Wednesday, November 9, 2011

တပ်မက်မှု တို့၏ နောက်ကွယ်တွင်.. (ရုပ်ရှင် မင်းသမီး မွန်ရိုး)

အမေရိကန် နိုင်ငံတွင် မက- ကမ္ဘာတခွင်တွင်ပါ- နှစ်ပေါင်းများစွာ စွဲကျန်ရစ် ခဲ့နိုင်သည့်- ဆွဲဆောင်မှု အရှိဆုံး ရုပ်ရှင် မင်းသမီး တစ်ဦးကို ဖေါ်ပြပါဆိုလျှင်- မာရီလင် မွန်ရိုးမှ လွဲ၍- အခြားမည်သူမျှ မဖြစ်နိုင်ပါပေ။

သူမ သည် ဆန့်ကျင်ဘက် ပုရိသ များအတွက်- တပ်မက်ဘွယ် စွဲဆောင်မှု အကောင်းဆုံး မင်းသမီး ဖြစ်ခဲ့သည့် အပြင် ၁၉၄၉-ခုနှစ်၊ မေလ ၂၇-ရက်တွင် ကိုယ်လုံးတီး ပြက္ခဒိန် အတွက် ဓါတ်ပုံအရိုက်ခံ ခဲ့၏။
အလှ သခင်- ကမ္ဘာကျော် ဖြစ်သော်လည်း- သူမ ၏ ဘ၀ အနေဖြင့် ချောမွေ့စွာ လျှောက်လှမ်းခဲ့ရခြင်း တော့ မရှိပါပေ။
မိခင် ဖြစ်သူရော၊ မိခင်၏ အမေ-အဘွား ဖြစ်သူပါ manic depression ခေါ် စိတ်ရောဂါ ဝေဒနာ သည်များ ဖြစ်၏။ သူမ ငယ်ငယ်က- အဘွားဖြစ်သူက သူမကို ခေါင်းအုံးဖြင့် ဖိသတ်ခြင်းကိုလည်း မမေ့နိုင်စရာ ကြုံခဲ့ရ၏။ မိခင် ဘက်မှ အဘိုးဖြစ်သူ မှ ဆစ်ဖလစ် ကာလသား ရောဂါပိုး ဦးဏှောက်ထဲ ၀င်သော ရောဂါဖြင့်- ၁၉၀၉- ဇူလိုင် ၂၂-ရက်တွင် ကာလီဖိုးနီးယား ဆေးရုံတွင် ဆုံးပါးခဲ့၏။ ဖခင် မည်သူ ဖြစ်မှန်းကိုလည်း မသိခဲ့ ရပါ။ ၇-နှစ် သမီး အရွယ်အထိ- အခြားသူများ ထံတွင် မိခင်မှ တစ်ပါတ်လျှင် ၂၅ ဒေါ်လာ ပေး၍ စောင့်ရှောက် စေခဲ့ရ၏။ မိခင် အနေဖြင့် စိတ်ကျန်းမာ ရေး အခြေအနေ လုံးဝ ဆိုးရွား သွားပြီးနောက် တွင်တော့- သူမ အား မိဘမဲ့ ဂေဟာသို့ အပြီးတိုင် ပို့လိုက် ရပြီး- မွေးစား မိဘ အိမ်များစွာတို့ ရောက်ခဲ့ရ၏။ ကလေး ဘ၀မှာပင်- လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ ပြုကျင့် ခံရခြင်းများစွာကို ကြုံခဲ့ရ၏။ သူမ ကိုယ်တိုင်က ပြောခဲ့သည်မှာ အသက် ၁၁-နှစ် သမီး အရွယ်တွင် မတော်မတရား ပြုခံ ခဲ့ရသည်ဟု ပင် ဖြစ်သည်။
၁၅-နှစ် သမီး အရွယ်တွင် ကာလ အားဖြင့် တိုတောင်းလှသော အိမ်ထောင် တစ်ခုကို ပြုခဲ့၏။
နောက်ထပ်- ဘေ့စ်ဘော ကစားသမား Joe DiMaggio နှင့် တစ်ခါ၊ နောက်ပိုင်းတွင် စာရေး ဆရာ Arthur Miller နှင့် ၁၉၅၆-ခုနှစ် ဇွန်လ ၂၉-ရက်တွင် တစ်ခါ - စုစုပေါင်း အိမ်ထောင် ၃-ကြိမ် ကျခဲ့၏။ အခြားခြားသော- သူများ ဖြစ်သည့် ရုပ်ရှင် မင်းသားကြီး Marlon Brando, Frank Sinatra, Yves Montand တို့နှင့် အပြင် ဒါရိုက်တာ Elia Kazan တို့နှင့်လည်း အချစ် ဇတ်လမ်းများ ရှိခဲ့ပါ၏။
  • ၁၉၅၆-ခုနှစ် သြဂုတ်လတွင် ကလေးပျက်ကျခဲ့၏။
  • ၁၉၅၇-ခုနှစ် သြဂုတ်လ တွင် Ectopic pregnancy ခေါ် သန္ဓေသားသည် သားအိမ် ပြင်ပတွင် တည်နေမှုကြောင့် ဖျက်ချ ခဲ့ရပြန်၏။
သူမ၏ ဘ၀ ဇတ်ကြောင်းကို လေ့လာကြသူများ အနေဖြင့်- သူမ ၏ ချစ်သူများ နှင့် အကြောင်းများ သာမက- ရေပိုက်ပြင် သမားနှင့် အချစ် ဇတ်လမ်း တို့ကိုပါ ဖေါ်ပြကြ သလို- သူမ ၏ အိမ်ဖေါ် နှင့်လည်း မိန်းကလေးချင်း အချစ်တော် ဇတ်လမ်းလည်း ရှိသေးသည် ဆိုပါသေး၏။

