Thursday, September 13, 2012

ကာလသပ္ပ ယောဂ (၃) ဆင်းရဲသားမှ ဘီလျံနာ သူဌေး- အမ်ဘာနီ ဒီရုဘိုင်

အိန္ဒိယ နိုင်ငံ၊ ဂူဂျာရတ် ပြည်နယ်၊ ချောဝတ် ဟု အမည်ရှိသော မြို့လေး တစ်မြို့-
နွမ်းပါးသည့် သာမာန် မိသားစု တစ်စုမှ- ဒုတိယ သားဖြစ်သူ- ဒီရုဘိုင် အမ်ဘာနီ Dhirubhai Ambani တစ်ယောက် ပညာရေး အတွက် ရည်မှန်းချက် များ အပြည့်ဖြင့်- ၁၀-တန်း စာမေးပွဲဖြေ ထားပြီး ၍ မကြာမီ ည- တစ်ည ဖြစ်၏။ ဘခင် ဖြစ်သူ ဟီရာချန်မှ-
“သား- မင်းကို အဖေပြောပြမယ်။ အဖေ လည်း ကျန်းမာရေး မကောင်းတာ လ-အတော်ကြာပြီး ဖြစ်တာ- သား သိတဲ့အတိုင်းပဲလေ။ ဒီတော့ အဖေ့ အနေနဲ့အလုပ် မလုပ်နိုင်တော့ဘူး။ မင်းအနေနဲ့ ပညာဆက်သင်ချင်တာ အဖေသိပါတယ်။ ဒါပေမယ့် ငါတို့ အနေနဲ့ တတ်နိုင်ဘို့ မရှိတော့ဘူးသား။ မိသားစု အတွက် ငွေကို သားက ရှာပေးဘို့ လိုနေပြီ။ မင်းရှာပေးတဲ့ ပိုက်ဆံက အဖေ့အတွက်လိုလာပြီ သား။ မိသားစု လိုလာပြီသားရယ်။ ဒီတော့- မင်းအခုပဲ အလုပ်- လုပ်ရတော့မယ်။ မင်းအကို ရမ္မနိဘိုင် က မင်းကို အာဒင် မြို့မှာ အလုပ်လုပ်ဘို့ စီစဉ်ထားပြီးပြီ။ ဒီတော့ သွားပေတော့ သားရေ”-
ပညာရေး ရည်မှန်း မျှော်လင့်ချက်တို့ တစ်စစီ ကြေမွ ပျက်စီးသွားပြီ ဖြစ်သော်လည်း- ဘာမျှ မတတ်နိုင်သည့် အဆုံးတော့- “ဟုတ်ကဲ့ပါ အဖေ” ဟု ပြော၍- အသက် ၁၆ နှစ်ကျော် လူငယ်လေး- ဒီရုဘိုင် အမ်ဘာနီ တစ်ယောက်- ယီမင် နိုင်ငံ အာဒင် မြို့သို့ ချီတက် ရလေ တော့သည်။
ယီမင်သို့သွားရန် ဗီဇာ လိုအပ်လာတော့မည် ဟု ကောဠာဟလ များကလည်း ထွက်ပေါ်နေသဖြင့်- ဗီဇာ ဥပဒေ မပြောင်းခင် အရောက်သွားနိုင်ရေး အတွက် ဘုံဘေမြို့တွင် စီစဉ်စရာများ စီစဉ်ပြီး- ယီမင်ခရီးသွားနေသည့် သင်္ဘောပေါ်တွင်- သူစာမေးပွဲအောင်သည့် သတင်းကို ကြားသိခဲ့ရပါ၏။
ဤသည်ကား-
  • အိန္ဒိယ နိုင်ငံတွင် ဓါတုဗေဒ တိုးတက်မှ နှင့် ကြီးပွားမှုတို့ကို ဖြစ်စေနိုင်သည့် ထူးချွန်သော စွမ်းဆောင်ရည်တို့ကြောင့် အသိအမှတ်ပြု သည့် အနေဖြင့်- ၂၀၀၀-ခုနှစ် နိုဝင်ဘာလ တွင် “ရာစု နှစ်၏ လူသား” ဟုသော ဘွဲ့ကို Chemtech Foundation နှင့် Chemical Engineering World တို့မှ ပေးအပ် ချီးမြှင့်ခြင်း ခံရသည့်-
  • သက္ကရာဇ် ၁၉၉၆၊ ၁၉၉၈၊ ၂၀၀၀ တို့တွင်- Asiaweek မဂ္ဂဇင်းကြီးမှ- အာရှတိုင်းမှ စွမ်းအားအကြီးဆုံး လူသား ၅၀ 'Power 50 - the most powerful people တွင် တင်ပြခြင်းခံရသည့် -
  • ဘ၀တစ်သက်တာ အောင်မြင်မှု အတွက် ကော်ပိုရေးရှင်း ထူးချွန်မှုအရ- Economic Times Awards ကို ၂၀၀၁-ခုနှစ် သြဂုတ်လတွင် ချီးမြှင့်ခြင်း ခံရသည့်-
  • သက္ကရာဇ် ၂၀၀၀-တွင်- The Times of India မှ စစ်တမ်းကောက်ယူမှု အရ- “ရာစုနှစ် ကာလများအတွင်း ချမ်းသာမှုကို အဖန်တီးနိုင်ဆုံးသူ” ("Greatest Creator of Wealth In The Centuries") ကို ရရှိခဲ့သည့်-
ဘီလျံနာ သူဌေးကြီး ဖြစ်လာမည့်- ဒီရုဘိုင် အမ်ဘာနီ ၏ ဘ၀ အစပင် ဖြစ်လေတော့၏။ http://en.wikipedia.org/wiki/Dhirubhai_Ambani တွင် ဆက်လက် လေ့လာ နိုင်ပါသည်။
သူသည်-
  • ၁၉၄၉ နှစ် အသက် ၁၇-နှစ် မပြည့်ခင် တွင် ယီမင် နိုင်ငံ အာဒင် မြို့ရှိ Shell ကုမ္ပဏီ၏ ထုတ်ကုန် ပစ္စည်းများကို ရောင်းချသော-. Besse & Co. တွင် ပြာတာ စာရေး လေး အဖြစ် စတင်လုပ်ကိုင် ခဲ့ရသည်။ ထို့နောက်တွင် ဒူဘိုင်းတွင်လည်း အလုပ်လုပ်ကိုင် ခဲ့ရသည်။
  • ၁၉၅၈-ခုနှစ်တွင်- အိန္ဒိယသို့ ပြန်လာခဲ့ပြီး- ဘုံဘေ မြို့တွင် သူ၏ ပထမဆုံး ကုမ္ပဏီ ဖြစ်သော- Reliance Commercial Corporation ကို အိန္ဒိယငွေ ရူပီး တစ်သောင်းခွဲ နှင့် စားပွဲ ခုံတစ်လုံး၊ ကုလားထိုင် ၃-လုံး၊ ဖုန်း တစ်လုံး ဖြင့် စတင်ခဲ့၏။
  • ၁၉၆၆-ခုနှစ်တွင်- Ahmedabad ပြည်နယ်၊ နာရိုဒါ မြို့တွင်- ချည်မျှင် နှင့် အထည်စက်ကို တည်ထောင်ခဲ့၏။ ဤကုမ္ပဏီသည် ယခုအခါ ၀န်ထမ်းပေါင်း ရှစ်သောင်းခွဲ နှင့် အိန္ဒိယ နိုင်ငံ အစိုးရ- အခွန်ငွေ စုစုပေါင်း၏ ၅% နီးပါး ကို ပေးဆောင်သည် အထိ ကြီးမားသော ကုမ္ပဏီ ဖြစ်လာခဲ့ပါ၏။
  • ၁၉၇၇-ခုနှစ်တွင် Reliance ကုမ္ပဏီကို အများပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲ၍- အစုရှယ်ယာများ ရအောင် ဖန်တီးခဲ့၏။ ၁၉၇၆-၇၇ ခုနှစ် တို့တွင်- Reliance ကုမ္ပဏီ အနေဖြင့်- နှစ်စဉ် လည်ပတ်ငွေကြေး ရူပီး သန်း ၇၀၀ ရှိသည်။
  • ၁၉၈၀-တွင် ရူပီး သန်းတစ်ထောင် တန်ဘိုးရှိသော ဖိုင်ဘာ လုပ်ငန်းနှင့် ပတ်သက်သည့် Patalganga ပရောဂျက်ကို ကြေညာ အကောင်အထည် ပေါ်ခဲ့၏။
  • ၁၉၈၆-ခုတွင် လေဖြတ်ခံရသဖြင့်။ ညာလက် လှုပ်၍ မရတော့သဖြင့်- သားနှစ်ယောက် အနေဖြင့် လုပ်ငန်း များတွင် ၀င်ရောက် နေရာယူလာရ၏။
  • ၁၉၈၈-တွင် ဖိုင်ဘာ နှင့် ဓါတုဗေဒ ထုတ်လုပ်ရေးများ လုပ်ကိုင်ခဲ့ပြီး- ၁၉၈၉ တွင် ရေလွှမ်းမှုကြောင့် ပျက်စီးမှုများ ရှိခဲ့၏။
  • ရူပီး သန်း ၉ သောင်း တန်ဘိုးရှိသော Hazira ပရောဂျက်ကို ၁၉၉၁-တွင် စတင်လည်ပတ်ခဲ့၏။
  • ၁၉၉၃-တွင် ပလပ်စတစ် နှင့် ပီဗွီစီ PVC လုပ်ငန်းတို့ကို ချဲ့ခဲ့၏။
  • ပြီးခဲ့သော ၁၉၉၃-နှစ် အတွက်- Business India မှ ၁၉၉၃-နှစ်၏ အကောင်းဆုံး စီးပွားရေး သမား အဖြစ် ၁၉၉၄-ဇန်န၀ါရီ တွင် ရွေးချယ်ခြင်း ခံရသည်။ ၁၉၉၄-တွင် Hazira ရေနံ ဓါတု လုပ်ငန်းကို ၃-ဆ ချဲ့ခဲ့ပြီး- တစ်နှစ်လျှင် ၆-မဂ္ဂါတန် ထုတ်လုပ်နိုင်ခဲ့သည်။ အင်္ဂလန် နိုင်ငံ Textile Institute အနေဖြင့်- Companion Membership ဆုကို ချီးမြှင့်ခဲ့သည်။ ထိုဆုသည် စက်မှု ဖိုင်ဘာမျှင် တို့၏ အထွေထွေ အကျိုးအတွက် ထူးခြားသော တိုးတက်မှုကို ဖြစ်စေသည့် သက်ရှိ ထင်ရှား ပုဂ္ဂိုလ် ၅၀ ကိုသာ ကန့်သတ်ထားသောဆု ဖြစ်သည်။
  • ၁၉၉၅-တွင် အသားတင် အမြတ်ငွေ ရူပီး ၁၀- ဘီလျံ တင်ပြ နိုင်သော အိန္ဒိယ နိုင်ငံတွင် ပထမဆုံးသော ကုမ္ပဏီ ဖြစ်ခဲ့သည်။
  • ၁၉၉၆-ခုနှစ်တွင် အိန္ဒိယ နိုင် S&P and Moody’s မှ စာရင်းသွင်း အဆင့်သတ်မှတ် ခဲ့သော ပထမဆုံးသော အိန္ဒိယ ကုမ္ပဏီ ဖြစ်ခဲ့သည်။
  • ၁၉၉၇-ခုနှစ်တွင်- မိုဘိုင်း ဟန်းဖုန်း cellular services ကို စတင်ခဲ့သည်။
  • ၁၉၉၉-ခုနှစ်တွင်- ကမ္ဘာ့အကြီးဆုံး ရေနံချက် စက်ရုံကို Jamnagar တွင် စတင်ခဲ့သည်။
  • ၂၀၀၂-ခုနှစ်တွင်- ဇူလိုင်လ- ၆-ရက်နေ့တွင် ဒီရုဘိုင် အမ်ဘာနီ သေဆုံးခဲ့သည်။ သူသေဆုံးချိန်တွင်- Reliance Group ကြီး၏ စုစုပေါင်း နှစ်စဉ် လည်ပတ်နေသော ငွေကြေးမှာ ရူပီးငွေ ဘီလျံ ၇၅၀- (အမေရိကန် ၁၅ ဘီလျံ) တန်ဘိုး ရှိနေပြီ ဖြစ်သည်။
မူလ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်
ဇာတာရှင်သည် ဓနု လဂ်- ဓနု စန်း ဖြစ်သည်။

