Friday, March 1, 2013

ဦးသန့် (သို့မဟုတ်) မြန်မာ့သားကောင်း ကမ္ဘာ့သည်းချာ။


တစ်ချိန်က- မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့လေးတွင် မွေးဖွားခဲ့သော- မြန်မာလူမျိုး တစ်ဦးသည် ဖြူစင်သော နှလုံး၊ ကျွမ်းကျင်သော လုပ်ဆောင်ရည်၊ ဖြောင့်မှန် သော ရည်ရွယ်ချက် တို့ဖြင့်- ကမ္ဘာ့ အရေး ကိစ္စများတွင် ထူးချွန်စွာ လုပ်ဆောင်ခဲ့မှု တို့ကြောင့် ထိုပုဂ္ဂိုလ် အား ကမ္ဘာ့ နိုင်ငံ အသီးသီးမှ ဆန့်ကျင်ဘက် အဖွဲ့အစည်း၊ လမ်းစဉ် မတူသော နိုင်ငံ့ ခေါင်းဆောင် တို့သည် လေးစား ခဲ့ကြရ၏။

ထိုသူသည်ကား- မြန်မာကို ထာဝရ ချစ်သော- မြန်မာဖြစ်ခြင်း အတွက် ဂုဏ်ယူသော- မြန်မာ လူမျိုး ဦးသန့် ပင် ဖြစ်တော့၏။

၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ် ရာထူး တာဝန်ဖြင့်- အောက်ပါ တာဝန်ကြီးများကို ထမ်းဆောင်ခဲ့ရ၏။
  • တတိယ ကမ္ဘာစစ်သို့ ဦးတည် ခဲ့သော ကျူးဘား ပြဿနာ တွင် ဂျွန်အက်ဖ် ကနေဒီ နှင့် ခရူးရှက် တို့ကို ကြားဝင် ညှိနှိုင်းပေးခြင်း၊
  • တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည့် ဆိုက်ပရပ် ပြဿနာ
  • အရှေ့ အလယ်ပိုင်း အာရပ် နှင့် အစ္စရေး ပြဿနာ။
  • ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေး ပြဿနာ
  • ကမ္ဘာ့လောင်စာ ပြဿနာ
  • ကွန်ဂို ပြည်တွင်းစစ်ကြီး ကိစ္စ အပါအ၀င် အာဖရိက ပြဿနာများ
  • သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်း ရေး ကိစ္စ၊
  • ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ.... စသည်များ ဖြစ်၏။

ဟောလိဝုဒ် ရုပ်ရှင် သရုပ်ဆောင် Tom Hanks ပါဝင်သော “That Thing You Do” ရုပ်ရှင် ဇာတ်ကားတွင်လည်း- ဒရမ်မာ ဖြစ်သူ Guy Patterson  မှ ဂစ်တာ သမား ဖြစ်သူ ဂျင်မီ၏ အနေအထားကို သံသယ ဖြစ်သဖြင့်- "If Jimmy's a genius, then I'm U Thant." "ဂျင်မီ လို ကောင်မျိုးသာ ပါရမီ ရှင် ဖြစ်လို့ကတော့- ငါလည်း ဦးသန့်ပေါ့ကွာ" ဟူ၍ ပြောဆို သုံးနှုန်းခဲ့သည်ပင် တွေ့ရသည်။

ဦးသန့် အထုပ္ပတ္တိ အကျဉ်း။

ဦးသန့်၏ ဘ၀ အကြောင်း အချက်အလက်များကို http://www.nlabr.com/2013/01/blog-post_2082.html မှ ရယူထားပါသည်။

မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့ က ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်းကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် – မြန်မာ နှစ်ဘာသာသင် YMBA ကျောင်းကို ပထမတန်းမှ စ၍ တက်ခဲ့ရသည်။ ငယ်စဉ်က အင်္ဂလိပ်စာ စာ သင်ရသော အိမ်ရှိ ဖခင်ကြီး၏ စာအုပ်စင်မှ အင်္ဂလိပ် စာအုပ်များက များစွာ အထောက်အကူ ပြုခဲ့သည်။ ဖ ခင် ကြီး ဦးဖိုးနှစ်သည် ကာလကတ္တားရှိ ဟန်းတား ကောလိပ် (Hunter’s College) မှ ဥပစာတန်းနှင့် ညီမျှ သည့် ပညာရေးကို ရရှိထားသူ ဖြစ်သည်။ ကျောင်းသားငယ် ဦးသန့်သည် ကျောင်းစာ လုပ်ပြီးတိုင်း ဖခင်ကြီး စာ အုပ်စင် ရှိရာသို့ ရောက်တော့သည်။ Sir Arthur Conan Doyle ၏ ထင်ရှားသော Sherlock Holmes စုံထောက် ဝတ္ထုများ၊ စာရေး ဆရာကြီး William Shakespeare ၏ စာပေများ အပြင်၊ ထင် ရှားသော သမိုင်းဝင် မြန်မာ စာဆိုတော် အတော် များများ၏ လက်ရာများကို ငယ်စဉ်ကပင် ဖတ်ရှု မြည်းစွမ်းခွင့် ရခဲ့သည်။

၁၉၂၆ ခုနှစ်တွင် ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဥပစာတန်း ပထမနှစ် တက်သည်။ မြန်မာစာနှင့် အင်္ဂလိပ်စာ တို့ကို အဓိက ဘာသာတွဲ၊ မြန်မာ အနု စာပေသမိုင်း၊ သင်္ချာနှင့် လောဂျစ် တို့ကို အပို ဘာသာများ အဖြစ် ယူ သည်။ ဖခင်ကြီး ဦးဖိုးနှစ်သည် ဦးသန့် ၁၄ နှစ်သား အရွယ်ကပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် မိခင်ကြီးကို လုပ်ကြွေး လိုသည်က တကြောင်း၊ ၁ဝ တန်း အောင်လာသည့် ညီငယ် ဦးခန့် (ဂန္ထလောက မဂ္ဂဇင်း၏ သက် တမ်း ရှည် မြန်မာပိုင်း အယ်ဒီတာ) ၏ ပညာရေးကို ဦးစားပေး လိုသည်က တကြောင်း တို့ကြောင့်၊ ၁၉၂၈ ခုနှစ် တွင် ဥ ပစာတန်း ပြီးသည်နှင့် ဦးသန့် ကျောင်းထွက် လိုက်သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကျောင်း ဆရာ ပြန် လုပ်သည်။

ဦးနု (နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း) ပန်းတနော် အမျိုးသားကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုမ ထမ်းဆောင်တော့သော အခါ၊ ဦးသန့် သည်အသက် ၂၂ နှစ် အရွယ်တွင် ကျောင်းဆရာကြီး (Headmaster) အပြင်၊ ကျောင်းအုပ်ကြီး (Superintendent) တာဝန် ကိုပါ ပူးတွဲ ယူခဲ့ရသည်။သူရိယနှင့် မြန်မာ့အလင်း မ ဂ္ဂ ဇင်း တို့၌ စာများ ရေးသား ခဲ့သည်။ အင်္ဂလိပ်စာ အခြေခံ ကောင်းခဲ့သော ဦးသန့်သည် ဂန္ထလောက မဂ္ဂဇင်း တွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများစွာ ရေးသား ခဲ့သည်။ အထူးသဖြင့် ဦးသန့်သည် ပညာရေး၊ လူမှုရေး၊ စာပေနှင့် ကျေးလက် တောရွာ ပြုပြင်ရေး တို့နှင့် စပ်လျဉ်း၍ ဂန္ထလောက From my school window (ကျွန်တော်၏ ကျောင်း ပြတင်းမှ) အင်္ဂလိပ် ဘာသာ ကဏ္ဍ အောက်မှ ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၃ဝ ခုနှစ်က မြန်မာနိုင်ငံ အစိုးရ ပညာရေး ဌာနမှ ပြုလုပ်သော အထက်တန်း ဆရာဖြစ် စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့ရာတွင် ဦးသန့်သည် ပထမ ရခဲ့ဖူး လေသည်။ ထိုနှစ် ၌ပင် အင်္ဂလိပ် ကဗျာ ဆရာ Robert Browning ၏ The pied-piper of Hamelin ကဗျာရှည်ကြီးကို ဘာသာပြန် ထားသည့် “စလေ အညာ က မြွေဆရာ” ကို ဂန္ထလောက ဘာသာပြန် ပြိုင်ပွဲသို့ ပေးပို့ခဲ့ရာ ပထမဆု ရခဲ့ပြန်သည်။မြန်မာ ကလေးများ အ တွက် ရည်စူး၍ ဥရောပတိုက် ရာဇဝင်တွင် ထင်ရှားသော မြို့ကြီးများ အကြောင်း ကိုလည်း မြို့ပြ ပုံပြင်များ ခေါင်း စဉ်ဖြင့် လပေါင်းများစွာ ဘာသာပြန် ရေးသားခဲ့သည်။ ပုံပြင်များမှာ Eileen and Rhoda Power တို့၏ Cities and their stories – An Introduction to History ကို ဘာသာပြန်ပြုပြင်ရေး သားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်းက ယင်းပုံပြင် များကိုပင် “အိမ်တွင်း သိပ္ပံကျောင်း” (The University at Home) စာစု ခေါင်းစဉ်ဖြင့် မြို့ကြီး တမြို့စီ အတွက် သီးခြား စာအုပ်ငယ် ကလေးများ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာကြီး ဖာနီဗဲလ် တို့ က တည်းဖြတ် ပေးခဲ့ကြ သည်။ နောက် ပိုင်းတွင် ပုံပြင်များကို စုပေါင်း၍ ကာလကတ္တားမြို့ မက်မင် ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ရာ ကျောင်းစာ အုပ် အဖြစ် ပြ ဋ္ဌာန်းခြင်း ခံခဲ့ရသည်။ ဦးသန့်၏ ဘာသာပြန် ရေးသားမှုများ အနက် အအောင်မြင်ဆုံးဟု ဆိုရပါမည်။

မြန်မာ နိုင်ငံတွင်း ဂျပန်တို့ ဝင်ရောက်လာပြီး မကြာလှ ၁၉၄၂ ခုနှစ် မေလတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် ထွန်းအုပ် တို့က ခေါ်၍ ဦးသန့် ရန်ကုန်သို့ လာရသည်။ မြန်မာ့ ပညာရေး ပြန်လည် ပြုစုရေး ကော်မတီ အ တွင်းရေးမှူး အဖြစ် တာဝန် ပေးအပ် ခံရသည်။ “မြန်မာ့ ပညာရေး စီမံကိန်းသစ်” ကို ၂ လနှင့် အပြီ ပြုစုပြီး ပန်း တနော်သို့ ပြန်သည်။

၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက် ခေတ်သစ် ပညာရေး သင်တန်းကြီး တခု ဆ ရာ၊ ဆရာမများ အတွက် ရန်ကုန်မြို့ စည်ပင်သာယာရေး ရုံး၌ ပြုလုပ်သည်။ အောက်တိုဘာ ၂၆ ရက်နေ့မှ စ တင် သည့် အဆိုပါ သင်တန်းကြီးသည် ၁၂ ရက်မျှ ကြာ၍ ပန်းတနော် ကျောင်းအုပ် ဆရာကြီး ဦးသန့်က “ပြည် သူ့ တာဝန်” နှင့် ပတ်သက်သည့် ဟောပြော ပို့ချမှု ပြုလုပ်ခဲ့သည်။

ဂျပန်ခေတ် အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် လပိုင်းမျှ အလို ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် ဦးသန့် သည် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းရွှေ့လာသည်။ သည်တကြိမ်ကား၊ သူ၏ ဆန္ဒ အလျောက် ရန်ကုန် သို့ လာခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ သူ အလွန် စိတ်အား ထက်သန် နေသည့် အင်္ဂလိပ် ဘာသာဖြင့် မဂ္ဂဇင်း တစောင်ထုတ်ရန် ဖြစ်သည်။ ရန်ကုန် ရောက်ပြီး ၁ဝ ရက်မျှ အကြာ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံ ခံရ သည်။ ဆာဟူးဘရန့်စ်၏ တာဝန် ပေးချက် အရ၊ ဦးနု ဦးဆောင်ကာ အစိုးရ အဖွဲ့သစ် ဖွဲ့သည်။ ဦးနုက သူ၏ ဖဆပလ အဖွဲ့ချုပ် တွင် ပြန်ကြားရေး အရာရှိ လုပ်ပေးရန် ဦးသန့်ကို ခေါ်လေ တော့သည်။

နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းချိန် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် လူထု အကြား ဆက်သွယ်ရေး မည်မျှ အရေး ပါကြောင်း ဦးသန့် သဘော ပေါက်သည်။ ထို့ကြောင့် ကမ်းလှမ်းချက်ကို လက်ခံ လိုက်သည်။ သူ၏ မဂ္ဂဇင်း ထုတ်ဝေရန် ပြုစု ပျိုးထောင် ခဲ့သော ရည်ရွယ်ချက်များမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ မြှပ်နှံ လိုက်ရပြီး လည်း ဖြစ်လေသည်။

သြဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေ ဗိမာန်) ကို တည်ထောင်သည်။ ဦးသန့်က အုပ်ချုပ်ရေး ကောင်စီ၏ အကျိုးဆောင် အတွင်းရေးမှူး ဖြစ်လာသည်။ ဦး သန့် လည်း လွတ်လပ်ရေး ရပြီးနောက် ပြန်ကြားရေး ဌာန ဒုတိယ အတွင်းဝန်၊ နောက် ၁၉၄၉ ခုနှစ်တွင် အတွင်း ဝန် ဖြစ်လာသည်။

၁၉၅၄ ခုနှစ်တွင် ဦးနု၏ အတွင်းဝန် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်မှာ မြန်မာ့ စီးပွားရေးနှင့် လူမှုရေး ဘုတ် အဖွဲ့၏ အတွင်းရေးမှူး အဖြစ် ပူးတွဲ တာဝန် ယူခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ၏တာဝန် ပေးချက်အရ၊ ပစ္စုပ္ပန်မြန် မာနိုင်ငံ သမိုင်း သက်ရောက်သော ဗမာ ကျိုးပမ်းမှု ကျမ်းတစောင် ဖြစ်သည့် “ပြည်တော်သာ ခရီး” ကို စ တင် ပြု စုသည်။ ပြည်တော်သာ ခရီးကို ၄ နှစ်မျှ အချိန်ယူ ပြုစုခဲ့ပြီး နောက်ဆုံးနှင့် တတိယပိုင်းကို ဦးသန့်သည် သူ ကုလ သမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်ပြီး တနှစ် အကြာ ၁၉၅၈ ခုနှစ် နှစ်ကုန်ပိုင်း တွင်မှ အပြီး သတ် နိုင် ခဲ့သည်။

၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ကု လ သမဂ္ဂအထွေထွေညီလာခံဒုတိယ ဥက္ကဋ္ဌ၊ ၁၉၅၉ ခုနှစ်တွင် ကုလ သမဂ္ဂ ကွန်ဂို ပြဿနာ ဖျန်ဖြေရေး ကော် မရှင် ဥက္ကဋ္ဌ ဖြစ်သည်။

၁၉၆၁ ခုနှစ်တွင် အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုး ကွန်ဂို နိုင်ငံ ကိစ္စ ခရီးသွားစဉ် လေယာဉ် ပျက်ကျ သေ ဆုံး ရာ၊ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့တွင် ဦးသန့်ကို အတွင်းရေးမှူးချုပ် အဖြစ် အများ သဘောတူ ရွေးချယ် ခန့်အပ်သည်။ ငါးနှစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး၊ ၁၉၇၁ ခု၊ ဒီဇင်ဘာတွင် ရာထူးမှ အနားယူသည်။
၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရ ဧည့်သည်တော် အဖြစ် မြန်မာနိုင်ငံသို့ ၃ ရက် မျှ ပြန်ရောက် ခဲ့သည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ရက်ပိုင်း နှင့်လည်း တိုက်ဆိုက် နေ၏။ ဆရာကြီး၏ ရုပ်ကလာပ် ထားရှိရာ စမ်းချောင်း နေအိမ်သို့ ဦးသန့် သွားရောက်၍ ဂါရဝ ပြုခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် နိုင်ငံတော် အစိုးရ ဧည့်သည်တော် အဖြစ် ဦးသန့် မြန်မာနိုင်ငံသို့ တဖန် ပြန် လည် ရောက်ရှိ လာပြန်သည်။ဦးသန့်သည် အတွင်းရေးမှူးချုပ် အဖြစ် တတိယ ကမ္ဘာစစ် အထိ ဖြစ်ပွား နိုင် သည့် ကျူးဘား ဒုံးပျံ အရေးအခင်းကို အောင်မြင်စွာ ဖျန်ဖြေ စေ့စပ် ပေးနိုင်ခဲ့သည်။ ထိုအပြင် ဦးသန့်သည် နိုင် ငံတ ကာ ပြဿနာ များကို ကုလ သမဂ္ဂအား ကိုယ်စားပြု၍ ဖြေရှင်းရာတွင် ကျွမ်းကျင် လိမ္မာပြီး၊ ဘက်ပေါင်းစုံ သင့် တင့်အောင် ဆက်ဆံနိုင်သူ အဖြစ် ထင်ရှား ခဲ့သည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် တခါက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် အမှတ်တ ရ ဖြစ် ရပ်တခု ရှိခဲ့ပါသည်။ ဖဆပလ ပြန်ကြားရေး ဌာန အတွင်းဝန် ဖြစ်ပြီးနောက် ၁၉၄၉ – ၅ဝ ခုနှစ်မှာ လက် နက် ကိုင် တော်လှန်မှု များကြောင့် ပြည်တွင်း မငြိမ်သက်သည့် ကာလ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး တရား ဥ ပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရေးရာ များကို မြန်မာ့ အသံမှ ဦးသန့် မှန်မှန် အသံလွှင့် ပြောကြားရသည်။ ထို အ ချိန်တွင် ဦးနု၏ တာဝန်ပေးချက် အရ၊ ဦးသန့်သည် ယာဉ်မောင်းနှင့် နှစ်ယောက်တည်း လက်နက်ကိုင်တော် လှန် သူများ ဌာနချုပ် ရှိရာ အင်းစိန်သို့ စွန့်စွန့်စားစား သွားရောက်ပြီး၊ တော်လှန်ရေး ခေါင်းဆောင် ၂ ဦး ဖြစ်သော စောဟန်သာမွှေးနှင့် စောဘဦးကြီး (မအူပင် ပညာအုပ်ဟောင်း) တို့နှင့် တွေ့ရသည်။ အပစ်အ ခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးသည်။ သို့သော်လည်း အခြေအနေ အရ ကြိုးစားမှု မအောင်မြင် ခဲ့ပေ။
ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ပြီး၊ တဦးတည်းသော သမီး ဖြစ်သူ အေးအေးသန့် ထွန်းကားခဲ့သည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့အသက် ၆၅ နှစ်အရွယ်တွင်အမေရိကန်နိုင်ငံ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဦးသန့် ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက် ရှိလာသည်။ ဗိုလ်နေဝင် ဦးဆောင်သည့် စစ်အစိုးရက ပြီးစလွယ် မြင်းပြိုင် ကွင်းဟောင်းတွင် ထားကာ၊ ဒီဇင်ဘာ လ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာ ကြံတော သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည့် အစီအစဉ်ကို ကျောင်း သားများ ဦးဆောင်သည့် ရဟန်း ရှင်လူ ပြည်သူ အပေါင်းက လက်မခံနိုင်ဘဲ၊ ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေ ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ အဆောက်အဦဟောင်း နေ ရာမှာ ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက် သင်္ဂြိုဟ်ခဲ့ရာမှ ဦးသန့် အရေးအခင်း ဖြစ်ပွား ခဲ့ရသည်။ မတတ်သာ သည့် အဆုံးတွင်မှ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဦးသန့် ရုပ်ကလာပ်ကို ကန်တော်မင် ပန်းခြံတွင် သင်္ဂြိုဟ်ခဲ့သည်။

ဦးသန့်အား မြန်မာနိုင်ငံ အစိုးရက ၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင်၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီ၊ ၁၉၅၇ ခုနှစ် တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့များ ချီးမြှင်ခဲ့ပြီး၊ ယူဂိုဆလပ်နိုင်ငံ မာရှယ်တီးတိုးက ယူဂိုဆလပ်တံခွန်ဘွဲ့ ချီးမြှင့်ခဲ့သည်။

ကုလ သမဂ္ဂ ကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန့်၏ အတ္ထုပ္ပတ္တိ စာမျက်နှာတွင်၊ ဦးသန့် အား အောက်ဖော်ပြပါ တက္ကသိုလ် များ က ဂုဏ်ထူးဆောင် ဘွဲ့များ (LL.D.) ပေးအပ် ချီးမြှင့် ခဲ့ကြောင်း ဖော်ပြထားသည်။

- Carleton University, Ottawa, Canada (25 May 1962);
- Williams College, Williamstown, Massachusetts (10 June 1962);
- Princeton University, Princeton, New Jersey (12 June 1962);
- Mount Holyoke College, South Hadley, Massachusetts (2 June 1963);
- Harvard University, Cambridge, Massachusetts (13 June 1963);
- Dartmouth College, Hanover, New Hampshire (16 June 1963);
- University of California at Berkeley, California (2 April 1964);
- University of Denver, Denver, Colorado (3 April 1964);
- Swarthmore College, Swarthmore, Pennsylvania (8 June 1964);
- New York University, New York (10 June 1964);
- Moscow University, Moscow, Soviet Union (30 July 1964);
- Queen’s University, Kingston, Ontario (22 May 1965);
- Colby College, Waterville, Maine (6 June 1965);
- Yale University, New Haven, Connecticut (14 June 1965);
- University of Windsor, Windsor, Ontario, Canada (28 May 1966);
- Hamilton College, Clinton, New York (5 June 1966);
- Fordham University, Bronx, New York (8 June 1966);
- Manhattan College, New York (14 June 1966);
- University of Michigan, Ann Arbor, Michigan (30 March 1967);
- Delhi University, New Delhi, India (13 April 1967);
- University of Leeds, England (26 May 1967);
- Louvain University, Brussels, Belgium (10 April 1968);
- University of Alberta, Edmonton, Canada (13 May 1968);
- Boston Unversity, Boston, Massachusetts (19 May 1968);
- Rutgers University, New Brunswick, New Jersey (29 May 1968);
- University of Dublin (Trinity College), Dublin, Ireland (12 July 1968);
- Laval University, Quebec, Canada (31 May 1969);
- Columbia University, New York City (3 June 1969);
- The University of the Philippines (11 April 1970);
- Syracuse University (6 June 1970).

အောက်ဖော်ပြ တက္ကသိုလ် များမှ ဦးသန့်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ် ချီးမြှင့် ခဲ့သည်။

- Doctor of Divinity, The First Universal Church (11 May 1970);
- Doctor of International Law, Florida International University, Miami, Florida (25 January 1971);
- Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);
- Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971);
- Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971).

