Wednesday, September 14, 2011

အကြွေစောတဲ့ ကြယ်တစ်ပွင့်။ ပေါ့ပ် နှင့် ရော့ခ် တေးဂီတ ပညာရှင် Marc Bolan


မကြာခင် ရောက်ရှိတော့မည့် စက်တင်ဘာလ ၁၆-ရက်နေ့သည်ကား- လူငယ် အနုပညာရှင် Marc Bolan လူ့လောကမှ ထွက်ခွာသွား ခဲ့သည့် ၃၄ -နှစ်မြောက် ကာလ ဖြစ်ပါသည်။
  • သူသည် စက်တင်ဘာလ ၃၀-ရက် ၁၉၄၇ တွင် လူ့လောကသို့ ၀င်ရောက်လာခဲ့၏။
  • သူသည် စက်တင်ဘာလ ၁၆-ရက် ၁၉၇၇ တွင် လူ့လောက မှ ထွက်ခွာသွားခဲ့၏။ အသက် ၃၀ ပြည့်ရန် ၂-ပတ် အလို ဖြစ်၏။
  • သူသည် တေးသီချင်း ရေးသားသူ ဖြစ်၏။
  • သူသည် ဂစ်တာ တီးခတ်သူ၊ ကဗျာ ရေးစပ်သူလည်း ဖြစ်၏။
  • ကမ္ဘာကျော် တေးဂီတ ဖြစ်သော “တီရက်စ် T. Rex” တေးဂီတ တွင် ဦးဆောင် ဖျော်ဖြေသူ၊ အဆိုတော်၊ ဂစ်တာ သမား ဖြစ်၍- ထိုစဉ်က ကမ္ဘာကျော် ရော့ခ် တေးဂီတ တီးဝိုင်းဖြစ်သော “တီရက်စ် T. Rex” ကို တည်ထောင် ခဲ့သူလည်း ဖြစ်၏။
နောက်ခေတ် လူအများက သူ့ကို သိပ်မသိကြသော်လည်း- ထိုခေတ်ကို မှီခဲ့သော၊ သူ့ အနုပညာကို ချစ်ခဲ့ကြသော ပရိဿတ် တို့အတွက် မှာမူ သူသည် မမေ့ နိုင်စရာ ဖြစ်ပါ၏။

ထူးဆန်းတာလေး တစ်ခုတော့ ရှိပါ၏။ 
  • သူမသေဆုံးခင် ၃-ရက်က မာ့က် Marc Bolan နှင့် ဒေးဗစ် ဘိုးရီး David Bowie (နာမည် ကြီး ဗြိတိသျှ အဆိုတော် တစ်ဦး) တို့ နှစ်ဦးသား သည် မာက့် Marc အတွက် ဘီဘီစီ BBC စီးရီး သွင်းနေသော စတူဒီယို တွင် အတူ တီးမှုတ် သီဆိုခဲ့ကြ၏။ ထိုတီးမှုတ်ပွဲတွင် - စတိတ်ခ်ျ စင်မြင့် သည်- သူတို့ နှစ်ဦး အတွက် မလုံလောက်တော့ ဟု ပင် ဆိုရမလား မသိ၊ မာက့် အနေဖြင့် စတိတ်ခ်ျ စင်မြင့် အစွန်းသို့ ရောက်ခဲ့ပြီး ပြုတ်ကျခဲ့၏။ ဤသည်ကပင်- မာ့က် တစ်ယောက် စင်ပေါ်မှ ဆင်းရတော့မည် ဆိုသည်ကို ဖေါ်ပြနေသော နိမိတ်လေလား တော့ မသိ။
  • ဒေးဗစ် ဘိုးရီး သည် ဤကိစ္စ မတိုင်ခင် ကာလ တစ်ခုက- လက္ခဏာ ဆရာတစ်ဦးထံတွင် လက္ခဏာ ကြည့်ခဲ့သည် ဟု ဆိုပါ၏။ ထိုလက္ခဏာ ဆရာမှ ဖတ်ကြား ခဲ့သည်မှာ ဒေးဗစ် ဘိုးရီး David Bowie၊ ဂျီမီ ဟန်းဒ်ရဇ် Jimi Hendrix နှင့် မာ့က် ဘိုလန် Marc Bolan တို့ ၃-ဦး အနေဖြင့်- လူ့ဘောင် လောကတွင် နှစ် ကာလ အနည်းငယ် မျှသာ နေကြမည့် ကံကြမ္မာ ရှိသည်ဟု ဆိုပါသည်။ ထိုစဉ်က ဂျီမီ ဟန်းဒ်ရဇ် တစ်ယောက် ဆုံးပါး ခဲ့ပြီး ဖြစ်ပါ၏။ သိပ်မကြာခင် ကာလတွင်ပင် မာ့က် တစ်ယောက် ပါ သေဆုံးသွားချိန်မတော့ သွေးပျက် တစ်မျှ ကြောက်လန့် ခဲ့ရသူမှာ ဒေးဗစ် ဘိုးရီး David Bowie ပင် ဖြစ်ပါတော့၏။ သို့သော် ကံကြမ္မာက ဘယ်လို ဖြစ်သွားသလဲတော့ မသိ- ဒေးဗစ် ဘိုးရီး တစ်ယောက်ကတော့ ယခု အချိန် အထိ သက်ရှိထင်ရှား ရှိနေပါ သေးသည်။ ဘာပဲ ပြောပြော -Final Destination ရုပ်ရှင် များထဲက အတိုင်း တော့ မဟုတ်ကြဟုပင် ဆိုရမည်လား မသိ။
အောင်မြင်တဲ့ အနုပညာရှင် ဘ၀ နှင့် နက္ခတ္တ အမြင်။
အထက်မှ ဖေါ်ပြခဲ့သော ဇာတာကိုပင် စက်ဝိုင်းပုံ ဇာတာ အနေဖြင့် ပြန်လည် ဖေါ်ပြထားခြင်း ဖြစ်၏။
သို့ရာတွင် ထန်းဖူး ဇာတာများကဲ့သို့ မိဿ ရာသီကို အပေါ်ဆုံးမှ စတင်ရေးဆွဲခြင်း မပြုပဲ၊ အနောက်တိုင်း ဇာတာ ပုံစံများကဲ့သို့- နေထွက်ရာ မျဉ်း (လဂ်) ကို ဘယ်ဘက် မှ စတင် ဖေါ်ပြထားသည်။ ဤပုံစံ အားဖြင့် မည်သည့် ဂြိုဟ်များသည် မိုးကုတ် စက်ဝိုင်း အပေါ်တွင် တည်နေသည်။ မည်သည့် ဂြိုဟ်များသည် မိုးကုတ် စက်ဝိုင်း အောက်တွင် တည်နေသည်ကို သိနိုင်သည်သာ မက- ဂြိုဟ်များ စုစည်း တည်ဆောက်ပုံကိုပါ ပို၍ လွယ်ကူစွာ မြင်နိုင်ပါသည်။ ထိုသုံးသပ်ချက်များကို ဤဆောင်းပါးတွင် ဖေါ်ပြခြင်း ပြုမည် မဟုတ်ပဲ- မိုးတား သင်တန်း ပထမဆင့် အောင်မြင်သူများ ကိုသာ ပို့ချပေးပါသည်။
အောင်မြင်ခြင်းကို သရုပ်ဖေါ်သည့် တနင်္ဂနွေသည်-
ဘ၀ နှင့် အလုပ်အကိုင်ကို ဖေါ်ပြသည့် ၁၀-တန့် ဘာဝ ၏ သခင် အဖြစ်ဖြင့်- လာဘ ဘာဝ ဖြစ်သော ၁၁-တန့်တွင် တည်သည်။ ရာသီ အားဖြင့် မိတ်ရာသီတွင် တည်လျှက်- မိုးတား တွက်ချက်နည်းများ အရ ၇၇% အင်အား ရရှိထား၏။ ၄င်းအား တနင်္လာ မှ ၇-တန့် အမြင်ဖြင့် ၈၈% လွှမ်းမိုး ထောက်ပံ့ ထားသေး၏။ တနင်္လာသည် ၅-တန့်ဘာဝတွင် တည်သော ၉-တန့် သခင်ဖြစ်၏။ ကောင်းသော တနင်္လာ အနေဖြင့် ဘ၀ အောင်မြင်မှု၊ အလုပ် အကိုင် နှင့် ဆိုင်သော တနင်္ဂနွေအား ကောင်းစွာ ထောက်ပံ့ခြင်းဖြင့်- ဇာတာရှင်သည် အများ၏ ချစ်ခင်မှု၊ စန်းပွင့်သည် ဟု ဆိုရသော ပရိဿတ် ထောက်ခံမှု ကို ရရှိသော အလုပ်အကိုင် ဘ၀ အခြေ အနေ ဖြစ်နိုင်စရာ အခြေအနေကို ရည်ညွှန်းထား၏။