ကမ္ဘာကျော် ကနေဒီ ညီအကိုများ ဖြစ်ကြသော ရောဘတ် ကနေဒီ နှင့် သာမက အကိုဖြစ်သူ သမ္မတ ဂျွန်အက်ဖ် ကနေဒီ နှင့်ပါ ပတ်သက်မှုများ ရှိခဲ့ပြီး- ရောဘတ် ကနေဒီ နှင့် အလွန်အကျူး ပတ်သက်ခဲ့သော အထောက်အထားများ မရှိကြ သော်လည်း- သမ္မတ ဂျွန်အက်ဖ် ကနေဒီ နှင့် မူ ၁၉၅၀ ခုနှစ်များတွင် အတွင်းကျကျ နီးစပ် ခဲ့၏။ ထို့နောက် ၁၉၆၀ ခုနှစ်များတွင်တော့- သမ္မတ၏ ကိုယ်ရံတော်များက အထူးသတိပေးခဲ့သဖြင့်- လူမသိ အောင်သတိထားခဲ့ကြသော်လည်း- အိမ်ဖြူတော် မဟုတ် သည့် အခြား နေရာများတွင် ဆုံတွေ့ ဖြစ်ခဲ့ကြသည် ဆိုပါ၏။
  •  ၁၉၆၁-ခုနှစ်၊ အောက်တိုဘာလတွင်- ရောဘတ် ကနေဒီ နှင့် ပီတာ လောဖို့ဒ်၏ အိမ်တွင် ဆုံတွေ့မိခဲ့ကြ၏။
  • ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ၁၉-ရက်တွင် ပီတာ လောဖို့ဒ် ၏ ညစာ စားပွဲသို့ သမ္မတ ကနေဒီဖြင့် အတူ လာရောက်ခဲ့၏။
  • ၁၉၆၂-ခုနှစ် ဖေဖေါ်ဝါရီ ၁-ရက်နေ့တွင် ရောဘတ် ကနေဒီ နှင့် ဂုဏ်ပြု ညစာ စားပွဲ လုပ်ခဲ့၏။
  • ၁၉၆၂-ခုနှစ် မတ်လ ၅-ရက်တွင် သမ္မတ ဂျွန်အက်ဖ် ကနေဒီ နှင့် အတူ Palm Springs တွင် အနားယူ ခဲ့၏။
  • ၁၉၆၂-ခုနှစ် မေ လ ၁၉-ရက်တွင် သမ္မတ ဂျွန်အက်ဖ် ကနေဒီ အတွက် Madison Square Garden တွင် "Happy Birthday" နှင့် "Thanks for the Memory" သီချင်းများ ဆိုပြခဲ့၏။
  • ရောဘတ် ကနေနှင့် ဆုံတွေ့ခဲ့စဉ်တုန်း က- သူမက သူငယ်ချင်းအား- ရောဘတ် ကနေဒီမှ သူမ အား လက်ထပ်ယူမည် ဟုပင် ပြောခဲ့သေးသည် ဆိုပါ၏။



