Monday, March 28, 2011

ပါရမီရှင်၊ ပညာရှင် တို့၏ ဇာတာ (အပိုင်း ၁- အိုင်းစတိုင်း)

မိဘတို့ အနေဖြင့် သားသား မီးမီး ထွန်းကားလာလျှင်- မိမိတို့၏ သားသမီး တို့ကို ပညာ ထွန်းကား စေချင်ကြ၏။ ဥာဏ်ထက်မြက် စေလိုကြ၏။ ဘ၀တွင် အောင်မြင် စေလိုကြ၏။ အမှန်အားဖြင့် ဥာဏ်ထက်မြက် တိုင်း- စာတော်သူ ပညာတတ်ကြီး မဖြစ်တတ်သလို၊ စာတော်သူ ပညာတတ်ကြီး ဖြစ်တိုင်းလည်း- ဘ၀ အောင်မြင်မှု မရှိသလို၊ ဘ၀ အောင်မြင် နေကြ သူတိုင်းလည်း ဥာဏ်ထက်မြက် သူများ၊ စာတော်သူများ မဟုတ်ကြပါချေ။

ဥာဏ်ထက်မြက်မှု အတိုင်းအတာကို အိုင်ကျူ I.Q စနစ်ဖြင့်- တိုင်းတာ လေ့ရှိကြ၏။ တစ်ခါ ဥာဏ်ထက်မြက်၍ ပညာတတ်ခွင့်ရသော်လည်း- အကျင့်နှင့် စိတ်ဓါတ် အနေအထား တို့အရ- ထိုသူသည် လူ့လောက အတွက် အကျိုးပြုမည့်သူလား၊ အဆိုးပြုမည့် လူလား၊ မိမိကိုယ်မိမိ အစွမ်းဖေါ်ပြလျှက် မိမိ၏ ထင်ရှား အောင်မြင်မှုကိုသာ တစ်ကိုယ်ကောင်း ဆန်ဆန် ဦးစိုက် ဆောင်ရွက်မည်သူလား ဆိုသည်များလည်း ရှိပါသေး၏။

ဘ၀ အောင်မြင်မှုတစ်ခု အတွက်မူ- (AQ) Adversity Quotient ခေါ် ဘ၀ကို အရှုံးမပေးတတ်သော စိတ်ဓါတ် စွမ်းရည်က ဥာဏ်စွမ်းရည်ထက်ပင် ပို၍ အရေးကြီးသည်ကို ယခုအခါ- တွေ့ရှိလက်ခံလာကြပြီ ဖြစ်၏။ ဤဆောင်းပါးသည်- ဘ၀ အောင်မြင်ရေး အကြောင်း ရေးသားထားသည့် ဆောင်းပါး မဟုတ်ပဲ- လူသားတို့၏ သမိုင်းတွင် ထင်ရှားခဲ့သော ပါရမီရှင်၊ ဥာဏ်စွမ်းရှင် ကြီးများ နှင့် ပါတ်သက်၍ လေ့လာ သုံးသပ်ချက်များမျှသာ ဖြစ်ပါသည်။

မိမိတို့ မွေးဖွားသော သားသမီးသည် ဥာဏ်ကြီးရှင်များ ဖြစ်ခဲ့ပါမူ- လူအများစု အနေဖြင့် ဥာဏ်ကြီးရှင် ဖြစ်သည်ဟုပင် သတိမပြုမိနိုင်သော ထူးခြားချက်များကို- သိရှိ ထားခြင်းဖြင့်- စာဖတ်သူတို့ အနေဖြင့်- သားသမီး၏ ရှေ့ရေးကို အသင့်တော်ဆုံး လမ်းကြောင်း ချပေးနိုင်ပါလိမ့်မည်။ သို့မဟုတ်ပါက- ထူးခြားသူ ဥာဏ်ကြီးရှင်အား- ငတုံး ငအ၊ သုံးမရသူ ဟု သဘောထား မိတတ်ခြင်းကို ခေတ်မီ တိုးတက်ပါသည် ဆိုသော နိုင်ငံကြီးများတွင်ပင် ကြုံတွေ့ရတတ်ပါသေး၏။

ထူးခြားသော ဥာဏ်ပညာရှင် ဖြစ်တိုင်းလည်း- ပါတ်ဝန်းကျင်ကောင်း ဖြင့် ကြီးပြင်းခွင့် ရမှသာ- လူကောင်း ဖြစ်နိုင်ဘို့ အခွင့်အလမ်း များနိုင်ပါ၏။ သို့မဟုတ်ပါက- ပင်ကိုယ်ကလည်း စိတ်ဓါတ် နှင့် စရိုက် မကောင်းခဲ့ပါလျှင်- ထိုသူ ဥာဏ်ကောင်းသမျှ၊ ထိုသူ ပညာတတ်သမျှသည်- လူ့ဘောင် လူ့လောက အတွက် အန္တရာယ် သာဖြစ်သွားတတ် သည်ကို- လူပေါင်း သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့သော အမေရိကန် လူမျိုး လူသတ်သမား Ted Bundy ၏ ဖြစ်ရပ် တို့ကလည်း သက်သေပြလျှက် ရှိပါသေးသည်။ ထိုကဲ့သို့သော လူသတ်သမား အဆင့်မရောက် သော်လည်း- တတ်သမျှ ပညာသည် ထိုသူ၏ အတ္တ၊ မာန်မာန တို့ကို ပို၍ ပို၍ ကြီးထွားစေရုံသာ ဖြစ်သွား စေသော ကြောင့်- အတ္တ၀ါဒီ လူသား အနေအထား များလည်း ဖြစ်လာနိုင်ပါသေးသည်။

