Monday, April 23, 2012

ကံ-ကောင်း၊ ကံ-ဆိုး နှင့် ဗေဒင်

သံသရာ တစ်လျှောက်တွင် အပေါ်တက်၊ အောက်ဆင်းဖြင့်- ကောင်းသော လုပ်ရပ်များ၊ မကောင်းသော လုပ်ရပ်များကို လုပ်ခဲ့သော သတ္တ၀ါ တို့ အနေဖြင့်- ကံကောင်းသော အချိန်ကာလ များ၊ ကံမကောင်းသော အချိန်ကာလများကို လူတိုင်း ပိုင်ဆိုင် ခွင့်ရကြ၏။

ကံကောင်း ခြင်းများသာ အစဉ်တစိုက် ဖြစ်နေသော လူဟု၍ မရှိသကဲ့သို့- ကံဆိုးခြင်းများ ထာဝရ ကျရောက်နေသော လူဟူသည်လည်း မရှိ။ သို့သော်-

  • အချို့အတွက်- ကံကောင်း ကာလ တာရှည်၏။
  • အချို့အတွက်က ကံဆိုး ကာလ တာရှည်၏။
  • အချို့အတွက်က- ကံကောင်းချိန်တွင် ထူးခြားစွာ လွှတ်ကောင်း၏။
  • အချို့အတွက်က- ကံဆိုးချိန်တွင် ထူးခြားစွာ လွှတ်ဆိုး၏။
  • အချို့အတွက်ကမူ- ကံကောင်း၊ ကံဆိုး ကာလများကို အလွန်ထူးခြား သော အနေအထားများ မရှိပဲ- ဖြတ်သန်းသွားရ၏။
မည်သို့ ဖြစ်စေ မြန်မာလူမျိုးတို့သည် ယေဘူယျ အားဖြင့် ကံ-ကို ယုံသော လူမျိုးဖြစ်၏။
မိမိတို့ ယုံကြည်ပုံ- ယုံကြည်နည်း က သဘာဝ ကျ-မကျရှိမရှိတော့ ပြန်လည် စစ်ဆေးရန် တော့ ရှိ၏။
  • အချို့က- “ကံ-ဆိုသည်မှာ အလုပ်ပဲ၊ ဘာမှ မမြင်ရတာတွေ ယုံမနေနဲ့၊ ကိုယ်လုပ်စရာ လုပ်” ဟု ဆိုတတ်ကြ၏။
  • အချို့က- မိမိ၏ ချို့ယွင်းချက်၊ ဆုံးဖြတ်ချက် မှားယွင်းချက်၊ တို့ကို ပြန်လည် လေ့လာ သုံးသပ်ရမည့် အစား- အားလုံးကို “ကံ-ပါပဲကွာ” ဟု ပုံချလိုက်၏။
  • အချို့ကတော့လည်း- “လှံထမ်း လာတာ မြင်ရတယ်။ ကံထမ်းလာတာ မမြင်ရဘူး” ဟု ဆို၍- ကံထမ်းလာတာလေး မြင်လာရနိုး နှင့် ထီလေး အဆက်မပြတ်ထိုးရာမှ- စွဲလမ်း သွားသော အနေအထား သို့ ရောက်သွား၏။
ကောင်းပါပြီ။ ကံ ဆိုသည်မှာ ဘာလဲ။ ကံ ဆိုသည်မှာ အလုပ် ဖြစ်၏။ ကောင်းတာလုပ်၊ ကောင်းတာဖြစ်၊ မကောင်းတာလုပ်၊ မကောင်းတာ ဖြစ်၏။ ဤသည်က ပင် အကြောင်းအကျိုး ဆက်စပ်သော ကံ-ကံ၏ အကျိုးကို ယုံကြည်ခြင်းပင် ဖြစ်၏။

ကံ-ကိုသာ ယိုးမယ်ဖွဲ့ပြီး- အချိန်တန် ဖြစ်လာမှာပဲ သဘောထားလျှင်- မြတ်စွာဘုရားရှင် အနေဖြင့်- ကောဏ္ဍည ပုဏ္ဏား ဟောချက်ကို ထိုင်စောင့် နေယုံသာ ဖြစ်၏။ ဒုက္ကရ စရိယာကို ၆-နှစ်တိုင် ဒုက္ခခံ ကျင့်စရာမလိုတော့ပေ။

