အာရညိကေန ဘိက္ခဝေ ဘိက္ခုနာ နက္ခတ္ထပဒါနိ ဥဂ္ဂဟေ တဗ္ဗာနိ သကလာနိဝါ ဧကဒေသာနိဝါ ဒိသာကုသလေန ဘ၀ိတဗ္ဗံ။
ဘိက္ခဝေ - ချစ်သား ရဟန်းတို့၊ အာရညိကေန- တော အရပ်၌ သီတင်းသုံး နေထိုင်သော၊ ဘိက္ခုနာ- ရဟန်းသည်၊ သကလာနိ- အလုံးစုံကုန်သော၊ နက္ခတ္ထ ပဒါနိဝါ- နက္ခတ် အဖို့တို့ကို လည်းကောင်း၊ ဧကဒေသာနိဝါ တစ်စိတ် တစ်ဒေသ ဖြစ်ကုန်သော၊ ပဒါနိဝါ- နက္ခတ် အဖို့တို့ကို လည်းကောင်း၊ ဥဂ္ဂဟေ တဗ္ဗာနိ- သင်ယူ မှတ်သား လေ့လာ အပ်ကုန်၏။ ဒိသာကုသလေန- အရှေ့ အနောက်၊ တောင်နှင့် မြောက် စသော အရပ်မျက်နှာတို့၌ သိမြင် လိမ္မာကျွမ်းကျင်ခြင်းသည်၊ ဘ၀ိတဗ္ဗံ- ဖြစ်ရာ၏။ရဟန်းတို့- သင်တို့သည် ညဥ့်အခါ၌ အမှောင်ထု ဖုံးအုပ် နေမှုကြောင့် အရှေ့၊ အနောက်၊ တောင်နှင့် မြောက် စသည်အရပ် ဌာန တို့ကို သာမာန်အားဖြင့် မသိနိုင်၊ နက္ခတ်ပညာကို တတ်မြောက် ထားပါက- ညဥ့်အခါ၌ ခရီးသွားလာမှု မခဲယဉ်းပေ၊ နက္ခတ်ကို ကြည့်၍ မိမိ လိုရာခရီးသို့ မျက်စိလည် လမ်းမှားခြင်း မရှိပဲ လွယ်ကူစွာ ခရီးသွားလာနိုင်၏။ သို့အတွက် ကြောင့် ရဟန်းတို့သည် အသ၀နီ ဘရဏီ ကြက္တိကာ အစရှိကုန်သော ၂၇ လုံးသော နက္ခတ်တို့ကို သင်ယူ မှတ်သား လေ့လာအပ်ကုန်၏။ဟူ၍ ဘုရားရှင် မိန့်တော်မူခဲ့ပါ၏။
မြန်မာစာပေ ကဗျာတို့တွင်လည်း ကောင်းကင် နက္ခတ် တို့အကြောင်းကို ရှေးစာဆိုတို့ အနေဖြင့် စပ်ဆို ထားခဲ့သည်များ- များစွာ ရှိခဲ့ပါ၏။
တစ်ဖန်- နက္ခတ်ကို အခြေပြု၍- လူတစ်ယောက်ချင်း အတွက် ဟောပြောချက်၊ တိုင်းပြည် နှင့် လူသားတို့ ဆိုင်ရာ ဟောပြောချက် တို့ကို ဟောပြောသော ပညာရပ် အား“နက္ခတ္တ နယ ပညာ” ဟူခေါ်၍- ကျွန်တော်တို့ လေ့လာ နေကြသော နက္ခတ် ဗေဒင် ပညာရပ် ကြီး ၏ အစိတ်အပိုင်း တစ်ပိုင်း ဖြစ်သော “အမြင် နက္ခတ် ပညာ” ဖြစ်၏။
အမှန်အားဖြင့် အမြင် နက္ခတ် ပညာသည် Astronomy ခေါ် အာကာသ သိပ္ပံပညာ စစ်စစ် ဖြစ်၏။
ထူးခြားသည်က မြန်မာပြည်တွင် ကောင်းကင် နက္ခတ်ကျမ်း ကို ပြုစုခဲ့သူ ကျေးဇူးရှင်ကြီးများ ဖြစ်ခဲ့ကြသော- မုံရွေး ဇေတ၀န် ဆရာတော်- (အာကာသ စာရီပျို့)၊ မဟာဓမ္မသင်္ကြန်- (နေမိတ္တက ၀ိဇ္ဇာကျမ်း)၊ လှေသင်း အတွင်း ဦချိန် (ဝေါဟာရလိ နတ္ထဒီပနီ) တို့သည် - အာကာသ နက္ခတ် သိပ္ပံ ပညာရှင် ဟု ခေါင်းစဉ်တပ် ကြေညာခဲ့ခြင်း မရှိခဲ့ကြ။
ထိုနည်းတူ- လူငယ်များ အတွက် ကောင်းကင် နက္ခတ်များ အကြောင်း မိတ်ဆက် ပေးခဲ့သည့် ဆရာကြီး မင်းသုဝဏ် (မိုးပေါ်မှာ ကြယ်တစ်လုံး)၊ သည် လည်းကောင်း၊ ကဗျာ နှင့် စာပေ ပညာရှင်ကြီးများ ဖြစ်ကြသော - မန်လည် ဆရာတော် (မဃဒေ၀)၊ ရှင်မဟာ ရဋ္ဌ သာရ (တံတားဦး မင်္ဂလာစေတီ သမိုင်း)၊ ဖိုးသူတော် ဦးမင်း၊ ကင်းဝန်မင်းကြီး၊ စုံနံသာမြိုင် ဦးကျော့ စသည့် စာပေ ပညာရှင် ကျေးဇူးရှင်ကြီးများ ကလည်း ၄င်းတို့သည် အာကာသ နက္ခတ် သိပ္ပံ ပညာရှင် ဟု ခေါင်းစဉ်တပ် ကြေညာခဲ့ခြင်း မရှိခဲ့ကြ။
သို့သော် သူတို့သည် အာကာသ နက္ခတ်တာရာတို့ အကြောင်းကို ရေးဖွဲ့ စပ်ဆို ပညာပေး သွားကြသူများ ဖြစ်သဖြင့်- သူတို့တွင် အာကာသ နက္ခတ်တာရာတို့ဆိုင်ရာ သုတပညာများ ရှိသည် ကို မည်သူမျှ မငြင်းနိုင်ပါ။
နိုင်ငံတကာ- နက္ခတ်ပညာ အဖွဲ့အစည်းကြီး ဖြစ်သော NASA စသည်တို့တွင် လေ့လာ နေကြသော နက္ခတ်ပညာရှင် စစ်စစ် Professional Astronomer တို့တွင်မူ များစွာ အဆင့်မြင့်သော သိပ္ပံဆိုင်ရာ နက္ခတ် သဘောများရှိ၏။
