Monday, December 26, 2011

မွေးနှစ် အလိုက် ဟောဆိုသော နက္ခတ်ပညာ

ဇာတာ နက္ခတ် ဆိုလျှင်- နာရီ၊ မိနစ်၊ (ဖြစ်နိုင်လျှင် စက္ကန့်) ပိုင်း နှင့် မွေးဖွားရာ နေရာ ဒေသ အတိအကျ သိမှသာ- အချက် အလက်အားဖြင့် မှန်ကန် သော ဇာတာ တစ်စောင်ကို တွက်ချက် နိုင်ပေရာ- အချို့ မိတ်ဆွေ များက တရုပ် နည်း တွေလို နှစ်သိရုံမျှ ဖြင့်- ဇာတာရှင်၏ စရိုက် အားဖြင့် သော်လည်းကောင်း၊ ထိုသူ၏ ကံကြမ္မာ အကြမ်းဖျင်း သိနိုင်သော နည်းများ မရှိလေဘူးလား ဟု မေးမြန်းလာခဲ့ဘူးပါ၏။
မြန်မာ့ရိုးရာ မဟာဘုတ် ပညာတွင်လည်း- ၁-ကြွင်း၊ ၂-ကြွင်းတို့၏ ယေဘူယျ သဘောများကို ဟောဆိုသော စနစ်ရှိသည်ကို မဟာဘုတ် လေ့လာဘူးသူတိုင်း သိကြပါ၏။


ဒါဖြင့်လျှင်- နက္ခတ်ပညာတွင်ရော ရှိပါသလား-
သင် မည်သို့ ထင်ပါသနည်း။
အမှန်အားဖြင့် နက္ခတ်ပညာတွင်လည်း ရှိပါသည်။ ရှိသည်မှ- ကျမ်းတော်တော်များ တွင်ကို ပါရှိသည် ဖြစ်သော်လည်း- လွန်စွာ သုံးခဲလှ၊ တွေ့ရှိရန် ရှားပါးလှ သဖြင့်- နက္ခတ်ပညာ ၏ - နှစ်အလိုက်- သဘောကို ဟောဆို နိုင်သော နည်းတို့ကို လူသိနည်း လှပါ၏။ ရာသီဘွား ဟောကိန်းများသည် အနောက်တိုင်းမူ သဘော ဖြစ်၍- ယခု နည်းမှာမူ အရှေ့တိုင်း နက္ခတ် မူ ဝေဒ မူ ဖြစ်၏။

ပထမ ဦးစွာ အနေဖြင့်- တရုပ်လူမျိုး များပြားသော နေရာတွင် နေထိုင်ကြသူများ အနေဖြင့်- အနည်းဆုံး အဆင့် သိထားရန် လိုအပ်သော- တရုပ် ရိုးရာ နှစ်များ အကြောင်း ကို ဦးစွာ ပြောလို ပါသည်။
ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ၀က်၊ ကြွက်၊ နွား ဆိုသော သတ္တ၀ါ ၁၂-မျိုးတို့ နှင့် ၁၂-ရာသီ ရာသီခွင် ကို ဖန်တီးထားသော တရုပ် ရိုးရာ နှစ် သတ်မှတ်ချက် တို့တွင်-
မီး၊ မြေ၊ သတ္တု၊ ရေ၊ သစ်သား ဆိုသော တရုပ် အယူအဆ ဓါတ် ၅-မျိုးနှင့် တွဲဘက် လိုက်သော အခါ- ၁၂ x ၅ = ၆၀ ဆိုသော နှစ် ၆၀ အုပ်စု လိုက် နှစ် အမျိုးအစားများ ရလာ ပါသည်။
အမှန်အားဖြင့် တော့- ထိုနှစ်များတွင်လည်း နှစ်၏ အဆုံး ဂဏန်း အရ- ယင် နှင့် ယန် ထပ်ခွဲထားချက်များ ရှိပါသေး၏။

အောက်တွင် ဖေါ်ပြထားသည်မှာ- နှစ် အလိုက် တရုပ် ရိုးရာ- တိရစ္ဆာန် အမည်များနှင့် ဓါတ်များ ဖြစ်ပါသည်။
ဖုန်းရွှေပညာရှင်များ၊ ယိကျင်း ပညာရှင်များ ရေးသားသော တရုပ်နှစ် အဟောများကိုမူ အလွယ် လေ့လာ နိုင်သဖြင့်- တရုပ် နှစ် မွေးအဟောများကိုမူ ဤနေရာတွင် မဖေါ်ပြပေးတော့ပါ။


နက္ခတ် ပညာဘက်မှ နှစ်များ အလိုက် သတ်မှတ်ခြင်း။

ကောင်းပါပြီ- ယခု အခါ နက္ခတ် ပညာဘက်မှ နှစ်များ အလိုက် ခွဲဝေခြင်းကို ဖေါ်ပြပေးပါမည်။
နက္ခတ် ပညာတွင် ထိုကဲ့သို နှစ်များကို အုပ်စု ခွဲသတ်မှတ်ခြင်းကို “သံဝတ္တရ သာရ” ဟု ခေါ်တွင်ပါ၏။ ၄င်းကို “ဇာတက ဗြဟ္မမ် ကျမ်း” တွင် ဖေါ်ပြခဲ့၏။ “သံဝတ္တရ သာရ” ဆိုသည်မှာ- ကြာသပတေး ဂြိုဟ်သည် ၄င်း၏ ပျမ်းမျှ သွားနှုန်း (တစ်နှစ်လျှင် တရာသီ နှုန်း) ဖြင့် ဖြတ်သန်း ခဲ့ခြင်း အပေါ်မူတည်၍- အကျိုးအပြစ် အနေအထား များကို သတ်မှတ် ဟောဆိုခြင်း ဖြစ်၏။
စကြာဝဠာ၏ စတင် ဖြစ်ပေါ်မှု ကာလတွင် ကြာသပတေး နှင့် စနေတို့သည် မိဿ ရာသီ - ၀-အံသာ (ဒီဂရီ) မှ စတင် ခဲ့ကြပြီး၊ တစ်နေ့လျှင် ၂-မိနစ် (ဒီဂရီ၊ မိနစ် ကို ဆိုလိုသည်။ နာရီ၊ မိနစ် မဟုတ်) မျှသာ ရွေ့လျားနေသော စနေ အနေဖြင့်- ရာသီ စက်ဝန်း တစ်ပါတ် အတွက် အနှစ် ၃၀- အချိန် ကြာ၏။
တစ်နေ့လျှင် ၅-မိနစ် (ဒီဂရီ၊ မိနစ် ကို ဆိုလိုသည်။ နာရီ၊ မိနစ် မဟုတ်) မျှသာ ရွေ့လျားနေသော စနေ အနေဖြင့်- ရာသီ စက်ဝန်း တစ်ပါတ် အတွက် အနှစ် ၁၂ တာမျှ- အချိန် ကြာ၏။ ၄င်းတို့ ၂-ခု အနှစ် ၃၀ နှင့် ၁၂- နှစ် တို့၏ အငယ်ဆုံး ဘုံပိုင်းခြေ (ဘ.စ.င) ကို ယူလိုက်ရာ အနှစ် ၆၀ ကိုရရှိ၏။ အနှစ် ၆၀ ကို ၁၂ နှင့်လည်း ပြတ်သလို- ၃၀ နှင့် လည်း ပြတ်၍ - ၄င်းမှာ အငယ်ဆုံးသော ဘုံပိုင်းခြေ ဖြစ်၏။
ဆိုလိုသည်မှာ တစ်နှစ်ချင်း ကာလ အလိုက်- စနေ ဂြိုဟ်နှင့် ကြာသပတေး ဂြိုဟ်တို့၏ အကြားမှ အကွာအဝေး ကို မူတည်၍ - ကောင်းသော၊ ဆိုးသော လွှမ်းမိုးထားမှု အနေအထားတို့ကို မူတည်၍- နှစ်အလိုက် - ထိုနှစ်များတွင် မွေးဖွားသူတို့၏ ကံကြမ္မာကို ဟောဆိုခြင်းကို “သံဝတ္တရ သာရ” ဟု အလွယ် နားလည်နိုင်ပါသည်။ “သံဝတ္တရ သာရ” ၏ အခြားသော အဓိပ္ပါယ် ဆိုလိုရင်းများ များစွာ ရှိနေသေးသော်လည်း ရှုပ်ထွေးသွားမည် စိုး၍ မဖေါ်ပြတော့ပါ။
ဤနေရာတွင် လွန်စွာ ရှေးကျသော ကျမ်းအချို့နှင့် ကွဲလွဲချက်များကိုလည်း တွေ့နိုင်ပါသည်။ “ဘရိဂု သံဟိတ” ကျမ်းတွင် ထိုဂြိုဟ် ၂-လုံး၏ ဆက်စပ်မှုမှ သုံးသပ်ခဲ့ခြင်းကို အခြေပြုထား၍- “သိဒန္ဓန္တ ဇောတိသျှ” ကျမ်းတွင် “၀ိဇယ-နှစ်” မှ အစပြု၍- “နန္ဒဏ-နှစ်” တွင် အဆုံး ဟူ၍ သံဝတ္တရ သာရ” နှစ် ၆၀-ကို ယူဆသော်လည်း၊ ဆရာ ၀ါရဟ မိဟိရ ပြုစုတော်မူသည့် “ဗြို့ဟဇ် သံဟိတ” ကျမ်းတွင်မူ- “၀ိဇယ-နှစ်” မှ အစမပြုပဲ- “ပရဗ္ဗါဝ-နှစ်” မှ စတင်ရေတွက်ခြင်းဖြင့် ယခု ဖေါ်ပြချက်များသည် ဆရာသခင် ၀ါရဟ မိဟိရ ယူဆသည့် အတိုင်း ဖေါ်ပြထားခြင်း ဖြစ်ပါ၏။



အမှတ် (၁)
ပရဗ္ဗါဝ-နှစ်
ဤနှစ်တွင် မွေးဖွားသူတို့သည် ပစ္စည်းမျိုးစုံ တို့အား စုဆောင်း သိမ်းဆည်း တတ်ခြင်း၊ အရန်သင့် ထားသိုတတ်ခြင်း၊ သားများ ထွန်းကားခြင်း၊ အသိဥာဏ် ပညာကောင်းမွန်ခြင်း၊ စည်းစိမ် ပြည့်စုံ၍- အသက်ရှည်မည် ဟု ဆိုပါသည်။ ဇာတာက ပရိဇာတ - ကျမ်းအဆိုအရမူ- ဤနှစ်တွင် မွေးသူသည် ရဲရင့်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်မှုများနှင့် ပြည့်စုံခြင်း၊ နက္ခတ် ပညာကို တတ်ကျွမ်း၍ နတ်ဒေ၀တာတို့နှင့် ကျွမ်းဝင်ခြင်းတို့ ဖြစ်မည်ဟု ဆိုပါသည်။

အမှတ် (၂)
ဝိဘာဝ- နှစ်
ဤနှစ်တွင် မွေးဖွားသူတို့သည် သုံးစွဲရန် အရာတို့တွင် မွေ့လျော်တတ်ခြင်း၊ အလွန်လှပ ခြင်း၊ လက်ရုံးရည် နှလုံးရည် ပြည့်စုံခြင်း၊ ၀ိဇ္ဇာ ပညာတို့၏ လျှို့ဝှက်ချက်ကို သိရှိနိုင်ခြင်း၊ မိသားစု အကြီးအကဲ ဖြစ်ခြင်း၊ ကောင်းစွာ ပြုမူကျင့်ကြံခြင်း၊ ယဉ်ကျေးခြင်း၊ ပညာတို့ကို လေ့လာ တတ်မြောက်ခြင်း တို့ ဖြစ်မည်ဟု ဆိုပါသည်။ ဇာတက ပရိဇာတ ကျမ်းအလိုအရမူ- ဤနှစ်မွေးသူတို့သည် တောင့်တမှုများတတ် ခြင်း၊ ချီးကျူးခံရသော မိဘထက်သာလွန်သော ဥစ္စာပစ္စည်း ကြွယ်ဝခြင်း၊ ညာတိ၊ ပညာဂုဏ်တို့နှင့် ကျော်ကြားခြင်း ဖြစ်မည်ဟု ဆိုထားသည်။ "၀ိဘာဝ" ဆိုသည်မှာ အလွန် ခမ်းနား တင့်တယ်ခြင်း၊ ကြွယ်ဝ ခမ်းနားခြင်း ဆိုသော သဘောကို ဆိုလိုသည်။ ဤနေရာတွင် အလွန်အကျူး ဆိုသော သဘောလည်း ပါဝင်လျှက် ရှိနေ၏။ ဤနှစ် မွေးသူတို့သည် ၄င်းတို့ ရွေးချယ် လုပ်ဆောင်သော ကိစ္စရပ်တို့တွင် ၄င်းတို့၏ အမည် ထွန်းပေါက်မည် ဟုလည်း ဆိုထား၏။ ပင်ကိုယ် စရိုက်တွင် နာကျည်းမုန်းတီး ဓါတ်ခံ လုံးဝ ကင်းတတ်၏။ ဤသူတို့သည် ကျိုးကြောင်း သဘာဝ ကို တွက်ဆ တတ်ကြပြီး- ကိစ္စတစ်ရပ်တွင် အစွဲဖြင့် ကိုင်တွယ်ခြင်း၊ အစွန်းရောက် တတ်ခြင်း၊ မလေးမစား လုပ်ခြင်းများ မရှိတတ်ပဲ- သိပ္ပံနည်းကျကျ သဘာဝ ကျကျ ရှုထောင့်မှ ကြည့်တတ်ကြသည် ဆို၏။ အခြားကျမ်း တစ်ခုဖြစ်သော - "မာဏ္ဏဿ ဂါရီ" ကျမ်း အဆိုအရမူ- ဤနှစ် မွေးသူတို့သည်- မိန်းမ ဆန်သော ပင်ကိုယ် စိတ်ထားမျိုး၊ ရှိတတ်သည်၊ အနားမထားသော ပင်ကိုယ် စရိုက်၊ နှင့် လိုအပ်ပါက ခိုးဆိုး လုယက်၍- တစ်ဘက်တွင် အများကို ကောင်းကျိုးပြုတတ်သူ ဖြစ်မည် ဟု ဆိုပါ၏။
ဆက်လက် ဖေါ်ပြပေးပါမည်။
အားလုံး ချမ်းမြေ့ပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

Saturday, December 10, 2011

အမွေရခြင်း နှင့် နက္ခတ္တ အမြင် (Gucci မိသားစု)

အချိန် အခက်အခဲများကြောင့်- နက္ခတ်ပိုင်း ဆိုင်ရာ ဆောင်းပါးများကို အလျင်မီ အောင် ရေးနိုင်ရန် ခက်ခဲ နေသော်လည်း- မိတ်ဆွေများကလည်း တောင်းဆို လာသဖြင့်- မိုးတား သင်ခန်းစာ အချို့ အ၀က်ကို ဆောင်းပါး အဖြစ်ဖြင့် တင်ပြပေးလိုက် ရပါသည်။

နည်းစနစ် အပြည့်အစုံ ကို တင်ပြရန်မှာမူ- စာဖတ်သူ ပရိဿတ်တိုင်း အနေဖြင့် နက္ခတ် ပညာဖြင့် ကျွမ်းဝင်မှု ရှိနိုင်မှု ရှိမရှိ အနေအထား ကွာခြား နေကြသည် မျှမက- ပညာရပ် တစ်ခုကို အခြေခံ ပိုင်နိုင်ပြီးမှသာ ဆန်းစစ် လေ့လာစေလိုသော စေတနာကြောင့်- မိုးတား ပထမဆင့် စာမေးပွဲအောင်မြင်ထားပြီးသူများ အတွက်သာ ဤသို့သော ဆန်းစစ်မှု ပိုင်းကို ရည်ရွယ် ထားရပါသည်။

အမွေရခြင်းကို ကောင်းမွန်သော ဖြစ်ရပ်ဟု အများ အနေဖြင့် နားလည် ထားကြ သော်လည်း- တစ်ချို့သော အမွေရရှိ သူတို့သည် မိဘများ အနေဖြင့် ဆိုးရွားသော ကံကြမ္မာဖြင့် ရုတ်တစ်ရက် သေဆုံးခြင်း ကြောင့် အမွေရခြင်း လည်း ဖြစ်နိုင်ပါ၏။

ရုပ်ဝတ္ထု ပိုင်ဆိုင်မှုတို့ကို အငမ်းမရ ရှာဖွေနေကြသော ယနေ့ ကမ္ဘာကြီးတွင်- ပစ္စည်းဥစ္စာ ရနိုင်မှုများ အတွက်- မွေးချင်း ညီအကို မောင်နှမ အချင်းချင်း နှစ်ပေါင်း များစွာ တရားဆိုင် ကြရခြင်း တို့ကို ကြားသိကြုံတွေ ကြရသည်မျှ မက- တစ်ချို့ ဆိုလျှင် လုပ်ကြံ မှုများ အကောင်အထည် ဖေါ် ဆောင်ရွက် ကြသည် အထိပင် ဖြစ်တတ်ကြပါသည်။


ကျွန်တော် ထိုင်းနိုင်ငံတွင် နေခဲ့ရသည့် ကာလပိုင်း အတွင်းတွင်- ထိုင်းလူမျိုး အချမ်းသာဆုံး မိသားစု ၀င်များ အနက်- မျိုးဆက် ၃-ဆက် အတွင်း၊ မိသားစုဝင် ၁၄-ဦး အထိ လုပ်ကြံခြင်း၊ အစပျောက် သွားခဲ့ခြင်း များကို ဖြစ်ပေါ်ခဲ့ရသည့် မိသားစုကြီး တစ်ခုတွင်- မိသားစု အကြီးအကဲ မိခင်ကြီးမှ မသေဆုံးမီ လေးတွင် သေတမ်းစာ အမွေခံ စာရင်းထဲတွင် ထည့်ပေးခြင်း ခံခဲ့ရသော - အိမ်ဖေါ် မိန်းကလေး ၏ ကိုယ်ခန္ဓာကို အဘွားကြီးသေဆုံးပြီး နောက် ၂-ရက်ခန့် အကြာ တွင် ဘန်ကောက်-ချောင်ဘူရီ ဟိုက်ဝေး လမ်းမဘေးတွင် အသက်မဲ့သော အနေအထားဖြင့် တွေ့ရ ခဲ့ပါသည်။ ထိုမိန်းကလေး သည် အမွေးစာရင်း သေတမ်းစာတွင်သာ မပါဝင်ခဲ့ပါက- ထိုကဲ့သို့ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။

အောက်ဖေါ်ပြပါ ဇာတာရှင်သည်- ကမ္ဘာသိ လူချမ်းသာများ ဖြစ်ကြသော Gucci ဖက်ရှင် လုပ်ငန်း ပိုင်ရှင် သူဌေး ဖြစ်သူ Maurizio Gucci နှင့် ဇနီး ဖြစ်သူ Patrizia Gucci တို့၏ သမီး ဖြစ်သော- Alessandra Gucci ၏ ဇာတာ ဖြစ်ပါသည်။ ဖခင် ဖြစ်သူ Maurizio Gucci သည် Gucci လုပ်ငန်းကို ၁၉၈၃ တွင် ရောင်းချလိုက်ပြီး၊ မတ်လ ၂၇-ရက်၊ ၁၉၈၅ တွင် လူသတ်သမား တစ်ဦး၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ သူ၏ ဇနီးဟောင်း၊ ဇာတာရှင်၏ မိခင် ဖြစ်သူသည် လူသတ်သမားကို ငှားရမ်းခဲ့ကြောင်း ပေါ်လွင် ၍ ပြစ်ဒဏ် ကျခံခဲ့ရပြီး- သမီး ဖြစ်သူ Alessandra နှင့် ညီမ ဖြစ်သူ တို့မှာ ဘခင်၏ ပိုင်ဆိုင်မှုများ ကို ရရှိခဲ့ပါသည်။





- ယခုဇာတာတွင် ကြည့်လိုက်ပါက- အထက်တွင် ဖေါ်ပြခဲ့သော ဘခင် နှင့် ဆိုင်သော တနင်္ဂနွေသည်- စည်းစိမ် ပိုင်ဆိုင်မှု ရရှိခြင်း နှင့် သက်ဆိုင်သည့် ၄-တန့် ဘာဝ၊ ၄-တန့် ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင် (သခင်) ဖြစ်နေ၏။

- အင်အား မထုတ်ရပဲ အချောင် ရခြင်းမျိုးကို ဖြစ်စေသည့် ၈-တန့် ဘာဝ၏ သခင် ကြာသပတေး သည် ၄င်း ပိုင် န၀င်း ကို စီးနင်း ထားခြင်းဖြင့်- ၈-တန့် သခင် သည်၊ ၈-တန့် သခင်ပိုင် န၀င်း စီးနေ သည်ကို မြင်ရ၏။

- ထိုမျှ မကသေး- ထို ၈-တန့် ဘာဝ၏ သခင် ကြာသပတေး သည်- ဘခင် နှင့် ဆိုင်သော (အမွေ နှင့် ပတ်သက်သော စစ်ဆေးရာတွင် ကြည့်ရမည့် အချက် လည်းဖြစ်သည့် တနင်္ဂနွေပိုင် ကြတ္ထိကာ နက္ခတ် တွင် တည်၏။ အထက်တွင် မြင်ခဲ့ရသည့် အတိုင်း တနင်္ဂနွေသည်- ၄-တန့် ဘာဝ၏ သခင် လည်း ဖြစ်၏။

- အမွေရခြင်းကို စစ်ဆေးရန် တစ်ချက်ဖြစ်သည့်- တနင်္လာကို လေ့လာမည် ဆိုပါကလည်း- ၄င်းသည် ၈-တန့် သခင် ကြာသပတေး ပိုင်သည့် မိန်ရာသီ န၀င်းတွင် တည်၏။ မထင်မှတ်သော ဖြစ်ရပ်များ နှင့် ဆိုင်သည့်- ရာဟုပိုင် အဒြ နက္ခတ်နှင့် ယှဉ်၏။

- ဤဇာတာတွင် ၉-တန့် သခင် မရှိသကဲ့သို့၊ ၉-တန့် တွင် ရပ်တည်သော ဂြိုဟ်များလည်း မရှိပါ။
- နောက်တစ်ဆင့်- အပူးအမြင် လွှမ်းမိုးမှုများကို လေ့လာ လိုက်ပါက-၈-တန့် ဘာဝ အား တနင်္ဂနွေ နှင့် တနင်္လာတို့က သမသတ် အမြင်ဖြင့် ကောင်းစွာ လွှမ်းမိုးထား၏။

ယခု အခါ- အမွေရခြင်း ကိစ္စကိုသာ- နမူနာ ပြခြင်းဖြစ်၍- အခြားသော သုံးသပ်ချက်များကို ထည့်သွင်း မဖေါ်ပြတော့ပါ။

လေ့လာသူများ အနေဖြင့်- ဘခင်၏ ကံကြမ္မာ၊ မိခင်၏ လုပ်ရပ် နှင့် နောက်ဆက်တွဲများကို ယခု မြင်တွေ့ရသော အနေအထား တို့မှ တစ်ဆင့် ဆက်လက် သုံးသပ် နိုင်ပြီ ဖြစ်ပါသည်။

အမွေပိုင်ဆိုင်များ၊ ဥစ္စာ ပစ္စည်း ပိုင်ဆိုင်လိုမှုများကြောင့်- မိသားစုဝင်တွင်း ဖျက်ဆီးမှုများ၊ ရန်သတ္တရု ဖြစ်ပွားမှုများမှ ပပျောက်နိုင်ကြပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post

Wednesday, November 9, 2011

တပ်မက်မှု တို့၏ နောက်ကွယ်တွင်.. (ရုပ်ရှင် မင်းသမီး မွန်ရိုး)

အမေရိကန် နိုင်ငံတွင် မက- ကမ္ဘာတခွင်တွင်ပါ- နှစ်ပေါင်းများစွာ စွဲကျန်ရစ် ခဲ့နိုင်သည့်- ဆွဲဆောင်မှု အရှိဆုံး ရုပ်ရှင် မင်းသမီး တစ်ဦးကို ဖေါ်ပြပါဆိုလျှင်- မာရီလင် မွန်ရိုးမှ လွဲ၍- အခြားမည်သူမျှ မဖြစ်နိုင်ပါပေ။

သူမ သည် ဆန့်ကျင်ဘက် ပုရိသ များအတွက်- တပ်မက်ဘွယ် စွဲဆောင်မှု အကောင်းဆုံး မင်းသမီး ဖြစ်ခဲ့သည့် အပြင် ၁၉၄၉-ခုနှစ်၊ မေလ ၂၇-ရက်တွင် ကိုယ်လုံးတီး ပြက္ခဒိန် အတွက် ဓါတ်ပုံအရိုက်ခံ ခဲ့၏။
အလှ သခင်- ကမ္ဘာကျော် ဖြစ်သော်လည်း- သူမ ၏ ဘ၀ အနေဖြင့် ချောမွေ့စွာ လျှောက်လှမ်းခဲ့ရခြင်း တော့ မရှိပါပေ။
မိခင် ဖြစ်သူရော၊ မိခင်၏ အမေ-အဘွား ဖြစ်သူပါ manic depression ခေါ် စိတ်ရောဂါ ဝေဒနာ သည်များ ဖြစ်၏။ သူမ ငယ်ငယ်က- အဘွားဖြစ်သူက သူမကို ခေါင်းအုံးဖြင့် ဖိသတ်ခြင်းကိုလည်း မမေ့နိုင်စရာ ကြုံခဲ့ရ၏။ မိခင် ဘက်မှ အဘိုးဖြစ်သူ မှ ဆစ်ဖလစ် ကာလသား ရောဂါပိုး ဦးဏှောက်ထဲ ၀င်သော ရောဂါဖြင့်- ၁၉၀၉- ဇူလိုင် ၂၂-ရက်တွင် ကာလီဖိုးနီးယား ဆေးရုံတွင် ဆုံးပါးခဲ့၏။ ဖခင် မည်သူ ဖြစ်မှန်းကိုလည်း မသိခဲ့ ရပါ။ ၇-နှစ် သမီး အရွယ်အထိ- အခြားသူများ ထံတွင် မိခင်မှ တစ်ပါတ်လျှင် ၂၅ ဒေါ်လာ ပေး၍ စောင့်ရှောက် စေခဲ့ရ၏။ မိခင် အနေဖြင့် စိတ်ကျန်းမာ ရေး အခြေအနေ လုံးဝ ဆိုးရွား သွားပြီးနောက် တွင်တော့- သူမ အား မိဘမဲ့ ဂေဟာသို့ အပြီးတိုင် ပို့လိုက် ရပြီး- မွေးစား မိဘ အိမ်များစွာတို့ ရောက်ခဲ့ရ၏။ ကလေး ဘ၀မှာပင်- လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ ပြုကျင့် ခံရခြင်းများစွာကို ကြုံခဲ့ရ၏။ သူမ ကိုယ်တိုင်က ပြောခဲ့သည်မှာ အသက် ၁၁-နှစ် သမီး အရွယ်တွင် မတော်မတရား ပြုခံ ခဲ့ရသည်ဟု ပင် ဖြစ်သည်။
၁၅-နှစ် သမီး အရွယ်တွင် ကာလ အားဖြင့် တိုတောင်းလှသော အိမ်ထောင် တစ်ခုကို ပြုခဲ့၏။
နောက်ထပ်- ဘေ့စ်ဘော ကစားသမား Joe DiMaggio နှင့် တစ်ခါ၊ နောက်ပိုင်းတွင် စာရေး ဆရာ Arthur Miller နှင့် ၁၉၅၆-ခုနှစ် ဇွန်လ ၂၉-ရက်တွင် တစ်ခါ - စုစုပေါင်း အိမ်ထောင် ၃-ကြိမ် ကျခဲ့၏။ အခြားခြားသော- သူများ ဖြစ်သည့် ရုပ်ရှင် မင်းသားကြီး Marlon Brando, Frank Sinatra, Yves Montand တို့နှင့် အပြင် ဒါရိုက်တာ Elia Kazan တို့နှင့်လည်း အချစ် ဇတ်လမ်းများ ရှိခဲ့ပါ၏။
  • ၁၉၅၆-ခုနှစ် သြဂုတ်လတွင် ကလေးပျက်ကျခဲ့၏။
  • ၁၉၅၇-ခုနှစ် သြဂုတ်လ တွင် Ectopic pregnancy ခေါ် သန္ဓေသားသည် သားအိမ် ပြင်ပတွင် တည်နေမှုကြောင့် ဖျက်ချ ခဲ့ရပြန်၏။
သူမ၏ ဘ၀ ဇတ်ကြောင်းကို လေ့လာကြသူများ အနေဖြင့်- သူမ ၏ ချစ်သူများ နှင့် အကြောင်းများ သာမက- ရေပိုက်ပြင် သမားနှင့် အချစ် ဇတ်လမ်း တို့ကိုပါ ဖေါ်ပြကြ သလို- သူမ ၏ အိမ်ဖေါ် နှင့်လည်း မိန်းကလေးချင်း အချစ်တော် ဇတ်လမ်းလည်း ရှိသေးသည် ဆိုပါသေး၏။