သူ့အတွေး၊ သူ့အရေး နှင့် သူ့စေတနာ။

မြန်မာကို ချစ်သော ဦးသန့်သည် မြန်မာတို့၏ ချို့ယွင်း အားနည်းချက်တို့ အကြောင်းကို “လူကြီးသူငယ်နာ” ဟု အမည်ပေး ၍ အောက်ပါ အတိုင်း ရေးသား ခဲ့၏။ သူ၏ အရေးအသားတွင် သူ၏ စေတနာကို မြင်နိုင်၏။ (Maung Thant အမည်ဖြင့် Oh! We Burmans ဟူသော အင်္ဂလိပ် ဆောင်းပါး ဖြစ်ပြီး-http://mandalaygazette.com/102798/creative-writing မှ ဘာသာ ပြန်ဆိုပေးထားခြင်း ဖြစ်ပါသည်။)


လူကြီးသူငယ်နာ၊ 
ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်း အားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင် ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းရင်းခံတစ်ခု ဖြစ်နိုင်သည်။ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို၊ အမေရိကန်တွေက ‘လူကြီးသူငယ်နာ ရောဂါ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်တို့နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါ ဖြစ်လေရာ၊ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။သို့သော် အဆိုပါရောဂါ ဆိုသည်ထက်၊ အသိပညာအရာတွင် ကလေက၀နိုင်မှုနှင့် ပို၍ဆိုင်ပါလိမ့်မည်။ မည်သို့ပင်ရှိစေ ဤလို ရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုး အရေအတွက်သည်ကား၊ ပို၍ပို၍ များလာဟန် ရှိပါသည်။ ထားတော့…၊ ဤချို့ယွင်းအားနည်းချက် (ဆိုကြပါစို့ ရောဂါ) ဆိုသည်မှာ ဘာကို ဆိုလိုပါသနည်း။ ဤရောဂါက ကျွန်ုပ်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်း ဆိုက်စေမည်နည်း…။ကလေးတစ်ယောက်က သူ့ကစားဖော် သူငယ်ချင်းများကို ပြောလေ့ပြောထရှိသည်များကို ကျွန်ုပ်တို့တတွေ မကြာခဏဆိုသလို ကြားရလေ့ရှိသည်။‘ငါ့အိမ်က မင်းအိမ်ထက် ပိုကြီးသကွ’‘ငါ့အဖေက မင်းအဖေကို အသာလေးနဲ့ နောက်ကောက်ချနိုင်တယ် မောင်’ စသဖြင့်။ဤသို့သော ကလေးအကြွားမျိုးကို မိဘဖြစ်သူများက ဟန့်သယောင်၊ တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ်သဘောကျနေကြသည်က များသည်။ ဒီလိုနှင့် ငယ်ကျင့်တွေမှာ လူကြီးဘ၀အထိ ပါလာတော့သည်။ဦးရွှေက သူ့ဇနီးအတွက် ရွှေဘီးတစ်ချောင်း လုပ်ပေးသောအခါ၊ အိမ်နီးချင်း ဦးငွေက အားကျမခံ သူ့မိန်းမကို စိန်ဘီး လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုး ဖြစ်ပါသည်။ ထို့ထက် တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။‘ဟေ့ ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ၊ ဘာမှတ်လဲ…’ စသဖြင့်။မိမိအောင်မြင်မှုအပေါ် သွေးနားထင်ရောက်နေသော၊ အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘ၀င်စိတ်ပင် ဖြစ်ပါသည်။‘ဟိတ် အတန်းထဲမှာ ငါ အတော်ဆုံး၊ ငါအလိမ္မာဆုံးကွ’ ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။လူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင်၊ ကျွန်ုပ်တို့ နိုင်ငံတွင် ၀တ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြားမည်သည့် တိုင်းပြည်ထက်မဆို ပိုများသည်။ သို့နှင့်တိုင် ကျွန်ုပ်တို့တတွေ၏ ဘာသာရေး အဆုံးအမများ အပေါ် စောင့်ထိန်းလိုက်နာမှုမှာ အားနည်းလှသည်ဟု ဆိုချင်သည်။ကျွန်ုပ်တို့ ဘာသာတရားက ဘုန်းတော်ကြီးများကို လောကီရေးတွင် ၀င်မစွက်ရန် တားမြစ်ထားသေးသည်။ သို့သော် အငြိမ့်ပွဲ ဇာတ်ပွဲတွေ သွားကြည့်ပါက ၀ါဝါ၀င်းဝင်းတွေ မမြင်ချင့်အဆုံး ဖြစ်တော့သည်။ကျွန်ုပ်တို့နိုင်ငံမှာ သယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။ သို့သော် ကျွန်ုပ်တို့တတွေကား ‘ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ’ ဟုဆိုကာ ဖြုန်းတီးမှုကို အဟုတ်ကြီး ထင်နေကြသည်။ ဘာကြောင့် ဤသို့ ဖြစ်နေပါသနည်း။ စိတ်ဓာတ်ရေးရာအရ နို့စို့ကလေးဘ၀မှ မတက်နိုင် သောကြောင့် ဖြစ်ပါသည်။ကျွန်ုပ်တို့ မြန်မာတွေမှာ ကမ္ဘာပေါ်တွင် အနုပညာပါရမီ အသန်ဆုံး လူမျိုးတစ်မျိုး ဖြစ်သည်မှာ မှန်ပါသည်။ သို့နှင့်တိုင် အနုပညာသည်များ (ဇာတ်မင်းသား၊ ဇာတ်မင်းသမီး) များနှင့် ပတ်သက်လျှင်မူ၊ အောက်တန်းစား ဖက်ခွက်စားဟု သဘောထားကြသည်က များသည်။ သူတို့နှင့် ကြမ်းတပြေးတည်း ထိုင်လျှင်ပင် အရှက်ရစရာ၊ သိမ်ငယ်စရာဟု ထင်ကြသည်။နို်င်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူ နည်းယူစရာ ရှာမကြည့်တတ်။ အထင်သေး ရှုတ်ချကြသည်က များသည်။ ပြောရလျှင် အစစအရာရာ ကျွန်ုပ်တို့တတွေမှာ အရွယ်မရောက်သေးသော ကလေးစိတ်နှင့် လူကြီး ကိုယ်တွေ ဖြစ်နေတော့သည်။ကျွန်ုပ်တို့နိုင်ငံ ရောက်လာကြသော နိုင်ငံခြားဧည့်သည်များက ကျွန်ုပ်တို့ကို သဘောကျကြပါသည်။ ‘နက်ဖြန်ခါ အတွက်ပင် တွေးမပူတတ်သော ပျော်ပျော်နေသေခဲ လူမျိုး’ ဟုလည်း မကြာခဏဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွန်ုပ်တို့က ဂုဏ်ယူ မဆုံး ဖြစ်နေကြသည်။ လူကြီးတစ်ယောက်၏ မြှောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးလေးတစ်ယောက်နှင့်ပင် တူသေး တော့သည်။ ကျွန်ုပ်တို့ဟာသက ရိုးတာသည်။ ကျွန်ုပ်တို့စကားက ပေါ့ပြက်သည်။ ကျွန်ုပ်တို့ အတွေးက တိမ်သည်။ သင့်,မသင့် မှန်,မမှန် ကိုယ်တိုင် မစဉ်းစား။ စဉ်းစားဆုံးဖြတ်ရမည့် အလုပ်ကို ဆရာတော်များနှင့် ဂုဏ်သရေရှိ လူကြီးမင်းများကိုသာ လွှဲထားသည်။ ကလေးတွေနှင့် ဘာကွာ တော့မည်နည်း။ကျွန်ုပ်တို့လူမျိုးမှာ စံသတ်မှတ်ချက်များကိုလည်း အလွန်ကိုးကွယ်လေ့ ရှိပါသည်။ သို့သော် ‘စံ’ အတိုင်းကား မကျင့်။ ကျင့်သယောင်ယောင် ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျှင်းမရှိ။ သူများ အထင်သေးမှာ ကြောက်သောကြောင့် ဖြစ်သည်။ဤအကျင့်က ကျွန်ုပ်တို့စာပေတွင် ထင်ဟပ်လျက် ရှိသည်။ အကယ်၍များ အိပ်(ချ)ဂျီဝဲ(လ) တို့၊ ဒီအိပ်(ချ) လောရင့် တို့၊ ဂိုဂို(လ) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင်၊ ကမ္ဘာကျော် စာရေးဆရာကြီးတွေ ဖြစ်လာလိမ့်မည် မဟုတ်။ အပယ်ခံ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်ဖို့များသည်။မြန်မာ့နိုင်ငံရေးမှာလည်း ဤနည်းနှင်နှင်ပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက်မကြိုက်ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်ုပ်တို့နိုင်ငံတွင်သာ ချိန်ဘာလိန်လို အရည်အချင်းမျိုး ရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ့သက်တမ်းမှာ ခြောက်လထက် ပိုမခံ။ မြန်မာတွေက အရည်အချင်းထက် သူ့တို့ဟာဒယကို ထိ,မထိသာ ကြည့်တတ်သည်။ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံမျှထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေကြသည်က များသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့်တစ်ခု အပြန်အလှန် တိုက်ခိုက်မည်။ အဆဲကောင်း အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရကို နာနာဆဲနိုင်ပါက ပိုလူကြိုက်များလိမ့်မည်။ မြန်မာဓလေ့တွင် အစိုးရ(မင်း)ကို ရန်သူမျိုးငါးပါးထဲ ထည့်သွင်းထားသည် မဟုတ်ပါလော။မြန်မာ့ရေခံမြေခံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အကောင်းဆုံးဟု ဆိုကြသည်များ ရှိသည်။ လူတန်းစား ကွာဟမှု ပြောပလောက်အောင် မရှိသောကြောင့်ဟု ဆိုသည်။ သို့ဖြစ်လင့်ကစား၊ ကျွန်ုပ်တို့တတွေမှာ ကိုယ့်သားသမီးများကို ယခုလို ဆုံးမလေ့ရှိကြသည်။‘သားရေ- သမီးရေ ဟိုကလေးနဲ့ မကားစားကြနဲ့နော်၊ ဒင်းတို့တတွေက အဆင့်အတန်း မရှိဘူးကွဲ့’ ကျွန်ုပ်တို့ လူကြီးအချင်းချင်းလည်း ယခုလို ပြောလေ့ရှိကြသည်။‘ဦးချမ်းသာနဲ့ ဒေါ်ပို်က်ဆံကို သိသမို့လား။ ဒီလိုမြို့လေးမှာ သူတို့ဘယ်နေနိုင်မလဲ။ သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ။ သူတို့အိမ်နီးချင်းတွေက စာရေးစာချီနဲ့ ကျောင်းဆရာတွေကိုးရှင့်…’ စသည်ဖြင့်။ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုးများအပေါ် အမြင်များ ဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည် မဟုတ်။ သိမှတ်လက်ခံပြီးသကာလ ဘာ့ကြောင့် ဤသို့ဖြစ်ရသည်ကို၊ အကြောင်းရှာစိစစ်ကြဖို့ ဖြစ်ပါသည်။ ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက် ကုသပြီး ဖြစ်နိုင်ပါသည်။

ဤသည်ကား ဦးသန့်၏ စေတနာ စကားပင် ဖြစ်တော့၏။ 

ကျွန်တော်တို့သည်- မြှောက်ပင့်သော စကား၊ ချီးမွမ်းသော စကားတို့ကို ဘ၀င်ခိုက်အောင် နှစ်သက်မိ တတ်သော်လည်း- မိမိ၏ အားနည်းချက်၊ မိမိ၏ ချို့ယွင်းချက် အမှား တို့ကို ထောက်ပြသော စကားဆိုလျှင် - တီကောင်အား ဆားနှင့် တို့မိသည့် နှယ် တွန့်ခါသွား မိတတ်၏။ သို့သော်- ယခုကဲ့သို ထောက်ပြသော စကားတို့သည်- မိမိလွန်စွာ အထင်ကြီးသော သူ၊ များစွာ အောင်မြင် ထင်ရှားသူ ၏ စကားဖြစ်မူ- နားထောင် လိုက်နာသည် မနာသည် ထား၊ လက်တော့ ခံ၏။ သို့သော်- ထိုသူသည် မိမိအထင်ကြီးသူ မဟုတ်ပါမူ- မည်မျှ မှန်ကန်သော၊ တန်ဘိုး ရှိသော စကားဖြစ်စေကာမူ- မကောင်းမြင် စကား၊ ကဲ့ရဲ့စကား ဟု မှတ်ယူ မိတတ်ပြန်၏။ ဤနေရာတွင် လက်ယာတော်ရံ ရှင်သာရိပုတြာ မထေရ်ကြီး သည်- ၇-နှစ် အရွယ် ကိုရင်လေး၏ “အရှင်ဘုရား သင်္ဃန်းအ၀န်း မညီဘူး ဘုရား” ဟုသော စကားကို လေးစားစွာ လိုက်နာ ပြင်ဆင် ခဲ့ကြောင်းကို မူ သတိပြုရမည် ဖြစ်၏။