နိုင်ငံတကာ နက္ခတ်ပညာ တွင်- အပျော်တမ်း နက္ခတ်ပညာရှင် Amateur Astronomer တို့၏ မူကြို အဆင့်တွင်ပင်- အောက်ပါတို့ကို ကောင်းစွာ သိရှိထားရ၏။
- ကောင်းကင်ဆိုင်ရာ ထြီဂိုနိုမေထြီ celestial trigonometry နှင့် သင်္ချာကျွမ်းကျင်မှု။
- စကြာဝဠာ နှင့် နေစကြာဝဠာ အကြောင်း။ Universe and Solar System
- ရူပဗေဒ နှင့် ဓါတုဗေဒ ဆိုင်ရာ အတိုင်းအတာ တစ်ခု အထိ ကျွမ်းကျင် နားလည် တွက်ချက် နိုင်မှုများ။
အမေရိကန် အချို့ဒေသများနှင့်၊ ဥရောပ နိုင်ငံများစွာ တွင် နွေရာသီ အိမ်များ Summer House များတွင် မှန်ပြောင်း များ တပ်ဆင်ထားကြပြီး- မူလတန်း အဆင့် ကလေးငယ် များ သည်ပင်- ကျွန်တော်တို့ အခေါ် စိတြကြယ် Spica ကိုလည်းကောင်း၊ မြန်မာ အခေါ် မောင်ရှင် ဆိုင်းတန်း ကြယ်စု- Orion Belt စသည် တို့ကိုလည်း ကောင်းစွာ သိထားကြပါ၏။
စင်္ကာပူ လူငယ်များ နှင့် မိုးကောင်းကင် ကို စိတ်ဝင်စားမှု
လွန်ခဲ့သော နှစ်က- လကြတ် သော ညတစ်ညတွင် - စင်္ကာပူ နိုင်ငံ Science Center ရှိ မှန်ပြောင်း ဖြင့်- လကြတ်ခြင်း ကို ကြည့်ရန် စီစဉ်ခဲ့ကြ၏။
လကြတ်မည့် အချိန်သည် နံနက် ၃-နာရီ ခန့်ဖြစ်၏။
ထိုနေ့ရော နောက်နေ့သည်ကား ရုံးပိတ်ရက် မဟုတ်သော်လည်း- ကျွန်တော့် အနေဖြင့်- စင်္ကာပူ နိုင်ငံ နက္ခတ္ထ အဖွဲ့ဝင် တစ်ဦး အနေဖြင့် ထိုပွဲကို သွားရောက် ခဲ့သည်မှ- စင်္ကာပူ ရှိ လူကြီး လူငယ်များ၏ စိတ်ဝင်စားမှုကို လေးစားစွာ မြင်တွေ့ခဲ့ရတော့၏။
ကျွန်တော့်တို့ ရောက်ရှိသည့် ည ၁၁-ခန့်မှ စ၍- လကြတ်ပုံ၊ နေကြတ်ပုံ အမျိုးအစား အမျိုးမျိုး၊ အနေအထား အဆင့်ဆင့် တို့ကို တီဗွီ ဖန်သားပြင် ဖြင့် ရှင်းပြ နေခဲ့ပြီး ထိုအချိန် ကတည်းကပင် လာကြည့်သူ တစ်ထောင်ကျော် ခန့်ရှိ၏။
နံနက် ၃-နာရီခန့်တွင်မူ- စုစုပေါင်း လာကြည့်သူပေါင်း ၃၀၀၀ ကျော်အထိပင် ရှိလာ၏။
နောက်နေ့ မနက် အလုပ်သွားကြရဦးမည့် နိုင်ငံတွင် ဤမျှ စိတ်ဝင်စားမှု ရှိခြင်းကား ကျွန်တော့် အနေဖြင့် အင်မတန်လေးစား ရပါတော့၏။
သို့သော်လည်း- အီကွေတာ နှင့် ကပ်နေသော စင်္ကာပူ နိုင်ငံတွင် တစ်နှစ်လုံး မိုးရွာသွန်းသော ရာသီ ဥတုကြောင့်- မြန်မာနိုင်ငံကဲ့သို့ နက္ခတ် တာရာများ၊ ကြယ်များကို မြင်ရရန် အသာထား၊ လပြည့်နေ့ မှာပင်- လကို တိမ်ဖုံး နေမှုကြောင့် မြင်တွေ့ရန် အလွန်ခက်ခဲ၏။
မည်သို့ပင် ဆိုစေ- ဤမျှ ထူထပ်နေသော တိမ်ထု နှင့် ဖွဲဖွဲကျနေသော မိုးကြားမှ ပင်- လ-ဘယ်လိုကြတ်သည်၊ နေ ဘယ်သို့ ကြတ်သည်ကို စင်္ကာပူ လူငယ်များပင် စိတ်ဝင်တစား လေ့လာ၍ နားလည် နေကြမှာ လေးစား စရာကောင်းလှ၏။
သို့သော်လည်း - လကြတ်ခြင်း ကို အပြည့်အစုံ မမြင်ရမိမှာပင်- သည်းလာသော မိုးကြောင့် အားလုံး ပြန်လာခဲ့ရပါတော့သည်။
ဂြိုဟ်တို့ အမှန် တကယ် နောက်ပြန်သွားသည်လား၊ (မြန်မာ တစ်ချို့ အခေါ် ဖေါက်ပြန်သည်။) နောက်ပြန်သည်ဟု မြင်ရသည်လား၊ ထိုဖြစ်ရပ်တို့သည် မည်မျှ တစ်ကြိမ် ဖြစ်တတ်သည် ဆိုသည် များကို စိတ်ဝင်စားသော နက္ခတ်ပညာရှင် လုံးဝ မဟုတ်သည့် စင်္ကာပူ စသော နိုင်ငံခြား လူငယ်တို့ပင် သိနေကြ သော်လည်း- ထိုကိစ္စများနှင့် ပတ်သက်၍ မြန်မာ တို့၏ နားလည်ထားမှု တို့ကိုမူ မည်သို့ ပြောရမှန်းပင် မသိတော့ပါ။
ကောင်းကင် မှ ကြယ် နက္ခတ် တို့နှင့် ဗေဒင် နက္ခတ်တို့ ….
