မြန်မာပြည်တွင် ဝေဒပညာဖြင့် ထီသုတေသန လုပ်နေသူ၊ ထီ အကြံပေးနေသူ မိတ်ဆွေ တစ်ဦးမှ ထီပညာ ပိုင်းဆိုင်ရာ ဝေမျှ ပေးပါရန် အကူအညီ တောင်းခံ လာခဲ့သဖြင့်- သူနှင့် တကွ အခြားခြားသော ထီသုတေသီ များအတွက်- တိကျသော လမ်းညွှန်မှု ရစေရန် ဤဆောင်းပါး ကို ရေးပေး ရခြင်း ဖြစ်ပါသည်။
- ထီထိုးချင် သပဆိုယင်..(၂၀၁၁ နှစ်သစ် လက်ဆောင်) http://www.motaa.info/2010/12/blog-post_27.html
- အမေရိကန် ဒေါ်လာ ၃၅-သန်းတန် ထီဆုရှင် အမျိုးသမီး တစ်ဦး၏ ဇာတာအား MOTAA နည်းစံနစ်ဖြင့် ဆန်းစစ် လေ့လာခြင်း။ http://www.motaa.info/2009/11/lottery-winners-chart.html
- မမှန်ယင် လျှာလှီးခံမယ့် ထီတွက်နည်း။ http://www.motaa.info/2010/10/blog-post.html
ထီနှင့် ပတ်သက်၍ သိသင့်သိထိုက်ထားသင့်သော အချက်များ။
- ငယ်စဉ်က ချမ်းသာ ပြည့်စုံမှု မရှိခဲ့ပဲ- နောင်မှ မိမိ ကိုယ်တိုင် ရိုးသားစွာ ကြိုးစား ၍ အောင်မြင် ချမ်းသာခြင်းမျိုး၊
- ငယ်စဉ်က ချမ်းသာ ပြည့်စုံမှု မရှိခဲ့ပဲ- နောင်မှ မိမိ ကိုယ်တိုင် မမှန်မကန်သော ဖြတ်လမ်းနည်းဖြင့် ကြိုးစား ၍ အောင်မြင် ချမ်းသာခြင်းမျိုး၊
- ငယ်စဉ်ကလည်း ချမ်းသာ ပြည့်စုံသလို- မိမိကိုယ်တိုင် ဥစ္စာ စီးပွားရှာရာတွင်လည်း အရည်အချင်း ဖြင့် မူလ အနေအထားထက် မြင့်မားသော ချမ်းသာခြင်းမျိုး။
- ငယ်စဉ်ကလည်း ချမ်းသာ ပြည့်စုံသလို- ကြီးပြင်းလာရသည့် အသိုင်းအ၀ိုင်းတွင် ဂုဏ်သိက္ခာ မြင့်မားသော သူတို့ ပတ်ဝန်းကျင်ဖြင့် သိက္ခာ ရှိစွာ၊ အဆင့်အတန်း မြင့်စွာဖြင့်- ပြည့်စုံ ချမ်းသာ ကြသူမျိုး။
- ငယ်စဉ်က ချမ်းသာ ပြည့်စုံ သော်လည်း မိမိ၏ အရည်အချင်း မပြည်စုံမှုကြောင့် မူလ အဆင့်မှ ကျဆင်းသွားရသော ဇာတာမျိုး။
- ငယ်စဉ်က ချမ်းသာ ပြည့်စုံ သော်လည်း မိမိကိုယ်တိုင် မိမိ၏ ဥစ္စာပစ္စည်းကို ဖျက်ဆီးတတ်ခြင်းကြောင့် မူလ အဆင့်မှ ကျဆင်းသွားရသော ဇာတာမျိုး။
- မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - ထိုမှ တစ်ဆင့် ချမ်းသာအောင် ဖန်တီးနိုင်သူမျိုး (အလွန့်အလွန် ရှားပါးသည်)
- မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - ထိုအဆင့်အတန်း အနေအထားကိုပင် ဆက်လက် ထိန်းသိမ်း နိုင်သူမျိုး (ရှားပါးသည်)
- မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - လက်ရှိ အခက်အခဲ ကို ယာယီဖြေရှင်း၊ တစ်သက်လုံး မကိုင်နိုင်သော ငွေကို ဟိုဟို ဒီဒီ ပတ်ရမ်း ခြင်းဖြင့် အချိန် ၅-နှစ်မှ ၁၀-နှစ် အတွင်း ငွေကြေးအားဖြင့်- ဒုံရင်းသို့ ပြန်ရောက်သွားသူများ (ထီဆုကြီး ပေါက်သူတို့၏ အများဆုံး အနေအထား ဖြစ်၍ ၇၀% မျှ ရှိပါ၏။)
- မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - လက်ရှိ အခက်အခဲ ကို ယာယီဖြေရှင်း၊ မသုံးသင့်သော နေရာများတွင် သုံးစွဲ၊ ဖြုန်းတီး၍ သော်လည်းကောင်း၊ မကျွမ်းကျင်သော လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ၊ အလိမ်ခံရ - စိတ်ရော လူပါ ထောင်းထောင်းကြေ၊ ပြီးနောက် ၁၀-နှစ် အတွင်းပင်လျှင် လူ့လောက မှ ထွက်သွားကြသူများ၊ သို့မဟုတ် များစွာ အတိဒုက္ခရောက် သွားကြသူများ။ (အထက်ပါ အုပ်စု တွင်ပါဝင်သော မျိုးကွဲ တစ်ခု ဖြစ်ပါ၏။)
- ချမ်းသာသူ- တို့တွင် ငွေတစ်ခုတည်း ရှိခြင်းမဟုတ်၊ ငွေနှင့် တကွ- လုပ်ငန်း အကြောင်း ကျွမ်းကျင်မှု၊ အလုပ်သမား စီမံ အုပ်ချုပ်နိုင်မှု၊ စီးပွားဘက် မိတ်ဆွေ၊ အပေါင်းအသင်း၊ အဆက်အသွယ် လမ်းကြောင်း တို့ရှိကြ၏။ အချို့တွင်မူ- တန်ဘိုးဖြတ် မရသော နာမည်ကောင်း ပါ ရရှိထားကြ၏။
- ထီပေါက်သူ အများစုသည် ငွေရှိလာသော အခါ မိမိကိုယ်မိမိ ချမ်းသာသွားပြီ၊ ဘ၀ပြောင်းသွားပြီဟု ထင်မိတတ်၏။ လက်ရှိ မိမိကျွမ်းကျင်သော လုပ်ငန်းတွင် (ယခင် အရင်း အနှီး မရှိခင်က မိမိလုပ်ကိုင်သော လုပ်ငန်းတွင်) ချဲ့ထွင် လုပ်မည် ဆိုပါစို့- ယခင်က ထိုလုပ်ငန်း - လုပ်ပုံ လုပ်နည်း သိသော်မှ - ငွေကြေး နှင့် စီမံ အုပ်ချုပ်တွင် မကျွမ်းကျင်လျှင်- ပြဿနာတို့ တက်လာမည် ဖြစ်၏။ မိမိတွင် ငွေအချောင်ရခြင်းကို အကြောင်းပြု၍- ချဉ်းကပ်လာသူ ဟိုဘက် ဒီဘက် အမျိုးများ၊ မိတ်ဆွေများ တို့တွင်လည်း- ထိုသူတို့၏ မိမိအပေါ် ထားသည့် သဘောထား၊ ရိုးသားမှု၊ စွမ်းဆောင်ရည် အရည်အချင်း၊ တို့ကို - အမှန်အကန် အတိုင်း ဝေဘန် ဆန်းစစ် လက်တွဲ လုပ်ကိုင် နိုင်ရန် မှာလည်း သိပ်မလွယ်သော ကိစ္စ ဖြစ်၏။ အဆက်အသွယ် လမ်းကြောင်းတို့တွင်လည်း- လုပ်ငန်းရှင် စစ်စစ်များနှင့် ယှဉ်၍ မရ။ မိမိတွင် ယခင်က ကျွမ်းကျင်သော လုပ်ငန်း မရှိထားပဲ- အခြားသူ၏ လုပ်ငန်းတွင် စပ်တူလုပ်ခြင်း၊ ယခုမှ လုပ်ငန်းသစ် တစ်ခုကို စတင်ခြင်း လုပ်မည် ဆိုသော် ပို၍ ဆိုးသော စိမ်ခေါ်မှု အနေအထားများကို ကြုံတွေ့ရမည် ဖြစ်၏
- အဆိုးဆုံး အချက်တစ်ခုမှာကား- လူသည် လောကဓံ ၏ သားကောင် ဖြစ်၏။ ရုတ်တစ်ရက် ငွေကြေး အနေအထား ထင်ရှားစွာ ပြောင်းသွားသူအား- လောက ဓမ္မ ခေါ် လောကဓံ ၊ လောကတရား၏ ရိုက်ခတ်ခြင်းကို ခံရခြင်း ဖြစ်၏။ လာဘ်ရမှု၊ အခြံအရံရှိမှု၊ ချီးမွမ်းမှု၊၊ ချမ်းသာမှု၊ စသော- အကောင်းဟု သတ်မှတ် ထားကြသည့် လောကဓံ သည် တစ်ပြိုင်တည်း ရိုက်ခတ် ထားချိန်တွင် အမှန်ကို အမှန် မမြင်နိုင်ကြတော့။ “ငါတော်၏၊ ငါတတ်၏၊ ငါမှန်၏။ ငါလုပ်နိုင်၏” ဟူသော အနေအထားတို့ ရောက်သွားပြီ ဖြစ်ခြင်းကြောင့်- မိမိအား လိမ်လည်သူလား၊ နောက်ကျော ဓားနှင့် ထိုးမည့်သူလား၊ မိတ်ဆွေစစ်လား မခွဲခြား နိုင်တော့- ထိုအခြေအနေ တို့သည်- မကြာခင်ကျရောက်တော့မည့် အနှုတ်ဓါတ် လောကဓံ တရားတို့ကို ဖိတ်ခေါ်တော့မည် ဖြစ်၏။ အမှန်အားဖြင့် ထီပေါက်သူတို့မှသာ မဟုတ်- အခြေအနေ အကြောင်းကြောင်းတို့ကြောင့်- ဆင်းရဲတွင်းမှ- ငွေကြေးပြည့်စုံခြင်း၊ သြဇာ အာဏာရရှိခြင်း တို့တွင် ကြုံလာရတတ်သော လောကဓံ ဖြစ်၏။ ထို့ကြောင့် ဖုဋ္ဌဿ၊ လောက ဓမ္မေဟိ၊ စိတ္တံယဿ၊ နကမ္ပတိ၊ အသောကံ၊ ၀ိရဇံ၊ ခေမံ။ ဟု မြတ်စွာဘုရားမှ မင်္ဂလသုတ် တွင် သတိပေး သင်ကြားပေးခဲ့ပါ၏။
- ခက်သည်က- ဇာတာရှင် ကိုယ်တိုင်က ထိုအခြေအနေကို သတိထား ဆင်ခြင် နိုင်သော်မှ- အခြေအနေ အမှန်ကို မမြင်နိုင်တတ်သည့်- မိသားစုဝင်များ၊ အတွင်းစည်းဝင် များကို ထိမ်းသိမ်းရန် ခက်တတ်ခြင်း ဖြစ်၏။
- အားလုံး ကုန်သွားသော်- နောင်တရကြသော အချိန်ပင် ဖြစ်ပါတော့၏။ သို့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
- အင်အား မထုတ်ရပဲ အချောင် ရခြင်းမျိုးကို ဖြစ်စေသည့် ၈-တန့်ဘာဝ၊ ၈-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၈-တန့်ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို.ကို ပထမဦးစွာ လေ့လာ ရပါသည်။ (မှတ်ချက်- မြန်မာ တို.အနေဖြင့် မရဏ ဘာဝ ဟု အသိများသော ဒုဌာန ဘာဝ ဖြစ်သည့် ၈-တန့်သည် ထီပေါက်ခြင်း၊ တနည်းအားဖြင့် ဘ၀ အပြောင်းအလဲ ဖြစ်ခြင်း၊ သံသရာ မှ လွတ်မြောက်ကြောင်း နှင့် ဂမ္ဘီရ ပညာများ အတွက် အရေး အကြီးဆုံး ဘာဝ ဖြစ်သည်။)
- ကံကောင်းခြင်း၊ သက်တောင့် သက်သာ ရရှိခြင်း ကို ဖြစ်စေသည့် ၉-တန့်ဘာဝ၊ ၉-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၉-တန့် ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို.ကို ထပ်မံ လေ့လာ ရပြန် ပါသည်။
- ပုတ္တရဘာဝ ဟု မြန်မာ ပညာရှင် များ သိထားကြသော ၅-တန့် ဘာဝသည် ဇာတာရှင်၏ ပညာရေး၊ သားသမီးရေးတို.ကိုသာ ဖော်ဆောင် နေသည်မျှ မက- လောင်းကစား တွင် အနိုင်ရရှိခြင်း၊ စတော့ခ် ရှယ်ယာ အရောင်းအ၀ယ်မှ အမြတ်အစွန်း ရရှိခြင်း၊ ထီပေါက် ခြင်း တို.ကိုပါ ထောက်ပံ့ ပေးထား သဖြင့် ၅-တန့်ဘာဝ၊ ၅-တန့် ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၅-တန့် ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို.ကို လေ့လာ ရန် လိုအပ်ပါသည်။
- ထို.နောက်တွင် တော့ မထင်မှတ်သော ဖြစ်ရပ်တို.ကို ဖြစ်စေသည့် ရာဟု အား လေ့လာရပါသည်။ အဆိုး များ၊ အနှောက်အယှက် များကို ဖြစ်စေတတ်သည့် ရာဟုသည် မူလဇာတာ တွင် တည်နေသော ရာသီ၊ ဘာဝ အိမ်၊ ယှဉ်နေ သော နက္ခတ်၊ စီးထားသော န၀င်း တို.ကို မူတည်၍ ဆိုးကျိုးများ ပေးနိုင် သကဲ့သို.၊ အချို.သူများ အတွက် ရုပ်ဝတ္တု ပိုင်းဆိုင်ရာ အောင်မြင်မှုတို.ကို လည်း ဖြစ်ပေါ် စေ တတ်သည်။
- (၁) ၉-တန့်ဘာဝ သခင် တနင်္လာသည် ၅-တန့်ဘာဝ တွင်တည်၏။ ရာသီအားဖြင့် မိဿ ရာသိ ဖြစ်၏။ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ၉-တန့်ဘာဝသည် ကံကောင်းခြင်း၊ သက်တောင့် သက်သာ ရရှိခြင်း ကို ဖြစ်စေသည့် ဘာဝလည်း ဖြစ်၏။ ပုတ္တရဘာဝ ခေါ် ၅-တန့် ဘာဝသည် လောင်းကစား တွင် အနိုင်ရရှိခြင်း၊ စတော့ခ် ရှယ်ယာ အရောင်းအ၀ယ်မှ အမြတ်အစွန်း ရရှိခြင်း၊ ထီပေါက် ခြင်း တို့ကို ဖေါ်ပြသော ဘာဝ ဖြစ်၏။ ထို့ကြောင့် ၉-တန့်ဘာဝ သခင် ၅-တန့်ဘာဝ တွင်တည်ခြင်းသည် လောင်းကစား၊ ထီနှင့် ပါတ်သက်၍ ကံကောင်းခြင်းကို ဖေါ်ညွှန်းနေတော့၏။
- (၂) မထင်မှတ်သော ဖြစ်ရပ်တို.ကို ဖြစ်စေသည့် ရာဟုသည် ကံကောင်းခြင်း ကို ဖြစ်စေသည့် ၉-တန့်ဘာဝတွင် တည်၏။ ဤအချက်သည် မထင်မှတ်ပဲ ရုတ်တစ်ရက် ကံကောင်းခြင်းကို ဖြစ်စေသော အနေအထားဖြစ်၏။
- (၃) သမားရိုးကျ နည်းများ ဖြစ်ကြသော ကြာသပတေးကို ကြည့်ပါက- ကြာသပတေးသည် နိစ်ရာသီ တွင်တည်နေသည်ကို ကြည့်၍ မည်သို့ ဆုံးဖြတ်ကြ ပါမည်နည်း။
- (၄) ထီပေါက်ခြင်း ဖြစ်နိုင်သည့် အကြောင်းရင်းများက ဒါတင်ပဲလား၊ မဟုတ်သေးပါ။ ၉-တန့်ဘာဝ သခင် တနင်္လာအား မထင်မှတ်သော ဖြစ်ရပ်တို.ကို ဖြစ်စေသည့် ရာဟုမှ ၆၃% ဖြင့် ၉-တန့် အမြင်ပြုထား၏။ အထက်တွင် ဖေါ်ပြခဲ့သော ရုတ်တစ်ရက် ကံကောင်းခြင်းကို ဖြစ်စေသော အချက်ကို ထပ်မံ အထောက် အပံ့ပြုနေသော အချက်ဖြစ်၏။
- (၅) လာဘ် လာဘကို တာဝန်ယူသော ၁၁-တန့် ဘာဝ သခင် ဗုဒ္ဓဟူးသည် မတော်တစ်ဆ ဖြစ်ရပ်ကို ဖြစ်သော ၆-တန့်ဘာဝ၏ အလယ်မှတ် တည့်တည့်ကို အမြင် အတိအကျဖြင့် ၁၀၀% လွှမ်းမိုးထားလိုက်၏။ မည်သည်ကို အဓိပ္ပါယ်ဆောင်နေပါသနည်း။ မတော်တစ်ဆ ပုံဆန်ဆန်ဖြင့် လာဘ်လာဘ ရရှိခြင်း မဟုတ်ပါ သလော။ ဤအကြောင်းကို အမေရိကန် ဒေါ်လာ ၃၅-သန်းတန် ထီဆုရှင် အမျိုးသမီး တစ်ဦး၏ ဇာတာအား MOTAA နည်းစံနစ်ဖြင့် ဆန်းစစ် လေ့လာခြင်း။ http://www.motaa.info/2009/11/lottery-winners-chart.html ဆောင်းပါးတွင် ရေးသား ဖေါ်ပြခဲ့သည်ကိုလည်း တွေ့နိုင်ပါသည်။
- (၆) မူလ ဇာတာ၏ န၀င်းစက် အနေအထားအရတွင် စနေသည် ၅-တန့်၊ ၉-တန့် တို့အား အတိအကျ ၁၀၀% ဖြင့် လွှမ်းထားသော အနေအထားတွင် ရှိနေ၏။
- (၇) မူလ ဇာတာ၏ န၀င်းစက် အနေအထားအရတွင် ကြာသပတေးသည် လည်း ၅-တန့်၊ ၉-တန့် တို့အား အတိအကျနီးပါး ၉၈% ဖြင့် လွှမ်းထားသော အနေအထားတွင် ရှိနေ၏။ ဆိုလိုသည်မှာ- ကောဇာ စနေနှင့် ကြာသပတေးတို့၏ လွှမ်းမိုးမှုများ ထင်ရှားသော ကာလတွင် ၅-တန့်၊ ၉-တန့် တို့၏ အနေအထား တို့သည် သက်ဝင် လှုပ်ရှား လာမည် ဖြစ်ခြင်းပင်တည်း။
- ရာဟု ထူလ၊ ရာဟု အန္တရ၊ ကိတ် ပြတန္တရ သည် အမှန်အားဖြင့် မထင်မှတ်သော ဖြစ်ရပ်များကို ဖြစ်ရမည့် ကြောက်စရာ ကောင်းသော ကာလ တစ်ခု ဖြစ်၏။ ရာဟုသည် မူလ ဇာတာတွင် ၉-တန့်တွင် တည်သော ဂြိုဟ်ဖြစ်ကြောင်း၊ ဆက်စပ်မှု အနေအထားများကို အထက်တွင် ဖေါ်ပြထားခဲ့သည် ကို အမှတ်ရစေလိုပါသည်။
- မှတ်သားရန် အချက် အနေဖြင့်- မည်သည့် ပညာရှိကမျှ ရာဟု ဒဿာတွင် ကောင်းသည်ဟု မပြောပါ။ ဆိုလိုသည်မှာ ထီပေါက်သည့် ကိစ္စသည့် သူတော်ကောင်း ပညာရှိများ အနေဖြင့် အမှန်တကယ် ကောင်းမွန်သော ကိစ္စမဟုတ်ကြောင်းကို ရှေးပညာရှင်များက မထောက်ခံခြင်းပင် ဖြစ်သည်။ လှည့်လည် ဖျားယောင်းခြင်း၊ အမှန်တရားကို ၀ှက်ကွယ်ခြင်း၊ တို့ကို ကိုယ်စားပြုသော ရာဟုသည် အချို့သော သူများအတွက် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ထောက်ပံ့မှု ပေးကြောင်း၊ ထင်မှတ်မထားသည့် ရုတ်တစ်ရက် ဖြစ်ရပ်များ ဖြစ်စေကြောင်းကို မိုးတားမှ သုံးသပ် တွေ့ရှိသော်လည်း- ကောင်းမကောင်း ဆိုသည့် ကိစ္စတွင်မူ- ရှေးပညာရှင်များ၏ အယူအဆကို ငြင်းဆိုဘွယ် မရှိဟု မြင်ပါသည်။ အများစုသည် ထီပေါက်ခြင်းကို ကံကောင်းခြင်းဟု မြင်တတ် နေကြခြင်းကို မိုးတားမှ မထောက်ခံပါ။
- ဗြိစ္ဆာ ရာသီ 28:24 တွင်တည်သော ကောဇာ ရာဟုသည်- ကရကဋ်:28:58 တွင်တည်သော မူလဘွား ရာဟုအား ၉-တန့် အမြင်ဖြင့် ၉၉% ဖြင့် အတိအကျ နီးပါး အမြင်ပြုထား၏။ ဤသည်မှာ မထင်မှတ်မှုများ ဖြစ်တတ်သော ကိစ္စများတွင် ဖြစ်လေ့ ရှိသော အခြေအနေ တစ်ရပ်ဖြစ်၏။ ဤနေ့ -မွန်းတည့်ချိန် တွင် ကောဇာ တနင်္လာ (တစ်နည်းအားဖြင့် ဆိုသော် မူလ ဇာတာတွင် ၅-တန့်ဘာဝတွင် ရပ်တည်သော ၉-တန့်သခင် တနင်္လာ) သည် ဇာတာရှင်၏ ၄-တန့်နှင့် ၁၀-တန့်တို့အား ၉၈% ဖြင့် လွှမ်းမိုးထား၏။
- ထူးခြားသည်က ကောဇာ စနေ ဖြစ်၏။ မူလ ဇာတာအားဖြင့် စနေသည် ၂-တန့် ဘာဝတွင် တည်သော ၄-တန့် သခင် ဂြိုဟ်ဖြစ်၏။ သူ၏ စရိုက် သဘာဝတွင် ၂-တန့် နှင့် ၄-တန့် သဘာဝတို့ လွှမ်းမိုးနေ၏။ ဆက်လက်၍ လေ့လာပါကလည်း - မူလ ဇာတာ၏ န၀င်းစက် အနေအထားအရတွင် စနေ နှင့် ကြာသပတေး တို့သည် ၅-တန့်၊ ၉-တန့် တို့အားလွှမ်းထားသော အနေအထားတွင် ရှိနေကြောင်းကို ဖေါ်ပြခဲ့သည် ဖြစ်၏။
- ယခု ကြည့်လိုက်ပါက- ကောဇာစက်တွင် ကြာသပတေး နှင့် စနေတို့၏ အခန်း ကဏ္ဍသည် နေရာယူ ထင်ရှားလာပြီ ဖြစ်၏။
- အထူးသဖြင့်- အထက်တွင် ဖေါ်ပြခဲ့သော မူလဇာတာ န၀င်းတွင် ၅-တန့်၊ ၉-တန့်အား အတိအကျ လွှမ်းမိုးထားသော စနေသည် - ကောဇာ အနေအထား အရ- ပုတ္တရ ဘာဝ ၅-တန့်၊ (လောင်းကစားခြင်း၊ ထီပေါက်ခြင်း နှင့် ဆိုင်သော ဘာဝ) အား ၉၇% ဖြင့် ထင်ရှားစွာ လာရောက် လွှမ်းနေပြီ ဖြစ်၏။ ရုတ်တစ်ရက် အချောင်ရသော ငွေကြေးကို ဖြစ်စေသော ၈-တန့်ဘာဝ အားလည်း ကောဇာ စနေသည် ၉၇% ဖြင့်ပင် လာရောက် လွှမ်းနေပြီ ဖြစ်ပြန်၏
- ထပ်မံ၍ စိတ်ဝင်စားစရာ ကောင်းသည်က ကောဇာ န၀င်း အနေအထားသည်- မူလ ဘာဝများအား လွှမ်းမိုးနေပုံ ဖြစ်၏။
- မူလ ဇာတာ ၅-တန့် (ထီပေါက်ခြင်း နှင့် ဆိုင်သော ဘာဝ) အလယ်မှတ်အား- ကောဇာ န၀င်းစက် အရ- ၉-တန့်သခင် (ရုတ်တစ်ရက် ငွေရခြင်း၊ ကံကောင်းခြင်းနှင့် ဆိုင်သော) တနင်္လာမှ လည်းကောင်း၊ အထက်တွင် ဖေါ်ပြခဲ့သော စနေမှ လည်းကောင်း၊ ရာဟု (မထင်မှတ်သော ဖြစ်ရပ်များကို ဖြစ်စေသော ဂြိုဟ်) မှ လည်းကောင်း တစ်ပြိုင်တည်း လွှမ်းမိုး နေခြင်း ဖြစ်တော့သည်။
- ဒါတင်ပဲလား ဆိုတော့- မကသေးပါ။ မထင်မှတ်သော ဖြစ်ရပ်များ၊ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုကို အထောက်အပံ့ပေးသော ကောဇာ ရာဟုသည် န၀င်းစက် တွင် ၁-တန့် (ဇာတာရှင်၏ ကိုယ်ကာယ)၊ ၅-တန့် (ထီပေါက်ခြင်း) ၊ ၉-တန့် (ရုတ်တစ်ရက် ငွေရခြင်း) ၊ ၁၁-တန့် (လာဘ် လာဘ) များကို ၇၁% ဖြင့် လွှမ်းမိုး လိုက်ခြင်း ဖြစ်ပါတော့၏။