Friday, January 28, 2011

ယုဂ် (သို့မဟုတ်) ကံကြမ္မာကို စစ်ဆေးသော ပုံသေနည်းများ။

အရှေ့တိုင်းနက္ခတ်ပညာ၊ တစ်နည်းအားဖြင့် ဝေဒ ပညာ၊ တစ်နည်းအားဖြင့် နိယာယန နက္ခတ္တ ပညာ တွင်- ဇာတာ တစ်စောင်ကို စစ်ဆေးခြင်းဖြင့် ထိုဇာတာရှင် အနေဖြင့် သြဇာ အာဏာ ကြီးမားသူ ဖြစ်နိုင်သလား၊ ချမ်းသာ ကြွယ်ဝသူ ဖြစ်နိုင်သလား အတိဒုက္ခ နွံတွင်းတွင် နစ်မွမ်းနေရသူ ဖြစ်နိုင် သလားကို စစ်ဆေး ဖေါ်ထုတ်နိုင်သော နည်းစနစ်များ ပါရှိပါသည်။

ထိုသို့ စစ်ဆေးရာတွင်- သာမာန်လူများအနေဖြင့် ပညာရပ်ကို နားလည် တတ်မြောက် နိုင်ခွင့်ရစေရေး အတွက် ယောဂ (ယုဂ်) ခေါ် ဂြိုဟ်တို့၏ ရပ်တည်ရာ၊ အပူးအမြင်၊ ဂြိုဟ် တစ်လုံးနှင့် ဆက်သွယ်နေမှု တို့ကို မူတည်၍ စစ်ဆေးပြီး ပုံသေနည်းဖြင့် ဟောပြောခြင်းတို့ကို ရှေးပညာရှင်တို့မှ လက်ဆင့်ကမ်း အမွေပေး ခဲ့ပါ၏။

အားလုံး နားလည် ထားရန် အချက်မှာ- နက်နဲသော သဘောတရားတို့မှ အလွယ်မှတ်နိုင်ရန် ပုံသေနည်း တို့ချမှတ်ထားသော်လည်း၊ ထိုပုံသေနည်းတို့၏ နောက်ကွယ်တွင် နက်နဲသော သဘောတရား ရှိနေ၏။

ပုံသေနည်း ဆိုသည်မှာ နေရာတိုင်း၊ ကိစ္စရပ် အတိုင်းအတွက်- အမြဲတမ်း- ခွင်မှန်၊ ခွင်တည့် နေသော အရာမဟုတ်ပဲ- သတ်မှတ်ထားသော အခြေအနေ တွင်၊ ကန့်သတ် ထားသော အတိုင်းအတာ ဖြင့်သာ အလုပ်လုပ်သည် ဆိုသော အချက် ဖြစ်သည်။

ဥပမာ -ဆိုရသော်- အခြေခံပညာ အထက်တန်းတွင် သင်ကြားခဲ့ကြရသော ဘွိုင်းလ်စ် ၏ ဥပဒေသ (Boyle's law) ကို ပြန်မှတ်မိကြဦးမည် ထင်ပါသည်။

"သတ်မှတ်ထားသော အပူချိန်တွင်၊ ဓါတ်ငွေ့တစ်ခု ထုထည်သည် ၄င်းအပေါ်တွင် သက်ရောက်သော ဖိအားနှင့် ပြောင်းပြန် အချိုးကျသည်။ (At a constant temperature the volume of a confined ideal gas varies inversely with its pressure)"
ဤနေရာတွင်- အများစု မှတ်သားသူတို့သည် အဓိက အရေးကြီးသော အချက်ဖြစ်သည့်- “သတ်မှတ်ထားသော အပူချိန်တွင်၊ (At a constant temperature)” ဆိုသောအချက်နှင့် “ပကတိ ပြည့်စုံသော ဓါတ်ငွေ့ (ideal gas)” ဆိုသော အချက်တို့ကို အရေးမမူမိ ကြပါ။ ဆိုလိုသည်မှာ ထိုဥပဒေသ- ပုံသေနည်းသည် အထက်ပါ အခြေအနေ တို့တွင် အလုပ်လုပ်သည်- ဆိုသည်ကို သတိမထားပါက- နောက်တွင် မှားယွင်းသော ယူဆမှုများ ပေါ်လာနိုင်ကြောင်း နိုင်ကြောင်းကို သိထားရပါမည်။

ထိုနည်းတူစွာပင်- ဝေဒနာသည် တို့ အနေဖြင့် သောက်သုံးကြရသော ဆေးဝါးတို့တွင်လည်း - မည်သည့် အချိန်တွင် (ဥပမာ- အစာ စားပြီး၊ အစာ မစားခင်) သောက်ရမည်။ မည်မျှ ပမာဏ dosage ကို သောက်ရမည်။ မည်သည့်သူများ အနေဖြင့် သောက်သုံးရန် မသင့်တော်၊ ဖြစ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက် Side Effects များ စသည်တို့ကို နားလည် ထားရပါမည်။

သို့သော်လည်း- လက်ရှိအနေအားဖြင့်- အချို့သော ဆေးဝါးများသည် မည်သည့် နောက်ဆက်တွဲ Side Effects မှ မရှိသယောင်၊ လူတိုင်းနှင့် သင့်တော်သယောင်၊ ၉၆ ပါး ရောဂါများကိုပင် ပျောက်ကင်း သယောင် ရေးသား ကြော်ညာ ကြခြင်း ဖြင့် အချို့သူများ အသက်ဆုံးခဲ့ရသည်မှာ - မိမိသုံးစွဲသည့် ဆေး၏ သတ်မှတ်ထားသော အခြေအနေ အတိုင်းအတာ နှင့် အသုံးကို မသိကြခြင်းကြောင့် ဖြစ်၏။

ထို့ကြောင့် ဗေဒင် ဥပဒေသများ မှသာမဟုတ်၊ မည်သည့် ပုံသေနည်း၊ မည်သည့် ဥပဒေသ ကို သုံးသည် ဖြစ်စေ- ထိုနည်း၏ နောက်ခံ သဘောတရား ကို နားလည် ထားခြင်းဖြင့် ထိုနည်းသည် မည်သည့် အခြေအနေတွင် အလုပ်ဖြစ်သည်၊ မည်သည့် အခြေအနေ တွင် အလုပ်မဖြစ် ဆိုသည်ကိုလည်းကောင်း ထိုနည်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို လည်းကောင်း ဆင်ခြင် ထားသင့် သည်သာ ဖြစ်ပါသည်။
ပုံသေနည်း များကိုသာ သိထားပြီး- ပညာရပ်၏ ဆိုလိုရင်းကို နားမလည်ခဲ့သော် - နောင်သော အခါ ထိုပညာရပ်ကို အထင်သေးခြင်း၊ ရှေးပညာရှင် ကြီးများကို ပစ်မှားမိခြင်း၊ မိမိအနေဖြင့် လက်တွေ့ အကျိုး ကင်းမဲ့ခြင်းတို့ ဖြစ်လာပါလိမ့်မည်။

နက္ခတ်ပညာကို နောက်ခံသဘော အကြောင်းတရားတို့ကို မလေ့လာဘူးပဲနှင့်- တစ်ခုကောင်း၊ နှစ်ခုကောင်း ပုံသေနည်းတို့ကို လေ့လာပြီးနောက် ဗေဒင်ပညာကို အသုံးမကြဘူး၊ အလကားပဲဟု ယူဆသွားကြ သူများကိုလည်းကောင်း၊ ဒီနည်း မကောင်းဘူး ဆိုကာ နောက်တစ်နည်း ပြောင်းသွားကြသူများကို လည်းကောင်း တွေ့ကြုံခဲ့ဘူးပါသည်။

စာရေးသူ အနေဖြင့် တင်ပြလိုသည်မှာ- နက္ခတ်ပညာသည် နှစ်ထောင်ပေါင်းများစွာ တည်တန့်ခဲ့ရခြင်းမှာ ခိုင်မာသော အကြောင်းမရှိပဲနှင့် မဖြစ်နိုင်ပါ။ မိမိ အနေဖြင့် ပုံသေနည်းတို့ကို ပုံသေ မှတ်ခြင်းမျိုး မဟုတ်ပဲ- နောက်ခံ သဘောတရား တို့ကို ပိုင်းခြား ဝေဘန်သုံးသပ်မည် ဆိုပါက- ပညာရပ်ကို နားလည် နိုင်လာပါလိမ့်မည်။

ထိုသို့သော ပုံသေ သတ်မှတ်သော နည်းတို့တွင်- ယုဂ်တို့သည်လည်း အဓိက ကျသော အပါအ၀င် ဖြစ်ပါ၏။

ယုဂ်တို့အား ပထမဦးစွာ အုပ်စုခွဲကြည့်ပါက-

- ကောင်းသော အကျိုးပေးသည့် ယုဂ်များ၊
- ဆိုးသော အကျိုးပေးသည့် ယုဂ်များ

ဟု ၂ မျိုးရှိကြသည်။

တနည်းအားဖြင့်လည်း ယုဂ်တို့တွင်
- ရာဇ ယောဂ များ အုပ်စု၊ (သြဇာ အာဏာ မြင့်မားခြင်းကို ဖြစ်စေသော ယုဂ်များ)
- ဓန ယောဂ များ အုပ်စု၊ (ကြွယ်ဝ ချမ်းသာ ခြင်းကို ဖြစ်စေသော ယုဂ်များ)
- အရိဋ္ဌ ယောဂ များ အုပ်စု၊ (အတိ ဒုက္ခရောက်ခြင်းကို ဖြစ်စေသော ယုဂ်များ)

စသည်ဖြင့် အကျိုးပေးပုံ မတူသော အုပ်စုများ ရှိကြသည်။
တစ်ဖန် ယုဂ်ဖြစ်ပုံ အခြေအနေများအရ-
- ဂြိုဟ်တို့ တည်နေရာကို မူတည်သော ဌာနယုဂ်များ။
- ဂြိုဟ်တို့ အချင်းချင်း အိမ်ချင်းဖလှယ်နေသော ပရိဝတ္တန ယုဂ် များ။
- ဂြိုဟ်တို့ အချင်းချင်း ပူးကပ်နေခြင်းကြောင့် ဖြစ်သော ဂြိုဟ်ပူး ယုဂ် များ။
- ဂြိုဟ်တို့ အချင်းချင်း အမြင်ပြု နေခြင်းကြောင့် ဖြစ်သော ဂြိုဟ်မြင် ယုဂ် များ။
စသည်ဖြင့် မျိုးစုံ ရှိပါသည်။

ယခု ဤဆောင်းပါးတွင် မြန်မာတို့နှင့် ရင်းနှီးပြီးသော ပရိဝတ္တန ယောဂ အကြောင်းကို ဖေါ်ပြပေးပါမည်။

ပရိဝတ္တန ယောဂ
အထက်တွင် ဖေါ်ပြခဲ့သော ရာဇ ယောဂ၊ ဓန ယောဂ များ ကဲ့သို့ပင် အကျိုးပေးသော ယောဂ အနေဖြင့် ယူဆကြသော ယောဂ မျိုးဖြစ်၏။

“ပရိဝတ္တန” ဆိုသော စကားသည် “အလှည့်အပြောင်း ဖြစ်ခြင်း၊ ဖလှယ်ခြင်း၊” တို့ကို ဆိုလို၏။
ထို့ကြောင့် ဇာတာ တစ်စောင်တွင် “ပရိဝတ္တန ယောဂ” ရသည် ဆိုခြင်းမှာ- ဇာတာတွင် ဂြိုဟ် ၂-လုံးတို့သည် ၄င်းတို့ သက်ဆိုင်ရာ ပိုင်ဆိုင်သော ရာသီအိမ်ချင်း ဖလှယ် ရပ်တည် နေခြင်းကို ဆိုလို၏၊ ဥပမာ- တနင်္ဂနွေသည် - တနင်္လာပိုင်သော ကရကဋ် ရာသီတွင် တည်နေခိုက်၊ တနင်္လာသည် တနင်္ဂနွေပိုင်သော သိဟ်ရာသီ တွင် တည်နေပါက ထိုဇာတာရှင်သည် “ပရိဝတ္တန ယောဂ” ရထားသူ ဖြစ်သည်။

မိုးတား MOTAA သုတေသန ပြုချက်များမှ တွေ့ရှိရသည်က ထိုဂြိုဟ် ၂-လုံးသည် အိမ်ရှင် အဖြစ် ပိုင်ဆိုင်သော ရာသီ အိမ်ရှင် ဖလှယ်နေခြင်းထက် စာလျှင်- ၄င်းတို့ အနေဖြင့် သခင်ဖြစ်သော (မူလ တြိဂေါဏ အိမ်) ခြင်း ဖလှယ်ပါက ထို “ပရိဝတ္တန ယောဂ” သည် ပို၍ အသက်ဝင် လှုပ်ရှားသည်ကို လည်းကောင်း၊ မိုးတား MOTAA အင်အား စစ်ဆေးချက်များအရ အင်အားရှိသော ဂြိုဟ်များ အချင်းချင်း ဖလှယ်နေကြပါက ပို၍ အကျိုးပေး ထင်ရှားသည်ကို လည်းကောင်း တွေ့ရှိရပါသည်။

ထိုမျှမကသေး-
ထိုဂြိုဟ် ၂-လုံးသည် အိမ်ချင်း ဖလှယ် ရပ်တည်နေယုံ မျှမက- တစ်လုံးနှင့် တစ်လုံး အပြန်အလှန် မြင်နေကြပါက- ထို အနေအထားကို “ပရိဝတ္တန” အဆင့်မျှ မဟုတ်တော့ပဲ- “သမ္ဗန္ဓ” အဆင့်သို့ ရောက်သွား၏။ ဆိုလိုသည်မှာ ထိုဂြိုဟ် ၂-လုံးတို့သည် တစ်လုံးနှင့် တစ်လုံး အကျိုးပေးများ ချိတ်ဆက် နေမည်ဟု ဆိုလိုရင်း ဖြစ်၏။ ဆိုလိုသည်မှာ ပထမဂြိုဟ်နှင့် ဆိုင်သော ဒဿာ ကာလတွင် ဒုတိယ ဂြိုဟ်၏ အကျိုးပေးပါ အလိုအလျောက် ဆင့်ဝင်လာမည် ဆိုသော အနေအထား ဖြစ်သည်။

သမ္ဗန္ဓ အနေအထား ရောက်သွားသော ပရိဝတ္တန ယောဂ နမူနာ တစ်ခုမှာ-
တနင်္ဂနွေသည် စနေပိုင်သော ကုမ်ရာသီတွင် တည်လျှက်- စနေသည် တနင်္ဂနွေပိုင်သော သိဟ်ရာသီ တွင် တည်နေခြင်း ဖြစ်သည်။

ဤနေရာတွင်- ရှေးကျမ်း အချို့က ဆိုလိုထားသော
- ဂြိုဟ်တို့သည် ပရိဝတ္တန ဖြစ်နေသော ယုဂ် ဖြစ်ပါက- ပထမ အများဆုံး ဆက်သွယ် အကျိုးပေးသည်။
- ဂြိုဟ်တို့သည် ပူးနေသော ယုဂ် ဖြစ်ပါက- ဒုတိယ အများဆုံး ဆက်သွယ် အကျိုးပေးသည်။
- ဂြိုဟ်တို့သည် အမြင်ပြု နေသော ယုဂ် ဖြစ်ပါက- တတိယ အများဆုံး ဆက်သွယ် အကျိုးပေးသည်။