ကောင်းကင်မှ ကြယ်နက္ခတ်တို့ကို အမှီပြု၍ နက္ခတ်ဗေဒင် ပညာရပ် ပေါ်ပေါက်လာသည် မှန်သော်လည်း. ကောင်းကင်မှ နက္ခတ်တို့ နှင့် ဗေဒင်မှ နက္ခတ်တို့၏ တည်နေရာသည် တစ်ထပ်တည်း မကျ။
၃၆၀ ဒီဂရီ စက်ဝိုင်းကို ၃၀- ဒီဂရီ စီ အညီအမျှ ပိုင်းထားသော ဗေဒင် ဆိုင်ရာ ရာသီစက် နှင့် ကောင်းကင်မှ ရာသီဆိုင်ရာ၊ (ဥပမာ- သိဟ်ရာသီ ၊ ဗြိစ္ဆာရာသီ. စသည်တို့မှာလည်း အတန် ကွာခြားမှု ရှိ၏။
တစ်ဖန်- ကမ္ဘာရှိရာ နေစကြာဝဠာ နှင့် အနီးဆုံး ကြယ်တစ်လုံး ဖြစ်သော- မြန်မာတို့ အခေါ် “စိတြ” ဟု ခေါ်သော စပိုက်ကာ Spica ကြယ် သည် ပင်လျှင်- အလင်းနှစ် ၂၆၀ ကွာဝေး၏။ ဆိုလိုသည်မှာ ကျွန်တော်တို့ ယခု မြင်ရသော “စိတြ” ကြယ်၏ အနေအထား နှင့် တည်နေရာ သည် လွန်ခဲ့သော အနှစ် ၂၆၀ မှ အနေအထား ဖြစ်၏။ အကယ်၍ တစ်စုံ တစ်ခုသော အကြောင်းကြောင့် ထိုကြယ်ကြီး ယနေ့ ပေါက်ကွဲ ပျက်စီးသွားသည် ထားဦး၊ နောင် အနှစ် ၂၆၀ အထိ တည်ရှိသကဲ့သို့ မြင်ရဦးမည် ဖြစ်၏။
ထို့အပြင် ကောင်းကင်မှ အရာဝတ္ထုတို့မှ လာသော အလင်းတန်းသည် ကမ္ဘာသို့ ၀င်ရောက်လာခြင်း သည်လည်း- အလင်းယိုင်မှုကြောင့်- မျက်စိဖြင့် တွေ့မြင်ရသည်က တစ်နေရာ၊ အမှန်တကယ် ရှိနေသည်က တစ်နေရာလည်း ဖြစ်သည်ကို သိထားရမည် ဖြစ်၏။
ဤအကြောင်းကို ကျွန်တော့် ဆောင်းပါး တစ်ပုဒ် ဖြစ်သော “နေ၀န်းနီနီ ညနေဆည်းဆာရဲ့ လျှို့ဝှက်ချက်” http://mmastronomy.blogspot.sg/2010/10/blog-post_25.html တွင်လည်း ဖေါ်ပြထားခဲ့ဘူး ဖြစ်၏။
ဆိုလိုသည်မှာ- ကောင်းကင် နက္ခတ်ကို လေ့လာသော အခါ- ဗေဒင် တွက်ချက်မှု တွင် သုံးစွဲသော နက္ခတ် အံသာ များနှင့် မကိုက်ညီသော အခါ- နားလည်မှု လွဲမှား မည်ကို မဖြစ်စေလိုသော ကြောင့် ရှင်းပြရခြင်း ဖြစ်၏။
ဗေဒင် နက္ခတ်တို့ အကြောင်း။
၃၆၀ ဒီဂရီ စက်ဝိုင်း ကြီးအား မိဿ၊ ပြိဿ၊ စသော ရာသီများ ဖြင့် ၃၀- ဒီဂရီ စီ အညီအမျှ ပိုင်းထားသော တစ်ချိန်တည်းတွင်- ၂၇ လုံးသော နက္ခတ်တို့ဖြင့်လည်း အညီအမျှ တွက်ချက် စိတ်ပိုင်း ထားလေရာ၊ (ခြွင်းချက် ဖြစ်သော အဘိဇိ နက္ခတ် ကိစ္စမပါ။) နက္ခတ် တစ်လုံးလျှင် ၃၆၀/၂၇ = ၁၃.၃၃၃ ဒီဂရီ ရှိထား၏။ ဤသည်ကို ဒီဂရီ၊ မိနစ် ဖြင့်ချရေးပါက- ၁၃ ဒီဂရီ၊ ၂၀ မိနစ် ဆိုသည်မှာ နက္ခတ် တစ်ခု ၏ အတိုင်အတာ အကျယ် အ၀န်း ဖြစ်သည် ဟု ဗေဒင် ပညာတွင် တွက်ချက် ယူဆ၏။
နက္ခတ်နှင့် ပတ်သက်သော သုံးစွဲပုံတို့မှာလည်း များစွာရှိ၏။
- လူတစ်ယောက်ချင်း၏ ဇနမ စန်းတည်ရာ နက္ခတ်ကို မူတည် ဟောသော စန်းယှဉ် နက္ခတ်အဟောများ၊
- သတို့သား နှင့် သတို့သမီး - လက်ထပ် ပေါင်းသင်းရန် သင့်မသင့် စစ်ဆေးသော နည်းစနစ်များ၊
- ဆေးဝါး ဖေါ်စပ်ရန်၊ လောကီ အစီအရင် လုပ်ဆောင်ရန် အခါရွေးသော နည်းစနစ်များ၊