၁၀-တန့် သခင် အနေဖြင့်- သောကြာပိုင် န၀င်းကို စီးနင်းထားခြင်းက- အနုပညာနှင့် ဆိုင်သော လုပ်ငန်း၊ အောင်မြင်မှု ကိုအခြေ အနေ ပေးသော ဖြစ်ရပ် တစ်ခုလည်း ဖြစ်ပါ၏။ ထိုမျှ မကသေး- ၁၀-တန့် သခင် တနင်္ဂနွေသည် တနင်္လာပိုင် သော ဟဿတ နက္ခတ်နှင့်လည်း ယှဉ်ထား၏။ ဇာတာရှင်၏ အောင်မြင်မှု၊ အများ၏ ထောက်ခံမှု၊ အလုပ်အကိုင်၊ အနုပညာတို့ ဆက်စပ် နေပုံကို မြင်လာရ၏။
တနင်္လာသည်-
သဘာဝ တာဝန် အားဖြင့် ဇာတာရှင်၏ စိတ်၊ ခံစားမှု နှင့် အများ၏ ချစ်ခင် ထောက်ခံမှုကို တာဝန်ယူသော ဂြိုဟ်ဖြစ်၏။ ယခု အခါ ၉-တန့် ဘာဝ သခင် အဖြစ်ဖြင့် ၅-တန့်တွင် ရပ်တည်၏။ မိတ်ရာသီတွင် ရပ်ထား၏။ အင်အား အနေအထားအားဖြင့် အကောင်းဆုံး ဂြိုဟ်ဖြစ်ကာ ဤဇာတာတွင် ၉၆% ရထား၏။ ကောင်းသော ကာရက တာဝန်ကို ယူထားသည့် တနင်္ဂနွေ၏ သမသတ် အမြင် ၈၈% ကိုလည်း အပြန်အလှန် ရထား၏။ အများ၏ ချစ်ခင်မှု ထောက်ခံမှု စန်း အနေအထားကောင်းသော အခြေအနေကို ပြဆိုနေ၏။
သို့သော် ၄င်းအား ဆုံးရှုံးခြင်း တို့ကို တာဝန် ယူသော ၁၂-တန့် ဘာဝ (ဗျာယ ဘာဝ) သခင် သောကြာ မှ သမသတ် အမြင် ရထား၏။ ဤဇာတာတွင် သောကြာသည် ဂြိုဟ်ဆိုး ဖြစ်၏။ တစ်ဖန် သောကြာသည် မော်တော်ယာဉ် နှင့် ခရီးသွားလာ ခြင်းကို သဘာဝ တာဝန်ယူထားသော ဂြိုဟ်လည်း ဖြစ်၏။
ဆက်လက် စစ်ဆေးသော အခါ- 
  • ဤဇာတာတွင် ၁-တန့်ဘာဝ သခင် မရှိသောကြောင့်- ၁-တန့်ဘာဝ ကိုယ်တိုင် နှင့် ၁-တန့်ဘာဝ တွင် ရပ်တည်သော ဂြိုဟ်တို့လည်း စစ်ဆေးကြည့်ရန် လိုပါ၏။ ၁-တန့်ဘာဝ ၏ အလယ်မှတ်အား နှောက်ယှက် ဖျက်ဆီးသော အနေအထား မရှိသလို၊ ထောက်ပံ့ ကူညီသော ဂြိုဟ်လည်း မရှိပါချေ။
  • အခြေအနေ ဆိုးသွား သည်က- ၁-တန့် ဘာဝတွင် လာရောက် ရပ်တည်နေသည့် ကြာသပတေး ဖြစ်၏။ ကြာသပတေးသည် ရာဟုနှင့် ကိတ်တို့၏ စုပေါင်း ထိုးနှက် ခြင်း ပမာဏ ၁၉၅% အထိ ရထားသည့် အပြင် ၄င်း အနေဖြင့် တောင့်ခံနိုင်သည့် အင်အားမရှိ။ စုစုပေါင်း အင်အား အနေအထား အားဖြင့် ၅၆% သာ ရထား၏။