တနင်္ဂနွေ ဂြိုဟ်နှင့် ပတ်သက်၍ အသေးစိတ် ဆန်းစစ် ကြမည် ဆိုပါက-

၉-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ ၁-တန့် (လဂ်) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် (၈-တန့် ဘာဝ သခင်) တနင်္လာ ပိုင်သော ကရကဋ် န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မူလ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 99% ရှိကာ၊ ဂြိုဟ်ဆိုး ဖြစ်သော ကိတ်မှ လွှမ်းမိုးမှု (-74.7) % ရှိသည်။ ဂြိုဟ်ကောင်း လွှမ်းမိုးမှု မရှိပါ။
ဤဇာတာ အနေအထားတွင်- တနင်္ဂနွေဂြိုဟ် အနေဖြင့် လဂ်တွင် ရပ်တည်ခြင်းဖြင့်၊ စိတ်ကြီး၊ အမှတ်အသားကြီး တတ်သော သဘာဝ ရှိသူမျိုး ဖြစ်ပြီး မိမိ ကိုယ်ကို သတိထား နေထိုင်တတ် သူမျိုး- ရည်ရွယ်ချက်ကို ဦးစားပေးသူမျိုး ဖြစ်သည်။ ဤအနေအထား ရှိသူတို့၏ သဘာဝသည်- ကိစ္စရပ် တစ်ခုကို ကြာရှည် စောင့်စားရ သော အနေအထားများကို မုန်းတတ်ပြီး- စိတ်တိုင်းမကျလျှင်- စိတ်ထွက် လွယ်သော်လည်း- ချက်ချင်း စိတ်ပြေတတ်သူမျိုး ဖြစ်၏။
ဒီရုဘိုင် အမ်ဘာနီသည် ဒေါသ ဖြစ်လွယ်တတ်ပြီး- ချက်ချင်းလည်း စိတ်ပြေတတ်ကြောင်း - သူဒေါသ ထွက်လျှင် တစ်ဆုံး တစ်စ လွှတ်ပြောတတ်သူမျိုး ဖြစ်ကြောင်း ကိုလည်း- သူနှင့် နီးစပ်သူများက သိထားကြ၏။
ရည်ရွယ်ချက် ဆုံးဖြတ်ချက် နှင့် ဆိုင်သော တနင်္ဂနွေ သည် လဂ်တွင် တည်ထားခြင်းဖြင့်- ဆုံးဖြတ် တစ်ခု ကို ချမှတ် ထားလျှင်၊ ဖြစ်အောင် လုပ်မည့် သူမျိုးဖြစ်သည်။ သူများ ကိစ္စများတွင် စွက်ဖက် ခြင်းထက် မိမိကိုယ်ပိုင် ကိစ္စများကို ပို၍ အရေးထား တတ်သော သူမျိုး ဖြစ်သည်။ သူ၏ ထင်မြင် ယူဆချက် တို့အား အခြားသူများက လမ်းလွှဲ ပစ်နိုင်ရန် ခက်ခဲသော သူမျိုးဖြစ်ခြင်း တို့ကို အထောက်အကူ ပြုနေ၏။
တစ်ရက်လျှင် ၂၅-တန် ချက်နိုင်သော ရေနံချက် စက်ရုံကြီး ကို Reliance ကုမ္ပဏီ အနေဖြင့် တည်ထောင်ပြီး ချိန်တွင်- အမ်ဘာနီ ပြန်လည် အမှတ်ရခဲ့သည် မှာ-
“ကျွန်တော် ဓါတ်ဆီ ဆိုင်မှာ အကူလုပ်ခဲ့ တုန်းက- နောက်ကျယင် ကိုယ်ပိုင် ရေနံချက် စက်ရုံကြီး ပိုင်ချင်ခဲ့တယ် လို့ ရူးရုးမိုက်မိုက် တွေးခဲ့ဘူးတယ်ဗျ။ ယီမင် စကားပုံ ဖြစ်တဲ့- You must visit Sana'a, however long the journey takes ” ဆိုတာကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူးဗျ။
သူ၏ ရည်ရွယ်ချက် - စိတ်ကူးချက်တို့ အမှန် အကန် ဖြစ်လာခြင်းက- စိတ်ဝင်စား စရာ ဖြစ်ပါ၏။
တစ်ဘက်တွင် တနင်္ဂနွေ တည်သော ဓနုရာသီ သည်- ကြာသပတေးပိုင်၊ ကြာသပတေးသည် တနင်္ဂနွေအား မိတ်ပြုသော ဂြိုဟ်ဖြစ်သည်။
၉-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်သည် ၁-တန့်တွင် တည်ခြင်းဖြင့် ဇာတာရှင် သည် မိမိကိုယ်ပိုင် အစွမ်းအစဖြင့် ကြီးပွားမည် သူဖြစ်ခြင်း၊ ဘုန်းတန်ခိုး ကြီးစေသော အနေအထား ကို ဖြစ်စေခြင်း များသာမက- ဇာတာရှင်၏ ခင်မင်လိုဘွယ်ကောင်း သော အပြုအမူ အနေအထိုင် တို့ကြောင့် အများက အသိအမှတ်ပြုရသော သူဖြစ်သည်။ ဇာတာရှင် အနေဖြင့်- ၀န်ထမ်း ဖြစ်ပါကလည်း- အထက် လူကြီးများက တုံ့ဆိုင်းခြင်း မရှိပဲ ထောက်ပံ့ပေးခြင်းကို ရရှိမည့် ဇာတာမျိုး ဖြစ်သည်။ ဇာတာရှင် မြင့်မားသော ဘ၀အခြေအနေကို ရောက်ရှိလိမ့်မည် ဆိုသည်ကို ပြဆိုသော အချက်တစ်ခု ဖြစ်၏။
အထက်တွင် လေ့လာကြည့်ခဲ့သော ၉-တန့် ဘာဝ သခင် သည်- ၈-တန့် ဘာဝ သခင်) တနင်္လာ ပိုင်သော ကရကဋ် န၀င်း တည်နေခြင်းကို စာဖတ်သူ သတိထား မိပါသလား-
  •  ၉-တန့် ဘာဝ နှင့် ၄င်း၏ သခင် သည်- ကံကောင်းခြင်း၊ သက်တောင့် သက်သာ ရရှိခြင်း ကို ဖြစ်စေသည့် ဖြစ်စေသည့် တာဝန် ကို ထမ်းဆောင်ပြီး-
  • ၈-တန်.ဘာဝ နှင့် ၄င်း၏ သခင် တို့သည် အင်အား မထုတ်ရပဲ အချောင် ရခြင်းမျိုးကို ဖြစ်စေသည် ဆိုသော အချက်ကို-
ထီနှင့် သက်ဆိုင်သော ဆောင်းပါးများ စွာတို့တွင် ရေးသားခဲ့ပြီး ဖြစ်ပါ၏။
ဇာတာရှင် အမ်ဘာနီ သည် ထီပေါက်၍ ချမ်းသာသူ မဟုတ်ပါ။