- စစ်တိုက်ရန်၊ စသော သင့်တော့်သည့် အခါရွေးသည့် ကိစ္စများ၊
စသဖြင့် များစွာသော အသုံးများ ရှိ၏။
ယခု ကျွန်တော့် ဆောင်းပါး အနေဖြင့် နက္ခတ် အကြောင်း နှင့် ပတ်သက်၍ အများစု မှန်ကန် စွာ နားလည် ထားသင့်သော အချက်များစွာ အနက်- ထင်ရှားသော အချက် အချို့ကို ဖေါ်ပြပေးမည် ဖြစ်ပါ၏။
သတို့ သမီး ဇာတာ စန်းယှဉ် နက္ခတ်။
ရှေးကျမ်းလာ အတိုင်း တိုက်ရိုက်မှီငြမ်း ကြသော်- သတို့သားရှင် မိဘများ အနေဖြင့် အောက်ပါ ဇနမ နက္ခတ်ရှင် သတို့သမီးလောင်းလျာကို ရှောင်ကြဉ်တတ်ကြ၏။ (မင်္ဂလိ ဒေါသျှ စသော အခြား သော အချက်များလည်း ရှိသေးသော်လည်း- ယခု ဆောင်းပါးတွင် နက္ခတ် နှင့် ဆိုင်သည်ကို သာ ဖေါ်ပြပေးပါမည်။)
၎င်းတို့မှာ
- မူလ နက္ခတ်၊
- အဿလိသ နက္ခတ်၊
- ဇေဋ္ဌ နက္ခတ်၊
- ၀ိသာခါ နက္ခတ်၊
မူလ- နက္ခတ်။
မူလော၊ မူလ နက္ခတ် နှင့် ယုတော၊ ယှဉ်လျှက်၊ ဇာတော၊ မွေးဖွားသူသည်၊ ဗာဟုလ္လဒါရိယော၊ သူတစ်ပါး သားမယား အား ပစ်မှား များအံ့။
အဿလိသ နက္ခတ်။
သာလိသော၊ အသလိဿ နက္ခတ် နှင့်၊ ယုတော၊ ယှဉ်လျှက်၊ ဇာတော၊ မွေးဖွားသူသည်၊ ဥက္ကဋ္ဌေ၊ စစ်မြေပြင် အရပ်၌၊ မတံ၊ သေရအံ့။
ဇေဋ္ဌ နက္ခတ်။
ဇေဋ္ဌော၊ ဇေဋ္ဌ နက္ခတ် နှင့်။ ယုတော၊ ယှဉ်လျှက်၊ ဇာတော၊ မွေးဖွားသူသည်၊ တရုဏေ၊ ငယ်ရွယ်စဉ် ၌၊ ရာဇော မင်းအကြီးအကဲ ဖြစ်အံ့၊ မာတော၊ မိခင်သည်၊ ဥတ္တမံ၊ မြတ်အံ့၊ ပိတာ၊ ဖခင်သည်၊ ဟိနော၊ ယုတ်မာအံ့။
ဝိသာခါ နက္ခတ်။
ဝါသာခေါ၊ ၀ါသာခါ နက္ခတ် နှင့်၊ ယုတော၊ ယှဉ်လျှက်၊ ဇာတော၊ မွေးဖွားသူသည်၊ ပရဒါရောစ၊ သူတစ်ပါး သားမယားကို ပစ်မှား ဖေါက်ပြန်တတ်၏။ ဗဟု ဒုဿသဉ္စ၊ ဆရာ သမား ပစ်မှား တတ်အံ့၊ ရဿကံ၊ အသက်တိုအံ့။ (မြတ်စွာဘုရားသည် ၀ါသာခါ နက္ခတ် နှင့် စန်းယှဉ်လျှက် ဘွားတော်မူကြောင်း မဟာဗုဒ္ဓ၀င်တွင် ဆိုထားသဖြင့်- ဤအဟောသည် မည်မျှ သဘာဝကျ မှန်ကန် သည် ကို မြင်ရပါနည်း။)
တစ်ဖန်- ဟိန္ဒူ ရှေးကျမ်း တို့အရအားဖြင့်လည်း-
မူလ နက္ခတ် နှင့် ယှဉ်လျှက် မွေးဖွားသူ ယောက်ျားသည် မြေပြင်ကို အုပ်စိုးသူ ဖြစ်လျှက်- မူလ နက္ခတ် တွင် မွေးသူ မိန်းမသည်ကား ဖျက်ဆီးသူ ဖြစ်အံ့ ဟု ဆိုပြန်ပါ၏။
တနည်းအားဖြင့်- ဆိုသော် မူလ နက္ခတ်၊ အဿလိသ နက္ခတ်၊ ဇေဋ္ဌ နက္ခတ်၊ နှင့် ၀ိသာခါ နက္ခတ် နှင့် စန်းယှဉ်လျှက် မွေးလာသူ သတို့သမီးငယ်သည် ခင်ပွန်း ယောက်ျား၏ မိသားစု အတွက် ကံဆိုး မိုးမှောင် ကျမှုကို သယ်ဆောင်လာသူ ဖြစ်သည်ဟု ဟိန္ဒူကျမ်းများက ဆိုထားပါ၏။
ထို့ကြောင့် ထိုသတို့သမီးနှင့် ပတ်သက်သော အထူးယတြာသျှန္တီများ ပြုလုပ်လျှင် လုပ်၊ သို့မဟုတ်- သက်ဆိုင်ရာ သတို့သားအား သေချာစွာ ရွေးချယ်ရမည် ဟု ဆိုပါ၏။
ကောင်းပါပြီ။
ကျွန်တော့် ဆောင်းပါး များစွာတို့တွင်- အောက်ပါတို့ကို ထင်ရှားစွာ ဆိုထားခဲ့၏။
