လွန်ခဲ့သော နှစ် ၆၀ ကျော် ကျော် ၀န်းကျင်ကာလ ခန့်က၊
တိုက်ဂရစ် မြို့ အနီးရှိ အယ်လ် အူဂျာ ဆိုသော ရွာကလေး တစ်ရွာတွင်- အသက် ၁၀- နှစ် အရွယ် ကလေး ငယ် တစ်ယောက်သည် ဘယ်နေရာ သွားသွား သူ့ကိုယ်သူ ကာကွယ် နိုင်ရန် သံပိုက်လုံး တစ်ချောင်းကို လက်တွင် မြဲမြဲ ကိုင်ဆောင်လျှက်- ဘခင်မဲ့ သူငယ် အဖြစ် လမ်းပေါ်တွင် ကျင်လည် ခဲ့ရ ပါသည်။
ဘခင် မှ ပေးအပ်သော ဘ၀ လုံခြုံမှု တို့ဖြင့် ကြီးပြင်း လာခဲ့ရမည့် အနေအထားကို အသာထား- ဘခင်ကို တွေ့မြင်နိုင် ဘူးသည့် အခွင့်အရေး ကိုပင် သူ မရရှိခဲ့။
လူ့လောက မှပင် ထာဝရ ထွက်ခွာ သွားသည်လား၊ သား နှင့် ဇနီးကို စွန့်ပစ်သွား သည်လား- မသေချာ သည့် ခင်ပွန်း မရှိတော့သည့် နောက်တွင်- အားနွဲ့သူ မိခင် အနေဖြင့်- ခိုကိုးရာ ဖြစ်လို ဖြစ်ငြား- နောက် အိမ်ထောင်ပြု မိလိုက်ပြန်တော့လည်း- ပထွေးဖြစ်သူ အီဗရာဟင် အယ်လ် ဟတ်ဆန်က သားငယ် ကိုပင် သူလိုချင်တာ အတွက် ခိုးခိုင်းခဲ့သူ တစ်ဦး ဖြစ်ပြန် ပါ၏။
ဘခင် မရှိ၊ မိခင် ၏ ချစ်မေတ္တာနှင့် လုံခြုံရာမဲ့ ဘ၀တွင်- အားကိုးရာ ဦးလေး ဖြစ်သူမှာလည်း- လူမမယ် ကလေးငယ်ကို ရက်ရက် စက်စက် ရိုက်နှက် နှိပ်စက် တတ်သူ ဖြစ်နေ ပြန်ပါ၏။
သို့ဖြင့်ပင်- သူသည် နိုင်ရာစား လောက၊ ကြီးနိုင် ငယ်ညှင်း ပတ်ဝန်းကျင် တွင်- “အင်အား ရှိမှ၊ လုပ်ရဲမှ လူတွေက မိမိကိုယ် ကြောက်မည်၊ မိမိ အနေဖြင့် ပျော့ညံ့လျှင် အရာ အားလုံးကို အရှုံးပေးလိုက် ရမည်” ဆိုသော ဘ၀ သင်ခန်းစာကို ရင်မှာ ပိုက်လျှက်- အရာရာကို အကြမ်းနည်း ဖြင့် ရင်ဆိုင်ခဲ့ရပါ၏။
“Brighter Than The Baghdad Sun” ဆိုသည့် စာအုပ်- စာမျက်နှာ ၅၄-၅၅ အရ ဆိုလျှင် - ဆက်ဒမ် အသက် ၉-နှစ် အရွယ် သြဂုတ်လ တစ်လ တွင် မိခင် ဖြစ်သူနှင့် အတူ ရှိနေခိုက်- လူ ၃-ဦးမှ မိခင် ဖြစ်သူရော- ကလေးငယ် ဆက်ဒမ် ကိုပါ အဓမ္မပြုကျင့် ခဲ့ကြသည်ဟု ပင် ဆိုပါသည်။ အသံထွက် ငိုယိုလျှင်- အသတ် ခံရမည် ဖြစ်၍ မငိုစေရန် မိခင်က ဆွဲထိန်းထား ခဲ့ရသည် ဟု ဆိုထားပါသည်။
သူ၏ ဘ၀တွင်-
- လက်နက် နှင့် လက်ရုံးရည် သည်သာ မိမိ၏ အသက်ရှင်နိုင်မှု-
- ရက်စက်ခြင်း သည်သာ အောင်မြင်မှုကို ရနိုင်သည့် လမ်းကြောင်း-
- အများတကာကို အကြောက်တရား ဖန်တီး ပေးထားရခြင်းသည်သာ မိမိအတွက် အလုံခြုံဆုံး-
- ပိုင်ဆိုင်မှုတို့ကို ကာကွယ်ရန် အတွက် တရားခြင်း၊ မတရားခြင်းကို ဂရုစိုက်စရာ မလို-
- အသက်ရှင်ချင်လျှင် မည်သူ့ကိုမျှ မယုံနဲ့-