ဦးသန့် ကို ကောင်းစွာ မမီ ခဲ့သော ကျွန်တော်တို့ ခေတ်။

ဦးသန့် အရေးအခင်း ကိုတော့ ကျွန်တော် မူလတန်း ကျောင်းသား အဖြစ်ဖြင့် မီခဲ့၏။ သို့သော် ထိုစဉ်က- ငယ်ရွယ် သေးသည်က တစ်ကြောင်း၊ ရန်ကုန်မြို့တွင် နေခဲ့သူ မဟုတ်ခဲ့သည်က တစ်ကြောင်း တို့ကြောင်း သိပ်တိတိပပ မသိခဲ့ရပဲ- ကြီးလာမှသာ- ဦးသန့် အရေး အခင်း အကြောင်းကို ပိုသိရှိလာခဲ့ရ၏။

သို့သော်လည်း- ကျောင်းဆရာ တစ်ဦး ဖြစ်သော ကျွန်တော်၏ ဘခင်သည် ဦးသန့် တစ်ချိန်က- တာဝန် ထမ်းဆောင် ခဲ့သော၊ သူ၏ ဇာတိမြေ ပန်းတနော် ဘိတ်ကျောင်း (ပန်းတနော်ရှိ တစ်ခုတည်းသော အလယ်တန်းကျောင်း) တွင် ကျောင်းအုပ် တာဝန် ထမ်းဆောင် ခဲ့ရသဖြင့်- ကျွန်တော့် အနေဖြင့် - ဦးသန့် ၏ ဇာတိမြေ ကို နင်းခဲ့ရဘူး၏။ ဦးသန့် အလုပ် လုပ်ခဲ့သော ပန်းတနော် ဘိတ်ကျောင်းတွင် တည်းခို ခဲ့ဘူး၏။
ထို့နောက် ဦးသန့် အကြောင်းကို အတန်အသင့် လေ့လာမိ၏။

ဦးသန့် နှင့် သူ၏ ဇာတာ။

ဇာတာ တစ်စောင်သည် လူ၏ အကြောင်း များစွာကို ပြောပြနိုင်စွမ်း ရှိ၏။ သို့သော် ဇာတာမှ ပြောသည်ကို နားလည်အောင် ကြည့်တတ်ရန်တော့ လိုအပ်သည် ဖြစ်၏။
ဇာတာရှင်၏ အားသန်ချက်၊ အားနည်းချက်၊ ရည်ရွယ်ချက်၊ စိတ်ဓါတ်၊ စရိုက် စသည်တို့မှ နေ၍- ထိုဇာတာရှင်သည်- ဘ၀ တွင် မည်မျှ အောင်မြင်နိုင် မည်၊ ထိုသူသည် လူသား အကျိုးဆောင်ရွက် မည့်သူလား၊ တနပ်စာ- တစ်ဘ၀ စာ အတွက်- ရသည့် နည်းဖြင့် ရှာစားမည့် သူလားကို ဇာတာ အနေဖြင့် ပညာရှင် တို့အား ပြောပြနိုင်၏။ 
ထို့ကြောင့်လည်း ကျွန်တော့် အနေဖြင့်- ဦးသန့်၏ ဇာတာ အကြောင်း မရေးသားမီ- ဗိုလ်ချုပ် အောင်ဆန်း ဇာတာဂဠုန် ဦးစော ဇာတာ၊ ဆက်ဒမ် ဟူစိန် ဇာတာ စသော များစွာ သူတို့၏ အကြောင်းတို့ကို သုတေသန ပြု ရေးသားခဲ့၏။
သို့သော်- ဗေဒင်သည် အလုံးစုံကို ဆုံးဖြတ် အဖြေထုတ်နိုင်သော အရာမဟုတ်- 
အကယ်၍- စာရှုသူသည် သစ်ပင် ပန်းမာလ် စိုက်ပျိုးရေး အတွေ့အကြုံ ရှိပါမူ- သစ်ပင် တစ်ပင် တစ်ပင် အနေဖြင့် ရှင်သန်၊ ကြီးထွား၊ ဖွံ့ဖြိုး၊ ဖူးပွင့် သီးစုံ စေရန် အတွက် အောက်ပါတို့ လိုမည် ဖြစ်ကြောင်းကို နားလည်ပြီး ဖြစ်မည် ဖြစ်၏။
  • သစ်ပင် မျိုးစေ့ ကောင်းမကောင်း အနေအထား။ (မျိုးစေ့ မှန်ကန်မှု၊ သက်တမ်း မလွန်မှု၊ မျိုးဗီဇ ကောင်းမွန်မှု စသည်တို့)
  • စိုက်ပျိုးရာ မြေအမျိုးအစား သင့်တော်မှု။ (ချဉ်ငန်ဓါတ် အနေအထား၊ ရွှံ့မြေ၊ နုန်းမြေ၊ ကျောက်မြေ- သင့်တော်မှု)
  • စတင် စိုက်ပျိုးသည့် ကာလ- ရာသီဥတု နှင့် နောက်ပိုင်း ရာသီဥတု အနေအထား။ (စွတ်စိုမှု နှင့် အပူချိန်)
  • စိုက်ပျိုးရာ ပတ်ဝန်းကျင် အနေအထား (ဥပမာ- ဂန္ဓမာ ပန်းစိုက်မည် ဆိုလျှင် ဖုံထူသော နေရာ၊ စက်ပြာများ ကပ်ညိနိုင်သော ဆန်စက် များနှင့် နီးသော နေရာများ မဖြစ်သင့်၊ ထိုနည်းတူ ကွမ်းပင် စိုက်မည် ဆိုလျှင်လည်း အရေးကြီး၏။)
  • ရောဂါ ပိုးမွှားများ နှောက်ယှက် ဖျက်ဆီးနိုင်မှု၊ နှင့် ကြိုတင် ကာကွယ်၊ တားဆီးနိုင်မှု။
  • အခြားသော ဘေးအန္တရာယ်များ ဖြစ်သည့် ကြက်ယက် ခံရခြင်း၊ ဆိတ်စား ခံရခြင်းများမှ ကင်းဝေးခြင်း၊ တားဆီးနိုင်ခြင်း၊
  • မိုးကြီးခြင်း၊ လေပြင်းကျခြင်း ဆိုသည့် အန္တရာယ်များ နှင့် ကြုံတွေ့ ခံရနိုင်မှု နှင့် ကာကွယ်ပေးထားနိုင်ခြင်း၊
  • လိုအပ်သော ရေ၊အစာ များကို လိုအပ်သည်ထက်လည်း မနည်း၊ ဥပါဒ် ဖြစ်သွားသည် အထိလည်း- မများ ပဲ- သင့်တော် သော အချိန်တွင် သင့်တော်သော ပမဏ ရရှိနိုင်မှု၊ (အပွင့် အတွက်၊ လိုအပ်သည်များ၊ အသီးအတွက် လိုအပ်သည်များ ရရှိနိုင်မှု)
  • လိုအပ်သော စောင့်ရှောက်မှု ရနိုင်ခြင်း အနေအထား- စသည် စသည်များ လိုအပ်သည်သာ ဖြစ်၏။
ထိုသည်တို့မှာ- အပင်တစ်ပင် ရှင်သန် ကြီးထွား ဖူးပွင့် သီးစုံ နိုင်ရန်မျှသာ ဖြစ်ပြီး- ထိုအပင် မှ ငွေကြေး အကျိုးအမြတ် ရနိုင်မှု မရနိုင်မှု မပါသေး။ အကျိုးအမြတ် ရနိုင်မှုက နောက်တစ်ပိုင်း ဖြစ်၏။

ထိုနည်းတူ- မုန့်လုပ်မည်၊ ထမင်းဟင်း ချက်မည် ဆိုလျှင်လည်း- ကြက်သား၊ ၀က်သား စသည့် ဟင်းစားတို့ ရှိသည် ဆိုယုံမျှ ဖြင့် မလုံလောက်- ပေ။ များစွာ သော အချက်များ လိုအပ်၏။ မည်သို့ ချက်ရမည်ကို သိလျှင်သော်မှ- မီးအား ကောင်းကောင်း မရှိပဲ- ရေကောင်းကောင်း မရှိပဲ- ဟင်းကောင်း မည်သို့ ချက်မည်နည်း။

ဗုဒ္ဓဘာသာ တို့ အတွက် ထင်ရှားသော ဥပမာ- တစ်ရပ်မှာမူ-
အကယ်၍ ဤဇာတာသည် ဗုဒ္ဓ စင်စစ် ဧကန် ဖြစ်ရမည့် ဇာတာ ဖြစ်ပါက- ထီးနန်း စည်းစိမ်ကို စွန့်၍ တောထွက်ခဲ့သော သိဒ္ဓတ္တ မင်းသားသည်- အဘယ့်ကြောင့်- ဇတ်အမြင့်ဆုံး ဟု ဆိုအပ်သော (စစ်အင်အား လွန်စွာ ကြီးမားသော ကောသလတိုင်း၊ မာဂဓ တိုင်းတို့ထက်ပင် များစွာ ဇတ်မြင့်သည်ဟု ယူဆထားသော) သာကီ အနွယ်တွင် မင်းသား အဖြစ်ဖြင့် ၀င်စားခဲ့ရပါသနည်း။ ထိုထီးနန်း စည်းစိမ်၊ ဂုဏ်ဒြဗ် တို့ကို စွန့်လွှတ် မည့် ပုဂ္ဂိုလ် တစ်ဦး အနေဖြင့်- ဘုရား ဖြစ်မည့် ဇာတာ ဧကန် ဖြစ်ပါက- ထိုထီးနန်းမှ မွေးလာမလာပဲ- တံငါရွာ တစ်ခုတွင် လူသာမာန် မှ မွေးလျှင် ရော မဖြစ်နိုင်ပေဘူးလား ဟု စစ်ကျော ကြည့်မိဘူးပါသလား၊

အကြောင်းရင်းမှာ- လိုအပ်သော ကြောင့် ဖြစ်၏။

ထိုကြောင့်လည်း ဂင်္ဂါ ၀ါဠု သဲစု မက ပွင့်ခဲ့သော ဘုရားတို့ အားလုံးသည်- အမြင့်ဆုံး ဇတ်တို့မှ မွေးဘွား လာကြခြင်း ဖြစ်၏။
ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီး Warren Buffett ပြောခဲ့သည်မှာ- 
If you stick me down in the middle of Bangladesh or Peru or someplace, you find out how much this talent is going to produce in the wrong kind of soil ... I work in a market system that happens to reward what I do very well -- disproportionately well." ခင်ဗျားတို့ ကျွန်တော့်ကို ဘင်္ဂလားဒေ့ရှ် ဖြစ်ဖြစ်၊ ပီရူး၊ စတဲ့ တစ်နေရာရာ ရဲ့ အလယ်ခေါင် သွားထားလိုက်၊ မှားယွင်းတဲ့ မြေယာမှာ ပါရမီ ဗီဇ က ဘယ်လောက်ပဲ- ပေးစွမ်း နိုင်တယ် ဆိုတာ ခင်ဗျားတို့ တွေ့လိမ့်မယ်။ အခု- ကျွန်တော်က- ကောင်းကောင်း လုပ်ယင် ကောင်းကောင်း ဆုရနိုင်တဲ့ စီးပွားရေး စနစ်မှာ အလုပ်လုပ်နေလို့ ဗျ။"
သို့ပါလျှင်- ဗေဒင်နည်း သက်သက်မျှဖြင့်- မည်သို့ ဖြစ်ကို ဖြစ်ရမည် ဟု ဆိုခြင်းသည် သဘာဝကျ နိုင်ခြင်း ရှိမရှိ ကို စာရှုသူများ နှင့် ဗေဒင် သုတေသီများ နားလည် နိုင်မည် ဟု ဆိုရပါမည်။

