Friday, January 28, 2011

ယုဂ် (သို့မဟုတ်) ကံကြမ္မာကို စစ်ဆေးသော ပုံသေနည်းများ။

အရှေ့တိုင်းနက္ခတ်ပညာ၊ တစ်နည်းအားဖြင့် ဝေဒ ပညာ၊ တစ်နည်းအားဖြင့် နိယာယန နက္ခတ္တ ပညာ တွင်- ဇာတာ တစ်စောင်ကို စစ်ဆေးခြင်းဖြင့် ထိုဇာတာရှင် အနေဖြင့် သြဇာ အာဏာ ကြီးမားသူ ဖြစ်နိုင်သလား၊ ချမ်းသာ ကြွယ်ဝသူ ဖြစ်နိုင်သလား အတိဒုက္ခ နွံတွင်းတွင် နစ်မွမ်းနေရသူ ဖြစ်နိုင် သလားကို စစ်ဆေး ဖေါ်ထုတ်နိုင်သော နည်းစနစ်များ ပါရှိပါသည်။

ထိုသို့ စစ်ဆေးရာတွင်- သာမာန်လူများအနေဖြင့် ပညာရပ်ကို နားလည် တတ်မြောက် နိုင်ခွင့်ရစေရေး အတွက် ယောဂ (ယုဂ်) ခေါ် ဂြိုဟ်တို့၏ ရပ်တည်ရာ၊ အပူးအမြင်၊ ဂြိုဟ် တစ်လုံးနှင့် ဆက်သွယ်နေမှု တို့ကို မူတည်၍ စစ်ဆေးပြီး ပုံသေနည်းဖြင့် ဟောပြောခြင်းတို့ကို ရှေးပညာရှင်တို့မှ လက်ဆင့်ကမ်း အမွေပေး ခဲ့ပါ၏။

အားလုံး နားလည် ထားရန် အချက်မှာ- နက်နဲသော သဘောတရားတို့မှ အလွယ်မှတ်နိုင်ရန် ပုံသေနည်း တို့ချမှတ်ထားသော်လည်း၊ ထိုပုံသေနည်းတို့၏ နောက်ကွယ်တွင် နက်နဲသော သဘောတရား ရှိနေ၏။

ပုံသေနည်း ဆိုသည်မှာ နေရာတိုင်း၊ ကိစ္စရပ် အတိုင်းအတွက်- အမြဲတမ်း- ခွင်မှန်၊ ခွင်တည့် နေသော အရာမဟုတ်ပဲ- သတ်မှတ်ထားသော အခြေအနေ တွင်၊ ကန့်သတ် ထားသော အတိုင်းအတာ ဖြင့်သာ အလုပ်လုပ်သည် ဆိုသော အချက် ဖြစ်သည်။

ဥပမာ -ဆိုရသော်- အခြေခံပညာ အထက်တန်းတွင် သင်ကြားခဲ့ကြရသော ဘွိုင်းလ်စ် ၏ ဥပဒေသ (Boyle's law) ကို ပြန်မှတ်မိကြဦးမည် ထင်ပါသည်။

"သတ်မှတ်ထားသော အပူချိန်တွင်၊ ဓါတ်ငွေ့တစ်ခု ထုထည်သည် ၄င်းအပေါ်တွင် သက်ရောက်သော ဖိအားနှင့် ပြောင်းပြန် အချိုးကျသည်။ (At a constant temperature the volume of a confined ideal gas varies inversely with its pressure)"
ဤနေရာတွင်- အများစု မှတ်သားသူတို့သည် အဓိက အရေးကြီးသော အချက်ဖြစ်သည့်- “သတ်မှတ်ထားသော အပူချိန်တွင်၊ (At a constant temperature)” ဆိုသောအချက်နှင့် “ပကတိ ပြည့်စုံသော ဓါတ်ငွေ့ (ideal gas)” ဆိုသော အချက်တို့ကို အရေးမမူမိ ကြပါ။ ဆိုလိုသည်မှာ ထိုဥပဒေသ- ပုံသေနည်းသည် အထက်ပါ အခြေအနေ တို့တွင် အလုပ်လုပ်သည်- ဆိုသည်ကို သတိမထားပါက- နောက်တွင် မှားယွင်းသော ယူဆမှုများ ပေါ်လာနိုင်ကြောင်း နိုင်ကြောင်းကို သိထားရပါမည်။