ဤသည်ကား.. ၂၀ ရာစု နှင့် ၂၁-ရာစုတွင် အထင်ရှားဆုံး အာဏာရှင် တစ်ဦးလည်း ဖြစ်၊ ရက်စက် တတ်သူ လူမဆန်သူ တစ်ဦး အဖြစ်လည်း ထင်ရှား ခဲ့သော အီရတ် သမ္မတ ဟောင်း ဖြစ်ခဲ့သူ ဆက်ဒမ် ဟူစိန်၏ ဘ၀ အစပင် ဖြစ်တော့သည်။
သို့ဖြင့်ပင် - အသက်ရှင်သန်ရေး၊ သူထက်သူ အနိုင်ရရေး အတွက် မိမိ အသေခံမလား၊ သူများကို သတ်မလား ဆိုလျှင် - သူများကို သတ်မည့် ဘက်ကို ရွေးခဲ့သူ ဆက်ဒမ်သည်-
- ၁၉၈၀ ခုနှစ်၊ စက်တင်ဘာလ- ၂၂- ရက် တွင် အီရန် နိုင်ငံကို ကျူးကျော် ၀င်ရောက်ခဲ့ခြင်း ဖြင့်- ၈-နှစ်ကြာ အီရန်၊ အီရတ် စစ်ပွဲကြီးတွင် လူပေါင်း သန်း နှင့် ချီ၍ သေကြေ ပျက်စီး စေခဲ့သည်။
- ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ ၈- ရက်တွင် ဘဂ္ဂဒတ် မြို့မှ မိုင် ၅၀ အကွာရှိ ဒူးဂျေး မြို့ကို သွားလည်ခိုက်- ဒါဝါ ပြောက်ကျား အဖွဲ့များက သူ့အား လုပ်ကြံရန် အတွက် သူ၏ မော်တော်ယဉ်တွဲ ကို ပစ်ခတ် ခဲ့သည် ကို လက်တုန့် ပြန်သည့် အနေဖြင့်- ထိုမြို့လေး ရှိ - သန်သန်မာမာ ယောက်ျား ၁၄၀ ကျော် တို့ကို ဖမ်းဆီးခဲ့ကာ လက်စ ဖျောက်ခဲ့သည်။ ကလေးငယ် တစ်ချို့ အပါအ၀င် လူပေါင်း ၁၅၀၀ ကျော်ကို ဖမ်းဆီး၊ နှိပ်စက် စစ်ဆေး ခဲ့ပြီးနောက်- တစ်နှစ်ကျော်ခန့် အကျဉ်းချထား ခဲ့ပြီးနောက်- ထိုသူများအား တောင်ပိုင်း သဲကန္တာရ ရှိ စခမ်းများသို့ နှယ်နှင် ခဲ့သည်။ ထိုမြို့ တစ်မြို့လုံးကို ဘူဒိုဇာ နှင့် ထိုး၍ ဖျက်ဆီး ပစ်ခဲ့သည်။
- ၁၉၈၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃- ရက်မှ၊ စက်တင်ဘာလ ၆-ရက် နေ့ အထိ ဆက်ဒမ် အစိုးရသည် အမ်ဖာ ကန်ပိန်း ဆိုသော စီမံချက်ဖြင့်- အီရတ် မြောက်ပိုင်း ရှိ ကာ့ဒစ်ရှ် (ကာ့ဒ် တိုင်းရင်းသား) များ အား ကမ္ဘာ့မြေပေါ်မှ ဖျောက်ပစ်ရန် လုပ်ဆောင်ခဲ့သည်။ ဤ စစ်ဆင်ရေး တွင် အဆင့် ၈-ဆင့် ရှိ၍ - အီရတ် စစ်သား ၂-သိန်း တို့သည် ထိုဒေသကို ၀န်းရံလျှက်- လူများကို ဖမ်းဆီးခြင်း၊ ရွာများကို မီးတင် ရှို့ခြင်းများ ပြုခဲ့သည်။ ဖမ်းမိသူ ယောက်ျား များကို ပစ်သတ်၍ - ကြီးမားသော သူသတ်ကုန်း ဖြစ်ခဲ့ ရသည်။ အမျိုးသမီး၊ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများကို အကျဉ်း စခမ်းများသို့ ပို့ခဲ့ပြီး- နေရာ တစ်နေရာမှ ခုခံမှု ရှိပါက- ထိုနေရာရှိ အားလုံးကို သတ်ပစ်ခဲ့၏။ ထိုဖြစ်ရပ်တွင် လူပေါင်း တစ်သိန်း၊ ၈-သောင်း၊ ၂-ထောင် ကျော် ရှိခဲ့မည်ဟု ခန့်မှန်း တွက်ချက်ထားကြသည်။ ထိုစီမံကိန်း တွင် ဓါတု အဆိပ် လက်နက် သုံးစွဲခြင်း ကိုလည်း တွေ့ရှိရ၍- လက်သံ ပြောင်ခဲ့သော ဆက်ဒမ်၏ ညီအကို ၀မ်းကွဲ တော်သူ အလီ ဟတ်ဆန် အယ်လ် မာဂျစ် အား "Chemical Ali." ဟူသော ဂုဏ်ပုဒ် တစ်ခု တိုးလာ စေခဲ့သည်။