တစ်ဘက်တွင်လည်း- သူတော်ကောင်း ပညာရှိ များသည်- မိမိကိုယ်ကို မိမိ နှိမ့်ချ၍- သူ၏ အရည်အချင်းကို - သူ၏ အမှန် အကန် အောင်မြင်မှု၊ လူ့ဘောင် အဖွဲ့အစည်းအား ကူညီနိုင်မှု များဖြင့်သာ သက်သေ ပြခဲ့သော ပညာရှင်များ၊ ပါရမီရှင်ကြီးများ လည်း ရှိခဲ့ပါ၏။ ဤနည်းဖြင့်- ထိုသူတို့၏ သူမတူသော ဥာဏ်ပညာ တို့သည် လူသားတို့ သမိုင်းတွင် ထင်ရှား ခဲ့ပါ၏။

ဤနေရာတွင် ဥာဏ်ဟူသော ဝေါဟာရ၏ အတိမ်အနက် ကွဲပြားမှုကို ရှင်းပြလိုပါသည်။
ဝိပဿနာ ဥာဏ်စဉ် အဆင့်ဆင့် တို့၏ ဆိုလိုရင်းသည်- ပြင်ပလောကတွင် ပြောနေကြသော ဥာဏ်ကောင်း ခြင်း၊ မကောင်းခြင်း နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ။

ပြင်ပ လောကတွင် ပြောနေကြသော ဥာဏ်ကောင်းသည်ဟု ဆိုရာတွင်-


  • အချို့သူတို့သည်- သွက်သွက်လက်လက် ချက်ချက်ခြာခြာဖြင့် အကြောင်းအရာ တစ်ခုကို ရေလည်စွာ ပြောပြ တတ်ကြသဖြင့်- သူတို့ ကိုလည်း- ထက်မြက်သည် ဥာဏ်ကောင်း သည်ဟု သတ်မှတ် ခံကြရ၏။
  • အချို့ကမူ- ကျောင်းစာမှ လွဲ၍- အခြားသော ကိစ္စများတွင်- အလွန်ပါးနပ်စွာ ကွက်ကျော် မြင်တတ်၏။ တစ်ထွာပြလျှင်- တစ်လံမြင်၏။ အရိပ်ပြလျှင်- အကောင် ထင်၏။ သို့သော် အတတ်ပညာ၊ အသိဥာဏ်တို့ကိုမူ လေ့လာရန် စိတ်မ၀င်စား တတ်။
  • ဤသို့ ကွဲပြား နေကြသည့် အထဲတွင် - အချို့သည် နေရာဒေသ တစ်ခု ပေါ်တွင် ထူးခြားစွာ မှတ်မိ တတ်ခြင်း၊ အချို့က သီချင်း တစ်ပုဒ်ဆိုလျှင် တစ်ခေါက် နားထောင် မိရုံမျှ ဖြင့် အလွတ် ရသွား တတ်ခြင်း၊ အချို့က တစ်ခါ မြင်ဘူးသူ တစ်ဦးကို နောင် နှစ်ပေါင်း များစွာ ကြာပြီးမှ ပြန်တွေ့သည်ကိုပင် မှတ်မိနိုင်စွမ်း ရှိ၏။

ကျောင်းစာ နှင့်ပါတ်သက်၍ ဥာဏ်ကောင်းသည်ဟု ဆိုကြရာတွင်ပင်-
  • အချို့သူတို့ အနေဖြင့်- Photographic Memory ခေါ် ဓါတ်ပုံ ရိုက်ယူလိုက်သည့် အလား- တစ်ခါ မြင်ဘူး၊ ဖတ်ဘူးလျှင် စွဲမြဲစွာ မှတ်မိတတ်သောကြောင့်- သူတို့ကိုလည်း မှတ်ဥာဏ် ကောင်းသူဟု သတ်မှတ်ကြ၏။
  • အချို့ကမူ- အတွက်အချက်၊ ကိန်းဂဏန်း၊ သင်္ချာတို့နှင့် ပတ်သက်လျှင် လွန်စွာ အားသန်ပြီး၊ အကွက်ကျော်မြင်တတ်၏။
  • အချို့ကမူ- မှတ်မိနိုင်စွမ်းလည်း သိပ်ထူးထူးခြားခြား မရှိ၊ အတွက်အချက် သင်္ချာလည်း ထူးထူး ခြားခြား အစွမ်းမပြ၊ သို့သော် လောက၏ သဘာဝ- အတွေးအခေါ် ပညာ တို့တွင် လွန်စွာ လေးနက်စွာ တွေးခေါ် နိုင်စွမ်းရှိ၏။
ထို့ကြောင့်- ဤနေရာတွင် စာရှုသူအား မေးခွန်း တစ်ခွန်းမေးလိုပါသည်-

