင်သော ဘာဝ ဖြစ်ပြီး- ၂-တန့် သခင် အင်အား ကောင်းခြင်းသည် ဇာတာရှင်၏ ဆန္ဒ နှင့် ရည်ရွယ်ချက်၊ ဘ၀ အဆင့်အတန်း ထိပ်ဆုံးရောက် အောင်မြင်နိုင်ခြင်း ကို ပြဆို၏။ တစ်ဆက်တည်း ထို ၂-တန့် သခင်သည် ဘုန်းတန်ခိုး ကြီးခြင်း ကို ပြဆိုသည့် တနင်္ဂနွေ ဖြစ်နေခြင်းကလည်း ဇာတာရှင်၏ မြင့်မားသော ဘုန်းကံကို ပြဆိုတော့၏။ ထို ၂-တန့် သခင် တနင်္ဂနွေသည် ၃-တန့် ဆိုသော ရဲရင့်မှု၊ ပြတ်သားစွာ လုပ်ဆောင်ရခြင်း နှင့် ဆိုင်သော ဘာဝတွင် တည်ခြင်းက- စစ်ဧကရာဇ် ဖြစ်ခြင်းဖြင့်- ဘုန်းကံကြီးမား နိုင်ခြင်း ကို ပြဆိုတော့၏။ ဤ နေရာတွင်- မူလ တနင်္ဂနွေ ဂြိုဟ် (၂-တန့် ဘာဝ ၏ သခင်) အားမူလ တနလာင်္ (၁-တန့် (လဂ်) ၏ သခင်) မှ (90.7) % ဖြင့် လွှမ်းမိုးထား ခြင်း၊ မူလ ကြာသပတေး (၆-တန့် ဘာဝ ၏ သခင်) မှ (-86.9) % ဖြင့် လွှမ်းမိုးထား ခြင်း၊ မူလ သောကြာ (၄-တန့် ဘာဝ ၏ သခင်) မှ (67.5) % ဖြင့် လွှမ်းမိုးထားခြင်း တို့သည်- မိမိ၏ ရည်ရွယ်မှု- တောင့်တ မှု- ကို ဆောင်ရွက်ရာတွင် စိတ်နှင့်ကိုယ် တစ်ထပ် တည်း ဖြစ်အောင် လုပ်နိုင်ခြင်း၊ တုံးတိုက် တိုက်တိုက်၊ ကျားကိုက် ကိုက် လုပ်ဆောင်တတ်ခြင်း သဘောကို ဖြစ်စေတော့၏။
  • ၁-တန့် (လဂ်) သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် ရန်ဖြစ်သော ကန် ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 200% ရှိကာ၊ -64% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 91% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။ ဆက်လက်၍လည်း- ဇာတာရှင်၏ ပင်ကိုယ်စိတ်ထား၊ ကိုယ်ကာယ သဘာဝ ကို ပြဆိုသော လဂ်သခင် သည်- ၃-တန့် တွင် တည်ခြင်းက- အလုပ်တစ်ခု ကို အချိန်မဆိုင်းခြင်း၊ လက်တွေ့ဆန်ခြင်း၊ ရဲရင့်ခြင်း၊ အမြန် အဆန် လုပ်ဆောင် နိုင်ခြင်းကို ပြဆိုသည်သာ မက- ၄င်းသည် အများ၏ ထောက်ခံမှု နှင့် ဆိုင်သော စန်းခေါ် တနင်္လာ ဖြစ် နေခြင်း၊ အလွန် အင်အား ကောင်းနေခြင်း တို့ က- တိုင်းသူ ပြည်သားများကို စုစည်း- စည်းရုံးနိုင်၍- သိမ်းသွင်း အောင်မြင် နိုင်ခြင်းကို ပြဆိုခြင်း ပင် ဖြစ်တော့၏။ မူလ တနင်္လာ ဂြိုဟ် (၁-တန့် (လဂ်) ၏ သခင်) အားမူလ တနင်္ဂနွေ (၂-တန့် ဘာဝ ၏ သခင်) မှ (90.7) % ဖြင့် လွှမ်းမိုးထားသည်။ မူလ ကြာသပတေး (၆-တန့် ဘာဝ ၏ သခင်) မှ (-63.7) % ဖြင့် လွှမ်းမိုးထားသည်။ တစ်နည်း အားဖြင့်- ၆-တန့် သခင်သည်- ဇာတာရှင်၏ နေ နှင့် လ ၂-ပါး စလုံး အပေါ်တွင် လွှမ်းထား၏။ ဤသည်ကား- ရန်သူ ပေါများခြင်း၊ ရုန်းကန် ရခြင်း၊ ယှဉ်ပြိုင် ရခြင်း တို့ကို ဖြစ်ရခြင်း ၏ အဓိက အကြောင်း ဖြစ်တော့၏။