ထိုနည်းတူစွာပင်- ဝေဒနာသည် တို့ အနေဖြင့် သောက်သုံးကြရသော ဆေးဝါးတို့တွင်လည်း - မည်သည့် အချိန်တွင် (ဥပမာ- အစာ စားပြီး၊ အစာ မစားခင်) သောက်ရမည်။ မည်မျှ ပမာဏ dosage ကို သောက်ရမည်။ မည်သည့်သူများ အနေဖြင့် သောက်သုံးရန် မသင့်တော်၊ ဖြစ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက် Side Effects များ စသည်တို့ကို နားလည် ထားရပါမည်။

သို့သော်လည်း- လက်ရှိအနေအားဖြင့်- အချို့သော ဆေးဝါးများသည် မည်သည့် နောက်ဆက်တွဲ Side Effects မှ မရှိသယောင်၊ လူတိုင်းနှင့် သင့်တော်သယောင်၊ ၉၆ ပါး ရောဂါများကိုပင် ပျောက်ကင်း သယောင် ရေးသား ကြော်ညာ ကြခြင်း ဖြင့် အချို့သူများ အသက်ဆုံးခဲ့ရသည်မှာ - မိမိသုံးစွဲသည့် ဆေး၏ သတ်မှတ်ထားသော အခြေအနေ အတိုင်းအတာ နှင့် အသုံးကို မသိကြခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် ဗေဒင် ဥပဒေသများ မှသာမဟုတ်၊ မည်သည့် ပုံသေနည်း၊ မည်သည့် ဥပဒေသ ကို သုံးသည် ဖြစ်စေ- ထိုနည်း၏ နောက်ခံ သဘောတရား ကို နားလည် ထားခြင်းဖြင့် ထိုနည်းသည် မည်သည့် အခြေအနေတွင် အလုပ်ဖြစ်သည်၊ မည်သည့် အခြေအနေ တွင် အလုပ်မဖြစ် ဆိုသည်ကိုလည်းကောင်း ထိုနည်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို လည်းကောင်း ဆင်ခြင် ထားသင့် သည်သာ ဖြစ်ပါသည်။
ပုံသေနည်း များကိုသာ သိထားပြီး- ပညာရပ်၏ ဆိုလိုရင်းကို နားမလည်ခဲ့သော် - နောင်သော အခါ ထိုပညာရပ်ကို အထင်သေးခြင်း၊ ရှေးပညာရှင် ကြီးများကို ပစ်မှားမိခြင်း၊ မိမိအနေဖြင့် လက်တွေ့ အကျိုး ကင်းမဲ့ခြင်းတို့ ဖြစ်လာပါလိမ့်မည်။

နက္ခတ်ပညာကို နောက်ခံသဘော အကြောင်းတရားတို့ကို မလေ့လာဘူးပဲနှင့်- တစ်ခုကောင်း၊ နှစ်ခုကောင်း ပုံသေနည်းတို့ကို လေ့လာပြီးနောက် ဗေဒင်ပညာကို အသုံးမကြဘူး၊ အလကားပဲဟု ယူဆသွားကြ သူများကိုလည်းကောင်း၊ ဒီနည်း မကောင်းဘူး ဆိုကာ နောက်တစ်နည်း ပြောင်းသွားကြသူများကို လည်းကောင်း တွေ့ကြုံခဲ့ဘူးပါသည်။