- ၁၉၉၀၊ သြဂုတ်လ ၂-ရက်နေ့တွင် ကူဝိတ် နိုင်ငံသို့ ကျူးကျော် ခဲ့ခြင်းကြောင့်- အမေရိကန် ပါ ပါဝင် ပတ်သက် လာရသော ပင်လယ်ကွေ့ စစ်ပွဲကြီးကို ဖြစ်စေခဲ့သည်။
- ၁၉၉၁၊ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲကြီး အပြီးတွင်- တောင်ပိုင်းရှိ ရှီယား များနှင့် မြောက်ပိုင် ကာ့ဒ် တိုင်းရင်းသား များမှ နေ၍ ဆက်ဒမ်ကို ပုန်ကန် လာကြသည်။ လက်တုန့်ပြန်သည့် အနေဖြင့်- အီရတ် တောင်ပိုင်း တွင် ရှီယား ဘာသာဝင် ထောင်ပေါင်း များစွာကို သတ်ပစ်ခဲ့သည်။ ရွာများကို ဖျက်ဆီးခဲ့သည်။
- ၁၉၃၇-ခုနှစ်၊ ဧပြီလ ၂၈ တွင် သူ့ကို မွေးဖွားခဲ့သည်။
- ဘာအာသ် ဆိုရှယ်လစ် ပါတီသို့ ၁၉၅၇ တွင် ၀င်ရောက် ခဲ့သည်။
- ၁၉၆၈ မှ ၁၉၇၉ တွင် ဒုတိယ သမ္မတ အဖြစ်သို့ ရောက်ခဲ့သည်။
- ၁၉၇၉ ဇူလိုင်လ ၁၆-ရက် မှ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၉- ရက်နေ့ အထိ အီရတ် သမ္မတ ရာထူးကို ရယူနိုင် ခဲ့သည်။
- ၁၉၈၀ ခုနှစ်၊ စက်တင်ဘာလ- ၂၂- ရက် တွင် အီရန် နိုင်ငံကို ကျူးကျော်ခဲ့သည်။
- ၁၉၉၀၊ သြဂုတ်လ ၂-ရက်နေ့တွင် ကူဝိတ် နိုင်ငံသို့ ကျူးကျော်ခဲ့သည်။
- ၂၀၀၃-ခုနှစ်၊ မတ်လ ၂၀-ရက်နေ့တွင် အမေရိကန် မှ ဗုံးကြဲ တိုက်ခိုက် ပြီးနောက် ၂၀၀၃-ခုနှစ် ဇူလိုင်လ ၂၃-ရက်တွင် သူ၏ သား ၂-ဦး ဖြစ်သူ အူဒေး နှင့် ကူဆေး တို့ သေဆုံးခဲ့သည်။
- ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလ ၁၃-ရက်၊ ည ၈း၃၀ တွင်၊ တိုက်ဂရစ် မှ ၁၅-ကီလိုမီတာ အကွာ ဖြစ်သော အဒ် ဒွာဝါ တွင် ဖမ်းဆီးခံခဲ့ရသည်။
- ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာ ၅-ရက်တွင် သေဒဏ် အမိန့် ချမှတ်ခြင်း ခံရသည်။
- ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀-ရက်တွင် ကြိုးဖြင့် သေဒဏ် စီရင်ခြင်း ခံရသည်။
ဤနေရာတွင် ဇာတာခွင်များကို တွေ့ဘူး မြင်ဘူး၊ လေ့လာဘူး ခဲ့သော်လည်း- အခြေခံ သင်္ချာနှင့် ဆက်စပ် မြင်ရန် အခက်အခဲ ရှိသူများ နားလည် စေရန် အတွက် အနည်းငယ် ရှင်းပြ ပေးလို ပါသည်။ ရာသီစက် အနေဖြင့် ဖြစ်စေ- ဘယ်ဘက်တွင် ပြထားသော ဇယားမှ ဖြစ်စေ ကြည့်လိုက်ပါက တနင်္လာ နှင့် အင်္ဂါ တို့သည် ဗြိစ္ဆာ ရာသီတွင် တည်နေပြီး- ၆-တန့် ဘာဝ ဟု ညာဘက် ဇယားတွင် ဖေါ်ပြထား၏။ တစ်ဖန်- ရာဟု သည်လည်း- ဗြိစ္ဆာ ရာသီ ဟု ဆိုထားလျှက်- ညာဘက် ဇယားတွင် ၇-တန့်တွင် တည်သည်ဟု ဆိုထား၏။
ရာသီစက် တစ်ခုတည်းကို ကြည့်၍ ဘာဝ တို့ကို မှန်ကန်စွာ မြင်နိုင်ရန် မဖြစ်နိုင်သော ကြောင့် ရှေးမြန်မာ ပညာရှင်များသည် ဘာဝ ကို သိရန် ဘာဝ စက်ကို သုံးရန် ညွှန်ကြား ခဲ့ကြပါ၏။