အတိတ် ကုသိုလ်ကံ ၏ အကြောင်းကို မူတည်၍- မူလ ဘွားဇာကို အမှီပြု တွက်ချက် ဟောပြောသော ဗေဒင်သည်- အကြောင်း တစ်ချက် တစ်ခု မျှသာ ဖြစ်၏။ များစွာသော သူတို့ အတွက် မှန်ကန် ထင်ရှားနိုင်မည် ဖြစ်သော်မှ- အချို့သူများ အတွက် မူ ဗေဒင် ချည်းသက်သက်ဖြင့် ပြောပ လောက်အောင် ထင်ရှား မှန်ကန် နိုင်မည် မဟုတ်ပေ။

ဗေဒင် သည် ယုံကြည် ကိုးကွယ်ရာ မဟုတ်၊

လိုအပ်လျှင် သုံး၊ မလိုအပ်လျှင် မသုံးရုံ သာ ဖြစ်သင့်သော- မိုးလေ၀သ ခန့်မှန်း သော ပညာ၊ ကဲ့သို့ ပညာရပ် တစ်ရပ် သာလျှင် ဖြစ်၏။
ဤအကြောင်းတို့ကိုလည်း-  ကျွန်တော် ဆောင်းပါး တစ်ပုဒ် ရေးသားခဲ့ပါသေး၏။

ကောင်းပါပြီ။ ဦးသန့်၏ ဇာတာကို စစ်ဆေးကြည့်ပါစို့- သူ၏ မွေးချိန် မှတ်တမ်း အရ ဖြစ်သော ည ၁၂း၀၅ ကို- မိုးတား နည်းဖြင့် ဆန်းစစ် ရာတွင် အနည်းငယ် ကွာဟ မှု ရှိနေသဖြင့် ည ၁၂း၁၂ မိနစ် ဖြင့် တွက်ပါသည်။ ထိုအချိန်က မြန်မာ စံတော်ချိန် ၆း၃၀ စနစ် မသတ်မှတ် ရသေး သဖြင့် ဒေသ စံတော်ချိန် စနစ်ဖြင့် တွက်ယူရပါသည်။ (အန်ဒရွက် လက်ကိုင်ဖုန်း ဖြင့် အသုံးပြုနိုင်သော မိုးတား ပရိုဂရမ် ဖြင့် ဇာတာ တွက်ချက် ထားပုံကို အောက်ဆုံးတွင် ဖေါ်ပြပေးထားပါသည်။)


များစွာသော ဆောင်းပါးတို့တွင် ကျွန်တော် တင်ပြခဲ့သကဲ့သို့- ထူးခြားသူတို့တွင် ထူးခြားသော ဇာတာရှိ၏။ ဦးသန့်၏ ဇာတာတွင်လည်း သူမတူ အောင် အားကောင်းသော ဂြိုဟ်တို့၏ အနေအထားကို တွေ့ရ၏။
အလွန့်အလွန် အားကောင်းသော တနင်္ဂနွေ၊ နှင့် တနင်္လာ အနေအထားသာမက- ဂြိုဟ်အားလုံး အနက်တွင် အင်အားနည်းသလို ဖြစ်သော ဗုဒ္ဓဟူး ဂြိုဟ်ကပင် အင်အားသင့်တင့်စွာ ကောင်းသော အနေအထားတွင် ရှိ၏။


  
ဘာဝ အနေအထားတွင် လေ့လာရာတွင်လည်း- ၁၀-တန့် ဘာဝသည် အလွန် ထင်ရှားစွာ အားကောင်းနေတော့၏။ ၁၀-တန့်သည် အလုပ် အကိုင် နှင့် ဆိုင်သော၊ ကမ္မဘာဝ၊ တနည်းအားဖြင့် မိမိ၏ အလုပ်သည် မည်သည့် အလုပ် ဆိုသည်ကို လူအများသိရှိနိုင်သော ဘာဝ ပင် မဟုတ် ပါလော။



အထက်တွင် မြင်ရသည်ကား- ၀ဂ္ဂစက် ခေါ် အံသာစက်များ အနေအထားပင် ဖြစ်၏။ မည်သို့ ထူးခြားနေပါသနည်း။ ၀ဂ္ဂစက် များ၏ အသုံး ကိုမူ ဤနေရာတွင် ဆွေးနွေးမည် မဟုတ်တော့ပဲ- ထူးခြားသော အနေအထားကို ပြလိုခြင်းပင် ဖြစ်၏။

မူလ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
ဇာတာရှင်သည် တူ လဂ်- မကာရ စန်း ဖြစ်သည်။ ဘွားဒဿာ အားဖြင့်- တနင်္ဂနွေ ထူလ၊ စနေ အန္တရ၊ ရာဟု ပြတန္တရ ဖြစ်၏။

တနင်္ဂနွေ ဂြိုဟ် အား ဆန်းစစ်ခြင်း။
၁၁-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် ရန်ဖြစ်သော မကာရ ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 256% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ မူလ တနင်္ဂနွေ ဂြိုဟ် (၁၁-တန့် ဘာဝ ၏ သခင်) အားမူလ တနလာင်္ (၁၀-တန့် ဘာဝ ၏ သခင်) မှ (75.3) % ဖြင့် လွှမ်းမိုးထားသည်။ တနင်္ဂနွေ ဂြိုဟ် ၄-တန့်တွင် တည်သော သဘောသည်- ဇာတာရှင် အနေဖြင့် မိသားစု ဘ၀၊ ထုံးတမ်း စဉ်လာ ရိုးရာကို အမြဲနှစ်ခြိုက် စုံမက်တတ်ပြီး- ပကတိ အားဖြင့် အေးချမ်းစွာ နေလိုသော သဘောကို ဖြစ်စေပါ၏။ တစ်နည်းအားဖြင့် ဆိုလျှင် ၄-တန့် ဆိုသည်မှာ အချက်အခြာ ကျသော ကိန်းအိမ်လည်း ဖြစ်၏။ ကိန်းအိမ်တွင် အင်အားကောင်းသော တနင်္ဂနွေ တည်ခြင်းဖြင့်- ခိုင်မာသော ဇာတာ တစ်ခု လည်း ဖြစ်နေလေတော့၏။ သို့သော်လည်း- သဘာဝ ပါပဂြိုဟ်ဖြစ်သော တနင်္ဂနွေသည် ပူလောင်သော သဘောရှိသဖြင့်- ဘ၀ ၏ အောင်မြင်မှု အတွက်- ငြိမ်းချမ်းမှု ကို အစားပြန်ပေးလိုက် ရသော သဘောလည်း ဖြစ်နေလေတော့၏။

တနင်္လာ ဂြိုဟ် အား လေ့လာသော အခါတွင်လည်း- 
၁၀-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် ရန်ဖြစ်သော မကာရ ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် စနေ ပိုင်သော ကုမ် န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 338% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ မူလ တနင်္လာ ဂြိုဟ် (၁၀-တန့် ဘာဝ ၏ သခင်) အားမူလ တနင်္ဂနွေ (၁၁-တန့် ဘာဝ ၏ သခင်) မှ (75.3) % ဖြင့် လွှမ်းမိုးထားသည်။ ဆန်းတစ်ခါ ဆုတ်တစ်လှည့် ဖြစ်သော မတည်ငြိမ်သော တနင်္လာ၏ သဘောသည် အိုးအိမ် နေထိုင်ရာ နှင့် ဆိုင်သော ၄-တန့် တွင် တည်ခြင်းက- မကြာခဏ နေထိုင်ရာ ပြောင်းရတတ်သည်ကို လည်း ဖေါ်ပြသကဲ့သို့- စိတ်အေးချမ်းမှုကိုသာ လိုလားသူ ဖြစ်ကြောင်းကိုလည်း ဖေါ်ပြနေသည်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရာထူး အတွက် တတိယ အကြိမ် သက်တမ်း ကို လုံးဝ လက်မခံခဲ့ခြင်းကို ဦးသန့်၏ ဘ၀တွင် တွေ့နိုင်ပါသည်။ တစ်ဘက်တွင်လည်း ၁၀-တန့် သခင် အနေဖြင့်- ၄-တန့်တွင် တည်ခြင်းဖြင့်- ကိန်းသခင် - ကိန်းအိမ် တည်သော ကံကောင်းခြင်းကို ဖြစ်စေသည့် ဇာတာလည်း ဖြစ်၏။ ပညာရပ် များစွာတွင် ဗဟုသုတ ပြည့်စုံခြင်း၊ ဧကဒဿသင်း ၀ဂ္ဂ နှင့် ပဉ္စသင်း ၀ဂ္ဂ္ဂ တွင် ဥုစ်ရထားခြင်း တို့ကလည်း- ထိုတနင်္လာ၏ တာဝန် ဖြစ်သော ၁၀-တန့် ဆိုသည့် အလုပ်အကိုင် အောင်မြင်မှု အထွတ်အထိပ် ပို့ပေး နေသည့် အချက်များ ဖြစ်နေပြန်ပါသည်။

ဆက်လက်၍ အင်္ဂါဂြိုဟ် အား ကြည့်ပြန်လျှင်-
၇-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် အိမ်ရှင်၊-ဖြစ်သော ဗြိစ္ဆာ ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ-၅-တန့် သခင် စနေ ပိုင်သော အနုရာဓ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 151% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ လက်တွေ့ လုပ်ဆောင်တတ်သည့် အင်္ဂါသည်- ရည်ရွယ်ချက် နှင့် ဆိုင်သော ၂-တန့် တွင် တည်ခြင်းက- ဘာလုပ်လုပ် စိတ်ပါ လက်ပါ လုပ်တတ်၏။ သေသေချာချာ ရည်ရွယ်၍ စေတနာ ပါပါ ဆောင်ရွက်ပေး၏။ တစ်နည်းအားဖြင့်- အောင်မြင် ချမ်းသာသူများ တွင် တွေ့ရတတ်သော အနေအထား တစ်မျိုးလည်း ဖြစ်၏။ ထို့အပြင် အများနှင့် ဆက်ဆံရခြင်း၊ နိုင်ငံရပ်ခြား နှင့် ဆက်ဆံရခြင်း စသော ၇-တန့် ၏ သခင် အနေဖြင့်- ဘ၀ အောင်မြင်မှု အဆင့်အတန်း ပိုင်ဆိုင်မှု နှင့် ဆိုင်သော ၂-တန့် တွင် တည်ခြင်းဖြင့်- နိုင်ငံတကာ အဖွဲ့အစည်း ကြီးတွင် ကြီးမားသော တာဝန်ကို ယူရခြင်းလည်း ဖြစ်စေသော အချက်တစ်ချက် ဖြစ်၏။

ဗုဒ္ဓဟူးဂြိုဟ် အား လေ့လာမည် ဆိုလျှင်-
၁၂-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် မိတ်ဖြစ်သော မကာရ ရာသီ (၅-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော ဓနသိဒ္ဒ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 80% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ စာရေးခြင်း အတတ်၊ ရေးဖွဲ့ သီကုံးခြင်း၊ တွက်ချက် ခြင်းတို့ နှင့် ဆိုင်သော ဗုဒ္ဓဟူး အနေဖြင့်- အတတ်ပညာ နှင့် ဆိုင်သော ၅-တန့် တည်ခြင်းက- ဦးသန့် အား စာရေး၊ စာဖတ်ခြင်း၊ စာပေ ပညာကို စိတ်ဝင်စားခြင်း- မိမိသိသည်ကိုလည်း တစ်ဘက်သူ အား ပြောပြ ရှင်းပြနိုင်သော စွမ်းရည် ရှိခြင်း တို့ကို ဖြစ်စေ၏။ သို့သော်လည်း- ဒုဌာန ဘာဝ ဖြစ်သော ၁၂-တန့် သခင်သည် ပုတြဘာဝ ဖြစ်သော- တစ်နည်းအားဖြင့် သားသမီးနှင့် ဆိုင်သော ၅-တန့်တွင် တည်ခြင်းသည် သားသမီး နှင့် ပါတ်သက်၍ စိတ်ဆင်းရဲ ပူလောင်ရခြင်း ကို ဖြစ်စေ သော အချက် တစ်ချက်လည်း ဖြစ်စေခဲ့ပါ၏။