ကမ္ဘာကျော် ကနေဒီ ညီအကိုများ ဖြစ်ကြသော ရောဘတ် ကနေဒီ နှင့် သာမက အကိုဖြစ်သူ သမ္မတ ဂျွန်အက်ဖ် ကနေဒီ နှင့်ပါ ပတ်သက်မှုများ ရှိခဲ့ပြီး- ရောဘတ် ကနေဒီ နှင့် အလွန်အကျူး ပတ်သက်ခဲ့သော အထောက်အထားများ မရှိကြ သော်လည်း- သမ္မတ ဂျွန်အက်ဖ် ကနေဒီ နှင့် မူ ၁၉၅၀ ခုနှစ်များတွင် အတွင်းကျကျ နီးစပ် ခဲ့၏။ ထို့နောက် ၁၉၆၀ ခုနှစ်များတွင်တော့- သမ္မတ၏ ကိုယ်ရံတော်များက အထူးသတိပေးခဲ့သဖြင့်- လူမသိ အောင်သတိထားခဲ့ကြသော်လည်း- အိမ်ဖြူတော် မဟုတ် သည့် အခြား နေရာများတွင် ဆုံတွေ့ ဖြစ်ခဲ့ကြသည် ဆိုပါ၏။
  •  ၁၉၆၁-ခုနှစ်၊ အောက်တိုဘာလတွင်- ရောဘတ် ကနေဒီ နှင့် ပီတာ လောဖို့ဒ်၏ အိမ်တွင် ဆုံတွေ့မိခဲ့ကြ၏။
  • ၁၉၆၁-ခုနှစ် နိုဝင်ဘာလ ၁၉-ရက်တွင် ပီတာ လောဖို့ဒ် ၏ ညစာ စားပွဲသို့ သမ္မတ ကနေဒီဖြင့် အတူ လာရောက်ခဲ့၏။
  • ၁၉၆၂-ခုနှစ် ဖေဖေါ်ဝါရီ ၁-ရက်နေ့တွင် ရောဘတ် ကနေဒီ နှင့် ဂုဏ်ပြု ညစာ စားပွဲ လုပ်ခဲ့၏။
  • ၁၉၆၂-ခုနှစ် မတ်လ ၅-ရက်တွင် သမ္မတ ဂျွန်အက်ဖ် ကနေဒီ နှင့် အတူ Palm Springs တွင် အနားယူ ခဲ့၏။
  • ၁၉၆၂-ခုနှစ် မေ လ ၁၉-ရက်တွင် သမ္မတ ဂျွန်အက်ဖ် ကနေဒီ အတွက် Madison Square Garden တွင် "Happy Birthday" နှင့် "Thanks for the Memory" သီချင်းများ ဆိုပြခဲ့၏။
  • ရောဘတ် ကနေနှင့် ဆုံတွေ့ခဲ့စဉ်တုန်း က- သူမက သူငယ်ချင်းအား- ရောဘတ် ကနေဒီမှ သူမ အား လက်ထပ်ယူမည် ဟုပင် ပြောခဲ့သေးသည် ဆိုပါ၏။



သို့သော် ၁၉၆၂- ဇွန်လ ကုန်ပိုင်းတွင်- ညီအကို နှစ်ယောက် စလုံးမှ သူမ အား ရုတ်တစ်ရက် အဆက်အသွယ် ဖြတ်တောက်လိုက်ပြီး- လွန်စွာ စိတ်ဓါတ်ကျခဲ့သော သူမအား သူငယ်ချင်းများက မြင်တွေ့ခဲ့ကြရာတွင်- သူမ အနေဖြင့် ကလေး ဖျက်ချ လိုက်ရခြင်း ရှိခဲ့သည်ဟု ပင် သူငယ်ချင်းများအား ပြောခဲ့၏။

အများသူငါ အပြောများ အရဆိုလျှင်- ကနေဒီ ညီအကို နှင့် ပတ်သက်မှုသည် သူမ အား သေဆုံးချင်းသို့ ရောက်စေခဲ့သည် ဟုပင် ဆိုပါသည်။ သူမတွင်- သူတို့၏ လျှို့ဝှက်ချက်များ၊ မြေအောက် အဆက် အသွယ်များ နှင့် ပတ်သက်သော လျှို့ဝှက်များ ရှိထားခဲ့ပြီး၊ ရုပ်ရှင် မင်းသမီး ဖြစ်သော မိန်းကလေး တစ်ဦး အနေဖြင့် အချိန်မရွေး တစ်ဦး တစ်ယောက်အား ဖွင့်ချ ပစ်လိုက်နိုင်သော အခြေအနေတွင်လည်း ရှိနေ၏။

သို့နှင့်ပင်- သြဂုတ်လ ၅-ရက် ၁၉၆၂ တွင်၊ အိပ်ဆေး အများအပြား သောက်သုံး ထားလျှက်- အိပ်ယာထဲတွင် အ၀တ်အစား မဲ့ ကိုယ်ခန္ဓာဖြင့်- ဖုန်းကို လက်တစ်ဘက် က ကိုင်ထားလျှက် တွေ့ရှိပြီးနောက် နံနက် ၄း၂၅ တွင် အိမ်တော်ထိန်း မှ ရဲကို အကြောင်းကြား ခဲ့ပါ၏။ သေဆုံးခဲ့ချိန်မှာ နံနက် ၃း၀၀ ပတ်ဝန်းကျင်ခန့် က ဖြစ်မည်ဟု တွက်ဆ ကြရ၏။

ထူးဆန်းသည်ကတော့- သူမ၏ ဒိုင်ယာယီ စာအုပ်နှင့် မှတ်စု မှတ်တမ်းစာအုပ် တို့ကိုမူ မည်သူမျှ မတွေ့ကြရတော့ပါချေ။

သူမ အနေဖြင့်- ဒုက္ခများသော ဘ၀တွင် ကြီးပြင်းခဲ့ရသလို- ကမ္ဘာတွင် အထင်ရှားဆုံး သူတစ်ဦးလည်း ဖြစ်၊ ကမ္ဘာတွင် တန်ခိုး အကြီးဆုံး ဖြစ်ခဲ့သူများ နှင့် ပတ်သက် ခဲ့သူလည်း ဖြစ်ခဲ့ရ၏။
လိင်ဆွဲဆောင်မှု အကောင်းဆုံး ရုပ်ရှင်မင်းသမီး ဖြစ်ခဲ့သလို- အရှုပ်အတွေး ဇတ်လမ်းများ ကလည်း ထင်ရှားကာ- မတော်မတရား အကျင့်ခံရသူ လည်း ဖြစ်ခဲ့ရ၏။

သို့သော်လည်း- သက်တမ်းမှာကား လွန်စွာ တိုတောင်းလှ၏။

မည်သည့် အကြောင်းများက သူမ ၏ ဘ၀ကို ဖန်တီးခဲ့ကြပါသနည်း။

မွေးဇာတာ သုံးသပ်ချက်။


ကရကဋ် လဂ်၊ မကာရ စန်း ဖြစ်၍- အတိအကျ အားဖြင့် ဆိုသော် ကရကဋ်:20:15 တွင် တည်ထား၏။
ဘ၀ အောင်မြင်မှု နှင့် ဆိုင်သော- တနင်္ဂနွေသည် ရန်အိမ်တွင် တည်သည် မှန်သော်လည်း- ဘာဝ အားဖြင့် ၁၁-တန့် ဖြစ်၏။ လာဘ ဘာဝ ဖြစ်သော ၁၁-တန့်တွင် တည်သည့် တနင်္ဂနွေသည် အင်အားကောင်းသော အနေအထား ဖြစ်သည်သာ မက- တနင်္ဂနွေသည် ကုဋမ္ပ ဘာဝ ခေါ် ၂-တန့် ဘာဝ အနေဖြင့် ၁၁-တန့် (လာဘ ဘာဝ) တွင် တည်ခြင်းက- အောင်မြင်ခြင်း၊ ချမ်းသာခြင်း၊ ကြီးပွားခြင်း များကို ဖြစ်စေသော အနေအထား ဖြစ်ပါ၏။

ရဲတင်းခြင်း- လက်တွေ့ စွန့်စားရဲခြင်း နှင့် ဆိုင်သော ၃-တန့်ဘာဝ သခင် (ဗုဒ္ဓဟူး) သည် ဇာတာရှင်၏ အောင်မြင်ခြင်း နှင့် တိုးတက် ခြင်းနှင့် တိုက်ရိုက် ပတ်သက် နေသော တနင်္ဂနွေအား အံသာ အားဖြင့် လွန်စွာ နီးစပ်စွာ ပူးကပ်ထားလိုက်ခြင်းဖြင့်- တနင်္ဂနွေသည် - ၃-တန့် သခင်မှ အင်အားတို့ကို ရလိုက်သလို-

၃-တန့် သခင်သည် လည်း တနင်္ဂနွေ၏ ရောင်ခြည်ကို ရလိုက်ပါ၏။

ဒါတင်ပဲလား- မဟုတ်သေးပါ။

တနင်္ဂနွေသည်- ဆိုင်သော ၃-တန့်ဘာဝ သခင် (ဗုဒ္ဓဟူး) ပိုင်ဆိုင်ရာ မေထုန် န၀င်းကို စီးနင်းထား၍- လဂ်သခင် တနင်္လာပိုင်သော ရောဟဏီ နက္ခတ်နှင့် ယှဉ်ထား၏။

အောင်မြင်ခြင်း၊ ကြီးပွားလိုခြင်း နှင့် ရဲတင်းခြင်းတို့သည်- အပြန်အလှန် အကြောင်းပြုနေသော တရားများ ဖြစ်သောကြောင့်လည်း- တနင်္ဂနွေသည် အင်္ဂါပိုင် မိဿ ရာသီတွင် ဥုစ်ရသည်ဟု ဆိုကြရခြင်း ဖြစ်ပါ၏။
ရလိုခြင်း၊ အောင်မြင်ခြင်း၊ ရဲတင်းခြင်းများ အပြန်အလှန် လွှမ်းမိုး ပါတ်သက်နေခြင်း တို့သည်- ကမ္ဘာပေါ်တွင် တိုးတက်သော နိုင်ငံကြီးတွင် လူဖြစ်လာသူ တစ်ဦးအား ထိပ်ဆုံးသို့ ပို့ပေးနိုင်စေတတ်သော အကြောင်း အချက်တစ်ခု ဖြစ်နေပါ၏။



မည်သည့် အလုပ်ကို လုပ်ကိုင်ခြင်းဖြင့် အောင်မြင်လာရပါသနည်း။

ကမ္မဘာဝ ခေါ် အလုပ်အကိုင်ကို ဖေါ်ပြသော ၁၀-တန့် သခင်သည် အင်္ဂါ ဖြစ်ကာ- ၄င်းသည် လိင် နှင့် ဆိုင်သော၊ လျှို့ဝှက်မှုများ နှင့် ဆိုင်သော ၈-တန့် တွင် တည်ထားပြီး၊ ၄င်းအား သရုပ်ဆောင်ခြင်း၊ လှည့်ဖျားခြင်းတို့ကို တာဝန်ယူသော ရာဟုမှ ၉-တန့် အမြင်ဖြင့်- ၇၃% လွှမ်းထား၏။
အလှအပ၊ အနုပညာနှင့် ဆိုင်သော သောကြာသည်- ၁၀-တန့် ဘာဝ ခေါ် အလုပ်အကိုင် ကမ္မ ဘာဝ တွင် တည်ထား၏။ ဥစ္စာ စည်းစိမ် ရရှိနိုင်မှု နှင့် သက်ဆိုင်သော ၄-တန့် သခင် အဖြစ်ကိုလည်း သောကြာမှ တာဝန်ယူထား သေး၏။
၎င်း ၄-တန့်သခင် သောကြာသည် သောကြာပိုင် ပြိဿန၀င်းကို စီးနင်းထား၏။
ဤအချက်များက ဇာတာရှင် အနေဖြင့်- လှပခြင်း၊ ဆွဲဆောင်မှု ရှိခြင်း လူတို့အား တပ်မက်စေနိုင်ခြင်းများကို ဖြစ်စေသော်လည်း---
  • သောကြာသည် ၄င်းပိုင် ဘာဝ နှင့် တည်ရာ ဘာဝ တို့အား ဂြိုဟ်ဆိုးများ၏ လွှမ်းမိုး ဖျက်ဆီးခြင်း ခံထားရခြင်းကြောင့်- အင်အား ကင်းမဲ့သွား၏။
  • ၈-တန့် သခင် စနေသည် ဥုစ်ရထားခြင်းက- လိင်ဆွဲဆောင်မှုကို အားကောင်း စေသော်လည်း- ၄င်းတည်ရာနှင့် ၄င်းပိုင်ရာ ဖြစ်သော ၄-တန့် နှင့် ၈-တန့်တို့အား ၇၄% ဖြင့် လွှမ်းမိုးထားသော အမှောင်လွှမ်းသည့် ရာဟု အနေအထားသည်- မတော်မတရား ပြုခြင်း ခံရတတ်သည့် အခြေအနေ တစ်ခုသို့ ပို့ဆောင်ပေးထား၍- အင်အားနည်းသော သောကြာ နှင့် တွဲဘက်နေသော ဇာတာရှင် အတွက်- မတော်မတရား ပြုခြင်း ခံရတတ်သော အနေအထားသည် ပုံပေါ်လာသော အဆင့်သို့ ရောက်လာပါတော့၏။ 
အဓမ္မပြုကျင့် ခံကြရသူများ၊ အချစ်နှင့် ကာမကို လိမ်လည် ခံရသူများ၊ ကလေးငယ် ဘ၀တွင် မတော်တစ်ရော် ကြုံတွေ့ရတတ်သူများတွင်- သောကြာ နှင့် ၈-တန့်၊ ရာဟု တို့၏ အခြေအနေ တို့သည် ဆက်စပ် ပတ်သက်၊ ပျက်စီး နေတတ်ကြခြင်း ကို များစွာ တွေ့ရပါ၏။

နောက်ဆုံးတွင်တော့- အသက် အရွယ် ၃၆-နှစ်၊ အရွယ်ကောင်း အောင်မြင်ချိန်၊ လှပဆဲ အချိန်တွင် လူ့လောကမှ ထွက်ခွာခဲ့ရခြင်းကို လေ့လာကြမည် ဆိုပါအံ့။

မူလ ဇာတာတွင်-
လဂ်သခင် တနင်္လာသည် အင်အား အတန်ငယ် သာရှိ၏။ အသက်ကို စောင့်ရှောက်သော အင်္ဂါသည် ၈-တန့်တွင် ရပ်တည်ရုံမျှ မက- အနှုတ် အင်အားလည်း ပြနေသကဲ့သို့- ရုတ်ချည်း ဖြစ်ရပ်များကို ဖြစ်စေသည့် ရာဟု၏ ဖျက်ဆီးခြင်း ကိုလည်း ခံထားရ၏။

အသက်ရှည်ခြင်း အတွက် အရေးကြီးသည့်- စနေသည် လည်း အနှုတ်ပြနေသည့် အပြင်၊ ရာဟု၏ အမြင် ၆၅% ရထား၏။ ဤနေရာတွင် ဥုစ်ရ၍ အင်အားကြီးသည်၊ မိတ်ရာသီတွင် ရပ်၍ အင်အားရှိသည် ဆိုသော အယူအဆ များကို ဆင်ခြင် ကြရန် သတိပေးလိုပါသည်။ (ဥုစ်များစွာ ရထားပြီး၊ ဒုက္ခရောက် နေသော ကလေးငယ် ၏ ဇာတာကိုလည်း ဆောင်းပါး တစ်ပုဒ်တွင် ရေးထားခဲ့ပြီး ဖြစ်ပါသည်။)

အထက်ပါ အခြေအနေများသည် အသက်ရှည်နိုင်ခြင်း အား ကြီးကျယ်စွာ ဖျက်ဆီးထားသော အနေအထားတွင် ရှိနေ၏။

သေဆုံးချိန်ကို လေ့လာသော အခါတွင်-

မွန်ရိုး သေဆုံးသည့် 05/08/1962 နေ့သည်- ကြာသပတေး ထူလ၊ အင်္ဂါ အန္တရ၊ တွင်- ရာဟု ပြတန္တရ သို့ စတင်ဝင်ရောက်သော နေ့ ဖြစ်သည်။

အရေးအပါဆုံး ဖြစ်သည့် အန္တရ ဒဿာ ပိုင်ရှင် အင်္ဂါသည် အနှုတ် ၁၄၈ အင်အား ဖြစ်နေပြီး၊ မူလ ဇာတာရှိ ရာဟုမှ ၇၃% ဖြင့်လွှမ်းထားခြင်း ခံရသော အနေအထား ရှိ၏။

ထူလ ဒဿာ ပိုင်ရှင် ကြာသပတေးမှာမူ- အာရီ ဘာဝ (၆-တန့်) သခင် ဒုဌာန ပိုင်ရှင် ဖြစ်၏။ (မိုးတား စနစ်တွင်- ကြာသပတေးအား ၉-တန့် သခင် အဖြစ်မယူပါ၊ မူလ တြိဂေါဏ အိမ်ရှင် ၆-တန့် သခင် အဖြစ်ကိုသာ သုံးစွဲပါသည်။ မှတ်ချက်)

အောက်တွင် ဖေါ်ပြထားသည်မှာ ဒဿာ အပြောင်းအလဲ နေ့စွဲပင် ဖြစ်ပါ၏။
ဒဿာ အနေအထားသည် ကား- ဆိုးရွားသော အခြေအနေ သို့ လမ်းဖွင့်ပေးထားလိုက်ပြီ ဖြစ်ပါသည်။



ဆက်လက်၍ ကောဇာ အနေအထားကို လေ့လာကြပါအံ့။


ဇယားတွင် မြင်ကြရသည့် အတိုင်း- ၆-တန့် သခင် ကောဇာ ကြာသပတေး နှင့် တကွ၊ ကောဇာ ရာဟု နှင့် ကောဇာ ကိတ်တို့ပါ ပေါင်းဆုံလျှက်- ဇာတာရှင်၏ ဘာဝ အားလုံး ကို ဖျက်ဆီးထားလိုက် သကဲ့သို့- ပျက်ဆီး ဆုံးရှုံးခြင်းကို ဖြစ်စေသည့် ကောဇာ ကိတ်သည် မူလ တနင်္ဂနွေ နှင့် ဗုဒ္ဓဟူး တို့အား တိုက်ခိုက်လွှမ်းမိုး ဖျက်ဆီးထားခြင်းကို မြင်ရပါ၏။



ကြာသပတေးသည် ပင်ကိုယ်အားဖြင့် သောမဂြိုဟ်ပင် ဖြစ်သောငြားလည်း- ဒုဌာန သခင် ဖြစ်ခြင်းအားဖြင့် ကြီးကျယ်သော ဖျက်ဆီးခြင်းကို ဖြစ်စေနိုင်သည်ကိုလည်း သိထားခြင်း အားဖြင့်- ကြာသပတေး ကောင်း အပြစ်တစ်သိန်း ငြိမ်းသည် ဟု ဆိုကြခြင်း၊ ဥုစ်ရသော စနေကြောင့် အသက်ရှည်မည် ဟု ဆိုကြခြင်းတို့ကို သတိချပ်သင့်လှပါတော့သည်။

လှပမှု၊ ဆွဲဆောင်မှုများဖြင့် တပ်မက်ခြင်းများစွာ ကို ဖြစ်စေခဲ့သော အလှပိုင်ရှင် ရုပ်ရှင် မင်းသမီး မွန်ရိုး၏ ဇာတာမှ ဘ၀သင်ခန်းစာ များစွာကို ရယူနိုင်ကြပါစေ။

ချောမော လှပခြင်း ဟူသည် ကောင်းမွန်သော ဖြစ်ရပ် ဖြစ်သော်လည်း- ထိန်းသိမ်း နိုင်စွမ်း မရှိခဲ့လျှင်- မိမိ၏ အလှ ကပင် မိမိအား ဒုက္ခ ပြန်ပေးတတ်သကဲ့သို့- မိမိတို့၏ အစွမ်း၊ မိမိတို့၏ ပိုင်ဆိုင်မှု တို့သည်လည်း- မိမိတို့ အား ဒုက္ခပြန်ပေးတတ်သော အရာများ ဖြစ်သည်ကို သတိပြုနိုင်ကြပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post

Wednesday, October 12, 2011

သိန်း (၁၀၀၀) ဆုရှင် ဇာတာ အား လေ့လာခြင်း။

ဤဆောင်းပါးကို ရေးသားရာတွင်- စာဖတ်သူတို့အား ထီထိုးချင်စိတ် များ ပေါ်ပေါက်လာစေရန် သော်လည်းကောင်း၊ ထီထိုးရန် အတွက် ဗေဒင် ဆရာဆီ သွားရန် လည်းကောင်း၊ ထီထိုးခြင်းကို အားပေးသည့် အနေဖြင့် လည်းကောင်း ရည်ရွယ် ရေးသားခြင်းလုံးဝ မရှိပါ။

အားကျမည် ဆိုလျှင်- ထိုသူတို့ အတိတ်ဘ၀မှ ပြုခဲ့သော ကုသိုလ်တို့ကိုသာ အားကျသင့်သည် ဖြစ်၍- မိမိအနေဖြင့်- သူများ ထီပေါက်တိုင်း၊ ထီပေါက် မည် ထင်၍- ငွေမျော ငွေနှင့် လိုက် ဖြစ်ရပ်များကိုမူ အားကျစေလိုခြင်း မရှိပါ။

ဆက်လက်၍လည်း အများကို သိစေရန်မှာ- မိုးတား နက္ခတ် အဖွဲ့ အနေဖြင့်- မည်သည့် ထီဗေဒင် ဆရာ တစ်ဦးနှင့် မည်သို့ သဘောတူညီမှုများဖြင့်၊ မည်သို့ သော စီးပွားရေး ဆန်ဆန် လုပ်ကိုင်ခြင်းများတွင် လည်းကောင်း ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါ။

ဤဆောင်းပါးများသည်- မြန်မာ လူမျိုး နက္ခတ် ဗေဒင် ၀ါသနာ ပါသူများ၊ နက္ခတ် ဗေဒင် ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူများ အား တစ်ဘက် တစ်လမ်းမှ အထောက်အကူ ရစေရန် အတွက်သာ ရေးသားခြင်း ဖြစ်၍- ရှေးကျမ်းမြတ် တို့၏ ပညာကို တန်ဘိုးထား လေးစား စေလို၍သာ ဖြစ်ပါသည်။

တစ်ဆက်တည်း အနေဖြင့်- ထိုသို့သော ပညာရပ်များကို နှောင်းလူတို့ သိနားလည်စေရန် ပညာ ထုတ်ဖေါ်ခဲ့သော ပါရမီရှင် ဆရာသခင် များအား လည်းကောင်း၊ စစ်မှန်သော စေတနာဖြင့် လက်ဆင့်ကမ်း ဝေမျှခဲ့သော ဆရာများအားလည်းကောင်း၊ သီတင်းကျွတ် လပြည့် အခါ သမယတွင် ကျွန်တော် နျူမာန်၏ မဖြစ် စလောက် သော အသိဥာဏ် လေးဖြင့် ဖေါ်ထုတ်တင်ပြယင်း - ဦးညွတ် ကန်တော့ ရေးသားလိုက်ရခြင်းလည်း ဖြစ်ပါသည်။

ဤဇာတာရှင် အနေဖြင့်- သူ၏ ဇာတာကို ရေးသားဖေါ်ပြခွင့် တရားဝင် ခွင့်ပြုခဲ့ပြီးပါပြီ။ သို့သော် တစ်ဘက်သူ၏ ကိုယ်ရေး ကိုယ်တာ အချက်အလက် များအား- လေးစားသည့် အနေဖြင့် လည်းကောင်း- အနှောက် အယှက် ဖြစ်မည် စိုးပါ၍ လည်းကောင်း၊ ဇာတာရှင်၏ အမည်၊ နေရပ် လိပ်စာ တို့ကို ချန်လှပ် ထားသည် မှန်သော်လည်း- ဇာတာရှင်သည် ၁-၈-၂၀၁၁ တွင် ဖွင့်လှစ်သော ၂၇၁ ကြိမ်မြောက် ထီဖွင့်ပွဲတွင် (ဘ-၉၈၉၀၁၂) ဖြင့် ပေါက်သူ ဖြစ်ပေရာ- ဇာတာရှင် ကို အများလည်း သိနိုင်ကြမည် ဖြစ်ပါသည်။