၁၂-ရာသီ စက်ဝိုင်း နှင့် ဘာဝ တည်ဆောက်ပုံ သဘောကို နားလည် ထားခြင်း မရှိပဲ- ရာသီ စက်နှင့် ဘာဝစက် တို့ကို ကောင်းစွာ ကွဲပြားစွာ နားမလည် သူများ အနေဖြင့် သော်လည်းကောင်း၊ အခြေခံ ၃၆၀ ဒီဂရီ စက်ဝိုင်း ကြီး သဏ္ဍာန် ရှိထားသော ၁၂-ရာသီခွင်၏ သဘောကို သင်္ချာအမြင် ဖြင့် ဆက်စပ် နားလည် ရန် အခက်အခဲ ရှိသူများ အနေဖြင့် လည်းကောင်း၊ ဘာဝ စက်ကို အသုံးမပြုတတ်သဖြင့် လည်းကောင်း၊ သို့မဟုတ် ဂရုမစိုက် မိ၍ လည်းကောင်း၊ ဘာဝ စက်ကို မသုံးပဲ- ရာသီ စက် တစ်ခုကိုသာ မူတည်၍- လဂ်မှ လက်ထောက် ရေတွက် ပြီး ဘာဝများကို ရေတွက်လျှင် မှားတတ်သော အမှား ဖြစ်ပါ၏။
ပထမဦးစွာ သတိထား ရမည်က- လဂ်သည် ပြိဿ ရာသီ၏ အစွန်းနားလေး၊ မေထုန် ရာသီ အနားဘက် အခြမ်းတွင် ကပ်တည်နေခြင်း ဖြစ်၏။ ဤသို့သော လဂ် ၏ တည်နေရာသည် ရာသီ တစ်ခု၏ အစ ပိုင်းလေးတွင် ဖြစ်စေ၊ အဆုံးပိုင်း ဘက်တွင် ဖြစ်စေ တည်သော ဇာတာရှင်များ အတွက် ရာသီစက် ရှိ လဂ်မှ လက်ထောက် ရေတွက်သူများ အတွက် မှားတတ်နိုင်သော အနေအထား တစ်မျိုး ဖြစ်ပါ၏။ မိုးတား သင်တန်းသား အားလုံး တို့သည်- အခြေခံ အဆင့်မှာပင် မည်သည့် ဘာဝတွင် တည်သည်ကို တွက်နိုင် ကြသော်လည်း၊ အချို့သူတို့ အနေဖြင့် မြင်နိုင်ရန် အခက်အခဲ ရှိနိုင်သဖြင့် အောက်တွင် နားလည် နိုင်အောင် ရှင်းပြပေးထားပါသည်။
အောက်ဖေါ်ပြပါ ပုံတွင် ၁၂-ရာသီ စက်ဝိုင်း၏ အတွင်းဆုံးတွင် ရာသီ များကို တစ်ခုချင်း ဖေါ်ပြပေးထား၍ (အစိမ်းရောင်)- နောက်တစ်ဆင့် တွင် သက်ဆိုင်ရာ ရာသီ ကို ပိုင်ဆိုင်သော ဂြိုဟ်များ (အဖြူရောင်)၊ နောက်တစ်ဆင့်တွင် နက္ခတ်များ (အ၀ါရောင်)၊ နောက်တစ်ဆင့်တွင် နက္ခတ် သခင်များ (အဖြူရောင်)၊ နောက်တစ်ဆင့် ပါဒ ရာသီ ခေါ် န၀င်း ရာသီများ (အ၀ါရောင်)၊ နောက်တစ်ဆင့် တွင်- န၀င်း သခင်များ (အပြာနုရောင်) အဆင့်ဆင့် ဖေါ်ပြထား၏။ မြင်သာအောင် ဒီဂရီများကိုလည်း ဖေါ်ပြပေးထား၏။ (အသေးစိတ် မြင်လိုလျှင် ပုံကို နှိပ်လိုက်ပါ။)
ထိုစက်ဝိုင်း ကို အပြင်ဘက်မှ အပြာရောင်ဖြင့် ထပ်ပါတ် လိုက်သည်က- ဘာဝ စက်ဖြစ်၏။ ဘာဝ စက် သိရန် အတွက် ပထမဦးစွာ လဂ်ကို နေရာချ၏။ လဂ်၏ တည်နေရာ သည် 58.1411936653354 ဒီဂရီ တွင် တည်၏။ ဤသည်ကို ပြိဿ ရာသီမှ တိုင်းပါက- ၃၀ ဒီဂရီ ဖယ်လိုက်သော်- 58.1411936653354 – 30= 28.1411936653354 ဒီဂရီ ဖြစ်၏။ ထို့ကြောင့် ပြိဿ- 28.1411936653354 ဖြစ်လေရာ၊ ၄င်းကို ဒဿမ ပုံစံမှ ဒီဂရီ၊ မိနစ် ပုံစံ ပြောင်းရန် အတွက် - နောက်ရှိ ဒဿမ တန်ဘိုးကို ၆၀ ဖြင့် မြှောက်လိုက်ပါက- (0.1411936653354 x 60= 8.471619920124 မိနစ်) ကိုရ၏။ သံဒိဌ ပြက္ခဒိန် များတွင် ရာသီ၊ အံသာ၊ လိတ္တာ ပုံစံ (တစ်နည်း အားဖြင့်- ရာသီ၊ ဒီဂရီ၊ မိနစ်) အနေဖြင့် ပြသော်- အနီးစပ်ဆုံး အနေဖြင့်- ပြိဿ:28:8 ကို ရပါ၏။