ကံ-ကောင်းလျှင် ကယ်သူ ပေါ်လာမည် သဘောထားလျှင်- မဟာ ဇနက္ကမင်းသားသည် ၇-ရက် လုံးလုံး- ပင်လယ်ပြင်တွင် ကူးခတ် နေတော့မည် မဟုတ်။ ရေကူး နေသူကို တွေ့နေလျှက်နှင့်ပင်- ထိုသူသည်- ကြောက်လန့် တကြား ကူးခတ် နေသူလား၊ ဇွဲလုံ့လ အမှန်ဖြင့် အားထုတ် နေသူလား ဟုပင် စစ်ဆေးသူ မေခလာ နတ်သမီးကလည်း- မိမိအသက် အတွက် ကြိုးစား အားထုတ်- လုံ့လ စိုက်သူ မဟုတ်သူ အား- အလုပ်ရှုပ်ခံ ကယ်တင်စရာ အကြောင်းမရှိ။

သို့သော်လည်း- ကံ-ကို တစ်မျှော်မျှော် လုပ်နေသူတို့ တစ်ဘက်က ရှိနေကြသလို- မိမိ၏ အမှားကို ပြန်လည် သုံးသပ်မှု မပြုပဲ- ကံ-ပေါ် ပုံချ သူတို့သည် လည်း- မည်သည့် အခါမျှ အခြေအနေ တိုးတက် ပြောင်းလဲမည် မဟုတ်။

ကောင်းသော လုပ်ရပ်များ လုပ်နေသောသူများတွင် ဆိုးသော ဖြစ်ရပ်များ ဖြစ်လာသော အခါတွင်- မျက်တောင်မွှေး တစ်ဆုံးမျှသာ မြင်နိုင်သူတို့သည်- ကံ အပေါ် နားလည်မှု လွဲတော့၏။

တစ်ဘက်တွင်- မကောင်းတာ လုပ်သူများ- အောင်မြင်နေသော အခါ- “ကောင်းတာလုပ်လည်း အလကားပါပဲ။ ကြည့်ပါလား သူများတွေ မဟုတ်မမှန်တာ လုပ်ပြီး ကြီးပွားနေတာ”- ဟူ၍ မကောင်းသော လုပ်ငန်းဖြင့် ကြီးပွားသူတို့ကို အားကျ စိတ်များ ပေါ်လာတတ်တော့၏။

အမှန်ကတော့ ထိုသို့ နားလည်မှု လွဲရခြင်းသည်- ကံ၏ အကျိုးပေး များ၏ မတူပုံကို သဘောမပေါက် သောကြောင့် ဖြစ်၏။
  • အချို့သော ကံများသည်- လက်ငင်း အကျိုးပေး၏။
  • အချို့သော ကံများသည်- အချိန် ကာလ တစ်ခုကျမှ- ပေါ်ပေါက်လာတတ်၏။
ရှင်းလင်းအောင် ဥပမာ ဆိုရမည် ဆိုပါက- ရေနွေး ပူဖြင့်- လက်ကို လောင်းချ လိုက်သော ကံ၏ အကျိုးပေးသည်- ယခုချက်ချင်း- အပူလောင် သော ဝေဒနာကို ခံစားရ စေ၏။ ငယ်ငယ်တုန်းက- စာကျက်မှတ်ခဲ့သော၊ ပညာကို တတ်မြောက် အောင်လုပ်ခဲ့သော အကျိုးပေးသည်- နောင် နှစ်များစွာ ကြာသော အခါတွင်- ပညာတတ်၊ တစ်ဦး အဖြစ် စားဝတ် နေရေးကို ဖြစ်စေကြောင်း အထောက်အပံ့ ပြု၏။

ဗေဒင် ပညာဖြင့်- ကံကောင်းချိန်၊ ကံအကျိုးပေးချိန် တို့ကို မှန်ကန်စွာ စိစစ် ဆုံးဖြတ်ကြသော အခါ- အချို့သော သူတို့ အနေဖြင့်- ထူးခြားသော အကျိုးပေးကောင်း တို့ကို ထိုကာလများတွင် ထင်ရှားစွာ ရရှိသည်ကို မြင်ရ၏။