ဆိုသော အယူအဆကို မိုးတား MOTAA အနေဖြင့် တိုက်ရိုက် အသုံးမပြုပါ။ သက်ဆိုင်ရာ အံသာ အကွာအဝေး အရ လွှမ်းမိုးမှု အနည်းအများနှင့်၊ တစ်ခုမှ တစ်ခုသို့ အပြန်အလှန် လွှမ်းမိုးမှု တွင်သာ မူတည် အသုံးပြုပါသည်။

ဤနေရာတွင်- “ပရိဝတ္တန ယောဂ” သည် ကောင်းကျိုးပေး အမြဲတမ်းပေးသည်ဟု ယူဆကြခြင်းကို ရှင်းပြလိုပါသည်။

ဂြိုဟ်တို့သည် ၄င်းတို၏ မူလ ဂြိုဟ်ပရိယာယ်ကို ကိုယ်စားပြုသော မူလ တာဝန်ကိုသာမက- ၄င်းတို့ ပိုင်ဆိုင် (သခင်ဖြစ်သော) ဘာဝတို့၏ တာဝန် (ကာရက တာဝန်) ကိုပါ တွဲဘက် ယူဆောင်ကြရခြင်း ဖြစ်သောကြောင့် - ၄င်းတို့ အနက်မှ ဂြိုဟ် တစ်လုံးလုံးသည် ကာရက ဂြိုဟ်ဆိုး (ဒုဌာန ဘာဝတို့၏ မူလတြိဂေါဏ အိမ်ရှင် (၀ါ) သခင် ဖြစ်နေပါက- အဆိုးအလုပ်ကိုပါ တွဲဘက် လုပ်လာတတ်ခြင်း ဖြစ်၏။

တနည်းအားဖြင့် ဆိုသော်- နက္ခတ် ပညာရှင် တစ်ဦးသည် ဇာတာ တစ်စောင်တွင် “ပရိဝတ္တန ယောဂ” ကို တွေ့လိုက်သည် ဆိုငြားအံ့၊ အကောင်းများ ဟောတော့မည် ဟု အလောတကြီး မပြင်ဆင်ခင်- အောက်ပါ တို့ကို ဦးစွာ စဉ်းစားသင့်၏။
- သဘာဝ သောမဂြိုဟ်များသည် သုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- သဘာဝ သောမဂြိုဟ်များသည် ဒုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- တစ်လုံးသည် သဘာဝ သောမဂြိုဟ် ဖြစ်လျှက် သုဌာနတွင် တည်နေကာ၊ အခြား တစ်လုံးသည် သဘာဝ သောမဂြိုဟ် ဖြစ်လျှက် ဒုဌာနတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- သဘာဝ ပါပဂြိုဟ်များသည် သုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- သဘာဝ ပါပဂြိုဟ်များသည် ဒုဌာန များတွင် တည်နေသော ပရိဝတ္တန ယောဂ လား။
- တစ်လုံးသည် သဘာဝ ပါပဂြိုဟ် ဖြစ်လျှက် သုဌာနတွင် တည်နေကာ၊ အခြား တစ်လုံးသည် သဘာဝ ပါပဂြိုဟ် ဖြစ်လျှက် ဒုဌာနတွင် တည်နေသော ပရိဝတ္တန ယောဂ လား။

ထို့ထက် ပို၍ အရေးကြီးသော အချက်မှာမူ- ၄င်းဂြိုဟ်တို့သည် သဘာဝ သောမ၊ ပါပ ဖြစ်သည်ထက် - ဒုဌာ ဘာဝ၏ မူလတြိဂေါဏ သခင်- တစ်နည်းအားဖြင့် ကာရက ပါပ (ဂြိုဟ်ဆိုး) များလား၊ သုဌာ ဘာဝ၏ မူလတြိဂေါဏ သခင်- တစ်နည်းအားဖြင့် ကာရက သောမ (ဂြိုဟ်ကောင်း) များလား နှင့် ထိုဂြိုဟ်တို့ သက်ဆိုင်ရာ မူလ အင်အားများ၊ တစ်လုံးနှင့် တစ်လုံး အံသာ အကွာအဝေး အရ လွှမ်းမိုးထားသော - လွှမ်းမိုးချက်များ ကို တွက်ချက် လေ့လာရမည် ဖြစ်၏။

တစ်ဖန်- ပရိဝတ္တန ယောဂ သည်
- ရာသီစက်တွင် လည်းကောင်း
- န၀င်းစက်တွင် လည်းကောင်း
- နက္ခတ် သခင် နေရာ လဲလှယ်ခြင်းဖြင့် လည်းကောင်း ထပ်မံ ရှိနေပါသေး၏။

တစ်ဖန်- ပရိဝတ္တန ယောဂ ကို ထပ်မံ၍ အုပ်စုခွဲလိုက်ပါက-
- တိံည ပရိဝတ္တန ယောဂ
- ကာဟာဠ ပရိဝတ္တန ယောဂ
- မဟာ ပရိဝတ္တန ယောဂ
တို့ ဟူ၍ ခွဲခြားကြည့်နိုင်၏။

တိံည ပရိဝတ္တန ယောဂ
ဂြိုဟ် ၂-လုံးတို့ အိမ်ချင်း ဖလှယ် ရပ်တည်နေကြရာတွင် - ၄င်းတို့ အနက်မှ တစ်လုံးလုံးသည် ဒုဌာန အိမ်ရှင် (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်) အိမ်ရှင် ဖြစ်နေပါက ၄င်းအား တိံည ပရိဝတ္တန ယောဂ ဟု ခေါ်၏။ ပညာရှင်တစ်ဦး အနေဖြင့် ဤနေရာတွင် - ယခုတွေ့ရသော ပရိဝတ္တန ယောဂသည် အကောင်းကျိုးပေး မည်လော၊ အဆိုးကျိုးပေးမည်လောကို အောက်တွင် ရှင်းပြထားသည့် အတိုင်း ဆင်ခြင်နိုင်၏။

ဥပမာ အနေဖြင့် ဓနုလဂ် ဇာတာ တစ်ခုတွင် - တနင်္ဂနွေသည် ဇာတာရှင်၏ ၉-တန့်ဘာဝ မူလတြိဂေါဏ အိမ်ရှင် (သခင်) ဖြစ်၏။ တနင်္လာသည် ၈-တန့်ဘာဝ မူလတြိဂေါဏ အိမ်ရှင် (သခင်) ဖြစ်နေ၏။ ဤဇာတာတွင် တနင်္ဂနွေသည် တနင်္လာပိုင်သော ကရကဋ်ရာသီတွင် တည်နေပြီး၊ တနင်္လာသည် တနင်္ဂနွေပိုင်သော သိဟ်ရာသီတွင် ရပ်တည်နေသည် ဆိုပါအံ့။
ဤအနေအထား အရ- တနင်္ဂနွေနှင့် တနင်္လာသည် ပရိဝတ္တန ယောဂ ရထားသော်လည်း “သမ္ဗန္ဓ” အဆင့်သို တော့ မရောက်သေးပါ။
အကယ်၍- ထိုဂြိုဟ်တို့သည်- သက်ဆိုင်ရာ ဘာဝတို့ အလယ်မှတ်များကိုပါ နီးစပ်စွာ စီးနင်းထားသည် ဆိုပါအံ့- ဤဇာတာတွင် တနင်္ဂနွေနှင့် တနင်္လာ တို့ ဆက်စပ်နေသည်သာ မက- ၈-တန့် နှင့် ၉-တန့်တို့ပါ ဆက်စပ်လာပြီ ဖြစ်သည်။ မိုးတား အင်အား တွက်ချက်နည်းများ အရ- ဂြိုဟ်တစ်လုံးသည် ၄င်း ရပ်တည်ရာ ရာသီ၏ အိမ်ရှင် (နယ်မြေ တာဝန်ခံ ဂြိုဟ်) နှင့် အင်အားတို့ကို မျှဝေ ခံစားရသည်။
အကယ်၍ တနင်္ဂနွေသည် အင်အားကောင်းပါက ထိုအင်အားကို တနင်္လာကလည်း အလိုအလျောက် ခွဲဝေ ရရှိသွားသလို တနင်္လာအင်အားကောင်းပါကလည်း ထိုအင်အားကို တနင်္ဂနွေကလည်း ခွဲဝေရရှိမည် ဖြစ်၏။ အကျိုးပေးတို့ ဆက်စပ်သွား၏။ ဆိုလိုသည်မှာ - ၉-တန့်သခင် ဖြစ်သော တနင်္ဂနွေ ဒဿာ စားချိန်တွင် တနင်္လာ၏ အကျိုးပေး ဖြစ်သော- (ဥပမာ- အင်အား ကောင်းသော တနင်္လာဖြစ်ပါက- ၈-တန့်၏ အကျိုးပေး ဖြစ်သော သုတေသ၊ များ၊ လောကီ ပညာရပ် ဆိုင်ရာ ထူးခြားမှုများ ကိုပါ ရနိုင်၍၊ အင်အားနည်းသော တနင်္လာဖြစ်ပါက- ၈-တန့်၏ ဆိုးကျိုးဖြစ်သော မတော်တစ်ဆ ထိခိုက်နိုင်မှုများ) ကိုပါ ရလာတတ်ခြင်း ဖြစ်သည်။
တနည်းအားဖြင့်လည်း - ဇာတာရှင် အနေဖြင့် ဒဿနိက ဆိုင်ရာ အတွေးအခေါ်များတွင်- လောကီ ၀ိဇ္ဖာ ပညာရပ်ဆိုင်ရာ လွှမ်းမိုးမှုများ ရှိတတ်သလို- ရပ်ဝေးမြေခြားကို ကိုယ်စားပြုသော ၉-တန့် နှင့် သုတေသန ကို ကိုယ်စားပြုသော ၈-တန့်တို့ ဆက်စပ်နေသဖြင့်- အခြားသော ပညာရေးဆိုင်ရာ ဂြိုဟ်များပါ အားကောင်းပါက- နိုင်ငံခြား ဘွဲ့လွန်သုတေသန များပြုလုပ်ရနိုင်သည် ဆိုသော အခြေအနေ ကိုပါ ပြဆိုနေပါသည်။အကယ်၍ သက်ဆိုင်ရာ ဂြိုဟ်များ အားမကောင်းပါက- ခရီးဝေး ဆိုင်ရာ ၉-တန့်နှင့်၊ မတော်တစ်ဆ မှု ဆိုင်ရာ ၈-တန့်တို့ ဆက်စပ်နေခြင်းဖြင့်- ခရီးဝေးသွားယင်း အန္တရာယ် တွေ့နိုင်သည်ကိုလည်း- ကံကောင်းချိန်တွင် ပျက်စီးတတ်ခြင်းတို့ကိုပါ လည်းကောင်း ဖေါ်ပြနေပါ၏။

ကာဟာဠ ပရိဝတ္တန ယောဂ
ကာဟာဠ ယောဂ ရိုးရိုးနှင့် ကာဟာဠ ပရိဝတ္တန ယောဂ ဟူ၍ ၂-မျိုးကွဲပြားစွာ ရှိရာ- ယခု ကိစ္စတွင် ကာဟာဠ ပရိဝတ္တန ယောဂကိုသာ တင်ပြမည် ဖြစ်ပါသည်။
ကာဟာဠ ပရိဝတ္တန ယောဂ အနေဖြင့်- ဇာတာတွင် ပရိဝတ္တန ယောဂ ဖြစ်နေသော ဂြိုဟ် ၂-လုံးအနက်မှ တစ်လုံးလုံးသည် ၃-တန့်ဘာဝ အိမ်ရှင်ဖြစ်နေပါက- ကာဟာဠ ပရိဝတ္တန ယောဂ ဖြစ်ပါသည်။ သို့သော် အခြားဂြိုဟ်သည် ဒုဌာန အိမ်ရှင် (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်) အိမ်ရှင် မဖြစ်စေရပါ။ အကယ်၍ ဖြစ်နေခဲ့ပါက အထက်မှ တင်ပြခဲ့သော တိံည ပရိဝတ္တန ယောဂ သာလျှင် ဖြစ်ပါသည်။

ဥပမာအားဖြင့် -ဓနု လဂ် ဇာတာတစ်စောင်တွင် - ၃-တန့် သခင် ဖြစ်သော စနေ နှင့် ၁၁-တန့် အိမ်ရှင် ဖြစ်သော သောကြာတို့ ရာသီ အိမ်ချင်း ဖလှယ်နေကြပါက- ကာဟာဠ ပရိဝတ္တန ယောဂ ကိုရမည် ဖြစ်သည်။ အကယ်၍ ၄င်းတို့သည် သက်ဆိုင်ရာ ဘာဝတို့၏ အလယ်မှတ်များကိုသား နီးကပ်စွာ စီးနင်းထားကြမည် ဆိုလျှင်- ဤဇာတာရှင်သည် ၀န်ထမ်းအလုပ်ကို လုပ်မည့်အစား- မိမိကိုယ်တိုင် တီထွင် ထိုးဖေါက်ရသည့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ကိုသာ ရွေးချယ် လုပ်ကိုင်ခြင်းဖြင့် ချမ်းသာ နိုင်မည် ဖြစ်သည်။

မဟာ ပရိဝတ္တန ယောဂ
အကယ်၍ ရာသီအိမ်ချင်း ဖလှယ်နေကြသော ဂြိုဟ်တို့သည်- ၁-တန့်၊ ၂-တန့်၊ ၄-တန့်၊ ၅-တန့်၊ ၇-တန့်၊ ၉-တန့်၊ ၁၀-တန့်၊ ၁၁-တန့် အိမ်ရှင် များ ဖြစ်နေကြလျှင်- ဤသည်ကို မဟာ ပရိဝတ္တန ယောဂ ဟု ခေါ်ပါသည်။
အကျိုးပေး အနေအထားမှာ သက်ဆိုင်ရာ ဘာဝ နှင့် သက်ဆိုင်ရာ ဂြိုဟ်တို့ အပေါ်တွင် မူတည်ပါသည်။

ပရိဝတ္တန ယောဂ ရထားကြသူ နိုင်ငံရေး ခေါင်းဆောင်များ။
- အမေရိကန် လွတ်လပ်ရေး ဖခင်လည်းဖြစ်၊ သမ္မတလည်း ဖြစ်ခဲ့သူ သောမတ် ဂျက်ဖာဆန်၊
- အမေရိကန် သမ္မတဟောင်း ရစ်ချတ် နစ်ဆင်၊
- အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ်၊
- ရုရှား သမ္မတဟောင်း ဗလာဒီမာ ပူတင်၊
- အိန္ဒိယ နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်သူ အင်ဒီရာ ဂန္ဒီ၊
- ပြင်သစ် စစ်ဧကရာဇ် နပိုလီယန်၊
- ရုရှား အာဏာရှင် ခေါင်းဆောင်ဖြစ်ခဲ့သော ဂျိုးဆက်ဖ် စတာလင်၊
- ကျူးဘား ခေါင်းဆောင် ဖီဒယ်လ် ကက်စထရို၊
စသည်တို့ ဖြစ်ပါသည်။

၎င်းတို့ အကြောင်းကို ပရိဝတ္တန ယောဂ နှင့် ယှဉ်တွဲ၍ လေ့လာချက်များကို နောက်ပိုင်း ဆောင်းပါးများတွင် ဆက်လက် တင်ပြပေးပါမည်။

အားလုံး ချမ်းမြေ့ပါစေ
နျူမာန် (မိုးတား)