နောက် ပုံတွင်မူ- စောစောက မမြင်သာခဲ့သော တနင်္လာ၊ အင်္ဂါနှင့် ရာဟု တို့သည် ဗြိစ္ဆာ ရာသီ ဖြစ်သော်ငြားလည်း- တည်ရာ ဘာဝချင်း ကွာခြား သွားပုံကို ပြထားခြင်း ဖြစ်၏။
နက္ခတ်ပညာကို စိတ်ဝင်စားသူများ အခြေခံ သဘောကို ကောင်းစွာ နားလည်စေရန် အတွက်- အကြောင်း ကြုံကြိုက်သဖြင့်- အိုင်းစတိုင်း ၏ ဇာတာ တွင်လည်း ထိုသို့ ဖြစ်နေပုံ လေးကို ရှင်းပြပေးလိုက်ပါသည်။
လဂ်အံသာ ကို သတိထားမိပါက- ကျွမ်းကျင်သော နက္ခတ် ပညာရှင်သည် ဘာဝ စက်ကို မြင်ယောင်ပြီးနောက်- ဘာဝ တို့ကို မှန်ကန်စွာ တွက်နိုင်၏။ သို့သော် ရာသီ စက် တစ်ခုတည်းသာ ရှိပြီး- လဂ်အံသာကို မသိခဲ့ပါမူ- ဘာဝ တို့သည်လည်းကောင်း၊ န၀င်း တည်နေရာ တို့သည် လည်းကောင်း မှန်ကန် တိကျ တော့မည် မဟုတ်ပါချေ။
ဆက်ဒမ် ဟူစိန် ကိစ္စကို ဆက်လက် ဆွေးနွေးကြပါစို့-
- ဆက်ဒမ် ဟူစိန်၏ ကိုယ်ခန္ဓာ အရပ်အမောင်း တည်ဆောက်ပုံ အနေအထား။
- ဆက်ဒမ် ဟူစိန်၏ ဘ၀ အောင်မြင်မှု အနေအထား။
- ဆက်ဒမ် ဟူစိန်၏ စစ်သွေးကြွမှု၊ ရန်လို တိုက်ခိုက်မှု စရိုက် အနေအထား။
- ဆက်ဒမ် ဟူစိန်၏ ဘ၀ ဖြစ်ရပ်များကို အားလုံး ကိုက်ညီနေသော အနေအထား
- စသည်တို့ အားလုံး
ဤဇာတာအရ- ဆိုပါက- လဂ်၊ တနင်္ဂနွေ ဂြိုဟ်၊ တနင်္လာဂြိုဟ် (တစ်နည်းအားဖြင့် လဂ် ၃-ပါး) သည် - အရပ် အမောင်း ကောင်းခြင်းကို ဖြစ်စေသည့် ဂြိုဟ်များ ပိုင်ဆိုင်ရာ န၀င်း တို့တွင် သာ ကျနေသည်။ ရာသီ စက်မှ ဆိုလျှင်- တနင်္ဂနွေ ဂြိုဟ် နှင့် တနင်္လာဂြိုဟ် တို့သည် အရပ်ရှည်သော ဂြိုဟ်များ ပိုင်ရာ ရာသီတွင် ကျနေ၏။ ထို့ကြောင့် ဤဇာတာရှင်သည် အရပ်ရှည် ရမည် ဖြစ်၏။ ဆက်ဒမ် ဟူစိန်သည် အရပ် ၆ ပေ။ ၂ လက္မ မြင့်သော- သူလူမျိုး အနေနှင့် သာမက- နိုင်ငံတကာ ခေါင်းဆောင်များ အကြားတွင် အရပ်မြင့်သော စာရင်းဝင် ဖြစ်ပါသည်။
တစ်ဖန်- မည်သည့် အတွက်ကြောင့် တောရွာ တစ်ခုမှ ဘခင်မဲ့ သား တစ်ယောက်သည်- ထင်ရှားသော၊ သြဇာ အာဏာ ကြီးမားသော အီရတ် သမ္မတ အဖြစ်သို့ ရောက်လာခဲ့ရပါသနည်း။
အင်္ဂါ သည်-
ဤအချက်တို့သည် မည်သည်ကို ဆိုလိုနေပါသနည်း။
- ရှေးကံ အကြောင်း တို့ကြောင့်- ဘ၀ တွင် ဒုက္ခ သုက္ခများ နှင့် ရှင်သန် ခဲ့ရ၏။
