Wednesday, February 6, 2013

မိုးကောင်းကင် နှင့် စကားပြောခြင်း။

အမှန်ကတော့- ဒီဆောင်းပါး ဟာ- http://mmastronomy.blogspot.com/ ဆိုတဲ့ ကျွန်တော့်ရဲ့ အခြား ဘလော့ဂ် တစ်ခုမှာ နေ၀န်းနီနီ ညနေဆည်းဆာရဲ့ လျှို့ဝှက်ချက် အမည်နဲ့ ရေးထား ခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
လောလောဆယ်- ဆောင်းပါးသစ် မရေးဖြစ်နိုင်သေးတာရယ်။ ပြီးခဲ့တဲ့ ဆောင်းပါးကလည်း- ကောင်းကင် နက္ခတ်တွေ အကြောင်း ရေးခဲ့တာ ဖြစ်လို့ အကြောင်းအရာ ဆက်စပ်နေမှုကြောင့်ရယ်။ ကျွန်တော့် ဆောင်းပါးတွေကို ဖတ်နေသူ အချို့လည်း အဲဒီ ဘလော့ဂ် လေးကို သိရှိကြမှာ မဟုတ်တာရယ်-  ဖြစ်တဲ့ အတွက်- ယခင် ဆောင်းပါးလေးကို ဒီဆိုက်မှာ ပြန်ပြီး တင်ပြပေးလိုက်ပါတယ်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXx

ငယ်စဉ်က- ဖတ်ခဲ့ဘူးသော အကြောင်း အရာတစ်ခုကို ယခုအထိ ခေါင်းထဲ ရှိနေပါသေးသည်။ ဆောင်းပါးလား၊ စာအုပ်လားတော့ သိပ်မမှတ်တော့…

တစ်ခါက ရုင်ရှင် ဇတ်လမ်းတစ်ခုကို ရိုက်ကူးကြရာတွင်.. ဇတ်လမ်း၏ အရေး အကြီးဆုံး ဇတ်ဝင်ခန်းတွင် နေမင်းကြီး အနေဖြင့် အနောက် ဂေါယာ ကျွန်းဆီသို့ တစ်ဆင့်ချင်း တစ်အိအိ .. နစ်မြုပ် ပျောက်ကွယ်သွားသည့် အခန်းသည် ပရိဿတ်၏ အသည်း နှလုံးကို တစ်စိမ့်စိမ့် ခံစားစေလိုသည့် အရေးကြီးသော အနေအထားတွင် ရှိသည် ဆိုပါ၏.။

ကင်မရာမင်း အနေဖြင့် ညနေ.. နေ၀င်သည့် ဆည်းဆာကို လိုချင်သည့် အနေအထား ရလာအောင် ရိုက်ကူးရန် ရက်အတော်ကြာ ကြိုးစား သော်လည်း-- ဇတ်လမ်း က လိုအပ်သည့် အခြေ အနေကို မရ။ အဘယ့်ကြောင့် ဆိုသော် နေ၀င်သွားသည်က ထိုကဲ့သို့ တစ်ဆင့်ချင်း တစ်အိအိ မဟုတ်ပဲ.. ပိုမြန်နေ၏။ ရေပြင် မိုးကုတ်စက်ဝိုင်း နှင့် မေးတင်ပြီးသည် နှင့် နေတစ်စင်း လုံး ပျောက်ကွယ်သွားသည်က မြန်ဆန်လှ၏။

ထိုအခါ မည်သို့မျှ ကြိုးစား၍ မရတော့သည့် အဆုံးတွင် ကင်မရာမင်း သည် ဒါရိုက်တာ အား အဖြစ်မှန်ကို ရှင်းပြ ရပါတော့သည်။ ဒါရိုက်တာ အနေဖြင့်လည်း.. “ဟုတ်ပြီ၊ ဒါဆိုယင် နေ၀င်တာကို မရိုက်ပဲ.. မနက် နေထွက်တာကို ရိုက်တာပေါ့..ပြီးမှ ရုပ်ရှင် ဖလင်ကျယင် အဲဒါကို နောက်ပြန် ဆွဲပြလိုက်ယင် အဆင်ပြေတာပဲ” ဟု ဆိုကာ.. နေထွက် သော ရှုခင်းကို ရိုက်ယူခဲ့ကြသည်။

