Saturday, August 4, 2012

ပြဒါးမှ ရွှေ တကယ်ဖြစ်သလား။

လက်ဝဲ- လိုင်း၊ လက်ယာ- လိုင်း၊ လိုင်းကြီး စသည်ဖြင့် အဂ္ဂိရတ် ပညာကို လိုက်စားကြသည် ဆိုသော ဖိုထိုးသူ တို့ကို စာရှုသူ မြန်မာပြည်တွင် တွေ့သိဘူးမည် ထင်ပါ၏။

ပြဒါးမှ ပြဒါးရှင် လုံး လုပ်နိုင်ရန်၊ ပြဒါးမှ ရွှေဖြစ်သည် အထိ လုပ်နိုင်ရန် စသော ရည်ရွယ်ချက်တို့ဖြင့်- ဖိုထိုးကြ၏။ သိုသိုသိပ်သိပ် ဖြင့် အောင်မြင်သူ ရှိကောင်း ရှိမည် ဖြစ်သော်လည်း- အများစု အနေဖြင့် မှာမူ- ရွှေကျွေး ပြီးနောက်- အဂ္ဂိရတ် ရွှေ ခေါ် ရွှေပျက် ဖြစ်သွားတတ်သော အနေဖြင့်သာ ချာလည် ချာလည် ဖြစ်၍- ပြဒါးလည်းလွင့်၊ မီးသွေးဘိုး၊ ကျွေးရသော ရွှေဘိုး တို့ဖြင့် မွဲသည်ကသာ များတတ်ကြပါ၏။

မီးအပူပေးလိုက်လျှင် ဘယ်ရောက်မှန်းမသိ ပျောက်သွားတတ်သော ပြဒါး (တစ်နည်းအားဖြင့်- အဂ္ဂိရတ် အခေါ် နဂါး) ကို ရွှေဖြစ်သော အဆင့်သို့ ရောက်အောင် အသာထား၊ အပူပေးသော်လည်း ထွက်မပြေး နိုင်စေရန် အတွက်- တွဲဘက် ထားရသော အကူဆေးကို ချုပ်ဆေး (ဂဠုန်) စသဖြင့် ခေါ်ဝေါ်ကြပြီး- ရှင် အဇ္ဇဂေါဏ ကျမ်း၊ ရှင်မထီးကျမ်း၊ ရသေ့ ဦးအောင်ကျမ်း စသည်တို့မှ ညွှန်းဆိုချက်တို့ကို စမ်းတစ်ဝါးဝါး အဓိပ္ပါယ် ဖေါ်ယင်း- ဘ၀ တစ်သက်တာအချိန် အား အကျိုးမဲ့ ကုန်ဆုံး သွားတတ် သူတို့ များလှပါ၏။

“သံသေ- တစ်ရွှေဝ၊ ပြဒါးသေ တစ်ပြေ၀” ဆိုသော စကားများကို စာအုပ်ထဲ၊ အရပ်ထဲတွင် မစားရ ၀ခမန်း၊ ပြောသံ ကြားရသော်လည်း၊ သံကို ကိုင်တွယ် နိုင်နင်း သော အဆင့်၊ စက်မှု သတ္တု ပညာအဆင့် ရှိသော အခြား နိုင်ငံများ အဆင့်သို့ ကျွန်တော်တို့ မြန်မာ နိုင်ငံသည် မရောက်ရှိခဲ့။

သံသတ္တု တို့ကို ပြုပြင်သော ပညာသည် Metallurgy Engineering ဖြစ်ပြီး၊ ရူပဗေဒ၊ ဓါတုဗေဒ တို့၏ အစိတ်အပိုင်း ဖြစ်၏။ ပီယ သိဒ္ဓိစွမ်းသည် ဆိုသော သွပ်သေ ဓါတ်လုံး ဆိုသည် များကိုတော့ ကျွန်တော် တွေ့ဘူး၊ မြင်ဘူး၏။ တကယ်စွမ်းမစွမ်း တော့ ကျွန်တော်မသိ။

