Monday, December 26, 2011

မွေးနှစ် အလိုက် ဟောဆိုသော နက္ခတ်ပညာ

ဇာတာ နက္ခတ် ဆိုလျှင်- နာရီ၊ မိနစ်၊ (ဖြစ်နိုင်လျှင် စက္ကန့်) ပိုင်း နှင့် မွေးဖွားရာ နေရာ ဒေသ အတိအကျ သိမှသာ- အချက် အလက်အားဖြင့် မှန်ကန် သော ဇာတာ တစ်စောင်ကို တွက်ချက် နိုင်ပေရာ- အချို့ မိတ်ဆွေ များက တရုပ် နည်း တွေလို နှစ်သိရုံမျှ ဖြင့်- ဇာတာရှင်၏ စရိုက် အားဖြင့် သော်လည်းကောင်း၊ ထိုသူ၏ ကံကြမ္မာ အကြမ်းဖျင်း သိနိုင်သော နည်းများ မရှိလေဘူးလား ဟု မေးမြန်းလာခဲ့ဘူးပါ၏။
မြန်မာ့ရိုးရာ မဟာဘုတ် ပညာတွင်လည်း- ၁-ကြွင်း၊ ၂-ကြွင်းတို့၏ ယေဘူယျ သဘောများကို ဟောဆိုသော စနစ်ရှိသည်ကို မဟာဘုတ် လေ့လာဘူးသူတိုင်း သိကြပါ၏။


ဒါဖြင့်လျှင်- နက္ခတ်ပညာတွင်ရော ရှိပါသလား-
သင် မည်သို့ ထင်ပါသနည်း။
အမှန်အားဖြင့် နက္ခတ်ပညာတွင်လည်း ရှိပါသည်။ ရှိသည်မှ- ကျမ်းတော်တော်များ တွင်ကို ပါရှိသည် ဖြစ်သော်လည်း- လွန်စွာ သုံးခဲလှ၊ တွေ့ရှိရန် ရှားပါးလှ သဖြင့်- နက္ခတ်ပညာ ၏ - နှစ်အလိုက်- သဘောကို ဟောဆို နိုင်သော နည်းတို့ကို လူသိနည်း လှပါ၏။ ရာသီဘွား ဟောကိန်းများသည် အနောက်တိုင်းမူ သဘော ဖြစ်၍- ယခု နည်းမှာမူ အရှေ့တိုင်း နက္ခတ် မူ ဝေဒ မူ ဖြစ်၏။

ပထမ ဦးစွာ အနေဖြင့်- တရုပ်လူမျိုး များပြားသော နေရာတွင် နေထိုင်ကြသူများ အနေဖြင့်- အနည်းဆုံး အဆင့် သိထားရန် လိုအပ်သော- တရုပ် ရိုးရာ နှစ်များ အကြောင်း ကို ဦးစွာ ပြောလို ပါသည်။
ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ၀က်၊ ကြွက်၊ နွား ဆိုသော သတ္တ၀ါ ၁၂-မျိုးတို့ နှင့် ၁၂-ရာသီ ရာသီခွင် ကို ဖန်တီးထားသော တရုပ် ရိုးရာ နှစ် သတ်မှတ်ချက် တို့တွင်-
မီး၊ မြေ၊ သတ္တု၊ ရေ၊ သစ်သား ဆိုသော တရုပ် အယူအဆ ဓါတ် ၅-မျိုးနှင့် တွဲဘက် လိုက်သော အခါ- ၁၂ x ၅ = ၆၀ ဆိုသော နှစ် ၆၀ အုပ်စု လိုက် နှစ် အမျိုးအစားများ ရလာ ပါသည်။
အမှန်အားဖြင့် တော့- ထိုနှစ်များတွင်လည်း နှစ်၏ အဆုံး ဂဏန်း အရ- ယင် နှင့် ယန် ထပ်ခွဲထားချက်များ ရှိပါသေး၏။