သို့နှင့် ရုပ်ရှင်ကားကြီး ပြသသည့် နေ့သို့ ရောက်လာ၏။ ဇတ်လမ်းသည် လွန်စွာ ကောင်းသည် ဆို၏။ ရုပ်ရှင် ကြည့် ပရိဿတ်တို့သည်.. နေထွက် သည်ကို နောက်ပြန် -- ပြန်ရိုက်ထားသော..ရိုက်ကွင်း ဖြစ်သည့် နေမင်းကြီး အနေဖြင့် ပင်လယ်ပြင် သို့ တစ်ဆင့်ချင်း နစ်မြုပ်ပျောက်ကွယ် သွားနေသည်ကို ရှုစားယင်း ဖြင့် မိမိတို့၏ အသည်း နှလုံးတို့ပါ.. တစ်အိအိ..စိမ့်ဝင်ခံစား နေခဲ့ကြရ၏…
သို့သော်..
ကလေးငယ် တစ်ယောက်၏ ရုတ်တစ်ရက် အလန့်တစ်ကြား မေးလိုက်သော အသံကို အားလုံးကြားလိုက်ရသည်.. ထိုမေးခွန်း သည်ကား..
“မေမေ… ကြည့်ပါဦး.. ငှက်တွေ နောက်ပြန် ပျံနေကြတယ်” ဟူ၍ ဖြစ်တော့သည်။

ဤအကြောင်း ကို ဖတ်မိပြီးနောက်- ကျွန်တော့် ခေါင်းထဲတွင်-- မေးခွန်းတစ်ခု ဖြစ်ပေါ်လာ၏။ ထိုမေးခွန်းမှာ--
“ဘာဖြစ်လို. နေ၀င်တာက မြန်သွားရတာလဲ” ဟု ဖြစ်သည်။

ကျွန်တော့်တို့ ခေတ်တုန်းက - ကိုးတန်းရောက် သောအခါ ရူပဗေဒကို စတင် သင်ကြား ရ၏.. အလင်းယိုင်ခြင်း အခန်းသို့ရောက်သော အခါ ကျွန်တော် ထိုစဉ်က မရှင်းခဲ့သော မေးခွန်း အတွက် အဖြေရသွား၏။

ကျွန်တော်တို့ လူသားများသည်.. မိမိ မျက်စေ့ဖြင့် မြင်ရလျှင် ထိုအရာဝတ္တု တည်ရှိနေသည် မှာ အမှန်ဟု ယူဆကြ၏.. မျက်စေ့ဖြင့် မမြင်ရလျှင် ထိုအရာတို့ မရှိကြ ဟု သတ်မှတ်ကြ၏။.. “ငါ့ မျက်စေ့ နဲ့ တပ်အပ်ကြီး မြင်တာ” ဟုပင် အပိုင်အနိုင် ဆုပ်ကိုင် ယူဆ တတ်ကြ၏။

သို့သော်-- အမြင်တို့သည်ကား- လှည့်စားခြင်းတို့ပင် ဖြစ်၏။ ဒါကို Perception ဟု ခေါ်၏။ Color Blind ခေါ် အရောင်ကန်းသူတို့သည် တစ်ခြားသူ မြင်သော အစိမ်းရောင်ကို သူ့အနေဖြင့် အစိမ်းဟု မမြင်ရ..
တစ်ခြားသူ မြင်သော အနီရောင်ကို သူ့ အနေဖြင့် အနီရောင် ဟု မမြင်ရ..