သို့သော်- မိမိအနေဖြင့် မသေချာသော်လည်း အရဲစွန့် လုပ်ဆောင်လိုက်သော ကိစ္စတို့သည်- အမြဲလိုလို အောင်မြင်နေတတ်ခြင်း- တို့ကို ဖြစ်စေတော့၏။
အမ်ဘာနီ သည် ယီမင်တွင် အလုပ်နေရင်း- commodities trading ၏ အခြေခံများ သိလာသော အခါ- အလား အလာရှိမည် တို့ကို ၀ယ်ခြင်း၊ ပြန်ရောင်း စသည့် Speculation ကို လုပ်ဆောင်တော့၏။ သို့သော်လည်း ငွေအလုံအလောက် မရှိသောကြောင့်- သူငယ်ချို့များ ထံမှ ငွေချေးရသည်- ဈေးဆိုင် တို့တွင်- “အမြတ်ရလျှင် ခွဲဝေ ပေးပါမည်- ရှုံးလျှင် ကျွန်တော် အရှုံးပဲ သဘောထားပါ။” ဆိုသော တော်ရုံသူ မည်သူမျှ မလုပ်ရဲသော အနေအထားဖြင့် ငွေချေးရသည်။ နေ့လည် ထမင်းစားချိန်- ရုံးဆင်းပြီး ချိန်များတွင်- သူသည် မြို့တွင်း ဈေးတွင်း လှည့်လည် သွားလာနေပြီး- တစ်ခု မဟုတ် တစ်ခု ၀ယ်ရောင်း လုပ်နေခဲ့သည် ဆိုပါ၏။

နောက်ဆုံးတွင် သူ့နှင့် ပတ်သက်သူများ အနေဖြင့်- အမ်ဘာနီ လုပ်တိုင်း ရှုံးခဲလှသည် ကို သိလာကြတော့၏။ ဤကိစ္စ နှင့် အမ်ဘာနီ ပြောခဲ့သည်မှာ-
“ကျွန်တော့်မှာ- ဒီလို အရောင်း အ၀ယ် ကိစ္စတွေ နဲ့ ပတ်သက်ယင်- တိရစ္ဆာန် တွေလို အလိုလို သိတဲ့ အာရုံ ရှိနေတယ် လို့ ထင်တယ်။ ဒါပေမယ့် - ဒီအာရုံ ရဲ့ နောက်မှာလည်း- စာဖတ် ထားတာတွေ- ဈေးကွက် အတက်အကျ နားလည်မှုတွေ လည်း ပါ- ပါသေးတယ်။”
ဟု ဖြစ်သည်။ ထီထိုးခြင်း- ထီပေါက်ခြင်း မဟုတ်သော်လည်း- အလွယ် ကံကောင်း တတ်ခြင်း ကိုတော့ တွေ့နိုင်ပါ၏။
တနင်္ဂနွေ နှင့် ပါတ်သက်သော ကိစ္စက- ဤမျှနှင့် မရပ်သေးချေ။
တနင်္ဂနွေ၏ ညာဘက် နှင့် ဘယ်ဘက်၊ တစ်နည်းအားဖြင့်- ၂-တန့် နှင့် ၁၂-တန့် တို့ကို လေ့လာလိုက်သော အခါ- တနင်္ဂနွေ မှ ၂-တန့် အကွာတွင် စနေ ဂြိုဟ် ရှိ၏။ စနေသည်- ဇာတာရှင် အတွက် ၃-တန့်သခင် (ကာရက သောမဂြိုဟ်) ဖြစ်ပြီး၊ တနင်္ဂနွေမှ ၁၂-တန့်တွင် ဗုဒ္ဓဟူး နှင့် သောကြာ တို့ ရှိ၏။ ဗုဒ္ဓဟူး သည် ၁၀-တန့် ဘာဝ သခင် (ကာရက သောမဂြိုဟ်) ဖြစ်၍- သောကြာသည် ၁၁-တန့် ဘာဝ သခင် (ကာရက သောမဂြိုဟ်) ဖြစ်နေပြန် သေး၏။ တနင်္ဂနွေ သည် ကိတ်၏ လွှမ်းမိုးမှု မှ အပ- အင်အားကောင်းထားခြင်း- ဘယ်ညာ ၂-ဘက်မှ ဂြိုဟ်တို့သည်လည်း- (ကာရက သောမဂြိုဟ်) များ ဖြစ်နေခြင်း ဖြင့်- “ဥဘအယစာရီ ယောဂ” အမည်ရှိသော ရှေးမူရင်း ကျမ်းများလာ- ယောဂ သည် ဇာတာရှင်အား အကျိုးပေးခွင့် ရသွား၏။
ထိုယောဂ၏ အကျိုးပေးပုံမှာ-
တနင်္လာမှ အပဖြစ်သော အခြားဂြိုဟ်တစ်လုံးလုံး သည် တနင်္ဂနွေဂြိုဟ်မှ ၂-တန့်နှင့် ၁၂ တန့်တို့ တွင် ရပ်ခြင်းဖြင့်ဤ ယောဂ ကိုရရှိသည်။
ဤယောဂကိုရထားခြင်းဖြင့် ဇာတာရှင်သည် တောင့်တင်း ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိ၍၊ ရှင်ဘုရင်သို့ကဲ့သို့ ကြီးမြတ်သော တာဝန်တို့ကို ဆောင်ရွက်ရလျှက်- ထူးခြားစွာ သင်ယူမှု၊ မျှတသော အသွင်သဏ္ဍာန်၊ ချမ်းသာကြွယ်ဝမှု လှပချောမောမှု နှင့် စည်းစိမ်ခံစား စရာအများအပြားရမည် ဟု ကျမ်းရင်း များက ဆိုထားသည်။
ထိုမျှ မကသေး- တနင်္ဂနွေ တည်ရာ လဂ် မှ ၁၀-တန့် တွင်- သဘာဝ သောမဂြိုဟ်လည်း ဖြစ်၊ ကာရက သောမဂြိုဟ် လဂ်သခင် ဂြိုဟ်လည်း ဖြစ်သော ကြာသပတေး တည်နေ၏။ ဤသို့ တည်နေခြင်းက- (ဖလဒီပက-၆။၁၂) ကျမ်းအလာ-“အမလ (ကိရတိ) ယောဂ” ဆိုသော အကျိုးပေးကောင်းသည့် ယောဂ တစ်ခုကို ထပ်မံ ရလိုက်ပြန်၏။ ဤယောဂ ကို ရထားသော ဇာတာရှင်သည် အထက်လူကြီး၊ တို့၏ ချီးမြှင့် မြှောက်စားခြင်းကို ခံရလျှက်၊ ရုပ်ဝတ္တု ပိုင်ဆိုင်မှု ချမ်းသာ၊ အလှူဒါန ပြုတတ်သော စရိုက်၊ ကူညီတတ် သော စိတ်ဓါတ်တို့ကြောင့် ထင်ရှား ကျော်ကြားလိမ့်မည် ဟု ဆိုထားသည် ကိုလည်း သိထားရပါမည်။
ဇာတာ တစ်စောင်တွင် ယုဂ်ကောင်းတွေ့တိုင်း ကောင်းသည်၊ အကျိုးပေးမည် ဟု ဟော၍ မရပဲ- သက်ဆိုင်ဂြိုဟ် အင်အား- သက်ဆိုင်ရာ ဂြိုဟ်တို့၏ ကာရက တာဝန် များကိုပါ တွဲဘက်ပြီးမှ ဟောချက် ထုတ်ခြင်းသည် မိုးတား စနစ်၏ ထူးခြားချက် ဖြစ်၏။