  • ၁၀-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော စိတြ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 185% ရှိကာ၊ -88% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 84% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။ ကမ္မဘာဝ ခေါ် ၁၀-တန့်သည်- ဇာတာ တစ်စောင်တွင် အရေးအပါဆုံး ဘာဝ၊ တနည်းအားဖြင့်- ဇာတာရှင် အား- အများတကာက- အသိအမှတ် ပြုရသော ဘာဝ ဖြစ်လေရာ- ထိုဘာဝ၏ သခင် သည် စစ် နှင့် ဆိုင်သော အင်္ဂါလည်း ဖြစ်၊ တိုက်ခိုက် ချေမှုန်းခြင်း၊ ရဲရင့် ပြတ်သား ခြင်း ဆိုင်သော ၃-တန့် တွင် တည်ခြင်းက-လည်း စစ်ဘုရင် ဖြစ်ရန် အရေးအကြီးဆုံး ထောက်ပံ့မှု ဖြစ်လေတော့၏။ ထိုစစ် အလုပ်အကိုင် နှင့် အောင်မြင် နိုင်ခြင်းကလည်း- ၁၀-တန့်သခင် အင်္ဂါ၏ အင်အား ကောင်းခြင်း၊ ၂-တန့် သခင် တနင်္ဂနွေ ပိုင်သော သိဟ်ရာသီ တွင် တည်ခြင်း၊ ၄င်း အင်္ဂါ ကိုယ်တိုင် ပိုင်ဆိုင်သော စိတြ နက္ခတ်တွင် တည်ခြင်း တို့က ထပ်မံ အဆုံးအဖြတ် ပေးထားပြန်၏။ အမြင်နက္ခတ် ပညာနှင့် ကျွမ်းဝင် သူများ အတွက်မူ- စိတြ ကြယ်သည် ကောင်းကင် တွင် အလွန် တောက်ပ သော ကြယ်ဖြစ်ကြောင်း သိထားကြမည် ဖြစ်၏။ တစ်ဆက်တည်းတွင် မူလ အင်္ဂါ ဂြိုဟ် (၁၀-တန့် ဘာဝ ၏ သခင်) အား မူလ ဗုဒ္ဓဟူး (၃-တန့် ဘာဝ ၏ သခင်) မှ (83.9) % ဖြင့် လွှမ်းမိုးထားခြင်း သည်- အထက်တွင် ဖေါ်ပြခဲ့သော ၃-တန့်တွင် တည်သော သဘောကို ထပ်ဆင့်လောင်း အင်အားပြု လိုက်ခြင်းပင် ဖြစ်၏။ မူလ စနေ (၈-တန့် ဘာဝ ၏ သခင်) မှ (-87.7) % ဖြင့် လွှမ်းမိုးထားခြင်းကြောင့်လည်း- ဇာတာရှင်၏ ဘ၀ အလုပ်အကိုင် လမ်းကြောင်း၊ တစ်နည်း အားဖြင့် မင်းဧကရာဇ် ဖြစ်ရာ လမ်းခရီးသည် ချောမွေ့ခြင်း အလျင်း မရှိခဲ့သည် ကို မြင်ရလေတော့၏။
  • ၃-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် အိမ်ရှင်၊သခင်၊ဥုစ်၊-ဖြစ်သော ကန် ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော စိတြ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 200% ရှိကာ၊ -166% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 84% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။ လက်တွေ့ အကောင်အထည် ဖေါ်ခြင်း၊ ရဲရင့်ခြင်း နှင့် ဆိုင်သော ၃-တန့် သခင်သည် စဉ်းစား တွေးခေါ်မှု ဥာဏ်ရည် နှင့် ဆိုင်သော ဗုဒ္ဓဟူး ဖြစ်လျှက်- အလွန်အင် အား ကောင်းခြင်း က- လျှင်မြန်သော ဥာဏ်စွမ်း ရှိသကဲ့သို့- ရဲရင့်ခြင်း ကို ဖြစ်စေလျှက်- ရာဟု၊ ကိတ် ဂြိုဟ်ဆိုးများ ၏(-82.8) % စီဖြင့် လွှမ်းမိုးမှုက- အပြောင်းအလဲ မြန်တတ်ခြင်း ကို တစ်ချိန်တည်း တွင် ဖြစ်စေ သော သဘောရှိ၏။ ဤနေရာတွင်လည်း လွန်စွာ တောက်ပသော စိတြ နက္ခတ် တွင် တည်ခြင်း ကို ထပ်မြင်ရပြန်ပါ၏။
  • ၆-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 189% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ၆-တန့် ဘာဝ သည်- ရန်သတ္တု ပြုတတ်သော အာရီ ဘာဝ ဖြစ်၏။ ၄င်းသည် တိုက်ခိုက် ရေး နှင့် ဆိုင်သော ၃-တန့် တွင် တည်၏။ ၄င်းသည် မည်သည် ကို ထပ်မံ ရည်ညွှန်း နေပြန်ပါသနည်း။ 