  • အသက်ကို စောင့်ရှောက်ရမည့် အင်္ဂါသည် နိစ်ရာသီတွင် တည်နေသည် သာမက- အင်အားမှာလည်း ၃၄% မျှသာ ရှိ၏။ အသက်ရှည်မှုကို တာဝန်ယူသော စနေသည် လည်း အလွန် အားနည်း၏။ ၃၂% သာရှိ၏။
  • အသက်အန္တရာယ် ကို ကာကွယ်ရမည့် ၃-တန့် ဘာဝ၏ အလယ်မှတ် သည် မတော်တစ်ဆ ဖြစ်ခြင်းကို အစိုးရသော ၆-တန့် သခင်လည်း ဖြစ်၊ သွေးထွက် သံယို ကိစ္စများကို တာဝန်ယူသော ဂြိုဟ်ဆိုး အင်္ဂါ၏ လွှမ်းမိုးမှုကို ၇၁% အထိ ရထား၏။ ထိုဂြိုဟ်ဆိုး ဖြစ်သော အင်္ဂါသည် ဇာတာရှင်၏ ၃-တန့်၊ ၄-တန့်၊ ၉-တန့်၊ နှင့် ၁၂-တန့် ဘာဝများကို တစ်ပြိုင်တည်း ဖျက်ဆီးထား၏။
  • အထက်ပါ အခြေအနေတို့သည် အသက် အန္တရာယ် အတွက် စိုးရိမ်ရသော အနေအထားများ ဖြစ်နေ၏။
  • မော်တော်ယာဉ် နှင့် ခရီးသွားလာရေးကို တာဝန် ယူသည့် နိစ်ရာသီတွင် တည်နေရုံမျှ မကသေး- အင်အားမှာလည်း အနှုတ်ပြနေ၏။
 ဤအချက်များ အနေဖြင့် ဘာကို ဆိုလိုနေပါသနည်း။ အဖြေမှာ ရှင်းသည်ထက် ရှင်းလာပါ၏။  
  
မထင်မှတ်တဲ့ ဘ၀ တစ်ကွေ့။
မိသားစု အတူတကွ စားသောက်ပြီး ပြန်လာခဲ့သည့် စက်တင်ဘာလ ၁၆-ရက်နေ့ နံနက် စောပိုင်း သည်ကား- မာ့က် ဘိုလန် တစ်ယောက် လူ့လောက မှ အပြီးတိုင် ထွက်ခွာသွားသည့် နေ့ဖြစ်သည်ဟု မည်သူမျှ မထင်မှတ်ထားပါချေ။ (မှတ်ချက်- အချို့သော ဆိုက်ဒ်များတွင် စက်တင်ဘာလ ၁၆-ရက် ည ဟု မှားယွင်းစွာ ဖေါ်ပြကြ သော်လည်း- ထိုစဉ်က သတင်းစာကို မှီငြမ်း ထားသည့် http://progressivevalues.blogspot.com/2009/07/death-cars-of-stars-austin-mini-1275-gt.html တွင်မူ ပိုမို မှန်ကန်စွာ ဖေါ်ပြထားခြင်း၊ မိုးတား တွက်ချက်နည်း အရ- အင်္ဂါဂြိုဟ်၏ အမြင် ၅-ဒီဂရီ အတွင်း ဖြစ်ရန် ပြန်လည် စိစစ် ထားခြင်း တို့ကြောင့်- နံနက် ၂း၀၀ မှ ၃း၀၀ အကြားတွင် ဖြစ်မည် ဟု တွက်ချက် ရရှိပါသည်။ သတင်းစာ ဖေါ်ပြချက် အရ နံနက်ခင်း စောစောပိုင်း ၄-နာရီ မတိုင်မီ ခန့်ဟု ဖေါ်ပြထားချက် နှင့်လည်း နီးစပ် ကိုက်ညီ ပါသည်။)
သူ၏ မိန်းကလေး ချစ်သူ ဂလိုရီယား ဂျူန်း၊ ၂-နှစ် အရွယ်သားငယ် နှင့် တကွ အော်စတင် မီနီ ကားငယ် လေးဖြင့် ပြန်လာခဲ့ကြရာတွင် ကားမောင်းသူ ဂျုန်း အနေဖြင့် ကားကို မထိန်းနိုင်ပဲ သစ်ပင်နှင့် ၀င်တိုက် မိခဲ့ရာမှ- မာ့က် ဘိုလန် တစ်ယောက် ပြင်းထန်သော ဒဏ်ရာများစွာဖြင့် ပွဲချင်းပြီး ဆုံးပါးခဲ့ရပါသည်။