သူ၏ အချက်အလက်များကို ပေးရုံမျှ မက- ဆောင်းပါး ရေးသားခွင့် အတွက်ပါ သဘောတူ ခွင့်ပြုခဲ့သော ဤဇာတာရှင်အားလည်း- အထူးကျေးဇူးတင် ပါကြောင်း ဤဆောင်းပါးမှ တစ်ဆက်တည်း အသိပေးလိုက်ရပါသည်။

ထီပေါက်ခြင်းကို ဆန်းစစ်ရာတွင်-
 

  • အင်အား မထုတ်ရပဲ ရခြင်းမျိုးကို ဖြစ်စေသည့် ၈-တန့် ဘာဝ၊ ၈-တန့် ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၈-တန့် ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို့ကို ပထမဦးစွာ လေ့လာ
  • ကံကောင်းခြင်း၊ သက်တောင့် သက်သာ ရရှိခြင်း ကို ဖြစ်စေသည့် ၉-တန့် ဘာဝ၊ ၉-တန့် ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၉-တန့် ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို့ကို ထပ်မံ လေ့လာ ရပြန် ပါသည်။
  • ပုတ္တရဘာဝ ဟု မြန်မာ ပညာရှင် များ သိထားကြသော ၅-တန့် ဘာဝသည် ဇာတာရှင်၏ ပညာရေး၊ သားသမီးရေးတို့ကိုသာ ဖော်ဆောင် နေသည်မျှ မက- လောင်းကစား တွင် အနိုင်ရရှိခြင်း၊ စတော့ခ် ရှယ်ယာ အရောင်းအ၀ယ်မှ အမြတ်အစွန်း ရရှိခြင်း၊ ထီပေါက် ခြင်း တို့ကိုပါ ထောက်ပံ့ ပေးထား သဖြင့် ၅-တန့် ဘာဝ၊ ၅-တန့် ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၅-တန့် ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို့ကို လေ့လာ ရန် လိုအပ်ပါသည်။
  • ထို့နောက်တွင် တော့ မထင်မှတ်သော ဖြစ်ရပ်တို့ကို ဖြစ်စေသည့် ရာဟု အား လေ့လာရပါသည်။ အဆိုး များ၊ အနှောက်အယှက် များကို ဖြစ်စေတတ်သည့် ရာဟုသည် မူလဇာတာ တွင် တည်နေသော ရာသီ၊ ဘာဝ အိမ်၊ ယှဉ်နေ သော နက္ခတ်၊ စီးထားသော န၀င်း တို့ကို မူတည်၍ ဆိုးကျိုးများ ပေးနိုင် သကဲ့သို့၊ အချို့သူများ အတွက် ရုပ်ဝတ္တု ပိုင်းဆိုင်ရာ အောင်မြင်မှုတို့ကို လည်း ဖြစ်ပေါ် စေ တတ်သည်။
ထီပေါက်ခြင်း နှင့် ချမ်းသာခြင်းကို ရောထွေးမပစ်စေလိုပဲ- ထီပေါက်၍ ချမ်းသာခြင်း၊ ထီပေါက်သော်လည်း မချမ်းသာခြင်း၊ ချမ်းသာ သော်လည်း ထီမပေါက်ခြင်း၊ ငွေကြေး ချမ်းသာခြင်းလည်း မရှိ- ထီလည်း မပေါက်ခြင်း စသည် တို့ သီးခြားစီ ခွဲ၍ ရှူမြင်သုံးသပ် ရပါမည်။

ယခု ဤဆောင်းပါးသည် ထီပေါက်ခြင်း သက်သက် နှင့် ဆိုင်သော ရှုထောင့်ကိုသာ ရေးထား သုံးသပ်ထားခြင်း ဖြစ်ရာ- အခြားသော အခြေအနေ များကိုမူ ထည့်သွင်း သုံးသပ်ပြမည် မဟုတ်ပါ။

မူလ ဘွားဇာတာအား လေ့လာခြင်း။
  • ပထမ ဆင့်အနေဖြင့် ၈-တန့်၊ ၉-တန့်၊ ၅-တန့် သခင်များ၊ ဘာဝများ၊ ထိုဘာဝများတွင် တည်နေသော ဂြိုဟ်များကို စတင်လေ့လာပါမည်။ ဤဇာတာတွင် ၈-တန့် သခင် အနေဖြင့် မရှိပါ။ (မိုးတား စနစ်တွင် အိမ်ရှင် နှင့် သခင် ကို သီးသန့် ခွဲခြား၍- သခင် ခေါ် မူလတြိဂေါဏ အိမ်ရှင်ကိုသာ အဓိက ထားသည်။)
  • ၈-တန့် ဘာဝ တွင် တည်သော ဂြိုဟ်မှာ- ကြာသပတေး ဖြစ်၍- ၄င်းသည် ၉-တန့် သခင် ဖြစ်နေသည်ကို ဦးစွာ တွေ့ရသည်။ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း- ၈-တန့် ဘာဝသည် အင်အား မထုတ်ရပဲ ရခြင်းမျိုးကို ဖြစ်စေသည့် ဘာဝ ဖြစ်၍၊ ၉-တန့် ဘာဝသည် ကံကောင်းခြင်း၊ သက်တောင့် သက်သာ ရရှိခြင်း ကို ဖြစ်စေသည့် ဘာဝ ဖြစ်၏။ ၄င်းတို့၏ သတ္တိ ၂-မျိုး ဆက်စပ်နေသည်ကို သတိပြုရပါမည်။ သို့သော် ဤမျှ လောက်ဖြင့် ထီပေါက်မည်ဟု ပြော၍ မရပါပေ။ ဆက်လက်၍ လေ့လာကြရပါမည်။
  • ထို-ကဲ့သို့ ၈-တန့်တွင် ရပ်တည်နေသော ၉-တန့် သခင် ကြာသပတေးသည် - ၄င်းပိုင်ဆိုင်သော မိန်ရာသီ န၀င်း ကို စီးနင်း ထားသည်။ ၉-တန့် သဘော ၂-ထပ်ကွမ်း ဖြစ်လာပါပြီ။
  • ထိုမျှမကသေး ၈-တန့် ဘာဝ အနေဖြင့် ကြည့်လိုက်ပါက- ထိုကြာသပတေးသည် ၈-တန့်တွင် ရပ်တည်ရုံမျှ မဟုတ်ပဲ- ၄င်း ၈-တန့် ဘာဝ၏ အလယ် ဗဟိုချက် အမှတ် အား ၉၇% ဖြင့် အတိအကျ စီးနင်းထားခြင်း ဖြစ်၏။ ထို့ကြောင့်- ၉-တန့် သခင် တွင်သာ ၈-တန့် သဘော ဆက်စပ် ခြင်း မဟုတ်တော့ပဲ၊ ၈-တန့် ဘာဝ သည်လည်း ၉-တန့်၏ လွှမ်းမိုးမှု အင်အားကို ထပ်ရလိုက်ပြန်သည်။ အင်အား မထုတ်ရပဲ ရခြင်း- ကံကောင်းခြင်း၊ သက်တောင့် သက်သာဖြင့် ရခြင်း တို့ ထပ်မံ ဆက်စပ်လာသည်ကို တွေ့ရ၏။
  • ထိုမျှ မကသေး ကြာသပတေး (၉-တန့် သခင်) အခြားသော ဘာဝများစွာကို လွှမ်းထားသည်ကိုလည်း မြင်နိုင်ပါ၏။
  • ၉-တန့်သခင် ကြာသပတေး အကြောင်းကို တွေ့ရှိခဲ့ရပြီးနောက် - ၉-တန့် ဘာဝတွင် ရပ်တည်သော ဂြိုဟ်နှင့် ၉-တန့် ဘာဝ ဗဟိုချက်အား လွှမ်းမိုးသော ဂြိုဟ်တို့ကိုမူ မတွေ့ရပါ။
  • ထီနှင့် ပတ်သက်သော- လောင်းကစား နှင့် ပတ်သက်သော ၅-တန့် သခင်ကို လေ့လာသော အခါ- ၄င်းသည် တနင်္ဂနွေ ဖြစ်၍- ၉-တန့် သခင် ကြာသပတေးပိုင် ပြုဗ္ဗဘဒြပိုဒ် နက္ခတ်တွင် တည်၏။ လောင်းကစား နှင့် ကံကောင်းခြင်း၊ သက်တောင့်သက်သာ ရခြင်း တို့ ဆက်စပ်လာသည်ကို မြင်ရပါ၏။
  • ၅-တန့် ဘာဝကို လေ့လာ သောအခါတွင် ၄င်းအား - သဘာဝ သောမဂြိုဟ်နှင့် ကာရက သောမဂြိုဟ် ဖြစ်သော ၁၁-တန့် အိမ်ရှင် တနင်္လာမှ ၇၃% လွှမ်းမိုးထား၏။ ၅-တန့် ဘာဝ အင်အားကောင်း ရသွားပါ၏။
  • မထင်မှတ်သော ကိစ္စများကို ဖြစ်စေသည့်၊ ရုတ်တစ်ရက် ရုပ်ဝတ္ထုများ ပိုင်ဆိုင်ခြင်းကို ဖြစ်စေသည့် ရာဟု ကို လေ့လာသော အခါ- ထိုရာဟုသည် ၉-တန့် သခင် (ကံကောင်းခြင်း၊ သက်တောင့်သက်သာ ရခြင်း တို့နှင့် ဆိုင်သော) ကြာသပတေး ပိုင် န၀င်းကို စီးနင်း၍- ရာဟု ပိုင်သော အဒြ နက္ခတ်ကို စီးနင်း ထားပြန်၏။ မထင်မှတ်ပဲ ရုတ်တစ်ရက် ကံကောင်းခြင်းကို ပြဆိုနေပြန်ပါပြီ။



အခြားသော အချက်များကို မလေ့လာပဲ- မိုးတား နည်းစနစ် သက်သက်ဖြင့်- ဤဇာတာရှင် အနေဖြင့်- အင်အား မထုတ်ရပဲ ရခြင်း၊ ကံကောင်းခြင်း၊ သက်တောင့် သက်သာဖြင့် ရခြင်း၊ မထင်မှတ်ပဲ ဖြစ်လာတတ်ခြင်း တို့သည်- ထီပေါက်ခြင်း ဖြစ်မည်ကို တစ်ပြိုင်နက် ပြဆိုနေပြီ ဖြစ်၏။

ထီပေါက် သော ကာလ ကို လေ့လာခြင်း။
ထီပေါက်သော ရက်ပိုင်း ကာလသည် ဒဿာ အားဖြင့်- စနေ ထူလ၊ ရာဟု အန္တရ၊ စနေ ပြတန္တရ ဖြစ်၏။ (စနေ နှင့် ရာဟု ဆိုလျှင် ဂြိုဟ်ဆိုးဟု အများ သိထားကြ၏။)
ဤဇာတာ အတွက် စနေသည် လွန်စွာ အင်အားကောင်းခြင်း၊ ကာရက သောမဂြိုဟ် (၇-တန့်တွင် တည်သော ၁၁-တန့် သခင်ဖြစ်ခြင်း) တို့ကြောင့်- စနေသည် ဇာတာရှင်အား ဒုက္ခမပေးပဲ- ချမ်းသာခြင်း ပေးမည့် ဂြိုဟ် ဖြစ်နေ၏။
ရာဟုသည်လည်း- အထက်တွင် ပြဆိုခဲ့သည့် အတိုင်း ၉-တန့် သခင်နှင့် ဆက်စပ်သော မထင်မှတ်သော ကံကောင်းခြင်းကို ပြဆိုမည့် ရာဟု ဖြစ်ပါ၏။
ဆက်လက်၍- ကောဇာ ဂြိုဟ်များမှ- မူလ ဇာတာရှိ ဂြိုဟ်များ နှင့် ဘာဝ များကို လွှမ်းမိုးထားပုံကို လေ့လာသော အခါ- 
  • ကောဇာ ကြာသပတေး (၉-တန့် သခင်) သည် မူလ ဇာတာ၏ ဘာဝ များစွာ (၁-တန့်၊ ၅-တန့်၊ ၇-တန့်၊ ၉-တန့်) ဘာဝ တို့အား ၈၁% ဖြင့် လွှမ်းမိုးလိုက်၏။ ဤနေရာတွင်- ၉-တန့် သခင် အနေဖြင့်- ၅-တန့်၊ ၉-တန့် တို့အား အင်အားကောင်းစွာ လွှမ်းမိုးလိုက်ခြင်းသည် ထီပေါက်ခြင်း၏ အရေးပါသော အကြောင်းရင်း ဖြစ်၏။
  • လွန်စွာ အားကောင်းသော- တနည်းအားဖြင့် ချမ်းသာခြင်းကို ဖြစ်စေသော ၁၁-တန့် သခင် ကောဇာ စနေသည် ၃၊ ၆၊ ၈၊ ၁၂- တန့်များအား ၁၀၀% အတိအကျ ဖြင့် လွှမ်းမိုးလိုက်၏။ ဤနေရာတွင် ပိုင်ဆိုင် ချမ်းသာ ခြင်း၊ အားမထုတ်ပဲ ရခြင်း တို့ကို မြင်ရ၏။
  • ထိုကောဇာ စနေသည် မူလ ဇာတာမှ ၉-တန့် သခင် ကြာသပတေး အားလည်း ၉၆% လွှမ်းပြီး၊ ကောဇာ ကြာသပတေးမှ (၉-တန့် သခင်) လည်း ၁၁-တန့် သခင် မူလ စနေကို ၆၁% ဖြင့် လွှမ်းမိုးလိုက်ပြန်၏။
ဖြစ်ရပ်တစ်ခု သည် အခြေအနေ အကြောင်းကြောင်းတို့ စုပေါင်း စုံစည်း လာသော အခါ၊ တစ်နည်း အားဖြင့် အင်အားများသည် ဖြစ်ရပ် တစ်ခု အပေါ်တွင် Focus ကျသွားခြင်းဖြင့်- ဇာတာရှင်သည် အတိတ်ကံ၏ အကျိုးပေးကို ခံစားခွင့် ရလိုက်ပါသည်။
ဇာတာရှင် နှင့် သွားရောက် တွေ့ဆုံပြီး အချက်အလက်များ ရယူပေးခဲ့သော မြန်မာ နက္ခတ်သုတေသီ တစ်ဦး အားလည်း- ဤဆောင်းပါး ဖြင့် ပြန်လည် ရှင်းပြ ပေးလိုက်ပါသည်။
လူသား အားလုံး ချမ်းမြေ့ကြပါစေ။

[+/-] show/hide this post

Saturday, September 24, 2011

ဆက်ဒမ် ဟူစိန် (သို့မဟုတ်) ရက်စက်သူလား၊ သားကောင်လား…

လွန်ခဲ့သော နှစ် ၆၀ ကျော် ကျော် ၀န်းကျင်ကာလ ခန့်က၊

တိုက်ဂရစ် မြို့ အနီးရှိ အယ်လ် အူဂျာ ဆိုသော ရွာကလေး တစ်ရွာတွင်- အသက် ၁၀- နှစ် အရွယ် ကလေး ငယ် တစ်ယောက်သည် ဘယ်နေရာ သွားသွား သူ့ကိုယ်သူ ကာကွယ် နိုင်ရန် သံပိုက်လုံး တစ်ချောင်းကို လက်တွင် မြဲမြဲ ကိုင်ဆောင်လျှက်- ဘခင်မဲ့ သူငယ် အဖြစ် လမ်းပေါ်တွင် ကျင်လည် ခဲ့ရ ပါသည်။
ဘခင် မှ ပေးအပ်သော ဘ၀ လုံခြုံမှု တို့ဖြင့် ကြီးပြင်း လာခဲ့ရမည့် အနေအထားကို အသာထား- ဘခင်ကို တွေ့မြင်နိုင် ဘူးသည့် အခွင့်အရေး ကိုပင် သူ မရရှိခဲ့။

လူ့လောက မှပင် ထာဝရ ထွက်ခွာ သွားသည်လား၊ သား နှင့် ဇနီးကို စွန့်ပစ်သွား သည်လား- မသေချာ သည့် ခင်ပွန်း မရှိတော့သည့် နောက်တွင်- အားနွဲ့သူ မိခင် အနေဖြင့်- ခိုကိုးရာ ဖြစ်လို ဖြစ်ငြား- နောက် အိမ်ထောင်ပြု မိလိုက်ပြန်တော့လည်း- ပထွေးဖြစ်သူ အီဗရာဟင် အယ်လ် ဟတ်ဆန်က သားငယ် ကိုပင် သူလိုချင်တာ အတွက် ခိုးခိုင်းခဲ့သူ တစ်ဦး ဖြစ်ပြန် ပါ၏။
ဘခင် မရှိ၊ မိခင် ၏ ချစ်မေတ္တာနှင့် လုံခြုံရာမဲ့ ဘ၀တွင်- အားကိုးရာ ဦးလေး ဖြစ်သူမှာလည်း- လူမမယ် ကလေးငယ်ကို ရက်ရက် စက်စက် ရိုက်နှက် နှိပ်စက် တတ်သူ ဖြစ်နေ ပြန်ပါ၏။
သို့ဖြင့်ပင်- သူသည် နိုင်ရာစား လောက၊ ကြီးနိုင် ငယ်ညှင်း ပတ်ဝန်းကျင် တွင်- “အင်အား ရှိမှ၊ လုပ်ရဲမှ လူတွေက မိမိကိုယ် ကြောက်မည်၊ မိမိ အနေဖြင့် ပျော့ညံ့လျှင် အရာ အားလုံးကို အရှုံးပေးလိုက် ရမည်” ဆိုသော ဘ၀ သင်ခန်းစာကို ရင်မှာ ပိုက်လျှက်- အရာရာကို အကြမ်းနည်း ဖြင့် ရင်ဆိုင်ခဲ့ရပါ၏။
“Brighter Than The Baghdad Sun” ဆိုသည့် စာအုပ်- စာမျက်နှာ ၅၄-၅၅ အရ ဆိုလျှင် - ဆက်ဒမ် အသက် ၉-နှစ် အရွယ် သြဂုတ်လ တစ်လ တွင် မိခင် ဖြစ်သူနှင့် အတူ ရှိနေခိုက်- လူ ၃-ဦးမှ မိခင် ဖြစ်သူရော- ကလေးငယ် ဆက်ဒမ် ကိုပါ အဓမ္မပြုကျင့် ခဲ့ကြသည်ဟု ပင် ဆိုပါသည်။ အသံထွက် ငိုယိုလျှင်- အသတ် ခံရမည် ဖြစ်၍ မငိုစေရန် မိခင်က ဆွဲထိန်းထား ခဲ့ရသည် ဟု ဆိုထားပါသည်။


သူ၏ ဘ၀တွင်-

  • လက်နက် နှင့် လက်ရုံးရည် သည်သာ မိမိ၏ အသက်ရှင်နိုင်မှု-
  • ရက်စက်ခြင်း သည်သာ အောင်မြင်မှုကို ရနိုင်သည့် လမ်းကြောင်း-
  • အများတကာကို အကြောက်တရား ဖန်တီး ပေးထားရခြင်းသည်သာ မိမိအတွက် အလုံခြုံဆုံး-
  • ပိုင်ဆိုင်မှုတို့ကို ကာကွယ်ရန် အတွက် တရားခြင်း၊ မတရားခြင်းကို ဂရုစိုက်စရာ မလို-
  • အသက်ရှင်ချင်လျှင် မည်သူ့ကိုမျှ မယုံနဲ့-
ဆိုသည့် ဆောင်ပုဒ်များကို အသက် ၉- နှစ် ၁၀- နှစ်အရွယ် ကလေးငယ် ၏ နှလုံးသားတွင် ကျောက်ထွင်း ထားသကဲ့သို့- စွဲမြဲစွာ မှတ်ထင် ခဲ့ရပါသည်။

ဤသည်ကား.. ၂၀ ရာစု နှင့် ၂၁-ရာစုတွင် အထင်ရှားဆုံး အာဏာရှင် တစ်ဦးလည်း ဖြစ်၊ ရက်စက် တတ်သူ လူမဆန်သူ တစ်ဦး အဖြစ်လည်း ထင်ရှား ခဲ့သော အီရတ် သမ္မတ ဟောင်း ဖြစ်ခဲ့သူ ဆက်ဒမ် ဟူစိန်၏ ဘ၀ အစပင် ဖြစ်တော့သည်။

သို့ဖြင့်ပင် - အသက်ရှင်သန်ရေး၊ သူထက်သူ အနိုင်ရရေး အတွက် မိမိ အသေခံမလား၊ သူများကို သတ်မလား ဆိုလျှင် - သူများကို သတ်မည့် ဘက်ကို ရွေးခဲ့သူ ဆက်ဒမ်သည်-
  • ၁၉၈၀ ခုနှစ်၊ စက်တင်ဘာလ- ၂၂- ရက် တွင် အီရန် နိုင်ငံကို ကျူးကျော် ၀င်ရောက်ခဲ့ခြင်း ဖြင့်- ၈-နှစ်ကြာ အီရန်၊ အီရတ် စစ်ပွဲကြီးတွင် လူပေါင်း သန်း နှင့် ချီ၍ သေကြေ ပျက်စီး စေခဲ့သည်။
  • ၁၉၈၂ ခုနှစ်၊ ဇူလိုင်လ ၈- ရက်တွင် ဘဂ္ဂဒတ် မြို့မှ မိုင် ၅၀ အကွာရှိ ဒူးဂျေး မြို့ကို သွားလည်ခိုက်- ဒါဝါ ပြောက်ကျား အဖွဲ့များက သူ့အား လုပ်ကြံရန် အတွက် သူ၏ မော်တော်ယဉ်တွဲ ကို ပစ်ခတ် ခဲ့သည် ကို လက်တုန့် ပြန်သည့် အနေဖြင့်- ထိုမြို့လေး ရှိ - သန်သန်မာမာ ယောက်ျား ၁၄၀ ကျော် တို့ကို ဖမ်းဆီးခဲ့ကာ လက်စ ဖျောက်ခဲ့သည်။ ကလေးငယ် တစ်ချို့ အပါအ၀င် လူပေါင်း ၁၅၀၀ ကျော်ကို ဖမ်းဆီး၊ နှိပ်စက် စစ်ဆေး ခဲ့ပြီးနောက်- တစ်နှစ်ကျော်ခန့် အကျဉ်းချထား ခဲ့ပြီးနောက်- ထိုသူများအား တောင်ပိုင်း သဲကန္တာရ ရှိ စခမ်းများသို့ နှယ်နှင် ခဲ့သည်။ ထိုမြို့ တစ်မြို့လုံးကို ဘူဒိုဇာ နှင့် ထိုး၍ ဖျက်ဆီး ပစ်ခဲ့သည်။
  • ၁၉၈၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃- ရက်မှ၊ စက်တင်ဘာလ ၆-ရက် နေ့ အထိ ဆက်ဒမ် အစိုးရသည် အမ်ဖာ ကန်ပိန်း ဆိုသော စီမံချက်ဖြင့်- အီရတ် မြောက်ပိုင်း ရှိ ကာ့ဒစ်ရှ် (ကာ့ဒ် တိုင်းရင်းသား) များ အား ကမ္ဘာ့မြေပေါ်မှ ဖျောက်ပစ်ရန် လုပ်ဆောင်ခဲ့သည်။ ဤ စစ်ဆင်ရေး တွင် အဆင့် ၈-ဆင့် ရှိ၍ - အီရတ် စစ်သား ၂-သိန်း တို့သည် ထိုဒေသကို ၀န်းရံလျှက်- လူများကို ဖမ်းဆီးခြင်း၊ ရွာများကို မီးတင် ရှို့ခြင်းများ ပြုခဲ့သည်။ ဖမ်းမိသူ ယောက်ျား များကို ပစ်သတ်၍ - ကြီးမားသော သူသတ်ကုန်း ဖြစ်ခဲ့ ရသည်။ အမျိုးသမီး၊ ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများကို အကျဉ်း စခမ်းများသို့ ပို့ခဲ့ပြီး- နေရာ တစ်နေရာမှ ခုခံမှု ရှိပါက- ထိုနေရာရှိ အားလုံးကို သတ်ပစ်ခဲ့၏။ ထိုဖြစ်ရပ်တွင် လူပေါင်း တစ်သိန်း၊ ၈-သောင်း၊ ၂-ထောင် ကျော် ရှိခဲ့မည်ဟု ခန့်မှန်း တွက်ချက်ထားကြသည်။ ထိုစီမံကိန်း တွင် ဓါတု အဆိပ် လက်နက် သုံးစွဲခြင်း ကိုလည်း တွေ့ရှိရ၍- လက်သံ ပြောင်ခဲ့သော ဆက်ဒမ်၏ ညီအကို ၀မ်းကွဲ တော်သူ အလီ ဟတ်ဆန် အယ်လ် မာဂျစ် အား "Chemical Ali." ဟူသော ဂုဏ်ပုဒ် တစ်ခု တိုးလာ စေခဲ့သည်။
  • ၁၉၉၀၊ သြဂုတ်လ ၂-ရက်နေ့တွင် ကူဝိတ် နိုင်ငံသို့ ကျူးကျော် ခဲ့ခြင်းကြောင့်- အမေရိကန် ပါ ပါဝင် ပတ်သက် လာရသော ပင်လယ်ကွေ့ စစ်ပွဲကြီးကို ဖြစ်စေခဲ့သည်။
  • ၁၉၉၁၊ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲကြီး အပြီးတွင်- တောင်ပိုင်းရှိ ရှီယား များနှင့် မြောက်ပိုင် ကာ့ဒ် တိုင်းရင်းသား များမှ နေ၍ ဆက်ဒမ်ကို ပုန်ကန် လာကြသည်။ လက်တုန့်ပြန်သည့် အနေဖြင့်- အီရတ် တောင်ပိုင်း တွင် ရှီယား ဘာသာဝင် ထောင်ပေါင်း များစွာကို သတ်ပစ်ခဲ့သည်။ ရွာများကို ဖျက်ဆီးခဲ့သည်။
ဘ၀ မြင်ကွင်းကျယ်။
အရေးပါသည့် သူ့ဘ၀ ရက်စွဲများတို့မှာ-
  • ၁၉၃၇-ခုနှစ်၊ ဧပြီလ ၂၈ တွင် သူ့ကို မွေးဖွားခဲ့သည်။
  • ဘာအာသ် ဆိုရှယ်လစ် ပါတီသို့ ၁၉၅၇ တွင် ၀င်ရောက် ခဲ့သည်။
  • ၁၉၆၈ မှ ၁၉၇၉ တွင် ဒုတိယ သမ္မတ အဖြစ်သို့ ရောက်ခဲ့သည်။
  • ၁၉၇၉ ဇူလိုင်လ ၁၆-ရက် မှ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၉- ရက်နေ့ အထိ အီရတ် သမ္မတ ရာထူးကို ရယူနိုင် ခဲ့သည်။
  • ၁၉၈၀ ခုနှစ်၊ စက်တင်ဘာလ- ၂၂- ရက် တွင် အီရန် နိုင်ငံကို ကျူးကျော်ခဲ့သည်။
  • ၁၉၉၀၊ သြဂုတ်လ ၂-ရက်နေ့တွင် ကူဝိတ် နိုင်ငံသို့ ကျူးကျော်ခဲ့သည်။
  • ၂၀၀၃-ခုနှစ်၊ မတ်လ ၂၀-ရက်နေ့တွင် အမေရိကန် မှ ဗုံးကြဲ တိုက်ခိုက် ပြီးနောက် ၂၀၀၃-ခုနှစ် ဇူလိုင်လ ၂၃-ရက်တွင် သူ၏ သား ၂-ဦး ဖြစ်သူ အူဒေး နှင့် ကူဆေး တို့ သေဆုံးခဲ့သည်။
  • ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလ ၁၃-ရက်၊ ည ၈း၃၀ တွင်၊ တိုက်ဂရစ် မှ ၁၅-ကီလိုမီတာ အကွာ ဖြစ်သော အဒ် ဒွာဝါ တွင် ဖမ်းဆီးခံခဲ့ရသည်။
  • ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာ ၅-ရက်တွင် သေဒဏ် အမိန့် ချမှတ်ခြင်း ခံရသည်။
  • ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀-ရက်တွင် ကြိုးဖြင့် သေဒဏ် စီရင်ခြင်း ခံရသည်။
ဆက်ဒမ် ဟူစိန် နှင့် နက္ခတ္တ အမြင်။
တိုက်ဂရစ် မြို့ အနီးရှိ အယ်လ် အူဂျာ ဆိုသော ရွာကလေး တစ်ရွာတွင်- ၁၉၃၇-ခုနှစ်၊ ဧပြီလ ၂၈-ရက်၊ ဗုဒ္ဓဟူး နေ့တွင် သာမာန် လယ်သမား မိသားစု မှ သူ့အား မွေးဖွားလာခဲ့၏။ မွေးချိန် နှင့် ပတ်သက်၍ မတူညီသော အမြင်များစွာ ရှိကြသော်လည်း- မိုးတား မှ နံနက် ၇း၅၅ ဖြင့် မူတည်၍ တွက်ချက် ပါသည်။