[+/-] show/hide this post

Saturday, January 22, 2011

မိုးတား MOTAA စာမေးပွဲ အောင်စာရင်းကျေညာချက်။

မိုးတား နက္ခတ္ထ ဝေဒ MOTAA (Modernized Oriental Technique of Accurate Astrology)
- ပထမဆင့် (Level 1) စာမေးပွဲ (စာမေးပွဲ အမှတ် ၁/၂၀၁၁)
- စာမေးပွဲ ကျင်းပသော နေ့ ၁၅-ဇန်န၀ါရီလ ၂၀၁၁

အထက်ပါ စာမေးပွဲတွင် အောက်ပါ သင်တန်းသားတို့ သည် ဖြေဆိုအောင်မြင်ခဲ့ကြပါသည်။

- ကိုပခန်း (http://astro.technohalo.com)
- တေးအေးရိပ် (http://www.mmastrology.com)
- နန်းမိုဟွမ်
- ဌေးလှိုင်ဝင်း



ယခု အောင်စာရင်းသည် အမှတ် အစီအစဉ် အတိုင်း မဟုတ်ပါ။ အဖြေလွှာများ ပြန်တင်သည့် အစီအစဉ် အတိုင်းသာ ဖြစ်ပါသည်။

၎င်းတို့အနက်မှ အမှတ်အများဆုံး ဖြင့် ထူးချွန်စွာ အောင်မြင်သူမှာ
ကိုပခန်း

ဖြစ်ပါသည်။

ထူးချွန်သူ သင်တန်းသား ကိုပခန်း ဖြေဆိုခဲ့သော အဖြေတို့ကို "ဇာတာ တို့၏ နောက်ကွယ်တွင်….. "ဆောင်းပါး တွင် ဖေါ်ပြခဲ့ပါသည်။ လက်တွေ့ ကောက်ချက် ဖြေဆိုမှုများကို ကိုပခန်း၏ အဖြေမှ လေ့လာ နိုင်ပါသည်။

ယခုကဲ့သို့- မိုးတား နက္ခတ္ထ ဝေဒ သင်တန်းကို ဖြေဆို အောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူ အားလုံး အတွက်. မိုးတား နက္ခတ္ထ ဝေဒ MOTAA အဖွဲ့မှ ဂုဏ်ယူပါသည်။


နျူမာန် (မိုးတား)
Numan (MOTAA)
Founder and Principal of M.O.T.A.A (Modernized Oriental Technique of Accurate Astrology)
Member of The Astronomical Society of Singapore
Esteem Member of Astrolab (India)
M.Sc (Mechanical, NUS Singapore), B.E (Mechanical, Y.I.T), N.C.C International Diploma in Computer Studies (Manchester, U.K)

[+/-] show/hide this post

Wednesday, January 19, 2011

ဇာတာ တို့၏ နောက်ကွယ်တွင်…..

ဗေဒင် ပညာဖြင့် လူတစ်ဦး ဘ၀ကို သိရှိနိုင်ပါသလား။
ယခု ၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ ၁၅-ရက်နေ့တွင် MOTAA မိုးတား နက္ခတ္တ သင်တန်း ပထမဆင့် စာမေးပွဲကို ကျင်းပခဲ့ပါသည်။


နက္ခတ္တ ပညာကို ယခင် ကတည်းက လေ့လာ ခဲ့ဘူးများ သာမက၊ ယခုမှ စတင် လေ့လာသည့် သင်တန်းသား များ အတွက်ပါ သင်တန်း စာမေးပွဲ ကို စစ်မေးခဲ့ပါသည်။


ယင်းသို့ စစ်မေးခဲ့ရာတွင်- နက္ခတ် ဆိုင်ရာ ဗဟုသုတများ ရှိပြီးသား သင်တန်းသားများ၊ လက်ရှိ တွင်လည်း ဟောပြော စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ကိုင်ပေး နေသူ သင်တန်းသားများ၏ အဆင့် နှင့် ယခု မှ အစိမ်း သက်သက် နက္ခတ် ပညာကို စတင်လေ့လာသည့် သင်တန်းသားများ ၏ အဆင့် ၂-မျိုးစလုံးကို ညီမျှစွာ ဖြေဆိုနိုင်ရေး အတွက် မေးခွန်းများကို အထူးအချိန်ပေး ပြင်ဆင်ခဲ့ရပါသည်။


တစ်ဖန် ထိုသို့ စစ်ဆေးရာတွင် - Open Book ခေါ် စာမေးပွဲဝင် သင်တန်းသားများ အနေဖြင့် မေးခွန်းပါ အချက်အလက်များကို မိမိလက်လှမ်း မီသလို ရှာဖွေ နိုင်ခြင်း ကို ပြုလုပ်ပေးသော စာမေးပွဲ ဖြစ်သောကြောင့်- ပညာရပ်၏ နောက်ကွယ် မှ သဘောတရားတို့ကို သင်တန်းသားတို့ ကိုယ်တိုင် သေသေ ချာချာ နားလည် သဘောပေါက်မှ သာလျှင် ဖြေဆိုနိုင်ရန်၊ ကျမ်းစာအုပ်များကို အလွယ်တကူ တိုက်ရိုက် မှီငြမ်းခြင်း မပြုနိုင်ရန်လည်း- မေးခွန်းထုတ်သူ ကျွန်တော့် အနေဖြင့် များစွာ အချိန်ပေး စဉ်းစားခဲ့ရသည်သာ မက၊ ဖြေဆိုသူ သင်တန်းသား တို့၏ ကိုယ်ပိုင် အစွမ်းကို ဖွင့်လှစ် ဖေါ်ပြနိုင်ခွင့် ရစေသော မေးခွန်း ဖြစ်စေရန်လည်း အားထုတ် ခဲ့ရပါသည်။


ဤဆောင်းပါးသည် - အဖြေများကို ပြန်လည် ရှင်းပြသည့် ဆောင်းပါး မဟုတ်ပါ။


သို့သော်-
သင်တန်းသား တို့၏ အစွမ်းကို လှစ်ပြနိုင်ရန် အတွက် လက်တွေ့ ဇာတာ ကို စစ်ဆေးခြင်း အပိုင်း ကို မေးမြန်းခဲ့ရာတွင် ထူးချွန်သူ သင်တန်းသား တို့၏ သုံးသပ်ချက် အဖြေကို ဖေါ်ပြယင်းဖြင့်- ယခု ဆောင်းပါး ခေါင်းစဉ် ဖြစ်သော “ဗေဒင် ပညာဖြင့် လူတစ်ဦး ဘ၀ကို သိရှိနိုင်ပါသလား” ဆိုသော မေးခွန်း၏ အဖြေ ကို- စာဖတ်သူ များကိုယ်တိုင် သိရှိသွားစေလိုပါသည်။

အောက်တွင် ဖေါ်ပြထားသည်မှာ မေးခွန်း ဖြစ်ပါသည်။ မေးခွန်း ၄၊ ၅၊ ၆ တို့သည် ဇာတာ တစ်ခုတည်း အတွက် မေးထားသော မေးခွန်းများ ဖြစ်ပါသည်။

မေးခွန်း (၄ မှ ၆ အထိ) တွင် ဖေါ်ပြပါဇာတာကို ပေးထားပြီး- အောက်ပါ အတိုင်းမေးထား ခဲ့ပါသည်။


မေးခွန်း (၄)
(၄-၁) အောက်ဖေါ်ပြပါ ဇာတာတွင်- ဤဇာတာ မွေးဖွားချိန်၌ မိုးကုတ် စက်ဝိုင်းထက် ကောင်းကင်ပြင် အထက်တွင် တည်နေသော ဂြိုဟ်တို့ကို ချရေးပြပါ။ ရာဟုနှင့် ကိတ်တို့သည် အမှန်တကယ် ရုပ်သွင် မရှိသော ဂြိုဟ် မဟုတ်သောကြောင့် ဤအဖြေတွင် ထည့်စဉ်းစား စရာမလိုပါ။

(၄-၂) အထက်ပါ ဇာတာရှင် မွေးဖွားသော အချိန်ကာလ ကို အနီးစပ်ဆုံး ခန့်မှန်း ကြည့်ပါ။ တိကျရန် မလိုပါ။ ခန့်မှန်း တန်ဘိုးမျှသာ ဖြစ်ပါသည်။

မေးခွန်း (၅)
(၅-၁) အထက်ပါ မေးခွန်း (၄-၁) အတွက် ဘာဝစက် ဇာတာခွင်ကို မိုးတား M.O.T.A.A မူ (ဘာဝတို့ကို အညီအမျှ ပိုင်းခြားသော စနစ်ဖြင့်) ရေးဆွဲ ဖေါ်ပြပေးပါ။
(၅-၂) ဆက်လက်၍ မည်သည့်ဂြိုဟ်သည် မည်သည့် ဘာဝ၏ သခင် (မူလ တြိဂေါဏ အိမ်ရှင်) ဖြစ်လျှက် မည်သည့် ဘာဝတွင် ရပ်တည် သည်ကို ဇယားဖြင့် ဖေါ်ပြပေးပါ။ (မှတ်ချက်- စနေ ဂြိုဟ်သည် ကုမ်ရာသီတွင် သခင် ဖြစ်သည်ဟု ယူတွက်ပါ။)

မေးခွန်း (၆)
အထက်မှ ရလာသောဂြိုဟ်တစ်လုံးချင်းစီတို့ အနေဖြင့် ဘာဝ ရပ်တည်မှု အနေအထား၊ ရာသီ ရပ်တည်မှု အနေအထား တို့ကို လေ့လာ၍- မိုးတား သင်ခန်းစာ များတွင် ပါရှိသော ဂြိုဟ်တို့၏ အဓိပ္ပါယ်၊ ရာသီနှင့် ဘာဝတို့၏ အဓိပ္ပါယ် ကို အသုံးပြု၍ အထက်ပါ မေးခွန်း ၅-တွင် ဖေါ်ပြထားသော ဇာတာ အား ဂြိုဟ်တစ်လုံးချင်းစီ အတွက် လေ့လာ မြင်တွေ့နိုင်သော စရိုက်၊ စိတ်ဓါတ်၊ အရည်အချင်း၊ ဘ၀ အနေအထား၊ ပညာရေး စသည်တို့ကို သုံးသပ် ဆန်းစစ် ပေးပါ။ ဂြိုဟ်တို့၏ အင်အား ဆန်းစစ်ရန် မလိုပါ။


သင်တန်းသား တစ်ဦး၏ အဖြေ ရှင်းပြချက် (မေးခွန်း ၆ အတွက်)

ဂြိုဟ်တို့၏ ရပ်တည်မှု အနေအထား၊ ရာသီရပ်တည်မှု အနေအထားအရ ဂြိုဟ်တို့၏ စရိုက်၊ စိတ်ဓါတ်၊ အရည်အချင်း၊ ဘ၀အနေအထား၊ ပညာရေးစသည်..

တနင်္ဂနွေ -
ရရာသီ) မိန်ရာသီတွင်တည်သည်။ ၃ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၉ တန့် ဘာဝတွင်ရပ်သည်။
ဇာတာရှင်၏ အောင်မြင်ကျော်ဇောမှု အဆင့်အတန်းကိုဖေါ်ပြသော တနင်္ဂနွေသည် (ရာသီအိမ်ရှင်မှ မိတ်ပြုရာ) မိန်ရာသီတွင် တည်သဖြင့် အောင်မြင်ကျော်ဇောမှု ရှိသူဖြစ်သည်။ တဖန် မိန်ရာသီသည် ရေရာသီဖြစ်သဖြင့် ထို ကျော်ဇောမှုသည် အနိုင့်အထက်ဖြင့် ရရှိမှုမျိုးမဟုတ်ဘဲ အေးချမ်းသောနည်းလမ်းဖြင့် မျှတစွာဖန်းတီးယူနိုင်မည်ဖြစ်သည်။ လက်တွေ့အကောင်အထည်ဖေါ်မှု၊ စွန့်စားမှုကို အသေးစိတ်လေ့လာမှုကို ကိုယ်စားပြုသော ၃ တန့်သခင်သည် ၉ တန့် အတွေးအခေါ်ပညာ တင့်တယ်မှုအတန့်တွင်ရပ်တည်သဖြင့်၊ စွန့်စားတီထွင်ခြင်းဖြင့် အောင်မြင်ကျော်ဇောသူအဖြစ် ရောက်ရှိနိုင်မှုကို ဖေါ်ပြသည်။ 

တနင်္လာ-
 (ရေရာသီ) ဗြိစ္ဆာရာသီတွင်တည်သည်။ ၂ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၆ တန့် ဘာဝတွင် တည်သည်။
ဇာတာရှင်၏ အေးချမ်းမှု၊ စိတ်ခံစားမှုတို့ကို ဖေါ်ပြသော တနင်္လာသည် (ရာသီအိမ်ရှင်မှ မိတ်ပြုရာ) ဗြိစ္ဆာရာသီတွင် တည်သဖြင့် အေးချမ်းသော ငြိမ်းအေးသော စိတ်ခံစားမှုကို ဖြစ်စေသည်။ တဖန် ရေရာသီတွင်တည်သဖြင့် ပေါ့ပါးလွတ်လပ်သော စိတ်သဘောထားကိုလည်း မွေးမြူစေနိုင်လေသည်။ စုဆောင်းမှု ပိုင်ဆိုင်မှုဆိုင်မှုဆိုင်ရာ ၂ တန့်ဘာဝ၏ သခင်သည် ရန်အတန့် ၆ တန့်တွင်တည်သဖြင့် ဥစ္စာပစ္စည်းများစွာ စုဆောင်းပိုင်ဆိုင်မည့်သူမဟုတ်။ အေးချမ်းသော စိတ်သဘာဝအရ မက်မောတွယ်တာလိမ့်မည်မဟုတ်ပေ။

အင်္ဂါ-
 (မြေရာသီ) မကာရရာသီတွင်တည်သည်။ ၁၁ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၈ တန့်ဘာဝတွင် တည်သည်။
လက်တွေ့အကောင်အထည်ဖေါ်မှု၊ သတ္တိ၊ စွန့်စားမှုဆိုင်ရာ အင်္ဂါသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မကာရတွင်တည်သဖြင့် အပြင်ပမ်းအားဖြင့် စွန့်စားလွန်းသူ သတ္တိကောင်းသူတစ်ယောက် မဟုတ်ပေ။ အင်္ဂါသည် လာဘ်လာဘဆိုင်ရာ ၁၁ တန့် အိမ်ရှင်ဖြစ်ကာ အပြောင်းအလဲနှင့်လျှို့ဝှက်ချက်ဆိုင်ရာ မရဏ ၈ တန့်ဘာဝတွင် တည်သဖြင့် လျှို့ဝှက်စွာ စွန့်စားရမှုများ၊ ဘ၀ရပ်တည်မှုအတွက် အပြောင်းအလဲဖန်တီးရမှုများကို ဖေါ်ပြနေသည်။ သို့တစေ မြေရာသီတွင်တည်သဖြင့် ခိုင်ကြည်သော အပြောင်းအလဲရပ်တည်မှုများ အဆုံးတွင် ရယူနိုင်မည်ဖြစ်သည်။