တနင်္လာ ဂြိုဟ်နှင့် ပတ်သက်၍ အသေးစိတ် ဆန်းစစ် ကြမည် ဆိုပါက-

၈-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော ဓနု ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ၁၁-တန့် သခင် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 109% ရှိကာ၊ ဂြိုဟ်ဆိုး ဖြစ်သော ကိတ်မှ လွှမ်းမိုးမှု (-69.3) % ရှိသည်။ ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။
တနင်္လာ တည်ရာ ၂-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၁-တန့် (လဂ်) ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
တနင်္လာသည် ပိုင်ဆိုင်မှုနှင့် ဆိုင်သော ၂-တန့်ဘာဝတွင် ရပ်တည် ခြင်းကြောင့် အမ်ဘာနီ - စိတ်ဓါတ် ပျော်ရွှင်မှုသည်- သူ၏ ပိုင်ဆိုင်မှုပေါ်တွင် မူတည် နေခြင်း၊ ငွေရေး ကြေးရေး၊ ပိုင်ဆိုင်မှုဥစ္စာများ ပြေလည်နေမှသာ စိတ်ချမ်းသာ ပျော်ရွှင်နေတတ်ခြင်း တို့ကို ဖြစ်စေ၏။ တစ်နည်းအားဖြင့်လည်း- စကားပြော ကောင်းခြင်း၊ ခင်မင်ဘွယ် ကောင်းသော ရုပ်ရည် ရှိခြင်း၊ သူတစ်ဘက်သား၏ ရှုထောင့်ကို နားလည်နိုင်စွမ်း ရှိခြင်း တို့သည် ဇာတာရှင်အား အောင်မြင် ချမ်းသာမှုကို ဖြစ်စေရန် အထောက်အပံ့ ဖြစ်စေ၏။
၈-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်သည် ၂-တန့်တွင် တည်ခြင်း- တနင်္ဂနွေရော- တနင်္လာကိုပါ ကိတ်မှ လွှမ်းထားခြင်း တို့သည်- ကျန်းမာရေး အတွက် ပြဿနာ ဖြစ်စေသော ကိစ္စ ဖြစ်၏။ ၉-တန့် သခင်ပိုင် သိဟ်ရာတွင် တည်၍၊ ၁၀-တန့် သခင် ဗုဒ္ဓဟူး ပိုင်သော ရာသီ နှင့် န၀င်း၊ ၁၁-တန့် သခင် သောကြာပိုင် - ပြုဗ္ဗဖလဂုဏီ နက္ခတ်တွင် တည်သော ကိတ်သည်- ချမ်းသာခြင်းကို ဖျက်ဆီးသော ကိတ် မဟုတ်သော်လည်း- ဇာတာရှင်၏ ကျန်းမာရေး ကို ဒုက္ခဖြစ်စေ နိုင်သော ကိတ်ဖြစ်တော့၏။ (မှတ်ချက်- ဒုတိယ အကြိမ် လေဖြတ် ခံရသော June 24, 2002 တွင် ကောဇာ ကိတ်သည် နှင့် ကောဇာ ရာဟု နှင့်ပါ ယှဉ်တွဲ၍- လဂ်တွင် တည်သော ဗုဒ္ဓဟူး ကိုလည်းကောင်း၊ မရဏ ဘာဝ ၈-တန့် သခင် တနင်္လာသည် လဂ်နှင့် ၇-တန့် တို့ကို အတိအကျ လွှမ်းမိုး လိုက်သည် ကိုလည်းကောင်းလည်း တွေ့ရပါသည်။ ၁၉၈၆-ခုနှစ်၊ ဖေဖေါ်ဝါရီလ- အသက် ၅၃- နှစ် အရွယ် လေဖြတ်စဉ်တုန်းကမူ- ညာလက် လှုပ်၍ မရတော့သော်လည်း အသက် အန္တရယ် မရှိခဲ့ပါချေ။)
ကောင်းပါပြီ- ငွေကြေး ချမ်းသာ စေခြင်း နှင့် တွေ့ရသည်များက- ဒါတင်ပဲလား- ။ မဟုတ်သေးပါ။
ရှေးကျမ်းရင်းများလာ ယောဂ ခေါ် ယုဂ်များအရ တနင်္လာနှင့် ပတ်သက်သော အနေအထားကို လေ့လာ လိုက်သော အခါ-
ဗုဒ္ဓဟူးနှင့် စနေ တို့သည် တနင်္လာမှ ၂-တန့် နှင့် ၁၂-တန့် တို့တွင်ရပ်တည် နေခြင်း၊ သောကြာနှင့် စနေ တို့သည် တနင်္လာမှ ၂-တန့် နှင့် ၁၂-တန့် တို့တွင်ရပ်တည် နေခြင်းတို့ကို တွေ့ရသည်။ ဤသည် တို့ကား- ရှေးကျမ်းလာ “ဒုရုဒါရ ယောဂ” များပင် ဖြစ်တော့၏။
ပထမဦးစွာ-
“ဒုရုဒါရ ယောဂ” ဖြစ်ရန် အတွက်- တနင်္ဂနွေမှ အပ-ဖြစ်သော ဂြိုဟ်တစ်လုံးလုံး သည် တနင်္လာမှ ၂-တန့်နှင့် ၁၂-တန့်တို့တွင်ရပ်တည် ရန် လိုအပ်သည်။ ဤသို့ အနေအထား ရရှိခြင်းဖြင့်- ဇာတာရှင်သည် မိမိ၏ နှုတ်မှုစွမ်းရည်၊ အသိပညာ၊ အင်အားစိုက်ထုတ်မှု၊ ကုသိုလ် ကောင်းမှု တို့ကြောင့် အောင်မြင်ကျော်ကြား ရလိမ့်မည်။ လွန်စွာ ချမ်းသာခြင်း၊ ယာဉ်ရထား၊ မြေယာ၊ ကျေးကျွန်၊ စည်းစိမ် တို့နှင့် ပြည့်စုံကာ ရန်သူမှ လွတ်မြောက်လိမ့်မည်။ ဇာတာရှင်သည် အလှူဒါ ပြုတတ်လျှက်၊ မျက်လုံးလှသော ဆန့်ကျင်ဘက် လိင်တို့အား စိတ်ဝင်စား တတ်သည် ဟု ရှေးမူလကျမ်း တို့မှ ဆိုထားသည်။
ဆက်လက်၍- ထိုတည်သော ဂြိုဟ်တို့သည် ပထမဦးစွာ ဗုဒ္ဓဟူးနှင့် စနေ တို့ဖြစ်သဖြင့်- “ဒုရုဒါရ ယောဂ (ဗုဒ္ဓ၊ သျှာနိ)” ယောဂ တွင် အကြုံးဝင်သွား၏။ ထိုအမျိုးအစား “ဒုရုဒါရ ယောဂ” ၏ ရလဒ် အကျိုးမှာ-
ဤယောဂကို ရထားသူသည် ငွေကြေးရှာဖွေရန် ကိစ္စဖြင့် တစ်နိုင်ငံမှ တစ်နိုင်ငံ သို့ သွားရောက်တတ် ၍၊ အလယ်အလတ် ပိုင်း လေ့လာ သင်ယူတတ်မြောက်မှု ရှိကာ၊ မိတ်ဆွေ ဆွေမျိုးတို့နှင့် ဆန့်ကျင် ရတတ်သည် ဟု ဆိုထားသည်။
တစ်ဖန်- သောကြာနှင့် စနေ တို့သည် တနင်္လာမှ ၂-တန့် နှင့် ၁၂-တန့် တို့တွင်ရပ်တည် နေခြင်း ကြောင့်- “ဒုရုဒါရ ယောဂ (သုက္ကရ၊ သျှာနီ)” အမျိုးအစား ကို ထပ်မံရပြန်၏။ ဤအမျိုး အစား ဒုရုဒါရ ယောဂ ကိုရထားရှိထားသူ အနေဖြင့်- ပါးနပ်လိမ္မာ၍ ကြွယ်ဝ ချမ်းသာမည်၊ အုပ်ချုပ်သူ မင်းအစိုးရတို့၏ အကူအညီကို ရတတ်သည်။ ရင့်ကျက်သော အတွေးအခေါ်ရှိပြီး၊ မိသားစုကို ဦးစီး ဦးဆောင်ပြုရတတ် သည်ဟု ဆိုသည်။
ရှေးယောဂ တို့က ဤမျှဖြင့် ရပ်မသွား- တနင်္လာ မှ ၁၀-တန့်တွင် သဘာဝ သောမဂြိုဟ် လည်းဖြစ်၊ လဂ်သခင် (ကာရက သောမဂြိုဟ်) လည်း ဖြစ်သော - ကြာသပတေး တည်ထားခြင်းဖြင့်- ဖလဒီပက ကျမ်းလာ- “အမလ (ကိရတိ) ယောဂ” ကို ရလိုက်ပြန်ပါ၏။
ဤယောဂ ရထားသော ဇာတာရှင်အား အုပ်ချုပ်သူ အကြီးအကဲတို့မှ ချီးမြှောက်၍၊ ရုပ်ဝတ္ထု ချမ်းသာတို့နှင့် ပြည့်စုံ၍ လှူဒါန်းနိုင်ခြင်း၊ အများနှစ်သက်ဖွယ် ဖြစ်ခြင်း၊ ကူညီတတ်ခြင်း၊ တို့နှင့် ပြည့်စုံကာ ကာလရှည်ကြာစွာ အမည်ကျော်ကြားမည်ဟု ဆိုထားသည်။
တနင်္လာ နှင့် ပတ်သက်၍ နောက်ထပ် ရရှိသော အင်အားကောင်းသည့် ရာဇ ယောဂ တစ်ခု ရှိနေပါသေးသည်။
သာဝတ္ထ စိန္တာမဏိ ကျမ်း (၉၊၂၈) ၏ အဆိုအရ စန်းခေါ် တနင်္လာဂြိုဟ် ရပ်တည်သော န၀င်းရာသီပိုင် အိမ်ရှင်ဂြိုဟ်သည် လဂ်မှ ဖြစ်စေ၊ ဗုဒ္ဓဟူးဂြိုဟ်မှ ဖြစ်စေ ကိန်းအိမ် ဖြစ်သော (၁၊၄၊၇၊ ၁၀) အတန့်များတွင် ဖြစ်စေ၊ များတွင် ဖြစ်စေ၊ တြိကုန်း အိမ်များဖြစ်သော (၁၊၅၊၉) အတန့်များတွင် ဖြစ်စေ ကျရောက်ပါက ရာဇယုဂ်  ကို ရသည် ဟုဆိုသည်။
ဤရာဇ ယောဂကို ရထားခြင်းဖြင့် ဇာတာရှင်သည် သြဇာအာဏာ ကြီးမားခြင်း၊ မင်းအစိုးရ၊ စစ်ဗိုလ်ချုပ်ကြီးများ ကဲ့ သို့ အာဏာရှိခြင်း တို့ကို ဖြစ်စေသည် ဟု ဆိုထားသည်။
ဤဇာတာတွင်- တနင်္လာဂြိုဟ် ရပ်တည်သော န၀င်း သခင်ဂြိုဟ်သည် သောကြာ ဖြစ်၏။ ၄င်းသည် လဂ်မှ နေ၍- ၁၀-တန့်တွင် တည်၏။
အထက်တွင်- တနင်္ဂနွေ၏ အနေအထား၊ ယခု တနင်္လာ၏ အနေအထား- တို့က- မည်သည်ကို ထင်ရှားစွာ ပြနေပါသနည်း။
ဆက်လက် လေ့လာကြပါဦးစို့-