ဤနေရာတွင် ဇာတာခွင်များကို တွေ့ဘူး မြင်ဘူး၊ လေ့လာဘူး ခဲ့သော်လည်း- အခြေခံ သင်္ချာနှင့် ဆက်စပ် မြင်ရန် အခက်အခဲ ရှိသူများ နားလည် စေရန် အတွက် အနည်းငယ် ရှင်းပြ ပေးလို ပါသည်။ ရာသီစက် အနေဖြင့် ဖြစ်စေ- ဘယ်ဘက်တွင် ပြထားသော ဇယားမှ ဖြစ်စေ ကြည့်လိုက်ပါက တနင်္လာ နှင့် အင်္ဂါ တို့သည် ဗြိစ္ဆာ ရာသီတွင် တည်နေပြီး- ၆-တန့် ဘာဝ ဟု ညာဘက် ဇယားတွင် ဖေါ်ပြထား၏။ တစ်ဖန်- ရာဟု သည်လည်း- ဗြိစ္ဆာ ရာသီ ဟု ဆိုထားလျှက်- ညာဘက် ဇယားတွင် ၇-တန့်တွင် တည်သည်ဟု ဆိုထား၏။

ရာသီစက် တစ်ခုတည်းကို ကြည့်၍ ဘာဝ တို့ကို မှန်ကန်စွာ မြင်နိုင်ရန် မဖြစ်နိုင်သော ကြောင့် ရှေးမြန်မာ ပညာရှင်များသည် ဘာဝ ကို သိရန် ဘာဝ စက်ကို သုံးရန် ညွှန်ကြား ခဲ့ကြပါ၏။

၁၂-ရာသီ စက်ဝိုင်း နှင့် ဘာဝ တည်ဆောက်ပုံ သဘောကို နားလည် ထားခြင်း မရှိပဲ- ရာသီ စက်နှင့် ဘာဝစက် တို့ကို ကောင်းစွာ ကွဲပြားစွာ နားမလည် သူများ အနေဖြင့် သော်လည်းကောင်း၊ အခြေခံ ၃၆၀ ဒီဂရီ စက်ဝိုင်း ကြီး သဏ္ဍာန် ရှိထားသော ၁၂-ရာသီခွင်၏ သဘောကို သင်္ချာအမြင် ဖြင့် ဆက်စပ် နားလည် ရန် အခက်အခဲ ရှိသူများ အနေဖြင့် လည်းကောင်း၊ ဘာဝ စက်ကို အသုံးမပြုတတ်သဖြင့် လည်းကောင်း၊ သို့မဟုတ် ဂရုမစိုက် မိ၍ လည်းကောင်း၊ ဘာဝ စက်ကို မသုံးပဲ- ရာသီ စက် တစ်ခုကိုသာ မူတည်၍- လဂ်မှ လက်ထောက် ရေတွက် ပြီး ဘာဝများကို ရေတွက်လျှင် မှားတတ်သော အမှား ဖြစ်ပါ၏။

ပထမဦးစွာ သတိထား ရမည်က- လဂ်သည် ပြိဿ ရာသီ၏ အစွန်းနားလေး၊ မေထုန် ရာသီ အနားဘက် အခြမ်းတွင် ကပ်တည်နေခြင်း ဖြစ်၏။ ဤသို့သော လဂ် ၏ တည်နေရာသည် ရာသီ တစ်ခု၏ အစ ပိုင်းလေးတွင် ဖြစ်စေ၊ အဆုံးပိုင်း ဘက်တွင် ဖြစ်စေ တည်သော ဇာတာရှင်များ အတွက် ရာသီစက် ရှိ လဂ်မှ လက်ထောက် ရေတွက်သူများ အတွက် မှားတတ်နိုင်သော အနေအထား တစ်မျိုး ဖြစ်ပါ၏။ မိုးတား သင်တန်းသား အားလုံး တို့သည်- အခြေခံ အဆင့်မှာပင် မည်သည့် ဘာဝတွင် တည်သည်ကို တွက်နိုင် ကြသော်လည်း၊ အချို့သူတို့ အနေဖြင့် မြင်နိုင်ရန် အခက်အခဲ ရှိနိုင်သဖြင့် အောက်တွင် နားလည် နိုင်အောင် ရှင်းပြပေးထားပါသည်။

အောက်ဖေါ်ပြပါ ပုံတွင် ၁၂-ရာသီ စက်ဝိုင်း၏ အတွင်းဆုံးတွင် ရာသီ များကို တစ်ခုချင်း ဖေါ်ပြပေးထား၍ (အစိမ်းရောင်)- နောက်တစ်ဆင့် တွင် သက်ဆိုင်ရာ ရာသီ ကို ပိုင်ဆိုင်သော ဂြိုဟ်များ (အဖြူရောင်)၊ နောက်တစ်ဆင့်တွင် နက္ခတ်များ (အ၀ါရောင်)၊ နောက်တစ်ဆင့်တွင် နက္ခတ် သခင်များ (အဖြူရောင်)၊ နောက်တစ်ဆင့် ပါဒ ရာသီ ခေါ် န၀င်း ရာသီများ (အ၀ါရောင်)၊ နောက်တစ်ဆင့် တွင်- န၀င်း သခင်များ (အပြာနုရောင်) အဆင့်ဆင့် ဖေါ်ပြထား၏။ မြင်သာအောင် ဒီဂရီများကိုလည်း ဖေါ်ပြပေးထား၏။ (အသေးစိတ် မြင်လိုလျှင် ပုံကို နှိပ်လိုက်ပါ။)

ထိုစက်ဝိုင်း ကို အပြင်ဘက်မှ အပြာရောင်ဖြင့် ထပ်ပါတ် လိုက်သည်က- ဘာဝ စက်ဖြစ်၏။ ဘာဝ စက် သိရန် အတွက် ပထမဦးစွာ လဂ်ကို နေရာချ၏။ လဂ်၏ တည်နေရာ သည် 58.1411936653354 ဒီဂရီ တွင် တည်၏။ ဤသည်ကို ပြိဿ ရာသီမှ တိုင်းပါက- ၃၀ ဒီဂရီ ဖယ်လိုက်သော်- 58.1411936653354 – 30= 28.1411936653354 ဒီဂရီ ဖြစ်၏။ ထို့ကြောင့် ပြိဿ- 28.1411936653354 ဖြစ်လေရာ၊ ၄င်းကို ဒဿမ ပုံစံမှ ဒီဂရီ၊ မိနစ် ပုံစံ ပြောင်းရန် အတွက် - နောက်ရှိ ဒဿမ တန်ဘိုးကို ၆၀ ဖြင့် မြှောက်လိုက်ပါက- (0.1411936653354 x 60= 8.471619920124 မိနစ်) ကိုရ၏။ သံဒိဌ ပြက္ခဒိန် များတွင် ရာသီ၊ အံသာ၊ လိတ္တာ ပုံစံ (တစ်နည်း အားဖြင့်- ရာသီ၊ ဒီဂရီ၊ မိနစ်) အနေဖြင့် ပြသော်- အနီးစပ်ဆုံး အနေဖြင့်- ပြိဿ:28:8 ကို ရပါ၏။
၎င်း လဂ်၏ ဘယ်ညာသို့ ၁၅ ဒီဂရီ စီ ပေါင်း၊ နှုတ် ပေးပြီးနောက်၊ ကျန်ဘာဝ များကို နေရာချပေးလိုက်ခြင်းဖြင့်- ဘာဝ များ အသီးသီး ပေါ်ထွက် လာ၏။


နောက် ပုံတွင်မူ- စောစောက မမြင်သာခဲ့သော တနင်္လာ၊ အင်္ဂါနှင့် ရာဟု တို့သည် ဗြိစ္ဆာ ရာသီ ဖြစ်သော်ငြားလည်း- တည်ရာ ဘာဝချင်း ကွာခြား သွားပုံကို ပြထားခြင်း ဖြစ်၏။
ဤသည်မှာ ခက်ခဲသော သင်္ချာမဟုတ်ပါ။ နက်နဲသော လျှို့ဝှက်ချက် မဟုတ်ပါ။ စက်ဝိုင်းတစ်ခုတွင် ၃၆၀ ဒီဂရီ ရှိသည် ဆိုသော အချက်။ ဘာဝ နှင့် ရာသီများသည် ၃၀-ဒီဂရီစီ အညီအမျှ ရှိကြသည် ဆိုသော အချက်ကို သိလျှင် မည်သူမဆို နားလည် နိုင်ပါသည်။
(၁၂-ရာသီ စက်ဝိုင်းပုံစံ လိုအပ်သူများ ဆရာနျူမာန် (numan@motaa.net) ထံသို့ မိမိ၏ အမည်မှန် ကို ဖေါ်ပြကာ အီးမေးလ် ဖြင့် တောင်းခံနိုင်ပါသည်။)


နက္ခတ်ပညာကို စိတ်ဝင်စားသူများ အခြေခံ သဘောကို ကောင်းစွာ နားလည်စေရန် အတွက်- အကြောင်း ကြုံကြိုက်သဖြင့်- အိုင်းစတိုင်း ၏ ဇာတာ တွင်လည်း ထိုသို့ ဖြစ်နေပုံ လေးကို ရှင်းပြပေးလိုက်ပါသည်။
အိုင်းစတိုင်း ဇာတာတွင် တနင်္ဂနွေ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ တို့သည် မိန်ရာသီတွင် တည်၏။ သို့သော် ညာဘက်တွင် ဖေါ်ပြထားသည်က တနင်္ဂနွေ သည် ၉-တန့် ဘာဝ ဖြစ်ပြီး၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ တို့သည် ၁၀-တန့် တွင် တည်သည်ဟု ဖေါ်ပြထားသည်။ မည်သို့ ဖြစ်သွားပါသနည်း။


လဂ်အံသာ ကို သတိထားမိပါက- ကျွမ်းကျင်သော နက္ခတ် ပညာရှင်သည် ဘာဝ စက်ကို မြင်ယောင်ပြီးနောက်- ဘာဝ တို့ကို မှန်ကန်စွာ တွက်နိုင်၏။ သို့သော် ရာသီ စက် တစ်ခုတည်းသာ ရှိပြီး- လဂ်အံသာကို မသိခဲ့ပါမူ- ဘာဝ တို့သည်လည်းကောင်း၊ န၀င်း တည်နေရာ တို့သည် လည်းကောင်း မှန်ကန် တိကျ တော့မည် မဟုတ်ပါချေ။

ဆက်ဒမ် ဟူစိန် ကိစ္စကို ဆက်လက် ဆွေးနွေးကြပါစို့-
ပထမဦးစွာ အနေဖြင့်- မွေးချိန်များကို ပြန်လည် စိစစ်ရပါသည်။
မတူညီသော မွေးချိန် အများ အပြား ရှိနေသော်လည်း- ၄င်းတို့မှ-
  • ဆက်ဒမ် ဟူစိန်၏ ကိုယ်ခန္ဓာ အရပ်အမောင်း တည်ဆောက်ပုံ အနေအထား။
  • ဆက်ဒမ် ဟူစိန်၏ ဘ၀ အောင်မြင်မှု အနေအထား။
  • ဆက်ဒမ် ဟူစိန်၏ စစ်သွေးကြွမှု၊ ရန်လို တိုက်ခိုက်မှု စရိုက် အနေအထား။
  • ဆက်ဒမ် ဟူစိန်၏ ဘ၀ ဖြစ်ရပ်များကို အားလုံး ကိုက်ညီနေသော အနေအထား
  • စသည်တို့ အားလုံး
ကိုက်ညီသော မွေးချိန်မှာမူ- နံနက် ၇း၅၅ အချိန်သာ ဖြစ်ပါသည်။ အခြားသော ဆရာများလည်း - ၄င်းတို့ အမြင်၊ ရှုထောင့်မှ- တွေ့မြင်သလို ရေးကြ သော်လည်း၊ ဇာတာ တစ်ခု ဖြစ်နိုင်ချေ ရှိမရှိကို- စစ်ဗိုလ်ချုပ် ဖြစ်ရုံ၊ ရာထူး မြင့်မားရုံ စသည် မျှလောက် ကိုက်ညီရုံမျှ ဖြင့် ဇာတာ အမှန်၊ မွေးချိန် အမှန် ဟု မယူဆ သင့်ပါပေ။ ဇာတာရှင်၏ သွင်ပြင် လက္ခဏာ၊ စရိုက်၊ ဘ၀ အနေအထား အားလုံးကို ပြဆို နိုင်စွမ်း ရှိနေမှသာ ထိုမွေးချိန် သည် အမှန် ဖြစ်ပါသည်။

ဤဇာတာအရ- ဆိုပါက- လဂ်၊ တနင်္ဂနွေ ဂြိုဟ်၊ တနင်္လာဂြိုဟ် (တစ်နည်းအားဖြင့် လဂ် ၃-ပါး) သည် - အရပ် အမောင်း ကောင်းခြင်းကို ဖြစ်စေသည့် ဂြိုဟ်များ ပိုင်ဆိုင်ရာ န၀င်း တို့တွင် သာ ကျနေသည်။ ရာသီ စက်မှ ဆိုလျှင်- တနင်္ဂနွေ ဂြိုဟ် နှင့် တနင်္လာဂြိုဟ် တို့သည် အရပ်ရှည်သော ဂြိုဟ်များ ပိုင်ရာ ရာသီတွင် ကျနေ၏။ ထို့ကြောင့် ဤဇာတာရှင်သည် အရပ်ရှည် ရမည် ဖြစ်၏။ ဆက်ဒမ် ဟူစိန်သည် အရပ် ၆ ပေ။ ၂ လက္မ မြင့်သော- သူလူမျိုး အနေနှင့် သာမက- နိုင်ငံတကာ ခေါင်းဆောင်များ အကြားတွင် အရပ်မြင့်သော စာရင်းဝင် ဖြစ်ပါသည်။

တစ်ဖန်- မည်သည့် အတွက်ကြောင့် တောရွာ တစ်ခုမှ ဘခင်မဲ့ သား တစ်ယောက်သည်- ထင်ရှားသော၊ သြဇာ အာဏာ ကြီးမားသော အီရတ် သမ္မတ အဖြစ်သို့ ရောက်လာခဲ့ရပါသနည်း။


တနင်္ဂနွေ ဂြိုဟ်သည်
ဥုစ်လည်း ဖြစ်၊ မိတ်လည်း ဖြစ်သော မိဿ ရာသီတွင် တည်ထား၏။ သို့သော်လည်း ၁၂-တန့် ဘာဝ ဖြစ်နေ၏။ ၁၂-ဘာဝ (ဗျာယ) ဘာဝ ဆိုသည်မှာ ဆုံးရှုံးခြင်း၊ ပူပင် သောက ရောက်ရခြင်းကို ကိုယ်စားပြုခြင်း၊ ရပ်ဝေး မြေခြားကို ကိုယ်စားပြုခြင်း တို့ကို သရုပ်ဆောင်၏။ ၄င်းသည် ၄-တန့် အိမ်ရှင် လည်း ဖြစ်၏။ ဘ၀ ၏ အစပိုင်းတွင်- သောက ဗျာပါဒ ဖြင့် စတင်ရခြင်း၊ အေးချမ်း သာယာမှု မရှိခြင်း၊ ဘခင်ကို ဆုံးရှုံးခဲ့ရခြင်း တို့သည် မူလ ဇာတာတွင် ကနဦး တည်နေရာ က ပြဆောင်နေ၏။
သို့သော်- မိဿရာသီ ၏ အလယ်မှတ် ဖြစ်သော ၁၅ ဒီဂရီ အနီးတွင် ကပ်လျှက် တည်၏။ (မိုးတား စနစ်တွင် ဥုစ်အံသာ၊ နိစ် အံသာကို အသုံးမပြုပါ။) ဥုစ်ဖြစ်သော မိဿရာသီ၏ အင်အားကို အပြည့်နီးနီး ရလိုက်ခြင်းဖြင့် အင်အား ကောင်းသွား၏။
တစ်ဆက်တည်း တွင် ရာသီ တစ်ခု၏ အစပိုင်း၊ အဆုံးပိုင်းတွင် ကျရောက် သော အံသာ နုခြင်း၊ ရင့်ခြင်းများ မရှိတော့ပဲ တောင့်တင်း ခိုင်မာသော အံသာ အင်အားကို ထပ်ရ၏။ ထပ်မံ၍ မိတ် အင်အားကို ရ၏။
ထပ်မံ၍ ကောင်းသွားသည်က- မူလတြိဂေါဏ အနေဖြင့် တနင်္ဂနွေမှ ပိုင်ဆိုင်သော သိဟ် န၀င်းကို စီးနင်းထားပြန်၏။
နောက်ထပ်- အင်အားကောင်းစေသည့် အချက်က- တနင်္ဂနွေ ရပ်တည်ရာ ၁၂-တန့်ဘာဝ၏ အလယ်မှတ်အား ကာရက သောမ ဖြစ်သော ၅-တန့် သခင် ဗုဒ္ဓဟူးမှ နီးစပ်စွာ လွှမ်းထားခြင်းဖြင့် တနင်္ဂနွေသည် အလွန် အင်အားကောင်းသွား ရပါ၏။
သို့သော် ဒုဌာနတွင် တည်ထားခြင်း၊ ရန်သူ နှင့် ဆိုင်သော ၆-တန့် သခင် သောကြာပိုင်သည့် မိဂသီ နက္ခတ်ကို စီးနင်းထားခြင်းဖြင့် ရန်လိုလားသော စိတ်ဓါတ်များ၊ ဘ၀တွင် ရန်သူတို့၏ တိုက်ခိုက်ခံရခြင်းများ နှင့် ယှဉ်တွဲနေသော အောင်မြင် ဘုန်းတန်ခိုး ကြီးမှု ဖြစ်စေပါတော့၏။

အင်္ဂါ သည်-
တိုက်ခိုက်ခြင်း၊ စစ်ရေး တို့ကို ကိုယ်စားပြုသော ဂြိုဟ်ဖြစ်ကြောင်း- ဗေဒင် အခြေခံ ရှိသူ အားလုံး သိပြီး ဖြစ်ကြပါ၏။ သူ၏ ဇာတာတွင် အင်္ဂါသည် ၁၂-တန့် အိမ်ရှင် ဖြစ်ကာ၊ ၆-တန့် ဘာဝတွင် တည်၏။ ရှေးကျမ်း အဆိုတို့ အရ ရာဇ တစ်မျိုး ယောဂ ပင် ဖြစ်သည်ဟု သတ်မှတ်ကြသော်လည်း- မိုးတား အနေဖြင့်မူ- ဤအချက်သည် ကောင်းသော အချက်ဟု မယူပါ။ စည်းစိမ် ချမ်းသာ အေးချမ်းစွာ တို့ကို ပျက်စီးစေခြင်း၊ စိုးရိမ်မှု ကင်းစွာ စိတ်လွတ် လက်လွတ် အိပ်စက် ရခြင်းတို့ကို ပျက်စီးစေသော အချက် ဖြစ်၏။
သို့သော်- အင်္ဂါသည် ၄င်းပိုင် ရာသီတွင် တည်၏။ အင်္ဂါ တည်ရာ ကိုရော၊ အင်္ဂါ ပိုင်ဆိုင်ရာ ဘာဝ တို့၏ အလယ်မှတ်များကို ၅-တန့် သခင် ဗုဒ္ဓဟူးမှ ကောင်းစွာ ထောက်ပံ့ ပေးထား၏။ ၄င်း ရပ်တည်ရာ ဗြိစ္ဆာ ရာသီ၏ အလယ် ၁၅-ဒီဂရီ အနီးတွင် တည်သဖြင့် အိမ်ရှင် ၏ အင်အားကို အတိုင်းအတာ တစ်ခု ထပ်ရထား၏။ နောက်ထပ် ပံ့ပိုးပေးလိုက်သည်က ၄င်းနှင့် နီးကပ်စွာ ပူးနေသော ၃-တန့် သခင် တနင်္လာ ဖြစ်၏။

ဤအချက်တို့သည် မည်သည်ကို ဆိုလိုနေပါသနည်း။
သွေးသံ နှင့် ရက်စက်မှု၊ ရဲရင့်မှု တို့ကို ပုံဆောင်သော အင်္ဂါသည် အင်္ဂါပိုင် ရာသီတွင် တည်ခြင်း၊ ရဲရင့်စွာ အကောင်အထည် ဖေါ်ခြင်းကို တာဝန်ယူသည့် ၃-တန့် သခင်နှင့် ပူးခြင်း၊ ရန်သူ နှင့် ဆိုင်သော ၆-တန့်တွင် တည်ခြင်း- အားလုံးတို့သည် ရက်စက်မှု၊ သတ်ဖြတ်မှု၊ တို့ကို ပုံဖေါ် ပေးနေကြပါ တော့၏။
တောက်မဲ့ မီးခဲ တစ်ရဲရဲ ပင် ဖြစ်သော်လည်း- အင်အားရှိသော ဂြိုဟ်များသည် ဒုဌာန များတွင် တည်နေခဲ့ခြင်း၊ မွေးဖွားခဲ့ချိန်တွင် စနေ ထူလ၊ အင်္ဂါ အန္တရ၊ ကာလ ဖြစ်ခြင်း တို့သည်ကား- ပြင်းထန်စွာ ကြမ်းတမ်း ရုန်းကန် ခဲ့ရသည့် လူမမယ် ကလေး ဘ၀ကို ရည်ညွှန်းနေတော့သည်။