စာရေးသူ အနေဖြင့် တင်ပြလိုသည်မှာ- နက္ခတ်ပညာသည် နှစ်ထောင်ပေါင်းများစွာ တည်တန့်ခဲ့ရခြင်းမှာ ခိုင်မာသော အကြောင်းမရှိပဲနှင့် မဖြစ်နိုင်ပါ။ မိမိ အနေဖြင့် ပုံသေနည်းတို့ကို ပုံသေ မှတ်ခြင်းမျိုး မဟုတ်ပဲ- နောက်ခံ သဘောတရား တို့ကို ပိုင်းခြား ဝေဘန်သုံးသပ်မည် ဆိုပါက- ပညာရပ်ကို နားလည် နိုင်လာပါလိမ့်မည်။

ထိုသို့သော ပုံသေ သတ်မှတ်သော နည်းတို့တွင်- ယုဂ်တို့သည်လည်း အဓိက ကျသော အပါအ၀င် ဖြစ်ပါ၏။

ယုဂ်တို့အား ပထမဦးစွာ အုပ်စုခွဲကြည့်ပါက-

- ကောင်းသော အကျိုးပေးသည့် ယုဂ်များ၊
- ဆိုးသော အကျိုးပေးသည့် ယုဂ်များ

ဟု ၂ မျိုးရှိကြသည်။

တနည်းအားဖြင့်လည်း ယုဂ်တို့တွင်
- ရာဇ ယောဂ များ အုပ်စု၊ (သြဇာ အာဏာ မြင့်မားခြင်းကို ဖြစ်စေသော ယုဂ်များ)
- ဓန ယောဂ များ အုပ်စု၊ (ကြွယ်ဝ ချမ်းသာ ခြင်းကို ဖြစ်စေသော ယုဂ်များ)
- အရိဋ္ဌ ယောဂ များ အုပ်စု၊ (အတိ ဒုက္ခရောက်ခြင်းကို ဖြစ်စေသော ယုဂ်များ)

စသည်ဖြင့် အကျိုးပေးပုံ မတူသော အုပ်စုများ ရှိကြသည်။
တစ်ဖန် ယုဂ်ဖြစ်ပုံ အခြေအနေများအရ-
- ဂြိုဟ်တို့ တည်နေရာကို မူတည်သော ဌာနယုဂ်များ။
- ဂြိုဟ်တို့ အချင်းချင်း အိမ်ချင်းဖလှယ်နေသော ပရိဝတ္တန ယုဂ် များ။
- ဂြိုဟ်တို့ အချင်းချင်း ပူးကပ်နေခြင်းကြောင့် ဖြစ်သော ဂြိုဟ်ပူး ယုဂ် များ။
- ဂြိုဟ်တို့ အချင်းချင်း အမြင်ပြု နေခြင်းကြောင့် ဖြစ်သော ဂြိုဟ်မြင် ယုဂ် များ။
စသည်ဖြင့် မျိုးစုံ ရှိပါသည်။

ယခု ဤဆောင်းပါးတွင် မြန်မာတို့နှင့် ရင်းနှီးပြီးသော ပရိဝတ္တန ယောဂ အကြောင်းကို ဖေါ်ပြပေးပါမည်။

ပရိဝတ္တန ယောဂ
အထက်တွင် ဖေါ်ပြခဲ့သော ရာဇ ယောဂ၊ ဓန ယောဂ များ ကဲ့သို့ပင် အကျိုးပေးသော ယောဂ အနေဖြင့် ယူဆကြသော ယောဂ မျိုးဖြစ်၏။

“ပရိဝတ္တန” ဆိုသော စကားသည် “အလှည့်အပြောင်း ဖြစ်ခြင်း၊ ဖလှယ်ခြင်း၊” တို့ကို ဆိုလို၏။
ထို့ကြောင့် ဇာတာ တစ်စောင်တွင် “ပရိဝတ္တန ယောဂ” ရသည် ဆိုခြင်းမှာ- ဇာတာတွင် ဂြိုဟ် ၂-လုံးတို့သည် ၄င်းတို့ သက်ဆိုင်ရာ ပိုင်ဆိုင်သော ရာသီအိမ်ချင်း ဖလှယ် ရပ်တည် နေခြင်းကို ဆိုလို၏၊ ဥပမာ- တနင်္ဂနွေသည် - တနင်္လာပိုင်သော ကရကဋ် ရာသီတွင် တည်နေခိုက်၊ တနင်္လာသည် တနင်္ဂနွေပိုင်သော သိဟ်ရာသီ တွင် တည်နေပါက ထိုဇာတာရှင်သည် “ပရိဝတ္တန ယောဂ” ရထားသူ ဖြစ်သည်။