သို့သော် ၁၉၆၂- ဇွန်လ ကုန်ပိုင်းတွင်- ညီအကို နှစ်ယောက် စလုံးမှ သူမ အား ရုတ်တစ်ရက် အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး- လွန်စွာ စိတ်ဓါတ်ကျခဲ့သော သူမအား သူငယ်ချင်းများက မြင်တွေ့ခဲ့ကြရာတွင်- သူမ အနေဖြင့် ကလေး ဖျက်ချ လိုက်ရခြင်း ရှိခဲ့သည်ဟု ပင် သူငယ်ချင်းများအား ပြောခဲ့၏။

အများသူငါ အပြောများ အရဆိုလျှင်- ကနေဒီ ညီအကို နှင့် ပတ်သက်မှုသည် သူမ အား သေဆုံးချင်းသို့ ရောက်စေခဲ့သည် ဟုပင် ဆိုပါသည်။ သူမတွင်- သူတို့၏ လျှို့ဝှက်ချက်များ၊ မြေအောက် အဆက် အသွယ်များ နှင့် ပတ်သက်သော လျှို့ဝှက်များ ရှိထားခဲ့ပြီး၊ ရုပ်ရှင် မင်းသမီး ဖြစ်သော မိန်းကလေး တစ်ဦး အနေဖြင့် အချိန်မရွေး တစ်ဦး တစ်ယောက်အား ဖွင့်ချ ပစ်လိုက်နိုင်သော အခြေအနေတွင်လည်း ရှိနေ၏။

သို့နှင့်ပင်- သြဂုတ်လ ၅-ရက် ၁၉၆၂ တွင်၊ အိပ်ဆေး အများအပြား သောက်သုံး ထားလျှက်- အိပ်ယာထဲတွင် အ၀တ်အစား မဲ့ ကိုယ်ခန္ဓာဖြင့်- ဖုန်းကို လက်တစ်ဘက် က ကိုင်ထားလျှက် တွေ့ရှိပြီးနောက် နံနက် ၄း၂၅ တွင် အိမ်တော်ထိန်း မှ ရဲကို အကြောင်းကြား ခဲ့ပါ၏။ သေဆုံးခဲ့ချိန်မှာ နံနက် ၃း၀၀ ပတ်ဝန်းကျင်ခန့် က ဖြစ်မည်ဟု တွက်ဆ ကြရ၏။

ထူးဆန်းသည်ကတော့- သူမ၏ ဒိုင်ယာယီ စာအုပ်နှင့် မှတ်စု မှတ်တမ်းစာအုပ် တို့ကိုမူ မည်သူမျှ မတွေ့ကြရတော့ပါချေ။

သူမ အနေဖြင့်- ဒုက္ခများသော ဘ၀တွင် ကြီးပြင်းခဲ့ရသလို- ကမ္ဘာတွင် အထင်ရှားဆုံး သူတစ်ဦးလည်း ဖြစ်၊ ကမ္ဘာတွင် တန်ခိုး အကြီးဆုံး ဖြစ်ခဲ့သူများ နှင့် ပတ်သက် ခဲ့သူလည်း ဖြစ်ခဲ့ရ၏။
လိင်ဆွဲဆောင်မှု အကောင်းဆုံး ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့သလို- အရှုပ်အတွေး ဇတ်လမ်းများ ကလည်း ထင်ရှားကာ- မတော်မတရား အကျင့်ခံရသူ လည်း ဖြစ်ခဲ့ရ၏။

သို့သော်လည်း- သက်တမ်းမှာကား လွန်စွာ တိုတောင်းလှ၏။

မည်သည့် အကြောင်းများက သူမ ၏ ဘ၀ကို ဖန်တီးခဲ့ကြပါသနည်း။

မွေးဇာတာ သုံးသပ်ချက်။


ကရကဋ် လဂ်၊ မကာရ စန်း ဖြစ်၍- အတိအကျ အားဖြင့် ဆိုသော် ကရကဋ်:20:15 တွင် တည်ထား၏။
ဘ၀ အောင်မြင်မှု နှင့် ဆိုင်သော- တနင်္ဂနွေသည် ရန်အိမ်တွင် တည်သည် မှန်သော်လည်း- ဘာဝ အားဖြင့် ၁၁-တန့် ဖြစ်၏။ လာဘ ဘာဝ ဖြစ်သော ၁၁-တန့်တွင် တည်သည့် တနင်္ဂနွေသည် အင်အားကောင်းသော အနေအထား ဖြစ်သည်သာ မက- တနင်္ဂနွေသည် ကုဋမ္ပ ဘာဝ ခေါ် ၂-တန့် ဘာဝ အနေဖြင့် ၁၁-တန့် (လာဘ ဘာဝ) တွင် တည်ခြင်းက- အောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကြီးပွားခြင်း များကို ဖြစ်စေသော အနေအထား ဖြစ်ပါ၏။