သူ၏ ဘ၀မှ မည်သည့် သင်ခန်းစာများကို ရလိုက်ပါသနည်း။
လူသားတစ်ယောက်- မှ အခြားလူသားများကို သတ်ဖြတ်ခြင်း ဖြစ်စေ၊ ထိုလူသားအား အပြစ်ဒဏ်ဖြင့် သေဒဏ် စီရင်ခြင်း ပင် ဖြစ်စေ- ကောင်း သော ကိစ္စရပ် များ၊ ဖြစ်သင့်သော ကိစ္စရပ်များ၊ လိုလားအပ် သော ကိစ္စရပ်များ မဟုတ်ပါပေ။ အနိဋ္ဌာရုံ တို့သာ ဖြစ်ပါ၏။
ဆက်ဒမ် ဟူစိန်သည် -
  • ရှေးကံ အကြောင်း တို့ကြောင့်- ဘ၀ တွင် ဒုက္ခ သုက္ခများ နှင့် ရှင်သန် ခဲ့ရ၏။
  • ရှေးကံ အကြောင်း တို့ကြောင့်- အသက် မသေခဲ့သော်လည်း- နာကျည်းမှုများ၊ မုန်းတီး ရက်စက်မှုများ ပေါက်ဖွားခဲ့ရ၏။
  • ရှေးကံ အကြောင်း တို့ကြောင့်- ဘုန်းတန်ခိုး ကြီးမားခွင့်၊ လူများစွာ၏ ဘ၀ကို ပိုင်ဆိုင် ချယ်လှယ်ခွင့် ရခဲ့၏။
  • ရှေးကံ အကြောင်း တို့ကြောင့်- အရာ အားလုံး ဆုံးရှုံးခဲ့ရလျှက်၊ လည်ပင်း နှင့် ကြိုးကွင်း စုလျား ရစ်ပါတ် ခဲ့ရ၏။
ရှေးကံ ဟူသည်မှာ အဘယ်နည်း။
မမြင် မသိခဲ့သော အတိတ်ဘ၀ မှ ကံတို့ သက်သက် ကိုသာ ရည်ညွှန်းနေပါသလား။
ဤသို့ မဟုတ်ပါချေ။
မျက်မှောက် ကာလ အခိုက် အတန့် မတိုင်မီ ပြုလုပ်ခဲ့သော ကောင်းသော ကံ၊ မကောင်းသော ကံ - တို့သည် ရှေ့မှ ပြုသော ကံ၊ တစ်နည်းအားဖြင့် ရှေးကံ ဟု ခေါ်နိုင်ပါသည်။ ထိုကံ တို့သည် သက်ဆိုင်ရာ အကျိုးပေးရမည့် အချိန်ကာလ ကို စောင့်ဆိုင်း နေကြ၏။
  • မနေ့က လူသတ်ခဲ့လျှင်- ဒီနေ့ ၀ါးရမ်းပြေး ဖြစ်လျှင် ဖြစ်၊ မဖြစ်လျှင် အချုပ်ခန်းတွင် အမှု အတွက် စောင့်ဆိုင်း နေရပါမည်။ နောင်တ နှင့် သောက တို့ ခံစား နေရ ပါပြီ။
  • မနေ့က တိုက်ပေါ်က ခုန်ချခဲ့လျှင်- ယခု ဆိုလျှင် ရင်ခွဲသို့ ရောက်နေပါပြီ။
အကြောင်း တရားသည် အကျိုး တရားကို ဖြစ်စေ၏။ ကောင်းသော အကြောင်းတို့သည် ကောင်းသော အကျိုး တရားကို ဖြစ်စေ၍၊ မကောင်းသော အကြောင်း တရားတို့သည် မကောင်းသော အဆိုးတရား တို့ကို ဖြစ်စေ၏။
အတိတ် ဘ၀ ပေါင်းများစွာမှာ ပြုလုပ်ခံသော အကြောင်းတရား တို့ကို မမြင်သိ ရသော်လည်း- မြင်သိ နိုင်သည့် နေ့စဉ် နှင့် အမျှ ပြုနေကြသော ကံ များ (တနည်းအားဖြင့် အကြောင်းတရားများ) တို့ ရှိနေကြ၏။
တစ်ဖန်- ဖြစ်ရပ် တို့ ဖြစ်လာရာတွင်လည်း ပထမ အကြောင်းသည် နောက်ဆက်တွဲ အကျိုး တရား ဖြစ်စေ၍၊ ထို အကျိုးတရားသည် နောက် ဒုတိယ ဆင့် အတွက် အကြောင်း တရား ဖြစ်သွားစေ၏။ ထို အကြောင်းတရားသည် နောက် အကျိုး တရားကို ထပ်ဆင့် ဖြစ်စေသွား၏။ ဤသို့ဖြင့် - Chain Reaction ခေါ် ဆင့်ကဲ ဆက်တိုက် ဖြစ်သွားသော သဘော ရှိ၏။ ထိုကဲ့သို့ တစ်ခုမှ တစ်ခုသို့ ဆက်တိုက် အကျိုးပြုသွားသော Chain Reaction ကို ပဋ္ဌာန်း တရားတော်တွင် "ပစ္စယာ"၊ "ပစ္စယော" အထောက်အပံ့ ဖြစ်စေခြင်း - ဖြင့် ပြထား၏။
မြင်သာအောင် ရိုးစင်းသော ဥပမာဖြင့် ထပ်မံ ပြဆိုပါမည်။
ကြမ်းတိုက်ရာတွင် ရေစဉ်အောင် မတိုက်မိသော ကံ ကြောင့်-
  • ကြမ်းပြင်ပေါ်တွင် ချော်လဲ၏။
  • ချော်လဲမှု ကြောင့်- လက်ထောက်မိ၏။
  • လက်ထောက်မိသောကြောင့်- လက်ကောက်ဝတ် ကျိုးသွား၏။
  • လက်ကောက်ဝတ် ကျိုးသွားသောကြောင့် ဆေးရုံ သွားရ၏။
  • ဆေးရုံသွားရသောကြောင့်- လုပ်စရာ ကိစ္စများ ပျက်၍၊ ငွေကုန်၏။
  • လက်ကျိုးသွားသောကြောင့်- အလုပ်များ၊ အစီအစဉ်များ ပျက်ပြားကုန်တော့၏။
ဤသည်တို့သည်ကား- Chain Reaction ခေါ် ဆင့်ကဲ ဆက်တိုက် ဖြစ်သွားသော ကံ များ ဖြစ်၏။
ဤနေရာတွင် ကြမ်းပြင် ချောနေသည်ကို သတိမထားမိသော နမော် နမဲ့ နိုင်သည့် ကံ၊ အလောတကြီး ဖြစ်ရသော ကံ စသည် တို့ကလည်း ချော်လဲ ဖြစ်အောင် ထောက်ပံ့ သွားသေး သည်ကို သတိပြုပါ။

ဖြစ်ရပ်များစွာတို့ တွင် ဆင့်ကဲ ဖြစ်ရပ် တို့သည် ယခု ထက်ပင် ရှုပ်ထွေး တတ်သည်ကို သတိပြုပါ။
ဆင့်ကဲ ကံတို့က ဆက်တိုက် ပို့ဆောင် သွားရာတွင် အခြေအနေ တစ်ခုသို့ ရောက်သွားပါက အစ ပထမတွင် မိမိ ရွေးချယ်ခဲ့ သော လမ်းကို မူတည်၍ နောက်ပိုင်းတွင် ရွေးချယ် စရာလမ်းတို့ သိပ်မရှိတော့ပေ။ စောစော က ကံ၏ စီမံရာကိုပင် နာခံရတော့၏။ ဖြစ်ရပ် တို့၏ ကနဦးပိုင်းတွင် ရွေးချယ် စရာလမ်း ရှိခဲ့ သော်လည်း- ထိုဇတ်လမ်းကို မိမိ သရုပ်ဆောင် ကပြမှု တို့သည်- နောက်ပိုင်း ဇတ်သိမ်း အနေအထား မည်သို့ ဖြစ်မည်နည်းကို သတ်မှတ်၏။

ဥပမာ-
  • တစ်စုံ တစ်ယောက်က မိမိအား စော်ကား၏။
  • စော်ကားမှု ကြောင့် ဒေါသထွက်၏။ (သဘာဝ အဆင့် ဖြစ်သော်လည်း- နောက်တစ်ဆင့် မည်သို့ လုပ်ဆောင် မည်ကို ရွေးချယ် နိုင်သေး၏။)
  • ဒေါသကြောင့်- လူသတ် မိ၏။ (ဤအဆင့်တွင် လူမသတ်မိအောင် နေလိုက် မိလျှင် နောက်ဆက်တွဲ တို့ ပြောင်းသွားနိုင်၏။)
  • လူသတ်မိခြင်းကြောင့်- အချုပ်ထဲ ရောက်၏။ (ဤအဆင့်တွင် ၀ါးရမ်းပြေး လုပ်မည်လား၊ အဖမ်းခံမည် လား ရွေးချယ်စရာ နည်းလာပြီ ဖြစ်၏။)
  • အချုပ်ထဲ ရောက်ပြီ ဆိုလျှင် တရား ဥပဒေ၏ ဆုံးဖြတ်ချက် ကို လိုက်နာရုံမှ တစ်ပါး ရွေးချယ်စရာ သိပ်မရှိတော့ပေ။
ရာဇ၀တ် မှုကို မဖေါက်ဖျက်သူ၊ ကိုယ်ကျင့်တရား ထိန်းသိမ်း နိုင်စွမ်း ရှိသူ၊ သတိ ၀ိရိယ ကြီးသူ တစ်ယောက်အား-
  • ရာဟု နှင့် ကိတ် ဘယ်လို ဆိုးဆိုး။ ဘယ်လို ပူးပူး
  • အင်္ဂါ နှင့် စနေ ဘယ်လို ဆိုးဆိုး- အခြား အခြေအနေ ဖြင့် ဒုက္ခပေး သော်မှ ထောင်ထဲ ပို့ရန်၊ သေစား သေစေရန် မလုပ် နိုင်ပါပေ။ (အခြား ဖြစ်ရပ်များ၊ အတိတ်ကံ နှင့် ဆက်စပ်သော ကံ တို့ကိုမူ သတိပြုရန် ဖြစ်၏။)
ထိုနည်းတူ-
စာမေးပွဲ အောင်မည်ဟု ဗေဒင်ကိန်းခန်း များက သေချာပေါက် ဆိုနေပါစေ။ စာမေးပွဲ သွားမဖြေသူ အား-  
  • ကြာသပတေး ဂြိုဟ်ကြီးမှ မည်သို့ ပူးထား မြင်ထားပါစေ၊
  • ဗုဒ္ဓဟူး ဂြိုဟ်မှ မည်သို့ လွှမ်းမိုး ထားပါစေ။
ထိုသူ စာမေးပွဲ မည်သို့ အောင်ပါမည် နည်း။ ဤသည်ကား "ပယောဂ ၀ိပတ္တိ" နှင့် "ပယောဂ သမ္ပတ္တိ" တို့ကို ဆိုလိုခြင်း ဖြစ်၏။

ဂြိုဟ်တို့သည် အခြေ အနေ များ အကောင်း အဆိုး ဖြစ်ခွင့် သာ-မသာ ကိုသာ တံခါးဖွင့်ပေး၏။ ထိုတံခါးမှ ဆက်လက် လျှောက်သူကား မိမိ ကိုယ်တိုင် ဖြစ်၏။ ထို့ကြောင့်- "ရာဟု က သတ်တာ၊ ကိတ် ကြောင့် သေတာ၊ အင်္ဂါ ကြောင့် သွေးထွက် သံယို ဖြစ်တာ" ဟု ဆိုခြင်းသည် အရပ် သဘော နားလည် အောင်သာ အလွယ် တကူ ဆိုကြခြင်း ဖြစ်၏။

အတိတ် ကံကြောင့် ဖြစ်ကို ဖြစ်ရမည် ဆိုလျှင်- ပစ္စပ္ပန် ကံ တို့ကို လျစ်လျူရှုရာ ရောက်သွားပြီ ဖြစ်၏။

ဤသို့သော အယူအဆ များသည်ကား- ဘ၀ တစ်ခုသည် ကြိုတင် သတ်မှတ် ထားပြီးသား၊ predetermined ဖြစ်သည်၊ ဖြစ်ရပ် တို့သည် ကံကြမ္မာ အတိုင်း ရှောင်လွှဲလို့ မရ- fated ဖြစ်သည် ဟု ယူဆ ထားကြ သော Destiny ကို အားပြုသည့် ၀ါဒ များ ဖြစ်၍- ဗုဒ္ဓဘာသာ ၏ ကံ-ကံ အကြောင်းတရား တို့နှင့် မပါတ်သက် ပါချေ။ တစ်ဖန်- လုပ်လျှင် ဖြစ်ရမည် ဆိုသော Free Will ဆိုသည်မှာလည်း အထက်မှ အယူ အဆ နှင့် ဆန့်ကျင်သည့် အယူဝါဒ ဖြစ်ပါ၏။

ကံ ဟု ဆိုခြင်းမှာ- အတိတ် ကံ အားလုံး (ယခု မျက်မှောက် မတိုင်မီ အထိ ပြုသမျှ ကံ အားလုံး) ကို ဆိုခြင်းသာ ဖြစ်၍- မမြင်ရသော အတိတ် ဘ၀ များစွာ မှ ကံ နဲ့ ရောထွေး မှု မရှိသင့်ပါပေ။

တစ်ဖန်-

လူ နှင့် ပါတ်ဝန်းကျင် တို့၏ ကိစ္စသည်လည်း အရေးပါလာပြန်၏။ ပတ်ဝန်းကျင် ဆိုရာတွင်- ထိုသူ ကြီးပြင်းရာ ဒေသ၊ ထိုဒေသ ရှိ လူတို့၏ စရိုက် နှင့် အသိဥာဏ် အနေအထား၊ ခေတ်ကာလ အနေအထား အားလုံး တို့သည်လည်း- ၄င်းတို့သည်- "ဂတိ ၀ိပတ္တိ ၊ ဂတိ သမ္ပတ္တိ" နှင့် "ကာလ ၀ိပတ္တိ၊ ကာလ သမ္ပတ္တိ" တို့ကို ဆိုလိုရင်း ဖြစ်၏။

ကျွန်တော့် အနေဖြင့် ဗေဒင် ဆောင်းပါးများ ရေးသားရာတွင်- စာဖတ်သူ အားလုံးတို့အား- ဗေဒင် ကို ယုံလာ စေရန် တိုက်တွန်း ခြင်း ရည်ရွယ်ရင်း မရှိပါ။ ကျွန်တော့် ဆီတွင် ဗေဒင် လာကြည့်စေရန် ရည်ရွယ်၍ ရေးသားခြင်း မျိုးလည်း မဟုတ်ပါ။ ဗေဒင်သည် ရှေးကံ ကြောင့် ဖြစ်လာ စေနိုင်သော အနေအထား ကိုသာ ပြဆို နိုင်၍- လူတိုင်းသည် မိမိ ၏ ရှေ့ဆက်ရမည့် ကံကြမ္မာကို မိမိ ရေးသား နိုင်ရန်၊ မိမိ အနေဖြင့်- မကောင်းသော အခြေ အနေ တစ်ရပ်မှ ကောင်းသော အခြေ အနေ တို့သို့ ဆက်လက် ချီတက်နိုင်ရန်၊ ရှေးပညာရှိ များ၏ ပညာရပ် ကို တန်ဘိုးထား နားလည် စေရန် သာ ရည်ရွယ်၍ ရေးသားခြင်းသာ ဖြစ်ပါသည်။

ဆက်ဒမ် ဟူစိန် သည် - အတိတ် ကံ တို့၏ အကျိုးပေး ကြောင့်- ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်လာ နိုင်စရာ အနေအထားများ၊ ရွေးချယ်လိုက ရွေးချယ် နိုင်ခွင့် များ ရှိခဲ့သော်လည်း- ၄င်း ရွေးချယ် လျှောက်လှမ်း ခဲ့သည့် လမ်းသည်- သူ ၏ ယခု ဘ၀ ဇတ်သိမ်း နှင့် နောင်သံသရာကို အဆုံး အဖြတ် ပေးသွားကြောင်းကို စာရှုသူများ နားလည် စေလိုပါသည်။

အားလုံး ချမ်းမြေ့ကြပါစေ။

[+/-] show/hide this post

Wednesday, September 14, 2011

အကြွေစောတဲ့ ကြယ်တစ်ပွင့်။ ပေါ့ပ် နှင့် ရော့ခ် တေးဂီတ ပညာရှင် Marc Bolan


မကြာခင် ရောက်ရှိတော့မည့် စက်တင်ဘာလ ၁၆-ရက်နေ့သည်ကား- လူငယ် အနုပညာရှင် Marc Bolan လူ့လောကမှ ထွက်ခွာသွား ခဲ့သည့် ၃၄ -နှစ်မြောက် ကာလ ဖြစ်ပါသည်။
  • သူသည် စက်တင်ဘာလ ၃၀-ရက် ၁၉၄၇ တွင် လူ့လောကသို့ ၀င်ရောက်လာခဲ့၏။
  • သူသည် စက်တင်ဘာလ ၁၆-ရက် ၁၉၇၇ တွင် လူ့လောက မှ ထွက်ခွာသွားခဲ့၏။ အသက် ၃၀ ပြည့်ရန် ၂-ပတ် အလို ဖြစ်၏။
  • သူသည် တေးသီချင်း ရေးသားသူ ဖြစ်၏။
  • သူသည် ဂစ်တာ တီးခတ်သူ၊ ကဗျာ ရေးစပ်သူလည်း ဖြစ်၏။
  • ကမ္ဘာကျော် တေးဂီတ ဖြစ်သော “တီရက်စ် T. Rex” တေးဂီတ တွင် ဦးဆောင် ဖျော်ဖြေသူ၊ အဆိုတော်၊ ဂစ်တာ သမား ဖြစ်၍- ထိုစဉ်က ကမ္ဘာကျော် ရော့ခ် တေးဂီတ တီးဝိုင်းဖြစ်သော “တီရက်စ် T. Rex” ကို တည်ထောင် ခဲ့သူလည်း ဖြစ်၏။
နောက်ခေတ် လူအများက သူ့ကို သိပ်မသိကြသော်လည်း- ထိုခေတ်ကို မှီခဲ့သော၊ သူ့ အနုပညာကို ချစ်ခဲ့ကြသော ပရိဿတ် တို့အတွက် မှာမူ သူသည် မမေ့ နိုင်စရာ ဖြစ်ပါ၏။

ထူးဆန်းတာလေး တစ်ခုတော့ ရှိပါ၏။ 
  • သူမသေဆုံးခင် ၃-ရက်က မာ့က် Marc Bolan နှင့် ဒေးဗစ် ဘိုးရီး David Bowie (နာမည် ကြီး ဗြိတိသျှ အဆိုတော် တစ်ဦး) တို့ နှစ်ဦးသား သည် မာက့် Marc အတွက် ဘီဘီစီ BBC စီးရီး သွင်းနေသော စတူဒီယို တွင် အတူ တီးမှုတ် သီဆိုခဲ့ကြ၏။ ထိုတီးမှုတ်ပွဲတွင် - စတိတ်ခ်ျ စင်မြင့် သည်- သူတို့ နှစ်ဦး အတွက် မလုံလောက်တော့ ဟု ပင် ဆိုရမလား မသိ၊ မာက့် အနေဖြင့် စတိတ်ခ်ျ စင်မြင့် အစွန်းသို့ ရောက်ခဲ့ပြီး ပြုတ်ကျခဲ့၏။ ဤသည်ကပင်- မာ့က် တစ်ယောက် စင်ပေါ်မှ ဆင်းရတော့မည် ဆိုသည်ကို ဖေါ်ပြနေသော နိမိတ်လေလား တော့ မသိ။
  • ဒေးဗစ် ဘိုးရီး သည် ဤကိစ္စ မတိုင်ခင် ကာလ တစ်ခုက- လက္ခဏာ ဆရာတစ်ဦးထံတွင် လက္ခဏာ ကြည့်ခဲ့သည် ဟု ဆိုပါ၏။ ထိုလက္ခဏာ ဆရာမှ ဖတ်ကြား ခဲ့သည်မှာ ဒေးဗစ် ဘိုးရီး David Bowie၊ ဂျီမီ ဟန်းဒ်ရဇ် Jimi Hendrix နှင့် မာ့က် ဘိုလန် Marc Bolan တို့ ၃-ဦး အနေဖြင့်- လူ့ဘောင် လောကတွင် နှစ် ကာလ အနည်းငယ် မျှသာ နေကြမည့် ကံကြမ္မာ ရှိသည်ဟု ဆိုပါသည်။ ထိုစဉ်က ဂျီမီ ဟန်းဒ်ရဇ် တစ်ယောက် ဆုံးပါး ခဲ့ပြီး ဖြစ်ပါ၏။ သိပ်မကြာခင် ကာလတွင်ပင် မာ့က် တစ်ယောက် ပါ သေဆုံးသွားချိန်မတော့ သွေးပျက် တစ်မျှ ကြောက်လန့် ခဲ့ရသူမှာ ဒေးဗစ် ဘိုးရီး David Bowie ပင် ဖြစ်ပါတော့၏။ သို့သော် ကံကြမ္မာက ဘယ်လို ဖြစ်သွားသလဲတော့ မသိ- ဒေးဗစ် ဘိုးရီး တစ်ယောက်ကတော့ ယခု အချိန် အထိ သက်ရှိထင်ရှား ရှိနေပါ သေးသည်။ ဘာပဲ ပြောပြော -Final Destination ရုပ်ရှင် များထဲက အတိုင်း တော့ မဟုတ်ကြဟုပင် ဆိုရမည်လား မသိ။
အောင်မြင်တဲ့ အနုပညာရှင် ဘ၀ နှင့် နက္ခတ္တ အမြင်။
အထက်မှ ဖေါ်ပြခဲ့သော ဇာတာကိုပင် စက်ဝိုင်းပုံ ဇာတာ အနေဖြင့် ပြန်လည် ဖေါ်ပြထားခြင်း ဖြစ်၏။
သို့ရာတွင် ထန်းဖူး ဇာတာများကဲ့သို့ မိဿ ရာသီကို အပေါ်ဆုံးမှ စတင်ရေးဆွဲခြင်း မပြုပဲ၊ အနောက်တိုင်း ဇာတာ ပုံစံများကဲ့သို့- နေထွက်ရာ မျဉ်း (လဂ်) ကို ဘယ်ဘက် မှ စတင် ဖေါ်ပြထားသည်။ ဤပုံစံ အားဖြင့် မည်သည့် ဂြိုဟ်များသည် မိုးကုတ် စက်ဝိုင်း အပေါ်တွင် တည်နေသည်။ မည်သည့် ဂြိုဟ်များသည် မိုးကုတ် စက်ဝိုင်း အောက်တွင် တည်နေသည်ကို သိနိုင်သည်သာ မက- ဂြိုဟ်များ စုစည်း တည်ဆောက်ပုံကိုပါ ပို၍ လွယ်ကူစွာ မြင်နိုင်ပါသည်။ ထိုသုံးသပ်ချက်များကို ဤဆောင်းပါးတွင် ဖေါ်ပြခြင်း ပြုမည် မဟုတ်ပဲ- မိုးတား သင်တန်း ပထမဆင့် အောင်မြင်သူများ ကိုသာ ပို့ချပေးပါသည်။
အောင်မြင်ခြင်းကို သရုပ်ဖေါ်သည့် တနင်္ဂနွေသည်-
ဘ၀ နှင့် အလုပ်အကိုင်ကို ဖေါ်ပြသည့် ၁၀-တန့် ဘာဝ ၏ သခင် အဖြစ်ဖြင့်- လာဘ ဘာဝ ဖြစ်သော ၁၁-တန့်တွင် တည်သည်။ ရာသီ အားဖြင့် မိတ်ရာသီတွင် တည်လျှက်- မိုးတား တွက်ချက်နည်းများ အရ ၇၇% အင်အား ရရှိထား၏။ ၄င်းအား တနင်္လာ မှ ၇-တန့် အမြင်ဖြင့် ၈၈% လွှမ်းမိုး ထောက်ပံ့ ထားသေး၏။ တနင်္လာသည် ၅-တန့်ဘာဝတွင် တည်သော ၉-တန့် သခင်ဖြစ်၏။ ကောင်းသော တနင်္လာ အနေဖြင့် ဘ၀ အောင်မြင်မှု၊ အလုပ် အကိုင် နှင့် ဆိုင်သော တနင်္ဂနွေအား ကောင်းစွာ ထောက်ပံ့ခြင်းဖြင့်- ဇာတာရှင်သည် အများ၏ ချစ်ခင်မှု၊ စန်းပွင့်သည် ဟု ဆိုရသော ပရိဿတ် ထောက်ခံမှု ကို ရရှိသော အလုပ်အကိုင် ဘ၀ အခြေ အနေ ဖြစ်နိုင်စရာ အခြေအနေကို ရည်ညွှန်းထား၏။

၁၀-တန့် သခင် အနေဖြင့်- သောကြာပိုင် န၀င်းကို စီးနင်းထားခြင်းက- အနုပညာနှင့် ဆိုင်သော လုပ်ငန်း၊ အောင်မြင်မှု ကိုအခြေ အနေ ပေးသော ဖြစ်ရပ် တစ်ခုလည်း ဖြစ်ပါ၏။ ထိုမျှ မကသေး- ၁၀-တန့် သခင် တနင်္ဂနွေသည် တနင်္လာပိုင် သော ဟဿတ နက္ခတ်နှင့်လည်း ယှဉ်ထား၏။ ဇာတာရှင်၏ အောင်မြင်မှု၊ အများ၏ ထောက်ခံမှု၊ အလုပ်အကိုင်၊ အနုပညာတို့ ဆက်စပ် နေပုံကို မြင်လာရ၏။
တနင်္လာသည်-
သဘာဝ တာဝန် အားဖြင့် ဇာတာရှင်၏ စိတ်၊ ခံစားမှု နှင့် အများ၏ ချစ်ခင် ထောက်ခံမှုကို တာဝန်ယူသော ဂြိုဟ်ဖြစ်၏။ ယခု အခါ ၉-တန့် ဘာဝ သခင် အဖြစ်ဖြင့် ၅-တန့်တွင် ရပ်တည်၏။ မိတ်ရာသီတွင် ရပ်ထား၏။ အင်အား အနေအထားအားဖြင့် အကောင်းဆုံး ဂြိုဟ်ဖြစ်ကာ ဤဇာတာတွင် ၉၆% ရထား၏။ ကောင်းသော ကာရက တာဝန်ကို ယူထားသည့် တနင်္ဂနွေ၏ သမသတ် အမြင် ၈၈% ကိုလည်း အပြန်အလှန် ရထား၏။ အများ၏ ချစ်ခင်မှု ထောက်ခံမှု စန်း အနေအထားကောင်းသော အခြေအနေကို ပြဆိုနေ၏။
သို့သော် ၄င်းအား ဆုံးရှုံးခြင်း တို့ကို တာဝန် ယူသော ၁၂-တန့် ဘာဝ (ဗျာယ ဘာဝ) သခင် သောကြာ မှ သမသတ် အမြင် ရထား၏။ ဤဇာတာတွင် သောကြာသည် ဂြိုဟ်ဆိုး ဖြစ်၏။ တစ်ဖန် သောကြာသည် မော်တော်ယာဉ် နှင့် ခရီးသွားလာ ခြင်းကို သဘာဝ တာဝန်ယူထားသော ဂြိုဟ်လည်း ဖြစ်၏။
ဆက်လက် စစ်ဆေးသော အခါ- 
  • ဤဇာတာတွင် ၁-တန့်ဘာဝ သခင် မရှိသောကြောင့်- ၁-တန့်ဘာဝ ကိုယ်တိုင် နှင့် ၁-တန့်ဘာဝ တွင် ရပ်တည်သော ဂြိုဟ်တို့လည်း စစ်ဆေးကြည့်ရန် လိုပါ၏။ ၁-တန့်ဘာဝ ၏ အလယ်မှတ်အား နှောက်ယှက် ဖျက်ဆီးသော အနေအထား မရှိသလို၊ ထောက်ပံ့ ကူညီသော ဂြိုဟ်လည်း မရှိပါချေ။
  • အခြေအနေ ဆိုးသွား သည်က- ၁-တန့် ဘာဝတွင် လာရောက် ရပ်တည်နေသည့် ကြာသပတေး ဖြစ်၏။ ကြာသပတေးသည် ရာဟုနှင့် ကိတ်တို့၏ စုပေါင်း ထိုးနှက် ခြင်း ပမာဏ ၁၉၅% အထိ ရထားသည့် အပြင် ၄င်း အနေဖြင့် တောင့်ခံနိုင်သည့် အင်အားမရှိ။ စုစုပေါင်း အင်အား အနေအထား အားဖြင့် ၅၆% သာ ရထား၏။
  • အသက်ကို စောင့်ရှောက်ရမည့် အင်္ဂါသည် နိစ်ရာသီတွင် တည်နေသည် သာမက- အင်အားမှာလည်း ၃၄% မျှသာ ရှိ၏။ အသက်ရှည်မှုကို တာဝန်ယူသော စနေသည် လည်း အလွန် အားနည်း၏။ ၃၂% သာရှိ၏။
  • အသက်အန္တရာယ် ကို ကာကွယ်ရမည့် ၃-တန့် ဘာဝ၏ အလယ်မှတ် သည် မတော်တစ်ဆ ဖြစ်ခြင်းကို အစိုးရသော ၆-တန့် သခင်လည်း ဖြစ်၊ သွေးထွက် သံယို ကိစ္စများကို တာဝန်ယူသော ဂြိုဟ်ဆိုး အင်္ဂါ၏ လွှမ်းမိုးမှုကို ၇၁% အထိ ရထား၏။ ထိုဂြိုဟ်ဆိုး ဖြစ်သော အင်္ဂါသည် ဇာတာရှင်၏ ၃-တန့်၊ ၄-တန့်၊ ၉-တန့်၊ နှင့် ၁၂-တန့် ဘာဝများကို တစ်ပြိုင်တည်း ဖျက်ဆီးထား၏။
  • အထက်ပါ အခြေအနေတို့သည် အသက် အန္တရာယ် အတွက် စိုးရိမ်ရသော အနေအထားများ ဖြစ်နေ၏။
  • မော်တော်ယာဉ် နှင့် ခရီးသွားလာရေးကို တာဝန် ယူသည့် နိစ်ရာသီတွင် တည်နေရုံမျှ မကသေး- အင်အားမှာလည်း အနှုတ်ပြနေ၏။
 ဤအချက်များ အနေဖြင့် ဘာကို ဆိုလိုနေပါသနည်း။ အဖြေမှာ ရှင်းသည်ထက် ရှင်းလာပါ၏။  
  