လေ့လာ တွေ့ရှိမှုများအရ- လူ ၄-ယောက်လျှင် ၁-ယောက်နှုန်း Color Blind ဖြစ်သည် ဆို၏။ အများစု က နားလည် ထားသော Color Blind ဆိုသည်မှာ အနီ၊ အစိမ်း၊ အပြာ ဆိုသော Primary Color ကို မမြင်နိုင်သော သူများဖြစ်၍၊- များစွာသော လူတို့သည် Secondary Color ခေါ် ဆင့်ပွား အရောင်များတွင် အရောင်ကန်း များ ဖြစ်ကြသည်..

မျက်စေ့ နှင့် တပ်အပ် မြင်သည်မှာ သေချာပါပြီလား….
စောစောက အကြောင်းကို ပြန်ဆက်ပါ ကြပါစို့…
စာဖတ်သူတို့ အနေဖြင့် အောက်ပါတို့ကို စဉ်းစားခဲ့ဘူးပါသလား…
…….“ဘာဖြစ်လို. နေ၀င်တာက မြန်သွားရတာလဲ”…..
…….“ ဘာဖြစ်လို နေထွက်နဲ. နေ၀င် အချိန်တွေ မှာ နေမင်းကြီးက ပိုကြီးနေတာလဲ”…..
…….“ဘာဖြစ်လို. နေ့သာတဲ့ နေလည်မှာ ကောင်းကင်ကြီးက ပြာနေပြီး.. ညနေ နေ၀င်ချိန် မှာ ကောင်းကင်မှာ ပုဇွန်ဆီရောင်..သမ်းနေရတာလဲ.”…..


နေ၀င်ချိန်ရဲ. သိမှတ်စရာ-
ညနေ နေ၀င်ချိန်တွင် နေမင်းအနေဖြင့် ရုတ်တစ်ရက် မိုးကုတ်စက်ဝိုင်း သို့ ချဉ်းကပ် ပျောက်ဆုံးသွားရပုံ မြန်ဆန် ရခြင်းမှာ- ရူပဗေဒ သဘောအခြေခံ ဖြစ်သော အလင်းယိုင်ခြင်း (refraction) ကြောင့် ဖြစ်ပါ၏။
အောက်တွင် ဖေါ်ပြထားသော ဥပမာ ပုံလေးကို ကြည့်လိုက်ပါ---

လူတစ်ယောက် အနေဖြင့် ရေပြင် အထက်မှ နေ၍၊ ရေထဲတွင် ရှိနေသော ငါးတစ်ကောင် ကိုကြည့်သော အခါ- -ငါး အမှန်ရှိနေသော နေရာကို မမြင်ရပဲ- ထိုသူ အနေဖြင့် မြင်ရသည်က- အပေါ်ဘက် အတန်ငယ် ရောက်နေ၏။

ငါး ၏ ပုံရိပ်ကို မြင်နိုင်ရန် အတွက်- ငါး၏ ပုံရိပ်သည် ကြည့်နေသူ၏ မျက်စိ သို့ရောက်လာရပါမည်။
ငါးထံမှ လာသော အလင်းတန်းပုံရိပ်သည် - ယိုင်ညွှန်ကိန်း (refractive index) များသော နေရာ (ရေထဲ) မှ ယိုင်ညွှန်ကိန်း နည်းသော (ရေပြင်အထက်သို့) လာသောအခါ- မတ်မျဉ်းမှ ခွာ၍လာသည်။ ထိုအခါ ယိုင်သွားသော အလင်းတန်းသည် မျက်လုံးထံသို့ ရောက်သော အခါ- ကြည့်သူ အနေဖြင့် မြင်နေရသော ငါး၏ တည်နေရာသည် အမှန်တကယ် ငါး အနေဖြင့် တည်ရှိနေသော နေရာ၏ အထက်ဘက် တွင် ဖြစ်နေပါတော့သည်။