မိုးတား MOTAA သုတေသန ပြုချက်များမှ တွေ့ရှိရသည်က ထိုဂြိုဟ် ၂-လုံးသည် အိမ်ရှင် အဖြစ် ပိုင်ဆိုင်သော ရာသီ အိမ်ရှင် ဖလှယ်နေခြင်းထက် စာလျှင်- ၄င်းတို့ အနေဖြင့် သခင်ဖြစ်သော (မူလ တြိဂေါဏ အိမ်) ခြင်း ဖလှယ်ပါက ထို “ပရိဝတ္တန ယောဂ” သည် ပို၍ အသက်ဝင် လှုပ်ရှားသည်ကို လည်းကောင်း၊ မိုးတား MOTAA အင်အား စစ်ဆေးချက်များအရ အင်အားရှိသော ဂြိုဟ်များ အချင်းချင်း ဖလှယ်နေကြပါက ပို၍ အကျိုးပေး ထင်ရှားသည်ကို လည်းကောင်း တွေ့ရှိရပါသည်။

ထိုမျှမကသေး-
ထိုဂြိုဟ် ၂-လုံးသည် အိမ်ချင်း ဖလှယ် ရပ်တည်နေယုံ မျှမက- တစ်လုံးနှင့် တစ်လုံး အပြန်အလှန် မြင်နေကြပါက- ထို အနေအထားကို “ပရိဝတ္တန” အဆင့်မျှ မဟုတ်တော့ပဲ- “သမ္ဗန္ဓ” အဆင့်သို့ ရောက်သွား၏။ ဆိုလိုသည်မှာ ထိုဂြိုဟ် ၂-လုံးတို့သည် တစ်လုံးနှင့် တစ်လုံး အကျိုးပေးများ ချိတ်ဆက် နေမည်ဟု ဆိုလိုရင်း ဖြစ်၏။ ဆိုလိုသည်မှာ ပထမဂြိုဟ်နှင့် ဆိုင်သော ဒဿာ ကာလတွင် ဒုတိယ ဂြိုဟ်၏ အကျိုးပေးပါ အလိုအလျောက် ဆင့်ဝင်လာမည် ဆိုသော အနေအထား ဖြစ်သည်။

သမ္ဗန္ဓ အနေအထား ရောက်သွားသော ပရိဝတ္တန ယောဂ နမူနာ တစ်ခုမှာ-
တနင်္ဂနွေသည် စနေပိုင်သော ကုမ်ရာသီတွင် တည်လျှက်- စနေသည် တနင်္ဂနွေပိုင်သော သိဟ်ရာသီ တွင် တည်နေခြင်း ဖြစ်သည်။

ဤနေရာတွင်- ရှေးကျမ်း အချို့က ဆိုလိုထားသော
- ဂြိုဟ်တို့သည် ပရိဝတ္တန ဖြစ်နေသော ယုဂ် ဖြစ်ပါက- ပထမ အများဆုံး ဆက်သွယ် အကျိုးပေးသည်။
- ဂြိုဟ်တို့သည် ပူးနေသော ယုဂ် ဖြစ်ပါက- ဒုတိယ အများဆုံး ဆက်သွယ် အကျိုးပေးသည်။
- ဂြိုဟ်တို့သည် အမြင်ပြု နေသော ယုဂ် ဖြစ်ပါက- တတိယ အများဆုံး ဆက်သွယ် အကျိုးပေးသည်။