အမှန်တကယ် ဘ၀တွင် တွေ့ကြုံခဲ့ရသည်က- ကျွန်တော့် ဘခင်၏ ငယ်ဆရာ- ဘုန်းတော်ကြီး အနေဖြင့်- ပြဒါးဖြင့် ဖိုထိုးထားသော ဓါတ်လုံးကို ဓါတ်အောင်ပြီ၊ ဓါတ်သေပြီ ယူဆလျှက် ဓါတ်ဘူးထဲ အမြဲတမ်းထည့်ထား၍ ထိုဓါတ်လုံးရေကို သောက်သုံး ရာမှ- ပြဒါး အဆိပ်သင့်ပြီး- အရှင်လတ်လတ် အသားများ ပဲ့ပုပ် ကျလာခြင်း၊ တပည့်ရင်းများပင် အနားမလာ နိုင်အောင် ပုပ်စော်နံ ဝေဒနာများ ကြာမြင့်စွာ ခံစားပြီးမှ ပျံလွန်ခဲ့ရခြင်း ဖြစ်၏။ Mercury Poisoning မည်မျှ ဆိုးနိုင်သည်ကို ကြီးလာတော့ ဗဟုသုတ အဖြစ်ကြားသိ လာသော်လည်း- ထိုအကြောင်းကို မသိပဲ- ထိုကဲ့သို့ ဓါတ်လုံးရေ စိမ်သောက် နေသူများ အတွက် စိုးရိမ်မိ၏။
ထိုသို့ လုပ်သူများလည်း ယနေ့တိုင် ရှိနေကြဆဲ ဖြစ်ပါသေး၏။

ကျွန်တော် ငယ်ရွယ်စဉ်က- နားလည် ခဲ့သည်မှာ အဂ္ဂိရတ်၊ ရွှေဖြစ်၊ ငွေဖြစ် ဆိုသည် တို့မှာ ကျွန်တော့်တို့ မြန်မာနိုင်ငံတွင်သာ ရှိသည်၊ ထိုအဂ္ဂိရတ် ကျမ်းများကို ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များ ရေးခဲ့သည်၊ ထိုနည်းတူ ဗေဒင် နက္ခတ် ပညာရပ် စသည် တို့မှာလည်း မြန်မာပြည်တွင်သာ ရှိသည်- အခြားနိုင်ငံများတွင် မရှိ- အခြားခြားသော ၀ိဇ္ဇာ ပညာရပ်၊ စူဋ္ဌ ဂန္ဓာရီ၊ မဟာ ဂန္ဓာရီ၊ သိဒ္ဓိ မဟိဒ္ဓိ ပညာရပ်များသည်လည်း မြန်မာတွင်သာ ရှိသည်၊ အခြား နိုင်ငံများတွင် မရှိဟု ဖြစ်သည်။

အနောက်တိုင်းသားတို့သည် ရုပ်ဝတ္ထုသမားများ၊ သိပ္ပံသမားများသာ ဖြစ်၍- နာမ် လောက အကြောင်း၊ ဂန္ဓာရီ အတတ်တို့အကြောင်း နားမလည် နိုင်ဟု ထင်မြင် ခဲ့မိ၏။

သို့သော်လည်း- နိုင်ငံတကာ နယ်ပယ် တွင် မယောင်မလည် လှည့်ပါတ် ကြည့် ခွင့်များ ရရှိ လာသော အခါ- ကျွန်တော့် အနေဖြင့် မြန်မာတွင်သာ ရှိသည် ဟု ယုံကြည် ခဲ့မိသော ထို ၀ိဇ္ဇာ ပညာရပ် အားလုံးတို့ သည် နိုင်ငံတကာတွင် ရှိနေကြောင်း၊ မြန်မာ့ ပညာတို့ သည်လည်း ၄င်းတို့မှ မြစ်ဖျားခံခဲ့ကြောင်း သိလာရပါတော့၏။

အခြားခြားသော ပညာရပ်များကို အသာထား- လူတိုင်း နှင့် နီးစပ်သော ပညာ ဖြစ်သည့် ဗေဒင်ပညာ တွင်လည်း- ကျွန်တော်တို့သည် ရှေးကျမ်း ဆိုသည် တို့ကို စမ်းတစ်ဝါးဝါး အဓိပ္ပါယ် ဖေါ်ဆိုယင်းဖြင့် သာ အချိန်ကုန်ခဲ့ရသည်က များလှသည်။