အင်္ဂါ ဂြိုဟ်နှင့် ပတ်သက်၍ အသေးစိတ် ဆန်းစစ် ကြမည် ဆိုပါက-
၅-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် မိတ်ဖြစ်သော သိဟ် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗဖလဂုဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 126% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
အင်္ဂါ တည်ရာ- ၁၀-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၁-တန့် (လဂ်) ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
အင်္ဂါသည် ၁၀-တန့်ဘာဝတွင် ရပ်တည်ခြင်းကြောင့် ၊ အလုပ်လုပ်ရာတွင် မိမိကိုယ်တိုင် အလုပ်ရှင်ဖြစ်လိုသော ဆန္ဒအမြဲရှိနေသူဖြစ်ပြီး- အလုပ်တွင် အင်မတန်မှ လက်တွေ့ ဆန်လိုသူဖြစ်ခြင်း၊ ရည်ရွယ်ချက် ကြီးမားစွာခြင်း တို့ကို ဖြစ်စေ၏။ အလုပ်ရှင် အနေဖြင့် အင်မတန် တင်းကြပ်သော သူမျိုးဖြစ်စေ၏။
၅-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်သည် ၁၀-တန့်တွင် တည်ခြင်းဖြင့် အများက လေးစားရသော ရာဇ ယုဂ် တစ်မျိုးကို ရထားသည်။ သားသမီး ကံကောင်းသည်။ မိမိ၏ အလုပ်အကိုင်တွင် ထင်ရှား ကျော်ကြား မည့်သူ ဖြစ်သည်။
တစ်နည်းအားဖြင့်လည်း- လောင်းကစား မဟုတ်သော်လည်း- လောင်းကစား ဆန်ဆန် အရဲစွန့် ရသော အလုပ်မျိုးတွင် အင်မတန် ရဲတင်းခြင်း၊ အင်အားကောင်းသော အင်္ဂါကြောင့်- ထိုကိစ္စများတွင် အောင်မြင် စေခြင်းကိုပါ တစ်ဆက်တည်း ဖြစ်စေတော့၏။

ဗုဒ္ဓဟူး ဂြိုဟ်နှင့် ပတ်သက်၍ အသေးစိတ် ဆန်းစစ် ကြမည် ဆိုပါက-

၁၀-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် ရန်ဖြစ်သော ဗြိစ္ဆာ ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ၃-တန့်သခင် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-၁၀-တန့် သခင် ဗုဒ္ဓဟူး ပိုင်သော ဇေဋ္ဌ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 136% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
မူလ ဗုဒ္ဓဟူး ဂြိုဟ် (၁၀-တန့် ဘာဝ ၏ သခင်) အားမူလ အင်္ဂါ (၅-တန့် ဘာဝ ၏ သခင်) မှ (88.2) % ဖြင့် လွှမ်းမိုးထားသည်။
ဗုဒ္ဓဟူးဂြိုဟ် -၁-တန့်တွင် နေခြင်းအားဖြင့် ကြိုတင်ပြင်ဆင်စရာ မလိုပဲ မိမိ၏ ကိုယ်ရည် ကိုယ်သွေးကို အလိုအလျောက် ဖေါ်ထုတ်နိုင်သော စွမ်းရည်ရှိခြင်း၊ အထူးသဖြင့် ဆရာသမား အဖြစ်သော်လည်းကောင်း၊ အရောင်းသမားအဖြစ်သော် လည်းကောင်း ထူးချွန်သောသူမျိုး ဖြစ်ခြင်း၊ တင်္ခဏုပ္ပတ္တိဥာဏ် ခေါ် ဖြတ်ထိုးဥာဏ် ကောင်းခြင်း တို့ကို ဖြစ်စေသည်။
တစ်ဖန်- ၁၀-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်သည် ၁-တန့်တွင် တည်ခြင်းဖြင့် ဇာတာရှင်သည် အလုပ်ကို စွဲစွဲမြဲမြဲ ကြိုးစားတတ်သူ ဖြစ်ခြင်း- ထိုဗုဒ္ဓဟူးသည်လည်း အင်အား ကောင်းလှသောကြောင့်- ဘ၀၏ အမြင့်မားဆုံးသို့ ရောက်ရှိစေခြင်း ပင် ဖြစ်၏။ အထူးသဖြင့် သူများ ခိုင်းတာ စောင့်မည့် အစား- မိမိ၏ ကိုယ်ပိုင်အကြံဥာဏ်ဖြင့် စတင် လုပ်ဆောင်တတ်သူ ဖြစ်သည်။ ဇာတာရှင်သည် ကနဦး တီထွင်သူ တစ်ဦး ဖြစ်လာမည့် လူမျိုးဖြစ်သည်။
ဇာတာ တစ်စောင်တွင် များစွာသော အကြောင်းတို့သည် စုပေါင်းပြီးမှသာ- ထိုဇာတာရှင်၏ ဘ၀ ဖြစ်ရပ်မှန် တို့ ပုံပေါ်လာပါ၏။