  • ၄-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် နိစ်၊မိတ်ဖြစ်သော ကန် ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော မေထုန် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 173% ရှိကာ၊ -173% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။ 68% ဂြိုဟ်ကောင်း လွှမ်းမိုးမှု ရှိသည်။ ဤနေရာတွင် ၃-တန့် သခင်သည် ၄-တန့်၊ ၄-တန့် သခင်သည် ၃-တန့် တွင် တည်သော အနေအထား ဖြစ်သည်ကို မြင်နိုင်၏။ ဤနေရာတွင်- ရာသီခွင် တစ်ခုတည်း ကြည့်ပါမူ- ကန်ရာသီ ကို- အထက်တွင် ၄-တန့်ဟု ပြောပြီး၊ ယခု ၃-တန့်ဟု ပြောခြင်းကို ဗေဒင် ပညာ နုငယ် သူများ အနေဖြင့်- နားမလည် နိုင်သည်ကို ရှင်းပြရန် ပါ၏။ ထိုသူများ အနေဖြင့်- ဘာဝ စက်ဖြင့်- လေ့လာမှ သာ- ကန့်ရာသီ တစ်ခုတည်းပင် ဖြစ်လင့် ကစား- ၃-တန့် နှင့် ၄-တန့် ဘာဝ နှစ်ခု ပိုင်းခြား ထားသည် ကို မြင်နိုင်မည် ဖြစ်လေရာ- သတိပြု ဆန်းစစ်ကြပါရန် အကြံပြုပါသည်။ ယခု သောကြာသည်- မူလ အင်အားပင် ရှိလင့် ကစား အဖျက်အင်အား ကလည်း တန်းတူ ရှိနေသည်ကို မြင်နိုင်၏။ ချစ်သူ၊ စည်းစိမ်၊ ဆုံးရှုံးခဲ့ရခြင်းများ - ဆုံးရှုံးသော်လည်း ပြန်လည် ရယူနိုင်ခြင်း များကို ဤဇာတာ မှ ဖေါ်ပြနေတော့၏။
  • ၈-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 178% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ လျှို့ဝှက်မှု များနှင့် ဆိုင်သော ၈-တန့် သခင် သည်- သိုသိုသိပ်သိပ် နေတတ်သော- စောင့်စည်း တတ်သော- စည်းကမ်း ရှိတတ်သော စနေ ဖြစ်ကာ- ၄င်းသည် လက်တွေ့ဆန်သော ၃-တန့်တွင် တည်ခြင်း၊ အင်အား ကောင်းနေခြင်း က- အခိုက်အခါ ကို စောင့်တတ်သော- မိမိ၏ ရင်တွင်းမှ ကြံစည်မှုကို - မေ့ပျောက်သွားခြင်းမျိုး မရှိပဲ- ဖြစ်အောင် လုပ်နိုင်ခြင်းကို ဖြစ်စေတော့၏။ 
  • ရာဟု ဂြိုဟ် သည် ဖြစ်သော မိဿ ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော မိဿ န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော အာသာဝဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 89% ရှိကာ၊  ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ကိတ်ပိုင် နက္ခတ်ကို စီးနင်းထားသော ရာဟုသည်- ဆိုးကျိုးကို ပေး၏။ ထို့ကြောင့်လည်း- ဤရာဟု ၏ လွှမ်းမိုး ခံရသော ဂြိုဟ်နှင့် ဘာဝ များသည်- ရာဟု ကောဇာ စီးနင်း သော ကာလများ၊ ရာဟု ဒဿာ ကာလများတွင် ဇာတာရှင် အား လောကဓံ ၏ ထုထောင်း ရိုက်ပုတ် ခြင်းကို ဖြစ်စေခဲ့၏။
  • ကိတ် ဂြိုဟ် သည် ဖြစ်သော တူ ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော စိတြ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 78% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ 
ဤသည်တို့ကား- တခေတ် တစ်ယောက်- လူ့လောကတွင် စွမ်းအား ကြီးမားခဲ့သော- စစ်ဧကရာဇ် ကြီး- မွန်ဂို အင်ပါယာကို တည်ထောင်ခဲ့သူ ဂျင်ဂစ်ခန်၏ ဘ၀ ဇတ်ကြောင်း နှင့် သူ၏ ဇာတာကို လေ့လာခြင်း ပင် ဖြစ်တော့၏။

ဗေဒင် ပညာရပ် အား လေ့လာ နေသူ ၀ါသနာရှင်များ၊ ဗေဒင် ပညာရပ် ဖြင့် အသက်မွေး ၀မ်းကျောင်း ပြုသူ တို့ အတွက် ဤဆောင်းပါးသည် အကျိုးရှိစေမည် ဟု ကျွန်တော် ရိုးသားစွာ ယုံကြည်ပါ၏။

အားလုံး ချမ်းမြေ့ကြပါစေ။
နျူမာန် (မိုးတား)


[+/-] show/hide this post

No comments:

Post a Comment