- ရှေးကံ အကြောင်း တို့ကြောင့်- အသက် မသေခဲ့သော်လည်း- နာကျည်းမှုများ၊ မုန်းတီး ရက်စက်မှုများ ပေါက်ဖွားခဲ့ရ၏။
- ရှေးကံ အကြောင်း တို့ကြောင့်- ဘုန်းတန်ခိုး ကြီးမားခွင့်၊ လူများစွာ၏ ဘ၀ကို ပိုင်ဆိုင် ချယ်လှယ်ခွင့် ရခဲ့၏။
- ရှေးကံ အကြောင်း တို့ကြောင့်- အရာ အားလုံး ဆုံးရှုံးခဲ့ရလျှက်၊ လည်ပင်း နှင့် ကြိုးကွင်း စုလျား ရစ်ပါတ် ခဲ့ရ၏။
- မနေ့က လူသတ်ခဲ့လျှင်- ဒီနေ့ ၀ါးရမ်းပြေး ဖြစ်လျှင် ဖြစ်၊ မဖြစ်လျှင် အချုပ်ခန်းတွင် အမှု အတွက် စောင့်ဆိုင်း နေရပါမည်။ နောင်တ နှင့် သောက တို့ ခံစား နေရ ပါပြီ။
- မနေ့က တိုက်ပေါ်က ခုန်ချခဲ့လျှင်- ယခု ဆိုလျှင် ရင်ခွဲသို့ ရောက်နေပါပြီ။
- ကြမ်းပြင်ပေါ်တွင် ချော်လဲ၏။
- ချော်လဲမှု ကြောင့်- လက်ထောက်မိ၏။
- လက်ထောက်မိသောကြောင့်- လက်ကောက်ဝတ် ကျိုးသွား၏။
- လက်ကောက်ဝတ် ကျိုးသွားသောကြောင့် ဆေးရုံ သွားရ၏။
- ဆေးရုံသွားရသောကြောင့်- လုပ်စရာ ကိစ္စများ ပျက်၍၊ ငွေကုန်၏။
- လက်ကျိုးသွားသောကြောင့်- အလုပ်များ၊ အစီအစဉ်များ ပျက်ပြားကုန်တော့၏။
ဖြစ်ရပ်များစွာတို့ တွင် ဆင့်ကဲ ဖြစ်ရပ် တို့သည် ယခု ထက်ပင် ရှုပ်ထွေး တတ်သည်ကို သတိပြုပါ။
ဥပမာ-
- တစ်စုံ တစ်ယောက်က မိမိအား စော်ကား၏။
- စော်ကားမှု ကြောင့် ဒေါသထွက်၏။ (သဘာဝ အဆင့် ဖြစ်သော်လည်း- နောက်တစ်ဆင့် မည်သို့ လုပ်ဆောင် မည်ကို ရွေးချယ် နိုင်သေး၏။)
- ဒေါသကြောင့်- လူသတ် မိ၏။ (ဤအဆင့်တွင် လူမသတ်မိအောင် နေလိုက် မိလျှင် နောက်ဆက်တွဲ တို့ ပြောင်းသွားနိုင်၏။)
- လူသတ်မိခြင်းကြောင့်- အချုပ်ထဲ ရောက်၏။ (ဤအဆင့်တွင် ၀ါးရမ်းပြေး လုပ်မည်လား၊ အဖမ်းခံမည် လား ရွေးချယ်စရာ နည်းလာပြီ ဖြစ်၏။)
- အချုပ်ထဲ ရောက်ပြီ ဆိုလျှင် တရား ဥပဒေ၏ ဆုံးဖြတ်ချက် ကို လိုက်နာရုံမှ တစ်ပါး ရွေးချယ်စရာ သိပ်မရှိတော့ပေ။
- ရာဟု နှင့် ကိတ် ဘယ်လို ဆိုးဆိုး။ ဘယ်လို ပူးပူး
- အင်္ဂါ နှင့် စနေ ဘယ်လို ဆိုးဆိုး- အခြား အခြေအနေ ဖြင့် ဒုက္ခပေး သော်မှ ထောင်ထဲ ပို့ရန်၊ သေစား သေစေရန် မလုပ် နိုင်ပါပေ။ (အခြား ဖြစ်ရပ်များ၊ အတိတ်ကံ နှင့် ဆက်စပ်သော ကံ တို့ကိုမူ သတိပြုရန် ဖြစ်၏။)
- ကြာသပတေး ဂြိုဟ်ကြီးမှ မည်သို့ ပူးထား မြင်ထားပါစေ၊
- ဗုဒ္ဓဟူး ဂြိုဟ်မှ မည်သို့ လွှမ်းမိုး ထားပါစေ။
ဂြိုဟ်တို့သည် အခြေ အနေ များ အကောင်း အဆိုး ဖြစ်ခွင့် သာ-မသာ ကိုသာ တံခါးဖွင့်ပေး၏။ ထိုတံခါးမှ ဆက်လက် လျှောက်သူကား မိမိ ကိုယ်တိုင် ဖြစ်၏။ ထို့ကြောင့်- "ရာဟု က သတ်တာ၊ ကိတ် ကြောင့် သေတာ၊ အင်္ဂါ ကြောင့် သွေးထွက် သံယို ဖြစ်တာ" ဟု ဆိုခြင်းသည် အရပ် သဘော နားလည် အောင်သာ အလွယ် တကူ ဆိုကြခြင်း ဖြစ်၏။