ဆိုသော အယူအဆကို မိုးတား MOTAA အနေဖြင့် တိုက်ရိုက် အသုံးမပြုပါ။ သက်ဆိုင်ရာ အံသာ အကွာအဝေး အရ လွှမ်းမိုးမှု အနည်းအများနှင့်၊ တစ်ခုမှ တစ်ခုသို့ အပြန်အလှန် လွှမ်းမိုးမှု တွင်သာ မူတည် အသုံးပြုပါသည်။

ဤနေရာတွင်- “ပရိဝတ္တန ယောဂ” သည် ကောင်းကျိုးပေး အမြဲတမ်းပေးသည်ဟု ယူဆကြခြင်းကို ရှင်းပြလိုပါသည်။

ဂြိုဟ်တို့သည် ၄င်းတို၏ မူလ ဂြိုဟ်ပရိယာယ်ကို ကိုယ်စားပြုသော မူလ တာဝန်ကိုသာမက- ၄င်းတို့ ပိုင်ဆိုင် (သခင်ဖြစ်သော) ဘာဝတို့၏ တာဝန် (ကာရက တာဝန်) ကိုပါ တွဲဘက် ယူဆောင်ကြရခြင်း ဖြစ်သောကြောင့် - ၄င်းတို့ အနက်မှ ဂြိုဟ် တစ်လုံးလုံးသည် ကာရက ဂြိုဟ်ဆိုး (ဒုဌာန ဘာဝတို့၏ မူလတြိဂေါဏ အိမ်ရှင် (၀ါ) သခင် ဖြစ်နေပါက- အဆိုးအလုပ်ကိုပါ တွဲဘက် လုပ်လာတတ်ခြင်း ဖြစ်၏။

တနည်းအားဖြင့် ဆိုသော်- နက္ခတ် ပညာရှင် တစ်ဦးသည် ဇာတာ တစ်စောင်တွင် “ပရိဝတ္တန ယောဂ” ကို တွေ့လိုက်သည် ဆိုငြားအံ့၊ အကောင်းများ ဟောတော့မည် ဟု အလောတကြီး မပြင်ဆင်ခင်- အောက်ပါ တို့ကို ဦးစွာ စဉ်းစားသင့်၏။
- သဘာဝ သောမဂြိုဟ်များသည် သုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- သဘာဝ သောမဂြိုဟ်များသည် ဒုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- တစ်လုံးသည် သဘာဝ သောမဂြိုဟ် ဖြစ်လျှက် သုဌာနတွင် တည်နေကာ၊ အခြား တစ်လုံးသည် သဘာဝ သောမဂြိုဟ် ဖြစ်လျှက် ဒုဌာနတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- သဘာဝ ပါပဂြိုဟ်များသည် သုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- သဘာဝ ပါပဂြိုဟ်များသည် ဒုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- တစ်လုံးသည် သဘာဝ ပါပဂြိုဟ် ဖြစ်လျှက် သုဌာနတွင် တည်နေကာ၊ အခြား တစ်လုံးသည် သဘာဝ ပါပဂြိုဟ် ဖြစ်လျှက် ဒုဌာနတွင် တည်နေသော ပရိဝတ္တန ယောဂ လား။

ထို့ထက် ပို၍ အရေးကြီးသော အချက်မှာမူ- ၄င်းဂြိုဟ်တို့သည် သဘာဝ သောမ၊ ပါပ ဖြစ်သည်ထက် - ဒုဌာ ဘာဝ၏ မူလတြိဂေါဏ သခင်- တစ်နည်းအားဖြင့် ကာရက ပါပ (ဂြိုဟ်ဆိုး) များလား၊ သုဌာ ဘာဝ၏ မူလတြိဂေါဏ သခင်- တစ်နည်းအားဖြင့် ကာရက သောမ (ဂြိုဟ်ကောင်း) များလား နှင့် ထိုဂြိုဟ်တို့ သက်ဆိုင်ရာ မူလ အင်အားများ၊ တစ်လုံးနှင့် တစ်လုံး အံသာ အကွာအဝေး အရ လွှမ်းမိုးထားသော - လွှမ်းမိုးချက်များ ကို တွက်ချက် လေ့လာရမည် ဖြစ်၏။