မထင်မှတ်တဲ့ ဘ၀ တစ်ကွေ့။
မိသားစု အတူတကွ စားသောက်ပြီး ပြန်လာခဲ့သည့် စက်တင်ဘာလ ၁၆-ရက်နေ့ နံနက် စောပိုင်း သည်ကား- မာ့က် ဘိုလန် တစ်ယောက် လူ့လောက မှ အပြီးတိုင် ထွက်ခွာသွားသည့် နေ့ဖြစ်သည်ဟု မည်သူမျှ မထင်မှတ်ထားပါချေ။ (မှတ်ချက်- အချို့သော ဆိုက်ဒ်များတွင် စက်တင်ဘာလ ၁၆-ရက် ည ဟု မှားယွင်းစွာ ဖေါ်ပြကြ သော်လည်း- ထိုစဉ်က သတင်းစာကို မှီငြမ်း ထားသည့် http://progressivevalues.blogspot.com/2009/07/death-cars-of-stars-austin-mini-1275-gt.html တွင်မူ ပိုမို မှန်ကန်စွာ ဖေါ်ပြထားခြင်း၊ မိုးတား တွက်ချက်နည်း အရ- အင်္ဂါဂြိုဟ်၏ အမြင် ၅-ဒီဂရီ အတွင်း ဖြစ်ရန် ပြန်လည် စိစစ် ထားခြင်း တို့ကြောင့်- နံနက် ၂း၀၀ မှ ၃း၀၀ အကြားတွင် ဖြစ်မည် ဟု တွက်ချက် ရရှိပါသည်။ သတင်းစာ ဖေါ်ပြချက် အရ နံနက်ခင်း စောစောပိုင်း ၄-နာရီ မတိုင်မီ ခန့်ဟု ဖေါ်ပြထားချက် နှင့်လည်း နီးစပ် ကိုက်ညီ ပါသည်။)
သူ၏ မိန်းကလေး ချစ်သူ ဂလိုရီယား ဂျူန်း၊ ၂-နှစ် အရွယ်သားငယ် နှင့် တကွ အော်စတင် မီနီ ကားငယ် လေးဖြင့် ပြန်လာခဲ့ကြရာတွင် ကားမောင်းသူ ဂျုန်း အနေဖြင့် ကားကို မထိန်းနိုင်ပဲ သစ်ပင်နှင့် ၀င်တိုက် မိခဲ့ရာမှ- မာ့က် ဘိုလန် တစ်ယောက် ပြင်းထန်သော ဒဏ်ရာများစွာဖြင့် ပွဲချင်းပြီး ဆုံးပါးခဲ့ရပါသည်။
အမှန်တော့လည်း မာ့က်ဘိုလန် နှင့် နီးစပ်သူများ ကံဆိုးတတ် လေသလား၊ သက်တမ်းတို ကြသလား ဟုပင် ပြောစရာ ဖြစ်ပါ၏။
  • မာ့က် ဘိုလန် နှင့် အတူ “တီရက်စ် T. Rex” တေးဂီတ ကို ထူထောင်ခဲ့သူ စတိဗ် တွခ် Steve Took သည် ၁၉၈၀ နှစ်တွင် အစာနင်ပြီး ရုတ်တစ်ရက် သေဆုံးခဲ့သည်။
  • ၁၉၈၁-တွင် “တီရက်စ် T. Rex” တေးဂီတ အဖွဲ့ဝင် စတိဗ် ကာရီ Steve Currie သည် ပေါ်တူဂီ နိုင်ငံ မော်တော်ယဉ် မတော်တစ်ဆမှု နှင့် သေဆုံး ရပြန်သည်။
  • သူ၏ မိဘ နှစ်ပါး စလုံးသည် ၁၉၉၁ တွင် သေဆုံးခဲ့သည်။
  • မာ့က် ဘိုလန် ၏ ဇနီး ဟောင်း ဖြစ်သူ ဂျွန် ဘိုလန် June Bolan၊ သူ၏ မန်နေဂျာ တိုနီ ဆီကွန်ဒါ၊ တိုနီ၏ ဇနီးဟောင် ဖြစ်သူ ချဲလီတာ တို့သည် သက္ကရာဇ် ၁၉၉၄၊ ၁၉၉၅၊ ၂၀၀၀ တို့တွင် နှလုံး ရောဂါဖြင့် အသီးသီး သေဆုံးခဲ့ကြသည်။
  • သူ၏ ထုတ်လုပ်သူ မူရီရယ် ယန်း၊ သူ၏ မန်နေဂျာ တစ်ဦးဖြစ်သူ တိုနီ ဟောင်ဝဒ်၊ မိန်းကလေး ချစ်သူ ဂျုန်း၏ အကို ရစ်ချတ် ဂျုန်း၊ နှင့် သူငယ်ချင်း ဖြစ်သူ ဂျိုရေး ရာမွန် တို့ ၄-ဦးသည် ၂၀၀၁ ခုနှစ်တွင် ဆက်တိုက် သေဆုံးခဲ့ကြသည်။
  • အခြားခြားသော များစွာတို့ ရှိပါသေးသည်။ ဆက်လက် မဖော်ပြတော့ပါ။
ဇာတာ ဆန်းစစ်ချက် အရ။
ဤရက်ပိုင်း ကာလသည် သောကြာ ထူလ၊ တနင်္လာ အန္တရ၊ ရာဟု ပြတန္တရ ကာလ ဖြစ်၏။
သောကြာသည် ၁၂-တန့်သခင် ဖြစ်ကာ၊ ဆုံးရှုံးခြင်းကို တာဝန်ယူထား၏။ တနင်္လာသည် အင်အားကောင်းသော်လည်း မူလ ဇာတာတွင် သောကြာ၏ ဖျက်ဆီး ထားမှုကို ခံထားရ၏။ ရာဟု သည်
မမျှော်လင့်သော ဖြစ်ရပ်များကို ဖြစ်စေသော ဂြိုဟ် ဖြစ်၏။
ဒဿာ အနေအထားအားဖြင့် ကောင်းသော ကာလ မဟုတ်သည် ကတော့ သေချာပါပြီ။ မကောင်းသော ကောဇာတို့၏ အနေအထားကို တောင့်ခံ နိုင်သော ဒဿ မဟုတ်ပါချေ။
ကောဇာ ဆန်းစစ်ကြမည် ဆိုပါက- (မလိုအပ်သော ရှုပ်ထွေးမှုများ မဖြစ်စေရန် အတွက်၊ ယူရေးနပ်စ်၊ နက်ပ်ကျွမ်း၊ ပလူတို တို့ကို မသုံးသပ်ပါ။) 
  • မတော်တစ်ဆမှု ၆-တန့် နှင့် သွေးထွက်သံယိုမှုကို တစ်ပြိုင်တည်း တာဝန်ယူထားသော ကောဇာ အင်္ဂါသည် မူလ တနင်္ဂနွေအား ၉၀% ဖြင့် လွှမ်းမိုး တိုက်ခိုက် ထား၏။
  • မော်တော်ယဉ်၊ ခရီးသွားလာခြင်းကို ကိုယ်စားပြုသော သောကြာ၊ တစ်နည်းအားဖြင့် ဆုံးရှုံးမှု ၁၂-တန့် သခင်လည်း ဖြစ်သော မူလ သောကြာအား ကောဇာ ရာဟု နှင့် ကိတ်တို့မှ စုစုပေါင်း အင်အား ၁၉၄% ဖြင့် လွှမ်းမိုးလိုက်၏။ သောကြာသည် မူလကပင် အနှုတ် အင်အား ပြနေသော ဂြိုဟ်ဖြစ် သဖြင့်- ထိုဂြိုဟ်ဆိုးများ လွှမ်းမိုးမှုကို တားဆီး နိုင်သော အင်အား မရှိပါချေ။
  • အသက်ရှည်မှု အတွက် အရေးပါသော မူလ စနေ ဂြိုဟ် အား ၁၂-တန့် သခင် ကောဇာ သောကြာမှ ၈၇% ဖြင့်လည်းကောင်း၊ ကောဇာ ကိတ်မှ ၆၉% ဖြင့် လည်းကောင်း တစ်ပြိုင်တည်း တိုက်ခိုက်ထား၏။ မူလ စနေသည်လည်း ပင်ကိုယ်ကပင် အားမရှိသည်ကို အမှတ်ရပါ။
  • ယခင်ကပင်- မူလ ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးခြင်း ခံထားရသော ၃-တန့် ဘာဝ အလယ်မှတ် အား မတော်တစ်ဆ အန္တရာယ် နှင့် သွေးထွက် သံယို တာဝန်ခံ ကောဇာ အင်္ဂါသည် ၆၀% ဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်ပါသည်။
  • ထိုမျှ မကသေး- ထို ကောဇာ အင်္ဂါသည် ပြင်းထန်သော မတော်တစ်ဆမှု နှင့် အသက် အန္တရာယ်ကို ကိုယ်စားပြုသည့် မရဏ ဘာဝ ခေါ် ၈-တန့်၏ အလယ်မှတ် အား တစ်ဆက်တည်း ထိုးနှက် ပစ်လိုက်ပါ၏။
  
ကံကြမ္မာ၏ ရိုက်နှက်ချက်တို့သည်ကား ပြင်းထန်ပါ၏။ မူလက အင်အားမရှိသော ဂြိုဟ်တို့သည်- ကောဇာ လွှမ်းမိုးမှုတို့ကြောင့် ဖြစ်လာသော အဆိုးဓါတ် အင်အားတို့ကို တောင့်ခံနိုင်ခြင်း မရှိခြင်းသည်- ဇာတာရှင်၏ အသက်၊ ဘ၀ ကို အဆုံးသတ် ပေးလိုက်ခြင်းပင် ဖြစ်တော့၏။
ဥပစ္ဆေဒက ကံဖြင့် သေဆုံးခြင်းသည်ကား- ကောင်းသော နှုတ်ဆက် ခွဲခွာခြင်း မဟုတ်ပါပေ။ ဥပစ္ဆေဒက ကံဖြင့် သေဆုံးခဲ့ရသော အခြားသော ဇာတာများကိုလည်း အောက်ပါ ဆောင်းပါးများတွင် ရေးသားခဲ့ပြီး ဖြစ်သောကြောင့် သွားရောက် လေ့လာ ဖတ်ရှုနိုင်ပါသည်။
အားလုံး ချမ်းမြေ့ကြပါစေ။

[+/-] show/hide this post

Saturday, August 20, 2011

သိန်းရာချီ ထီဆုကြီးပေါက်သူ မြန်မာ တစ်ဦး၏ ဇာတာ။

မြန်မာပြည်တွင် ဝေဒပညာဖြင့် ထီသုတေသန လုပ်နေသူ၊ ထီ အကြံပေးနေသူ မိတ်ဆွေ တစ်ဦးမှ ထီပညာ ပိုင်းဆိုင်ရာ ဝေမျှ ပေးပါရန် အကူအညီ တောင်းခံ လာခဲ့သဖြင့်- သူနှင့် တကွ အခြားခြားသော ထီသုတေသီ များအတွက်- တိကျသော လမ်းညွှန်မှု ရစေရန် ဤဆောင်းပါး ကို ရေးပေး ရခြင်း ဖြစ်ပါသည်။

ထီသုတေသန လုပ်သူဖြစ်ဖြစ်၊ မည်သည့် သုတေသန လုပ်သူ ဖြစ်ဖြစ်- အားပေး ပါသည်။ အကောင်းဆုံး ဖြစ်အောင် လည်း ကူညီနိုင်သည့် ဘက်မှ ကူညီပေးမည် ဖြစ်ပါသည်။
သို့သော်--
အားကိုးတစ်ကြီး ဗေဒင် လာမေးသူအား ထီအကြောင်းပြု၍- ထီပေါက်ကိန်း ရှိသည်။ သူ့ထံတွင် ထီထိုးပါ။ ထီလက်မှတ်ကို သိဒ္ဓိတင်ပေးထား မည် ဖြစ်၍- ယခု ပြန်မပေးလိုက် နိုင်ပါ ဟု ဆို၍ ထီလက်မှတ် ယူထားပြီးနောက်တွင် - ထီလက်မှတ်ဘိုးတွင် တစ်ခါ၊ ထီပေါက်လျှင် တစ်ခါ၊ ကော်မရှင်စား ပြီးနောက်- သိန်းရာနှင့် ချီ၍ ထီပေါက်သော အခါ ထွက်ပြေးသွားသော ထီပညာရှင် အမည်ခံ - ဗေဒင် လောကကို အိုးမည်း သုတ်သူ တို့ လုပ်ခဲ့သော လမ်းကြောင်းကို လျှောက်ခြင်းကိုကား- လုံးဝ အားမပေးပါ။ ကျွန်တော်သာ တင် မက- ဗေဒင်ကို ချစ်မြတ်နိုးသူ ပညာရှင်၊ ၀ါသနာရှင် အားလုံးတို့ သည်လည်း ဤသူမျိုးကို ကဲ့ရဲ့ ရှုံ့ချမည်သာ ဖြစ်ပါသည်။ ငါးခုံးမ တစ်ကောင်ကြောင့်- တစ်လှေလုံး ပုပ်ခြင်း ဖြစ်၏။
တစ်ဆက်တည်းတွင်- ထီထိုးချင်သူ ကိုယ်တိုင် မိမိ ဇာတာကို ကြည့်၍- ထီပေါက်နိုင် မပေါက်နိုင် ကိုယ်တိုင် သုံးသပ်နိုင်မည် ဆိုလျှင်- ထိုအလိမ် စက်ကွင်း မှ လွတ်မြောက်နိုင်မည်ဟု ယူဆ၍လည်း ဤဆောင်းပါးကို ရေးရခြင်း ဖြစ်ပါသည်။
ကျွန်တော့် အနေဖြင့် ထီသုတေသန ပြုခဲ့သော- အောက်ပါ ဆောင်းပါးတို့ကိုလည်း ယခင်က ရေးသား ဖေါ်ပြခဲ့ပြီးပါပြီ။

ထီနှင့် ပတ်သက်၍ သိသင့်သိထိုက်ထားသင့်သော အချက်များ။
 
မည်သည့် ဖြစ်ရပ် - ကောင်းသည့် ဖြစ်ရပ် ဖြစ်စေ၊ ဆိုးသည့် ဖြစ်စေ- ထင်ရှားသော ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်း အားလုံးသည် မူလ ဇာတာတွင် မပါရှိပဲ မည်သည့် အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်း မရှိပါ။ အဘယ့်ကြောင့် ဆိုသော်- ဇာတာရှင်၏ အတိတ်ဘ၀ ကုသိုလ်ကံ၊ အကုသိုလ်ကံ အကြောင်းတရား ကြောင့်- ကောင်းကင်ရှိ ဂြိုဟ်တာရာ ဖွဲ့စည်း တည်ဆောက်မှုတို့ က - ဇာတာရှင်၏ မွေးဖွားချိန်တွင် လွှမ်းမိုး ထားပြီးနောက်- မည်သည့် ဖြစ်ရပ်များ ဖြစ်လာနိုင်စရာ ရှိသည်ကို မူလ ဇာတာတွင် သတ်မှတ် ပုံဖေါ် ပေးလိုက်သောကြောင့် ဖြစ်ပါ၏။
သုတေသန ဆန်းစစ် နည်းစနစ်များကို အသုံးပြုသည့်- မိုးတား ကိုယ်ပိုင်နည်းသည် ရှေးကျမ်းရင်းတို့မှ နောက်ခံ အနှစ်သာရ ကို အခြေခံ၍ ဇာတာပေါင်း များစွာအား သုတေသန တွေ့ရှိချက်များမှ ဖေါ်ထုတ်ထားခြင်းကြောင့်- သမားရိုးကျ ထီပေါက်ကိန်း ဟောကိန်း များစွာနှင့် ခြားနားပါသည်။
ထီအကြောင်း ရေးသားကြသည့် များစွာသော ထီစာအုပ်များ၊ ထီဆောင်းပါးများတွင် - ချမ်းသာခြင်း နှင့် ထီပေါက်ခြင်းကို ရောပြွမ်း ရေးသားထား ကြသည်ကို တွေ့ရပါသည်။
အထူးသဖြင့် ထီပေါက်ခြင်းကို စစ်ဆေးကြရာတွင်- ကြာသပတေး ဂြိုဟ်၊ နှင့် ၂-တန့်ဘာဝ တို့ကို စစ်ဆေး ကြသည်က များပါ၏။
ပညာရှင် တစ်ဦးအနေဖြင့်- ထီပေါက်ခြင်း နှင့် ချမ်းသာခြင်းကို ကိုယ်တိုင် ခွဲခြားသုံးသပ် နိုင်ခြင်း မရှိပါက - နက္ခတ္တဗေဒ ပညာကို မသိသူ အများစု အနေဖြင့်မူ သိလာနိုင်စရာ မရှိပါတော့ပေ။
ထီကိစ္စကို အသာထား-
 
ကြွယ်ဝ ချမ်းသာခြင်းကို အုပ်စုခွဲ လေ့လာမည် ဆိုလျှင်ပင်-
  • ငယ်စဉ်က ချမ်းသာ ပြည့်စုံမှု မရှိခဲ့ပဲ- နောင်မှ မိမိ ကိုယ်တိုင် ရိုးသားစွာ ကြိုးစား ၍ အောင်မြင် ချမ်းသာခြင်းမျိုး၊
  • ငယ်စဉ်က ချမ်းသာ ပြည့်စုံမှု မရှိခဲ့ပဲ- နောင်မှ မိမိ ကိုယ်တိုင် မမှန်မကန်သော ဖြတ်လမ်းနည်းဖြင့် ကြိုးစား ၍ အောင်မြင် ချမ်းသာခြင်းမျိုး၊
  • ငယ်စဉ်ကလည်း ချမ်းသာ ပြည့်စုံသလို- မိမိကိုယ်တိုင် ဥစ္စာ စီးပွားရှာရာတွင်လည်း အရည်အချင်း ဖြင့် မူလ အနေအထားထက် မြင့်မားသော ချမ်းသာခြင်းမျိုး။
  • ငယ်စဉ်ကလည်း ချမ်းသာ ပြည့်စုံသလို- ကြီးပြင်းလာရသည့် အသိုင်းအ၀ိုင်းတွင် ဂုဏ်သိက္ခာ မြင့်မားသော သူတို့ ပတ်ဝန်းကျင်ဖြင့် သိက္ခာ ရှိစွာ၊ အဆင့်အတန်း မြင့်စွာဖြင့်- ပြည့်စုံ ချမ်းသာ ကြသူမျိုး။
  • ငယ်စဉ်က ချမ်းသာ ပြည့်စုံ သော်လည်း မိမိ၏ အရည်အချင်း မပြည်စုံမှုကြောင့် မူလ အဆင့်မှ ကျဆင်းသွားရသော ဇာတာမျိုး။
  • ငယ်စဉ်က ချမ်းသာ ပြည့်စုံ သော်လည်း မိမိကိုယ်တိုင် မိမိ၏ ဥစ္စာပစ္စည်းကို ဖျက်ဆီးတတ်ခြင်းကြောင့် မူလ အဆင့်မှ ကျဆင်းသွားရသော ဇာတာမျိုး။
ထီပေါက်သူတို့ကို လေ့လာရာတွင်လည်း-
 
  • မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - ထိုမှ တစ်ဆင့် ချမ်းသာအောင် ဖန်တီးနိုင်သူမျိုး (အလွန့်အလွန် ရှားပါးသည်)
  • မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - ထိုအဆင့်အတန်း အနေအထားကိုပင် ဆက်လက် ထိန်းသိမ်း နိုင်သူမျိုး (ရှားပါးသည်)
  • မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - လက်ရှိ အခက်အခဲ ကို ယာယီဖြေရှင်း၊ တစ်သက်လုံး မကိုင်နိုင်သော ငွေကို ဟိုဟို ဒီဒီ ပတ်ရမ်း ခြင်းဖြင့် အချိန် ၅-နှစ်မှ ၁၀-နှစ် အတွင်း ငွေကြေးအားဖြင့်- ဒုံရင်းသို့ ပြန်ရောက်သွားသူများ (ထီဆုကြီး ပေါက်သူတို့၏ အများဆုံး အနေအထား ဖြစ်၍ ၇၀% မျှ ရှိပါ၏။)
  • မိမိပေါက်သော ထီဆုငွေကို အခြေပြု၍ - လက်ရှိ အခက်အခဲ ကို ယာယီဖြေရှင်း၊ မသုံးသင့်သော နေရာများတွင် သုံးစွဲ၊ ဖြုန်းတီး၍ သော်လည်းကောင်း၊ မကျွမ်းကျင်သော လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ၊ အလိမ်ခံရ - စိတ်ရော လူပါ ထောင်းထောင်းကြေ၊ ပြီးနောက် ၁၀-နှစ် အတွင်းပင်လျှင် လူ့လောက မှ ထွက်သွားကြသူများ၊ သို့မဟုတ် များစွာ အတိဒုက္ခရောက် သွားကြသူများ။ (အထက်ပါ အုပ်စု တွင်ပါဝင်သော မျိုးကွဲ တစ်ခု ဖြစ်ပါ၏။)
 
အမှန်အားဖြင့် ထီပေါက်သူနှင့် ချမ်းသာသူတို့မှာ ကွာခြားချက် များစွာ ရှိပါ၏။
  •  ချမ်းသာသူ- တို့တွင် ငွေတစ်ခုတည်း ရှိခြင်းမဟုတ်၊ ငွေနှင့် တကွ- လုပ်ငန်း အကြောင်း ကျွမ်းကျင်မှု၊ အလုပ်သမား စီမံ အုပ်ချုပ်နိုင်မှု၊ စီးပွားဘက် မိတ်ဆွေ၊ အပေါင်းအသင်း၊ အဆက်အသွယ် လမ်းကြောင်း တို့ရှိကြ၏။ အချို့တွင်မူ- တန်ဘိုးဖြတ် မရသော နာမည်ကောင်း ပါ ရရှိထားကြ၏။
  • ထီပေါက်သူ အများစုသည် ငွေရှိလာသော အခါ မိမိကိုယ်မိမိ ချမ်းသာသွားပြီ၊ ဘ၀ပြောင်းသွားပြီဟု ထင်မိတတ်၏။ လက်ရှိ မိမိကျွမ်းကျင်သော လုပ်ငန်းတွင် (ယခင် အရင်း အနှီး မရှိခင်က မိမိလုပ်ကိုင်သော လုပ်ငန်းတွင်) ချဲ့ထွင် လုပ်မည် ဆိုပါစို့- ယခင်က ထိုလုပ်ငန်း - လုပ်ပုံ လုပ်နည်း သိသော်မှ - ငွေကြေး နှင့် စီမံ အုပ်ချုပ်တွင် မကျွမ်းကျင်လျှင်- ပြဿနာတို့ တက်လာမည် ဖြစ်၏။ မိမိတွင် ငွေအချောင်ရခြင်းကို အကြောင်းပြု၍- ချဉ်းကပ်လာသူ ဟိုဘက် ဒီဘက် အမျိုးများ၊ မိတ်ဆွေများ တို့တွင်လည်း- ထိုသူတို့၏ မိမိအပေါ် ထားသည့် သဘောထား၊ ရိုးသားမှု၊ စွမ်းဆောင်ရည် အရည်အချင်း၊ တို့ကို - အမှန်အကန် အတိုင်း ဝေဘန် ဆန်းစစ် လက်တွဲ လုပ်ကိုင် နိုင်ရန် မှာလည်း သိပ်မလွယ်သော ကိစ္စ ဖြစ်၏။ အဆက်အသွယ် လမ်းကြောင်းတို့တွင်လည်း- လုပ်ငန်းရှင် စစ်စစ်များနှင့် ယှဉ်၍ မရ။ မိမိတွင် ယခင်က ကျွမ်းကျင်သော လုပ်ငန်း မရှိထားပဲ- အခြားသူ၏ လုပ်ငန်းတွင် စပ်တူလုပ်ခြင်း၊ ယခုမှ လုပ်ငန်းသစ် တစ်ခုကို စတင်ခြင်း လုပ်မည် ဆိုသော် ပို၍ ဆိုးသော စိမ်ခေါ်မှု အနေအထားများကို ကြုံတွေ့ရမည် ဖြစ်၏
  • အဆိုးဆုံး အချက်တစ်ခုမှာကား- လူသည် လောကဓံ ၏ သားကောင် ဖြစ်၏။ ရုတ်တစ်ရက် ငွေကြေး အနေအထား ထင်ရှားစွာ ပြောင်းသွားသူအား- လောက ဓမ္မ ခေါ် လောကဓံ ၊ လောကတရား၏ ရိုက်ခတ်ခြင်းကို ခံရခြင်း ဖြစ်၏။ လာဘ်ရမှု၊ အခြံအရံရှိမှု၊ ချီးမွမ်းမှု၊၊ ချမ်းသာမှု၊ စသော- အကောင်းဟု သတ်မှတ် ထားကြသည့် လောကဓံ သည် တစ်ပြိုင်တည်း ရိုက်ခတ် ထားချိန်တွင် အမှန်ကို အမှန် မမြင်နိုင်ကြတော့။ “ငါတော်၏၊ ငါတတ်၏၊ ငါမှန်၏။ ငါလုပ်နိုင်၏” ဟူသော အနေအထားတို့ ရောက်သွားပြီ ဖြစ်ခြင်းကြောင့်- မိမိအား လိမ်လည်သူလား၊ နောက်ကျော ဓားနှင့် ထိုးမည့်သူလား၊ မိတ်ဆွေစစ်လား မခွဲခြား နိုင်တော့- ထိုအခြေအနေ တို့သည်- မကြာခင်ကျရောက်တော့မည့် အနှုတ်ဓါတ် လောကဓံ တရားတို့ကို ဖိတ်ခေါ်တော့မည် ဖြစ်၏။ အမှန်အားဖြင့် ထီပေါက်သူတို့မှသာ မဟုတ်- အခြေအနေ အကြောင်းကြောင်းတို့ကြောင့်- ဆင်းရဲတွင်းမှ- ငွေကြေးပြည့်စုံခြင်း၊ သြဇာ အာဏာရရှိခြင်း တို့တွင် ကြုံလာရတတ်သော လောကဓံ ဖြစ်၏။ ထို့ကြောင့် ဖုဋ္ဌဿ၊ လောက ဓမ္မေဟိ၊ စိတ္တံယဿ၊ နကမ္ပတိ၊ အသောကံ၊ ၀ိရဇံ၊ ခေမံ။ ဟု မြတ်စွာဘုရားမှ မင်္ဂလသုတ် တွင် သတိပေး သင်ကြားပေးခဲ့ပါ၏။
  • ခက်သည်က- ဇာတာရှင် ကိုယ်တိုင်က ထိုအခြေအနေကို သတိထား ဆင်ခြင် နိုင်သော်မှ- အခြေအနေ အမှန်ကို မမြင်နိုင်တတ်သည့်- မိသားစုဝင်များ၊ အတွင်းစည်းဝင် များကို ထိမ်းသိမ်းရန် ခက်တတ်ခြင်း ဖြစ်၏။
  • အားလုံး ကုန်သွားသော်- နောင်တရကြသော အချိန်ပင် ဖြစ်ပါတော့၏။ သို့သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
သတိပေးသင့်သည်များကို ယခု ဆောင်းပါးတွင် မက- ယခင် ပြီးခဲ့သော ဆောင်းပါးတို့တွင်လည်း သတိပေးခဲ့ပြီး ဖြစ်ပါ၏။ ပညာရှင်များ လေ့လာ နိုင်ရန် အတွက်လည်း- “ကမ္ဘာကျော် ဘီလျံနာ သူဌေးကြီးများနှင့် ထီဆုကြီး ပေါက်သူများ၏ ဘ၀ ဖြစ်စဉ်နှင့် နက္ခတ္တအမြင်” စာအုပ်ကို ရေးသား ထုတ်ဝေ ရန် စီစဉ်ခဲ့ပါသော်လည်း- အခြေအနေ အခက်အခဲများကြောင့် နောက်ကျနေခဲ့ခြင်းကို ခွင့်လွှတ်စေချင်ပါသည်။ မကြာခင် ထွက်ဝေ ဖြစ်တော့မည် ဖြစ်ကြောင်းလည်း အသိပေးအပ်ပါသည်။
 