သင်အနေဖြင့် တစ်ဦး တစ်ယောက်အား ဥာဏ်ကောင်းသည်၊ သို့မဟုတ် ထုံထိုင်းသည် ဟု ဆိုပါလျှင် မည်သည့် အချက်ကို အမှန်တကယ် ရည်ရွယ်ပြောဆိုပါသနည်း။
Photobucket
ကျော်လွန်ခဲ့ပြီ ဖြစ်သော ၂၀-ရာစု၏ အထူးခြားဆုံး လူသား စာရင်းထဲတွင် ထိပ်ဆုံးမှ ပါဝင် ခဲ့သော၊ ဦးဏှောက် အလွန်ကောင်းသူ၊ ပါရမီရှင်ဟု ထင်ရှားသူ သိပ္ပံပညာရှင်ကြီး အယ်လ်ဘတ် အိုင်းစတိုင်းသည်ကား-
  • ငယ်စဉ် အရွယ်တွင် စကားမပြောခဲ့သဖြင့် မိဘများက - စကားပြောမှ ပြောတတ်ပါမည်လားဟု စိုးရိမ်ခဲ့ကြရပြီး- အသက် ၉-နှစ်သားတွင်မှ- “ဟင်းချိုက ပူတယ်” ဟူ၍ ၀ါကျ ပြည့်ပြည့် စုံစုံ ပြောခဲ့သဖြင့် မိဘများက အံအားသင့်ခဲ့ရ၏။ “ဘာဖြစ်လို့ နဂိုက မပြောတာလဲ” ဟု မေးကြရာ- “နဂိုတုန်းက သူ့ဟာနဲ့သူ အဆင်ပြေနေလို့ ပြောစရာ မလိုလို့” ဟု ပြောခဲ့သည် ဆို၏။
  • ငယ်စဉ် မူလတန်း ကျောင်းသားဘ၀ က- ငေးငိုင်နေသော ကျောင်းသားဖြစ်သဖြင့် အတန်း ထဲမှ ထွက်နေရန်- ဆရာတစ်ယောက်၏ မောင်းထုတ်ခဲ့ခြင်းကို ခံခဲ့ရ၏။
  • သမိုင်း၊ ပထ၀ီ စသော ဘာသာရပ်များတွင် လွန်စွာ ညံ့၏။ ထို့ကြောင့် တက္ကသိုလ် ၀င်ခွင့် စာမေးပွဲကို ၂-ခါ ထပ်ဖြေခဲ့ရ၏။
  • သို့သော်- အသက် ၁၂-နှစ် သားတွင် ဦးလေး ၀ယ်လာပေးသော ဂျီသြမေတြီ စာအုပ်ကို လေ့လာပြီးနောက် အသက် ၁၄-နှစ်သားတွင် - ကဲကုလပ်စ် calculus သင်္ချာကို မိမိဘာသာ သင်ယူလိုက်၏။
  • နာမည်ကြီး သိပ္ပံပညာရှင် ကြီး ဘ၀တွင်လည်း- မိမိနေထိုင်ရာ အိမ်ကို မကြာခဏ လမ်းပျောက်၏။ သူ့လမ်းထဲတွင် သူ့အိမ်ကို ပြန်ရှာနေရသည်ကို မကြာခဏ မြင်ကြရတတ်၏။
  • သူသည် ပညာရပ်ကို ချစ်၏။ စာသင်ကျောင်းကို မုန်း၏။
  • သူသည် အတီးအမှုတ် အနုပညာကို ချစ်၏။ အားကစားကို မုန်း၏။

Photobucket

အိမ်ထောင်ကျပြီးနောက် ဇနီး ဖြစ်သူနှင့် အတူနေကြရာတွင်- သူ၏ ဇနီးအား လင်မယား သဘောတူ ကန်ထရိုက်ကို လက်ခံစေပြီးမှ- အတူနေရမည်ဟု သတ်မှတ်ခဲ့၏။ ဇနီးလောင်း ကလည်း လက်ခံ ခဲ့၏။

ထိုသဘောတူ ကန်ထရိုက် သဘောတူညီမှု ပါ အချက်များမှာ-
ဇနီး ဖြစ်သူ အနေဖြင့်-အောက်ပါ အချက်တို့ကို သေချာစေရမည်။
  • ၁) ကျွန်ုပ်၏ အ၀တ်များနှင့် လျှော်ဖွပ်စရာ ကိစ္စများကို အစီအစဉ် တကျ ဖြစ်စေရမည်။
  • ၂) ကျွန်ုပ်၏ အခန်းတွင် တစ်နေ့လျှင် ထမင်း ၃-နပ် ရရှိစေရမည်။
  • ၃) ကျွန်ုပ်၏ အိပ်ခန်းနှင့် စာဖတ်ခန်း တို့သည် သပ်ရပ်စွာ ရှိနေစေရမည် ဖြစ်ပြီး၊ အထူးသဖြင့်- ကျွန်ုပ်၏ စာကြည့် စားပွဲကိုမူ ကျွန်ုပ် တစ်ဦးတည်းသာ အသုံးပြုနိုင် စေရမည်။
  • ၄) လူမှုရေးနှင့် ပါတ်သက်၍ လုံးဝ မလိုအပ်သော အတိုင်းအတာ အထိ သင်၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကျွန်ုပ်နှင့် ပတ်သက်သော အရာအားလုံးကို အပြီးတိုင် စွန့်လွှတ် ရမည်။
  • နောက်ဆက်တွဲ အနေဖြင့်- အကယ်၍ ကျွန်ုပ်မှ တောင်းဆိုခဲ့လျှင်- သင်အနေဖြင့် ကျွန်ုပ်အား စကားပြောခြင်းကို ရပ်တန့် ပစ်ရမည်။
  • သင်၏လိုက်နာမှုများကို အပြန်အလှန် ပေးဆပ်သည့် အနေဖြင့်- အခြား မိန်းမ များကို တစ်စိမ်းပြင်ပြင် အနေဖြင့် ဆက်ဆံခြင်း ကဲ့သို့သော- သင့်နှင့် သင့်တော် လျောက်ပါတ် သည့် ဂုဏ်သိက္ခာ ကျွန်ုပ်တံမှ ရရှိ စေ ရမည်။
(စကားချပ်- မိတ်ဆွေ အနေဖြင့်- ထိုကဲ့သို့ သဘောတူညီမှုများကိုတော့- ဤဆောင်းပါး ဖတ်ပြီးလျှင်- အိမ်တွင် ပြန်မလုပ် စေချင်ပါ။ သူက- အိုင်းစတိုင်း၊ စာဖတ်သူ က- စာဖတ်သူ သာလျှင် ဖြစ်၏။)