- ရှေးကျမ်းတို့အား မျက်စိမှိတ် ယုံကြည်ခြင်း၊ တိုက်ရိုက် မှီငြမ်းတို့ မှ ရှောင်ကြည်သင့်ပြီး၊ ရှေးကျမ်းတို့၏ နောက်ကွယ် သဘောအား - ပညာဖြင့် စိစစ် ရမည် ဟု၍ လည်းကောင်း၊
- မည်သည့် နက္ခတ်၊ မည်သည့် ဂြိုဟ်၊ ကမျှ အဆိုးသက်သက်၊ အကောင်းသက်သက် မရှိပဲ- ဖြစ်ရပ်တို့သည် တစ်ခုချင်း ကြောင့် ဖြစ်မှု မဟုတ်ပဲ- အချင်းချင်း၊ အပြန်အလှန်၊ ဘက်စုံ ထောင့်စုံ တို့ ဆက်စပ် နေမှုတို့သာ ပုံပေါ်လာခြင်း ဖြစ်ရကြောင်း။ (“ဂြိုဟ်ဆိုး၊ ဂြိုဟ်ကောင်း၊ လူဆိုး၊ လူကောင်း” ဆောင်းပါး စသည်)
ယခု ကိစ္စတွင်လည်း- အကျိုးအကြောင်း အဆက်အစပ် တို့ဖြင့်- မူလ နက္ခတ်ကို နမူနာ ထား၍ လေ့လာကြည့်ပါစို့။
(မှတ်ချက်- ယခုဆောင်းပါးတွင် ပါရှိသော ကြယ်တို့၏ နေရာသတ်မှတ်ချက်သည် ဆရာကြီး မင်းသုဝဏ် ၏ မိုးပေါ်မှာ ကြယ်တစ်လုံး စာအုပ်ငယ်တွင် ဖေါ်ပြခဲ့သော ဖေါ်ပြထား သော ပုံအနေအထားတို့နှင့် နှိုင်းယှဉ်သော် ကွာဟမှု ရှိသည်ကို တွေ့ရပါမည်။)
ရာဇ မတ္တမ် ကျမ်းအရ - “ရက္ခသော နိရတိ မူလာ” ဟူ ဆိုထားသဖြင့်- မူလ နက္ခတ်အား “နိရုရိတိ” အမည်ရှိ ရက္ခိုက် နတ် အနေဖြင့် အစိုးရ၏။ ၄င်းသည် လူအများတို့ ပျက်စီးခြင်း၊ ကြောက်လန့်ခြင်း၊ စစ် စသည် တို့ကို ဖြစ်စေသည့် နတ်ဖြစ်၏။
မူလနက္ခတ်နှင့် စန်းယှဉ် မွေးသော ယောက်ျားသည် စစ်နှင့် လူအများအား ကြောက်လန့် စေခြင်းကို ဖြစ်စေခြင်းကြောင့်- ထိုသူသည် စစ်နှင့် ပတ်သက်သော အစွမ်းသတ္တိများရှိနေတတ်ပြီး- အခြားအချက် အလက်များကလည်း ထောက်ပံ့ပေးပါက- စစ်ကို အောင်မြင်နိုင်သူ ဖြစ်စေတတ်သော သဘောရှိ၏။ ထို့ကြောင့်လည်း- ရန်သူတို့အား ရှုံးနိမ့်ခြင်း ဖြစ်စေလျှက်- ၄င်းတို့၏ နယ်ပယ်ကို အောင်နိုင်ခြင်း ဖြစ်စေနိုင်သော အခြေခံ သဘောကြောင့်- ဟိန္ဒူရှေးကျမ်းတို့က- ထိုယောက်ျားသည် မြေပြင်ကို အစိုးရသူ ဖြစ်မည်ဟု ဆိုခြင်း ဖြစ်၏။
အကယ်၍- မူလနက္ခတ် နှင့် ယှဉ်မွေးသော အမျိုးသမီး သတို့ငယ်ကို လေ့လာမည် ဆိုလျှင်-
သူမ အနေဖြင့် စစ်သွားတိုက်ခြင်းသည် အရာမဟုတ်ပေ။
သို့သော် သူမတွင် စစ်နှင့် ပတ်သက်သော - ရန်သူတို့ (မိမိ၏ ယှဉ်ပြိုင်ဘက်တို့) အား ကြောက်လန့် စေနိုင်သော သဘောရှိနေ၏။
ယောက်ျားတို့၏ စစ်မြေပြင်ကား- သွေးသံဖြင့် ပတ်သက်သော၊ ကာယ အင်အားသုံးရသော နယ်မြေဖြစ်ချိန်တွင် မိန်းမတို့၏ စစ်မြေပြင်မှာကား- ၄င်းနေထိုင်ရာ မိသားစု ဖြစ်တော့၏။
လက်ခံလိုသည် ဖြစ်စေ၊ လက်မခံလိုသည် ဖြစ်စေ- မိန်းမ တစ်ယောက်၏ အခန်းကဏ္ဍသည် အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွင် အရေးကြီး ဆိုသည့် ကတော့- အိမ်ထောင်ကျသူတို့ သိထားပြီး ဖြစ်၏။