အောက်တွင် ဖေါ်ပြထားသည်မှာ- နှစ် အလိုက် တရုပ် ရိုးရာ- တိရစ္ဆာန် အမည်များနှင့် ဓါတ်များ ဖြစ်ပါသည်။
ဖုန်းရွှေပညာရှင်များ၊ ယိကျင်း ပညာရှင်များ ရေးသားသော တရုပ်နှစ် အဟောများကိုမူ အလွယ် လေ့လာ နိုင်သဖြင့်- တရုပ် နှစ် မွေးအဟောများကိုမူ ဤနေရာတွင် မဖေါ်ပြပေးတော့ပါ။


နက္ခတ် ပညာဘက်မှ နှစ်များ အလိုက် သတ်မှတ်ခြင်း။

ကောင်းပါပြီ- ယခု အခါ နက္ခတ် ပညာဘက်မှ နှစ်များ အလိုက် ခွဲဝေခြင်းကို ဖေါ်ပြပေးပါမည်။
နက္ခတ် ပညာတွင် ထိုကဲ့သို နှစ်များကို အုပ်စု ခွဲသတ်မှတ်ခြင်းကို “သံဝတ္တရ သာရ” ဟု ခေါ်တွင်ပါ၏။ ၄င်းကို “ဇာတက ဗြဟ္မမ် ကျမ်း” တွင် ဖေါ်ပြခဲ့၏။ “သံဝတ္တရ သာရ” ဆိုသည်မှာ- ကြာသပတေး ဂြိုဟ်သည် ၄င်း၏ ပျမ်းမျှ သွားနှုန်း (တစ်နှစ်လျှင် တရာသီ နှုန်း) ဖြင့် ဖြတ်သန်း ခဲ့ခြင်း အပေါ်မူတည်၍- အကျိုးအပြစ် အနေအထား များကို သတ်မှတ် ဟောဆိုခြင်း ဖြစ်၏။
စကြာဝဠာ၏ စတင် ဖြစ်ပေါ်မှု ကာလတွင် ကြာသပတေး နှင့် စနေတို့သည် မိဿ ရာသီ - ၀-အံသာ (ဒီဂရီ) မှ စတင် ခဲ့ကြပြီး၊ တစ်နေ့လျှင် ၂-မိနစ် (ဒီဂရီ၊ မိနစ် ကို ဆိုလိုသည်။ နာရီ၊ မိနစ် မဟုတ်) မျှသာ ရွေ့လျားနေသော စနေ အနေဖြင့်- ရာသီ စက်ဝန်း တစ်ပါတ် အတွက် အနှစ် ၃၀- အချိန် ကြာ၏။
တစ်နေ့လျှင် ၅-မိနစ် (ဒီဂရီ၊ မိနစ် ကို ဆိုလိုသည်။ နာရီ၊ မိနစ် မဟုတ်) မျှသာ ရွေ့လျားနေသော စနေ အနေဖြင့်- ရာသီ စက်ဝန်း တစ်ပါတ် အတွက် အနှစ် ၁၂ တာမျှ- အချိန် ကြာ၏။ ၄င်းတို့ ၂-ခု အနှစ် ၃၀ နှင့် ၁၂- နှစ် တို့၏ အငယ်ဆုံး ဘုံပိုင်းခြေ (ဘ.စ.င) ကို ယူလိုက်ရာ အနှစ် ၆၀ ကိုရရှိ၏။ အနှစ် ၆၀ ကို ၁၂ နှင့်လည်း ပြတ်သလို- ၃၀ နှင့် လည်း ပြတ်၍ - ၄င်းမှာ အငယ်ဆုံးသော ဘုံပိုင်းခြေ ဖြစ်၏။
ဆိုလိုသည်မှာ တစ်နှစ်ချင်း ကာလ အလိုက်- စနေ ဂြိုဟ်နှင့် ကြာသပတေး ဂြိုဟ်တို့၏ အကြားမှ အကွာအဝေး ကို မူတည်၍ - ကောင်းသော၊ ဆိုးသော လွှမ်းမိုးထားမှု အနေအထားတို့ကို မူတည်၍- နှစ်အလိုက် - ထိုနှစ်များတွင် မွေးဖွားသူတို့၏ ကံကြမ္မာကို ဟောဆိုခြင်းကို “သံဝတ္တရ သာရ” ဟု အလွယ် နားလည်နိုင်ပါသည်။ “သံဝတ္တရ သာရ” ၏ အခြားသော အဓိပ္ပါယ် ဆိုလိုရင်းများ များစွာ ရှိနေသေးသော်လည်း ရှုပ်ထွေးသွားမည် စိုး၍ မဖေါ်ပြတော့ပါ။
ဤနေရာတွင် လွန်စွာ ရှေးကျသော ကျမ်းအချို့နှင့် ကွဲလွဲချက်များကိုလည်း တွေ့နိုင်ပါသည်။ “ဘရိဂု သံဟိတ” ကျမ်းတွင် ထိုဂြိုဟ် ၂-လုံး၏ ဆက်စပ်မှုမှ သုံးသပ်ခဲ့ခြင်းကို အခြေပြုထား၍- “သိဒန္ဓန္တ ဇောတိသျှ” ကျမ်းတွင် “၀ိဇယ-နှစ်” မှ အစပြု၍- “နန္ဒဏ-နှစ်” တွင် အဆုံး ဟူ၍ သံဝတ္တရ သာရ” နှစ် ၆၀-ကို ယူဆသော်လည်း၊ ဆရာ ၀ါရဟ မိဟိရ ပြုစုတော်မူသည့် “ဗြို့ဟဇ် သံဟိတ” ကျမ်းတွင်မူ- “၀ိဇယ-နှစ်” မှ အစမပြုပဲ- “ပရဗ္ဗါဝ-နှစ်” မှ စတင်ရေတွက်ခြင်းဖြင့် ယခု ဖေါ်ပြချက်များသည် ဆရာသခင် ၀ါရဟ မိဟိရ ယူဆသည့် အတိုင်း ဖေါ်ပြထားခြင်း ဖြစ်ပါ၏။