အိုင်းစတိုင်း အား နက္ခတ်ပညာဖြင့် လေ့လာခြင်း။

အမှန်အားဖြင့်- အိုင်းစတိုင်း၏ ဇာတာအား - ဇာတာခွင် ကို ပြ၍- ဤဇာတာရှင်၏ အကြောင်းကို ရေးခိုင်းသည့် အနေဖြင့် မိုးတား နက္ခတ္တ ဝေဒ ပထမ ဆင့် စာမေးပွဲတွင် မေးခဲ့ပါ၏။ ဤအကြောင်းကို “ဇာတာ တို့၏ နောက်ကွယ်တွင်….. ” ဆောင်းပါးတွင် ရေးသား ဖေါ်ပြခဲ့ပါသည်။ သင်တန်းသား တစ်ဦးသည်- ဤဇာတာသာမက- အခြား ဇာတာ တစ်ခုကိုပါ အလွန်မှန်ကန် တိကျစွာ ဖြေဆိုနိုင်ခဲ့၏။ ထိုသို့ မေးခဲ့ရာတွင်- မိုးတား အင်အား စစ်ဆေးခြင်းကိုပင် အသုံးမပြုစေပဲ- ဂြိုဟ်တို့၏ ရပ်တည်ရာကိုသာ မူတည် သုံးသပ်စေ၍ စစ်ဆေး စေခဲ့ခြင်း ဖြစ်ခဲ့၏။

Photobucket

နက္ခတ် ဗေဒင် ပညာသည် အဓိပ္ပါယ်ရှိပါသလား ဆိုသော မေးခွန်းကို လက်တွေ့ ဖြစ်ရပ်များ၊ ဆန်းစစ်မှုများ က သက်သေ ပြသည်သာမက- အိုင်းစတိုင်း ကိုယ်တိုင်ကလည်း- "God does not play dice with the universe." "ဘုရားသခင်က လောကကြီးကို အံစာတုံး နဲ့ ဆော့ချင်သလို ဆော့ပြီး ဖန်ဆင်းထားတာ မဟုတ်ဘူး" ဟုဆိုခဲ့၏။ နောက်ကွယ်တွင် အကြောင်း အကျိုးများ၊ မမြင်ရသော စွမ်းအားများ ရှိနေကြောင်းကို- အသက် ၅-နှစ်သား အရွယ်ကပင် သံလိုက် အိမ်မြှောင် ကြောင့် - မမြင်ရသော စွမ်းအားများ အကြောင်းကို နားလည်ခဲ့သူ- အိုင်းစတိုင်းသည် လက်ခံခဲ့၏။

ဤဆောင်းပါးတွင်- အိုင်းစတိုင်း၏ ဘ၀ တစ်လျှောက်လုံးကို ဝေဘန် ဆန်းစစ်ပြမည် မဟုတ်ပဲ- အဘယ့်ကြောင့် အိုင်းစတိုင်းသည် ဥာဏ်ကြီးရှင် ဖြစ်ရသနည်း၊ အဘယ့်ကြောင့် ထင်ရှားသော ချို့ယွင်းချက်များလည်း သူ့တွင် ရှိနေရသနည်း၊ အဘယ့်ကြောင့် - နှစ်ပေါင်းများစွာ ကြာသည် အထိ- သူ၏ အမည်သည် ကမ္ဘာအနှံ့တည်တန့် နေရသနည်း တို့ကိုသာ သုံးသပ် တင်ပြပေးမည် ဖြစ်ပါသည်။


ရှေးကျမ်းလာ ယောဂ ခေါ် ယုဂ် များဖြင့် နှိုင်းယှဉ်၍ အိုင်းစတိုင်း၏ ဇာတာအား စစ်ဆေးခြင်း။

ရှေးကျမ်းတို့မှ ညွှန်ပြခဲ့သော ယောဂ များဖြင့် စစ်ဆေးကြည့်ပါမည်။ ရှေးကျမ်း တို့ အတိုင်း မျက်စေ့ စုံမှိတ် ပုံသေစစ်ဆေး ဟောပြော ခြင်းသည် မိုးတား စနစ်မဟုတ်ပါ။ ရှေးကျမ်းတို့၏ စာသားများ နောက်ကွယ်တွင် နက်ရှိုင်းသော သဘောတရားများ ရှိပါ၏။ မိုးတား စနစ်သည် ရှေးကျမ်းတို့၏ စာသား တို့တွင် ရှိနေသော အပေါ်ယံ သဘောကို စစ်ဆေးခြင်း မဟုတ်ပဲ- နောက်ကွယ် မှ ဆိုလိုထားသော သဘောတရားကို ဖေါ်ထုတ် စစ်ဆေးခြင်း ဖြစ်ပါ၏။ သို့ရာတွင်- နက္ခတ် ဗေဒင် ပညာကို ၀ါသနာပါ လေ့လာနေသူများ အနေဖြင့် ရှေးကျမ်းမူများကိုပါ တွဲဘက် ဗဟုသုတ ရစေလိုသောကြောင့် သာ ဖြစ်ပါသည်။

မာလ၀ရ မဟာပုရုသ ယောဂ

သောကြာသည် ကိန်းအိမ် တွင် ရပ်တည်၍ ဥုစ်ရနေခြင်း၊ သို.မဟုတ် ကသစ်ရနေခြင်း ဖြစ်ပါက ဤယောဂ ကိုရသည်ဟု ဆိုထားသည်။ ကျမ်း အဆိုအရ- ဤယောဂကို ရထားသူသည်- ကျက်သရေ ရှိသော၊ တင့်တယ်သော အသွင်အပြင် ရှိ၍၊ လှပသော နှုတ်ခမ်း၊ သေးသွယ်သော ခါး၊ လှပသော ကိုယ်ခန္ဓာ၊ လေးနက်သော အသံ၊ တောက်ပသော သွား၊ ထွန်းလင်းသော အသားအရောင် နှင့် ပြည့်စုံကာ- ပြည့်သော လ၀န်း ကဲ့သို.ရှိမည်။ ပါးတို.သည် ပြည့်ဖောင်းလျှက်- မျက်လုံးတို.တောက်ပကာ၊ လက်တံ ရှည်လျားမည်။ ဇာတာရှင်သည် ပညာ တတ်မြောက်ပြီး၊ ကျမ်းစာများကို ကောင်းစွာ တတ်မြောက်လျှက်၊ ကြွယ်ဝ ခြင်းတို.သည်- ဇာတာရှင် ကိုယ်တိုင်ကြောင့် ဖြစ်ထွန်းလိမ့်မည် ဘုန်းတန်ခိုးကြီး၍၊ ကောင်းမွန်သော အိမ်ထောင်ဘက်၊ သားကောင်း သမီးကောင်း၊ တို.ကို ရရှိကာ စည်းစိမ် ဥစ္စာဟူသမျှနှင့် ပြည့်စုံမည်။ အသက် ၁၀၀ အထိ နေရမည် ဟု ဆိုထားသည်။