အတိတ် ကံကြောင့် ဖြစ်ကို ဖြစ်ရမည် ဆိုလျှင်- ပစ္စပ္ပန် ကံ တို့ကို လျစ်လျူရှုရာ ရောက်သွားပြီ ဖြစ်၏။
ဤသို့သော အယူအဆ များသည်ကား- ဘ၀ တစ်ခုသည် ကြိုတင် သတ်မှတ် ထားပြီးသား၊ predetermined ဖြစ်သည်၊ ဖြစ်ရပ် တို့သည် ကံကြမ္မာ အတိုင်း ရှောင်လွှဲလို့ မရ- fated ဖြစ်သည် ဟု ယူဆ ထားကြ သော Destiny ကို အားပြုသည့် ၀ါဒ များ ဖြစ်၍- ဗုဒ္ဓဘာသာ ၏ ကံ-ကံ အကြောင်းတရား တို့နှင့် မပါတ်သက် ပါချေ။ တစ်ဖန်- လုပ်လျှင် ဖြစ်ရမည် ဆိုသော Free Will ဆိုသည်မှာလည်း အထက်မှ အယူ အဆ နှင့် ဆန့်ကျင်သည့် အယူဝါဒ ဖြစ်ပါ၏။
ကံ ဟု ဆိုခြင်းမှာ- အတိတ် ကံ အားလုံး (ယခု မျက်မှောက် မတိုင်မီ အထိ ပြုသမျှ ကံ အားလုံး) ကို ဆိုခြင်းသာ ဖြစ်၍- မမြင်ရသော အတိတ် ဘ၀ များစွာ မှ ကံ နဲ့ ရောထွေး မှု မရှိသင့်ပါပေ။
တစ်ဖန်-
လူ နှင့် ပါတ်ဝန်းကျင် တို့၏ ကိစ္စသည်လည်း အရေးပါလာပြန်၏။ ပတ်ဝန်းကျင် ဆိုရာတွင်- ထိုသူ ကြီးပြင်းရာ ဒေသ၊ ထိုဒေသ ရှိ လူတို့၏ စရိုက် နှင့် အသိဥာဏ် အနေအထား၊ ခေတ်ကာလ အနေအထား အားလုံး တို့သည်လည်း- ၄င်းတို့သည်- "ဂတိ ၀ိပတ္တိ ၊ ဂတိ သမ္ပတ္တိ" နှင့် "ကာလ ၀ိပတ္တိ၊ ကာလ သမ္ပတ္တိ" တို့ကို ဆိုလိုရင်း ဖြစ်၏။
ကျွန်တော့် အနေဖြင့် ဗေဒင် ဆောင်းပါးများ ရေးသားရာတွင်- စာဖတ်သူ အားလုံးတို့အား- ဗေဒင် ကို ယုံလာ စေရန် တိုက်တွန်း ခြင်း ရည်ရွယ်ရင်း မရှိပါ။ ကျွန်တော့် ဆီတွင် ဗေဒင် လာကြည့်စေရန် ရည်ရွယ်၍ ရေးသားခြင်း မျိုးလည်း မဟုတ်ပါ။ ဗေဒင်သည် ရှေးကံ ကြောင့် ဖြစ်လာ စေနိုင်သော အနေအထား ကိုသာ ပြဆို နိုင်၍- လူတိုင်းသည် မိမိ ၏ ရှေ့ဆက်ရမည့် ကံကြမ္မာကို မိမိ ရေးသား နိုင်ရန်၊ မိမိ အနေဖြင့်- မကောင်းသော အခြေ အနေ တစ်ရပ်မှ ကောင်းသော အခြေ အနေ တို့သို့ ဆက်လက် ချီတက်နိုင်ရန်၊ ရှေးပညာရှိ များ၏ ပညာရပ် ကို တန်ဘိုးထား နားလည် စေရန် သာ ရည်ရွယ်၍ ရေးသားခြင်းသာ ဖြစ်ပါသည်။
ဆက်ဒမ် ဟူစိန် သည် - အတိတ် ကံ တို့၏ အကျိုးပေး ကြောင့်- ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်လာ နိုင်စရာ အနေအထားများ၊ ရွေးချယ်လိုက ရွေးချယ် နိုင်ခွင့် များ ရှိခဲ့သော်လည်း- ၄င်း ရွေးချယ် လျှောက်လှမ်း ခဲ့သည့် လမ်းသည်- သူ ၏ ယခု ဘ၀ ဇတ်သိမ်း နှင့် နောင်သံသရာကို အဆုံး အဖြတ် ပေးသွားကြောင်းကို စာရှုသူများ နားလည် စေလိုပါသည်။
အားလုံး ချမ်းမြေ့ကြပါစေ။
4 comments:
ဆရာ့ပိုစ့်တစ်ခုကို ဖတ်လိုက်ရတိုင်း စိတ်ထဲက မွေးခွန်းတွေအများကြီးအတွက် အဖြေတွေရလိုက်သလို ခံစားရပါတယ်။