ထိုအကျိုးပေးတို့သည်- လေထဲက ရောက်လာပါသလား၊
ထိုအကျိုးပေးတို့သည်- ထာဝရ ဘုရားသခင်က- မင်း- အောင်မြင်စေသတည်း၊ ကြီးပွားစေသတည်း ဟု ကောင်းချီးပေး လုပ်ခြင်းကြောင့် ဖြစ်လာခြင်းပါလား။

အမှန်က- ထိုအကျိုးပေးတို့သည်- တစ်ချိန်က မိမိ စိုက်ပျိုးခဲ့သော - သစ်ပင် ၏ အသီးအပွင့်ကို ခံစားရခြင်းသာ ဖြစ်၏။

မည်သည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကမှ ကောင်းကင်ဘုံမျှ လာရောက် ပေးကမ်းခြင်းမဟုတ်။ သိဒ္ဓတ္ထ မင်းသားသည်- ဘုရား အဖြစ်ကို မိမိဘာသာ ရအောင် လုပ်ရ၏။ ဤဘ၀ တစ်ခုတွင်သာ လုပ်ရသည်မဟုတ်။ များစွာသော ဘ၀ ပေါင်းတွင် မမှိတ် မသုန် ဇွဲကောင်းကောင်းဖြင့် လုပ်ဆောင်ခဲ့ခြင်း၊ နောက်ဆုံး ဘ၀ တွင်လည်း - “အ၀သုဿတု မေသရီ ရေ၊ မံသလောဟိတံ”- ဟုသော- “ငါ၏ အသွေးအသား တို့သည် ခမ်းခြောက် ကုန်စေ သတည်း” ဟုသော လွန်စွာ အားကောင်းသော သံဒိဋ္ဌာန် ဖြင့် ပြတ်သားစွာ ကျင့်ကြံ အားထုတ် ခဲ့ခြင်းကြောင့်သာ သဗ္ဗညုတ ဥာဏ်ရှင် ဘုရား အဖြစ်သို့ ရောက်ရ၏။

ထိုင်ပြီး၊ ဆုတောင်ခြင်းဖြင့် ရလာသော သဗ္ဗညုတ ဥာဏ် မဟုတ်။

ယတြာချေပြီး ဖြစ်လာသော ဘုရားမဟုတ်။

သို့သော်လည်း- ကျွန်တော်တို့ကမူ- အမှန်တကယ် အလုပ်လုပ်ရမည့် အစား- ဆုတောင်း၏။ မျှော်ကိုး၏။ လိုအပ်လျှင်- အေးမြသော ဆောင်းတွင်းကြီး၌ပင်- ဘုရားဆင်းတုတော်အား- ရေအကြိမ်ကြိမ် ဖြင့် ငယ်ထိပ်မှ စပြီး- ကိုယ်ချင်းမစာမနာ လောင်းတော့၏။

သဘာဝယုတ္တိ၊ အာဂမ ယုတ္တိကျ၏လော။

မိမိကိုယ်တိုင် မမှတ်မိ- မမြင်မသိ နိုင်သော တစ်ချိန်တုန်းက- လည်း- ကောင်းသော အကျိုးရနိုင်မည့် လုပ်ရပ် မျိုးစေ့တို့ကို လုပ်ဆောင်ခြင်း မရှိခဲ့။ မိမိကိုယ်တိုင် မှတ်မိ၊ မြင်သိနိုင်သော ကာလ အတွင်းတွင် လည်း ကောင်းသော အကျိုးရစေ နိုင်သည့် လုပ်ရပ် တို့ကို လုပ်ဆောင်ခြင်း မရှိသူတို့မှာမူ- ဗေဒင် ဆရာ ပြောသော ထိုကံကောင်းခြင်း သည်၊ ကံကောင်းပါသည် ဆိုသော ကာလ အတွင်း မှာပင် - မည်သည့် အကျိုးကိုမျှ အကောင်အထည် ပေါ်လာစေမည် မဟုတ်။