ကြာသပတေး ဂြိုဟ်နှင့် ပတ်သက်၍ အသေးစိတ် ဆန်းစစ် ကြမည် ဆိုပါက-

၁-တန့် (လဂ်) သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ၃-တန့်သခင် စနေ ပိုင်သော မကာရ န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရဖလဂုဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 121% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
ကြာသပတေး တည်ရာ- ၁၀-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၁-တန့် (လဂ်) ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
ကြာသပတေးဂြိုဟ် -၁၀-တန့်တွင် ရပ်တည်ခြင်းဖြင့် ဇာတာရှင်သည် ဘ၀ တစ်သက်တာတွင် ဒုက္ခရောက်မည့် သူမျိုး မဟုတ်သည်ကို ဖေါ်ပြသည်။ ၀န်ထမ်း လုပ်ပါက အထက်လူကြီးမှ နှစ်သက်ခြင်း ကို ခံရသည်။ မိမိကိုယ် တိုင် အလုပ်ရှင် ဖြစ်ပါက လည်း လက်အောက် ၀န်ထမ်းများ၏ လေးစား ရိုသေခြင်းကို ရရှိလိမ့်မည်။ ဘာသာရေးဆရာ၊ တက္ကသိုလ် ဆရာ၊ တရားသူကြီးများတွင် တွေ.တတ်သော အနေအထားမျိုးဖြစ်သည်။ မိမိပါတ်ဝန်းကျင် တွင် အလေးစားခံရသော ဇာတာရှင် ဖြစ်သည်။ စရိုက်ကောင်း၍ အကောင်းမြင်တတ်သော ပုဂ္ဂိုလ်မျိုးဖြစ်သည်။
၁-တန့်ဘာ၏ မူလတြိဂေါဏ အိမ်ရှင်သည် ၁၀-တန့်ဘာဝတွင် ရပ်တည်ခြင်းဖြင့်- ဇာတာရှင် သည် ၀န်ထမ်း လုပ်ပါကလည်း ဘ၀တွင် အဆင့်မြင့်မြင့် ဖြင့် အောင်မြင် ကျော်ကြားမည့် သူမျိုးဖြစ်သည်။ အတိတ်ဘ၀ ကံ၏ အကျိုးကို ရသောသူဖြစ်သည်။ Professional အနေဖြင့် အလွန် ကောင်းသော ဇာတာဖြစ်သည်။ အထက်လူကြီးများ၏ ချီးမြှောက်မှု၊ မိမိ၏ အလုပ်ကြိုးစား မှုတို့ကြောင့် ကိုယ်ပိုင် ချမ်းသာမှုကို ရလိမ့်မည်။
ကြာသပတေး နှင့် ပတ်သက်၍ ရှေးကျမ်းရင်းတို့မှ ဖေါ်ပြချက်ကို ကြည့်ပါဦး။
ကြာသပတေးသည် တနင်္လာမှ ၁၀-တန့်တွင် ရပ်တည် နေခြင်းဖြင့်- ဂဇ ကေသရီယောဂ ကို ရသည်။
ကြာသပတေးသည် တနင်္လာမှ ကိန်းအိမ် (၁၊၄၊၇၊၁၀ တန့်တွင်) ရပ်ခြင်းဖြင့်ဤ ယောဂ ကိုရရှိသည်။ ဂဇ ဆိုသည်မှာ ဆင်ကို ဆိုလို၍ ကေသရီသည် ခြင်္သေ့ကို ဆိုလိုသည်။ ဆင်နှင့် ခြင်္သေ့တို့သည် တောတောင် အလယ်တွင် လွန်စွာထင်ရှား၍ အခြားသော တိရစ္ဆာန်များ၏ ကြောက်ရွံ.လေးစားခြင်းကို ရရှိသကဲ့သို့ ၄င်းတို့သည် လူအများကို သင်ကြားပေးနိုင်ခြင်း၊ အကြံပေးတတ်ခြင်း၊ သြဇာ အာဏာကြီးမားခြင်း တို့တွင် ထင်ရှားသည်။ သေဆုံး ပြီးနောက် အချိန်ကြာမြင့်သော ကာလ အထိ ၄င်းတို့၏ အမည်မှာ ကြာရှည်စွာ တည်တံ့သည်။ မှတ်ချက်၊ ဂဇကေသရီ ယုဂ်ကို တွေ့ရှိပါက ၄င်းကို ဖျက်ဆီးတတ်သော ကမ္မဓရုမယုဂ် (တနင်္လာ၏ ဘေးဘယ်ညာ နှစ်ဘက်စလုံး တွင် တနင်္ဂနွေမှ လွဲ၍ မည်သည့်ဂြိုဟ်မှ မရှိသောယုဂ်) ပါမပါ ကြည့်ရန်လိုပါသည်။ အကယ်၍ ကမ္မဓရုမ ယုဂ် ကို တွေ့ခဲ့ပါလျှင် လည်း ၄င်း၏ အဆိုးကို ပျက်ပြယ်၍ ကောင်းခြင်းကို ပြန်လည် ဖြစ်စေ တတ်သော ကာလပဓရုမယုဂ်၊ (လဂ်မှ ကိန်းအိမ်တို့တွင် ဂြိုဟ်ရပ်တည်ခြင်း ယောဂ) ပါမပါ ကြည့်ရန်လိုပါသည်။
လဂ်သခင် ကြာသပတေးသည်- ၄-တန့် ဘာဝ အလယ်မှတ် နှင့် ၆-တန့် ဘာဝ အလယ်မှတ် တို့အား (97) % ဖြင့် လွှမ်းမိုးထားသည်။
ကြာသပတေး နှင့် ပတ်သက်၍ ရှေးကျမ်းရင်းလာ ယောဂ များကို ဆက်ကြည့်ဦးမည် ဆိုပါက-
သာဝတ္ထ စိန္တာမဏိ ၂၊၉၈ တွင် - လဂ်သခင်၊ ကြာသပတေး (သို့မဟုတ်) သောကြာ တို့သည် ကိန်းအိမ်တွင် တည်သော် ချမ်းသာခြင်း နှင့် နိုင်ငံရေး လုပ်ပါက အောင်မြင်နိုင်ခြင်းတို့ကို ဖြစ်စေသည့် သာရိရ သုက္ကရ ယောဂ ကို ရသည် ဟု ဆိုပါသည်။ ဤဇာတာတွင် လဂ်သခင်သည် ကြာသပတေး ကိုယ်တိုင်ပင် ဖြစ်ပြီး- ၄င်းသည် ကိန်းအိမ် ဖြစ်သော ၁၀-တန့် တွင် တည်ခြင်းကြောင့်- ဤယောဂသည် ကွက်တိ ၀င်နေပြန်ပါ၏။ အင်အားကောင်း သော ကြာသပတေး ဖြစ်ခြင်း၊ အဖျက်အဆီး မရှိသော ကြာသပတေး ဖြစ်ခြင်းကြောင့် ဤယောဂ သည်လည်း ကောင်းစွာ အလုပ်လုပ်ခွင့် ရသွားပြန်ပါသည်။
အရေးပါသော ဂြိုဟ်များစွာတို့ နှင့် ပတ်သက်၍- ထောက်ပံ့နေကြပုံကို မြင်သာမည် ထင်ပါသည်။

သောကြာ ဂြိုဟ်နှင့် ပတ်သက်၍ အသေးစိတ် ဆန်းစစ် ကြမည် ဆိုပါက-

၁၁-တန့် ဘာဝ သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောဗြိစ္ဆာ ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ၅-တန့် ဘာဝ သခင် အင်္ဂါ ပိုင်သော ဗြိစ္ဆာ န၀င်း ဖြစ်ကာ- ၃-တန့်သခင် စနေ ပိုင်သော အနုရာဓ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 50% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
သောကြာဂြိုဟ် ၁၂-တန့်ဘာဝတွင် ရပ်တည်ခြင်း ဖြင့် ဇာတာရှင်သည် မိမိ၏ စိတ်ဓါတ် အမှန်ကို ဖုံးကွယ် ထားတတ်သည်။ စည်းစိမ် ပြည့်စုံမည် ဖြစ်သော်လည်း စိတ်တွင်းတွင် သာယာမှု မရှိတတ်ပါ။
ရှေးကျမ်း (ဖလဒီပက-၆၊၆၈) လာ အားဖြင့်- ၁၁-တန့်ဘာဝသခင် သည် ဒုဌာနအိမ် (၆၊ဂ၊၁၂ တန့်) တစ်ခုခု တွင် တည်နေသောကြောင့်- ဒရိဒရ ယောဂ ကိုရရှိသည်။