ထိုရှေးကျမ်းအလာ- ဟောချက်ကို မိုးတား ပုံစံ အရ စနစ်တကျ ဆန်းစစ်ကြည့်မည် ဆိုပါက-
သောကြာသည် ပညာဥာဏ်ကို အစိုးရသော ပုတ္တရဘာဝ ခေါ် ၅-တန့်ဘာဝ၏ သခင် ဖြစ်နေ၏။ ၁၀-တန့်သည် Public Image ခေါ် တနည်းအားဖြင့် လူအများက မိမိဘာ အလုပ်လုပ်သည်ကို သိသော - အလုပ် အကိုင်ဘာဝ -တနည်းအားဖြင့် ကမ္မဘာဝ ဖြစ်၏။ ပညာရေး ကိစ္စကို တာဝန်ယူထားသော ၅-တန့် သခင် သောကြာသည် - အလုပ်အကိုင်၊ အများက မိမိကို သိရှိကြခြင်း နှင့်သက်ဆိုင်သော ဘာဝ တွင် ရပ်တည်ခြင်းကြောင့်- ဇာတာရှင်အား ပညာရှင် အဖြစ် လူအများက အသိအမှတ်ပြုရမည်။ တနည်းအားဖြင့် ပညာကို သုံးရသော အလုပ်မျိုးကို လုပ်ကိုင် အောင်မြင်ရမည်ကို ဖေါ်ပြ၏။ ထိုသောကြာသည် ကောင်းသော ဘာဝ ဖြစ်သည့်- ကိန်းအိမ် ၁၀-တွင် တည်ခြင်း၊ ဥုစ် ဖြစ်သော ရာသီတွင် ရပ်တည်ခြင်း ကြောင့်- ပညာဥာဏ် ဖြင့် အောင်မြင်ခြင်းကို ဖေါ်ပြနေ၏။ ရှေးအဟော တို့သည်- သောကြာ၏ မူလ တာဝန် ဖြစ်သော လှပတင့်တယ်မှု၊ စည်းစိမ်ခံမှုတို့ကိုသာ ဦးစားပေး ဟောပြောခြင်း ဖြစ်သောကြောင့်- ဘာဝ တို့၏ အဓိပ္ပါယ်ကို မဆင်ခြင်ပဲ ကျမ်းအတိုင်း တိုက်ရိုက် ဟောပါမူ- အတန်ငယ် မကိုက်ညီသော အနေအထားဖြစ်၏။

ဂဇ ကေသရီယောဂ

ကြာသပတေးသည် တနင်္လာမှ ကိန်းအိမ် (၁၊၄၊၇၊၁၀ တန့်တွင်) ရပ်ခြင်းဖြင့်ဤ ယောဂ ကိုရရှိသည်။ ဂဇ ဆိုသည်မှာ ဆင်ကို ဆိုလို၍ ကေသရီသည် ခြင်္သေ့ကို ဆိုလိုသည်။ ဆင်နှင့် ခြင်္သေ့ တို.သည် တောတောင် အလယ်တွင် လွန်စွာထင်ရှား၍ အခြားသော တိရစ္ဆာန်များ၏ ကြောက်ရွံ. လေးစားခြင်းကို ရရှိသကဲ့သို. ၄င်းတို.သည် လူအများကို သင်ကြား ပေးနိုင်ခြင်း၊ အကြံပေးတတ်ခြင်း၊ သြဇာ အာဏာကြီးမားခြင်း တို.တွင် ထင်ရှားသည်။ သေဆုံး ပြီးနောက် အချိန်ကြာမြင့်သော ကာလ အထိ ၄င်းတို.၏ အမည်မှာ ကြာရှည်စွာ တည်တံ့သည်။ မှတ်ချက်၊ ဂဇကေသရီ ယုဂ်ကို တွေ.ရှိပါက ၄င်းကို ဖျက်ဆီးတတ်သော ကမ္မ ဓရုမ ယုဂ် ၊ (တနင်္လာ၏ ဘေးဘယ်ညာ နှစ်ဘက်စလုံး တွင် တနင်္ဂနွေမှ လွဲ၍ မည်သည့်ဂြိုဟ်မှ မရှိသောယုဂ်) ပါမပါ ကြည့်ရန်လိုပါသည်။

ဤဇာတာတွင် အထက်ပါ ဂဇကေသရီ ယောဂကို ပျက်စီးစေသော ကမ္မ ဓရုမ ယုဂ် မပါရှိ။ ထို့ကြောင့် ဂဇ ကေသရီ ယောဂ အနေဖြင့် အလုပ်- လုပ်ခွင့် ရလာ၏။

သို့သော် ထိုယောဂ အနေဖြင့် မည်မျှ အတိုင်းအတာ အထိ အလုပ် လုပ်သနည်းကိုပါ ဆက်လက် စစ်ဆေးရမည် ဖြစ်၏။