တစ်ဖန်- ဆက်လက်၍ ရေထဲမှ ငါးတစ်ကောင် အနေဖြင့် ရေပြင် အထက်တွင် ရှိနေသော လိပ်ပြာတစ်ကောင်ကို မည်သို့ မြင်ရပါမည်နည်း။

လိပ်ပြာထံမှ လာသော အလင်းတန်း ပုံရိပ်သည် - ယိုင်ညွှန်ကိန်း နည်းသော (ရေပြင် အထက်) မှ  ယိုင်ညွှန်ကိန်း (refractive index) များသော နေရာ (ရေထဲ) သို့ လာရ သောအခါ - မတ်မျဉ်း အနီးသို့ ချဉ်းကပ်သွားသည်။

ထိုအခါ မတ်မျဉ်းဘက်သို့ ချဉ်းကပ်သွားသော အလင်းတန်းသည် ငါး၏ မျက်လုံးထံသို့ ရောက်သော အခါ- ငါး အနေဖြင့် လိပ်ပြာကို မြင်တွေ့ရသည်မှာ ပုံတွင် ဖေါ်ပြထားသည့် အတိုင်း ပင် ဖြစ်တော့သည်။
ဤအကြောင်းအရာကို ရူပဗေဒ အခြေခံ ပုံနှင့် ဖေါ်ပြသော်-
ကျွန်တော်တို့ ငယ်စဉ်က ထိုဥပဒေသကို Snell's law (စနဲ ၏ နိယာမ) ၏ သင်ကြားခဲ့ကြရသည်။
V1 = အလင်း၏ အလျင် (၀တ္ထု ရှိရာဘက်)-
V2 = အလင်း၏ အလျင် (ကြည့်သူ ရှိရာဘက်)-
n1 = ကြားခံ မီဒီယံ၏ အလင်းယိုင်ညွန်း (၀တ္ထု ရှိရာဘက်)-
n2 = ကြားခံ မီဒီယံ၏ အလင်းယိုင်ညွန်း (ကြည့်သူ ရှိရာဘက်)-
Ө1 = ရိုက်ထောင့်နှင့် မတ်မျဉ်း အကွာအဝေး (၀တ္ထု ရှိရာဘက်)-
Ө2 = အလင်းယိုင် ထောင့်နှင့် မတ်မျဉ်း အကွာအဝေး (ကြည့်သူ ရှိရာဘက်)-


Sin Ө2= (Sin Ө1/ (n2/n1))
Ө2= Sin-1 (Sin Ө1/ (n2/n1))

နေလုံးကြီး ရုတ်တစ်ရက် ငုပ်လျှိုးသွားရခြင်း
အထက်ပါ ဖော်မြူလာတွင် အစားထိုးလိုက်ပါက- ရိုက်ထောင့် နှင့် မတ်မျဉ်းအကြား အကွာအဝေး Ө1 ကြီးလာ၍၊ တန်ဘိုး တစ်ခု သို့ရောက်သောအခါ ယိုင်ထောင့်နှင့် မတ်မျဉ်းအကြား တန်ဘိုးသည် Ө2 သည် ရုတ်တစ်ရက် လျှင်မြန်စွာ ပိုကြီးသွား၏။ ထို့ကြောင့် နေ၀င်သော အချိန်တွင် ရိုက်ထောင့် တန်ဘိုး အတိုင်းအတာ တစ်ခုရောက်သွားသော အခါ ယိုင်ထောင့် သည် ပို၍ မြန်ဆန်စွာ ကြီးသွားသဖြင့် နေမင်း အနေဖြင့် မြန်ဆန်စွာ ငုပ်လျှိုးပျောက်ကွယ်သွားသည်ဟု မြင်ရခြင်း ဖြစ်သည်။