ဆိုလိုသည်မှာ- ကံကောင်းသော ကာလ ဟူသည်မှာ- ယခင်က လုပ်ဆောင်ခဲ့သော ကောင်းသော ကံတို့ အကျိုးပေးခွင့် သာသည်ဟု သာ ဆိုရမည် ဖြစ်ပြီး၊ ဘာမျှ မလုပ်ထားခဲ့ပါက- ဘာမျှ ဖြစ်လာမည် မဟုတ်။

မနက်က ထမင်းမချက်ထားခဲ့ပါလျှင်- ထမင်း က အလိုလို ကျက်ပြီး ဖြစ်နေမည် မဟုတ်။ တစ်နှစ်လုံး စာမကြည့်ထားပဲနှင့် စာမေးပွဲ မည်သို့ အောင်မြင်နိုင်မည်နည်း။

ကပ်ဖဲ့ပြောသူက- မေးခွန်းဝယ်၍ အောင်နိုင်ပါသည် ဆိုလျှင်- ထိုသည်မှာလည်း စာမေးပွဲ အတွက် အားထုတ်သော ကံဖြစ်၏။
ထိုအညံ့စား ကံသည်- အဆင်သင့်၍ စာမေးပွဲ အောင်မြင်ကောင်း အောင်မြင် နိုင်သော်လည်း- ငွေဖြင့် ပေးဝယ်၍ မရသော အသိဥာဏ် ပညာကို ရစေပါမည်လား။

ထိုနည်းတူ- ကံကြမ္မာ အနိမ့်ပိုင်း သို့ ကျရောက် နေပြီ ဆိုပါအံ့။
ယခင်က- မကောင်းသော ကံကြမ္မာတို့သည် အကျိုးပေးခွင့် သာခြင်း ဖြစ်သည်ကို ဗေဒင် ပညာက ဆိုခြင်း ဖြစ်၏။
သို့သော်- ယခင်က- မှတ်မိမြင်သိနိုင်သော အနေအထားတွင် - မကောင်းသော လုပ်ရပ်များ မလုပ်ထားသူတို့သည်- ထိုကိစ္စနှင့် ဆိုင်သော မကောင်းကျိုးများ ခံစား ရမည် မဟုတ်။

အခြားတစ်ဘက်တွင်- လူ ဆိုသည်မှာ- သွေးသား၊ ဖြင့် တည်ဆောက် ထားသော ခန္ဓာကိုယ်။ ရုပ်၊ စိတ် တို့ဖြင့် ဖွဲ့စည်းထားသော သတ္တ၀ါ ဖြစ်ခြင်းကြောင့်- အတိတ် အကြောင်းများက တည်ဆောက်ခဲ့သော ကိလေသာ ၀ဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက ၀ဋ် တို့၏ သက်ရောက်မှု တို့ကို ခံစားရဘွယ်များ ရှိ၏။

ထို့ကြောင့်- ကောင်းသော အချိန်တွင် ထင်ရှားစွာ ကောင်းကျိုးတို့ မခံစားရတတ်သော်လည်း- မကောင်းသော အချိန်တွင်မူ- အတိတ်အကြောင်းကြောင့် သွေးသားဖြင့် တည်ဆောက်သော ကိုယ်ခန္ဓာ နှင့် ပတ်သက်သော ပြဿနာများ၊ ရုပ် ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာများကို ခံစားရဘွယ် ရှိနေသည်မှာ- အဟာရကို မှီနေရသော သတ္တ၀ါ တစ်ကောင် အတွက် ဖြစ်တတ်သော သဘောဖြစ်သဖြင့်- ဗေဒင် ပညာ ဖြင့်- ကံဆိုးသော အနေအထားကို ဟောရာတွင် ပိုမှန်တတ်ကြ၏။

ဤသည်မှာလည်း- သတ္တ၀ါတို့ အတွက် အရင်းအတိုင်း ပင်ဖြစ်၏။

ထို့ကြောင့်လည်း -ကံကို အခြေပြုသော အရှေ့တိုင်း ဝေဒ ပညာကို အနောက်တိုင်း ဗေဒင် ပညာရှင်များက အဆိုးမှန်တဲ့ ဗေဒင် ဟုပင် သမုတ်ထား တတ်ကြသေး၏။