ကလေး တို့အား မွေးဖွားပေးခြင်း၊ ပြုစု ပျိုးထောင်ပေးခြင်း မှ စတည်၍- အိမ်ရှိ ငွေကြေး အသုံးအစွဲ- မိဘ၊ ဆွေမျိုးတို့အား ပေးကမ်းခြင်း စသည်တို့တွင် အိမ်ထောင်ရှင်မ၏ အလုပ်လုပ် တွင်ကျယ်ရသော နယ်မြေ တစ်နည်းအားဖြင့် စစ်နယ်မြေ ပင် ဖြစ်တော့၏။
ဤသို့အားဖြင့်- “နိရုရိတိ” နတ်၏ စွမ်းအားဖြင့်- မိသားစုဝင်များ အတွက် ပျက်စီးခြင်း၊ စိတ်ချောက်ခြားရခြင်း တို့ ဖြစ်နိုင်သည် ယူဆလျှက်- ရှေးဟိန္ဒူကျမ်းများ အနေဖြင့်- ထို သတို့သမီးငယ် သည် ခင်ပွန်း ယောက်ျား၏ မိသားစု အတွက် ကံဆိုး မိုးမှောင် ကျမှုကို သယ်ဆောင်လာသူ ဖြစ်သည်ဟု သတ်မှတ်ထားကြခြင်း၏ အကြောင်းအချက် တစ်ချက် ဖြစ်၏။
သို့သော်လည်း- ပြင်ပ တကယ့်လောကတွင် မူလ နက္ခတ်ရှင် အမျိုးသားတိုင်း စစ်သည်တော်၊ စစ်ဘုရင်များ မဟုတ်ကြသလို- မူလ နက္ခတ်ပိုင်ရှင် မိန်းကလေးတိုင်းလည်း မိသားစုအား ဖျက်ဆီးတတ်သူတို့ မဟုတ်ကြ။
သို့သော် ထိုအချက်က- သူတို့တွင် ပါရှိသော ပင်ကိုယ်ထူးခြားချက် ဖြစ်သည့်- ရင်ဆိုင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သော အရည်အချင်း နှင့် မဆိုင်။
လက်ရှိခေတ်ကာလ တွင်- မိန်းကလေးများကပါ ယောက်ျားနှင့် ရင်ဘောင်တန်း စီးပွားရေး လုပ်ငန်း နေရသော ကာလတွင် - မိမိ၏ ပြိုင်ဘက်များကို အရှုံးပေး၍- အိမ်တွင်းပုန်း အရည် အချင်းသာ ရှိသော အိမ်ထောင်ရှင်မ သက်သက် တစ်ဦး နှင့်- အများကြားတွင် ဦးဆောင် ရင်ဆိုင် နိုင်သော အိမ်ထောင်ရှင် အမျိုးသမီး တို့အနက် မည်သည်ကို ခေတ်က ပို၍ တောင်းဆို နေပါသနည်း။
ယခင် အခါက- လင်ယောက်ျား နှင့် ယောက္ခမ တို့အား ၀တ္တရားကျေပွန်၍၊ သားသမီး တို့ကို စောင့်ရှောက်ရေး သက်သက်သာ တာဝန်ယူရသော အိမ်ထောင်ရှင်မသည် လိုလားအပ် သော အချက် ဖြစ်သော်လည်း- ယခု ခေတ်တွင်မူ- အမျိုးသမီးများသည် သတ္တိရှိရန်၊ အရည်အချင်း ရှိရန် လိုအပ် နေပြီ ဖြစ်လေရာ- ခေတ်နှင့် လျှော်ညီမှု ရှိရမည် ဆိုသည်ကိုတော့ ဗေဒင် ပညာရှင်သည် သိသင့်သည် ဖြစ်၏။
မူလ နက္ခတ်ကို အသေးစိတ် လေ့လာမည် ဆိုပါက အထက်ပါ ဇယားတွင် ဖေါ်ပြထားသည့် အတိုင်း ပထမပါဒ် သည် - နက္ခတ္တ သန္ဓိ ခေါ်- ဗြိစ္ဆာရာသီ မှ အလွန် ဓနု ရာသီ အစပ်လေးတွင် တည်ရှိ၏။
သန္ဓိ ဆိုသည်မှာ တစ်ခုမှ တစ်ခု သို့အကူးအပြောင်း- အစပ်အကြား နေရာလေး ဖြစ်ရာ- ထိုကာလတွင် အခြေအနေ အနေအထား ကောင်း ရရန် ခက်ခဲတတ်သဖြင့်-
ဥတု သန္ဓိ ရောဂါဖိ၊ သတိရှိကြစေ ဟု သိမ်ဖြူ ဆရာတော်ကြီးက ကျွန်တော် ၁၁-နှစ်သား ခန့် အရွယ် အာယုဗ္ဗေဒ ဆေးသင်တန်းတွင် သင်ကြားပေးခဲ့ဘူး၍။
ဆိုလိုသည်မှာ-
- ရာသီ တစ်ခုမှ တစ်ခုသို့ အကူးအပြောင်း၊ (ရာသီ သန္ဓိ)
- နက္ခတ္တ တစ်ခုမှ တစ်ခုသို့ အကူးအပြောင်း၊ (နက္ခတ္တ သန္ဓိ)
- တိထီ တစ်ခုမှ တစ်ခုသို့ အကူးအပြောင်း၊ (တိထီ သန္ဓိ)
ထိုသဘောသည်- ဆည်းဆာ (၄) ချက် ဖြစ်သော-
- နံနက်ခင်း နေထွက် ဆည်းဆာ၊
- မွန်းတည့် ဆည်းဆာ၊