ရဲတင်းခြင်း- လက်တွေ့ စွန့်စားရဲခြင်း နှင့် ဆိုင်သော ၃-တန့်ဘာဝ သခင် (ဗုဒ္ဓဟူး) သည် ဇာတာရှင်၏ အောင်မြင်ခြင်း နှင့် တိုးတက် ခြင်းနှင့် တိုက်ရိုက် ပတ်သက် နေသော တနင်္ဂနွေအား အံသာ အားဖြင့် လွန်စွာ နီးစပ်စွာ ပူးကပ်ထားလိုက်ခြင်းဖြင့်- တနင်္ဂနွေသည် - ၃-တန့် သခင်မှ အင်အားတို့ကို ရလိုက်သလို-

၃-တန့် သခင်သည် လည်း တနင်္ဂနွေ၏ ရောင်ခြည်ကို ရလိုက်ပါ၏။

ဒါတင်ပဲလား- မဟုတ်သေးပါ။

တနင်္ဂနွေသည်- ဆိုင်သော ၃-တန့်ဘာဝ သခင် (ဗုဒ္ဓဟူး) ပိုင်ဆိုင်ရာ မေထုန် န၀င်းကို စီးနင်းထား၍- လဂ်သခင် တနင်္လာပိုင်သော ရောဟဏီ နက္ခတ်နှင့် ယှဉ်ထား၏။

အောင်မြင်ခြင်း၊ ကြီးပွားလိုခြင်း နှင့် ရဲတင်းခြင်းတို့သည်- အပြန်အလှန် အကြောင်းပြုနေသော တရားများ ဖြစ်သောကြောင့်လည်း- တနင်္ဂနွေသည် အင်္ဂါပိုင် မိဿ ရာသီတွင် ဥုစ်ရသည်ဟု ဆိုကြရခြင်း ဖြစ်ပါ၏။
ရလိုခြင်း၊ အောင်မြင်ခြင်း၊ ရဲတင်းခြင်းများ အပြန်အလှန် လွှမ်းမိုး ပါတ်သက်နေခြင်း တို့သည်- ကမ္ဘာပေါ်တွင် တိုးတက်သော နိုင်ငံကြီးတွင် လူဖြစ်လာသူ တစ်ဦးအား ထိပ်ဆုံးသို့ ပို့ပေးနိုင်စေတတ်သော အကြောင်း အချက်တစ်ခု ဖြစ်နေပါ၏။