အမှတ် (၁)
ပရဗ္ဗါဝ-နှစ်
ဤနှစ်တွင် မွေးဖွားသူတို့သည် ပစ္စည်းမျိုးစုံ တို့အား စုဆောင်း သိမ်းဆည်း တတ်ခြင်း၊ အရန်သင့် ထားသိုတတ်ခြင်း၊ သားများ ထွန်းကားခြင်း၊ အသိဥာဏ် ပညာကောင်းမွန်ခြင်း၊ စည်းစိမ် ပြည့်စုံ၍- အသက်ရှည်မည် ဟု ဆိုပါသည်။ ဇာတာက ပရိဇာတ - ကျမ်းအဆိုအရမူ- ဤနှစ်တွင် မွေးသူသည် ရဲရင့်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်မှုများနှင့် ပြည့်စုံခြင်း၊ နက္ခတ် ပညာကို တတ်ကျွမ်း၍ နတ်ဒေ၀တာတို့နှင့် ကျွမ်းဝင်ခြင်းတို့ ဖြစ်မည်ဟု ဆိုပါသည်။

အမှတ် (၂)
ဝိဘာဝ- နှစ်
ဤနှစ်တွင် မွေးဖွားသူတို့သည် သုံးစွဲရန် အရာတို့တွင် မွေ့လျော်တတ်ခြင်း၊ အလွန်လှပ ခြင်း၊ လက်ရုံးရည် နှလုံးရည် ပြည့်စုံခြင်း၊ ၀ိဇ္ဇာ ပညာတို့၏ လျှို့ဝှက်ချက်ကို သိရှိနိုင်ခြင်း၊ မိသားစု အကြီးအကဲ ဖြစ်ခြင်း၊ ကောင်းစွာ ပြုမူကျင့်ကြံခြင်း၊ ယဉ်ကျေးခြင်း၊ ပညာတို့ကို လေ့လာ တတ်မြောက်ခြင်း တို့ ဖြစ်မည်ဟု ဆိုပါသည်။ ဇာတက ပရိဇာတ ကျမ်းအလိုအရမူ- ဤနှစ်မွေးသူတို့သည် တောင့်တမှုများတတ် ခြင်း၊ ချီးကျူးခံရသော မိဘထက်သာလွန်သော ဥစ္စာပစ္စည်း ကြွယ်ဝခြင်း၊ ညာတိ၊ ပညာဂုဏ်တို့နှင့် ကျော်ကြားခြင်း ဖြစ်မည်ဟု ဆိုထားသည်။ "၀ိဘာဝ" ဆိုသည်မှာ အလွန် ခမ်းနား တင့်တယ်ခြင်း၊ ကြွယ်ဝ ခမ်းနားခြင်း ဆိုသော သဘောကို ဆိုလိုသည်။ ဤနေရာတွင် အလွန်အကျူး ဆိုသော သဘောလည်း ပါဝင်လျှက် ရှိနေ၏။ ဤနှစ် မွေးသူတို့သည် ၄င်းတို့ ရွေးချယ် လုပ်ဆောင်သော ကိစ္စရပ်တို့တွင် ၄င်းတို့၏ အမည် ထွန်းပေါက်မည် ဟုလည်း ဆိုထား၏။ ပင်ကိုယ် စရိုက်တွင် နာကျည်းမုန်းတီး ဓါတ်ခံ လုံးဝ ကင်းတတ်၏။ ဤသူတို့သည် ကျိုးကြောင်း သဘာဝ ကို တွက်ဆ တတ်ကြပြီး- ကိစ္စတစ်ရပ်တွင် အစွဲဖြင့် ကိုင်တွယ်ခြင်း၊ အစွန်းရောက် တတ်ခြင်း၊ မလေးမစား လုပ်ခြင်းများ မရှိတတ်ပဲ- သိပ္ပံနည်းကျကျ သဘာဝ ကျကျ ရှုထောင့်မှ ကြည့်တတ်ကြသည် ဆို၏။ အခြားကျမ်း တစ်ခုဖြစ်သော - "မာဏ္ဏဿ ဂါရီ" ကျမ်း အဆိုအရမူ- ဤနှစ် မွေးသူတို့သည်- မိန်းမ ဆန်သော ပင်ကိုယ် စိတ်ထားမျိုး၊ ရှိတတ်သည်၊ အနားမထားသော ပင်ကိုယ် စရိုက်၊ နှင့် လိုအပ်ပါက ခိုးဆိုး လုယက်၍- တစ်ဘက်တွင် အများကို ကောင်းကျိုးပြုတတ်သူ ဖြစ်မည် ဟု ဆိုပါ၏။
ဆက်လက် ဖေါ်ပြပေးပါမည်။
အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

Saturday, December 10, 2011

အမွေရခြင်း နှင့် နက္ခတ္တ အမြင် (Gucci မိသားစု)

အချိန် အခက်အခဲများကြောင့်- နက္ခတ်ပိုင်း ဆိုင်ရာ ဆောင်းပါးများကို အလျင်မီ အောင် ရေးနိုင်ရန် ခက်ခဲ နေသော်လည်း- မိတ်ဆွေများကလည်း တောင်းဆို လာသဖြင့်- မိုးတား သင်ခန်းစာ အချို့ အ၀က်ကို ဆောင်းပါး အဖြစ်ဖြင့် တင်ပြပေးလိုက် ရပါသည်။

နည်းစနစ် အပြည့်အစုံ ကို တင်ပြရန်မှာမူ- စာဖတ်သူ ပရိဿတ်တိုင်း အနေဖြင့် နက္ခတ် ပညာဖြင့် ကျွမ်းဝင်မှု ရှိနိုင်မှု ရှိမရှိ အနေအထား ကွာခြား နေကြသည် မျှမက- ပညာရပ် တစ်ခုကို အခြေခံ ပိုင်နိုင်ပြီးမှသာ ဆန်းစစ် လေ့လာစေလိုသော စေတနာကြောင့်- မိုးတား ပထမဆင့် စာမေးပွဲအောင်မြင်ထားပြီးသူများ အတွက်သာ ဤသို့သော ဆန်းစစ်မှု ပိုင်းကို ရည်ရွယ် ထားရပါသည်။