ဤယောဂသည် ကောင်းသော ယောဂ မဟုတ်ပါ။ ထို့အပြင် သောကြာဂြိုဟ်သည်လည်း အင်အား မကောင်းလှ သောကြောင့်- မကောင်းသော အနေအထား တို့ အနေဖြင့် အလုပ်လုပ် နေသော ယောဂလည်း ဖြစ်တော့၏။ ဤယောဂ၏ အကျိုးပေးပုံမှာ- အကြွေးများ တစ်ဆင့်ခြင်း များလာတတ် ခြင်း၊ မိမိ၏ အထက် ညီအကို မောင်နှမအကြီး တို့၏ ဂရုစိုက်မှုကို မရရှိခြင်း၊ မသင့်တော်သော စကားတို့ကို ပြောတတ်ခြင်း၊ အလုပ်လုပ်ရာတွင် အရူးတစ်ယောက် ကဲ့သို့ လုပ်တတ်ခြင်း တို့ကို ဖြစ်စေသည်။ ဥပဒေကို လှည့်ပတ်တတ်ခြင်း ကိုလည်း ဖြစ်စေသော ယောဂ ဟု ဆိုထားပါသည်။
အမ်ဘာနီ သည် ဥပဒေကို လက်တစ်လုံး လုပ်တတ်ကြောင်း- နှင့် ပတ်သက်၍လည်း- များစွာသော အချက်များ ရှိနေပါသေးသည်။

စနေ ဂြိုဟ်နှင့် ပတ်သက်၍ အသေးစိတ် ဆန်းစစ် ကြမည် ဆိုပါက-

၃-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် အိမ်ရှင်၊-ဖြစ်သော မကာရ ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော မိဿ န၀င်း ဖြစ်ကာ- ၈-တန့် တနင်္လာ ပိုင်သော သရ၀ဏ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 134% ရှိကာ၊ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ (မူလ အားဖြင့်- တနင်္ဂနွေ နှင့် တနင်္လာတို့သည် အင်အားကောင်းသော်လည်း- ကိတ်၏ လွှမ်းမိုးမှု ရထားသော် အသက်လွန်စွာ တိုတောင်းရခြင်း မရှိပဲ ၆၉-နှစ် အထိ နေခွင့် ရခြင်းမှာ- ၃-တန့် သခင်လည်း ဖြစ်၊ အသက်ကို စောင့်ရှောက်သော တာဝန်ကို ယူထားရသည့် စနေ အနေဖြင့် အင်အားကောင်းထားခြင်း၊ အင်္ဂါ အနေဖြင့် အင်အား ကောင်းထားခြင်း တို့ကြောင့် ဖြစ်၏။
စနေ တည်ရာ- ၂-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၁-တန့် (လဂ်) ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
စနေဂြိုဟ်သည် ၂-တန့်ဘာဝတွင် တည်နေခြင်း ဖြင့် အနေအထား ၃-မျိုးဖြစ်နေပါသည်။ ပထမ အနေအထားမှာ ဘယ်သော အခါမှ လုံလောက် ပြည့်စုံသည်ဟု မရှိပဲ၊ ငွေကြေးကို သူထက်ငါ အင်အားထုတ် ရှာဖွေသော်လည်း အခြား သော စိတ်ချမ်းသာ စရာများ ကင်းမဲ့နေတတ်သည်။ ဒုတိယ အုပ်စုဝင် လူမျိုးမှာ အလုပ်မလုပ်ခင် သေချာမှ၊ စိတ်ချရမှ လုပ်လိုသော သူမျိုးဖြစ်၏။ ထိုကြောင့်လည်း ထိုသူတို့သည် အစိုးရ၀န်ထမ်း အဖြစ်ကို ရွေးချယ် တတ်ကြသည်။ တတိယ အုပ်စုဝင် များမှာ မူ- စိတ်ဓါတ်ကျ၍ ဘ၀ကို အရှုံးပေး တတ်ကြသူများ ဖြစ်၏။ ဇာတာရှင် မည်သည့် အုပ်စုတွင် ပါဝင်နေသည်ကို အခြား ဂြိုဟ်များ၏ အနေအထားများက ဆုံးဖြတ်ပေးသည်။ ယခု ဇာတာတွင်- ဇာတာရှင် မည်သည့် အုပ်စုတွင် ပါဝင်သည်ကို အထက်မှ ဂြိုဟ်များကို ဆန်းစစ် ခြင်း အရ စာဖတ်သူ အနေဖြင့် အဖြေရပြီး ဖြစ်ပါလိမ့်မည်။
၃-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်သည် ၂-တန့်တွင် တည်ခြင်းဖြင့် အလုပ်တစ်ခု လုပ်လျှင် အစ ကနဦးတွင် အချိန်ယူ နှေးကွေးတတ်သည်။ သို့သော်လည်း ကိုယ်ပိုင် လုပ်ငန်းကို စိတ်ဝင်စား၍ ကိုယ်ပိုင် လုပ်ငန်း လုပ်ပါက အောင်မြင် နိုင်သော ဇာတာရှင်မျိုး ဖြစ်သည်။ ခေါင်းမာတတ် သော စရိုက် ရှိသည်။ ညီအကို မောင်နှမ တို့နှင့် ဆက်ဆံရေး ပြဿနာများ ရှိလိမ့်မည်။ သို့သော်လည်း အသုံးအစွဲ ကြီးတတ်သည်။ ခရီးသွားခြင်း ဖြင့် ငွေကြေး ရတတ် သူမျိုး ဖြစ်သည်။ သူတစ်ဘက်သား အား နားလည် အောင် ရှင်းပြနိုင်သော အရည်အချင်း ရှိသူဖြစ်သည်။
ဤဇာတာတွင် စနေသည် ကိုယ်ပိုင် လုပ်ငန်းကို ကိုယ်စားပြုသော ၃-တန့် ဘာဝ သခင် ဖြစ်၏။ ၄င်းသည် ချမ်းသာခြင်း နှင့် ဆိုင်သော ကုဋမ္ပ ဘာဝ (၂-တန့်) တွင် ရပ်တည်၏။ စနေသည် တွင်းထွက် ပစ္စည်း ကိုလည်း ကိုယ်စားပြု၏။ ဇာတာရှင်သည် ရေနံ နှင့် ပတ်သက်သော ကိုယ်ပိုင် လုပ်ငန်း နှင့် ကြီးပွား ချမ်းသာ ခြင်း ဖြစ်ခဲ့သည် မဟုတ်ပါလော..

ရာဟု နှင့် ကိတ် တို့ အနေအထား-

ရာဟု ဂြိုဟ် သည် ဖြစ်သော ကုမ် ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် လဂ်သခင် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-ရာဟု ပိုင်သော သတ္တဘိသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 116% ရှိကာ၊ ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
ဤနေရာတွင်- ဇာတာရှင်၏ ရာဟုသည် အင်အား ကောင်းနေသည်ကို သတိထားမိနိုင်၏။ အခြား ဂြိုဟ်ဆိုးများက လွှမ်းမိုးမှု မရှိခြင်း၊ ကောင်းသော ဘာဝတွင် တည်ခြင်း၊ ကောင်းသော န၀င်း စီးခြင်း၊ ရာဟု ပိုင်သော နက္ခတ် စီးနေခြင်းသည်- မထင်မှတ်ပဲ ရမ်းလုပ် လိုက်သော လုပ်ငန်းတို့ အောင်မြင် နိုင်ခြင်း ကို ဖေါ်ပြနေတော့၏။
ဘရိဂု သျှတ္တရ ကျမ်း ၉-၁၀ အရ၊ ရာဟု သို့မဟုတ် ကိတ်သည် ဇာတာ၏ ၄-တန့်တွင် တည်ပါက-ဇာတာရှင် တွင် အလှအပ ဇိမ်ခံ ပစ္စည်းတို့ပေါများပြီး- အိမ်ထောင်ဘက် နှစ်ယောက် ရှိတတ်၏ ဟု ဆိုထား၏။ (မှတ်ချက်- ဤအချက်ကိုတော့- တရားဝင် မသိရှိရပါ။)