တစ်ဖန်- ပရိဝတ္တန ယောဂ သည်
- ရာသီစက်တွင် လည်းကောင်း
- န၀င်းစက်တွင် လည်းကောင်း
- နက္ခတ် သခင် နေရာ လဲလှယ်ခြင်းဖြင့် လည်းကောင်း ထပ်မံ ရှိနေပါသေး၏။

တစ်ဖန်- ပရိဝတ္တန ယောဂ ကို ထပ်မံ၍ အုပ်စုခွဲလိုက်ပါက-
- တိံည ပရိဝတ္တန ယောဂ
- ကာဟာဠ ပရိဝတ္တန ယောဂ
- မဟာ ပရိဝတ္တန ယောဂ
တို့ ဟူ၍ ခွဲခြားကြည့်နိုင်၏။

တိံည ပရိဝတ္တန ယောဂ
ဂြိုဟ် ၂-လုံးတို့ အိမ်ချင်း ဖလှယ် ရပ်တည်နေကြရာတွင် - ၄င်းတို့ အနက်မှ တစ်လုံးလုံးသည် ဒုဌာန အိမ်ရှင် (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်) အိမ်ရှင် ဖြစ်နေပါက ၄င်းအား တိံည ပရိဝတ္တန ယောဂ ဟု ခေါ်၏။ ပညာရှင်တစ်ဦး အနေဖြင့် ဤနေရာတွင် - ယခုတွေ့ရသော ပရိဝတ္တန ယောဂသည် အကောင်းကျိုးပေး မည်လော၊ အဆိုးကျိုးပေးမည်လောကို အောက်တွင် ရှင်းပြထားသည့် အတိုင်း ဆင်ခြင်နိုင်၏။