မည်သည့် အလုပ်ကို လုပ်ကိုင်ခြင်းဖြင့် အောင်မြင်လာရပါသနည်း။

ကမ္မဘာဝ ခေါ် အလုပ်အကိုင်ကို ဖေါ်ပြသော ၁၀-တန့် သခင်သည် အင်္ဂါ ဖြစ်ကာ- ၄င်းသည် လိင် နှင့် ဆိုင်သော၊ လျှို့ဝှက်မှုများ နှင့် ဆိုင်သော ၈-တန့် တွင် တည်ထားပြီး၊ ၄င်းအား သရုပ်ဆောင်ခြင်း၊ လှည့်ဖျားခြင်းတို့ကို တာဝန်ယူသော ရာဟုမှ ၉-တန့် အမြင်ဖြင့်- ၇၃% လွှမ်းထား၏။
အလှအပ၊ အနုပညာနှင့် ဆိုင်သော သောကြာသည်- ၁၀-တန့် ဘာဝ ခေါ် အလုပ်အကိုင် ကမ္မ ဘာဝ တွင် တည်ထား၏။ ဥစ္စာ စည်းစိမ် ရရှိနိုင်မှု နှင့် သက်ဆိုင်သော ၄-တန့် သခင် အဖြစ်ကိုလည်း သောကြာမှ တာဝန်ယူထား သေး၏။
၎င်း ၄-တန့်သခင် သောကြာသည် သောကြာပိုင် ပြိဿန၀င်းကို စီးနင်းထား၏။
ဤအချက်များက ဇာတာရှင် အနေဖြင့်- လှပခြင်း၊ ဆွဲဆောင်မှု ရှိခြင်း လူတို့အား တပ်မက်စေနိုင်ခြင်းများကို ဖြစ်စေသော်လည်း---
  • သောကြာသည် ၄င်းပိုင် ဘာဝ နှင့် တည်ရာ ဘာဝ တို့အား ဂြိုဟ်ဆိုးများ၏ လွှမ်းမိုး ဖျက်ဆီးခြင်း ခံထားရခြင်းကြောင့်- အင်အား ကင်းမဲ့သွား၏။
  • ၈-တန့် သခင် စနေသည် ဥုစ်ရထားခြင်းက- လိင်ဆွဲဆောင်မှုကို အားကောင်း စေသော်လည်း- ၄င်းတည်ရာနှင့် ၄င်းပိုင်ရာ ဖြစ်သော ၄-တန့် နှင့် ၈-တန့်တို့အား ၇၄% ဖြင့် လွှမ်းမိုးထားသော အမှောင်လွှမ်းသည့် ရာဟု အနေအထားသည်- မတော်မတရား ပြုခြင်း ခံရတတ်သည့် အခြေအနေ တစ်ခုသို့ ပို့ဆောင်ပေးထား၍- အင်အားနည်းသော သောကြာ နှင့် တွဲဘက်နေသော ဇာတာရှင် အတွက်- မတော်မတရား ပြုခြင်း ခံရတတ်သော အနေအထားသည် ပုံပေါ်လာသော အဆင့်သို့ ရောက်လာပါတော့၏။ 
အဓမ္မပြုကျင့် ခံကြရသူများ၊ အချစ်နှင့် ကာမကို လိမ်လည် ခံရသူများ၊ ကလေးငယ် ဘ၀တွင် မတော်တစ်ရော် ကြုံတွေ့ရတတ်သူများတွင်- သောကြာ နှင့် ၈-တန့်၊ ရာဟု တို့၏ အခြေအနေ တို့သည် ဆက်စပ် ပတ်သက်၊ ပျက်စီး နေတတ်ကြခြင်း ကို များစွာ တွေ့ရပါ၏။

နောက်ဆုံးတွင်တော့- အသက် အရွယ် ၃၆-နှစ်၊ အရွယ်ကောင်း အောင်မြင်ချိန်၊ လှပဆဲ အချိန်တွင် လူ့လောကမှ ထွက်ခွာခဲ့ရခြင်းကို လေ့လာကြမည် ဆိုပါအံ့။

မူလ ဇာတာတွင်-
လဂ်သခင် တနင်္လာသည် အင်အား အတန်ငယ် သာရှိ၏။ အသက်ကို စောင့်ရှောက်သော အင်္ဂါသည် ၈-တန့်တွင် ရပ်တည်ရုံမျှ မက- အနှုတ် အင်အားလည်း ပြနေသကဲ့သို့- ရုတ်ချည်း ဖြစ်ရပ်များကို ဖြစ်စေသည့် ရာဟု၏ ဖျက်ဆီးခြင်း ကိုလည်း ခံထားရ၏။

အသက်ရှည်ခြင်း အတွက် အရေးကြီးသည့်- စနေသည် လည်း အနှုတ်ပြနေသည့် အပြင်၊ ရာဟု၏ အမြင် ၆၅% ရထား၏။ ဤနေရာတွင် ဥုစ်ရ၍ အင်အားကြီးသည်၊ မိတ်ရာသီတွင် ရပ်၍ အင်အားရှိသည် ဆိုသော အယူအဆ များကို ဆင်ခြင် ကြရန် သတိပေးလိုပါသည်။ (ဥုစ်များစွာ ရထားပြီး၊ ဒုက္ခရောက် နေသော ကလေးငယ် ၏ ဇာတာကိုလည်း ဆောင်းပါး တစ်ပုဒ်တွင် ရေးထားခဲ့ပြီး ဖြစ်ပါသည်။)

အထက်ပါ အခြေအနေများသည် အသက်ရှည်နိုင်ခြင်း အား ကြီးကျယ်စွာ ဖျက်ဆီးထားသော အနေအထားတွင် ရှိနေ၏။