ကိတ်နှင့် ပတ်သက်၍ လေ့လာသော်-
ကိတ် ဂြိုဟ် သည် ဖြစ်သော သိဟ် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗဖလဂုဏီ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 95% ရှိကာ၊ ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။
ကိတ်တည်ရာ- ၁၀-တန့် ဘာဝ အလယ်မှတ်အား မူလ ကြာသပတေး (၁-တန့် (လဂ်) ၏ သခင်) မှ (97) % ဖြင့် လွှမ်းမိုးထားသည်။
ဘရိဂု သျှတ္တရ ကျမ်း ၂၅-၂၈ အရ၊ ရာဟု သို့မဟုတ် ကိတ်သည် ဇာတာ၏ ၁၀-တန့်တွင် တည်ပါက-ဇာတာရှင်သည် မုဆိုးမ နှင့် အချစ်ရည်ငံတတ်ပြီး အိုးအိမ် စည်းစိမ်နွမ်းပါးတတ်သည်။ အကယ်၍ ရာဟု၊ ကိတ်ကို သောမဂြိုဟ်များက ဆက်သွယ်ထားပါက- ကောင်းသော အိမ်ယာတွင် နေထိုင်ရသည်။ ဇာတာရှင်သည် ကဗျာ စာပေတွင် စိတ်ဝင်စားတတ်သည်။ ဖလဒီပက ကျမ်းအဆိုအရ- ရာဟုဖြစ်လျှင် ဇာတာရှင်၌ သားသမီး နည်းပြီး၊ ကုသိုလ်ကောင်းမှု နည်းပါးမည်။ အကြောက်အလန်. နည်းပြီး နာမည် ကျော်လိမ့်မည်။ ကိတ်ဖြစ်လျှင်- ဇာတာရှင်သည် မကောင်းမှုများ ပြုတတ်ပြီး သူ၏ သတ္တိကြောင့် နာမည်ကျော်လိမ့်မည်။ သမဂ္ဂါ စိန္တာမဏိကျမ်း အလိုအရ- ရာဟု ဖြစ်လျှင် ဇာတာရှင်သည် သောက်စားခြင်း နှင့် အခြားသော မကောင်းမှု တို့အတွက် ငွေကြေးကို ဖြုန်းတီးတတ်သည်။ ဘာသာ မတူသူတို့နှင့် ပေါင်းသင်းပြီး လှပသော မိန်းမများကို စိတ်ဝင်စားလိမ့်မည်။ ကိတ်ဖြစ်လျှင်- ဇာတာရှင်သည် ကံဆိုးသူဖြစ်ပြီး၊ စိတ်ဓါတ် အမြဲကျနေတတ်သည်။ အကယ်၍ ကိတ်သည် မိဿ၊ ကန်၊ ဗြိစ္ဆာတို့တွင် တည်လျှင်- ရန်သူကို ချေမှုန်း နိုင်လိမ့်မည်။
အထက်ပါ အချက် အများစုမှာ မမှန်ပါပေ။

ကာလသပ္ပ ယောဂ အနေအထား။

ဤဇာတာတွင်- အိန္ဒိယ ဆရာ အများစု မကောင်းပြောကြသော- အင်မတန် ဆိုးပါသည် ဆိုသည့် ကာလ သပ္ပ ယောဂ ထင်ရှားစွာ ပါနေ၏။ ဂြိုဟ်အားလုံးတို့သည် ရာဟု-ကိတ် မျဉ်း၏ တစ်ဘက်တည်းတွင်သာ ရှိနေ၏။ ဆရာကြီး ဘီဗွီရာမာန် အနေဖြင့် လောကုတ္တရာ ဘာသာရေး အကျိုးပေး နိုင်သည် သတ်မှတ်သော “ကာလ အမြိတ္တ ယောဂ” ပုံ(၂) အမျိုးအစား တွင် ပါဝင်၏။
ကာလ သပ္ပ ယောဂ ကို အဆိုးဟု မပြောပဲ- အကောင်းဘက်မှ လိမ်မာစွာ ထောက်ပြသူဟူ၍- ထင်ရှားသော ပညာရှင်များတွင် ဆရာကြီး ဘီဗွီ ရာမန် အပါအ၀င် လူနည်းစုမျှသာ ရှိသော်လည်း- များစွာသော အိန္ဒိယ ဆရာတို့ ကမူ- ဤယောဂ ကို အဆိုးဟု သတ်မှတ်ထားကြ၏။
အကယ်၍- သူတို့၏ အဆိုအရမူ-
ရာဟုသည် ၄-တန့်၊ ကိတ်- ၁၀-တန့် တွင်တည် ၍ အခြားဂြိုဟ် ၇-လုံးတို့သည် ထိုဝင်ရိုး၏ တစ်ခြမ်းတည်းတွင်သာ တည်လျှင်- “သံကပ္ပလ ကာလ သပ္ပ ယောဂ” ဟု ခေါ်ပြီး- အလုပ်အကိုင် လုပ်ဆောင်ရာတွင် ဒုက္ခရောက် ရတတ်လျှက်- စိတ်ဖိစီးမှု၊ စိုးရိမ် သောက တို့ဖြင့် နေရတတ်သည်။ ဆက်ဆံရေး ညံ့ဖျင်းတတ်သည်။ မိခင်၏ ကျန်းမာရေး ညံ့မည်။ တရားမ၀င် သားသမီး ရတတ်သည်။ ကိုယ်တိုင်လည်း တရားမ၀င် သားသမီး ဖြစ်နေ တတ်သည်။ ကျက်သရေ ကင်းမဲ့သော အိုးအိမ် နှင့် နေထိုင်ရတတ်သည်။ သို့သော် ကောင်းကျိုးပေးသော ကာလတွင်- နိုင်ငံရေး သြဇာ ရတတ်သည် ဆို၏။ (ကာလသပ္ပ ယောဂ နှင့် ၂၀-ရာစု နက္ခတ်ပညာ (၁) http://www.motaa.info/2012/09/blog-post.html ဆောင်းပါး တွင် ပြန်လည် ဖတ်ရှုပါ။)
ကာလ သပ္ပ ယောဂ နှင့် ပတ်သက်ပြီး- ကျွန်တော့် အနေဖြင့် သိရှိထားသည်များကို ရေးသားခဲ့ပြီး ဖြစ်ပါ၏။
မိုးတား အနေအားဖြင့်မူ- ကာလ သပ္ပ ယောဂ အနေဖြင့် အလုပ်လုပ်သည် ဟုပင် မမှတ်ယူပါ။ သို့သော်-
ဂြိုဟ်တို့၏ စုစည်းမှု၊ ဖြန့်ကျက်မှု၊ ဘက်ညီမျှ၊ မညီမျှစွာ တည်နေမှု၊ ဇာတာရှင်၏ စရိုက် သဘာဝ ကို ဖြစ်စေတတ်ခြင်း - ရှေးကျမ်းလာ (မာလာ) ယောဂ အနေအထား တို့၏ သဘောကိုတော့ လက်ခံသုံးစွဲပါသည်။ (ဂြိုဟ်တို့၏ တည်နေရာ အသွင်သဏ္ဍန် ဖြန့်ကျက်၊ စုစည်း မှုတို့ အကြောင်းသည် မိုးတား ဒုတိယဆင့် သင်ခန်းစာ သီးသန့် ဖြစ်၍- ဆောင်းပါး အဖြစ် ရေးသားမည် မဟုတ်ပါ။)

၎င်း ဂြိုဟ်တို့၏ တည်နေရာ အသွင်သဏ္ဍန် ဖြန့်ကျက်၊ စုစည်းမှု တို့ နှင့် ပတ်သက်၍- ယခင် ဆောင်းပါးဟောင်း ဖြစ်သည့်- “ပါရမီရှင်၊ ပညာရှင် (အပိုင်း ၃- လီယို နာဒို ဒါဗင်ချီ-၂) ဆောင်းပါး။” http://www.motaa.info/2011/04/blog-post_26.html ပါ လီယိုနာဒို၏ ဇာတာ တည်ဆောက်မှု အနေအထား တွင်လည်း ပြန်လည် ဖတ်ရှု နိုင်ပါသည်။
ထို့ကြောင့်- ယခင် ဆောင်းပါးတွင် ဖေါ်ပြခဲ့သော - ဆရာကြီး ဘီဗွီ ရာမာန်၏ လမ်းညွှန် ထောက်ပြချက်ဖြစ်သော-
“ကာလ သပ္ပ ယောဂ” ကို အရေးတကြီး ဦးစားပေး မပြုသင့်ပဲ- ဇာတာ တစ်ခုလုံး၏ အထွေထွေ အနေအထားကို လေ့လာ ခြင်းက ပို၍ အရေးကြီးသည် သာမက- “ကာလ သပ္ပ ယောဂ” အပါ အ၀င် မည်သည့် ယောဂ တစ်ခုမှသည် ဇာတာ တစ်စောင်အား ဆုံးဖြတ် နိုင်ခြင်း မပြုနိုင်ပါ”
ဆိုသည်ကို နက္ခတ်ပညာ လေ့လာသူများ၊ နက္ခတ် ချစ်သူများ အားလုံး သတိထားမိကြပါရန် ဤဆောင်းပါးဖြင့် အသိပေးယင်း- ဆရာကြီးများအား အရိုအသေ ပြု ဦးညွှတ်လိုက်ရပါတော့သည်။
နက္ခတ်ဝါသနာရှင်၊ ပညာရှင်များ နှင့် တကွ- စာဖတ် ပရိဿတ် အားလုံး ချမ်းမြေ့ကြပါစေ
  
နျူမာန် (မိုးတား) 

[+/-] show/hide this post

No comments:

Post a Comment