ကြာသပတေးသည် ၇-တန့် ဘာဝ သခင် အဖြစ် ၉-တန့်ဘာဝတွင် တည်၏။ သူ၏ မူလ ပင်ကိုယ် တာဝန် သည် ပညာဥာဏ် ဖြစ်၏။ ၇-တန့်သခင်- ပါတနာ တနည်းအားဖြင့် - ဆက်ဆံရေး ဘာဝ Relationship လည်း ဖြစ်၏။ ၉-တန့်သည် ဒဿနိက ဗေဒ ခေါ် အဆင့်မြင့်သော အတွေးအခေါ်ကို ညွှန်းဆို၏။ ပညာဥာဏ်၏ သခင် ဖြစ်သော ကြာသပတေးသည် - အဆင့်မြင့် အတွေးအခေါ် ဆိုင်ရာ ၉-တန့်တွင် တည်ခြင်းဖြင့် - မြင့်မားသော အတွေးအခေါ် ပိုင်ရှင် ဖြစ်စေခြင်းကို ရည်ညွှန်းနေ၏။ ထိုမျှ မကသေး ကြာသပတေး သည် ၉-တန့်ဘာဝတွင် တည်ခြင်းသည် အင်း၊ အိုင်၊ ခါးလှဲ့၊ လက်ဖွဲ့စသော လောကီပညာ များ၊ ဂန္ဓာရီ လမ်းစဉ်များကို လုပ်ဆောင်လျှင် ထူးခြားစွာ အောင်မြင်တတ်သော ပါရမီရှင် တစ်ယောက်တွင် ရှိသော အချက်တစ်ခုလည်း ဖြစ်၏။

သို့သော်- ကြာသပတေးသည် မိုးတား ဆန်းစစ်မှု အရ- အင်အား သင့်ရုံမျှသာ ရှိ၏။ မြင့်မားသော အတွေး အခေါ် ပိုင်ရှင် ဖြစ်သော်လည်း- ငယ်စဉ်က အတန်းထဲတွင် စာတော်သော ကျောင်းသား တစ်ဦး မဟုတ်ခဲ့ရခြင်းမှာ ထိုဖြစ်ရပ်ကို ပြသနေ၏။

မူလ ယောဂ၏ ဆိုလိုရင်း ဖြစ်သော- တနင်္လာမှ ကိန်းအိမ်တွင် ရပ်တည်ခြင်းဟူသော အချက်နှင့်- အထက်ပါ အချက်ကို တွဲဘက်လိုက်သော အခါ- ပညာဥာဏ်၊ ထူးခြားသော အတွေးအခေါ် တို့ကြောင့်- သေဆုံးပြီး နှစ်ပေါင်း များစွာ ကြာသည့်တိုင် ပညာ ဥာဏ်ကြောင့် အမည်ကျော်ကြားခြင်း ဆိုသော အဖြေသည် ထင်ရှားလာပါ၏။

ဝိပရိတ ဟတ္တ ရာဇယောဂ

ဖလဒိပက ကျမ်း၏ အဆိုအရ ၆-တန့်အိမ်ရှင်သည် ၆-တန့်သို.မဟုတ် ၈-တန့် သို.မဟုတ် ၁၂-တန့်တို.တွင် ရပ်တည်ခြင်း ရှိနေပါက ဤယုဂ် ကို ရရှိသည်ဟု ဖြစ်သည်။ (ဖလဒီပက ၆၊ ၆၃)။ ဤ ယုဂ်ပိုင်ရှင် အနေဖြင့် ရန်သူအား အနိုင်ရရှိကာ၊ အောင်မြင် သော မင်းနှင့်တူသော အဖြစ်ကို ရမည်၊ ဇာတာရှင်၏ မိတ်ဆွေများသည် အဆင့်အတန်း မြင့်မားသော ပုဂ္ဂိုလ်များ ဖြစ်မည် ဟု ပြဆိုထားသည်။

ဤယောဂ ကိုမူ- မိုးတား စနစ်အရ မပယ်ရှား သော်လည်း- လက်မခံ ထားပါ။ ဒုဌာန အိမ်ရှင်၊ ဒုဌာန တွင် နေလျှင် ကောင်းသည် ဆိုသော ပုံသေ သဘောသည် မှားယွင်းသော အဖြေများကို ပေးတတ် သောကြောင့် ဖြစ်သည်။ ဒုဌာန အိမ်ရှင်၊ ဒုဌာန တွင် နေရာ၌ -အခြား အိမ်များတွင် မနေပဲ- မိမိအိမ်တွင် နေမှသာ ကောင်းပါ၏။ သို့မဟုတ်ပဲ- အခြား အိမ်တွင် လည်း ရောက်တည်နေခိုက်- ရောက်တည်ရာ ဘာဝ၏ အလယ်မှတ်နှင့်သာ နီးစပ်သွားပါက- ထိုဘာဝ အား ဖျက်ဆီးမိတတ်သော ကြောင့် ဖြစ်၏။
၆-တန့် အိမ်ရှင် ဖြစ်သော အင်္ဂါသည် ၈-တန့်ဘာဝ တွင် တည်ခြင်းကြောင့်- သမားရိုးကျ လေ့လာသူများ အနေဖြင့်- အထက်ပါ ၀ိပရိတ ဟတ္တ ရာဇယောဂ ကို ရသည်ဟု ယူဆ ထားကြ သော်လည်း- အမှန်အားဖြင့် အင်္ဂါသည် ၆-တန့် အိမ်ရှင်သာ ဖြစ်ပြီး- ၆-တန့် သခင် မဟုတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း- မင်းအဖြစ်ရသည့် အနေအထားကို ရယူခဲ့ခြင်း မရှိခဲ့ပါ။ အစ္စရေး နိုင်ငံတွင် ပထမဦးဆုံး သမ္မတ လုပ်ရန် အတွက် အစ္စရေးတို့က အိုင်းစတိုင်းအား ကမ်းလှမ်းခဲ့သည်ကို ငြင်းပယ်ခဲ့ပါ၏။

မဟာ ပရိဝတ္တန ယောဂ

၇-တန့် သခင် သည် ၉-တန့်သခင် (သို.မဟုတ်) ၁၀-တန့်သခင် (သို.မဟုတ်) ၁၁-တန့်သခင် နှင့် အိမ်ချင်း ဖလှယ်လျှက်၊ ရှိသော် ဤယောဂကို ရသည်။
ဤယောဂသည် ဇာတာရှင်အား ချမ်းသာ ကြွယ်ဝမှု၊ အဆင့်အတန်းနှင့် ရုပ်ဝတ္ထု ချမ်းသာကို ပေးသော ယောဂ ဖြစ်သည်။