- ညနေ နေ၀င် ဆည်းဆာ၊
- ညဥ့်သန်းခေါင် ဆည်းဆာ၊
ကာလ တို့ ရှိရာတွင်- နေ့ကာလ ဆည်းဆာ ၃-ချက်များ တွင် အပူအအေး ဓါတ်တို့၏ အကူးအပြောင်း စပ်ကြားများ ဖြစ်သဖြင့်- ထိုအချိန်ကာလများတွင် အိပ်စက်ခြင်း၊ မေထုန်ပြုခြင်း စသည်တို့မှ ရှောင်ကြည်ရမည် ဟု ပညာရှိများ ဆိုထားခဲ့သည်မှာ ဤသဘောပင် ဖြစ်၏။
တစ်ဖန်- မူလ နက္ခတ်သည်- ကျွန်တော်တို့ နေစကြာဝဠာ ရှိရာ မီလ်ကီးဝေး ဂလက်ဇီ ကြီးနှင့် တစ်တန်းတည်း ကြသော နေရာ ဖြစ်သည်။ ဤသည်ကို ကောင်းကင် အမြင် နက္ခတ် ကြည့်သူများလည်း မြင်ဘူး တွေ့ကြမည် ဖြစ်၏။ မူလ နက္ခတ် နှင့် ပါတ်သက်၍ နောင်အချိန်ရလျှင် သီးသန့် ရေးစရာများစွာ လည်း ရှိပါသည်။
မူလ ဆိုသည်မှာ အရာအားလုံး၏ မူရင်း Oringinal၊ ရေသောက်မြစ် Root စသော အဓိပ္ပါယ်များ ကို ပေါင်းစပ်ထားသော ဝေါဟာရ ဖြစ်၏။ အရာအားလုံး၏ အစနှင့် အဆုံးတို့သည် တစ်နေရာတည်းတွင် ရှိ၏။ ဆိုလိုသည်မှာ- ပျက်စီးခြင်း၊ ဖျက်ဆီးခြင်း တို့နှင့် ပြန်လည် အစပြုခြင်း တို့သည် ထိုမူလ နက္ခတ်တွင် ဖြစ်နေခြင်း- နက္ခတ် သခင်သည် ရုပ်ဝတ္ထုများကို ဖျက်ဆီးတတ်သော ကိတ် ဖြစ်ခြင်း၊ ပထမပါဒ် (ဂလက်စီနှင့် တစ်တန်း တည်း ဖြစ်သော ၂၄၀ ဒီဂရီ မှ ၂၄၃.၃၃ ဒီဂရီ (ဓနု ၀ အံသာမှ- ဓနု ၃း၂၀ အတွင်း) သည် အင်အားသုံး လုပ်ဆောင်မှု နှင့် ဆိုင်သော အင်္ဂါဂြိုဟ် ပိုင်ရာ ဖြစ်နေခြင်းသည် ထူးခြားသော တိုက်ဆိုင်မှု ဖြစ်၏။)
လွန်စွာများပြားသော အချက်များ ရှိသဖြင့် နောင်မှ သီးသန့် တင်ပြပေးပါမည်။
ဆိုလိုသည်မှာ- သေဆုံးခြင်း၊ ပျက်စီးခြင်း၊ ဖျက်စီးခြင်း၊ ပြန်လည် စတင်ခြင်း၊ စတင် မွေးဖွားခြင်း အားလုံးတို့သည် မူလ နက္ခတ်တွင် ပါရှိနေခြင်း ဖြစ်၏။
အထက်တွင်လည်း- “နိရုရိတိ” အမည်ရှိ ရက္ခိုက် နတ် အနေဖြင့် မူလ နက္ခတ်အား အုပ်စိုးခြင်း၊ သန္ဓိသဘော ဖြစ်ခြင်း တို့ကို တင်ပြခဲ့ပြီး ဖြစ်၏။
ထိုထိုသော အကြောင်းများကြောင့်- ရှေးကျမ်းများက- ဤနက္ခတ် ဖြင့်မွေးသူ ယောက်ျားသည်- စစ်မြေပြင်ကို အောင်နိုင်သူဖြစ်ပြီး၊ ဤနက္ခတ် ဖြင့်မွေးသူ မိန်းမ သည် ဖျက်ဆီးသူ ဖြစ်မည် ဟု ဆိုရခြင်း ဖြစ်၏။
မိုးတား ၏ အမြင်အားဖြင့်မူ- မူလ နက္ခတ် နှင့် ယှဉ်၍ မွေးသော မိန်းကလေး ပင် ဖြစ်သော်ငြားလည်း အောက်ပါ အနေအထားများ ဖြင့် မကိုက်ညီပါက- ဖျက်ဆီးသူ မိန်းကလေး မဖြစ်နိုင်ချေ။
- (၁) မူလ နက္ခတ် ပထမ ပါဒ် ဖြစ်သော အင်္ဂါ တွင် စန်းယှဉ်ခြင်း သာ ဖြစ်ခြင်း၊
- (၂) ဘွားဇာတာတွင် အင်္ဂါသည် ၆-တန့်၊ ၈-တန့်၊ ၁၂-တန့် သခင် ဖြစ်နေသော ဗြိစ္ဆာလဂ်၊ ကန်လဂ်၊ ပြိဿလဂ် ဖြစ်နေခြင်း။
- (၃) အထက်ပါ အချက် ၁-ရော ၂-ဖြင့်သာ ကိုက်ညီသည်သာ မက- အင်္ဂါ၏ ရပ်တည်ရာ လဂ် အံသာသည် လဂ် အံသာ မှ နေ၍ ကွာဝေခြင်း၊ (သို့မဟုတ်) အင်္ဂါသည် ဇာတာရှင်၏ ၉-တန့် ဘာဝ ၃-တန့် ဘာဝ တို့ကို ဖျက်ဆီးထားခြင်း။