အမှန်တော့လည်း မာ့က်ဘိုလန် နှင့် နီးစပ်သူများ ကံဆိုးတတ် လေသလား၊ သက်တမ်းတို ကြသလား ဟုပင် ပြောစရာ ဖြစ်ပါ၏။
  • မာ့က် ဘိုလန် နှင့် အတူ “တီရက်စ် T. Rex” တေးဂီတ ကို ထူထောင်ခဲ့သူ စတိဗ် တွခ် Steve Took သည် ၁၉၈၀ နှစ်တွင် အစာနင်ပြီး ရုတ်တစ်ရက် သေဆုံးခဲ့သည်။
  • ၁၉၈၁-တွင် “တီရက်စ် T. Rex” တေးဂီတ အဖွဲ့ဝင် စတိဗ် ကာရီ Steve Currie သည် ပေါ်တူဂီ နိုင်ငံ မော်တော်ယဉ် မတော်တစ်ဆမှု နှင့် သေဆုံး ရပြန်သည်။
  • သူ၏ မိဘ နှစ်ပါး စလုံးသည် ၁၉၉၁ တွင် သေဆုံးခဲ့သည်။
  • မာ့က် ဘိုလန် ၏ ဇနီး ဟောင်း ဖြစ်သူ ဂျွန် ဘိုလန် June Bolan၊ သူ၏ မန်နေဂျာ တိုနီ ဆီကွန်ဒါ၊ တိုနီ၏ ဇနီးဟောင် ဖြစ်သူ ချဲလီတာ တို့သည် သက္ကရာဇ် ၁၉၉၄၊ ၁၉၉၅၊ ၂၀၀၀ တို့တွင် နှလုံး ရောဂါဖြင့် အသီးသီး သေဆုံးခဲ့ကြသည်။
  • သူ၏ ထုတ်လုပ်သူ မူရီရယ် ယန်း၊ သူ၏ မန်နေဂျာ တစ်ဦးဖြစ်သူ တိုနီ ဟောင်ဝဒ်၊ မိန်းကလေး ချစ်သူ ဂျုန်း၏ အကို ရစ်ချတ် ဂျုန်း၊ နှင့် သူငယ်ချင်း ဖြစ်သူ ဂျိုရေး ရာမွန် တို့ ၄-ဦးသည် ၂၀၀၁ ခုနှစ်တွင် ဆက်တိုက် သေဆုံးခဲ့ကြသည်။
  • အခြားခြားသော များစွာတို့ ရှိပါသေးသည်။ ဆက်လက် မဖော်ပြတော့ပါ။
ဇာတာ ဆန်းစစ်ချက် အရ။
ဤရက်ပိုင်း ကာလသည် သောကြာ ထူလ၊ တနင်္လာ အန္တရ၊ ရာဟု ပြတန္တရ ကာလ ဖြစ်၏။
သောကြာသည် ၁၂-တန့်သခင် ဖြစ်ကာ၊ ဆုံးရှုံးခြင်းကို တာဝန်ယူထား၏။ တနင်္လာသည် အင်အားကောင်းသော်လည်း မူလ ဇာတာတွင် သောကြာ၏ ဖျက်ဆီး ထားမှုကို ခံထားရ၏။ ရာဟု သည်
မမျှော်လင့်သော ဖြစ်ရပ်များကို ဖြစ်စေသော ဂြိုဟ် ဖြစ်၏။
ဒဿာ အနေအထားအားဖြင့် ကောင်းသော ကာလ မဟုတ်သည် ကတော့ သေချာပါပြီ။ မကောင်းသော ကောဇာတို့၏ အနေအထားကို တောင့်ခံ နိုင်သော ဒဿ မဟုတ်ပါချေ။
ကောဇာ ဆန်းစစ်ကြမည် ဆိုပါက- (မလိုအပ်သော ရှုပ်ထွေးမှုများ မဖြစ်စေရန် အတွက်၊ ယူရေးနပ်စ်၊ နက်ပ်ကျွမ်း၊ ပလူတို တို့ကို မသုံးသပ်ပါ။) 