ဆိုပါစို့- သင်သည် ကံနိမ့်သော အနေအထား၊ ကံဆိုးသော အရိပ်အယောင်များကို စတင်မြင်လာရပြီ ဆိုပါအံ့။ ထိုအနေအထားကို မည်သို့ ကာကွယ်မည်နည်း။

တစ်ချိန်က- နန်းရင်းဝန် ဖြစ်ခဲ့သူ ဦးစောသည်- - ရွှေတိဂုံ စေတီတော်ကို ကောင်းကင်မှ ၃-ပတ် ပတ်ပြီး ရှိခိုးပါ ဆိုသည့် ဗေဒင် ဆရာ အကြံပေးသည့် ညွှန်ကြားချက် အတိုင်း- ဘိလပ်သို့ မသွားခင်-လိုက်နာ ဆောင်ရွက်ခဲ့ရာ- ယူဂန်ဒါ နိုင်ငံတွင် ၄-နှစ်ကြာ အဖမ်းခံခဲ့ရပြီး- သူဆက်လက် ထိမ်းသိမ်းလိုသည့် နန်းရင်းဝန် ဘ၀ မှ ဆုံးရှုံးခဲ့ရ၏။

နောက်ယတြာကတော့- ပို၍ ထိမိ၏။ အကျိုးပေး ထင်ရှား၏။
ရွှေတိဂုံ ဘုရားမှ ကျောက်ဆင်းတု တစ်ဆူကို အိမ်ကို ပင့်ဆောင်၍ ကိုးကွယ်ပါ ဆိုသော ညွှန်ကြားချက်သည်- ဦးစော၏ လည်ပင်းနှင့် ကြိုးကွင်းကို စုလျားရစ်ပတ် စေခဲ့၏။
ထို့နောက်တွင်တော့ ထိုကျောက်ဆင်းတုကို ဘုရားသို့ ပြန်ပို့လိုက်ရသည် ဟု သိရ၏။

ဝန်ကြီးချုပ် ဦးနုသည်- သူ၏ ရာထူးတည်မြဲရေး အတွက်- သဲပုံစေတီ ၆-သောင်း တည်သော စီမံကိန်း ယတြာကို လုပ်ဆောင်ခဲ့၏။

ထိုယတြာ အလုပ်-ဖြစ်မဖြစ်ကမူ- သမိုင်းက သက်သေတည်၏။
ဤသည်တို့သည် ယတြာ အမှန်ဖြစ်လေသလော။
အကြောင်းရင်းကို အဖြေမရှာပဲ- ပျက်စီးစေတတ်သော အကြောင်းရင်းများကို ဖန်တီး နေသ၍- မြေကြီး နှင့် လက်နှင့် ပုတ်လျှင် လွဲကောင်းလွဲမည်။ ပျက်စီးမည့် အခြေအနေ ကတော့ ရှောင်သွေ၍ မရပါချေ။

ထို့ကြောင့်- မိမိ ကံနိမ့်နေသည်ဟု ယူဆပါလျှင်- မိမိကိုယ်တိုင် အားဖြစ်စေ၊ တစ်ပါးသူအား ဖြစ်စေ တိုက်ရိုက်အားဖြင့်သော်လည်းကောင်း၊ သွယ်ဝိုက်အားဖြင့် သော် လည်းကောင်း- ဒုက္ခရောက်စေ နိုင်သော လုပ်ရပ်များကို ရပ်တန်းက ရပ်ပြီး၊ ကောင်းနိုင်သလောက် ကောင်းအောင် ပြုမူ နေထိုင်ခြင်းသည်- ဘုရား နှစ်သက်သော၊ သူတော်ကောင်းများ ချီးမွမ်းသော ကာကွယ်မှု ဖြစ်မည် ဆိုသည်ကို- ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ အနေဖြင့် သတိချပ် သင့်ပါပေသည်။

အားလုံးချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

5 comments:

Anonymous said...

ကောင်းလိုက်တာဆရာရယ်

Anonymous said...

right

YoungGun said...