မိုးတား နည်းဖြင့် ဆန်းစစ်လေ့လာသော အခါ- ၇-တန့် သခင် ဖြစ်သော ကြာသပတေးသည်၊ ၉-တန့်ဘာဝတွင် ရပ်တည်၏။ ထို ၉-တန့် ဘာဝ၏ သခင်သည် စနေ ဖြစ်၏။ ထို စနေသည် ကြာသပတေး အနေဖြင့် အိမ်ရှင် ဖြစ်ရာ ဖြစ်သော (သခင် ဖြစ်သော နေရာမဟုတ်ပါ) မိန် ရာသီတွင် တည်၏။ ဤနည်းအားဖြင့်- အိမ်ရှင် ဖြစ်ရာ ရာသီခြင်း ဖလှယ်နေသည်ဟု ဆိုနိုင်၏။ အကယ်၍ ထိုစနေသည်သာ ကြာသပတေး အနေဖြင့် သခင်ဖြစ်သော ဓနုရာသီတွင်သာ တည်ပါက - ဤယောဂ အနေဖြင့် ပို၍ ထင်ရှားစေမည် အမှန် ဖြစ်၏။
အကြောင်းတို့ကို ဆက်စပ်လိုက်ပါက- အထက်တွင် ဖေါ်ပြခဲ့သော ဂဇကေသရီ ယောဂကိုပင် ထပ်ဆင့် အထောက်အကူ ဖြစ်သော အနေအထား ဖြစ်သွား၏။ ၉-တန့် သခင် စနေသည် ကြာသပတေး ပိုင်သော ရာသီတွင် တည်ခြင်းဖြင့် - ၉-တန့်သဘော ဖြစ်သော - အတွေးအခေါ် ဒဿနိက သဘောတရားသည်- ပညာ ကိုဖေါ်ဆောင်သော ကြာသပတေး ပေါ် ထပ်မံ၍ အရောင်ခြယ်လိုက် ခြင်း ဖြစ်၏။ သူမတူသော အတွေးအခေါ် ပညာရှင် ဖြစ်ရခြင်းသည် - အကြောင်းတရားများ အပြန် အလှန် တစ်ခုနှင့် တစ်ခု ထပ်ဆင့် ကူညီနေကြ၏။

နိစ္စဘင်္ဂ ရာဇယောဂ (၁)

နိစ်မိနေသော ဂြိုဟ်၏ ဥုစ်ရာသီ အိမ်ရှင် သည် လဂ်မှ ကိန်းအိမ် (၁၊၄၊၇၊၁၀တန့်) တွင် ရပ်တည် ခြင်းဖြင့် ဤယုဂ်ကို ရရှိသည်။
ထို.ကြောင့် နိစ် ဖြစ်သော သဘော ပျက်ပြယ်ကာ ရာဇယုဂ် ဖြစ်သော အဆင့်သို.ရောက်ရှိသွားသည်။
ဤဇာတာတွင် တနင်္လာသည် နိစ်၊ ဗုဒ္ဓဟူးသည် နိစ် ဖြစ်၏။ ထူခြားချက်မှာ- ဤနိစ္စ ဘင်္ဂ သဘောကို မလေ့လာပဲ- နိစ်ဖြစ်ရုံမျှကိုသာ သတိပြုမိပါက- စိတ်ဓါတ် ၊ ခံစားမှုကို ကိုယ်စားပြုသော တနင်္လာနှင့်- အသေးစိတ် ဆန်းစစ်လေ့လာ တတ်သော ဗုဒ္ဓဟူးတို့ နိစ်ဖြစ်သည် ဟု ဟောမိလျှင် မှားယွင်းသော ဟောချက်များသာ ဖြစ်လာပါလိမ့်မည်။
နိစ်မိသော ဂြိုဟ်ဖြစ်သော တနင်္လာ၏ ဥုစ်ရာသီမှာ ပြိဿ ဖြစ်၏။ ထိုရာသီ၏ အိမ်ရှင်သည် သောကြာဖြစ်၏။ သောကြာသည် လဂ်မှ နေ၍ ကိန်းအိမ် ဖြစ်သော ၁၀-တန့်ဘာဝ တွင်တည်၏။ ဤနည်းဖြင့် ဇာတာရှင်သည် နိစ္စ ဘင်္ဂ ရာဇ ယောဂ ကိုရရှိသွားခြင်း ဖြစ်၏။

နိစ္စဘင်္ဂ ရာဇယောဂ (၂)

နိစ်မိသော ဂြိုဟ် ဥုစ် ရသော ဂြိုဟ်နှင့် ပူးခြင်း၊ မြင်ခြင်း အားဖြင့် ဤယောဂ ကိုရသည်။ နောက်တစ်ခုမှာ- နိစ် ဖြစ်နေသော ဗုဒ္ဓဟူးသည် ဥုစ်ဖြစ်နေသော သောကြာနှင့် အတူ မိန်ရာသီတွင် အတူတကွ တည်ခြင်းကြောင့် ရသော နိစ္စ ဘင်္ဂ ရာဇ ယောဂ ဖြစ်၏။ သို့သော် - အံသာ အနေအထားအရ ကွာဝေးသောကြောင့် ထိုဂြိုဟ်တို့ကို ပူးသည်ဟု မသတ်မှတ် နိုင်သဖြင့်- ဤယောဂတွင်မူ အားနည်းသော အနေအထား ဖြစ်၏။

ဘရသီ ယောဂ

ဤယောဂကို ရထားခြင်းဖြင့် ဇာတာရှင်သည် နာမည် ကျော်ကြားခြင်း၊ ဘာသာရေး လေးစားခြင်း၊ အနုပညာ အလှအပကို နှစ်သက်မြတ်နိုး ခံစားတတ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ နှင့် လှပသော မျက်လုံးတို.ကို ပိုင်ဆိုင်ခြင်း ဖြစ်စေသည်။