ထီပေါက်ခြင်း တို့ကို လေ့လာရာတွင် မိုးတား မှ တွေ့ရှိထားချက်မှာ-
 
  • အင်အား မထုတ်ရပဲ အချောင် ရခြင်းမျိုးကို ဖြစ်စေသည့် ၈-တန့်ဘာဝ၊ ၈-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၈-တန့်ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို.ကို ပထမဦးစွာ လေ့လာ ရပါသည်။ (မှတ်ချက်- မြန်မာ တို.အနေဖြင့် မရဏ ဘာဝ ဟု အသိများသော ဒုဌာန ဘာဝ ဖြစ်သည့် ၈-တန့်သည် ထီပေါက်ခြင်း၊ တနည်းအားဖြင့် ဘ၀ အပြောင်းအလဲ ဖြစ်ခြင်း၊ သံသရာ မှ လွတ်မြောက်ကြောင်း နှင့် ဂမ္ဘီရ ပညာများ အတွက် အရေး အကြီးဆုံး ဘာဝ ဖြစ်သည်။)
  • ကံကောင်းခြင်း၊ သက်တောင့် သက်သာ ရရှိခြင်း ကို ဖြစ်စေသည့် ၉-တန့်ဘာဝ၊ ၉-တန့်ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၉-တန့် ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို.ကို ထပ်မံ လေ့လာ ရပြန် ပါသည်။
  • ပုတ္တရဘာဝ ဟု မြန်မာ ပညာရှင် များ သိထားကြသော ၅-တန့် ဘာဝသည် ဇာတာရှင်၏ ပညာရေး၊ သားသမီးရေးတို.ကိုသာ ဖော်ဆောင် နေသည်မျှ မက- လောင်းကစား တွင် အနိုင်ရရှိခြင်း၊ စတော့ခ် ရှယ်ယာ အရောင်းအ၀ယ်မှ အမြတ်အစွန်း ရရှိခြင်း၊ ထီပေါက် ခြင်း တို.ကိုပါ ထောက်ပံ့ ပေးထား သဖြင့် ၅-တန့်ဘာဝ၊ ၅-တန့် ဘာဝ၏ မူလတြိဂေါဏ အိမ်ရှင်၊ ၅-တန့် ဘာဝ တွင် ရပ်တည် နေသည့် ဂြိုဟ်တို.ကို လေ့လာ ရန် လိုအပ်ပါသည်။
  • ထို.နောက်တွင် တော့ မထင်မှတ်သော ဖြစ်ရပ်တို.ကို ဖြစ်စေသည့် ရာဟု အား လေ့လာရပါသည်။ အဆိုး များ၊ အနှောက်အယှက် များကို ဖြစ်စေတတ်သည့် ရာဟုသည် မူလဇာတာ တွင် တည်နေသော ရာသီ၊ ဘာဝ အိမ်၊ ယှဉ်နေ သော နက္ခတ်၊ စီးထားသော န၀င်း တို.ကို မူတည်၍ ဆိုးကျိုးများ ပေးနိုင် သကဲ့သို.၊ အချို.သူများ အတွက် ရုပ်ဝတ္တု ပိုင်းဆိုင်ရာ အောင်မြင်မှုတို.ကို လည်း ဖြစ်ပေါ် စေ တတ်သည်။
ထီပေါက်သူ၏ မူလ ဇာတာ လေ့လာချက်။
 
ယခု ထီပေါက်သူ မြန်မာ လူမျိုးတစ်ဦး၏ အမည်နှင့် ပုဂ္ဂိုလ် ဆိုင်ရာ အချက်အလက်များကို ဖေါ်ထုတ်ရန် ဇာတာရှင်မှ အခွင့်မပြုသဖြင့်- မည်သူ မည်ဝါ ဆိုသည်ကို လုံခြုံမှု ရှိစေရန် အတွက်- ဇာတာရှင်၏ မွေးနေ့ နေ့စွဲနှင့် တကွ- ထီပေါက်သော ပမာဏကို ဖေါ်ပြနိုင်ခြင်း မရှိပါ။
ဇာတာရှင်သည် ဗြိစ္ဆာလဂ်၊ မိဿစန်း ဖြစ်၏။ လဂ်သည် ဇေဌ နက္ခတ်၊ စန်းသည် အာသာဝဏီ နက္ခတ် နှင့် ယှဉ်၏။
 
 
 
မိုးတား နက္ခတ် နည်းစနစ် ဖြင့် ဆန်းစစ်လိုက်သော် မူလဇာတာတွင် အောက်ပါ အနေအထားများကို တွေ့လာရတော့၏။
  • (၁) ၉-တန့်ဘာဝ သခင် တနင်္လာသည် ၅-တန့်ဘာဝ တွင်တည်၏။ ရာသီအားဖြင့် မိဿ ရာသိ ဖြစ်၏။ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ၉-တန့်ဘာဝသည် ကံကောင်းခြင်း၊ သက်တောင့် သက်သာ ရရှိခြင်း ကို ဖြစ်စေသည့် ဘာဝလည်း ဖြစ်၏။ ပုတ္တရဘာဝ ခေါ် ၅-တန့် ဘာဝသည် လောင်းကစား တွင် အနိုင်ရရှိခြင်း၊ စတော့ခ် ရှယ်ယာ အရောင်းအ၀ယ်မှ အမြတ်အစွန်း ရရှိခြင်း၊ ထီပေါက် ခြင်း တို့ကို ဖေါ်ပြသော ဘာဝ ဖြစ်၏။ ထို့ကြောင့် ၉-တန့်ဘာဝ သခင် ၅-တန့်ဘာဝ တွင်တည်ခြင်းသည် လောင်းကစား၊ ထီနှင့် ပါတ်သက်၍ ကံကောင်းခြင်းကို ဖေါ်ညွှန်းနေတော့၏။
  • (၂) မထင်မှတ်သော ဖြစ်ရပ်တို.ကို ဖြစ်စေသည့် ရာဟုသည် ကံကောင်းခြင်း ကို ဖြစ်စေသည့် ၉-တန့်ဘာဝတွင် တည်၏။ ဤအချက်သည် မထင်မှတ်ပဲ ရုတ်တစ်ရက် ကံကောင်းခြင်းကို ဖြစ်စေသော အနေအထားဖြစ်၏။
  • (၃) သမားရိုးကျ နည်းများ ဖြစ်ကြသော ကြာသပတေးကို ကြည့်ပါက- ကြာသပတေးသည် နိစ်ရာသီ တွင်တည်နေသည်ကို ကြည့်၍ မည်သို့ ဆုံးဖြတ်ကြ ပါမည်နည်း။
  • (၄) ထီပေါက်ခြင်း ဖြစ်နိုင်သည့် အကြောင်းရင်းများက ဒါတင်ပဲလား၊ မဟုတ်သေးပါ။ ၉-တန့်ဘာဝ သခင် တနင်္လာအား မထင်မှတ်သော ဖြစ်ရပ်တို.ကို ဖြစ်စေသည့် ရာဟုမှ ၆၃% ဖြင့် ၉-တန့် အမြင်ပြုထား၏။ အထက်တွင် ဖေါ်ပြခဲ့သော ရုတ်တစ်ရက် ကံကောင်းခြင်းကို ဖြစ်စေသော အချက်ကို ထပ်မံ အထောက် အပံ့ပြုနေသော အချက်ဖြစ်၏။
  • (၅) လာဘ် လာဘကို တာဝန်ယူသော ၁၁-တန့် ဘာဝ သခင် ဗုဒ္ဓဟူးသည် မတော်တစ်ဆ ဖြစ်ရပ်ကို ဖြစ်သော ၆-တန့်ဘာဝ၏ အလယ်မှတ် တည့်တည့်ကို အမြင် အတိအကျဖြင့် ၁၀၀% လွှမ်းမိုးထားလိုက်၏။ မည်သည်ကို အဓိပ္ပါယ်ဆောင်နေပါသနည်း။ မတော်တစ်ဆ ပုံဆန်ဆန်ဖြင့် လာဘ်လာဘ ရရှိခြင်း မဟုတ်ပါ သလော။ ဤအကြောင်းကို အမေရိကန် ဒေါ်လာ ၃၅-သန်းတန် ထီဆုရှင် အမျိုးသမီး တစ်ဦး၏ ဇာတာအား MOTAA နည်းစံနစ်ဖြင့် ဆန်းစစ် လေ့လာခြင်း။ http://www.motaa.info/2009/11/lottery-winners-chart.html ဆောင်းပါးတွင် ရေးသား ဖေါ်ပြခဲ့သည်ကိုလည်း တွေ့နိုင်ပါသည်။
  • (၆) မူလ ဇာတာ၏ န၀င်းစက် အနေအထားအရတွင် စနေသည် ၅-တန့်၊ ၉-တန့် တို့အား အတိအကျ ၁၀၀% ဖြင့် လွှမ်းထားသော အနေအထားတွင် ရှိနေ၏။
  • (၇) မူလ ဇာတာ၏ န၀င်းစက် အနေအထားအရတွင် ကြာသပတေးသည် လည်း ၅-တန့်၊ ၉-တန့် တို့အား အတိအကျနီးပါး ၉၈% ဖြင့် လွှမ်းထားသော အနေအထားတွင် ရှိနေ၏။ ဆိုလိုသည်မှာ- ကောဇာ စနေနှင့် ကြာသပတေးတို့၏ လွှမ်းမိုးမှုများ ထင်ရှားသော ကာလတွင် ၅-တန့်၊ ၉-တန့် တို့၏ အနေအထား တို့သည် သက်ဝင် လှုပ်ရှား လာမည် ဖြစ်ခြင်းပင်တည်း။


ဒဿာ နှင့် ကောဇာ ဆန်းစစ်ချက် (လတ်တလော အကြောင်းရင်း)။
 
မူလဇာတာတွင် ပါခဲ့သော အခြေအနေ တို့သည်- ထင်ရှားသော ဖြစ်ရပ်တို့ ဖြစ်ပေါ်ရန် အတွက် လိုအပ်သော အခြေအနေ တစ်ရပ်ကို စောင့်စားနေခြင်း ဖြစ်၏။ ဆိုလိုသည်မှာ- လောင်စာနှင့် တူသော အခြေခံ အကြောင်းတရားတို့ ပြည့်စုံ နေလျှင်- လတ်တလော အကြောင်းတရား ဆိုသော မီးပွင့် ကို စောင့်စား နေခြင်းပင် ဖြစ်သည်။ သက်ဆိုင်ရာ ဒဿာ ကာလ၊ သက်ဆိုင်ရာ ဖြစ်ရပ်များကို ဖြစ်ပေါ်ရန် ပံ့ပိုးသည့် ကောဇာ အခြေအနေတို့သို့ ရောက်လာသော အခါတွင် မူလ ဇာတာတွင် ရေးဆွဲထားခဲ့သော ကောက်ကြောင်းတို့သည် တိကျသော ပုံပန်း သဏ္ဍာန်၊ ထင်ရှားသော ဖြစ်ရပ် တစ်ခု အဖြစ်သို့ ရောက်သွား ပါတော့၏။
  • ရာဟု ထူလ၊ ရာဟု အန္တရ၊ ကိတ် ပြတန္တရ သည် အမှန်အားဖြင့် မထင်မှတ်သော ဖြစ်ရပ်များကို ဖြစ်ရမည့် ကြောက်စရာ ကောင်းသော ကာလ တစ်ခု ဖြစ်၏။ ရာဟုသည် မူလ ဇာတာတွင် ၉-တန့်တွင် တည်သော ဂြိုဟ်ဖြစ်ကြောင်း၊ ဆက်စပ်မှု အနေအထားများကို အထက်တွင် ဖေါ်ပြထားခဲ့သည် ကို အမှတ်ရစေလိုပါသည်။
  • မှတ်သားရန် အချက် အနေဖြင့်- မည်သည့် ပညာရှိကမျှ ရာဟု ဒဿာတွင် ကောင်းသည်ဟု မပြောပါ။ ဆိုလိုသည်မှာ ထီပေါက်သည့် ကိစ္စသည့် သူတော်ကောင်း ပညာရှိများ အနေဖြင့် အမှန်တကယ် ကောင်းမွန်သော ကိစ္စမဟုတ်ကြောင်းကို ရှေးပညာရှင်များက မထောက်ခံခြင်းပင် ဖြစ်သည်။ လှည့်လည် ဖျားယောင်းခြင်း၊ အမှန်တရားကို ၀ှက်ကွယ်ခြင်း၊ တို့ကို ကိုယ်စားပြုသော ရာဟုသည် အချို့သော သူများအတွက် ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ ထောက်ပံ့မှု ပေးကြောင်း၊ ထင်မှတ်မထားသည့် ရုတ်တစ်ရက် ဖြစ်ရပ်များ ဖြစ်စေကြောင်းကို မိုးတားမှ သုံးသပ် တွေ့ရှိသော်လည်း- ကောင်းမကောင်း ဆိုသည့် ကိစ္စတွင်မူ- ရှေးပညာရှင်များ၏ အယူအဆကို ငြင်းဆိုဘွယ် မရှိဟု မြင်ပါသည်။ အများစုသည် ထီပေါက်ခြင်းကို ကံကောင်းခြင်းဟု မြင်တတ် နေကြခြင်းကို မိုးတားမှ မထောက်ခံပါ။
 
အောက်တွင် ဖေါ်ပြထားသည်က ထီပေါက်သော နေ့၏ ကောဇာ ဇာတာခွင် ဖြစ်ပါသည်။ တနင်္လာ၏ တည်နေရာ အနေဖြင့် အနည်းငယ် ကွာဟမှု ရှိနိုင်ပါသည်။
 
ထိုနေ့တွင်- ကောဇာ ဂြိုဟ်များမှ မူလ ဇာတာရှိ ဘွားဂြိုဟ်များ၊ ဘာဝ များကို လွှမ်းမိုးထားပုံကို ကြည့်ပါလျှင်-
 
 
  • ဗြိစ္ဆာ ရာသီ 28:24 တွင်တည်သော ကောဇာ ရာဟုသည်- ကရကဋ်:28:58 တွင်တည်သော မူလဘွား ရာဟုအား ၉-တန့် အမြင်ဖြင့် ၉၉% ဖြင့် အတိအကျ နီးပါး အမြင်ပြုထား၏။ ဤသည်မှာ မထင်မှတ်မှုများ ဖြစ်တတ်သော ကိစ္စများတွင် ဖြစ်လေ့ ရှိသော အခြေအနေ တစ်ရပ်ဖြစ်၏။ ဤနေ့ -မွန်းတည့်ချိန် တွင် ကောဇာ တနင်္လာ (တစ်နည်းအားဖြင့် ဆိုသော် မူလ ဇာတာတွင် ၅-တန့်ဘာဝတွင် ရပ်တည်သော ၉-တန့်သခင် တနင်္လာ) သည် ဇာတာရှင်၏ ၄-တန့်နှင့် ၁၀-တန့်တို့အား ၉၈% ဖြင့် လွှမ်းမိုးထား၏။
  • ထူးခြားသည်က ကောဇာ စနေ ဖြစ်၏။ မူလ ဇာတာအားဖြင့် စနေသည် ၂-တန့် ဘာဝတွင် တည်သော ၄-တန့် သခင် ဂြိုဟ်ဖြစ်၏။ သူ၏ စရိုက် သဘာဝတွင် ၂-တန့် နှင့် ၄-တန့် သဘာဝတို့ လွှမ်းမိုးနေ၏။ ဆက်လက်၍ လေ့လာပါကလည်း - မူလ ဇာတာ၏ န၀င်းစက် အနေအထားအရတွင် စနေ နှင့် ကြာသပတေး တို့သည် ၅-တန့်၊ ၉-တန့် တို့အားလွှမ်းထားသော အနေအထားတွင် ရှိနေကြောင်းကို ဖေါ်ပြခဲ့သည် ဖြစ်၏။
  • ယခု ကြည့်လိုက်ပါက- ကောဇာစက်တွင် ကြာသပတေး နှင့် စနေတို့၏ အခန်း ကဏ္ဍသည် နေရာယူ ထင်ရှားလာပြီ ဖြစ်၏။
  • အထူးသဖြင့်- အထက်တွင် ဖေါ်ပြခဲ့သော မူလဇာတာ န၀င်းတွင် ၅-တန့်၊ ၉-တန့်အား အတိအကျ လွှမ်းမိုးထားသော စနေသည် - ကောဇာ အနေအထား အရ- ပုတ္တရ ဘာဝ ၅-တန့်၊ (လောင်းကစားခြင်း၊ ထီပေါက်ခြင်း နှင့် ဆိုင်သော ဘာဝ) အား ၉၇% ဖြင့် ထင်ရှားစွာ လာရောက် လွှမ်းနေပြီ ဖြစ်၏။ ရုတ်တစ်ရက် အချောင်ရသော ငွေကြေးကို ဖြစ်စေသော ၈-တန့်ဘာဝ အားလည်း ကောဇာ စနေသည် ၉၇% ဖြင့်ပင် လာရောက် လွှမ်းနေပြီ ဖြစ်ပြန်၏
  • ထပ်မံ၍ စိတ်ဝင်စားစရာ ကောင်းသည်က ကောဇာ န၀င်း အနေအထားသည်- မူလ ဘာဝများအား လွှမ်းမိုးနေပုံ ဖြစ်၏။
  • မူလ ဇာတာ ၅-တန့် (ထီပေါက်ခြင်း နှင့် ဆိုင်သော ဘာဝ) အလယ်မှတ်အား- ကောဇာ န၀င်းစက် အရ- ၉-တန့်သခင် (ရုတ်တစ်ရက် ငွေရခြင်း၊ ကံကောင်းခြင်းနှင့် ဆိုင်သော) တနင်္လာမှ လည်းကောင်း၊ အထက်တွင် ဖေါ်ပြခဲ့သော စနေမှ လည်းကောင်း၊ ရာဟု (မထင်မှတ်သော ဖြစ်ရပ်များကို ဖြစ်စေသော ဂြိုဟ်) မှ လည်းကောင်း တစ်ပြိုင်တည်း လွှမ်းမိုး နေခြင်း ဖြစ်တော့သည်။
  • ဒါတင်ပဲလား ဆိုတော့- မကသေးပါ။ မထင်မှတ်သော ဖြစ်ရပ်များ၊ ရုပ်ဝတ္ထု ပိုင်ဆိုင်မှုကို အထောက်အပံ့ပေးသော ကောဇာ ရာဟုသည် န၀င်းစက် တွင် ၁-တန့် (ဇာတာရှင်၏ ကိုယ်ကာယ)၊ ၅-တန့် (ထီပေါက်ခြင်း) ၊ ၉-တန့် (ရုတ်တစ်ရက် ငွေရခြင်း) ၊ ၁၁-တန့် (လာဘ် လာဘ) များကို ၇၁% ဖြင့် လွှမ်းမိုး လိုက်ခြင်း ဖြစ်ပါတော့၏။
နက္ခတ် ပညာသည် အသေးစိတ်၏။ နက်နဲ၏။ တွက်ချက်ရ၏။ ထိုးထွင်း သိမြင်ရ၏။
တစ်ခုကောင်း၊ တစ်ချက်ကောင်းမျှ ဖြင့် မည်သည့် အချက်မျှ မဖြစ်တတ်၊ အခြေအနေ အကြောင်းတရားများ ပေါင်းစုံမှသာ ဖြစ်ရပ်ကြီး တစ်ခု ဖြစ်ပေါ်လာခြင်းကို ဤဇာတာက သင်ခန်းစာ ပေးလိုက်ခြင်း ပင်ဖြစ်သည်။ စာဖတ်သူ အပေါင်း ထီထိုးမည် ဆိုလျှင်- ဆင်ခြင် တရားကို လက်ကိုင်ထား ခြင်းဖြင့် မိမိ၏ အောင်မြင်မှု ဆုလဒ် ကို ရေရှည် ထိန်းသိမ်း နိုင်သူ၊ တိုးပွားအောင် လုပ်ဆောင် နိုင်သူများ ဖြစ်နိုင်ကြပါစေ။
 
အားလုံး ချမ်းမြေ့ကြပါစေ။
နျူမာန် (မိုးတား)

[+/-] show/hide this post

Sunday, August 7, 2011

သူရိယ သိဒ္ဓန္တကျမ်း နှင့် Swiss Ephemeris တို့အား လေ့လာခြင်း (၁)။

သူရိယ သိဒ္ဓန္တကျမ်း နှင့် အာကာသ နက္ခတ္တ သဘော။
 
လက်ရိုးဗေဒင် ပညာ ဟုပဲခေါ်ခေါ်၊ နက္ခတ္တ ဝေဒ ပညာပဲ ခေါ်ခေါ် ကျွန်တော်တို့ မြန်မာပြည် တွင် သိထားကြသည့် - ဇာတာ ဆန်းစစ်သည့် ပညာရပ်တွင် ဇာတာခွင် တစ်ခုကို ရေးဆွဲ ကြမည် ဆိုပါက- ဂြိုဟ်တို့၏ တည်နေရာကို တွက်ချက် ကြရပါသည်။ ၄င်းသည် Astronomy ခေါ် အဆင့်အမြင့်ဆုံး သိပ္ပံပညာ တွက်ချက်မှုများ ဖြစ်ပါသည်။ လက်ဆန်း ပညာရပ် အနေဖြင့် ကောင်းကင်မှ ဂြိုဟ်များ၏ အမှန်တကယ် တည်ရှိပုံကို တိုက်ရိုက် သုံးစွဲ ခြင်း မပြု သော်လည်း- လက်ရိုး နက္ခတ် ပညာမှာမူ ကောင်းကင် မှ ဂြိုဟ်များ၏ တည်နေရာ အမှန်ကို တိကျနိုင် သလောက် တိကျစွာ တွက်ချက်ကြရပါသည်။

ရှေးယခင်က သူရိယ သိဒ္ဓန္တကျမ်း ဖေါ်မြူလာများဖြင့် တွက်ချက်ခဲ့ကြသောလည်း- ယခု နောက်ပိုင်း လွန်စွာတိကျသော Swiss Ephemeris နည်းဖြင့် NASA မှ အသုံးပြုနေသော ကွန်ပျူတာ နည်း ဖြင့်တွက်ချက် လာကြပါသည်။

ဗေဒင် ကို လေ့လာနေကြသူများ၊ ဗေဒင် ကို မလေ့လာသော်လည်း အာကာသ ကောင်းကင် အကြောင်း သိလိုသူများ အတွက် ထိုနည်း များအကြောင်းကို ဗဟုသုတ အနေဖြင့် သိရှိစေရန် ရေးသားဖေါ်ပြပေးခြင်း ဖြစ်ပါသည်။

(ဤဆောင်းပါးတွင် ကိန်းဂဏန်း များ၊ ဖေါ်မြူလာများ၊ တွက်ချက်ခြင်းများ ကို မလွှဲမရှောင်သာပဲ ထည့်ထားရသဖြင့် သင်္ချာ စိတ်မ၀င်စားသူများ၊ ကိန်းဂဏန်း များဖြင့် ဝေးဝေး နေသူများ အတွက် သဘောပေါက် ရန် အခက်အခဲ ရှိမည်ကို နားလည် သော်လည်း- ဤအချက်များသည် နက္ခတ် ပညာကို လေ့လာသူများ အတွက် သာမက- ပြက္ခဒိန် အကြောင်းကို နားလည် လိုသူများ အတွက်- မသိမဖြစ်- သိထားသင့်သော အခြေခံ အချက်များ ဖြစ်သောကြောင့် ရှောင်လွှဲမရ- တင်ပြ ရေးသား ရခြင်း ဖြစ်သည်ကို ခွင့်လွှတ် ပေးကြ စေလိုပါသည်။ စကားချပ်)

ထို့ကြောင့်လည်း- မြန်မာ ဇာတာခွင်များ တွက်ချက်ခဲ့ရာတွင်- လက်ရိုး တွက်နည်းဟု ရှေးယခင်က အသိများခဲ့သော- သူရိယ သိဒ္ဓန္တကျမ်း မှ တွက်နည်း ဖေါ်မြူလာ များကို မူတည်၍- လူတစ်ယောက်၏ ဇာတာခွင်အား ရေးဖွဲ့ တည်ဆောက်ခြင်း စသည်များ ပြုကြသည်သာ မက- နေကြတ်၊ လကြတ် တွက်ခြင်း၊ မြန်မာ ပြက္ခဒိန် တွက်ချက်ခြင်း၊ မဟာသင်္ကြန် တွက်ချက်ခြင်းများကို ပြုလုပ် တွက်ချက် ကြရပါသည်။