  • မတော်တစ်ဆမှု ၆-တန့် နှင့် သွေးထွက်သံယိုမှုကို တစ်ပြိုင်တည်း တာဝန်ယူထားသော ကောဇာ အင်္ဂါသည် မူလ တနင်္ဂနွေအား ၉၀% ဖြင့် လွှမ်းမိုး တိုက်ခိုက် ထား၏။
  • မော်တော်ယဉ်၊ ခရီးသွားလာခြင်းကို ကိုယ်စားပြုသော သောကြာ၊ တစ်နည်းအားဖြင့် ဆုံးရှုံးမှု ၁၂-တန့် သခင်လည်း ဖြစ်သော မူလ သောကြာအား ကောဇာ ရာဟု နှင့် ကိတ်တို့မှ စုစုပေါင်း အင်အား ၁၉၄% ဖြင့် လွှမ်းမိုးလိုက်၏။ သောကြာသည် မူလကပင် အနှုတ် အင်အား ပြနေသော ဂြိုဟ်ဖြစ် သဖြင့်- ထိုဂြိုဟ်ဆိုးများ လွှမ်းမိုးမှုကို တားဆီး နိုင်သော အင်အား မရှိပါချေ။
  • အသက်ရှည်မှု အတွက် အရေးပါသော မူလ စနေ ဂြိုဟ် အား ၁၂-တန့် သခင် ကောဇာ သောကြာမှ ၈၇% ဖြင့်လည်းကောင်း၊ ကောဇာ ကိတ်မှ ၆၉% ဖြင့် လည်းကောင်း တစ်ပြိုင်တည်း တိုက်ခိုက်ထား၏။ မူလ စနေသည်လည်း ပင်ကိုယ်ကပင် အားမရှိသည်ကို အမှတ်ရပါ။
  • ယခင်ကပင်- မူလ ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးခြင်း ခံထားရသော ၃-တန့် ဘာဝ အလယ်မှတ် အား မတော်တစ်ဆ အန္တရာယ် နှင့် သွေးထွက် သံယို တာဝန်ခံ ကောဇာ အင်္ဂါသည် ၆၀% ဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်ပါသည်။
  • ထိုမျှ မကသေး- ထို ကောဇာ အင်္ဂါသည် ပြင်းထန်သော မတော်တစ်ဆမှု နှင့် အသက် အန္တရာယ်ကို ကိုယ်စားပြုသည့် မရဏ ဘာဝ ခေါ် ၈-တန့်၏ အလယ်မှတ် အား တစ်ဆက်တည်း ထိုးနှက် ပစ်လိုက်ပါ၏။
  
ကံကြမ္မာ၏ ရိုက်နှက်ချက်တို့သည်ကား ပြင်းထန်ပါ၏။ မူလက အင်အားမရှိသော ဂြိုဟ်တို့သည်- ကောဇာ လွှမ်းမိုးမှုတို့ကြောင့် ဖြစ်လာသော အဆိုးဓါတ် အင်အားတို့ကို တောင့်ခံနိုင်ခြင်း မရှိခြင်းသည်- ဇာတာရှင်၏ အသက်၊ ဘ၀ ကို အဆုံးသတ် ပေးလိုက်ခြင်းပင် ဖြစ်တော့၏။
ဥပစ္ဆေဒက ကံဖြင့် သေဆုံးခြင်းသည်ကား- ကောင်းသော နှုတ်ဆက် ခွဲခွာခြင်း မဟုတ်ပါပေ။ ဥပစ္ဆေဒက ကံဖြင့် သေဆုံးခဲ့ရသော အခြားသော ဇာတာများကိုလည်း အောက်ပါ ဆောင်းပါးများတွင် ရေးသားခဲ့ပြီး ဖြစ်သောကြောင့် သွားရောက် လေ့လာ ဖတ်ရှုနိုင်ပါသည်။
အားလုံး ချမ်းမြေ့ကြပါစေ။

[+/-] show/hide this post

No comments:

Post a Comment