ဗုဒ္ဓဟူး-
 (ရေရာသီ) မိန်ရာသီတွင်တည်သည်။ ၄ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၁၀ တန့်ဘာဝတွင် တည်သည်။
အသိဥာဏ်အတွေးအခေါ် အတွက်အချက်ကို ဖေါ်ပြသော ဗုဒ္ဓဟူးသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မိန်ရာသီတွင်ရပ်တည်သောကြောင့် ပုံမှန်မဟုတ်သော တွေးနည်းခေါ်နည်းများ ပိုင်ဆိုင်မည်။ ရေရာသီတွင်တည်သဖြင့် ပြောင်းလဲလှည့်ယူတွေးခေါ်နိုင်သော ပညာစွမ်းကိုလည်း ပြဆိုသည်။ အတွင်းစိတ်သဏ္ဍန်ကို ညွှန်းဆိုသော ၄ တန့် သခင်ဖြစ်သည့်အပြင် အများသို့ထုတ်ဖေါ်ပြနိုင်သော သဘာဝရှိသည့် ၁၀ တန့်အလုပ်ဘာဝသို့ ကိန်းမှကိန်းချင်းတည်သဖြင့် ပညာစွမ်းအား ထွန်းတောက်မည့်သူ အများက လေးစားရသူဖြစ်မည်။

ကြာသာပတေး-
(လေရာသီ) ကုမ်ရာသီတွင်တည်သည်။ ၇ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ ၉ တန့်ဘာဝတွင် တည်သည်။
အကျင့်စာရိတ္တနှင့် ဂုဏ်သိက္ခာဆိုင်ရာ ကြာသာပတေးသည် (မိတ်ရန်မပြုရာ) မိန်ရာသီတွင်တည်သဖြင့် ဂုဏ်သိက္ခာစာရိတ္တအနာအဆာမရှိသည့် အဖြစ်ကို ရရှိမည်ဖြစ်သည်။ အပြန်အလှန်ဆက်ဆံရေးဆိုင် အိမ်ထောင်ရေးဆိုင်ရာ ၇ တန့်ဘာဝ၏ သခင်ဖြစ်ကာ ဂုဏ်ကျက်သရေ ၉ တန့်ဘာဝတွင်တည်သဖြင့် ပညာဂုဏ်ကြီးမားသူအဖြစ် အများတကာက လက်ခံကြမည်။ ၇ တန့်ဘာဝသည် အိမ်ထောင်ရေးကိုလည်း ညွှန်းဆိုကာ လေရာသီတွင်တည်သဖြင့် ပြောင်းလဲသော အိမ်ထောင်ရေးကိုလည်း(ဆက်ဆံရေး)ကိုလည်း ပြဆိုလေသည်။

သောကြာ-
 (ရေရာသီ) မိန်ရာသီတွင်တည်သည်။ ၅ တန့်ဘာဝသခင်ဖြစ်ပြီး ၁၀ တန့်ဘာဝတွင် တည်သည်။
ဇနီးအိမ်ထောင်ရေးကာမစည်းစိမ်ကို ညွှန်းဆိုသော သောကြာသည် (ရာသီအိမ်ရှင်မှ ရန်ပြုရာ) မိန်ရာသီတွင်တည်သဖြင့် စည်းစိမ်ဥစ္စာ ရုပ်ရေရူပကာ ဟန်ပန်အမူအယာအားဖြင့် တင့်တယ်လွန်းသူမဟုတ်ပေ။ ပညာရေးသင်ကြားမှုသားသမီးဆိုင်ရာ ၅ တန့်ဘာဝ၏ သခင်ဖြစ်ကာ အလုပ်အကိုင်ကမ္မဘ၀ ၁၀ တန့်တွင်တည်သဖြင့် ပညာသင်ကြားခြင်းဖြင့် အသက်မွေးနိုင်မည်။ တပည့်တပမ်းလည်း ပေါများနိုင်သည်။ သို့သော် အောင်မြင်သော ထည်ဝါသောအသွင်သဏ္ဍန်ကိုတော့ ပိုင်ဆိုင်မည့်သူတစ်ယောက်မဟုတ်ပေ။

စနေ- 
(ရေရာသီ) မိန်ရာသီတွင်တည်သည်။ ၉ တန့်ဘာဝ၏သခင်ဖြစ်ပြီး၊ ၁၀ တန့်ဘာဝတွင် တည်သည်။
အပင်ပမ်းခံနိုင်မှု၊ ဇွဲ၊ ကျင့်ဝတ်တရားတို့ကို ဖေါ်ပြသောစနေသည် (ရာသီအိမ်ရှင်မှ မိတ်ရန်မမူဘဲ) မိန်ရာသီတွင် တည်သဖြင့် သင့်တင့်သော သဘောရှိသည်။ ဂုဏ်သိက္ခာအမြော်အမြင်ကို ဖေါ်ပြညွှန်းဆိုသော ၉ တန့်ဘာဝ၏ သခင်ဖြစ်ပြီး၊ အများအလယ်တင့်တယ်မှု အလုပ်ဆိုင်ရာ ၁၀ တန့်တည်သဖြင့် ကြီးမြတ်သော အများရိုသေခံရနိုင်သော ဇာတာရှင်အဖြစ်ကို ညွှန်ဆိုနေတော့သည်။
အချုပ်အားဖြင့်ဆိုသော် ပညာမှလွဲ၍ တခြားဘာမျှထည့်မတွက်သော ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပြဆိုလျှက်ရှိသည်။


အမှန် အားဖြင့် ဤဇာတာရှင် သည်-
၁၉-ရာစုနှင့် ၂၀-ရာစု တွင် အလွန် ထူးချွန်သော၊ သိပ္ပံပညာရှင် ဆိုငြား သော်လည်း၊ သူ၏ ဦးဏှောက် သည်သာ ၄င်း၏ သုတေသန ပြုလုပ်ရာ ကိုယ်ပိုင် ဓါတ်ခွဲခန်းကြီး ဖြစ်ခဲ့ပြီး ဂျူတီကုဒ်ကြီးတစ်ဖားဖားနှင့် ပြင်ပ ဓါတ်ခွဲခန်း တို့တွင် အချိန်ကုန် တတ်သော သိပ္ပံ ပညာရှင် တို့တွင် မပါဝင်သူ ဖြစ်သော၊ လူ့သမိုင်းကြောင်း ကို အပြောင်းအလဲ ကြီး တစ်ခု ဖြစ်စေနိုင်သော ရူပ ဗေဒ နိုဘယ် ဆုရှင် ဖြစ်သော်လည်း- သိပ္ပံပညာရှင် ဆိုသော အမည်ထက်- တယောထိုး ဆရာကြီး အိုင်းစတိုင်း ဆိုသော အမည်ကို ပို၍ နှစ်ခြိုက်သူ ဖြစ်၍၊ ပညာရှင် ဆိုသော မာန်မာန စိုးစိမျှ မရှိသော လူထူး လူဆန်း သိပ္ပံပညာရှင် ကြီး ဖြစ်သူ အယ်လ်ဘတ် အိုင်းစတိုင်း (Albert Einstein) ပင် ဖြစ်ပါတော့သည်။

ခေတ်သစ် သိပ္ပံပညာ၏ ဖခင် ဖြစ်သူ အိုင်းစတိုင်း အား ၁၈၇၉-ခုနှစ်၊ မတ်လ ၁၄-ရက်တွင်၊ ဂျာမဏီ နိုင်ငံ Ulm မြို့တွင် မွေးဖွားခဲ့ပါသည်။

စာမေးပွဲ မေးခွန်း (၄-၂) တွင် ဇာတာကို ကြည့်၍- ဇာတာရှင် မွေးဖွားသော အချိန်ကာလ ကို အနီးစပ်ဆုံး ခန့်မှန်း ထားစေခဲ့ ပါသည်။ 

သင်တန်းသား အားလုံးတို့သည်- လဂ် ခေါ် Ascendant နှင့် တနင်္ဂနွေ Sun ၏ တည်နေရာ အကွာအဝေးကို တွက်ချက်၍၊ လဂ် အနေဖြင့် တစ်ရာသီလျှင် ၂-နာရီ တည်ရှိသည် (တစ်နည်းအားဖြင့် ၃၀ ဒီဂရီ ကို ၂-နာရီ၊ ထို့ကြောင့် လဂ်သည် တစ်နာရီလျှင် ၁၅-ဒီဂရီ နှုန်းဖြင့် ရွေ.လျား နေသည် ဆိုသော အချက်ကိုသာ မူတည်၍ ဖြေဆိုခဲ့ကြပါသည်။

ကွာခြားသော အကွာအဝေးမှာ 108.14 ဖြစ်သဖြင့်- ၄င်းအား 15 ဖြင့် စားသော အခါ 7.21 နာရီရလာ၍- ပုစ္ဆာတွင် ပေးထားသော နေထွက်ချိန် ၆-နာရီဖြင့် ပေါင်းသော အခါ- တွက်၍ ရလာသော အဖြေသည် 13.21 တစ်နည်းအားဖြင့်- နာရီ၊ မိနစ်၊ စက္ကန့် ပုံစံဖြင့် ဖေါ်ပြပါက- 13:12:33 ဖြစ်ပါသည်။
သို့သော်-
အမှန်အားဖြင့်- ၂၃း၂၇ စောင်းနေသည့် စက်လုံး ပုံသဏ္ဍာန် ရှိသော ကမ္ဘာကြီး၏ အီကွေတာ အနီးတစ်ဝိုက် ဒေသများ တွင်သာ ထိုပျမ်းမျှသွားနှုန်း တစ်နာရီလျှင် ၁၅-ဒီဂရီ နှုန်းသည် နီးစပ်မှု ရှိ၍၊ ယခု ဇာတာရှင် မွေးဖွားရာ ဒေသဖြစ်သော ကမ္ဘာ့ မြောက်ဘက်ခြမ်း - မြောက်လတ္တီတွဒ် ၄၈း၂၄ တွင်မှု၊ နွေရာသီ၊ ဆောင်းရာသီပေါ် မူတည်၍ လဂ်သွားနှုန်း သည် နေ့တာနှင့် ညတာပါ ကွာခြားသွားခြင်းကြောင့် ဤနည်းဖြင့် တွက်၍ ရလာသော အဖြေများမှာ မမှန်ပါ။

အမှန်တကယ် အားဖြင့် ဇာတာရှင် မွေးဖွားခဲ့သည့် အချိန်သည် ဒေသ စံတော်ချိန် ၁၁း၃၀ ဖြစ်ပါသည်။
မည်သို့ပင် ဆိုစေ-

မေးခွန်းတွင် မည်သည့် နေရာဒေသ ဖြစ်သည် ဆိုသည်ကို ဖေါ်ပြမထားသည်သာမက- နေထွက်ချိန် ကိုလည်း နံနက် ၆း၀၀ ဟုထား၍ တွက်စေခဲ့ခြင်းဖြင့် - သင်တန်းသားများ အနေဖြင့် အဖြေမှန် မရသည်မှာ သင်တန်းသားများ၏ အမှားမဟုတ်ပါ။

မေးခွန်း၏ ရည်ရွယ်ချက်မှာ သင်တန်းသားတို့ အခြေခံသဘော နားလည်စေရန်နှင့်- ပျမ်းမျှ သွားနှုန်းသည် အမှန် တကယ် သွားနှုန်း မဟုတ်သည်ကို နားလည် စေလိုသော သဘောကို ရည်ရွယ်ထားခြင်း ဖြစ်သောကြောင့်- ၁၃ နာရီ ပတ်ဝန်းကျင် အဖြေများ တင်ပြသူများ အားလုံးကို အမှတ်ပြည့်ပေးထား ခဲ့ပါသည်။

ဥပမာ- လူ ၂-ဦး အနေဖြင့် ရွာတစ်ရွာမှ အခြား ရွာတစ်ရွာသို့  ခရီး ပြိုင်တူ သွားကြသည် ဆိုပါအံ့။ တစ်ဦးသည် စက်ဘီးဖြင့် နင်း၍ မြန်မြန် သွားကာ၊ အခြား တစ်ဦးသည် ခြေလျင်လျှောက်၍ ပုံမှန် သွားသည် ဆိုပါအံ့။ စက်ဘီးဖြင့် သွားသူသည်- လမ်းတွင် စက်ဘီးပျက်၍ ပြင်ဆင်ခြင်း၊ အလှူ တွေ့၍ ထမင်း ၀င်စားခြင်းများ ပြုသွား၍၊ ခြေလျင်သွားသူသည် နားနေခြင်း၊ နှေးကွေးခြင်း မရှိပဲ တစ်သတ်မတ်တည်း သွာခြင်းဖြင့် - ဤသူ ၂-ဦး ခရီးဆုံးရွာသို့ ပြိုင်တူ ရောက်သွားနိုင်မည် ဖြစ်သော်လည်း- ကြားကာလများတွင် ရောက်တည်ခဲ့ရာ နေရာခြင်း မတူပါချေ။ 

စကြာဝဠာနှင့် ပတ်သက်သော ဂြိုဟ်များ၏ တည်နေရာကို တွက်ချက်ကြရာတွင်လည်း ထိုသို့ပင် ဖြစ်ပါသည်။ စောင်းနေသော ဂြိုဟ်ပါတ်လမ်းကြောင်းများ၊ နေကိုပတ်နေသော ဂြိုဟ်များကို ကမ္ဘာမှ မှီငြမ်း ၍ ပျမ်းမျှ နှုန်းဖြင့် ခန့်မှန်း တွက်ချက်ခြင်းသည်- အမှန်တကယ် သွားလာနှုန်း မဟုတ်သည်ကို သင်တန်းသားများ အနေဖြင့် ထင်ရှား စေလိုသောကြောင့် ဤမေးခွန်းကို မေးခဲ့ခြင်း ဖြစ်ပါသည်။

အကယ်၍ သင်တန်းသား တစ်ဦး ဦးသည် အထက်ပါ တွက်နည်းကို မတွက်ခင်- “ကျွန်တော့် အနေဖြင့် ဤဇာတာကို တွက်ရာတွင် - အီကွေတာ ပတ်ဝန်းကျင် ဒေသ ကိုမူတည်၍ တွက်ပါသည်” ဟု ဆိုခဲ့ပါမူ- အလွန် ထောင့်စေ့သော လေ့လာသူ Observant Learner ဟု ဆိုရပါမည်။

အထက်ပါ သင်တန်းသား ဖြေဆိုသွားသော အချက်များကို လေ့လာကြည့်ပါအံ့-

ဤမေးခွန်းတွင်- ဂြိုဟ်တို့၏ အင်အားကို စစ်ဆေးခြင်း မပြုပဲ- ရာသီ၊ ဂြိုဟ်နှင့် ဘာဝတို့၏ အခြေခံ ပရိယာယ် ဥပဒေသ တို့ကိုသာ အသုံးပြု၍ စစ်ဆေး စေခဲ့ပါသည်။

နက္ခတ်ပညာ ဆိုင်ရာ အကြောင်းရင်းများကို ဖယ်ထုတ်၍- သင်တန်းသား၏ တွေ့ရှိချက်သက်သက် တို့ကို ကြည့်လိုက်မည် ဆိုပါက-

  •  အောင်မြင်ကျော်ဇောမှု ရှိသူဖြစ်သည်။ ထို ကျော်ဇောမှုသည် အနိုင့်အထက်ဖြင့် ရရှိမှုမျိုးမဟုတ်ဘဲ အေးချမ်းသောနည်းလမ်းဖြင့် မျှတစွာဖန်းတီးယူနိုင်မည်ဖြစ်သည်။ စွန့်စား တီထွင်ခြင်းဖြင့် အောင်မြင် ကျော်ဇောသူအဖြစ် ရောက်ရှိနိုင်မှုကို ဖေါ်ပြသည်။ 
  •  အေးချမ်းသော ငြိမ်းအေးသော စိတ်ခံစားမှုကို ဖြစ်စေသည်။ တဖန် ရေရာသီတွင်တည်သဖြင့် ပေါ့ပါး လွတ်လပ်သော စိတ်သဘောထားကိုလည်း မွေးမြူစေနိုင်လေသည်။ ဥစ္စာပစ္စည်းများစွာ စုဆောင်းပိုင်ဆိုင်မည့်သူမဟုတ်။ အေးချမ်းသော စိတ်သဘာဝအရ မက်မော တွယ်တာ လိမ့်မည်မဟုတ်ပေ။ 
  • လျှို့ဝှက်စွာ စွန့်စားရမှုများ၊ ဘ၀ရပ်တည်မှုအတွက် အပြောင်းအလဲဖန်တီးရမှုများကို ဖေါ်ပြနေသည်။ ခိုင်ကြည်သော အပြောင်းအလဲရပ်တည်မှုများ အဆုံးတွင် ရယူနိုင်မည်ဖြစ်သည်။
  • ပုံမှန်မဟုတ်သော တွေးနည်းခေါ်နည်းများ ပိုင်ဆိုင်မည်။ ရေရာသီတွင်တည်သဖြင့် ပြောင်းလဲလှည့်ယူတွေးခေါ်နိုင်သော ပညာစွမ်းကိုလည်း ပြဆိုသည်။ ပညာစွမ်းအား ထွန်းတောက်မည့်သူ အများက လေးစား ရသူဖြစ်မည်။
  • ဂုဏ်သိက္ခာ စာရိတ္တအနာအဆာ မရှိသည့် အဖြစ်ကို ရရှိမည်ဖြစ်သည်။ အပြန်အလှန်ဆက်ဆံရေး၊ ပညာဂုဏ်ကြီးမားသူ အဖြစ် အများတကာက လက်ခံကြမည်။ 
  • စည်းစိမ်ဥစ္စာ ရုပ်ရေရူပကာ ဟန်ပန်အမူအယာအားဖြင့် တင့်တယ်လွန်းသူမဟုတ်ပေ။ ပညာ သင်ကြားခြင်းဖြင့် အသက်မွေးနိုင်မည်။ တပည့်တပမ်းလည်း ပေါများနိုင်သည်။ သို့သော် အောင်မြင်သော ထည်ဝါသော အသွင်သဏ္ဍန်ကိုတော့ ပိုင်ဆိုင်မည့်သူ တစ်ယောက်မဟုတ်ပေ။ 
  • သင့်တင့်သော သဘောရှိသည်။ ကြီးမြတ်သော အများရိုသေခံရနိုင်သော ဇာတာရှင်အဖြစ်ကို ညွှန်ဆိုနေတော့သည်။
  • အချုပ်အားဖြင့်ဆိုသော် ပညာမှလွဲ၍ တခြားဘာမျှထည့်မတွက်သော ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပြဆိုလျှက်ရှိသည်။

အထက်ပါ အချက်များ အားလုံးသည် ဇာတာရှင် ဖြစ်သော အယ်လ်ဘတ် အိုင်းစတိုင်း၏ ဘ၀၊ အခြေအနေနှင့် စိတ်ဓါတ်၊ စရိုက်တို့ အတိအကျပင် ဖြစ်၍ ရာနှုန်းပြည့် မှန်နေပါတော့သည်။ 

ဆက်လက် နောက် မေးခွန်းတစ်ခု နှင့် ၄င်းကို ဖြေဆိုထားသော သင်တန်းသား၏ အဖြေကို ကြည့်ပါရန်။

မေးခွန်း ၇-နှင့် ၈ တွင် မေးထားသော ဇာတာ

ဤမေးခွန်းတို့ သည် MOTAA မိုးတား နက္ခတ္တ မူကို အသုံးပြု၍ အင်အားတို့ကို တွက်ချက် စစ်ဆေးခြင်း အရည်အချင်းကို စစ်ဆေးရန် အတွက် ရည်ရွယ် ထားသော မေးခွန်းဖြစ်ပါသည်။

စာဖတ်သူ များ နားလည် နိုင်ရန် အတွက်- MOTAA မိုးတား နက္ခတ္တ မူ အရ- ဂြိုဟ်တို့၏ အင်အားကို စစ်ဆေးရာတွင် အောက်ပါ အချက်များနှင့် စစ်ဆေး ရပါသည်။ (ဤနည်းသည် ဆဋ္ဌ ဗလ- အားခြောက် ပါးနှင့် မတူညီပါ။ သို့သော်လည်း အတွင်းကျကျ အနှစ်သာရများနှင့် မဆန့်ကျင်သော အင်အား စစ်ဆေးခြင်း နည်းစနစ်များ ဖြစ်သည်။)
  • (၁) ပကတိ တည်နေရာအင်အား (ရာသီစက်၊ န၀င်းစက်) (Absolute Positional Strength)
  • (၂) လဂ်မှ တည်နေရာအင်အား၊ (ဘာဝစက်) (Relative Positional Strength)
  • (၃) နေရောင် လွှမ်းမိုးမှု အနေအထား၊ (Combust)
  • (၄) ထိုဂြိုဟ်ပိုင်ဆိုင်သော မူလတြိဂေါဏ ရာသီ၏ အလယ်ဗဟိုချက်မှတ် ဆီသို့ အခြားသော ဂြိုဟ်များ၏ လွှမ်းမိုးမှု၊
  • (၅) ထိုဂြိုဟ်ရပ်တည်သော ရာသီ၏ အလယ်ဗဟိုချက်မှတ် ဆီသို့ အခြားသော ဂြိုဟ်များ၏ လွှမ်းမိုးမှု၊
  • (၆) ထိုဂြိုဟ် ရပ်တည်ရာ ရာသီ၏ ပိုင်ရှင်တွင် ရှိနေသော အင်အား။ (နယ်မြေ တာဝန်ခံ ဂြိုဟ်၏ အင်အား)


မေးခွန်း (၇)
(၇-၁) အောက်ဖေါ်ပြပါ တည်နေရာများ ရှိနေသော ဇာတာ အတွက် ရာသီစက်နှင့် ဘာဝ စက် ၂-ခုကို ရေးဆွဲပါ။
(၇-၂) ဤဇာတာ အတွက် ဂြိုဟ်တို့၏ အင်အား အသီးသီးကို ရှာပါ။။
(၇-၃) ဤဇာတာ အတွက် ဘာဝ တို့၏ အင်အား အသီးသီးကို ရှာပါ။။

မေးခွန်း (၈)
အထက်ပါ ဇာတာရှင်သည် မည်သို့သော အခြေအနေမျိုး မှ မွေးဖွားလာ၍- မည်သည့် အခြေအနေ မျိုးနှင့် ဘ၀ လမ်းကို လျှောက်လမ်း နိုင်သည်ကို သင်မြင်မိသနည်း။ သူ၏ အောင်မြင်မှု၊ ပညာရေး၊ အသက်ရှည်နိုင်မှု များကို သင်ခန်းစာတွင် ပါဝင်သော အချက်များကို ကိုးကား၍ အကြောင်းရင်း ပြည့်စုံစွာဖြင့် ဆောင်းပါး တစ်ပုဒ်သဖွယ် ရေးသားပါ။

သင်တန်းသား တစ်ဦး၏ အဖြေ ရှင်းပြချက်

အဖြေ (၈)
ဇာတာဝေဖန်ချက်
ဇာတာရှင်၏စရိုက် သဘာဝ

တနင်္ဂနွေနှင့်ကြာသာပတေး အားများသက်ရောက်မှုအရ ပညာအရည်အချင်းဖြင့် ဦးဆောင်နိုင်စွမ်းရှိသည့် စရိုက်သဘာဝကို ဖေါ်ပြသည်။
အနှုတ်ပြသော အားများဖြစ်သည့် တနင်္လာ၊ အင်္ဂါ ဗုဒ္ဓဟူး၊ စနေတို့အရ မအေးချမ်းသော၊ မ၀ံရဲသော၊ မပွင့်လင်းသော(ဆက်ဆံရေးမကြေညက်သော)၊ ရေရှည်မစွဲမြဲသော အတွေးအယူအဆများရှိနေနိုင်သည်။

ဇာတာရှင်၏ အကျိုးပေး
အနှုတ်စွမ်းအားကြီးမားလွန်းသော ရာဟု၏ သက်ရောက်မှုသည် ဘ၀တစ်ခုလုံးကမောက်ကမဖြစ်အောင် ပေးဆပ်ရတတ်သည်။ ဇာတာရှင်၏ ဦးဆောင်မှုရည်ရွယ်ချက် အတွေးအခေါ်၊ နာမည်ကြီးမှုတို့မှအပ၊ ကျန်ကဏ္ဍအားလုံး အနှုတ်သဘော သက်ရောက်ကြသဖြင့် မိမိဥာဏ်စွမ်းရှိသမျှ မခံစားရသော ဘ၀အကျိုးပေးကို ပြဆိုသည်။ ကောင်းသောအရာအားလုံး (ကြီးမားသော ရာဟုအစွမ်းဖြင့်) ရုတ်ခြည်းပျောက်ကွယ် သွားတတ်သည်။
အဆိုးအားများမှုများအရ တနင်္လာ အနှုတ်သဘောသည်၊ စိတ်မအေးချမ်းရခြင်းကိုပြဆိုသည်။
အင်္ဂါအနှုတ်သဘောသည် လက်နက်စက်ပစ္စည်းတို့ကြောင့် ထိခိုက်ဒဏ်ရာရနိုင်သည်ကို ပြဆိုသည်။
ဗုဒ္ဓဟူးအနှုတ်သဘောသည် ပေါင်းသင်းဆက်ဆံရေးတွင် စကားအတိုက်အခိုက် အရေးအသားဖြင့် အတိုက်အခိုက်များခံစားရနိုင်သည်။
အသက်အနေကို ဖေါ်ပြသော စနေသည် ကူသူမရှိ အနှုတ်ပြနေသောကြောင့် အသက်မရှည်နိုင်ပေ(သို့) တည်ငြိမ်သော ဘ၀အခြေကို ကြာရှည်စွာ ခံစားရဖွယ်မရှိချေ။
အကောင်းအဆိုးရောသော သောကြာသည် အတက်အကျများသော ဘ၀စည်းစိမ်အခြေအနေကိုပြဆိုသည်။
အနှောင့်အယှက်မရှိသော တနင်္ဂနွေသဘောအရ ဂုဏ်သတင်းကျော်ဇော်မှုကို ရရှိမည်ဖြစ်သည်။ မိသားစုတွင်း အကြီးအကဲများ၏ မဆမှုလည်းရရှိနိုင်သည်။ ခေါင်းဆောင်အဖြစ် အကြီးအကဲအဖြစ်ကိုလည်း ရရှိစေမည်ဖြစ်သည်။

ကဏ္ဍအလိုက် ဝေဖန်ရပါလျှင်

၁ တန့်သဘာဝအရ-
ဇာတာရှင်၏ ပင်ကိုယ်စရိုက်သဘော ကိုယ်ကာယသည် ဆိုးရွားလျှက်ရှိသည်။ အားနည်းသော စနေသဘောအရ ကျမ်းမာရေးအထိအခိုက်ကို ခံစားရနိုင်ပြီး၊ စရိုက်မှာမူ အားရှိသော တနင်္ဂနွေ ကြာသာပတေးတို့သဘောအရ ကျင့်ဝတ်သိက္ခာ လေးမြတ်မှုတို့အလို့ငှာ စောင့်ထိန်းနိုင်မည်ဖြစ်သည်။

၂ တန့်သဘာဝအရ-
ဥစ္စာစုဆောင်းပိုင်ဆိုင်မှုနှင့်ပတ်သတ် ကောင်းကျိုးခံစားရမည်။ အလိုပြည့်မှုနှင့် ဆိုင်သော သောကြာတွင် အဆိုးအကောင်းရောမွှေနေသဖြင့် ပြီးပြည့်စုံသောဘ၀ဟု မဆိုနိုင်ပေ။

၃ တန့်သဘောအရ-
ဇာတာရှင်၏ ၀န်းကျင်ပတ်သတ်နေရမှုနှင့်ပတ်နေရမှုသည် ကောင်းကျိုးမရှိပေ။ ခိုင်မာသောဆုံးဖြတ်ချက်၊ လုပ်ငန်းထူထောင်မှုများသည် အသုံးမ၀င်ဖြစ်မည်။ ၃ တန့်သည် အသက်ဓာတ်ရှင်သန်လိုစိတ်ကိုလည်း ကိုယ်စားပြုကာ အင်အားအဆိုးပြဆိုနေသဖြင့် စိုးရိမ်ဖွယ် ကျန်းမာရေး/ပတ်ဝန်းကျင် ကြုံရမည်။

၎ တန့်သဘာဝအရ-
အေးငြိမ်းသော မေတ္တာရှင်သဘောသဘာဝရှိတတ်ကာ မိသားစုဝန်းကျင်အကျိုးပေးကောင်းသူ သနားကြင်နာတတ်သူ၊ မိသားစုအရှိန်အ၀ါကြီးသူဟု ကောက်ချက်ပြုနိုင်ပါသည်။
၅ တန့်သဘာဝအရ-
ပညာရေး မေတ္တာရေးတို့တွင် သာမန်အကျိုးပေးရှိသည်။ အခြားဂြိုဟ်များ၏ အဆိုးသဘောသက်ရောက်မှုအရ ၄င်းကဏ္ဍများ ညံ့ဆင်းသွားနိုင်သည်။
၆ တန့်သဘာဝအရ-
ပကတိအနှုတ်သဘောသက်ရောက်ကာ အကောင်းအဆိုးလည်း ရောမွှေလျှက်ရှိသည်။ ရန်များသော အပြိုင်အဆိုင်များသော ဘ၀လမ်းကို ပြဆိုကာ၊ မဖြစ်ဖြစ်အောင် ဇွတ်လုပ်ချင်သောဇွတ်လုပ်တတ်သော ဇာတာရှင်၏ စရိုက်ကိုလည်း ပြဆိုလေသည်။
၇ တန့်သဘာဝအရ-
အားမရှိသောကြောင့် ဆက်ဆံရေး အိမ်ထောင်ရေး စသည်တို့သည် ဇာတာရှင်အတွက် အရေးမပါပေ။ ထူးခြားသော အပြောင်းအလဲကို မပြဆိုပေ။
၈ တန့်သဘာဝအရ-
ပကတိအနှုတ်အားပြလျှက်ရှိကာ ပြင်ပအကောင်းသဘောများလည်းသက်ရောက်သည်။ အနှုတ်သဘောအရ ဆိုးဝါးသော အပြောင်းအလဲ ကြုံရမည်။ ၈ တန့်သည် သေဆုံးခြင်းကို ပြဆိုကာ အသက်ရှည်မှုနှင့်ဆိုင်သော စနေသည်အားနည်းခြင်း၊ ကိုယ်ခံစွမ်းအားကို ဖေါ်ပြသော ၃ တန့် အနှုတ်သဘောရောက်ခြင်း၊ ရာဟုဖျက်အားကြီးခြင်းကြောင့်၊ ယှဉ်ပြိုင်ဖက် ၆ တန့် အနှုတ်သဘောဆောင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ကြုံနိုင်သော အခြေအနေကိုပြဆိုသည်။ ပြင်ပအကောင်းသဘောသက်ရောက်မှုအရ နာမည်ကျော်ကြားသော အပြောင်းအလဲကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
၉ တန့်သဘာဝအရ-
မူလအားမဲ့ကာ အနှုတ်သဘောများကျရောက်နေသည်။ ဇာတာရှင်၏ ဂုဏ်သိက္ခာတင့်တယ်မှုများ အဆိုးသဘောဖြင့် ကျော်ဇောသွားမည်။
၁၀ တန့်သဘာဝအရ-
အရည်အချင်းကို ဖေါ်ထုတ်ပြနိုင်စွမ်းတို့လည်း အားသက်ရောက်မှုနည်းသည်။ အောင်မြင်သော အလုပ်တစ်ခု အရည်အချင်းတစ်ခုကို ကိုယ်ပိုင်အစွမ်းဖြင့် ဖေါ်ထုတ်မပြနိုင်ဖြစ်မည်။
၁၁ တန့်သဘာဝအရ-
ဆိုးရွားလွန်းသော အမုန်းများလက်ခံရတတ်သည်။ အသိမိတ်ဆွေများတွင် မိမိအား ဒုက္ခပေးလိုသူများ ကြုံရနိုင်သည်။
၁၂ တန့်သဘာဝအရ-
စိတ်သဘောထားအနေဖြင့် မူလသဘောအရ အေးချမ်းသူဖြစ်မည်။ သက်ရောက်လာသော ကောင်းဆိုးအားများအရ သောကများရသော ဘ၀အခြေကို ပြဆိုသည်။
အချုပ်အားဖြင့်ဆိုသော်
မိသားစုအရိပ်အမြုံအကျိုးပေးကောင်းသူ၊ ဦးဆောင်နိုင်စွမ်း ပညာစွမ်းကြီးသူ၊ လူမုန်းများသူ၊ အသက်အန္တရာယ်ရှိသူ၊ ဆိုးရွားသောအပြောင်းအလဲကို ကြုံရသူဟု ကောက်ချက်ချနိုင်ပါသည်။