ရှေးကျမ်းတို့က ဆိုလိုရင်းကို ဖေါ်ထုတ်ရန်၊ သုတေသန ပြုရန် ကြိုးစား ကြရမည့် အစား၊ တစ်နည်းအားဖြင့် တိကျသော နည်းစနစ် ဖေါ်ထုတ်ရမည့် အစား- ခေတ်အဆက်ဆက်တွင် ကျမ်းဘတ်ဘူးသူ၊ ကျမ်းတတ်သူ အချင်းချင်း ပညာပြိုင်ကြခြင်း၊ ငြင်းခုံ ဝေဘန် ကြခြင်း၊ ကျမ်းမှ ဂါထာလိုလို စာသား တို့ကို အလွတ်ကျက်၊ များများ ဖတ်ဘူးသူက- သူ့လောက် မဖတ်ဘူးသူ၊ သူ့ကဲ့သို့ အာဂုံ မရဘူးသူများအား၊ ကျမ်းနှင့် ကိုင်ပေါက် နှိပ်ကွပ်ကာ- သူ့လောက် မတတ်ဟု သတ်မှတ် ကြလျှက်- အမှန်စင်စစ် အာဂလူ မဟုတ်သော်လည်း မိမိကိုယ်မိမိ အာဂလူ သတ်မှတ် ထားသော အာဂုံ သမားများ နှင့် ဟိုကျမ်းနှင့် ဒီကျမ်းပေါင်း ကျမ်းပြု နာမည် ခံကာ- ခေတ်အဆက်ဆက်တွင် တည်ရှိ လာခဲ့သည်က များလှ၏။

မိမိအနေဖြင့် ကိုယ်တွေ့ စင်စစ် မဟုတ်သည် ကိုပင် - ပွဲတွေ့ အကျော် ဟု လည်းကောင်း ရေးသားထားသည့် ရှေးစာအုပ် ဆိုသည်များကို ဖတ်မိရသော အခါ မြန်မာပြည်တွင် ခေတ်အဆက်ဆက် မတိုးတက်ရခြင်းသည် အလုပ်ထက် အပြော က များခြင်း၊ အမှန်တကယ် ဝေဘန်ပိုင်းခြား တတ်သူတို့၏ အမြင်တွင် မည်သို့မှ မဖြစ်နိုင်သော အဓိပ္ပါယ် မရှိသော များစွာသော ထို ကျမ်းစာအုပ်တို့သည် ပညာပေး ရမည့် အစား၊ ပညာ၏ ပျက်စီးရာ ပျက်စီးရာအကြောင်း၊ ခေတ်လူငယ်တို့၏ အထင်သေး အမြင်သေး ဖြစ်စေရာ အကြောင်း အထောက်အပံ့ ကို လက်တွေ့ဘ၀ တွင် ဖြစ်လာစေတော့၏။

မြန်မာတို့ အနေဖြင့်- ထိုဝိဇ္ဇာပညာရပ်များကို လိုက်စားသူတို့သည် သဘာဝ၊ ကျိုးကြောင်းကို လေ့လာ ရမည့်အစား အစွဲအလမ်း၊ ယုံကြည်မှု တို့နှင့် ရောယှက် လာခြင်းကြောင့်- ထိုပညာရပ်များသည် လူသားများ လက်ခံနိုင်သော သိပ္ပံ ဖြစ်ရမည့် အစား- ထိုပုဂ္ဂိုလ်သည် ဘိုးတော်လိုလို၊ ဘာလိုလို နှင့် ဇော်ကန့်လန့် အခြေအနေသို့ ရောက်သွား ကြစဉ်တွင်- အနောက်နိုင်ငံမှ- ဆာ အိုင်းဇက် နယူတန်သည် တစ်ဘက်တွင် ရူပဗေဒ ပညာရှင် ဖြစ်သကဲ့သို့ - အခြားတစ်ဘက်တွင် Philosopher Stone ခေါ် သိဒ္ဓိဝင် ဓါတ်လုံးကို အရူးအမူး လေ့လာလိုက်စားခဲ့သော အဂ္ဂိရတ် ပညာရှင် Alchemist ဖြစ်၏။