ဥပမာ အနေဖြင့် ဓနုလဂ် ဇာတာ တစ်ခုတွင် - တနင်္ဂနွေသည် ဇာတာရှင်၏ ၉-တန့်ဘာဝ မူလတြိဂေါဏ အိမ်ရှင် (သခင်) ဖြစ်၏။ တနင်္လာသည် ၈-တန့်ဘာဝ မူလတြိဂေါဏ အိမ်ရှင် (သခင်) ဖြစ်နေ၏။ ဤဇာတာတွင် တနင်္ဂနွေသည် တနင်္လာပိုင်သော ကရကဋ်ရာသီတွင် တည်နေပြီး၊ တနင်္လာသည် တနင်္ဂနွေပိုင်သော သိဟ်ရာသီတွင် ရပ်တည်နေသည် ဆိုပါအံ့။
ဤအနေအထား အရ- တနင်္ဂနွေနှင့် တနင်္လာသည် ပရိဝတ္တန ယောဂ ရထားသော်လည်း “သမ္ဗန္ဓ” အဆင့်သို တော့ မရောက်သေးပါ။
အကယ်၍- ထိုဂြိုဟ်တို့သည်- သက်ဆိုင်ရာ ဘာဝတို့ အလယ်မှတ်များကိုပါ နီးစပ်စွာ စီးနင်းထားသည် ဆိုပါအံ့- ဤဇာတာတွင် တနင်္ဂနွေနှင့် တနင်္လာ တို့ ဆက်စပ်နေသည်သာ မက- ၈-တန့် နှင့် ၉-တန့်တို့ပါ ဆက်စပ်လာပြီ ဖြစ်သည်။ မိုးတား အင်အား တွက်ချက်နည်းများ အရ- ဂြိုဟ်တစ်လုံးသည် ၄င်း ရပ်တည်ရာ ရာသီ၏ အိမ်ရှင် (နယ်မြေ တာဝန်ခံ ဂြိုဟ်) နှင့် အင်အားတို့ကို မျှဝေ ခံစားရသည်။
အကယ်၍ တနင်္ဂနွေသည် အင်အားကောင်းပါက ထိုအင်အားကို တနင်္လာကလည်း အလိုအလျောက် ခွဲဝေ ရရှိသွားသလို တနင်္လာအင်အားကောင်းပါကလည်း ထိုအင်အားကို တနင်္ဂနွေကလည်း ခွဲဝေရရှိမည် ဖြစ်၏။ အကျိုးပေးတို့ ဆက်စပ်သွား၏။ ဆိုလိုသည်မှာ - ၉-တန့်သခင် ဖြစ်သော တနင်္ဂနွေ ဒဿာ စားချိန်တွင် တနင်္လာ၏ အကျိုးပေး ဖြစ်သော- (ဥပမာ- အင်အား ကောင်းသော တနင်္လာဖြစ်ပါက- ၈-တန့်၏ အကျိုးပေး ဖြစ်သော သုတေသ၊ များ၊ လောကီ ပညာရပ် ဆိုင်ရာ ထူးခြားမှုများ ကိုပါ ရနိုင်၍၊ အင်အားနည်းသော တနင်္လာဖြစ်ပါက- ၈-တန့်၏ ဆိုးကျိုးဖြစ်သော မတော်တစ်ဆ ထိခိုက်နိုင်မှုများ) ကိုပါ ရလာတတ်ခြင်း ဖြစ်သည်။
တနည်းအားဖြင့်လည်း - ဇာတာရှင် အနေဖြင့် ဒဿနိက ဆိုင်ရာ အတွေးအခေါ်များတွင်- လောကီ ၀ိဇ္ဖာ ပညာရပ်ဆိုင်ရာ လွှမ်းမိုးမှုများ ရှိတတ်သလို- ရပ်ဝေးမြေခြားကို ကိုယ်စားပြုသော ၉-တန့် နှင့် သုတေသန ကို ကိုယ်စားပြုသော ၈-တန့်တို့ ဆက်စပ်နေသဖြင့်- အခြားသော ပညာရေးဆိုင်ရာ ဂြိုဟ်များပါ အားကောင်းပါက- နိုင်ငံခြား ဘွဲ့လွန်သုတေသန များပြုလုပ်ရနိုင်သည် ဆိုသော အခြေအနေ ကိုပါ ပြဆိုနေပါသည်။အကယ်၍ သက်ဆိုင်ရာ ဂြိုဟ်များ အားမကောင်းပါက- ခရီးဝေး ဆိုင်ရာ ၉-တန့်နှင့်၊ မတော်တစ်ဆ မှု ဆိုင်ရာ ၈-တန့်တို့ ဆက်စပ်နေခြင်းဖြင့်- ခရီးဝေးသွားယင်း အန္တရာယ် တွေ့နိုင်သည်ကိုလည်း- ကံကောင်းချိန်တွင် ပျက်စီးတတ်ခြင်းတို့ကိုပါ လည်းကောင်း ဖေါ်ပြနေပါ၏။

ကာဟာဠ ပရိဝတ္တန ယောဂ
ကာဟာဠ ယောဂ ရိုးရိုးနှင့် ကာဟာဠ ပရိဝတ္တန ယောဂ ဟူ၍ ၂-မျိုးကွဲပြားစွာ ရှိရာ- ယခု ကိစ္စတွင် ကာဟာဠ ပရိဝတ္တန ယောဂကိုသာ တင်ပြမည် ဖြစ်ပါသည်။
ကာဟာဠ ပရိဝတ္တန ယောဂ အနေဖြင့်- ဇာတာတွင် ပရိဝတ္တန ယောဂ ဖြစ်နေသော ဂြိုဟ် ၂-လုံးအနက်မှ တစ်လုံးလုံးသည် ၃-တန့်ဘာဝ အိမ်ရှင်ဖြစ်နေပါက- ကာဟာဠ ပရိဝတ္တန ယောဂ ဖြစ်ပါသည်။ သို့သော် အခြားဂြိုဟ်သည် ဒုဌာန အိမ်ရှင် (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်) အိမ်ရှင် မဖြစ်စေရပါ။ အကယ်၍ ဖြစ်နေခဲ့ပါက အထက်မှ တင်ပြခဲ့သော တိံည ပရိဝတ္တန ယောဂ သာလျှင် ဖြစ်ပါသည်။