ဆက်လက်ဖြန့်ဝေနိုင်ပါစေကြောင်း ဆန္ဒပြုပါတယ်ဆရာ။
လေးစားလျှက်
ဟုတ်ပါတယ် ကိုပခန်း ပြောသလိုပါဘဲ။ ဖတ်ရတဲ့ ပိုစ့် တိုင်းမှာ စိတ်ဝင် စားစရာ၊ မှတ်သားစရာ၊ လေ့လာစရာ တွေ အမြဲ ပြည့်လျှက်ပါဘဲ။ ဆက်လက် ဖြန့်ဝေနိုင်ပါ စေ ခင်ဗျာ။
ဆရာ..အတိတ်ကံတွေ ဘယ်လိုပဲ ပါလာပေမဲ့ မိုက်မဲတဲ့ အပြုအမူတွေကို လုပ်မိသွားတာဟာ ကြာသပတေးဂြိုလ် အင်အားနဲ့ ဆိုင်တယ်လို့ ထင်ပါသလား။ နောက်ပို့စ်တွေမှာ အဲဒါလေး ထည့်ရှင်းပေးနိုင်ရင် ကောင်းမယ်လို့ အကြံပြုပါတယ် ဆရာ။
လေးစားလျှက်
မိတ်ဆွေ ခင်ဗျား-
အဆိုးဓါတ်များ၊ မိုက်မဲဘို့ အခြေအနေကို တွန်းပို့မှုနေမှုများ ကြုံရချိန်မှာ ထိမ်းသိမ်းနိုင်တဲ့ ကြာသပတေး ရဲ့ အနေအထား လိုတယ် ဆိုတာ မှန်ပါတယ်။ ဒီနေရာမှာ တစ်ခု ပြောချင် တာက- ဘီလျံနာ သူဌေးကြီး တစ်ယောက် ဖြစ်စေ၊ ကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင် နေတဲ့- ထိပ်ပိုင်း တာဝန်ကြီးသူတစ်ယောက် ဖြစ်စေ မှာ ရိုက်ခတ် လာတဲ့- အင်အား တွေဟာ-ပုံမှန် သာမာန် အရပ်သားတစ်ယောက် အနေနဲ့ ထိမ်းသိမ်း နိုင်တဲ့ အဆင့် လောက်နဲ့ မလုံ လောက် ပါဘူး။ ဥပမာ- အမေရိကန် သမ္မတ အိုဘားမား ရင်ဆိုင် ဖြေရှင်း နေတဲ့ အခက် အခဲ တစ်ခုကို- သာမာန် ပြည်သူ တစ်ဦး အနေနဲ့ တည်ညိမ်စွာ ဖြေရှင်းဘို့ မလွယ်ပါ။ ခက်ခဲတာကို ဆိုလို တာထက်- ရောက်လာတဲ့ ဖိအား ပမာဏကို ဆိုလိုတာပါ။ ဥပမာ- မြတ်စွာဘုရား လက်ထက်မှာ- စစ်သူကြီး မဟာဗန္ဓုလရဲ့ ဇနီးဟာ- သောတာပန် ဖြစ်ရုံမက အင်မတန် တည်ညိမ်သူ ဖြစ်ပါတယ်။ ဒါပေမယ့်- လင်ယောက်ျားနဲ့ သား ၃-ကျိပ် တစ်ပြိုင်တည်း အသတ်ခံရတာကို ကြားရ-ရချင်း- ဆွမ်းကပ်နေတဲ့ ယာဂု ပန်းကန် လွတ်ကြ ခဲ့ရပါတယ်။ ဆိုလိုတာက- တည်ညိမ်မှု ထိမ်းသိမ်း နိုင်မှု နဲ့ ရိုက်ခတ်လာမှု အင်အား- ဘယ်ဟာက များသလဲ- အမြဲ နှိုင်းယှဉ်ရပါတယ်။ ဒီဇာတာမှာ- ကြသပတေး အနေနဲ့ အားမနည်းပါ။ ဘုန်းတန်ခိုး၊ ရန်သူ၊ အတိုက်အခိုက် နဲ့ ဆိုင်တာတွေရဲ့ ပြင်းအား အနေအထားက အဆမတန် များနေတာလဖြစ်ပါတယ်။ သူဟာ သာမာန် အဆင့်မှာ နေယင်- လူကြီးလူကောင်း တစ်ယောက် ဖြစ်နိုင်တဲ့ ကြာသပတေး အနေအထားမှာ ရှိပေမယ့်- နောက်ခံ အခြေအနေ- လတ်တစ်လော အခြေအနေများအရ - သူရောက်နေတဲ့- အဆင့်မှာ ဖြစ်လာတဲ့ရိုက်ခတ်မှု ဒဏ်ကို တောင့်ခံ နိုင်လိုက်အောင်တော့ သူ့ကြာသပတေးက မကောင်းဘူး လို့ ဆိုရမှာပါပဲ။
နားလည် အဆင်ပြေမယ် ထင်ပါတယ်။
“Great power comes great responsibility.” လို့ ဆိုရမှာပါပဲ။
နျူမာန် (မိုးတား)
Post a Comment