ကြာသပတေး ဂြိုဟ်အနေဖြင့်မူ-
၃-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် မိတ်ဖြစ်သော သိဟ် ရာသီ (၁၁-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-လဂ်သခင် သောကြာ ပိုင်သော ပြုဗ္ဗဖလဂုဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 182% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ၃-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၅-တန့် ဘာဝ ၏ သခင်) မှ (70.6) % ဖြင့် လွှမ်းမိုးထားသည်။ ကြာသပတေး အနေဖြင့် ၁၁-တန့်တွင် တည်ခြင်းသည်- မိမိအတွက် ရေရှည် တည်တန့်သော၊ အဆင့် မြင့်မားသော မိတ်ဆွေ ကောင်းများ ရရန် အတွက် အကြောင်းတစ်ချက်လည်း ဖြစ်၏။ မိတ်ကောင်း ဆွေကောင်း ကံရှိထား၏။ တစ်ဘက်တွင်လည်း- ၃-တန့် သခင် ၁၁-တန့် တည်ခြင်းသည်- များသော အားဖြင့် စီးပွားရေး ကျွမ်းကျင်သူများ တွင် တွေ့ရတတ်သော- တစ်နည်းအားဖြင့်- မိမိ၏ ရည်ရွယ်ချက် ကို စိတ်ကူးထဲမှာပင် ကျေနပ် နှစ်သိမ့် နေတတ်သူမျိုး မဟုတ်ပဲ လက်တွေ့ ချလုပ်ကြည့်တတ်သော ဇာတာရှင်မျိုး ဖြစ်တော့၏ ကြာသပတေး အင်အား ကောင်းခြင်း၊ ကြာသပတေး ပိုင်ဆိုင်ရာ ၃-တန့် ဘာဝအား ပညာ ရေးနှင့် ဆိုင်သော ၅-တန့် သခင်၏ အမြင်ကို ရထားခြင်း၊ တို့သည် ပညာနှင့် ပတ်သက်သော အနေအထားဖြင့် အောင်မြင်မှု များ ပိုင်ဆိုင်မည် ကို ဖေါ်ဆိုနေလေ၏။

သောကြာ ဂြိုဟ်အနေအထား အားဖြင့်-
၁-တန့် (လဂ်) သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် ရန်ဖြစ်သော ဓနု ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် တနင်္ဂနွေ ပိုင်သော သိဟ် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 103% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ မူလ သောကြာ ဂြိုဟ် (၁-တန့် (လဂ်) ၏ သခင်) အားမူလ စနေ (၅-တန့် ဘာဝ ၏ သခင်) မှ (91.8) % ဖြင့် လွှမ်းမိုးထားသည်။ ၃-တန့် ဘာဝ အလယ်မှတ်အား မူလ စနေ (၅-တန့် ဘာဝ ၏ သခင်) မှ (70.6) % ဖြင့် လွှမ်းမိုးထားသည်။ လဂ်သခင် ၃-တန့် တည်ခြင်းသည် ရဲရင့်ခြင်း၊ ဥာဏ် ထက်မြက်ခြင်း တို့ကို ဖြစ်စေ၏။ ဤသည်ကို ဟိန္ဒူကျမ်းများက သီဟတုလယ ပရကရမ္မီ ဟု ပင် ခေါ်တတ်၏။ တစ်ဘက်တွင်- အများကို ဆက်သွယ်ခြင်း နှင့် ဆိုင်သော ၃-တန့် ဘာဝတွင် သောကြာ တည်ခြင်းဖြင့်- ချိုသာစွာ၊ ဆွဲဆောင် ပြောဆိုတတ်သော အစွမ်းရှိသူဖြစ်စေ၏။

စနေဂြိုဟ်ကို ဆန်းစစ်ကြည့်လျှင်-
၅-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောမိန် ရာသီ (၆-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-စနေ ပိုင်သော ဥတ္တရာဘဒြပိုဒ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 140% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ကောင်းသော ဘက်မှ ကြည့်ပါက- ၆-တန့် ဘာဝသည် သူတစ်ပါး အား လုပ်ဆောင် ပေးရသော ဘာဝ၊ ယှဉ်ပြိုင် မှု နှင့် ဆိုင်သော ဘာဝ ဖြစ်ပြီး- ဇွဲနပဲ နှင့် ဆိုင်သည့် စနေတည်ခြင်းက- ဘာလုပ်လုပ် အလွယ် စိတ်ပျက်တတ်သူမဟုတ်၊ ဇွဲနပဲ နှင့် လုပ်ဆောင် တတ်သူ မျိုး ဖြစ်၏။ သို့သော် ပုတ္တရ ဘာဝ သခင် သည် ဒုဌာန ဖြစ်သော ၆-တန့်တွင် တည်နေခြင်း သည်ကား- သားသမီး ဆုံးရှုံးရတတ် သော အချက် တစ်ချက် ဖြစ်၏။ တစ်ဘက်တွင်လည်း- ပညာ ရေး ကောင်းလှသော်လည်း- ဥပစာတန်း ပြီးသည် နှင့် ကျောင်းထွက် လိုက်ရခြင်း၏ အကြောင်း တစ်ချက်လည်း ဖြစ်၏။ ဤအချက် နှင့် ပတ်သက်၍- ဖလဒီပက ကျမ်း (၆၊၆၂) အရ လည်း- ပါမရ ယောဂ ဟု ဆိုထားပြီး၊ ဤယောဂ ရသူ အနေဖြင့်- ဇာတာရှင် သားသမီး ဆုံးရှူံးခြင်း၊ ပညာရေး ဆုံးခမ်းမတိုင်ခြင်း ဖြစ်တတ်သည်ဟု ဆိုထားပါသေးသည်။

ရာဟု နှင့် ကိတ်ကို လေ့လာပါက-
ရာဟု ဂြိုဟ် သည် ဖြစ်သော မေထုန် ရာသီ (၉-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော မိဂသီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 27% ရှိကာ၊  ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
ကိတ် ဂြိုဟ် သည် ဖြစ်သော ဓနု ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော မိဿ န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မူလ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 102% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။

သားငယ် တင်မောင်သန့် ဆုံးပါးချိန်။ (ကြာသပတေး ထူလ၊ ရာဟု အန္တရ၊ အင်္ဂါ ပြတန္တရ)

ဦးသန့် အသက် ၂၆ နှစ်တွင် ဒေါ်သိန်းတင် နှင့်လက် ထပ်ခဲ့ရာ သမီးကြီးအေးအေးသန့်နှင့် သားငယ် တင်မောင်သန့် နှစ်ဦးမွေး ဖွားခဲ့သည်။ စင်စစ် အားဖြင့် သား ၂-ယောက် ရှိခဲ့သည် ဆိုပါ၏။ သားတစ်ဦး ဖြစ်သူ မောင်ဘို မှာ လူမမယ် အရွယ်ကပင် တိမ်းပါး ခဲ့ရပြီး၊ သားငယ် တင်မောင်သန့် မှာမူ ၁၉၆၂ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် မီးပွိုင့်အနီးတွင် ဘတ်စ် ကားပေါ်မှ လိမ့်ကျ သေဆုံးခဲ့သည်။
ဒဿာ အားဖြင့် ကြည့်ပါက- ထိုကာလ သည်- ကြာသပတေး ထူလ၊ ရာဟု အန္တရ၊ အင်္ဂါ ပြတန္တရ ကာလ ဖြစ်၏။ ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ၃-ရက် နေ့မှ စ၍ ကုလသမဂ္ဂ အတွင်းရေးမှုး တာဝန်များ စတင် ထမ်းဆောင် နေရသော ကာလသည်လည်း ကြာသပတေး ထူလ၊ ရာဟု အန္တရ ဒဿာ ကာလ ပင်ဖြစ်၏။
တွေ့မြင်ရသည်မှာ- တစ်ဘက်တွင် မြင့်မားသော ဘ၀ အနေအထား ရောက်သည့် အနေအထား နှင့် ဆုံးရှုံးမှု ကြီး တစ်ခု ဖြစ်သော အနေအထား တို့သည်- ရာဟု အန္တရ ဒဿာ တွင် ဖြစ်နေခြင်း ဖြစ်တော့၏။

(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 21/05/1962 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ ရာဟု- မှ (-81.8) % ဖြင့် လွှမ်းမိုးထားသည်။ အင်္ဂါဂြိုဟ် သည်- တူလဂ် ဇာတာရှင် အတွက် ၇-တန့် သခင် ဖြစ်သကဲ့သို့- ၂-တန့်ဘာဝတွင် တည်သော ဂြိုဟ်လည်း ဖြစ်၏။ တစ်ဘက်တွင် ကြည့်ပါကလည်း ၂-တန့် အိမ်ရှင် လည်း ဖြစ်နေ၏။ ၂-တန့် ဘာဝ သည် ဇာတာရှင်၏ မျိုးဆက်သစ်၊ သားယောက်ျားကို ရည်ညွန်း၏။ သားသမီး နှင့် ပတ်သက်၍- ဗိုလ်ချုပ် အောင်ဆန်း ဇာတာ http://www.motaa.info/2010/12/blog-post.html တွင်လည်း လေ့လာ နိုင်ပါသေးသည်။ ယခု ကောဇာ ကာလတွင်- ကောဇာ ရာဟုသည် ဆုံးရှုံးမှုကို တာဝန်ယူသော ၁၂-တန့် သခင် ဗုဒ္ဓဟူး ပိုင်သည့် အဿလိသ နက္ခတ်တွင် တည်နေတော့၏။

ရာဟုသည် တစ်စုံ တစ်ခုကို ပေး၍ တစ်စုံ တစ်ခုကို ယူသွား သကဲ့သို့ပင် ရှိနေတော့သည်။ (မှတ်ချက်- ထီပေါက်သူ ဇာတာများတွင် လည်း ထိုအချက်များ ထင်ရှားစွာ ရှိနေတတ်သေး၏။)

ဆက်လက်၍ 21/05/1962 နေ့တွင် - ကောဇာဂြိုဟ်များ မှ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု အားဖြင့်လည်း-

ဤကာလ ရက်ပိုင်းတွင် ကောဇာ တနင်္ဂနွေ (၁၁-တန့် ဘာဝ ၏ သခင်) သည်၊ မရဏ ဘာဝခေါ် ၈-တန့်၏ အလယ်မှတ် အနားတွင် တည်လျှက်- ၂-တန့် ဘာဝ နှင့်  ၈-တန့် ဘာဝ အလယ်မှတ် တို့အား  (90.3) % ဖြင့် လွှမ်းမိုး ထားသည်။ ၂-တန့် သည် အထက်တွင် ဖေါ်ပြခဲ့ သည့် အတိုင်း မျိုးဆက်သစ်၊ သားယောက်ျား ဖြစ်သကဲ့သို့၊ ၈-တန့်သည်လည်း မရဏ ဘာဝ ခေါ် သေဆုံးခြင်း နှင့် ဆိုင်သော ဘာဝ ဖြစ်ခြင်း ဖြစ်၏။ အထူးမှတ်သားရန်မှာ- တူလဂ် ဇာတာ အတွက် တနင်္ဂနွေသည် ၁၁-တန့် ဘာဝ သခင် ကာရက သောမ ဂြိုဟ် ဖြစ်သဖြင့်- ဇာတာရှင်၏ ဘ၀ အောင်မြင်မှု တိုးတက်လမ်းကို တစ်ဘက်မှ ကြီးစွာ အထောက်အကူ ပေးသော်လည်း- တနင်္ဂနွေ၊ အင်္ဂါ၊ စနေ၊ ရာဟု၊ ကိတ် စသော မူလ သဘာဝပါပ ဂြိုဟ်တို့၏ သဘော သည်- ကာရက သောမဂြိုဟ်ပင် ဖြစ်နေဦးတော့- ကောဇာ ကာလ အပိုင်းအခြား တွင် ၆-၈-၁၂-တန့် များ နှင့် ဆက်စပ်လာသော အခါ- ၄င်းတို့၏ အသွင်ပါ ထိုကာလ အတွင်း တွဲဘက် တာဝန် ယူတတ်သည် ဆိုသော အချက် ဖြစ်တော့၏။ (မိုးတား သုတေသီများ အထူးမှတ်သိ စေလိုပါသည်။)


ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်။၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀-ရက်နေ့၊ (မြန်မာစံတော်ချိန် ည ၁၀-နာရီ မိနစ် ၃၀) စနေ ထူလ၊ စနေ အန္တရ၊ ဗုဒ္ဓဟူး ပြတန္တရ၊ အသက် ၅၃ နှစ်-၁၀ လ-၇ ရက်


၁၉၆၁ ခုနှစ်၊ နိုဝင်ဘာလ ၃-ရက်နေ့၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ခေတ္တ ယာယီ ခန့်အပ်ခြင်းခံရသည်။
ထို့နောက်ပိုင်း ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀-ရက်နေ့ တွင်မူ ကုလသမဂ္ဂကြီးဝယ်ရှိသော နိုင်ငံပေါင်း (၁၀၉)နိုင်ငံ၏ သဘောတူမဲဆန္ဒဖြင့် ဦးသန့်ကို ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းကို ခံရပေသည်။
ဤနေရာတွင် ထူးခြားသည်က အောင်မြင်မှု ထိပ်ဆုံးတို့ ရောက်ချိန်တွင် ကောဇာ ရာဟု နှင့် ကိတ်တို့၏ လွှမ်းမိုးမှု များခြင်း ဖြစ်၏။

30/11/1962 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွားဂြိုဟ် နှင့် ဘာဝများ အပေါ် လွှမ်းမိုးမှု တို့အား စစ်ဆေးသော အခါ-
မူလ တနင်္ဂနွေ ဂြိုဟ် (၁၁-တန့် သခင်) အား ကောဇာ ရာဟု နှင့်ကိတ် မှ (97.6) % ဖြင့် လွှမ်းမိုးထားသည်။ 
မူလ တနလာင်္ ဂြိုဟ် (၁၀-တန့် သခင်) အား ကောဇာ ရာဟု- မှ (86.3) % ဖြင့် လွှမ်းမိုးထားသည်။ 
ဤနေရာတွင်လည်း အရိပ်ဂြိုဟ် ဖြစ်သော ရာဟု နှင့် ကိတ်တို့သည် မူလ ဘွားဇာတာ နှင့် ကောဇာ ဇာတာ တို့တွင်- ၄င်းတို့၏ တည်ရာ ရာသီ၊ နက္ခတ်၊ န၀င်း တို့နှင့် ၄င်းတို့အား လွှမ်းမိုးထားသော အခြားဂြိုဟ်များ၏ အနေအထားကို မူတည်၍ အကျိုးပေး အသွင်ပုံဖေါ်သွားသည် ကို တွေ့ရပါမည်။

မူလ ဇာတာတွင် မူလ ရာဟုသည် ၉-တန့် ဘာဝ ဘာဝ တွင်တည်ထားပြီး၊ လဂ်သခင် သောကြာ ပိုင်သော တူ န၀င်း စီးကာ-၇-တန့် သခင် အင်္ဂါ ပိုင်သော မိဂသီ နက္ခတ် နှင့် ယှဉ်ထားသည်။ မူလ ဇာတာ အရလည်း ရာဟုသည် ဆိုးကျိုးထက် ကောင်းကျိုးကို ပေးဘို့က များသည်ကို တွေ့ရ၏။ (ရာဟု သည် ဘ၀ အောင်မြင်မှု၊ ငွေကြေး၊ တန်ခိုး စွမ်းအားကို သူမတူအောင် ပေးနိုင်သလို- အဆိုးဓါတ်ကိုလည်း ပေးနိုင်သည် ကိုလည်း မေ့ပစ်၍တော့ မရချေ။) ကောဇာ ဇာတာတွင်လည်း- ကောဇာ ရာဟု သည် ၁၀-တန့် ဘာဝ ကရကဋ်ရာသီ တွင် တည်ပြီး၊ လဂ်သခင် 

ဗုဒ္ဓဟူး ပိုင်သော- ကန် န၀င်းစီးကာ ၅-တန့် သခင် စနေ ပိုင်သော ဖုသျှ နက္ခတ်နှင့် ယှဉ်၏။ အဆိုးပေးစရာ မရှိချေ။ ထိုရာဟုတွင်- အဆင့်မြင့်မားရေး (၉-တန့် သဘော)၊ ဘ၀ အတွက် အရေးကြီးခြင်း (လဂ်သဘော)၊ အများနှင့် ဆက်စပ် ယှဉ်တွဲ လုပ်ဆောင်ရခြင်း (၇-တန့် သဘော)၊ အသိဥာဏ် ပညာနှင့် ယှဉ်ခြင်း (၅-တန့် သဘော) များသာ ပါဝင် နေ၏။ ထိုသဘောများ ပါဝင်သော ရာဟု၏ လွှမ်းမိုး မှုသည် ဘ၀ အောင်မြင်မှု ၁၀-တန့်၊ နှင့် ဂုဏ်အဆင့်အတန်း မြင့်မားမှု ၁၁-တန့် တို့ကိုလည်း ကိုယ်စားပြု၊ အလင်းရောင် ဂြိုဟ်များလည်း ဖြစ်သော တနင်္ဂနွေ နှင့် တနင်္လာ တို့ကို လွှမ်းမိုး အရောင် တင်ပေးသည်ဟု မြင်ရပါသည်။

ထိုကောဇာ ရာဟုသည်- ထိုမျှမကသေး- ဇာတာရှင်- ၂-တန့်၊ ၄-တန့်၊ ၆-တန့်၊ ၁၀-တန့်၊ တို့အား (97.4) % ဖြင့် လွှမ်းမိုးထား လေတော့၏။

မူလ ဇာတာ တွင် ၂-တန့် ဘာဝတွင် တည်ထားသော ၇-တန့်သခင် မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ တနင်္ဂနွေ (၁၁-တန့်ဘာဝ ၏ သခင်) မှ  (99.5) % ဖြင့် လွှမ်းမိုးထားသည်။ ယခု ကာလတွင်ကား သဘာဝ ပါပဂြိုဟ် တနင်္ဂနွေ အနေဖြင့်- သားငယ် တင်မောင်သန့် ဆုံးချိန်ကသို့ မဟုတ်ချေ။ ကောဇာ တနင်္ဂနွေသည် ရည်ရွယ်ချက် အလိုပြည့်မှု နှင့် ဆိုင်သော ၂-တန့် ဘာဝတွင် တည်ထားပြီး၊ ၇-တန့် သခင် အင်္ဂါပိုင် ဗြိစ္ဆာန၀င်း၊ ၅-တန့် သခင် စနေပိုင် အနုရာဓ နက္ခတ်တွင် တည်နေလေတော့၏။ (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်တို့ နှင့် ဆက်စပ် ပတ်သက်မှုမှ လွတ်ကင်းနေ၏။)
၁၂-တန့် သခင် မူလ ဗုဒ္ဓဟူး ဂြိုဟ်အား ကောဇာ အင်္ဂါ (၇-တန့်ဘာဝ ၏ သခင်) မှ (91.2) % ဖြင့် လွှမ်းမိုးထားသည်။ နိုင်ငံ ရပ်ခြား နှင့် ပတ်သက်ခြင်းကို လည်း ရည်ညွှန်းနေ၏။

မူလ စနေ ဂြိုဟ် (၅-တန့်ဘာဝ ၏ သခင်) အား လည်း ကောဇာ စနေ (၅-တန့်ဘာဝ ၏ သခင်) မှ (97.9) % ဖြင့် လွှမ်းမိုးထားသည်။

တစ်ဘက်တွင်လည်း- တူလဂ် ပိုင်ရှင် အတွက် ၃-တန့် ဘာဝ ၏ သခင် ဖြစ်သော ကောဇာ ကြာသပတေးသည်- ဇာတာရှင် ၁-၅-၉-၁၁ တန့် များအား (86) % ဖြင့် တပြိုင်တည်း လွှမ်းမိုးထားသည်။

ကွယ်လွန် အနိစ္စရောက်ချိန်။ 25/11/1974၊ ကောဇာဒဿာ- စနေ ထူလ၊ အင်္ဂါ အန္တရ၊ အင်္ဂါ ပြတန္တရ၊ အသက် ၆၅ နှစ်-၁၀ လ-၂ ရက်

23/11/1974 နေ့ တွင်- စနေထူလ၊ တနင်္လာ အန္တရ၊ တနင်္ဂနွေ ပြတန္တရမှ- စနေ ထူလ၊ အင်္ဂါ အန္တရ၊ အင်္ဂါ ပြတန္တရ သို့ ပြောင်းလဲသွားသည်။

(ကောဇာ ဇာတာ ရာသီစက် အားဖြင့်) 25/11/1974 နေ့ - ကောဇာဂြိုဟ်များ မှ မူလဘွားဂြိုဟ်များ အပေါ် လွှမ်းမိုးမှု အားဖြင့်-
မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ သောကြာ (လဂ် သခင်) မှ (98.3) % ဖြင့် လွှမ်းမိုးထားသည်။မူလ အင်္ဂါ ဂြိုဟ်အား ကောဇာ ရာဟု-နှင့် ကိတ်တို့ မှ (94.1) % ဖြင့် လွှမ်းမိုးထားသည်။ ၄င်းတို့တွင် မည်သည့် စွမ်းအားများ ပါဝင်နေမည်နည်း။ ကောဇာ ရာဟုသည် ယခု အခါ ဗျာယ ဘာဝ ခေါ် ၁၂-တန့် ဘာဝ သခင် ဗုဒ္ဓဟူးပိုင်သော ဇေဋ္ဌ နက္ခတ် နှင့် လည်းကောင်း၊ ကောဇာ ကိတ်သည် ပြိဿရာသီ ၈-တန့် တွင် လည်းကောင်း တည်နေကြပြီ ဖြစ်၏။

မူလ ဗုဒ္ဓဟူး ဂြိုဟ်အား ကောဇာ အင်္ဂါ (၇-တန့် ဘာဝ ၏ သခင်) မှ (99.9) % ဖြင့် လွှမ်းမိုးထားသည်။
မူလ ကြာသပတေး ဂြိုဟ်အား ကောဇာ စနေ (၅-တန့် ဘာဝ ၏ သခင်) မှ (75.5) % ဖြင့် လွှမ်းမိုးထားသည်။
မူလ စနေ ဂြိုဟ်အား ကောဇာ ရာဟု- မှ (-69.8) % ဖြင့် လွှမ်းမိုးထားသည်။

ကောဇာဂြိုဟ်များ မှ မူလဘွား ဘာဝ များ အပေါ် လွှမ်းမိုးမှု ကို ကြည့်သော အခါ-
ကောဇာ တနင်္ဂနွေ (၁၁-တန့် ဘာဝ ၏ သခင်) သည် ၂-တန့် ဘာဝ ဘာဝ အလယ်မှတ် နှင့် ၈-တန့် ဘာဝ ဘာဝ အလယ်မှတ် တို့အား (98) % ဖြင့် လွှမ်းမိုးထားသည်။ ထိုတနင်္ဂနွေသည်လည်း- ဗျာယ ဘာဝ သခင် ဗုဒ္ဓဟူး ပိုင်ဆိုင်သော ကန်ရာသီ န၀င်းတွင် တည်ထားတော့၏။