အမွေရခြင်းကို ကောင်းမွန်သော ဖြစ်ရပ်ဟု အများ အနေဖြင့် နားလည် ထားကြ သော်လည်း- တစ်ချို့သော အမွေရရှိ သူတို့သည် မိဘများ အနေဖြင့် ဆိုးရွားသော ကံကြမ္မာဖြင့် ရုတ်တစ်ရက် သေဆုံးခြင်း ကြောင့် အမွေရခြင်း လည်း ဖြစ်နိုင်ပါ၏။

ရုပ်ဝတ္ထု ပိုင်ဆိုင်မှုတို့ကို အငမ်းမရ ရှာဖွေနေကြသော ယနေ့ ကမ္ဘာကြီးတွင်- ပစ္စည်းဥစ္စာ ရနိုင်မှုများ အတွက်- မွေးချင်း ညီအကို မောင်နှမ အချင်းချင်း နှစ်ပေါင်း များစွာ တရားဆိုင် ကြရခြင်း တို့ကို ကြားသိကြုံတွေ ကြရသည်မျှ မက- တစ်ချို့ ဆိုလျှင် လုပ်ကြံ မှုများ အကောင်အထည် ဖေါ် ဆောင်ရွက် ကြသည် အထိပင် ဖြစ်တတ်ကြပါသည်။


ကျွန်တော် ထိုင်းနိုင်ငံတွင် နေခဲ့ရသည့် ကာလပိုင်း အတွင်းတွင်- ထိုင်းလူမျိုး အချမ်းသာဆုံး မိသားစု ၀င်များ အနက်- မျိုးဆက် ၃-ဆက် အတွင်း၊ မိသားစုဝင် ၁၄-ဦး အထိ လုပ်ကြံခြင်း၊ အစပျောက် သွားခဲ့ခြင်း များကို ဖြစ်ပေါ်ခဲ့ရသည့် မိသားစုကြီး တစ်ခုတွင်- မိသားစု အကြီးအကဲ မိခင်ကြီးမှ မသေဆုံးမီ လေးတွင် သေတမ်းစာ အမွေခံ စာရင်းထဲတွင် ထည့်ပေးခြင်း ခံခဲ့ရသော - အိမ်ဖေါ် မိန်းကလေး ၏ ကိုယ်ခန္ဓာကို အဘွားကြီးသေဆုံးပြီး နောက် ၂-ရက်ခန့် အကြာ တွင် ဘန်ကောက်-ချောင်ဘူရီ ဟိုက်ဝေး လမ်းမဘေးတွင် အသက်မဲ့သော အနေအထားဖြင့် တွေ့ရ ခဲ့ပါသည်။ ထိုမိန်းကလေး သည် အမွေးစာရင်း သေတမ်းစာတွင်သာ မပါဝင်ခဲ့ပါက- ထိုကဲ့သို့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။

အောက်ဖေါ်ပြပါ ဇာတာရှင်သည်- ကမ္ဘာသိ လူချမ်းသာများ ဖြစ်ကြသော Gucci ဖက်ရှင် လုပ်ငန်း ပိုင်ရှင် သူဌေး ဖြစ်သူ Maurizio Gucci နှင့် ဇနီး ဖြစ်သူ Patrizia Gucci တို့၏ သမီး ဖြစ်သော- Alessandra Gucci ၏ ဇာတာ ဖြစ်ပါသည်။ ဖခင် ဖြစ်သူ Maurizio Gucci သည် Gucci လုပ်ငန်းကို ၁၉၈၃ တွင် ရောင်းချလိုက်ပြီး၊ မတ်လ ၂၇-ရက်၊ ၁၉၈၅ တွင် လူသတ်သမား တစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ သူ၏ ဇနီးဟောင်း၊ ဇာတာရှင်၏ မိခင် ဖြစ်သူသည် လူသတ်သမားကို ငှားရမ်းခဲ့ကြောင်း ပေါ်လွင် ၍ ပြစ်ဒဏ် ကျခံခဲ့ရပြီး- သမီး ဖြစ်သူ Alessandra နှင့် ညီမ ဖြစ်သူ တို့မှာ ဘခင်၏ ပိုင်ဆိုင်မှုများ ကို ရရှိခဲ့ပါသည်။