အမှန် အားဖြင့် ဤဇာတာရှင် သည်- အိန္ဒိယ နိုင်ငံ၏ သတ္တမမြောက် ၀န်ကြီးချုပ် ဖြစ်သူ ရာဂျစ် ဂန္ဒီ ဖြစ်ပါသည်။ 

အိန္ဒိယ နိုင်ငံ၏ သတ္တမမြောက် ၀န်ကြီးချုပ် ဖြစ်သူ ရာဂျစ် ဂန္ဒီ အား ၁၉၄၄ ခုနှစ်၊ သြဂုတ် ၂၀-ရက်၊ နံနက် ၉း၅၀ တွင် မဟာရချတ္တရ ပြည်နယ်၊ ဘုံဘေ မြို့ (ယခု အခေါ် မွန်ဘိုင်း မြို့တွင်) မွေးဖွားခဲ့ပါသည်။

မိခင် ဖြစ်သူ အင်ဒီရာ ဂန္ဒီ အား ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၃၁-ရက်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရပြီးနောက်၊ သူ့အနေဖြင့် အိန္ဒိယ ၀န်ကြီးချုပ် ဖြစ်ခဲ့စဉ်က အသက် ၄၀-အရွယ်သာ ရှိသေးသဖြင့်- အိန္ဒိယ သမိုင်းတွင် အသက်အငယ်ဆုံး ၀န်ကြီးချုပ် ဖြစ်ပါ၏။ အဘိုးဖြစ်သူ ဂျဝါဟလာ နေရူးသည် အိန္ဒိယ နိုင်ငံလွတ်လပ်ရေး ခေါင်းဆောင် နှင့် လွတ်လပ်သော အိန္ဒိယ နိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်ခဲ့၏။ (သင်တန်းသားသည် ဇာတာရှင်၏ မိသားစု အရိပ်အမြုံအကျိုးပေးကောင်းသည်၊ မိသားစု အရှိန်အ၀ါကြီးသူ ဟု ထောက်ပြသွား၏။)

မိခင်နှင့် ဘခင်တို့ ချစ်သူဖြစ်ခဲ့စဉ်က - ကိုးကွယ်ရာ မတူညီသော ဖခင်ဖြစ်သူ၏ ဘာသာကြောင့် အဘိုးဖြစ်သူ နေရူးမှ ဦးစွာ ပထမ သဘောမတူခဲ့သော်လည်း- နောက်ပိုင်းတွင် မိခင် နှင့် ဖခင်တို့ ပေါင်းသင်း လက်ထပ်ဖြစ်ခဲ့ကြ၏။

ရာဂျစ် မွေးဖွားခဲ့စဉ် ကာလ ၁၉၄၄ သည် မိခင် ဖြစ်သူ အင်ဒီရာ နှင့် ဖခင်ဖြစ်သူတို့- အိန္ဒိယ နိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုများ အတွက် ထောင် နှင့် အိမ် တစ်လှည့်စီ အပြန်အလှန် နေထိုင်ခဲ့ကြရသော ကာလဖြစ်၏။ အိန္ဒိယသည် ၁၉၄၇ ကျမှ လွတ်လပ်ရေး ရရှိခဲ့သည်။

ဖခင် ဖြစ်သူသည် ၁၉၅၈ တွင် ကက်ရှ်မီးယားတွင် နားနေရက်သွားယင် နှလုံးရောဂါ ခံစားခဲ့ရ၏။ ၁၉၆၀ တွင် ဒုတိယ အကြိမ် တိုက်ခိုက်လိုက်သော နှလုံးရောဂါသည် ဖခင်၏ အသက်ပါ နှုတ်ချွေယူငင် သွားပါတော့သည်။

ရာဂျစ် သည် မိသားစုတွင် အကြီးဆုံးသား ဖြစ်ပြီး- အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျ တက္ကသိုလ်မှ ပညာ တတ်မြောက်လာသူဖြစ်၍ အီတလီနိုင်ငံသူ ဆွန်ညာ ဂန္ဒီ ဖြင့် လက်ထပ်ခဲ့၏။

အိန္ဒိယ လေကြောင်းလိုင်းတွင် လေယာဉ်မှူး တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့၏။ နိုင်ငံရေး သမိုင်း အစဉ်အလာ ကြီးမားသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း  ထိုစဉ်အခါက- နိုင်ငံရေးတွင် ၀င်ရောက် မပါတ်သက်ခဲ့ပေ။ 

ရာဂျစ်သည် လူအေး တစ်ယောက်သာ ဖြစ်ပြီး- လူရှေ့ သူရှေ.တွင် လုပ်ကိုင်ရသော နိုင်ငံရေး စင်မြင့်ကို ဝေးဝေးက ရှောင်ခဲ့သူ ဖြစ်သည်။ မိဘ၏ နိုင်ငံ ရေး အရှိန်အ၀ါကို အသုံးပြုလျှင်- အချိန်မရွေး ထိပ်ဆုံးရောက်မည် သိသော်လည်း- ကိုယ်တိုင်အားဖြင့် ထင်ရှားလိုစိတ် မရှိခဲ့ပေ။

ညီငယ် ဖြစ်သူ ဆန်ဂျေး ဂန္ဒီ အနေဖြင့် ၁၉၈၀ တွင် သေဆုံးခဲ့ရပြီးနောက် တွင် အိန္ဒိယ ကွန်ဂရက် ပါတီမှ မရမနေ ဖိအားပေးခဲ့သဖြင့်သာ- နိုင်ငံရေး လောကသို့ ၀င်ရောက်လာခဲ့ရသူ ဖြစ်သည်။ 

ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် နိုင်ခဲ့သဖြင့် အစိုးရတစ်ဖွဲ့လုံးကို ရာဂျစ် အနေဖြင့် ထိန်းချုပ်နိုင် ခဲ့သော်လည်း - ရာဂျစ်အား လာဘ်၊ လာဘ ကင်းရှင်းမှု တို့ကြောင့် “ကိုသန့်ရှင်း (Mr. Clean)” ဟုပင် အများက လေးစားယုံကြည် ထားခဲ့ကြရ၏။

ရာဂျစ် ဂန္ဒီ လုပ်ကြံ ခံရခြင်း။

၁၉၉၁-ခုနှစ် မေလ ၂၁ တွင် - တမီလ် နာဒူး ပြည်နယ်။ ယခု အခေါ် “ချန်နိုင်း (Chennai)” ၊ ယခင် အခေါ် မဒရတ်စ် မြို့မှ မိုင် ၃၀-ခန့် အကွာ ကျေးရွာ တစ်ရွာတွင် တမီလ်ကျား အဖွဲ့ ပြောက်ကျား သူပုန် ဖြစ်သော သမ္မောဇီ ရာဇ ရတနာမ် ဆိုသူ မိန်းကလေး (အချို့ကလည်း ဓနုဟု၍ လည်းကောင်း၊ ဂယာတရီ ဟူ၍လည်း ကောင်း သူမကို ခေါ်ကြ၏၊) ၏ အသေခံ ဗုံးခွဲမှုကြောင့် ၀န်ကြီးချုပ် ဖြစ်သူ ရာဂျစ် ဂန္ဒီ နှင့် တကွ- အခြားသူ ၁၄-ဦးတို့ပါ သေဆုံးခဲ့ကြရသည်။

ည ၁၀း၁၀ အချိန်တွင် လုပ်ကြံသူ အမျိုးသမီးသည် ၀န်ကြီးချုပ်လာ လာရောက်တွေ့ဆုံယင်း၊ ၀န်ကြီးချုပ်၏ ခြေကို သူမ၏ လက်ဖြင့် တို့ထိ အရိုအသေ ပေးဟန်ပြုယင်းမှ သူမကိုယ်တွင် ၀ှက်ကွယ်ယူလာသော ဗုံးကို ဖေါက်ခွဲ ခဲ့ခြင်း ဖြစ်သည်။

ဗုံးခွဲမှု ဖြစ်ရပ် အသေးစိတ်ကို ဒေသခံ ဓါတ်ပုံဆရာ တစ်ဦး၏ ကင်မရာတွင် ရိုက်ကူးနိုင်ခဲ့သော်လည်း- ကင်မရာပိုင်ရှင် ဓါတ်ပုံ ဆရာ အနေဖြင့် အသက်ရှင်ခွင့် မရ လိုက်ရရှာပါ။

သင်တန်းသားသည် အောက်ပါ အတိုင်း ဆိုခဲ့၏။ 

(အနှုတ်စွမ်းအားကြီးမားလွန်းသော ရာဟုကို ညွှန်း၏။ “ကောင်းသောအရာအားလုံး (ကြီးမားသော ရာဟုအစွမ်းဖြင့်) ရုတ်ခြည်းပျောက်ကွယ် သွားတတ်သည်။”
ဇာတာရှင်၏ ဘ၀တွင်- မထင်မှတ်ပဲ ညီဖြစ်သူ သေဆုံးခဲ့ခြင်းကြောင့်- စိတ်မပါသော နိုင်ငံရေး စင်မြင့်သို့ တက်ခဲ့ရ၏။ မထင်မှတ်ပဲ မိခင် သေဆုံးမှုကြောင့်- ရုတ်တစ်ရက် ၀န်ကြီးချုပ် ဖြစ်ခဲ့ရ၏။ မထင်မှတ်ပဲ အလစ်လုပ်ကြံ ဗုံးခွဲမှုကြောင့် အသက်သေဆုံးခဲ့ရ၏။
ဆက်လက်၍- သင်တန်းသားသည် “အင်္ဂါအနှုတ်သဘောသည် လက်နက် စက်ပစ္စည်းတို့ကြောင့် ထိခိုက်ဒဏ်ရာရနိုင်သည်” ဟု ထောက်ပြခဲ့နိုင်၏။
“အနှုတ်သဘောအရ ဆိုးဝါးသော အပြောင်းအလဲ ကြုံရမည်။ ၈ တန့်သည် သေဆုံးခြင်းကို ပြဆိုကာ အသက်ရှည်မှုနှင့်ဆိုင်သော စနေသည်အားနည်းခြင်း၊ ကိုယ်ခံစွမ်းအားကို ဖေါ်ပြသော ၃ တန့် အနှုတ်သဘောရောက်ခြင်း၊ ရာဟုဖျက်အားကြီးခြင်းကြောင့်၊ ယှဉ်ပြိုင်ဖက် ၆ တန့် အနှုတ်သဘောဆောင်ခြင်း စသည်တို့ကြောင့် အသက်အန္တရာယ်ကြုံနိုင်သော အခြေအနေကိုပြဆိုသည်။ ပြင်ပအကောင်းသဘောသက်ရောက်မှုအရ နာမည်ကျော်ကြားသော အပြောင်းအလဲကိုလည်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။”)


အထက်ပါ ဇာတာကို သင်တန်းသား၏ ဆန်းစစ်ကို လေ့လာပြီးနောက်.. နက္ခတ္တပညာသည်- လူကဲခတ် ရမ်းဖြီးသော ပညာမျိုးလား၊ အကျိုးအကြောင်း ဆန်းစစ် အဖြေထုတ်ရသော အဖြေမျိုး ဖြစ်သလား ဆိုသည်ကို စာရှုသူတို့ နားလည် လိမ့်မည် ဟု ယူဆပါသည်။

မည်မျှ ရာခိုင်နှုန်း အထိ မှန်ကန် တိကျနေပါသနည်း။

စာမေးပွဲမေးခွန်းကို သင်တန်းသား အချို့ ဖြေဆိုကြရာတွင်- အခြေခံ နုနယ်သူတို့ အနေဖြင့် - သုံးသပ် ကောက်ချက်ဆွဲမှု များတွင် ကွာဟ သွားတတ်သောကြောင့် - အချို့မှာ မေးခွန်း၏ ဆိုလိုချက် တို့နှင့် ကင်းကွာ သွားခြင်းကြောင့် ထိုသူတို့၏ အဖြေကို တင်ပြခြင်း မတတ်နိုင်ပါ။

စာရှုသူတို့ အနေဖြင့်- ထိုသင်တန်းသား မည်သူ ဖြစ်သည် ဟု ထင်ပါသနည်း။

ထိုသင်တန်းသားသည်-
- အွန်လိုင်း ဗေဒင် ပရိဿတ်ကြီးနှင့် ရင်းနှီးပြီးသား လည်း ဖြစ်၊
- နက္ခတ်ပညာကို ကိုယ်ရော စိတ်ပါ ကြိုးပမ်းဆောင်ရွက်နေသူလည်း ဖြစ်၊
- မိုးတား ဇာတာဖွဲ့ ပရိုဂရမ်ကို တည်ဆောက်နေသူလည်း ဖြစ်သော…

ကိုပခန်း (http://astro.technohalo.com/) ပင် ဖြစ်ပါတော့သည်။


ဤဆောင်းပါးဖြင့်- ထူးချွန်သူ သင်တန်းသား ကိုပခန်းအား ဂုဏ်ပြု မှတ်တမ်းအပ်ပါသည်။


နောက်ဆက် တွဲ အနေဖြင့်- 

MOTAA မိုးတား နက္ခတ္တ စနစ်ဖြင့် ရေးဆွဲထားသော - ၀န်ကြီးချုပ် ရာဂျစ် ဂန္ဓီ၏ ဂရပ်ကို အောက်တွင် ဖေါ်ပြထားပါသည်။
အောက်ပါ ပထမ ဂရပ်ဖ်သည် မူလ ဘွားဇာတာရှိ ဂြိုဟ်များ၏ အင်အား အနေအထားနှင့်- လုပ်ကြံခံရသော ကာလတွင် ကောဇာ ဂြိုဟ်များမှ မူလ ဇာတာရှိ ဘွားဂြိုဟ်များကို လွှမ်းမိုးထားပုံ ဖြစ်သည်။



အောက်ပါ ဒုတိယ ဂရပ်ဖ်သည် မူလ ဘွားဇာတာရှိ အတန့် ဘာဝ များ၏ အင်အား အနေအထားနှင့်- လုပ်ကြံခံရသော ကာလတွင် ကောဇာ ဂြိုဟ်များမှ မူလ ဇာတာရှိ အတန့် ဘာဝ များကို လွှမ်းမိုးထားပုံ ဖြစ်သည်။