ရှေးကျမ်းလား ယောဂ များတွေ့ရှိချက်။


သံခရ ဖဿ ယောဂ
တနင်္လာမှ အစ၊ စနေအဆုံး ဂြိုဟ် ၇-လုံး (ရာဟု၊ ကိတ်နှင့်  ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့တို့မပါ) တို့ သည် ရာသီတွင် ၅-ခု တွင်သာ ရပ်တည်ခြင်း ဖြစ်သော်၊ ဤ ယောဂ ကိုရရှိသည်။
ရှေးကျမ်းများ၏ အဆိုအရ- ဤယောဂကို ရသူသည်- မိသားစု ၀င်တို့ဖြင့် ၀ိုင်းဝန်း သိုက်မြိုက်စွာ နေရတတ်လျှက်၊ အလုပ်လုပ်ရာတွင် ကျွမ်းကျင် လိမ္မာခြင်း၊ လက်ရာပြောင် မြောက်ခြင်း၊ တို့ရှိသည်။ သို့သော်လည်း စကားပြောဆိုရာတွင် တည့်တိုးပြော ဆိုတတ်သည်။ မြို့ကြီးများတွင် နေထိုင်ခြင်း ကို မနှစ်သက် တတ်သော သဘောရှိတတ် ပြီး အောင်မြင် ရေး အတွက် ကြိုးစားရာတွင် အနှောက်အယှက် အခက်အခဲ များစွာရှိတတ်သည် ဟု ရှေးကျမ်းတို့တွင် ဆိုထားသည်။

အနပ္ဖ ယောဂ
တနင်္ဂနွေမှ အပ-ဖြစ်သော ဂြိုဟ်တစ်လုံးလုံးသည် တနင်္လာမှ ၁၂-တန့်တွင်ရပ်တည် သော် ဤယောဂကို ရသည်။
ဇာတာရှင်သည် မင်းကဲ့သို့ ရှိလိမ့်မည်။ ကျန်းမာ၍၊ ခင်မင် နှစ်လိုဘွယ် ကောင်းခြင်း၊ အမည်ကျော်ကြားခြင်း၊ စကားပြောကောင်းခြင်း၊ အစွမ်းပြနိုင်ခြင်း၊ မျိုးစုံသော စည်းစိမ် တို့ကို ရရှိ၍- ကြည့်ကောင်းသော ရုပ်ရည်ရှိကာ ပျော်ရွှင်သော ဘ၀ကို ရမည် ဟု ဆိုထားသည်။

အနပ္ဖ ယောဂ (သုက္ကရ)
သောကြာသည် တနင်္လာမှ ၁၂-တန့်တွင်ရပ်တည် သော် ဤယောဂကို ရသည်။
ဤအနေအထား ဖြစ်သော အနပ္ဖယောဂ ကို ရထားခြင်းဖြင့်- ဇာတာရှင်သည် - ဆန့်ကျင်လိင် များကို ဆွဲဆောင်နိုင်သော ချိုသာစွာ ပြောနိုင်စွမ်း ရှိ၍၊ မင်းကဲ့သို့ ကြွယ်ဝ၊ ချမ်းသာမည်။

ဝေါသျှိ ယောဂ
တနင်္လာမှ လွဲ၍ အခြားဂြိုဟ်တစ်လုံးလုံးသည် တနင်္ဂနွေဂြိုဟ်မှ ၁၂ တန့် တွင် ရပ်ခြင်းဖြင့်ဤ ယောဂ ကိုရရှိသည်။
ဤယောဂတွင် သောမဂြိုဟ် အနေအထား ကို ရရှိခြင်းဖြင့် ဇာတာရှင်သည် စကားပြောဆိုရာတွင် ကန်.သတ်မှု မရှိခြင်း၊ လွှမ်းမိုးနိုင်သော စွမ်းရည် ရှိခြင်း၊ သင်ကြား လေ့လာရာတွင် ထက်မြက်ခြင်း၊ အောင်မြင် ကျော်ကြားခြင်း၊ ကိုယ်ကာယ စွမ်းအင် ပြည့်စုံခြင်း၊ ကိုယ်ကာယ စွမ်းရည်ကို အစွမ်းကုန်သုံးတတ်ခြင်း တို.ကို ဖြစ်စေသည်။ လမ်းလျှောက်လျှင် အောက်ကို ငေးလျှောက်တတ်သည် ဟု ဆိုထားသည်။

ပါမရ ယောဂ
၅-တန့် ဘာဝသခင် သည် ဒုဌာနအိမ် (၆၊ဂ၊၁၂ တန့်) တစ်ခုခု တွင် တည်နေပါက ဤယောဂ ကိုရရှိသည်။  (ဖလဒီပက-၆၊၆၂)
ဤယောဂကို ရရှိခြင်းဖြင့် ဇာတာရှင် သားသမီး ဆုံးရှူံးခြင်း၊ ပညာရေးဆုံးခမ်း မတိုင်ခြင်း၊ ဘုရားတရားတွင် လေးစားမှုနည်းပါးခြင်း တို.ကို ဖြစ်စေသည် ဟု ဆိုထားသည်။ (ဦးသန့် အနေဖြင့် ဘာသာရေး လေးစားမှု နည်းပါးသည် ဆိုသည့် အချက်မှာ သိရှိရသရွေ့ မမှန်သော်လည်း အခြား အချက်တို့မှာမူ မှန်ကန်သည်ကို တွေ့ရသည်။)

ရာဇယောဂ
၉-တန့် သခင်နှင့် ၁၀-တန့်သခင် တို. အပြန်အလှန် ပူး/မြင်နေကြ ပါက ဤယောဂ ကိုရသည်။
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။ ဤဇာတာတွင် ၉-တန့် အိမ်ရှင် (သခင် မဟုတ်ပါ) နှင့် ၁၀-အိမ်ရှင် တနင်္လာ တို့သည် တစ်ရာသီတည်းတွင် တည်နေကြသည်။ (မိုးတား နည်းအရ ပူးသည်ဟု မသတ်မှတ်ပါ။) တနည်းအားဖြင့်- ၄-တန့်သို့မဟုတ် ၁၀-တန့် အိမ်ရှင် နှင့် ၅-တန့်၊ ၉-တန့်အိမ်ရှင်၊ တို. ပူးကပ်စွာ ရှိနေပါက ဤယုဂ် ကို ရရှိသည်ဟု ဗြို.ဟစ်ဇာတက ပရာသရ ဟောရသျှတ္တရ ကျမ်းတွင် ပြဆိုထားပြန်သည်။ (ဗြို.ဟဇ် ပရသျှရ ဟောရ သျှတ္တရ ကျမ်း၊ ၄၁၊၃၇)
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။

ဓနယောဂ
လဂ်သခင်သည် ၂-တန့်၊ ၅-တန့်၊ ၉-တန့်၊ ၁၁-တန့် အိမ်ရှင်များနှင့် ဆက်သွယ်မှု ရှိပါက ချမ်းသာခြင်းကို ဖြစ်စေသည့် ယုဂ်ကို ရသည် ဟုဆိုသည်။
ဤယောဂကို ရပါက-ဇာတာရှင်သည် ကြွယ်ဝ ချမ်းသာ လိမ့်မည်။ ဤဇာတာတွင် လဂ်သခင် သောကြာသည် ၁၁-တန့် သခင် တနင်္ဂနွေပိုင်သော သိဟ်န၀င်း ကို စီးနင်းလျှက်၊ လဂ်သခင် သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် နှင့် ယှဉ်ထားသည်။

တာက သျှတ္တရ ယောဂ
အင်္ဂါ သည် ၂-တန့်ဘာဝတွင် ကောင်းမွန်စွာ ရပ်တည်သော် ဤယောဂ ကို ရရှိသည်။ (ဘာဝတ္တ ရတ္တန ကာရ ကျမ်း ၂၊၂၊၉)
ဤယောဂကို ရထားသော ဇာတာရှင်သည် ပြည့်စုံသော ဗဟုသုတ အသိဥာဏ် ရှိ၍- သိပ္ပံ အတတ်ပညာတွင် ထူးချွန်သူ ဖြစ်မည် ဟု ဆိုထားသည်။ (တာက/ ညာယ)

ရာဇ သမ္ဗန္ဓ ယောဂ
လဂ်မှ နေ၍ ၁၀-တန့် သခင်သည် အတ္တမာ ကာရက သခင် နှင့် ပူးခြင်း၊ မြင်ခြင်း ရှိလျှင်သော်လည်းကောင်း၊ အတ္တမာ ကာရက ကိုယ်တိုင် နှင့် ပူးခြင်း၊ မြင်ခြင်း ရှိနေလျှင်သော်လည်းကောင်း ဤယောဂကို ရသည်။ (ဗြို.ဟဇ် ပရသျှရ ဟောရ သျှတ္တရ ကျမ်း ၄၂၊၁)
ဤဇာတာရှင်သည် မင်းအတိုင်ပင် အဆင့်သို့ ရောက်ရှိမည်ဟု ဆိုထားသည်။
ဤဇာတာတွင် ၁၀-တန့် သခင် တနင်္လာသည် အတ္တမာ ကာရက ဂြိုဟ်ဖြစ်သော ဗုဒ္ဓဟူး နှင့် မကာရ ရာသီတွင် အတူ တည်ရှိသည်။ 

စန္ဒရ ဗုဒ္ဓ ယောဂ
တနင်္လာနှင့် ဗုဒ္ဓဟူးတို.သည် ရာသီတစ်ခုတည်းတွင် ပူးကပ်နေသော် ဤယောဂကို ရရှိသည်။
ဇာတာရှင် အနေဖြင့် ကြည့်ကောင်းသော ရုပ်ရည် ရူပကာ ရှိခြင်း၊ စကားပြော ချိုသာခြင်း၊ ကောင်းမှုကိစ္စများတွင် ပါဝင်တတ်ခြင်း၊ ကုသိုလ်ကံကောင်းခြင်း၊ ကြင်နာတတ်သော နှလုံးသားရှိခြင်း၊ ဇနီးအား သံယောဇဉ်ကြီးတတ်ခြင်းတို.ကို ဖြစ်စေသည်ဟု ဆိုထားသည်။

သူရိယ-စန္ဒရ-ဗုဒ္ဓ ယောဂ
တနင်္ဂနွေ၊ တနင်္လာ နှင့် ဗုဒ္ဓဟူးတို့သည် ဘာဝ တစ်ခုတွင် အတူတကွ တည်နေကြလျှင် ဤယောဂ ကိုရသည်။
ဇာတာရှင်သည် မင်း၏ ယုံကြည်ခြင်း ခံရသူ ဖြစ်သည်။ ကောင်းစွာ ပြောဆို ရှင်းပြနိုင်စွမ်း ရှိသူ၊ ကျမ်းဂန် ပညာများစွာ ကို တတ်ကျွမ်းသူ ဖြစ်၍၊ များစွာသော လေ့လာမှု များရှိပြီး- ကြွယ်ဝ ချမ်းသာခြင်း၊ ရုပ်ရည် ရူပကာ၊ ချိုသာ စွာ ပြောဆိုတတ်မှု၊ ကဗျာ လင်္ကာ များကို နှစ်သက်၍- ရာဇ၀င် ပေါရာဏ ပုံပြင်များ ကို နှစ်သက်တတ်မည် ဟု ဆိုထားသည်။

ထူးခြားသူတို့တွင် ထူးခြားသော ဇာတာရှိသည် ဟုပင် ထပ်ဆိုချင် ပါသည်။ တစ်ဘက်တွင်လည်း- အထက်တွင် ရှင်းပြခဲ့သည့် အတိုင်း ကာလ၊ ဒေသ၊ ပယောဂ စသော သံပတ္တိ တရား ၄-ပါး (ဇာတိ သံပတ္တိ၊ ကာလ သံပတ္တိ၊ ပယောဂ သံပတ္တိ၊ ဥပဓိ သံပတ္တိ) တို့ဖြင့် ပြည့်စုံရန်လည်း လိုပါ သေးသည်ဟု ကျွန်တော် နားလည်ထားယင်း- မိုးတား ဟိုရို အန်ဒရွက် ပရိုဂရမ် လေးဖြင့် ဦးသန့် အား ဂါရ၀ ပြုလိုက်ရပါတော့သည်။

အားလုံး ချမ်းမြေ့ကြပါစေ
နျူမာန် (မိုးတား) MOTAA.INFO

[+/-] show/hide this post

1 comment:

Anonymous said...

Hi friends, its fantastic post about educationand entirely explained, keep it up
all the time.

my web-site :: nba

Post a Comment