ဥပမာအားဖြင့် -ဓနု လဂ် ဇာတာတစ်စောင်တွင် - ၃-တန့် သခင် ဖြစ်သော စနေ နှင့် ၁၁-တန့် အိမ်ရှင် ဖြစ်သော သောကြာတို့ ရာသီ အိမ်ချင်း ဖလှယ်နေကြပါက- ကာဟာဠ ပရိဝတ္တန ယောဂ ကိုရမည် ဖြစ်သည်။ အကယ်၍ ၄င်းတို့သည် သက်ဆိုင်ရာ ဘာဝတို့၏ အလယ်မှတ်များကိုသား နီးကပ်စွာ စီးနင်းထားကြမည် ဆိုလျှင်- ဤဇာတာရှင်သည် ၀န်ထမ်းအလုပ်ကို လုပ်မည့်အစား- မိမိကိုယ်တိုင် တီထွင် ထိုးဖေါက်ရသည့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ကိုသာ ရွေးချယ် လုပ်ကိုင်ခြင်းဖြင့် ချမ်းသာ နိုင်မည် ဖြစ်သည်။

မဟာ ပရိဝတ္တန ယောဂ
အကယ်၍ ရာသီအိမ်ချင်း ဖလှယ်နေကြသော ဂြိုဟ်တို့သည်- ၁-တန့်၊ ၂-တန့်၊ ၄-တန့်၊ ၅-တန့်၊ ၇-တန့်၊ ၉-တန့်၊ ၁၀-တန့်၊ ၁၁-တန့် အိမ်ရှင် များ ဖြစ်နေကြလျှင်- ဤသည်ကို မဟာ ပရိဝတ္တန ယောဂ ဟု ခေါ်ပါသည်။
အကျိုးပေး အနေအထားမှာ သက်ဆိုင်ရာ ဘာဝ နှင့် သက်ဆိုင်ရာ ဂြိုဟ်တို့ အပေါ်တွင် မူတည်ပါသည်။

ပရိဝတ္တန ယောဂ ရထားကြသူ နိုင်ငံရေး ခေါင်းဆောင်များ။
- အမေရိကန် လွတ်လပ်ရေး ဖခင်လည်းဖြစ်၊ သမ္မတလည်း ဖြစ်ခဲ့သူ သောမတ် ဂျက်ဖာဆန်၊
- အမေရိကန် သမ္မတဟောင်း ရစ်ချတ် နစ်ဆင်၊
- အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်၊
- ရုရှား သမ္မတဟောင်း ဗလာဒီမာ ပူတင်၊
- အိန္ဒိယ နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်သူ အင်ဒီရာ ဂန္ဒီ၊
- ပြင်သစ် စစ်ဧကရာဇ် နပိုလီယန်၊
- ရုရှား အာဏာရှင် ခေါင်းဆောင်ဖြစ်ခဲ့သော ဂျိုးဆက်ဖ် စတာလင်၊
- ကျူးဘား ခေါင်းဆောင် ဖီဒယ်လ် ကက်စထရို၊
စသည်တို့ ဖြစ်ပါသည်။

၎င်းတို့ အကြောင်းကို ပရိဝတ္တန ယောဂ နှင့် ယှဉ်တွဲ၍ လေ့လာချက်များကို နောက်ပိုင်း ဆောင်းပါးများတွင် ဆက်လက် တင်ပြပေးပါမည်။

အားလုံး ချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

1 comment:

ကိုပခန်း said...

ပရိဝတ္တနအပြင် အခြားမြင်ယှဉ်ယုဂ်များကိုလည်း ဆက်လက်တင်ပြစေလိုပါတယ်ခင်ဗျာ။ ဗဟုသုတများစွာရပါကြောင်း။ စောင့်မျှော်ဖတ်ရှုလျှက်

ကိုပခန်း

Post a Comment