နျူတန် သည် လူသားတို့ အတွက် ရူပဗေဒ ပညာတွင် နယူတန်၏ နိယာမများကို ဖေါ်ထုတ်ပေးနိုင်ခဲ့၏။

အခြားတစ်ဘက်တွင် သိပ္ပံပညာရှင် လည်းဖြစ်၊ နက္ခတ်ဗေဒင် ပညာရှင်များအဖြစ် ထင်ရှား သူတို့သည်ကား-
  • ဘင်ဂျမင် ဖရန်ကလင် 
  • Nicolaus Copernicus (1473-1543) 
  • Tycho Brahe (1546-1601) 
  • ဂယ်လီလီယို Galileo Galilei (1564-1642) 
  • Johannes Kepler (1 571-1630) 
  • Carl Gustave Jung (1875-1961)
တို့ဖြစ်ကြ၏။

အဂ္ဂိရတ် ပညာအားဖြင့်- ရွှေဖြစ်အောင် လုပ်နိုင်သူ အချို့ မြန်မာနိုင်ငံတွင် ရှိကောင်း ရှိမည် ဖြစ်သော် လည်း- လက်တွေ့ အစစ်ခံနိုင်၊ သုတေသန မှတ်တမ်း နှင့် နိုင်ငံတကာ သို့ တင်ပြနိုင်သူ တစ်ယောက်တစ်လေ ကိုမျှတော့ မကြားဘူး မသိဘူး ခဲ့စဉ်တွင်- ဂျပန် နိုင်ငံ တိုကျို ဘုရင့် တက္ကသိုလ် Tokyo Imperial University မှ သိပ္ပံ ပညာရှင် ပါမောက္ခ မစ္စတာ ဟန်တာရို နာဂါအိုကာ Prof. Hantaro Nagaoka သည် ၁၉၂၄- ခုနှစ် မတ်လ တွင်- ပြဒါး နှင့် ဘစ္စမတ် မှ နေ၍- ရွှေဖြစ်အောင် လက်တွေ့ လုပ်ပြနိုင်ခဲ့၏။



မစ္စတာ ဟန်တာရို နာဂါအိုကာ၏ ပြဒါးမှ ရွှေဖြစ်အောင် လုပ်ပုံ။

 မစ္စတာ ဟန်တာရို နာဂါအိုကာ၏ ပြဒါးမှ ရွှေဖြစ်အောင် လုပ်နိုင်ခြင်းကို ကျွန်တော့် အနေဖြင့် စတင်သိရှိရသည်က Histrory Channel မှ အစီအစဉ် တစ်ခုကြောင့် ဖြစ်၏။ ထိုကိစ္စကို ဆက်လက် လေ့လာမိတော့- Transmutations of Mercury to Gold ဆောင်းပါးကို ဖတ်မိပြီး၊ ယခု ဆောင်းပါး အချက်အလက်များမှာ- ထိုဆောင်းပါး ပါ အချက်များ ဖြစ်၍- ဓါတ်ပုံ အချို့ကို Histrory Channel မှ သုံးစွဲထားပါ၏။

၁၉၂၄-မတ်လတွင် မစ္စတာ ဟန်တာရို နာဂါအိုကာ သည် ပြဒါးမှ ရွှေဖြစ်အောင် လုပ်ခဲ့ပြီး နောက်၊ ၁၉၂၅-ခုနှစ် မေလ တွင် နည်းပညာပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်များ technical details တို့ကို ကြေညာ ထုတ်ပြန်ခဲ့သည်။

ဟန်တာရို နာဂါအိုကာ နှင့် လုပ်ဖေါ်ကိုင်ဘက်များသည် တန်စတင် နှင့် ပြဒါး တို့ကို ရေနံဆီ paraffin oil စိမ်ထားသော လျှပ်ကူး နည်းသည့် အလွှာအောက်တွင် ထားလျှက် လျှပ်စစ် ဗို့အား 15 x 104 volts/cm ကို ၄-နာရီကြာ ပေးခဲ့သည်။