နေထွက်သော အချိန်တွင်မူ- ရိုက်ထောင့် တန်ဘိုး သည် များရာမှ တစ်ဖြေးဖြေးချင်း နည်းလာသောကြောင့် ထိုနေမင်းကို တစ်ဖြေးဖြေးတက်လာသည့် အနေဖြင့်သာ မြင်ကြရခြင်း ဖြစ်သည်။1 = ရိုက်ထောင့်နှင့် မတ်မျဉ်း အကွာအဝေး (၀တ္ထု ရှိရာဘက်)-အာကာသ ဟင်းလင်းပြင်အတွက် အလင်း ယိုင်ညွှန်ကိန်းသည် ၁- ဖြစ်၍၊ လေထု၏ ယိုင်ညွှန်ကိန်းသည် ၁.၀၀၂၉ ဖြစ်၏။
ထိုနည်းတူပင်- ညဘက်တွင် ကြယ်တာရာတို့ကို ကြည့်သော အခါတွင်လည်း- မျက်စိဖြင့် မြင်ရသော နေရာနှင့် အမှန်တကယ် ရှိနေသော နေရာတို့မှာ ကွာခြား ကြပြန်ပါသည်။

နေ၀င်ချိန် လိမ္မော်ရောင် ကောင်းကင်။
နေမှ လာသော အလင်းဖြူတန်းသည် အမှန်အားဖြင့် ခရမ်းရောင်၊ မဲနယ်ရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်၊ အနီ ရောင် စသော ရောင်ခြည် ၇-သွယ်ပါသော အလင်းတန်းတို့ ပေါင်းစုထားခြင်းဖြစ်သည်ကို အားလုံးကြားဘူး ပါလိမ့်မည်။ (မျက်စိဖြင့် မမြင်နိုင်သော အရောင်များ ကိစ္စမပါသေးပါ။)

ခရမ်းရောင် Violet သည် ထိုအထဲတွင် လှိုင်းအလျား အနိမ့်ဆုံးဖြစ်၏။ ၄၀၀ နန်နိုမီတာ သာရှိသဖြင့်- ၄င်းသည် အလင်းယိုင်ရာတွင် အခြားသော အရောင်များထက်ပို၍ ယိုင်၏။
အနီရောင် သည် လှိုင်းအလျား အရှည်ဆုံးဖြစ်၍ ၆၅၀ နန်နိုမီတာ ရှိ၍ အလင်းယိုင်ရာတွင် အယိုင် အနည်းဆုံးဖြစ်သည်။ ဖေါ်ပြထားသော ပုံကိုကြည့်ပါ။
ထို့ကြောင့် အလင်းယိုင်မှု အနည်းဆုံးသော လိမ္မော်ရောင် အနီရောင် တို့သည် နေမင်းကြီး အနောက်မိုးကုတ် စက်ဝိုင်းတို့ ချဉ်းကပ်သွားချိန်တွင် ကျန်ရစ်ခဲ့သော အရောင်များ ဖြစ်၏။ ထို့နောက်တွင်တော့ နေမင်းကြီးအား မမြင်တွေ့ကြရတော့ချေ။
ရိုက်ထောင့်နှင့် မတ်မျဉ်းတို့ အလွန်နီးကပ်ချိန်၊ တစ်နည်းအားဖြင့် မွန်းတည့် အချိန်မျိုး ဆိုပါလျှင် အလင်းယိုင်မှု မရှိသလောက် ဖြစ်သဖြင့် ထိုအရပ်ဒေသတွင် ရှိနေသူတို့ အနေဖြင့်- အလင်းဖြူ အနေဖြင့်သာ မြင်ကြရသည်။

ဤသည်တို့မှာ- နေ့စဉ် နေ့တိုင်း မြင်တွေ့နေကြရသော မိုးကောင်းကင် ကြီး၏ အခြေခံ အကြောင်း အချက် မျှသာ ဖြစ်ပါသည်။


နျူမာန် (မိုးတား)



[+/-] show/hide this post

No comments:

Post a Comment