 အားလုံး ချမ်းမြေ့ကြပါစေ။

နျူမာန် (မိုးတား) Numan MOTAA

[+/-] show/hide this post

Wednesday, January 5, 2011

အတတ် နှင့် ပညာ

ဤဆောင်းပါးသည် အတတ်ပညာ သင်ကြားလေ့လာ နေကြသော လူငယ်၊ လူရွယ်၊ ပညာရှင်၊ ပညာသင် တို့ အကျိုး အတွက် ရည်ရွယ် ပါသည်။

လောက ၌ အတတ်မျိုးစုံတို့ ရှိကြပါသည်။ ကောင်းသော အတတ်ပညာများ ရှိသလို၊ မကောင်း သော အတတ်ပညာ များလည်း ရှိနေကြ၏။

ဤနေရာတွင် အတတ်၊ နှင့် ပညာကို ခွဲခြား နားလည်ရန် သာဓက တို့ဖြင့် ပြဆောင် ရှင်းလင်း ပေးပါမည်။

ဇာတ်တော် တစ်ခုတွင် မြေခွေး တစ်ကောင် သည် အခြားသော တိရစ္ဆာန်များကို ခိုင်းစေ ထိမ်းကျောင်း နိုင်သော ပထ၀ီ ဇယ မန္တန်ကို အကြောင်း ကြုံကြိုက်၍ တတ်မြောက်သွား၏။ ထို့နောက် ထိုမြေခွေးသည် သူ၏ တစ်သက်တွင်ပင် မော်၍ ပင် မကြည့်ရဲသော ခြင်္သေမင်း တို့ကိုပင် အမိန့်ပေး စေခိုင်း နိုင်ခြင်းဖြင့် - အတိုင်းအဆ မဲ့သော တန်ခိုး စွမ်းအားကို ရပြီဟု ယုံကြည်ကာ ဗာရာဏသီပြည်ကို စစ်ပြုရန်ပင် ကြိုးစားခဲ့၏။

ထိုအတတ်၏ စွမ်းအားကြောင့် အတိုင်းအတာ တစ်ခုအထိ တန်ခိုး အာဏာ ကြီးထွား ခဲ့သော်လည်း၊ ကျိုးကြောင်း ဆက်စပ် တွေးခေါ် နိုင်သော ပညာ ကင်းမဲ့မှုကြောင့် ထိုမြေခွေးသည် သေဆုံး ပျက်စီးခဲ့ရ၏။

ထိုနည်းတူ- သေသော သတ္တ၀ါတို့ကို ပြန်လည် အသက်ဝင်စေသော မန္တန်ကို တတ်ရာမှ ကျားသေ ကို အသက်သွင်းမိသဖြင့် မိမိအား ပြန်လည် သတ်ဖြတ်ခြင်း ခံရသော ပုဏ္ဏား လုလင် ငယ် အကြောင်း၊ ရတနာ ရွှေမိုး ငွေမိုး ရွာစေသော မဟာ ဝေဒဗ္ဗ မန္တန်ကို တတ်သော်လည်း၊ အခြေအနေ အချိန်အခါကို နားလည်နိုင်သော ပညာဥာဏ် ကင်းမဲ့သော ကြောင့်- ဓါးပြ တို့လက်တွင် အသက်ဆုံးခဲ့ရသော လုလင် အကြောင်း တို့ကိုလည်း ဗုဒ္ဓဘာသာဝင် မြန်မာ လူငယ်တို့ ကြားဖူးကြမည် ထင်ပါသည်။

အတတ်သည် - သာမာန် အတတ်ကို တတ်မြောက်ခြင်းဖြင့် အနိမ့်ဆုံး အဆင့် စားဝတ် နေရေးကို ပေး၏။ ထူးခြား ထက်မြက်သော အတတ်ကို တတ်မြောက်ခြင်းဖြင့် တန်ခိုး အာဏာ ကြီးထွား စေမှုကို ပေး၏။ လွန်စွာ ထူးခြားသော အတတ်ကို တတ်မြောက်ခြင်းဖြင့် - လွန်စွာ ထူးခြားသော ဘုန်းတန်ခိုး စွမ်းရည် သတ္တိတို့ကို ပေး၏။

လူ့လောကတွင် နေ့စဉ်နှင့် အမျှ အတတ်မျိုးစုံတို့ကို မြင်တွေ့ရ၏။ ထမင်း၊ ဟင်း ချက်ခြင်း၊ မုန့်လုပ်ခြင်း၊ ဘာသာစကား ပြောဆိုခြင်း တို့ မှ စ၍၊ ကွန်ပျူတာ အသုံးပြုခြင်း၊ ကွန်ပျူတာ ပြင်ဆင်ခြင်း စသည်တို့ အထိ အဆင့်မြင့်မားသော အတတ်ပညာ များစွာတို့မှာ နေ့စဉ် ကြုံတွေ့ နေရသော အတတ်များ ဖြစ်ပါ၏။

သို့သော် အတတ်သည် ပညာ မဟုတ်ပါ။ သို့ဖြစ်သော်လည်း- အတတ်သည် ပညာနှင့် သီးခြား လည်း ဖြစ်မနေပါ။ အတတ်၏ နောက်ကွယ်တွင် - အကျိုးအကြောင်းတို့ကို ဆက်စပ်သော၊ ဆင်ခြင် နိုင်စွမ်းသော ပညာတို့ရှိ၏။

အတတ် တို့သည် ပညာမှ စီးဆင်း လာကြသလို- အတတ်တို့ကို ကျိုးကြောင်း ဆက်စပ်ခြင်း၊ ပြန်လည် စိစစ်တွေးခေါ်ခြင်း၊ တို့မှလည်း ပညာကို ပြန်လည် ရရှိနိုင်၏။

ဥပမာ- မော်တော်ကားကို သီအိုရီ ဖြင့် တွက်ချက် ဒီဇိုင်းဆွဲသော ပညာရှင် တစ်ဦးသည် ကားပြင် တတ်ချင်မှ တတ်ပါမည်။ ထိုနည်းတူ ကားပြင်တတ်သူ မက္ကင်းနစ် တစ်ယောက်သည် လည်း မိမိပြင်သော ကား၏ နောက်ကွယ်မှ အကျိုးအကြောင်း ဆက်စပ်မှု (Chemical Energy မှ Mechanical Energy ပြောင်းလဲလာပုံ) တို့ကို နားလည် နိုင်ချင်မှ နားလည် ပါမည်။
သို့သော်- ၀ါရင့်လာသော၊ တနည်းအားဖြင့် မိမိကြုံတွေ့လာရသော အတွေ့အကြုံ တို့ကို ပေါင်းစု စိစစ်၍၊ ကျိုးကြောင်း ဆက်စပ် ဆင်ခြင်တတ်သော မက္ကင်းနစ် တစ်ယောက်သည်- ကားတစ်စီး ၏ အတွင်းသဘော ပညာကို ထိုးထွင်းနားလည် လာနိုင်ပါ၏။

ဆိုလိုသည်မှာ- အတတ်သည် - လေ့ကျင့် သင်ကြားမှု သဘောဖြစ်၏။ တစ်စုံ တစ်ယောက်က တစ်စုံ တစ်ယောက်ကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်၏။

ပညာသည် အကျိုးအကြောင်း ဓမ္မသဘောတရား ဖြစ်၏။ ပညာတွင် ဆိုးသည်၊ ကောင်းသည် ဟူ၍ မရှိ၊ ဆက်စပ် ဖြစ်ပေါ်လာသော သဘောတရားသာ ရှိ၏။ ပညာသည် အလွယ်တကူ လက်ဆင့်ကမ်း၍ မရပဲ- မိမိကိုယ်တိုင် ကြောင်းကျိုး ဆင်ခြင်မှု၊ လေ့လာစူးစမ်းမှု၊ ခြုံငုံ သုံးသပ်မှု တို့မှ လာသည် ဖြစ်သောကြောင့်- ပရိနိဗ္ဗာန သုတ်တော်တွင် မြတ်စွာဘုရား ဟောတော်မူသည့် အတိုင်း “အတ္တာဟိ အတ္တာနော နာထော” မိမိကိုယ်သာ အဓိက အားထားရာ ဖြစ်၏။

အတတ်ကို ကျွမ်းကျင်သော အခါ- “အထုံ” ဖြစ်၏။ ပညာကို စွဲနစ်သော အခါ- “ပါရမီ” ဖြစ်၏။
သိုင်းသမား တစ်ယောက်သည် စဉ်းစား စရာ မလိုပဲ- ရန်သူမှ ချောင်းရိုက်လိုက်သော ဒုတ်ကို ပုတ်ထုတ်၊ ရှောင်ထွက် နိုင်ခြင်းသည် အတတ်ကို ကြိမ်ဖန် များစွာ ကျင့်ကြံထားသော “အထုံ” သဘော ဖြစ်၏။ “အထုံ” ဆိုသည်မှာ မွမ်းမံ လိမ်းကျံထားသည် ဆိုသော အနက်ရှိ၏။

သို့သော်- ထိုအတတ်မှ တစ်ဆင့်တက်၍ ပညာရှင် ဖြစ်သွားကြသူတို့သည် - ထိုအတတ်၏ နောက်ကွယ်မှ ပညာကို ရရှိသွား၏။ ဤသည်ကို သိမြင်ခြင်း “၀ိဇ္ဇာ” ဖြစ်သည်ဟု ဆိုနိုင်၏။ “၀ိဇ္ဇာ” ဆိုသည်မှာ မြေလျှိုး၊ မိုးပျံနေခြင်းကို ဆိုလိုခြင်း မဟုတ်၊ ထိုသို့ ထိုးထွင်း ပေါက်မြောက်စွာ သိသွားသူတို့ကို အနောက်တိုင်း ပညာရှင်တို့ကို “Enlignten ones” ဟု ခေါ်၏။ အလင်းရောင် ရသွားသူများဟု ဆိုလိုခြင်း ဖြစ်သည်။

လူ-လူချင်း ထိုးနှက် ရိုက်ပုတ်သော ကိုယ်ခံ ပညာကိုပင် လေ့ကျင့် သင်ကြား ခဲ့ကြသူများ ဖြစ်ခဲ့ကြသော ကရာတေး ၏ ဖခင် ဖြစ်သူ ဆရာကြီး ဂစ်ရှင် ဖူနာကိုချိ မှာ ပြောခဲ့သည်မှာ- “ကရာတေး” ဆိုသည်မှာ “ဗလာ လက်” ဖြစ်၍၊ “ဗလာ စိတ်” ထားနိုင်ရန်၊ “လောဘ၊ ဒေါသ၊ မောဟ” တို့မှ ကင်းဝေးရန် အတွက် ဖြစ်သည်ဟု ဆိုခဲ့၏။

ထိုနည်းတူ- တစ်ဦးနှင့် တစ်ဦး ချုပ်နှောင် ကိုင်ပေါက်သော အိုက်ကီဒို ပညာကို တီထွင်ခဲ့သူ ဒေါက်တာ မိုးရေးဟိ မှ - “မုန်းတီးမှု များသူသည် ဤပညာကို မတတ်မြောက်နိုင်” ဟု ဆိုခဲ့၏။ ရန်သူ အများနှင့် တစ်ယောက် သတ်ပုတ်ရာတွင်- ဒေါသဖြစ်လျှင်၊ ကြောက်လန့်လျှင်၊ မိမိကိုယ်မိမိ အထင်ကြီးလျှင်၊ အစွဲအလန်း ထားမိလျှင်- သေနိုင်သော အမှားဖြစ်၏။ ၀င်လာသော ဒါး၊ ဒုတ်၊ ခြေကန်ချက်၊ ထိုးနှက်ချက်တို့ အပေါ်တွင် - တစ်ခု ရောက်လာလျှင်- ရောက်လာသော အချိန်အခိုက် အတန့်လေးတွင်သာ- လိုအပ်သော တုန့်ပြန်မှုကို ပေးလိုက်ပြီး၊ ထိုကိစ္စ အပေါ်တွင် စိတ်ထဲမှ လုံးဝ ပယ်ဖျောက်၍၊ နောက်တစ်ခု လာလျှင် လာသလို တုန့်ပြန်ရန် ထားရမည့် သဘောထားကို- ရှင်နာဂသိန်မှ မိလိန္ဒ မင်းကြီးအား ဖြေကြား ခဲ့သော စကားဖြစ်သည့်- “အရှင်မင်းကြီး- မှန်ရှေ.ကို ရပ်လျှင်၊ မှန်ထဲက အရိပ်ဟာ ချက်ချင်းပေါ်သလား၊ နောက်မှ ပေါ်သလား၊ မှန်ရှေ့က ထွက်လိုက် လျှင်ကော၊ မှန်ထဲက အရိပ်ဟာ၊ ချက်ချင်းပျောက်သွားသလား၊ နောက်ကျမှ ပျောက်သွား သလား” ဟူသော ဥပမာ အတိုင်းပင်- ကိုယ်ခံပညာရှင် ဆရာကြီးများက- ညွှန်ပြခဲ့၏။

ဤသည်မှာ- လူ-လူချင်း သတ်ပုတ်သော အတတ် ပင် ဖြစ်လင့်ကစား၊ နောက်ကွယ်မှ ပညာကို မြင်သွား သူတို့သည် ဗြဟ္မစိုရ် တစ်ရား တစ်ပါး ဖြစ်သော “ဥပက္ခာ” စိတ် (ချစ်ခြင်း၊ မုန်းခြင်း၊ တွယ်တာခြင်း၊ ကြောင့်ကြခြင်း တို့မှ ကင်းဝေးခြင်း) ထားသွား နိုင်ပုံကို ဆိုလိုရင်း ဖြစ်၏။

ကောင်းကင်တွင် လူသားတို့ ပျံသန်းနိုင်ရန် အတွက် ဘ၀ တစ်ခုလုံးကို နှစ်မြုပ်ပြီး၊ လေယာဉ် တီထွင် ဒီဇိုင်းဆွဲမှုကို ပြုလုပ်ခဲ့သော၊ “ရိုက်ညီနောင်” တို့ထက်ပင် ပိုစောသည်ဟု ဆိုနိုင်သော ဘရာဇီး လူမျိုး “အယ်လ်ဘာတို ဆန်တို ဒူးပွန့်” သည် မိမိ၏ တီထွင်မှုကို လူသားတို့ အချင်းချင်း သတ်ဖြတ်ရန် အတွက် စစ်ရေး ကိစ္စများတွင် အသုံးပြုလာကြခြင်းကို စိတ်ဆင်းရဲစွာဖြင့် မိမိကို မိမိ အဆုံး စီရင်သွားခဲ့၏။

ကောင်းမည် ထင်၍ ထူးခြားသော အတတ်ပညာကို ဖေါ်ထုတ်ခဲ့သော်လည်း - မကောင်းသော နေရာတို့တွင် သုံးခြင်းသည် မူလ ပညာရပ်၏ ရန်သူပင် ဖြစ်ပါသည်။