ဘရသီ ယောဂ (၁)

၂-တန့်သခင် ရပ်တည်ရာ န၀င်းရာသီ အိမ်ရှင် သည် သည် ဥုစ်ရာသီတွင် ရှိနေပြီး၊ ၄င်းသည် ၉-တန့်သခင် ဖြစ်နေလျှင် (သို.မဟုတ်) ၉-တန့်သခင်နှင့် ပူးနေလျှင် ဤယောဂကို ရသည်။
ဤဇာတာတွင် ၂-တန့်သခင်သည် တနင်္လာဂြိုဟ်၊ စန်း ဖြစ်၏။ ၄င်းရပ်တည်ရာ န၀င်းအိမ်ရှင်သည် စနေဖြစ်၏။ ထိုစနေသည် ဥုစ်န၀င်းကို စီးနင်းထား၏။ ဤနည်းဖြင့် ဤယောဂကို ရရှိထား၏။

ဘရသီ ယောဂ (၂)

၅-တန့်သခင် ရပ်တည်ရာ န၀င်းရာသီ အိမ်ရှင် သည် သည် ဥုစ်ရာသီတွင် ရှိနေပြီး၊ ၄င်းသည် ၉-တန့်သခင် ဖြစ်နေလျှင် (သို.မဟုတ်) ၉-တန့်သခင်နှင့် ပူးနေလျှင် ဤယောဂကို ရသည်။
၅-တန့်သခင်သည် သောကြာဂြိုဟ်ဖြစ်၏။ ထိုသောကြာသည်လည်း စနေပိုင် န၀င်းတွင် တည်နေ၍- အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း စနေသည် ဥုစ်န၀င်းကို စီးနင်းထား၏။ ဤနည်းဖြင့်- ဇာတာရှင်သည် နှစ်ထပ်ကွမ်း ဘရသီ ယောဂကို ရလိုက်ပြန်၏။

ဘရသီ ယောဂ (၃)

၁၁-တန့်သခင် ရပ်တည်ရာ န၀င်းရာသီ အိမ်ရှင် သည် သည် ဥုစ်ရာသီတွင် ရှိနေပြီး၊ ၄င်းသည် ၉-တန့်သခင် ဖြစ်နေလျှင် (သို.မဟုတ်) ၉-တန့်သခင်နှင့် ပူးနေလျှင် ဤယောဂကို ရသည်။
ဤယောဂကို ရထားခြင်းဖြင့် ဇာတာရှင်သည် နာမည် ကျော်ကြားခြင်း၊ ဘာသာရေး လေးစားခြင်း၊ အနုပညာ အလှအပကို နှစ်သက်မြတ်နိုး ခံစားတတ်ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ နှင့် လှပသော မျက်လုံးတို.ကို ပိုင်ဆိုင်ခြင်း ဖြစ်စေသည်။

ဤဇာတာတွင် ၁၀-တန့်သခင် အနေဖြင့် မဟုတ်သော်လည်း- ၁၀-တန့် အိမ်ရှင်မှာ ကြာသပတေး ဖြစ်၏။ ထိုကြာသပတေးသည် ဗြိစ္ဆာ န၀င်းကို စီးနင်း၏။ ဗြိစ္ဆာရာသီ၏ အိမ်ရှင်မှာ- အင်္ဂါ ဖြစ်၏။ ထိုအင်္ဂါသည် ရာသီစက်တွင် ဥုစ်ရထား၏။ ဤနည်းဖြင့် ဇာတာရှင်သည် တတိယ အကြိမ်မြောက် ဘရသီ ယောဂ ကိုရလိုက်ပြန်ပါ၏။

ထူးခြားသော ဇာတာရှင်၊ ထင်ရှားသော ဇာတာရှင် တို့ကို လေ့လာရာတွင်- မည်သည့် ဂြိုဟ်နှင့် မည်သည့်ဂြိုဟ်ပူးသောကြောင့်၊ မည်သည့်ဂြိုဟ် ဥုစ်ရခြင်းကြောင့် ဟူသော သာမာန် တော်ရိ ရော်ရိ ဆန်းစစ်ချက်တို့ဖြင့် လေ့လာ၍ မရ။ (ဥပမာ- ဘီလ်ဂိတ်၏ ဇာတာတွင်လည်း- ကိုယ်ပိုင် လုပ်ငန်းကို ဖော်ဆောင်သော ၃-တန့်သခင်လည်းဖြစ်၊ အောင်မြင်မှုကို ဖြစ်ပေါ်စေသည့် ဂြိုဟ်လည်း ဖြစ်သော တနင်္ဂနွေသည် နိစ်ဖြစ်၏။ သာမာန် အသိမျှသာဖြစ်သော ဥုစ်၊ နိစ် စသည် တို့ဖြင့်သာ ဟောချက်ထုတ် ပါက တက်တက်စင် လွဲမည်သာဖြစ်ပါ၏။ ထိုနည်းတူ ဥုစ်များစွာ ရပြီး- မွေးရာပါ ချို့ယွင်းမှုကြောင့် အသက်ငင်နေရသော ကလေးငယ် အကြောင်းကိုလည်း ဖေါ်ပြခဲ့ ပြီး ဖြစ်ပါ၏။) ဘက်စုံထောင့်စုံမှ- တိကျစွာ လေ့လာမှသာ အဖြေမှန်ကို ရနိုင်စရာရှိသည်ကို ဗေဒင်ပညာကို လေ့လာနေသော ညီအကို၊ မောင်နှမ များအတွက် မျှဝေခြင်းသာ ဖြစ်ပါ၏။

အားလုံး ချမ်းမြေ့ကြပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post

2 comments:

Kaung Myat said...

Im really appreciated your effort for readers ... That is awesome ... I've learned a lot from your posts... Thank you so much ...
Kaung Myat

နန်း ရှင် said...

i like it.

Post a Comment