ဆရာရေ ဖတ်ရှုရတာ အကျိုးရှိပါတယ် တာအိုမှာတော့ ကံကောင်းတယ် ကံဆိုးတယ် ခွဲခြားတာ မတွေ့ရဘူး အဆိုးအကောင်း မခွဲခြားတဲ့အတွက် အကောင်းအဆိုးကိုလည်း ခံစားရမှာ မဟုတ်တော့ဘူးလို့ မှတ်သားဖူးပါတယ် ဆရာလည်း အများကြီး လေ့လာဖူးမှာပါ တချိန်ကျ အခွင့်အခါ တိုက်ဆိုက်ခဲ့ရင် ကျကျနန ဆွေးနွေး မေးမြန်းချင်ပါသေးတယ်

ကိုပခန်း said...

လေ့လာမှတ်သားလျှက်ပါဆရာ။
လူအမျိုးအစားအလိုက် ဗေဒင်မှန်နိုင်ခြေနဲ့ပတ်သတ်လို့တော့ ကျွန်တော် သတိထားမိတာလေးရှိပါတယ်ဆရာ။ ရှေးကံကို မျှောလိုက်ချင်သူများအနေနဲ့ အဆိုးကံကြမ္မာတွေ ပိုခံစားရလေ့ရှိပြီး၊ ရှေးကံကနေ ဆန်တက်လိုသူများအနေနဲ့ အကောင်းဘက်ကို ဦးတည်နေတာ လေ့လာတွေ့ရပါတယ်ဆရာ။ စိတ်ဇောကြီးသူ အတ္တကြီးသူများမှာတော့ အတက်အကျပိုပြင်းထန်တတ်တာ တွေ့ရပါတယ်ဆရာ။ နက္ခတ်ဗေဒင်အရ မျှောလိုက်လိုသူများမှာ ဂြိုဟ်နေအင်အား မျှချေနည်းပါးတတ်ကြပြီး၊ ဆန်တက်လိုသူများမှာ ဂြိုဟ်အင်အားတည်နေပုံများကောင်းကြပါတယ်ဆရာ။ အတ္တစိတ်ဇောကြီးသူများမှာတော့ တည်နေပုံအင်အားညံ့သူများနဲ့ ကောင်းသည့်ဂြိုဟ်ကကောင်းသလောက် ဆိုးသည့်ဂြိုဟ်က ပိုဆိုးသူများမှာ အတက်အကျပြင်းထန်တာတွေ့ရပါတယ်ဆရာ။ စရိုက်အရ ချဉ်းကပ်တွေးယူထားတာပါခင်ဗျ။ ၀ါသနာစရိုက်က ပြင်ဖို့ခက်သူများအတွက် ဗေဒင်ကမှန်ဖို့များပြီး ဆိုးတဲ့အခါပိုဆိုးကြပါတယ်ဆရာ။ ပညာဂြိုဟ် ကရုဏာစာနာမှုများ လွှမ်းမိုးသူများဟာ ပြုပြင်လွယ်တဲ့ စိတ်ထားရှိတတ်ပြီး ကံကောင်းခြင်းအကျိုးတွေပိုရကြတာ တွေ့ရပါတယ်ဆရာ။ ကံဆိုးခြင်းကံကောင်းခြင်းဟာ စရိုက်ဝါသနာ အားနည်းချက်ကို ပြုထားတဲ့ ပစ္စုပ္ပန်ကံအပေါ်သာ အများဆုံးမှီခိုမယ်လို့ ယူဆပါတယ်ဆရာ။ ၀ါသနာကိုလည်း ဘုရားရှင်မှသာ ပယ်နိုင်တော့ အများစုအတွက် ကံကြမ္မာဟာ ဦးစီးပြဌာန်းနေဦးမယ်လို့ ယူဆပါတယ်ခင်ဗျာ။ ပြင်ဆင်အကြံဥာဏ်ပေးပါဦး ဆရာခင်ဗျား။

Anonymous said...

ဆရာအမြင်နဲ့ကျွန်တော့်အမြင်တစ်ထပ်တည်းပဲဗျာ-----------ဗေဒင်ပညာလေ့လာရင်းနဲ့အဲဒီအမြင်တွေလက်ခံကျင့်သုံးလာတာဒီနေ့အထိပါဘဲ---ဆရာကျန်းမာပါစေ။

Post a Comment