အနုမြူ အတွက် အရေးအကြီးဆုံး E=mc² ဖေါ်မြူလာကို ဖေါ်ထုတ်ခဲ့သူ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းသည် - စွမ်းအင်၊ ဒြဗ်နှင့် အလင်း၏ အလျင်တို့ ဆက်စပ်မှု သဘောတရား ပညာကို ဖေါ်ထုတ်ခဲ့သူ ဖြစ်၏။ ထိုပညာတွင် ကောင်းခြင်း၊ ဆိုးခြင်း မရှိပါချေ။ ကြောင်းကျိုး ဆက်စပ်မှု၊ သဘာဝ ဓမ္မ တစ်ခုသာ ဖြစ်၏။
သို့သော် ၄င်းကို သုံး၍- လူ့လောက အတွက် လိုအပ်သော စွမ်းအင် ထုတ်နှုတ် သုံးစွဲနိုင် ခြင်းသည် အတတ်ဖြစ်၏။ ထိုနည်းတူ လူပေါင်း များစွာကို သေကြေ ပျက်စီးစေနိုင်သော အနုမြူ၊ နျူကလီယာ စစ်လက်နက် ထုတ်လုပ်ခြင်းသည် လည်း အတတ် ဖြစ်၏။
ကောင်းသော အတတ်နှင့် မကောင်းသော အတတ်သည်သာ ခြားနား၏။
တနည်းအားဖြင့် အတတ်သည် Application ခေါ် လက်တွေ့ အသုံးတည့်ခြင်းကို ဦးတည်၏။ ပညာသည်- Enlightenment ခေါ် ထွက်မြောက်ရာ အလင်းရောင် လမ်းကြောင်းကို ဦးတည်၏။

ပြန်လည် စိစစ်လေ့လာခြင်း။


လူတို့သည် မိမိကိုယ်တိုင် ကိုယ့်သမိုင်း ကိုယ်ရေးနေကြ၏။ ရာဇ၀တ် မှုခင်း ကျွမ်းကျင် သူများ၏ အဆိုအရ- ရာဇ၀တ်ကောင် အများစုသည် Repeated Offender ခေါ် ထပ်ပြန် တစ်လဲလဲ ကျူးလွန်ကြသူများ ဖြစ်ကြောင်း သိရပါ၏။ ဤသည်ကို ထိုသူ၏ Psychological Profile ဟု ခေါ်၏။ ထိုကြောင့်လည်း- တရားခံ မဖေါ်နိုင်သော မှုခင်းတို့ ပေါ်ပေါက် လာပါက- ကျူးလွန်ရာ နေရာတွင် တွေ့ရှိရသော အခြေအနေ များအရ- ဖြစ်နိုင်သော ရာဇ၀တ်ကောင် တို့ကို မှုခင်း မှတ်တမ်းမှ ပြန်ကြည့်၍ မသင်္ကာဘွယ်များ စာရင်းတွင် ဦးစွာထည့်သွင်း လိုက်ရ၏။ နိုင်ငံတကာ စစ်တက္ကသိုလ် ၀င်ခွင့်များတွင် အမေး အဖြေ အင်တာဗျူးများသည် ထိုသူ၏ Psychological Profile ကို စစ်ဆေးခြင်း ဖြစ်၏။ အမှား အမှန်ဟု၍၊ မရှိပဲ၊ ထိုသူ၏ အဖြေများမှ- ထိုသူသည် မည်သို့သော သူဖြစ်သည်ကို မှတ်တမ်းတင် လိုက်ခြင်း ဖြစ်၏။

အတိတ်မှ မိမိတို့၏ ဘိုးဘွားတို့သည် လည်း သူတို့ သမိုင်း သူတို့ ရေးသွားခဲ့ကြ၏။ သူတို့၏ ဘ၀ အဖြစ်အပျက် တို့ကို လေ့လာ၍၊ အမှား အမှန်တို့မှ စိစစ် ဝေဘန် ပိုင်းခြား သင်ခန်းစာ ယူသော်- ထိုအမှားမျိုးကို မိမိတို့ ထပ်ပြန်ပြုမိ နိုင်ချေ နည်းသွားနိုင်၏။

“သမိုင်းသင်တာ မအ- အောင်လို့” ဟု ဆရာကြီး ဒေါက်တာ သန်းထွန်းသည် တိုတို နှင့် လိုရင်း အင်မတန် လေးနက်သော အဓိပ္ပါယ်ရှိသည့် စကားကို ပြောခဲ့၏။ တွေးကြည့်လေ၊ တန်ဘိုး ရှိလေ ဖြစ်၏။

ဗီယက်နမ် တော်လှန်ရေး မျိုးချစ် ပုဂ္ဂိုလ်ကြီး၏ ညာလက်ရုံး လက်ထောက်၊ စစ်သေနာ ပတိ ဖြစ်သူ- ဗို ငုယင် ကိယပ် (Vo Nguyen Giap) သည် ဟနွိုင် တက္ကသိုလ်တွင် သမိုင်း ဆရာဟောင်း ဖြစ်၏။ သူသည် ဟိုချီမင်း နှင့် လက်တွဲ၍- ဒုတိယ ကမ္ဘာစစ်တွင် ဂျပန်တို့ကို တော်လှန်ခဲ့၏။ ပြင်သစ် တို့ကို အောင်မြင်အောင် ခုခံ နိုင်ခဲ့ ရုံသာမက၊ (ပြောက်ကျား စနစ်ကို- တိုက်ပွဲကြီး အသွင်ပြောင်းလျှင် သေချာပေါက် အနိုင်ရမည်ဟု ယူဆခဲ့သည့် ပြင်သစ်တို့သည် ကမ္ဘာကျော် ဒင်ဗင်ဖူး တိုက်ပွဲကြီတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရ၏။ စကားချပ်) အမေရိကန် သမိုင်းတွင် - အမေရိကန် အနေဖြင့် အရှုံးပေးခဲ့သော အမေရိကန်- ဗီယက်နမ် စစ်ပွဲကိုလည်း အောင်မြင် အောင် တိုက်နိုင်ခဲ့သူ ဖြစ်၏။ သူသည် တစ်ကြိမ် တစ်ခါမျှ စစ်တက္ကသိုလ် မတက်ဘူးခဲ့၊ စစ်ပညာ လေ့ကျင့်သင်ကြားမှု မရှိခဲ့သူ တစ်ယောက် ဖြစ်၏။ အံ့သြခြင်းများစွာ တို့ဖြင့် အမေရိကန် စစ်ပညာရှင်တို့က ၄င်းအား မေးသော အခါ- “ဒါတွေ အားလုံး သမိုင်းမှာ ပါ-ပါတယ်” ဟုသာ ပြုံးလျှက် ပြောခဲ့၏။

ထို့ကြောင့်- သမိုင်း ဆိုသည်မှာ ကျက်ရမည့် စာများ မဟုတ်ပါ။ ရှေးလူတို့က ဘ၀နှင့် ရင်း၍ သင်ပေးသွားသော သင်ခန်းစာများမှ ရှောင်ရန်၊ ဆောင်ရန် လေ့လာရမည့် ဖြစ်ရပ်များသာ ဖြစ်သည် ဟု ဆိုချင်ပါသည်။

ဝေဒ ဟူသည်-
“ဝေဒ” သည် “ဗေဒ” အင်္ဂလိပ် လိုအားဖြင့် “Veda” ဖြစ်၍၊ “Knowledge ” ဟု အဓိပ္ပါယ် ရ၏။ ပညာ ကို ဆိုလို၏။ ထို့ကြောင့်လည်း-

  • ရူပဗေဒ
  • ဓါတုဗေဒ
  • ဘောဂ ဗေဒ
  • မနုဿ ဗေဒ
  • ရုက္ခဗေဒ
  • ဘာသာ ဗေဒ

စသည်ဖြင့် ပညာရပ် များတွင် “ဗေဒ” ကို ထည့်သွင်း အမည်ပေးထားရခြင်း ဖြစ်၏။

သို့သော် ထို “ဗေဒ” ကို မြန်မာများ နားလည်ထားသည့် “ဗေဒင်” ဆိုသည်မှာ “လက်ရှိ ဘာဖြစ်နေလဲ၊ ဘာတွေ ဖြစ်မှာလဲ” ကို မေးမြန်းစုံစမ်း၊ ဟောကြားသည့် Fortune Telling ဖြစ်နေ၏။

အမှန်က Fortune Telling များ- များစွာ ရှိ၏။ လ္ဘက်ရိုး၊ ကြက်ရိုး ကြည့်ခြင်း၊ စ၍ ဖျာလိပ်နတ် မအောင်ဖြူ မေးခြင်းအထိ၊ နိုင်ငံ အလိုက်၊လူမျိုးအလိုက်၊ မူကွဲ ပုံစံကွဲ များစွာ ရှိ၏။

ထိုနည်း စနစ် အတတ်ပညာများတွင် အချို့သည် အလွန် အံ့စရာ ကောင်းအောင် မှန်၏။ သို့သော် အကျိုးအကြောင်း ဆက်စပ်တွေးခေါ် နိုင်မှု မပါသော ရှေ့ဖြစ်ဟောနည်း တို့ကို “ဗေဒ” ဟု ခေါ်၍ မရပါ။ ထို့ကြောင့်လည်း အနောက်တိုင်းတွင် Fortune Teller နှင့် Astrologer တို့ကို သီးသန့် စကားလုံးများဖြင့် ကွဲပြားစွာသုံးနှုန်း၏။

မှန်တိုင်း ဆရာတင် ရမည် ဆိုသော် ပြီးခဲ့သော ကမ္ဘာ ဖလားပွဲတွင် တစ်ခါမှ မမှားသော ဟောကိန်းများ ထုတ်ပေးခဲ့သည့် ရေဘ၀ဲလေး “ပေါလ်” ကို ဆရာတင် ရမည် ဖြစ်၏။ ဤသို့ ဆို၍ ထိုနည်းများကို ဝေဘန်ခြင်း မဟုတ်ပါ။ ထိုနည်းများကို အထင်မသေးပါ။

မိမိကျွမ်းကျင်သော ပညာဖြင့် - လူသားတို့ အခက်အခဲကို ကူညီဆောင်ရွက်ပေးနေကြသော ရှေ.ဖြစ်ဟော ဆရာ အားလုံးကို - ကိုယ်စိတ် နှလုံး သုံးပါး စလုံးဖြင့် လေးစား ပါ၏။ ယခု ပြောလို သည်က အကျိုးအကြောင်း ဆက်စပ်မှုကို ညွန်ပြသော “ပညာ” ကို ဆိုလိုခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ ငယ်စဉ်က- “စာကလေး ဗေဒင်” ခေါ်ကြည့်ဘူး၏။ အိမ်သား ၅-ယောက်ကြည့်၏။ ထိုစဉ်က တစ်မတ်ခန့်သာ ပေးရပါသည်။ စာကလေးသည် - သူ့သခင် ထုတ်ပြ ထားသော နေ့သား အလိုက် ဟောစာတမ်းများကို- ကျွန်တော်တို့ အိမ်သား အားလုံး အတွက် တစ်ယောက်မှ မမှားစေပဲ- သက်ဆိုင်ရာ နေ့အလိုက် မှန်ကန်စွာ ဆွဲထုတ်ပြနိုင်၏။ ဟောစာတမ်း မှာမူ နဂိုက ကြိုတင် ရေးထားသော ယေဘူယျ ဟောစာတမ်း သာ ဖြစ်၍- ဘာမျှ စိတ်ဝင်စားဘွယ် မရှိ။ စိတ်ဝင်စားဘွယ်က စာကလေး ဖြစ်၏။ လူတစ်ယောက် ကိုယ့်ရှေ့ လာထိုင်လိုက်သည် နှင့် မည်သည့် နေ့သား ကို သိနေသော ဗေဒင် ဆရာ သည် လူသာ ဆိုလျှင်- အင်မတန် နာမည် ကြီးမည် ဖြစ်၏။

နာမ်လောက၊ ပရ လောက ကို အသုံးပြု၍ လက်ရှိ အနေအထားကို တိကျစွာ ဟောနိုင်သူ၊ လေထဲမှ ဘုရား ဆင်းတုလေး ရောက်လာနိုင်သူ ဆရာတို့ အကြောင်းကို ဆရာ ဦးဆန်းလွင် (အသျှင် အာဒိစ္စ ရံသီ) မှ “ရတနာ သုံးပါး ကိုးကွယ် ယုံကြည်လာသူ တစ်ယောက် အကြောင်း” တွင် ရေးသား ဖေါ်ပြခဲ့၏။

ဤနေရာတွင်- “ဗေဒင် ပညာ” ကိုလေ့လာသူ မိတ်ဆွေများ၊ ညီအကိုများ အနေဖြင့်- မှန်ဘို့ ကိုသာ ဦးစားပေးမည်၊ တနည်းအားဖြင့် ရှေ့ပြေး ဟောပြောခြင်း အတတ်များကိုသာ စိတ်ဝင်စားမည် ဆိုလျှင် ရေဘ၀ဲလေး နည်း၊ စာကလေး ဗေဒင်နည်း၊ စသော နည်းများကို ကျင့်ကြံ လေ့လာနိုင်ပါ၏။

ကျိုးကြောင်း ဆက်စပ်သော၊ ပညာကို ရှာဖွေမည် ဆိုလျှင်တော့- ခက်ခဲသော လမ်းကို လျှောက်ရ ပါလိမ့်မည်။ နည်းစနစ် များကို လေ့လာခြင်း၊ တွက်ချက်ခြင်း၊ ပြီးခဲ့သော ဖြစ်ရပ်များမှ ပြန်လည် စိစစ် သုတေသန ပြုခြင်းတို့ကို ပင်ပန်းစွာ၊ အချိန်ကုန်ခံ၍ လေ့လာ ရမည် ဖြစ်ပါ၏။

မည်သည့် နည်း (မည်သည့် အတတ်) ကို သုံးသည် ဖြစ်စေ- မိမိ အနေဖြင့် ရရှိသော လာသော အခြေအနေကို ကျေနပ် နိုင်ဘို့သာ လိုရင်း ဖြစ်ပါတော့သည်။

အစွမ်းပြနိုင်သော “အတတ်” သက်သက်ကို ဦးစားပေးခြင်းဖြင့်- ယှဉ်ပြိုင်မှု၊ အစွမ်းပြနိုင် မှုများ ရလာပါမည်။ တစ်ခု သတိချပ်ရန်မှာ ယှဉ်ပြိုင်မှုတို့ နှင့် အစွမ်းတို့သည်- အောင်မြင်ခြင်း၊ ရှုံးနိမ့် ခြင်း စသော လောကဓံ တရားတို့နှင့် ကြုံတွေ့ ဆုံဆည်းရခြင်း၊ အောင်မြင်ပါက မာန် မာန တို့ ထောင်လွှား မိတတ်ခြင်း၊ ရှုံးနိမ့်ပါက ဒေါမနဿ တို့ ပေါ်ပေါက်ရတတ်ခြင်း တို့ကိုပါ နောက်ဆက် တွဲ ဖြစ်လာတတ်ပါ၏။

အကျိုးအကြောင်း ဆက်စပ် တွေးခေါ်ခြင်း ပညာကို ဦးတည်သော အတတ် ပညာ သည် လောကီ ပညာ အားဖြင့်လည်း- မိမိနှင့် ပါတ်ဝန်းကျင်တို့၏ ကောင်းကျိုးကိုသာ စောင့်ရှောက် တတ်ခြင်း၊ ထိုမှ ဆက်၍ သစ္စာလေးပါး တရား တို့၏ အကြောင်းအကျိုးကို ဆက်စပ်သော ၀ိပဿနာ ပညာ သည် သံသရာမှ လွတ်ကြောင်း အထိ ထောက်ပံ့ပေး နိုင်ကြောင်းကို သတိထား သင့်သဖြင့်- မည်သည့် အတတ်ပညာကို မဆို လေ့လာ နေကြသော- မိတ်ဆွေ များ၊ ညီငယ်၊ ညီမငယ် များကို နှစ်သစ် လက်ဆောင် အဖြစ် မျှဝေ ဖေါ်ပြခြင်း ဖြစ်ပါသည်။

အားလုံး ချမ်းမြေ့ကြပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post