- ယခုဇာတာတွင် ကြည့်လိုက်ပါက- အထက်တွင် ဖေါ်ပြခဲ့သော ဘခင် နှင့် ဆိုင်သော တနင်္ဂနွေသည်- စည်းစိမ် ပိုင်ဆိုင်မှု ရရှိခြင်း နှင့် သက်ဆိုင်သည့် ၄-တန့် ဘာဝ၊ ၄-တန့် ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင် (သခင်) ဖြစ်နေ၏။

- အင်အား မထုတ်ရပဲ အချောင် ရခြင်းမျိုးကို ဖြစ်စေသည့် ၈-တန့် ဘာဝ၏ သခင် ကြာသပတေး သည် ၄င်း ပိုင် န၀င်း ကို စီးနင်း ထားခြင်းဖြင့်- ၈-တန့် သခင် သည်၊ ၈-တန့် သခင်ပိုင် န၀င်း စီးနေ သည်ကို မြင်ရ၏။

- ထိုမျှ မကသေး- ထို ၈-တန့် ဘာဝ၏ သခင် ကြာသပတေး သည်- ဘခင် နှင့် ဆိုင်သော (အမွေ နှင့် ပတ်သက်သော စစ်ဆေးရာတွင် ကြည့်ရမည့် အချက် လည်းဖြစ်သည့် တနင်္ဂနွေပိုင် ကြတ္ထိကာ နက္ခတ် တွင် တည်၏။ အထက်တွင် မြင်ခဲ့ရသည့် အတိုင်း တနင်္ဂနွေသည်- ၄-တန့် ဘာဝ၏ သခင် လည်း ဖြစ်၏။

- အမွေရခြင်းကို စစ်ဆေးရန် တစ်ချက်ဖြစ်သည့်- တနင်္လာကို လေ့လာမည် ဆိုပါကလည်း- ၄င်းသည် ၈-တန့် သခင် ကြာသပတေး ပိုင်သည့် မိန်ရာသီ န၀င်းတွင် တည်၏။ မထင်မှတ်သော ဖြစ်ရပ်များ နှင့် ဆိုင်သည့်- ရာဟုပိုင် အဒြ နက္ခတ်နှင့် ယှဉ်၏။

- ဤဇာတာတွင် ၉-တန့် သခင် မရှိသကဲ့သို့၊ ၉-တန့် တွင် ရပ်တည်သော ဂြိုဟ်များလည်း မရှိပါ။
- နောက်တစ်ဆင့်- အပူးအမြင် လွှမ်းမိုးမှုများကို လေ့လာ လိုက်ပါက-၈-တန့် ဘာဝ အား တနင်္ဂနွေ နှင့် တနင်္လာတို့က သမသတ် အမြင်ဖြင့် ကောင်းစွာ လွှမ်းမိုးထား၏။

ယခု အခါ- အမွေရခြင်း ကိစ္စကိုသာ- နမူနာ ပြခြင်းဖြစ်၍- အခြားသော သုံးသပ်ချက်များကို ထည့်သွင်း မဖေါ်ပြတော့ပါ။

လေ့လာသူများ အနေဖြင့်- ဘခင်၏ ကံကြမ္မာ၊ မိခင်၏ လုပ်ရပ် နှင့် နောက်ဆက်တွဲများကို ယခု မြင်တွေ့ရသော အနေအထား တို့မှ တစ်ဆင့် ဆက်လက် သုံးသပ် နိုင်ပြီ ဖြစ်ပါသည်။

အမွေပိုင်ဆိုင်များ၊ ဥစ္စာ ပစ္စည်း ပိုင်ဆိုင်လိုမှုများကြောင့်- မိသားစုဝင်တွင်း ဖျက်ဆီးမှုများ၊ ရန်သတ္တရု ဖြစ်ပွားမှုများမှ ပပျောက်နိုင်ကြပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post