ထို့နောက်တွင် Purple of Cassius test စမ်းသပ်မှုဖြင့်- ကာဗွန်၊ နှင့် ပြဒါး လက်ကျန်တို့ အကြားမှ ရွှေ (Au) ကို စမ်းသပ် တွေ့ရှိခဲ့သည်။ ရလာသော အမဲရောင် ဒြဗ်ပစ္စည်း ကို လေဟာပြွန်ထဲတွင် သန့်စင်ပြီးနောက်- အောက်စီဂျင် နှင့် မီးရှို့ပစ်ပြီးနောက်- ဟိုက်ဒြို ကလိုရစ် အက်စစ်ဖြင့် ချွတ်လိုက်သော အခါ ရွှေကို အလွှာဖတ်လေးများ အနေဖြင့် တွေ့မြင် ရရှိတော့သည်။

နာဂါအိုကာ မှ ဖေါ်ပြထားသည်မှာ- iron electrodes များအကြားမှ ပြဒါး အစက်လေးများကို ဖြတ်သန်းစေသော အခါ - ငွေ silver နှင့် အခြားသော ဒြပ်စင်များကို တွေ့ရသေးသည် ဆို၏။ ဆက်လက်၍ Hg lamp မာကြူရီ မီးရောင်အောက်တွင် နာရီ ၂၀၀ နှင့် ဗို့အား ၂၂၆ တွင် ထားလိုက်သော အခါ- ရွှေ တစ်မီလီ ဂရမ် နှင့် ပလက်တီနာမ် တို့ကို တွေ့ရ၏။

ထိုနည်းတူ ဂျာမဏီ နိုင်ငံ Berlin Technical High School ရှိ Photochemical Department မှ ပါမောက္ခ အဒေါ့ဖ် မီသီး Professor Adolf Miethe ကလည်း စမ်းသပ် အောင်မြင်ခဲ့၏။ ဤအကြောင်းများကို အသေးစိတ်သိရှိလိုပါက- Transmutations of Mercury to  နှင့် အောက်တွင် ဖေါ်ပြထားသော ဗွီဒီယို တို့တွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။

ဤဆောင်းပါး ၏ ရည်ရွယ်ချက်မှာ- ယခုခေတ် သိပ္ပံပညာရပ်များ ပေါ်ထွန်းလာသော ခေတ်အခါတွင် သိပ္ပံပညာကို မတောက်တစ်ခေါက် သိရှိသူ များစွာ တို့အနေဖြင့် ရှေးပညာရပ် များသည် အဓိပ္ပါယ်မရှိ၊ ကျိုးကြောင်းမဆီလျော်ဟု ယူဆလာခြင်းကြောင့်- ထိုပညာရပ်များ ၏ တန်ဘိုးအမှန်များကို မထေ့မဲ့မြင် ပြုလာကြခြင်း၊- ရှေးပညာရပ်များသည် လက်ဆင့်ကမ်း မှုတို့ ၏ နောက်ကွယ် နှင့် ကျမ်းကို တိုက်ရိုက်အားကိုးမှု များတို့ကြောင့် အထင်သေး ခံနေကြရခြင်း ဖြစ်သော်လည်း ထိုသူများ ထင်ထားသကဲ့သို့ တန်ဘိုးမဲ့၊ အဓိပ္ပါယ်မဲ့ များမဟုတ်သဖြင့်- ထိုပညာရပ်များ ကို ကျမ်းတို့၏ နောက်ကွယ်ကို ထိုးဖေါက်၍- ခေတ်အမြင် ခေတ်အတွေးဖြင့် ဆန်းစစ်ဝေဘန် သုတေသန ပြုသူ စစ်စစ်များ ပေါ်ထွန်းလာ စေရင်းပင် ဖြစ်ပါတော့သည်။

အားလုံး ချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

3 comments:

Anonymous said...

ဆရာကျေးဇူးကြောင့် သိမြင်ခံစားတက်လာပါတယ်။

Kyaw Wai Phyoe Aung said...

အလွန်ကောင်းတဲ့ဆောင်းပါးပါဆရာ

Kyaw Wai Phyoe Aung said...

အလွန်ကောင်းတဲ့ဆောင်းပါးပါဆရာ

Post a Comment