ထိုသို့သော အချက် ၃-အထိ တိုက်ဆိုင်နေလျှင်သော်မှ- ကြာသပတေး စသော ကောင်းမြတ်သည့် ဂြိုဟ်များသည် ဇာတာရှင်အား ထောက်ပံ့ခြင်း ရှိနေပါက- ထင်ရှားသော ဖျက်ဆီးခြင်း ကို တွေ့ရမည် မဟုတ်ချေ။
ထိုသို့ တွေ့ရသော်မှ- ယခင်ခေတ်များကဲ့သို့ ယောက်ျားလေး မိဘအိမ်ပေါ်သို့ မိန်းကလေးကို ခေါ်တင်ခဲ့သော ခေတ်မဟုတ်ပဲ- မိဘ နှင့် ခွဲ၍ သီးသန့် နေပါကလည်း ထိုသို့ သော ပြဿနာများ ရှိလာမည် မဟုတ်ပါပေ။
နက္ခတ်ပညာ နှင့် ပတ်သက်၍-
ရှေးကျမ်းလာကြောင့် ဖြစ်စေ၊ အရပ်ပြောကြောင့် ဖြစ်စေ- အမြင် နက္ခတ်တွင် လည်းကောင်း၊ အဟော နက္ခတ် ပညာများတွင် လည်းကောင်း သဘာဝ မကျသော နားလည်မှု များ ပပျောက်၍- စစ်မှန်စွာ - နားလည် သော နက္ခတ်ပညာရှင် စစ်စစ်များ မြန်မာ့ မြေပေါ်တွင် ပေါ်ထွန်း နိုင်မည်က အတိုင်းထက် အလွန် ၀မ်းသာရမည် ဖြစ်၏။
ထို့အပြင် နက္ခတ်နှင့် ဗေဒင်သည် ဘုရား မထောက်ခံသော ပညာ ဟု၍- စွပ်စွဲ ပြောဆို ဟောပြော နေသူများ အနေဖြင့် မှန်ကန်စွာ နားလည် စေလိုပါစေ ဆုတောင်းယင်း ဤဆောင်းပါး ကို အဆုံးသတ် လိုက်ရပါသည်။
အားလုံး ချမ်းမြေ့ကြပါစေ။
နျူမာန် (မိုးတား)
1 comment:
ှဆရာခင်ဗျား- နက္ခတ်နှင့်ပတ်သက်ပြီး ဗဟုသုတများစွာ ပေးထားသည်ကို တွေ. ရလို. အားရမိပါတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ ရှေး အခါ ဘုရင်များအုပ်စိုးသော
ခေတ်က တက္ကသိုလ်မှာ မင်းညီမင်းသားတွေသင်ကြားအပ်သော အဋ္ဌာရသ (၁၈)ရပ်ထဲမှာ ဇောတိသတ္တ-ဂြိုလ်နက္ခတ်တို.၏ အသွားအလာသရုပ် သဏ္ဍာန်နှင့်တကွ အကောင်းအဆိုးကိုပြဆိုသောကျမ်းအတတ် နှင့် ယဇု ခေါ် ဗေဒင်ကျမ်းအတတ်များကို သင်ကြားရတယ်လို.မှတ်သားခဲ့ရဘူးပါ တယ်ခင်ဗျား။ သုတိ- ဗေဒင်လေးပုံကျမ်းအတတ်ကိုလည်းလေ့လာရတယ် လို.ဆိုပါတယ်။ ဇောတိ- ကို ဟူးရားနက္ခတ်အတတ်လို.လဲဆိုပါတယ်။ ကျွန်တော်ဆိုလိုချင်တာက ဆရာနျူမန် အခုဖော်ပြရေးသားနေတဲ့ နက္ခတ်ပညာရပ်ဆိုတာဘယ်လောက်တန်ဘိုးထားလေ့လာထိုက်တယ် ဆိုတာကိုသိစေချင်တာပါခင်ဗျား။ နက္ခတ်နဲ.ပတ်သက်လို. လေ့လာဖတ်ရှု ထိုက်တဲ့ စာအုပ်အချို. (မိမိကြိုက်နှစ်သက်သောစာအုပ်အချို.သာ) မှာ (၁) ပေါင်းတည်ဘုန်းကြည်ရဲ. နက္ခတ်ကြည့်ရှုနည်းနှင့်ကြယ်ပုံပြင်များ၊ (၂) ၁၉၆၈ ခုနှစ်၊ အမျိုးသားစာပေ သုတပဒေသာ တတိယဆုရ ဆရာ ဦးမိုး ရေးသားတဲ့ မြန်မာ့စဉ်လာ နက္ခတ်တာရာ အမြင်ကြည့်သင်ခန်းစာ နှင့် (၃) အရှင်အာလောက (မုံရွာ) တည်းဖြတ်စီစဉ်တဲ့ နက္ခတ်တာရာ သိမှတ်စရာ စာအုပ် များ ဖြစ်ပါတယ်လို. ဆရာနျူမန်ရဲ.စေတနာကို လေးစားစွာ ဂုဏ်ပြု ရင်း ဖော်ပြအပ်ပါတယ်ခင်ဗျား။ ရဲမြင့်၊ အငြိမ်းစားညွန်မှူး၊ နိုင်ငံခြားရေးဝန် ကြီးဌာန။
Post a Comment