သေဆုံးချိန်ကို လေ့လာသော အခါတွင်-

မွန်ရိုး သေဆုံးသည့် 05/08/1962 နေ့သည်- ကြာသပတေး ထူလ၊ အင်္ဂါ အန္တရ၊ တွင်- ရာဟု ပြတန္တရ သို့ စတင်ဝင်ရောက်သော နေ့ ဖြစ်သည်။

အရေးအပါဆုံး ဖြစ်သည့် အန္တရ ဒဿာ ပိုင်ရှင် အင်္ဂါသည် အနှုတ် ၁၄၈ အင်အား ဖြစ်နေပြီး၊ မူလ ဇာတာရှိ ရာဟုမှ ၇၃% ဖြင့်လွှမ်းထားခြင်း ခံရသော အနေအထား ရှိ၏။

ထူလ ဒဿာ ပိုင်ရှင် ကြာသပတေးမှာမူ- အာရီ ဘာဝ (၆-တန့်) သခင် ဒုဌာန ပိုင်ရှင် ဖြစ်၏။ (မိုးတား စနစ်တွင်- ကြာသပတေးအား ၉-တန့် သခင် အဖြစ်မယူပါ၊ မူလ တြိဂေါဏ အိမ်ရှင် ၆-တန့် သခင် အဖြစ်ကိုသာ သုံးစွဲပါသည်။ မှတ်ချက်)

အောက်တွင် ဖေါ်ပြထားသည်မှာ ဒဿာ အပြောင်းအလဲ နေ့စွဲပင် ဖြစ်ပါ၏။
ဒဿာ အနေအထားသည် ကား- ဆိုးရွားသော အခြေအနေ သို့ လမ်းဖွင့်ပေးထားလိုက်ပြီ ဖြစ်ပါသည်။



ဆက်လက်၍ ကောဇာ အနေအထားကို လေ့လာကြပါအံ့။


ဇယားတွင် မြင်ကြရသည့် အတိုင်း- ၆-တန့် သခင် ကောဇာ ကြာသပတေး နှင့် တကွ၊ ကောဇာ ရာဟု နှင့် ကောဇာ ကိတ်တို့ပါ ပေါင်းဆုံလျှက်- ဇာတာရှင်၏ ဘာဝ အားလုံး ကို ဖျက်ဆီးထားလိုက် သကဲ့သို့- ပျက်ဆီး ဆုံးရှုံးခြင်းကို ဖြစ်စေသည့် ကောဇာ ကိတ်သည် မူလ တနင်္ဂနွေ နှင့် ဗုဒ္ဓဟူး တို့အား တိုက်ခိုက်လွှမ်းမိုး ဖျက်ဆီးထားခြင်းကို မြင်ရပါ၏။



ကြာသပတေးသည် ပင်ကိုယ်အားဖြင့် သောမဂြိုဟ်ပင် ဖြစ်သောငြားလည်း- ဒုဌာန သခင် ဖြစ်ခြင်းအားဖြင့် ကြီးကျယ်သော ဖျက်ဆီးခြင်းကို ဖြစ်စေနိုင်သည်ကိုလည်း သိထားခြင်း အားဖြင့်- ကြာသပတေး ကောင်း အပြစ်တစ်သိန်း ငြိမ်းသည် ဟု ဆိုကြခြင်း၊ ဥုစ်ရသော စနေကြောင့် အသက်ရှည်မည် ဟု ဆိုကြခြင်းတို့ကို သတိချပ်သင့်လှပါတော့သည်။

လှပမှု၊ ဆွဲဆောင်မှုများဖြင့် တပ်မက်ခြင်းများစွာ ကို ဖြစ်စေခဲ့သော အလှပိုင်ရှင် ရုပ်ရှင် မင်းသမီး မွန်ရိုး၏ ဇာတာမှ ဘ၀သင်ခန်းစာ များစွာကို ရယူနိုင်ကြပါစေ။

ချောမော လှပခြင်း ဟူသည် ကောင်းမွန်သော ဖြစ်ရပ် ဖြစ်သော်လည်း- ထိန်းသိမ်း နိုင်စွမ်း မရှိခဲ့လျှင်- မိမိ၏ အလှ ကပင် မိမိအား ဒုက္ခ ပြန်ပေးတတ်သကဲ့သို့- မိမိတို့၏ အစွမ်း၊ မိမိတို့၏ ပိုင်ဆိုင်မှု တို့သည်လည်း- မိမိတို့ အား ဒုက္ခပြန်ပေးတတ်သော အရာများ ဖြစ်သည်ကို သတိပြုနိုင်ကြပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment