Tuesday, June 14, 2011

ဝေဒ သူရဲကောင်း ၀ါရဟ မိဟိရ


အချိန်ကာလ အားဖြင့် အေဒီ ၅၀၀ ကျော် ပတ်ဝန်းကျင်- နေ့တစ်နေ့၏ မွန်းလွဲပိုင်း အခါ သာမယ-
တည်နေရာ အားဖြင့် အိန္ဒိယ နိုင်ငံ အနောက်ပိုင်း- ဥဇ္ဇေနီ နိုင်ငံတော်ဟု ခေါ်သော ဥဂျိန်း ဒေသ၏ နန်းညီလာခံ ဖြစ်ပါ၏။

တိတ်ဆိတ် ညိမ်သက်မှုက အားကြီးလွန်း သဖြင့်- နန်းတော်တစ်ခုလုံး တွင် လူသူ တစ်ဦး တစ်ယောက်မျှ ရှိပါလေစ ဟုပင် ထင်မှတ်မှားစရာ။


အမှန်က နန်းညီလာခံတွင်- အရာရှိ၊ အရာခံ၊ မှူးမတ်၊ ဗိုလ်ပါ များ အပြည့်ရှိနေ၏။ သို့သော်- မည်သူ တစ်ဦးတစ်ယောက်ကမျှ- အသံမထွက်ကြ။ လှုပ်ရှားမှု မရှိသယောင် ထင်ရသော်လည်း- နန်းတော်တွင်းရှိ လူအားလုံးတို့၏ မျက်လုံး အစုံက- လူလတ်ပိုင်း အရွယ် တောက်ပြောင်သော မျက်လုံးပိုင်ရှင် လူတစ်ဦး ဆီသို့ မကြာခဏ ရောက်နေ၏။ တိတ်ဆိတ် မှုကို ရုတ်တစ်ရက် ဖြိုခွဲလိုက်သည်က-
“မောင်မင်း မိဟိရ-မောင်မင်းရဲ့ ဟောကိန်းကို နောက်ဆုံး ပြန်ပြင်ဘို့ အချိန်ရှိပါသေးတယ်။ တွက်ချက်မှု တွေပြန်စိစစ်ပြီး- မောင်မင်းရဲ့ ဟောကိန်းကို ပြန်ပြင် လိုက်မယ် ဆိုယင်- မောင်မင်း အနေနဲ့- သိက္ခာ မထိခိုက် စေရပါဘူး- မိဟိရ”
အမှန်တော့ ဥဇ္ဇေန ပြည့်ရှင် ၀ိကာရာမ အဓိတရ မင်းတြား သည် ဤသတိပေးချက်ကို အကြိမ် များစွာ ပေးခဲ့ပြီး ဖြစ်ပါ၏။ သူကိုယ်တိုင် ကြည်ညို လေးစားသော- “န၀ ရတနာ” ခေါ် နန်းတွင်း ပုရောဟိတ် ပညာရှိ များကို ဂုဏ်သိက္ခာ မကျဆင်းစေရအောင်- တစ်နည်းအားဖြင့် တက်လမ်းများ ပွင့်နေသော “န၀ ရတနာ” ဂုဏ်ဆောင် ပညာရှင် မိဟိရ ကို မျက်နှာ မပျက် စေရပဲ နောက်ပြန်ဆုတ် နိုင်စေရန် လမ်းဖွင့်ပေးနေခဲ့ခြင်း ဖြစ်ပါ၏။
“မှန်လှပါ အရှင်မင်းကြီး၊ ကျွန်တော်မျိုးရဲ့ ဟောကိန်းကို ပြန်လည် ပြင်ဆင် စရာ အကြောင်းမရှိပါ ဘုရား၊ လွန်ခဲ့တဲ့ ၁၈-နှစ်ကတည်းက ကျွန်တော်မျိုး ဟောကိန်း ထုတ်ထားတဲ့ အတိုင်း - အရှင့်သားတော်လေးရဲ့ အသက် ခန္ဓာဟာ မကြာခင် နာရီပိုင်း အတွင်းမှာ- ချုပ်ငြိမ်း ပြတ်ဆဲ ရပါလိမ့်မယ်။ ကျွန်တော်မျိုးရဲ့ ဟောကိန်း မှားသွားခဲ့မယ် ဆိုယင်- ယခု လုပ်ဆောင်နေတဲ့ ဗေဒင် နက္ခတ်ပညာများ အားလုံးကို ရပ်ဆိုင်းပြီး၊ ကျွန်တော်မျိုးရဲ့ ဘ၀ နေ၀င်ချိန် အထိ- ဟိမ၀န္တာတောင်ခြေမှာ- အစာ အငတ်ခံတဲ့ တပ အကျင့်ကို သွားရောက် ကျင့်ကြံ ပါ့မယ် ဘုရား”

ယခု အခါတွင်တော့ - စောစောက ညိမ်သက်နေသော နန်းရင်ပြင်တွင်- တီးတိုးသံများ၊ တိုးတိုး တိတ်တိတ် အငြင်းပွားသံများက- မကြားတကြား ပေါ်လာ၏။ သို့သော်- မည်သူ နှင့်မျှ မတူအောင် အတည်ညိမ် ဆုံး ဖြစ်နေသူက- မိဟိရ-မိဟိရ ကို ချစ်ခင်သူမိတ်ဆွေများ၊ သူ၏ ပညာကို ယုံကြည် ထားကပင်လျှင်- ဒီတစ်ခေါက် တော့ဖြင့် မိဟိရ တော့ မှားလေပြီ ဟုပင် စိတ်ထဲမှ ထင်ထားကြသည်။ ဘုရင် မင်းမြတ် အနေဖြင့် နောက်ဆုတ်ရန် အခွင့်အလမ်း အကြိမ် များစွာပေးနေသော်မှ- အလိမ္မာနှင့် နောက်မဆုတ်သော- မိုက်မဲ လှသည့် မိဟိရပါလား ဟုပင် စိတ်ထဲမှ မြည်တွန် တောက်တည်း နေမိ ကြ၏။

လွန်ခဲ့သော ၁၈-နှစ်ကာလက- ၀ိကာရာမ အဓိတရ ဘုရင် အနေဖြင့် ရင်နှစ်သည်းချာ နန်းညွန့် နန်းလျာ သားတော်လေး ထွန်းကား ရရှိခဲ့သည်။ ပညာရှိ အပေါင်းနှင့်- သားတော်လေး၏ ဇာတာ အား စစ်ဆေးစေခဲ့ရာ-

နန်းတော်တွင် အမြင့်မားဆုံးသော “န၀ ရတနာ” ဘွဲ့ သတ်မှတ်ထားသော နက္ခတ်ဗေဒင် ပညာရှိ ၉-ဦး တွင် တစ်ဦး အနေဖြင့် အပါ အ၀င် ဖြစ်သူ- မိဟိရမှ ကောင်းကင်မှ နက္ခတ် တာရာ အနေအထားများ အရ- သားတော်လေး အနေဖြင့် အသက် ၁၈-နှစ်ကာလ-မည်သည့်နေ့၊ မည်သည့် ရက်၊ မည်သည့် အချိန်တွင် တောဝက် တစ်ကောင်ကြောင့် သားတော်လေး၏ ဇိဝိန် ချုပ်ငြိမ်း မည် ဖြစ်ကြောင်း၊ လူသား ပညာရှင်များ တတ်နိုင်သော ယတြာ ပညာတို့ဖြင့် ထိုကြမ္မာဆိုးကို ဟန့်တား၍ မရနိုင်ကြောင်း- မညှာမတာ ဟောကြားခဲ့၏။

ဝိကာရာမ အဓိတရ မင်းတရား အနေဖြင့်- နက္ခတ်ဗေဒင် ပညာကို ယုံကြည်၏။ ပညာရှိများကို မြှောက်စား၏။ ထို့ကြောင့်လည်း မိဟိရ၏ ဟောချက်ကို ကြားသိရချိန်မှ စ၍- အမတ်ချုပ်ကြီး ဖြစ်သော ဘတ္တိ နှင့် တိုင်ပင်၍- သားတော်လေး အတွက် ထူးခြားသော အမြင့်ပေ ၈၀ ရှိသည့် ဘုံစဉ် ၇-ထပ် နန်းဆောင်ကို တည်ဆောက်စေခဲ့၏။ နန်းတော် အတွင်း နှင့် အပြင် တစ်လျှောက် တွင်- အဆင့်မြင့် ကိုယ်ရံတော် တစ်သောင်းကို အဆက်မပြတ် ချထား၏။ တောဝက် နှင့် တူသည် ဆို၍- ကြွက်တစ်ကောင် မျှပင် ၀င်လာစရာ မရှိအောင် လုံခြုံလှ၏။ သားတော်လေးအား- ဘုံ ၇-ထပ်မှ နေ၍ - မည်သည့် အခါ၊ မည်သည့် အကြောင်းနှင့်မျှ ဆင်းမလာ စေရန် တားမြစ်ထားခြင်း အားဖြင့်လည်း- သားတော်လေးမှာ အကျယ်ချုပ် မိနေပါ၏။

ထိုသို့သော လုံခြုံရေး အစီအရင်များ ပြုလုပ်ပြီးကတည်း ကပင်- ဘုရင်မင်းမြတ် အနေဖြင့် မိဟိရအား - ဟောချက်ကို ပြန်လည် ပြင်ဆင်လိုပါသေးလား ဟု မေးခဲ့သော်လည်း- မိမိကိုယ်မိမိ လွန်စွာ ယုံကြည်သော မိဟိရ အနေဖြင့်မူ- လုံးဝ မပြင်ဆင်ရုံမျှမက မည်သည့် အရာကမျှ- မင်းသားငယ်၏ အသက်ကို ကယ်တင်နိုင်မည် မဟုတ်ကြောင်း ခိုင်မာစွာ ထပ်လောင်း ဆိုခဲ့၏။

တစ်ရက်ပြီး တစ်ရက် သတ်မှတ်ရက်နှင့် နီးလာသော်ငြားလည်း- မိဟိရ ၏ အဖြေကား မပြောင်းမလဲ -တစ်မျိုးတည်းပင် ရှိပါ၏။

နောက်ဆုံးတော့- ဂုဏ်သိက္ခာနှင့် ပတ်သက်သော ယှဉ်ပြိုင်စိမ်ခေါ် အနေဖြင့် ဖြစ်လာကာ-မိဟိရအား သိပ်သဘောမကျသူများ အနေဖြင့်မူကား- မိဟိရ အနေဖြင့်- နာမည်ကြီးမှုက အရည်အချင်းထက် ရှေ့ရောက်နေသူသာ ဖြစ်သည်။ ဒီတစ်ခေါက်တော့ဖြင့်- နာပြီဟု သတ်မှတ် ထားကြသလို- မိဟိရ၏ မိတ်ဆွေများ အနေဖြင့်လည်း ကြွက်ပင် ၀င်မရသော အနေ အထားတွင် မည်သို့မည်ပုံ တောဝက်ကြောင့် မင်းသားငယ် အသက်ဆုံးရမည်ကို နားမလည် နိုင်ကြတော့ပေ။

ယနေ့တွင်တော့- နန်းတော်ထဲတွင်သာမဟုတ်- တစ်မြို့လုံး၊ တစ်နိုင်ငံလုံး စိတ်ဝင်စားစွာဖြင့်- ဤသတင်းကို နားထောင်နေကြ၏။ ဘယ်နေရာ သွားသွား၊ ဘယ်သူ့မေးမေး- မင်းသားလေး နှင့် မိဟိရ သတင်းက လူထု၏ အာရုံကို အစိုးရထား၏။ မိဟိရအား လေးစားသော ဘုရင် မင်းမြတ် အနေဖြင့် မိဟိရအား အကြိမ်များစွာ ပြန်ပြင်ခွင့် ပေးပါ၏။ မင်းသားငယ် အသက် ဆုံးမည် ဆိုသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း- တောဝက်ကြောင့် အသက်သေဆုံး ရမည် ဆိုသည်မှာမူ- လွန်စွာ မဖြစ်တန်သော ကိစ္စဖြစ်နေ၏။ နောက်ဆုံးမတော့-
“မောင်မင်း မိဟိရ-မောင်မင်းရဲ့ ဟောကိန်း သာ မှန်ကန် ခဲ့မယ် ဆိုယင်- မောင်မင်းကို- ရတနာ စီချယ်ထားတဲ့ ရွှေတံဆိပ်တော်မှာ- ၀ါရဟ မိဟိရ ဆိုတဲ့ ဘွဲ့အမည်နဲ့ အမြင့်ဆုံး ဂုဏ်ပြုတော် မူမည် မောင်မင်း”
ဥဇ္ဇေနီတိုင်းပြည်၏ အမှတ်တံဆိပ်ဖြစ်သော- တောဝက်ပုံ တံဆိပ်တော်ကို ဦးခေါင်းတွင် ဆင်မြန်း၍ နန်းရင်ပြင် တက်ခွင့် ရသူမှာ - ယခုအချိန်အထိ ဘုရင်မင်းမြတ် တစ်ပါးတည်းပင် ရှိပါ၏။ ၀ါရဟ ဆိုသည်မှာ တောဝက် ဟု အဓိပ္ပါယ်ရ၏။

သို့ဖြင့်ပင်- မိဟိရ ဟောကိန်း ထုတ်ထားသော နေ့- နေ့လည် ၂-နာရီကတည်းက နေ၍- မိဟိရ ဟောကိန်း ထုတ်ထားသော ညနေ ၅-နာရီ အချိန်အထိ- လုံခြုံရေး တာဝန်ခံတို့သည် နာရီဝက်ခြား၊ တစ်နာရီခြား ပုံမှန် မင်းသားလေး၏ အခြေအနေကို ဘုရင်မင်းမြတ်ထံသို့ သံတော်ဦး တင်နေကြရ၏။ မင်းသားလေး ဘာမျှ မဖြစ်ကြောင်း၊ ကျန်းမာ ပကတိ၊ ပျော်ရွှင် ချမ်းသာစွာ ရှိနေလျှက် ရှိနေကြောင်း တို့ကိုပင် ကြားနေကြရ၏။

နောက်ဆုံးမတော့- မိဟိရ သတ်မှတ်ထားသော အချိန် ညနေ ၅-နာရီကိုပင် နာရီဝက်ခန့် ကျော်လွန် သွားပြီ ဖြစ်ပါ၏။ နောက်ဆုံး သတင်းလာပို့သူ လုံခြုံရေး တမာန်တော်ကလည်း မင်းသားလေး စံနေရာတွင် ဘာမျှ ပြဿနာ ထူးထူးထွေထွေ မရှိကြောင်း အစီရင် ခံ လျှောက်ထားလာပါ၏။

ငြိမ်သက်စွာ မိမိနေရာတွင် ထိုင်နေခဲ့သော မိဟိရသည် - ဘုရင့် အပါးတော်သို့- အသာအယာ ချဉ်းကပ်၍ ပြီးခဲ့သော အချိန်၊ သတ်မှတ်ထားသော အချိန် ကပင်- သားတော်လည်း သေဆုံး ပြီးသွားပြီ ဖြစ်ပါကြောင်း ညင်သာစွာ လျှောက်တင်လိုက်၏။

နန်းတော် လုံခြုံရေးများက ဘုရင့်အား လည်ဆည် သတင်းပို့နေခြင်းလည်း မဖြစ်တန်ရာ။ ဘုရင်မင်းမြတ် သည် မိဟိရအား- နားမလည်နိုင်သော အကြည့်ဖြင့် စိုက်ကြည့်တော်မူ၏။ မိဟိရမှ-
“မြတ်သော မင်းကြီး- ကျွန်တော်မျိုး သတ်မှတ် တွက်ချက်ထားတဲ့ အချိန်ကာလမှာပင်- သားတော်လေး ဆုံးပါးသွားပြီ ဖြစ်ပါတယ်။ သို့သော် အသင်မင်းကြီးရဲ့ လုံခြုံရေး အစောင့် အကြပ် တွေ အနေနဲ့ သတိမပြုမိတာ ဖြစ်ပါလိမ့်မယ်။ ယခုဆိုလျှင်- သားတော်လေးဟာ သွေးအိုင်ထဲမှာ ခန္ဓာပျက်ကြွေနေပေမယ့်- အစောင့် အရှောက်တွေနဲ့ အထိန်းတော်- ကစားဘက် တွေ သတိမပြုမိကြတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်မျိုးရဲ့ ဟောပြောချက် မှန်မမှန်- ကျွန်တော်မျိုးတို့ ကိုယ်တိုင် သွားရောက် စစ်ဆေးသင့်ပါတယ် ဘုရား”
ဟု တည်ညိမ်စွာ လျှောက်တင်လိုက်၏။

သို့နှင့်ပင် ဘုရင်မင်းမြတ် အပါအ၀င်- ပညာရှိ မှူးမတ် များတို့ သားတော်လေး နန်းဆောင် သို့ ရောက်လာခဲ့၏။ ဘုံ ၇-ဆင့်ကို တက်ရာ အဆင့်ဆင့်တွင် အေးချမ်းစွာပင် ရှိနေပါ၏။ သားတော်လေး စံမြန်းရာ ၇-ဆင့် အရောက်တွင်- သားတော်လေး၏ အခြွေအရံ ကစားဖေါ် များကို တွေ့ရ၍- သူတို့ကလည်း- မကြာမီကလေးကပင် သားတော်လေးသည် သူတို့နှင့် ကစားနေပြီးနောက်- ဘုံ ၇-ဆင့် လေသာဆောင် တွင် လေကောင်း လေသန့် ထွက်ရှူ နေသည်ဟု ဆိုကြ၏။
မိဟိရမှ-
“အရှင့် သားတော် အနေဖြင့် တောဝက် ဒဏ်ချက်ကြောင့် သွေးအိုင်ထဲမှာ အသက် ပျောက်နေတာကို တွေ့လျှင်- သင်တို့ အားလုံး အလန့်တကြား ဖြစ်ကုန်ပါလိမ့်မည်။ ဤမှန်ကန်သော ဟောချက်သည် ကျွန်တော်မျိုး၏ ဟောချက် မဟုတ်၊ ကျွန်တော် ဥာဏ်ပညာ သည် ဤသို့သော ဟောချက်မျိုး ကို ဟောပြော နိုင်ရန် အတွက် နိမ့်ကျ နုံချာ လှပါသဖြင့်-ဟောချက် အားလုံးကို သူရိယ နာရယန (နေနတ်သား) ၏ ညွန်ပြ မှု အတိုင်းသာ လိုက်နာ ခဲ့ရ ပါသည်။”
ဟု ဆို၏။
မင်းမှူးမတ် စုံလင်စွာဖြင့် - လေသာဆောင် သို့ အရောက်တွင်တော့- သလွန်ငယ် ထက်တွင် ပက်လက် အနေအထားဖြင့် လဲလျောင်း နေသော မင်းသား၏ အပေါ်တွင်- နိုင်ငံတော် အထိမ်းအမှတ် ဖြစ်သော တံခွန် တိုင်ထိပ်ရှိ တောဝက် ရုပ်သည်- သူ၏ အစွယ်များက မင်းသား၏ ဦးခေါင်းနှင့် မျက်နှာပေါ်တွင် ထိုးစိုက် ထားပြီး တောဝက်ရုပ်၏ ခြေထောက်များက မင်းသား၏ ရင်အုံအား ထိုးဖေါက်ထားကာ- သွေးအိုင်ထဲတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးနေလျှက် ရှိနေသည်ကို အားလုံးတွေ့ရှိရပါတော့သည်။

အမှန်အားဖြင့် နိုင်ငံတော် အမှတ်အသား ဖြစ်သော တောဝက်ရုပ် တံခွန်တိုင်သည် ဥဇ္ဇေနီ နိုင်ငံ၏ အရေးပါသော အဆောက်အဦများတွင် ထားရှိတတ်ခြင်းကို အားလုံးက မေ့လျော့ နေကြပါ၏။ အနားယူနေသော မင်းသား အပေါ်သို့- လေပြင်းတစ်ချက် တိုက်ခတ်လိုက် ချိန်တွင် လဲကျလာသော တံခွန်တိုင်သည်- နူးညံ့လှသော ဖဲမွေ့ရာ ရှိမင်းသား ရှိနေရာကို တည့်တည့် ကျလာခြင်းဖြင့်- မင်းသား၏ အသက်ကို အသံတစ်ချက်မှ မထွက်ပဲလျှက်- ယူငင် သွားခြင်းပင် ဖြစ်တော့၏။
“မိဟိရ- ကျွန်ုပ် ရှုံးပါပြီ၊ မောင်မင်း”
ဘုရင်မင်းမြတ်သည် ဆို့နစ်သော ကြေကွဲသံဖြင့်- သားတော်၏ အလောင်းအား ကြည့်နေလျှက် ၀မ်းနည်းစွာ ပြောလိုက်၏။
“အရှင်မင်းကြီး- ကျွန်တော်မျိုးလည်း အနိုင်မရပါ။ ဤပွဲတွင် အနိုင်ရသွားသည်က- ကောင်းကင်တည် ဂြိုဟ်များ၊ နက္ခတ်တာရာများ၏ နက်နဲလှသော ဂမ္ဘီရ သိပ္ပံပညာ သာ ဖြစ်ပါသည် အရှင်မင်းကြီး”  
ဟောချက် မှန်သော်ငြားလည်း စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်နေရသော မိဟိရ သည် ဘုရင်မင်းမြတ်အား ပညာရှိပီသသော စကားကို လျှောက်တင် လိုက်၏။
“မည်သို့ပင် ဖြစ်ပါစေ မိဟိရ၊ သင်တတ်မြောက်သော ပညာသည် အမှန် ဖြစ်ကြောင်းကို ကျွန်ုပ်အား သင့် အနေဖြင့် လက်တွေ့ သက်သေပြလိုက်ပြီ ဖြစ်ပါ၏။ သင်၏ ကျွမ်းကျင် လှသော ပညာ အတွက် သင့်အား မာဂဓ တိုင်း၊ ဥဇ္ဇေနီ တိုင်းပြည်ရဲ့ အမြတ်ဆုံး ဖြစ်တဲ့ ၀ါရဟ ဘွဲ့ကို အပ်နှင်း ချီးမြှောက်လိုက်ပါပြီ မောင်မင်း”
ဘုရင်မင်းမြတ်သည် မချိတင်ကဲ ကြေကွဲသံဖြင့်- သားတော်၏ အလောင်းအား ကြည့်နေလျှက် ၀မ်းနည်းစွာ ပြောလိုက်၏။

ဤသည်ကား - နောက်လာ နောက်သား နက္ခတ်ပညာ များအတွက် အရေးကြီးသော ပညာရပ် လမ်းကြောင်းများကို ချမှတ်ပေးခဲ့သူ- ဆရာသခင် ၀ါရဟ မိဟိရ အမည်တွင်ခဲ့ရခြင်းပင် ဖြစ်တော့သည်။

နှောင်းလူများရဲ့ ဆရာသခင် မိဟိရ။

ဆရာ သခင် မိဟိရသည် ဗေဒင် ပညာရှင် သက်သက်မျှ မဟုတ်၊ အာကာသ နက္ခတ္တ ခေါ် Astronomy နှင့် သင်္ချာပညာကိုပါ ကျွမ်းကျင်သော ပညာရှင် ဖြစ်ရုံမဟုတ်သေး- နောက်လာ နောက်သားများ အတွက် အလွန် အသုံးဝင်မည့်- အောက်ပါ ကျမ်းဂန်တို့ကိုပါ ရေးသားပြုစုပေးခဲ့ပါ၏။

  • ပဉ္စ သိဒ္ဓန္တ ခေါ် သိဒ္ဓန္တ ငါးကျမ်း။ (သူရိယ သိဒ္ဓန္တ၊ ပေါလိစ္စ သိဒ္ဓန္တ၊ ရောမက သိဒ္ဓန္တ၊ ၀ါစိဿ သိဒ္ဓန္တ၊ ပေတ မဟာ သိဒ္ဓန္တ) ထိုကျမ်းတို့တွင် ဝေဒင်္ဂ ကျမ်းများပါ အချက်များသာမက ဂရိ၊ အီဂျစ် နှင့် ရောမ တို့၏ အာကာသ နက္ခတ္ထဆိုင်ရာ အချက်များပါ ပါဝင်သည်။ ပေါလိစ္စ သိဒ္ဓန္တ သည် ဂရိမူ ဖြစ်၍၊ ရောမက သိဒ္ဓန္တ သည် ရောမမူ ဖြစ်သည်။
  • ဗြို့ဟဇ် သံဟိတ ကျမ်း (လွန်စွာတန်ဘိုးရှိသော ကျမ်းဖြစ်၍- ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို့ တို့ ကို မတွေ့ရှိမီ နှစ်ပေါင်း ၂၀၀၀ ကျော်ကာလကပင်- မန်ဒိန်း ဗေဒင် Mundane Astrology ခေါ် ကမ္ဘာနှင့် သက်ဆိုင်သော ဗေဒင်ပညာကို ဖေါ်ထုတ် ရေးသား ခဲ့ခြင်း ဖြစ်၍- ထိုကျမ်းတွင် ငလျင်တို့ နှင့် ပတ်သက်သော အကြောင်း အရာများ၊ ရာသီဥတု နှင့် ပတ်သက်သော အကြောင်းအရာများကို ဖွင့်ဆို သင်ကြား ပေးခဲ့သည်။ သို့သော်လည်း- ထိုကျမ်း၏ သဘောကို နားမလည် နိုင်ကြသဖြင့်- နောက်ပိုင်း ခေတ် အိန္ဒိယ ပညာရှင် အများစုသည်- ဆရာကြီး Alan Leo အပါအ၀င် အနောက်တိုင်း ဆရာများ၏ အနောက်တိုင်း မူကို အသုံးပြုသော စနစ်မှသာလျှင် ကမ္ဘာနှင့် သက်ဆိုင်သော Mundane Astrology ကို ဟောနိုင်မည် ထင်လာကြလျှက်- ဆရာကြီး J.C. Luthra ၏ စာအုပ်ကို အမှီပြုကာ- ယခုနောက်ပိုင်းတွင် ဆရာသခင် ၀ါရဟ မိဟိရ အသုံး မပြုခဲ့သော -နောက်တိုး ဂြိုဟ် ၃-လုံးတို့ မပါလျှင် - မန်ဒိန်း မဟုတ် ဟုပင် ယူဆ မှတ်ယူ လာခဲ့ကြ သည်ကို စိတ်မကောင်းဘွယ် တွေ့ရှိ ရပါသည်။ အချို့မှာမူ- ထိုဂြိုဟ် ၃-လုံးသာမက ဂြိုဟ်ပဲ့များ၊ Astroid များပါ ထပ်မံ စွဲထည့် သုံးစွဲနေကြ ပါသေးသည်။ ဆရာကြီး ကေအင် ရောင်အား- ဆရာကြီး J.C. Luthra မှ သူရေးထားသည့် စာမူကို ပြသ အကြံတောင်းခဲ့ ရာတွင်- ဆရာကြီး ကေအင် ရောင်မှ - ဗြို့ဟဇ် သံဟိတ ကျမ်း နှင့် ပါတ်သက်၍ မပါ၍ မေးမြန်းခဲ့ရာ- ဆရာကြီး J.C. Luthra အနေဖြင့် မဖတ်ခဲ့ဘူး ကြောင်း ၀န်ခံခဲ့ရပါသည်။ မည်သို့ပင် ဖြစ်စေ- ဆရာကြီး J.C. Luthra ၏ မန်ဒိန်း စာအုပ်မှာမူ- မန်ဒိန်း ပညာကို လေ့လာသူများ အတွက် အဓိက ကျသော သင်ရိုးညွှန်းတမ်း နေရာတွင် ရှိနေပါသည်။
  • ဗြို့ဟဇ် ဇာတက ကျမ်း (ပရာသျှရ ဆရာ၏ ကျမ်းနှင့် အမည်အားဖြင့် ဆင်သောကြောင့် - ပရာသျှရ ဆရာ၏ ကျမ်းကို ဗြို့ဟဇ် ဇာတက ပရာသျှရ သျှတ္တရ ကျမ်းဟု ကွဲပြားအောင် ခေါ်ကြပါသည်။)


သိပ္ပံထက် စောတွေ့သော ဆရာသခင် မိဟိရ ၏ စက်လုံး သဏ္ဌာန် ကမ္ဘာလုံး။

အနောက်တိုင်း သိပ္ပံပညာရှင်တို့သည်- စပိန်လူမျိုး Christopher Columbus ခရစ်စတိုဖာ ကိုလံဘတ် ခေတ် ရောက်မှ- ကမ္ဘာကြီး လုံးဝန်းနေကြောင်းကို သေချာစွာ သိရှိခဲ့ကြ ရသော်လည်း၊ ရှေးခေတ် ပညာရှင်များ ဖြစ်ကြသည့် ပိုက်သဂိုးရပ် နှင့် ပိုက်သဂိုးရပ် နောက် အနှစ် တစ်ရာ အကြာကာလ တွင် ပေါ်ထွန်းလာသော ဂရိ ပညာရှိကြီး အာရီ စတိုတယ် တို့မှ စတင်၍ ကမ္ဘာကြီးသည် လုံးဝန်းသော သဏ္ဌာန် ရှိလိမ့်မည် ဟု တွက်ဆခဲ့ကြပါသည်။

မည်သို့ပင် ဆိုစေ- ဆရာ သခင် မိဟိရ အနေဖြင့်- ပဉ္စ သိဒ္ဓန္တ ကျမ်း အခန်း ၁၃ တွင် အောက်ပါ အတိုင်း ဖေါ်ပြခဲ့သည်။

“သံလိုက် ၂-ခုတို့၏ အကြားတွင် တွဲလောင်းကျနေသော သံချောင်း ငယ်တစ်ခု ကဲ့သို့ - ကမ္ဘာသည် အာကာသ ဟင်းလင်းပြင်တွင် ဘောလုံး သဖွယ် တွဲလဲ တည်ရှိသည်။ အရပ် မျက်နှာ အားလုံးတွင် တောတောင်၊ သမုဒ္ဒရာ၊ တောင်တန်း၊ မြို့ရွာများနှင့် ကမ္ဘာ တစ်ခုလုံး အား ဖုံးလွှမ်းထားသည်။ မေယုသည် ၀င်ရိုး အနေဖြင့် တည်သည်။”


“အသူရာတို့သည် ထိုဘောလုံး သဏ္ဌာန် ကမ္ဘာတွင် ခြေထောက်တင်လျှက်- ကောင်းကင်သို့ ဦးခေါင်းမှ ညွှန်၍ ရှိနေကြသည်။ ---- နတ်တို့သည်လည်း ထိုသို့နေလျှက်- သူတို့မှ အသူရာများကို ကြည့်လျှင်- ဇောက်ထိုး နေသည်ဟု မြင်ရသကဲ့သို့၊ အသူရာတို့မှ နတ်တို့အား ကြည့်လျှင် လည်း ထိုသို့ မြင်ရသည်။” (ဤနေရာတွင်- အသူရာတို့သည် တောင်ပိုင်းသား တို့ကို ရည်ညွှန်း၍- နတ်တို့သည် မြောက်ပိုင်းသား တို့ကို ရည်ညွှန်း ထားသည်ကို သတိပြု မိနိုင်သည်။)
ဤအဆင့် အထိ ဆရာသခင် ၀ါရဟ မိဟိရသည် - အရိယ ဘတ္တ နှင့် သဘောထားခြင်း ကိုက်ညီသော်လည်း- ကမ္ဘာလည်ပါတ်ပုံတွင် မူ- သူတို့ နှစ်ဦး အယူအဆ ကွဲပြားပါတော့သည်။
ဝါရဟ မိဟိရ အနေဖြင့် ဆိုထားသည်မှာ “မာယာ ဒန၀ သူရိယ သိဒ္ဓန္တ” တို့၏ အယူအဆ အတိုင်း- မေယုသည် တောင်နှင့် မြောက်ကို ဆက်လက် ဆန့်သွားလျှက် (၀င်ရိုးစွန်းများ ဆီသို့) ၄င်းတို့သည် ကြယ် နက္ခတ် တို့နှင့် ချိတ်ဆက် ထားသည့် အနေအတိုင်း ဖြစ်ကာ “ပရာဝဟ ဓါတ်ခေါ် စီးဆင်းမှု ဓါတ်” ကြီးအားဖြင့် ကမ္ဘာအပါအ၀င် ကြယ်တို့ ပါဝင်သော အလုံးအစု ကြီးသည် လည်ပတ်နေခြင်း ဖြစ်သည် ဟု ဆိုထားပါ၏။

ထိုသို့သော ဥာဏ်ပညာကြီးလှသည့် ဆရာသခင် ၀ါရဟ မိဟိရသည် ယခုခေတ် သင်္ချာပညာတွင် မရှိမဖြစ် သုံးနေကြရသော- အောက်ပါ ဖေါ်မြူလာတို့ကိုလည်း တွေ့ရှိဖေါ်ထုတ် သုံးစွဲခဲ့သူ ဖြစ်ပါ၏။
နက္ခတ်ပညာ ကို လမ်းဖွင့်ပေးခဲ့သော- ကျေးဇူး အရှင် ဆရာသခင် ၀ါရဟ မိဟိရ အား ကိုယ်စိတ် နှလုံး သုံးပါးလုံးဖြင့်- ရိုသေ လေးမြတ်စွာ ဤဆောင်းပါးဖြင့်- ကန်တော့ လိုက်ရပါတော့သည်။

(ယခု ဆောင်းပါးသည်- ကြားဖြတ် ဆောင်းပါး ဖြစ်၍- အမေရိကန် လွတ်လပ်ရေး ဘခင် ဘင်ဂျမင် ဖရန်ကလင်။ (အပိုင်း ၂) ကို ဆက်လက် ရေးသား ပေးပါဦးမည်။)

အာလုံး ချမ်းမြေ့ကြပါစေ

နျူမာန် (မိုးတား)

[+/-] show/hide this post

4 comments:

ဟိန်းတင့်ဇော်(ဗလာ) said...

အရမ်းကောင်းတဲ့ ပို့တစ်ခုအတွက် ကျေးဇူးတင်ပါတယ် ကိုနျူမန်ခင်ဗျား.....

ကိုပခန်း said...

ကျေးဇူးတင်ပါတယ်ဆရာခင်ဗျာ။ ဆက်လက်ရေးသား ဖြန့်ဝေနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် ...

Younggun said...

မသိသေးတဲ့ ဗဟုသုတတွေအတွက် ဖတ်ခွင့်ရတာ လေ့လာခွင့်ရတာ ကျေးဇူးတင်ပါတယ်.ခင်ဗျာ

Thar Gyi said...

ဆ၇ာပြောပြလို့သိ၇တာဝမ်းသာပါတယ် တကယ်လို့ဆ၇ာ
ပြောတဲ့ mundane astrology စာအုပ်ကိုအေ၇ှ့တိုင်းေ၇ာ
အနောက်တိုင်းစာအုပ်ကိုလေ့လာချင်၇င်ဘယ်လို၇နိုင်မယ်
ဆိုတာကျေးဇူးပြု၍ညွန်ကြားပေးနိုင်မယ်ဆို၇င်ကျေးဇူးမ
မေ့ပါဘူးဆ၇ာ ဆ၇ာ့၇ဲ့သင်တန်းဝင်ခွင့်လျှောက်လွှာလဲဖြေ့
ထားပါတယ် လေးစားစွာဖြင့်

Post a Comment