နောက်ပိုင်းတွင်မူ- တွက်ချက်မှု ပို၍လွယ်ကူစေရန် အတွက် လက်ရိုး တွက်နည်းကို တတ်မြောက် ကျွမ်းကျင်သူ ပညာရှင် ဆရာကြီးများက အပင်ပန်းခံ တွက်ချက် ထားသော သံဒိဋ္ဌ ဂြိုဟ်သွား ပြက္ခဒိန် များကို အသုံးပြု၍ ဇယားများမှ - အဆင်သင့် လွယ်ကူစွာ ဖတ်နိုင်ခြင်းဖြင့်- သက်သာ လွယ်ကူရန် ဆောင်ရွက် လာကြရပါသည်။ သို့သော်လည်း - စာစီ ပုံနှိပ်ရာတွင်- အခန့် မသင့် တတ်သောကြောင့်- တစ်ခါ တစ်ရံ တွင်- ဇယားများတွင် Row အတန်းလိုက် Column အတိုင် လိုက်- ရွေ့နေတတ် သဖြင့်- သတိထားမိသော- ဗေဒင်ပညာ ရှင်များ အနေဖြင့် မိမိ သုံးနေကြ သံဒိဋ္ဌ ဂြိုဟ်သွား ပြက္ခဒိန်တွင် မြှားထိုး၍ လည်းကောင်း၊ အရောင်ဖြင့် ပြ၍ လည်းကောင်း သတိပြု မိစေရန် ပြုလုပ်ထား ကြရသည်ကိုလည်း ကြုံခဲ့ဘူး ပါသည်။

ကွန်ပျူတာ ခေတ်သို့ ရောက်လာသော အခါ ကွန်ပျူတာဖြင့် ဇာတာဖွဲ့ခြင်းကို လုပ်ဆောင် လာကြပါ၏။
ထိုအခါ- ယခင်က သူရိယ သိဒ္ဓန္တကျမ်း ကို အသုံးပြုသော တွက်နည်း အချို့နှင့် ခေတ်မီ ပရိုဂရမ်သုံး တွက်နည်းတို့တွင် အနည်းငယ် ကွာခြားမှုများ ရှိလာပါသည်။ မူလ သူရိယ သိဒ္ဓန္တကျမ်း အတိုင်း တိကျစွာ တွက်ယူပါမူ- ကွာခြားမှု များစွာ မရှိပါသော်လည်း- လက်ဖြင့် စက္ကူပေါ်တွင် ချတွက်၊ ထပ်ပေါင်း ထပ်မြှောက်လုပ်သော အခါ- အဖြေတို့သည် ဒဿမ ပိုင်း တန်ဘိုးများ ပို၍ ပို၍ ကွာလာပါတော့သည်။
ဥပမာဖြင့် ရှင်းအောင် ဆိုပါမည်။ ၁၀ အား တည်၍ ၃ ဖြင့် စားကြည့်ပါ။ အဖြေသည် မပြတ်သော တန်ဘိုး (အဆုံးမရှိသော တန်ဘိုး ဖြစ်သည့်) ၃.၃၃၃၃၃၃၃၃၃၃၃၃……ဆိုသော တန်ဘိုးရပါ၏။ လက်ဖြင့် တွက်ကြရသည့် အခါ အားလုံးကို မယူနိုင်သည့် အတွက်- ၃.၃၃ ဟူ၍ အနီးဆုံး ဒဿမ တန်ဘိုး ၂-နေရာကို ယူမည် ဆိုပါအံ့- ၄င်းကို ၃ ဖြင့် ပြန်မြှောက်ကြည့်သော အခါ မူလ အဖြေမှန် ဖြစ်သည့် ၁၀ ကို ပြန်ရတော့မည် မဟုတ်ပဲ- ၃ x ၃.၃၃ = ၉.၉၉ ဟူ၍ ဖြစ်လာပါ၏။ မူလ အဖြေ ၁၀ နှင့် ယှဉ်သော်- ၀.၀၁ ကွာသွားပါတော့၏။

ယင်းကဲ့သို့ ကိန်းဂဏန်းများ ဆင့်ပေါင်းခြင်း၊ မြှောက်ခြင်း၊ ထပ်ကိန်းများ လုပ်ယင်း- လုပ်ယင်း ဖြင့် ထိုကွာခြားမှု ပမာဏ သည် တစ်ဖြေးဖြေး ပို၍- ပို၍ ဟ သွား၏။ ဤသို့သော အမှားမျိုးကို- truncation error ဟု ခေါ်ပါ၏။ ထိုနည်းတူ အခြေခံ သင်္ချာကို လေ့လာဘူးသော သူတို့ အနေဖြင့် ပိုင် (pi) တန်ဘိုးသည် မပြတ်သော ကိန်း ဖြစ်သည့် 3.14159265358979323846264338327950288419716939937510.. ဖြစ်သည်ကို သိသော်လည်း- အတွေ့အကြုံဖြင့် လက်တွေ့ နှစ်ပေါင်းများစွာ လုပ်လာကြသည့် လက်သမား ဆရာကြီးများ၊ ၀ပ်ရှော့ဆရာကြီး များသည် ပိုင် (pi) တန်ဘိုး အစား- ၃ နှင့်မြှောက်လိုက်၊ ၃- နှင့် စားလိုက် ဟူ၍ လက်တွေ့ သုံးစွဲကြ သည်ကိုလည်း ကိုယ်တွေ့ တွေ့ကြုံဘူးပါသည်။ သူသုံးလိုသော အနေအထား နှင့် သူသိထားသော အတိုင်း အတာနှင့် အလုပ်တော့ ဖြစ်နေသာ ဖြစ်ပါ၏။ သို့သော် အမှန် တကယ် တန်ဘိုး နှင့်တော့ ကွာသွားပြီ ဖြစ်ပါ၏။

သို့ဆိုလျှင်- အလင်းနှစ် သန်းပေါင်းများစွာဖြင့် တွက်ချက် ရသော - အထူး သဖြင့် စက်ဝိုင်းပုံ အနေအထား ဖြင့် လှည့်ပါတ် သွားနေသော ဂြိုဟ်များ၊ (စက်ဝိုင်းဖြစ်သဖြင့်- (pi) တန်ဘိုး ပါလာသည်ကို သတိပြုပါရန်) truncation error များ မည်ရွေ့ မည်မျှ ဖြစ်လာနိုင်သနည်းကို မြင်နိုင်ပါပြီ။ ကွန်ပျူတာ ပညာကို လေ့လာဘူးသူ တို့မှာ မူ- ထို error အကြောင်းကို ကောင်းစွာ သင်ကြားဘူးကြ၏။ ထို့ကြောင့်လည်း ကွန်ပျူတာတွင် 16 bit, 32 bit, 64 bit စသည်ဖြင့် တိကျမှု အနေထားများ ကွာခြားသည်ကို ကောင်းစွာ သဘောပေါက်၏။ ၄င်းတို့မှာ- ကွန်ပျူတာမှ ကိုင်တွယ် ဖြတ်တောက် နိုင်သည့် ဒဿမ ပိုင်းခြားနိုင်စွမ်းကို ဖေါ်ပြခြင်း ဖြစ်၏။ သာမာန် ကွန်ပျူတာ နှင့် စူပါ ကွန်ပျူတာတို့ ကွာခြားမှုသည်လည်း ဤအချက်ပင် ဖြစ်၍၊ Windows XP နှင့် Windows 7 တို့ကွာခြားခြင်းမှာလည်း ဤအချက်သည် အဓိက အချက်တစ်ခု ဖြစ်ပါ၏။

ဤသည်မှာ- truncation error ခေါ် ဒဿမ ဖြတ်တောက်မှုကြောင့် ကွာခြားမှု တစ်ချက်တည်း ဖြစ်သော်လည်း- ထိုထက်မက ထင်ရှားသည့် - တစ်နည်းအားဖြင့် ဖေါ်မြူလာကြောင့် ဖြစ်လာရသည့် error များလည်း များစွာရှိနေပါ၏။

ဆက်လက်၍ အောက်တွင် လေ့လာကြပါစို့။

သူရိယ သိဒ္ဓန္တကျမ်းအား လေ့လာခြင်း။
သူရိယ သိဒ္ဓန္တ ကျမ်း -၏ နောက်ခံသမိုင်းကို ဦးစွာ လေ့လာဘို့ လိုပါသည်။
အဆိုများ အရ- သူရိယ သိဒ္ဓန္တ ကျမ်း ၏ သက်တမ်းသည် နှစ်ပေါင်း ၁၅၀၀ ကျော် သက်တမ်း ရှိသော ကျမ်းစာ ဖြစ်သည်။ သို့သော် အိန္ဒိယတို့က ၄င်းတို့၏ ကျမ်းသည် အနှစ် ၅၀၀၀ ကျော် ရှိပြီဟုပင် ဆိုနေကြပါသည်။ နောက်ဆုံး အထောက်အထားများအရ- မက်ဆို ပိုတေးမီးယား ဒေသ၊ (ယခု အီရတ်နိုင်ငံ) တွင် ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၃၅၀၀ မှ ၃၀၀၀ ခန့် (လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်) ကာလက တည်ရှိ ခဲ့သော ဆူးမေးရီးယန်း လူမျိုး (ဘေဘီလုံ ခေတ်ထက်ရှေးကျသော လူမျိုးစု) တို့၏ ကျောက်စာ တွင်- ကောင်းကင်မှ နက္ခတ် တာရာ တို့ကို တွက်ချက် မှုများကို တွေ့လာရပါသည်။ ထိုနည်းတူ မာယာ လူမျိုးတို့၏ ပြက္ခဒိန် တွင်လည်း ကောင်းကင် တွက်ချက်မှု များ ပါဝင် နေခဲ့သည်ကို တွေ့ကြရသည်။ နက္ခတ်တာရာ တွက်ချက်မှု ပညာရပ်တို့နှင့် ပါတ်သက်၍- အခြားသော တွေ့ရှိ မှုမှာ- ရှေးဟောင်း ဘေဘီလုံ ခေတ် ခရစ်တော် မပေါ်မီ ဘီစီ ၇၄၇ မှ ၇၃၃ ဘီစီ အထိ အုပ်ချုပ် ခဲ့သော နက်ဘိုနက်စာ အမည်ရှိ ဘုရင် လက်ထက်တွင်- လကြတ်ခြင်း၊ နေကြတ်ခြင်း ကို တွက်ထား ခဲ့သော အချက်အလက်များကို တွေ့ရပြန် ပါသေးသည်။

အမှန်အားဖြင့်- သိဒ္ဓန္တကျမ်းမျိုး (၁၈) မျိုး အထိ ကွဲပြား သွားသော်လည်း- အိန္ဒိယ တွင် ပေါ်ပေါက် လာခဲ့သော ပါရမီရှင် နက္ခတ်ပညာ ရှင်များ ဖြစ်သည့်- အရိယ ဘတ္တ နှင့် ၀ါရဟ မိဟိရ ဆရာ တို့ မှ အောက်ပါ သိဒ္ဓန္တ ကျမ်း (၅) မျိုး ကိုသာ- ထောက်ခံ ခဲ့သည်။

၎င်းတို့မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
• ပေတ မဟာ သိဒ္ဓန္တ
• ရောမက သိဒ္ဓန္တ
• ပေါလိစ္စ သိဒ္ဓန္တ
• ၀ါစိဿ သိဒ္ဓန္တ
• သူရိယ သိဒ္ဓန္တ

ဝါရဟ မိဟိရ ဆရာသည် ထိုမူ ၅-မျိုးတွင် သူရိယ သိဒ္ဓန္တသည်သာ အတိအကျ ဆုံးဖြစ်ကြောင်း ပိုင်းဖြတ်ပေးနိုင်သူ ပညာရှင် ဖြစ်ပါသည်။

အိန္ဒိယ ပြက္ခဒိန် ကျမ်းတို့အဆိုအရ- ခရစ်နှစ် ၆၂၈ တွင် ဗြဟ္မာ ရပ္မတိ အမည်ရှိသော နက္ခတ် ပညာရှင် ထံမှ ကူးယူ၍- ခရစ်နှစ် ၁၆၀၉ တွင် နက္ခတ် ပညာရှိ ဖြစ်သူ ရန်ဃ နာသ မှ ပြုပြင်သည် ဆိုထားပါသည်။
ခရစ်နှစ် ၁၈၅၈-ခုနှစ်တွင် အင်္ဂလိပ် ဘုန်းတော်ကြီး အက်ဘင် နက်ဇာ ဘားဂက်စ် (Ebenezer Burgess) မှ- ၄င်းကျမ်းအား ခေတ်နှင့် လျော်ညီအောင် ဘာသာပြန်ပေးခဲ့သည်။ စိတ်ဝင်စားပါက Amazon မှ ၀ယ်ယူနိုင်ပါသည်။ ၄င်းကို ခေတ်သစ် သူရိယ သိဒ္ဓန္တ ကျမ်းဟု ခေါ်၍၊ သချာင်္ ပညာရှင်များ အနေဖြင့် နားလည် နိုင်သော စာအုပ် ဖြစ်ပြီး၊ ယခု အိန္ဒိယ တနိုင်ငံလုံး တွင် အသုံးပြုနေပါသည်။ ဟိန္ဒူဘာသာ အားဖြင့်မူ- သူရိယ သိဒ္ဓန္တကျမ်း သည် ဗြဟ္မာ မှ ရေးသား စီရင်သည် ဟုပင် ဆိုထား ပါသည်။ ဆိုလိုသည်မှာ- ၄င်း၏ မူလ ပထမကို မူ မည်သူမျှ သေသေ ချာချာ မသိပါ။

မြန်မာ သက္ကရာဇ် ၁၁၄၀-ခုနှစ်၊ (ခရဇ်နှစ် ၁၇၈၆) ဘိုးတော် မင်းတရား လက်ထက်တွင်၊ အိန္ဒိယပြည် ဗာရာဏသီ မြို.မှ နက္ခတ်ပညာရှင်- ဘ၀ါနိဒင် ဆိုသူသည် သက္ကတ ဘာသာ ဖြင့် ရေးသားထားသော သူရိယ သိဒ္ဓန္တ ကျမ်း ကို မြန်မာပြည်သို့ စတင် သယ်ဆောင်လာခဲ့သည်။ ၄င်း ကျမ်းကို မောင်းထောင် ဆရာတော် ဘုရားမှ ဦးစွာ ဘာသာပြန် ခဲ့သည်။ ထိုသို့ ဘာသာ ပြန်ဆိုခဲ့ပြီး- အနှစ် ၅၀-ခန့် အကြာကာလ-မြန်မာ သက္ကရာဇ် ၁၂၀၃- ခုနှစ်၊ တွင် နာဂရီ ဘာသာဖြင့် ရေးသား ထားသော အခြား သူရိယ သိဒ္ဓန္တ ကျမ်း တစ်စောင် မြန်မာပြည်သို့ ထပ်မံ ရောက်လာ ခဲ့သည်။

ထိုနောက်မှ- ရောက်လာသော ကျမ်းကို ညောင်ကန် ဆရာတော် ဘုရားသည် မြန်မာ သက္ကရာဇ် ၁၂၂၅- ခုနှစ် ခန့်တွင် မြန်မာဘာသာ သို့ ပြန်ဆိုပေးတော်မူခဲ့သည်။ ထို့နောက်- ထို ညောင်ကန် ဆရာတော် ဘာသာ ပြန်သော ကျမ်း နိသျှ အတိုင်း- ကို မြစ်စဉ် ၀န် ရွှေခဲယဉ်း လှေတော်အုပ် မှ ရှင်းလင်း ၍- လင်္ကာများ ရေးခဲ့ပြီး၊ နောက်တွင် နေမျိုး မင်းလှ ကျော်သူ မှ စကားပြေ အဖြစ် ပြန်လည် ရေးသားခဲ့သည်။ ယခု မြန်မာ နိုင်ငံတွင် အများစု သိထားကြသော သူရိယ သိဒ္ဓန္တ ကျမ်း သည် ညောင်ကန် ဆရာတော် ဘုရား၏ ကျမ်းဖြစ်ပါသည်။ ပညာရပ် တို့၏ မူရင်း၊ ကျမ်းမူရင်း ဆိုရာတွင်-အံ့မခန်း သော သူရိယ သိဒ္ဓန္တ ကျမ်း တွင်ပင်- မူရင်း ဇစ်မြစ် ရှာရ ခက်ပါသည်။
ထို.ကြောင့် - “မိမိတွင် ရှိသော ကျမ်းသည်သာ-မူရင်းကျမ်းဖြစ်သည်၊ မိမိကျမ်းသည် သာ အစစ် အမှန် ဖြစ်သည်၊ မိမိ တတ်မြောက်ထားသည် က, သာ - အမှန်ဖြစ်သည်” ဟု သဘော မထားပဲ- ထိုကျမ်းကို မိမိ ကိုယ်တိုင် ဘယ်ရွေ. ဘယ်မျှ တတ်ကျွမ်း နားလည်သည် ကသာ အဓိက ကျပါသည်။ ထို.ကြောင့်လည်း မြတ်စွာ ဘုရား အနေဖြင့် ကာလာမ သုတ္တန် တွင်- “ငါဘုရား ပြော၍လည်း မှန်သည်ဟူ၍ မယုံနှင့်၊ ကျမ်းဂန်တွင် ပါသော ကြောင့်လည်း မှန်သည် ဟူ၍ မယုံနှင့်၊ ပညာရှိများ ပြော၍လည်း မှန်သည် ဟူ၍ မယုံနှင့် -” စသည်ဖြင့် မိမိကိုယ်တိုင် အမှန်ကို သိအောင် လုပ်စေရန်သာ ဟောကြား ခဲ့သည်ကို သတိပြုကြ စေလိုပါသည်။

သူရိယ သိဒ္ဓန္တ ကျမ်း အား၊ ယခုခေတ် လူငယ်တို့ လိုက်စားမည် ဆိုပါက- မသိ နားမလည် သော အခေါ် အဝေါ် အသုံးအနှုန်းများကြောင့်- လွန်စွာ အခက် အခဲတွေ. ရပါလိမ့်မည်။ နောက်ကွယ်က သင်္ချာသဘော ကို နားလည်ရန် ကမူ များစွာ ပို၍ ခက်ခဲ ပါလိမ့် မည်။ ထို့အပြင် မြန်မာမှု မပြုခင်က သူရိယ သိဒ္ဓန္တ ကျမ်းသည် အိန္ဒိယ နိုင်ငံ ဥဂျိန်း ဒေသ (မြန်မာ အခေါ် ဥဇ္ဇေနီ တိုင်းပြည်) ကို မူတည် တွက်ချက်ထားခြင်း ဖြစ်ရာ- ယခု ကမ္ဘာသုံး စနစ်ဖြစ်သော ဂရင်းနစ်မှ တွက်ချက်မှု နှင့် ကွာခြားမှု ရှိပါသည်။

ယခု ဆောင်းပါးတွင် သူရိယ သိဒ္ဓန္တ ကျမ်း မှ အရေးပါသော အချက်များနှင့် ခေတ်မီ သိပ္ပံ နက္ခတ္ထ ပညာ (Astronomy) တို့ တွင် ကြုံတွေ့နေရသော ပြဿနာ ကဏ္ဍများကိုသာ ရေးသားမည် ဖြစ်ပြီး- သူရိယ သိဒ္ဓန္တ ကျမ်း ကို တစ်ပိုဒ်ခြင်း၊ တစ်ဂါထာခြင်း ရှင်းမည် မဟုတ်ပါ။ ခေတ် အဆက်ဆက်တွင် ဘာသာပြန် ပြုစု သူတို့ အနေဖြင့်- ပညာရပ် ကို ဘာသာပြန် ခဲ့ကြရာတွင် အာကာသ နက္ခတ်ဆိုင်ရာ ကျွမ်းကျင်မှု အဆင့် အလိုက်၊ သင်္ချာပညာ ကျွမ်းကျင်မှု အလိုက်- အယူအဆပိုင်း ကွာခြားမှု တို့ကြောင့် ကွဲပြားလာသော ပြဿနာများကို စိစစ် တင်ပြမည် ဖြစ်ပြီး- ဤဆောင်းပါး ပါ သူရိယ သိဒ္ဓန္တ ကျမ်း သည်- ညောင်ကန် ဆရာတော်ဘုရား၊ မောင်းထောင် ဆရာတော်ဘုရားတို့၏ ဘာသာပြန် ပြုစုတော်မူ ခဲ့မှုများကို မဆိုလိုပဲ- ထို့ထက် စောသော ခေတ်က-ပင် ကွာခြားလာခဲ့သော သူရိယ သိဒ္ဓန္တ ကျမ်း အနေအထားများ ကိုသာ ရှင်းပြမည် ဖြစ်ပါသည်။

အလွန် ရှေးကျခဲ့သော ကာလများက- အိန္ဒိယတွင် သူရိယ သိဒ္ဓန္တ ကျမ်းပါ တွက်နည်း ဖေါ်မြူလာများကို မိဘမှ သားသမီး၊ ဆရာမှ အယုံကြည်ရဆုံး တစ်ပည့် ဆီသို့ အလွတ်ကျက် သောနည်းဖြင့်သာ လက်ဆင့်ကမ်းခဲ့ပြီး- ကျမ်းတစ်စောင် အဖြစ်ထုတ်ဝေ ခဲ့ခြင်းပင် မရှိခဲ့ပါချေ။ (ဤအကြောင်းကို မဟာဘာရတ္တ၊ မနုမိရိတိတွင်- ရှေးကျမ်း ပညာကို - ထိုပညာဖြင့် ငွေကြေး အမြတ်မထုတ်သည့် ယုံကြည်ထိုက်သူကိုသာ ပေးရမည် ဟု ဆိုခဲ့ပါသည်။)

ထို့ကြောင့်လည်း- ကျမ်းတစ်စောင် အဆင့်သို့ ရောက်လာသော အခါတွင်- ထိုဖေါ်မြူလာ တွက်နည်းများသည်- မူရင်းအတိုင်းအတိုင်း ဟုတ်မဟုတ် မည်သူမျှ မသိခဲ့ကြတော့ပါပေ။ ဤသည်မှာ သူရိယ သိဒ္ဓန္တ ကျမ်း မြန်မာပြည် မရောက်ခင် နှစ်ပေါင်း များစွာက အနေအထားက ပင် ဖြစ်ခဲ့ပါသည်။
မြန်မာပြည်တွင်တော့- သူရိယ သိဒ္ဓန္တ ကို နားလည်ထားသည်က တစ်မျိုးဖြစ်၏။ ပြက္ခဒိန် တွက်နည်းများကို လေ့လာသူများ အနေဖြင့် မကာရန္တ နည်းက တစ်နည်း၊ သူရိယ သိဒ္ဓန္တ တစ်နည်း ဟု နားလည် ထားကြပါ၏။ အမှန်အားဖြင့်လည်း- မကာရန္တ နည်း သည်- မြန်မာပြည် မရောက်လာခဲ့သော ပဉ္စ သိဒ္ဓန္တ ကျမ်း ၅-ကျမ်းတွင် တစ်ခု အပါအ၀င် ဖြစ်သော “ပေါလိစ္စ သိဒ္ဓန္တ ကျမ်း” မှ နည်းပင် ဖြစ်၏။

သို့သော် ထိုနည်းကို အိန္ဒိယတွင် တန္တရ မူ အနေဖြင့် အသုံးပြုခဲ့ကြပြီး- သာဝန ရက်ပေါင်း 1577917800 ကို မဟာယုဂ ဖြစ်သော နှစ်ပေါင်း (တနည်းအားဖြင့် စတုယုဂ်) ဟုခေါ်သော 4320000 နှင့် စား၍ ရလာသော ရက်ဖြစ်သည့် 1577917800/4320000=365.25875 ကို တစ်နှစ်တွင် ရှိသော ရက်အနေဖြင့် တွက်ချက်ခြင်း ဖြစ်သည်။

သူရိယ သိဒ္ဓန္တ မူ အရ ဆိုသော်- နှစ်တစ်နှစ်တွင် သာဝန ရက်ပေါင်း 1577917828 ရှိသဖြင့်- တစ်နှစ်တွင် ရှိသော ရက်ပေါင်းမှာ 1577917828/4320000=365.25875648148148148148148148148 ဖြစ်၏။
ဤသည်မှာ sidereal year ခေါ် နက္ခတ် တစ်နှစ်တွင် ရှိသော သာဝန နေ့ပေါင်း ကို ဆိုလိုခြင်း ဖြစ်၍- ယခုအရပ်သားများ သိသော solar Year ကို ဆိုလိုခြင်း မဟုတ်သည်ကို သတိပြုမိ စေလို ပါသည်။
ယခုခေတ် ခေတ်မီ နက္ခတ် ပညာများဖြင့် တိကျစွာ တွက်ချက် ထားချက်များ နှင့် သူရိယ သိဒ္ဓန္တ ကို ယှဉ်ကြည့်မည် ဆိုပါလျှင်။

sidereal year ခေါ် နက္ခတ် နှစ်ကာလများကို နှိုင်းယှဉ်ပါက အောက်ပါ အတိုင်း ဖြစ်သည်။
(sidereal year ခေါ် နက္ခတ် နှစ် ဆိုသော အဓိပ္ပါယ်၊ Tropical year ခေါ် ဥတု နှစ်များ၏ အဓိပ္ပါယ်ကို သိလိုပါက- http://en.wikipedia.org/wiki/Year တွင် လေ့လာကြစေလိုပါသည်။ လွန်စွာ ရှုပ်ထွေးသွားမည် ဆိုပါ၍ ဤဆောင်းပါးတွင် မဖေါ်ပြတော့ပါ။)


Actual Length ခေါ် ပကတိ အတိုင်းအတာ ပမာဏ အနေဖြင့်-
sidereal year (သူရိယ သိဒ္ဓန္တ) = 365.258756 (အထက်တွင် ပြန်ကြည့်ပါ။)
sidereal year (Modern Astronomy) = 365.2564 (သူရိယ သိဒ္ဓန္တ အနေဖြင့် ၃ မိနစ်၊ ၂၇ စက္ကန့်သာ ကွာခြားမှု ရှိသည်)

Average length ခေါ် တစ်နှစ် တာ၏ ပျမ်းမျှ အတိုင်းအတာ ကို နှိုင်းယှဉ်ရာတွင်လည်း-

  • sidereal year (သူရိယ သိဒ္ဓန္တ) = 365.2563627 (ပျမ်းမျှ တန်ဘိုး ဖြစ်သည်။)
  • sidereal year (Modern Astronomy) = 365.25636305 (အလွန်နီးစပ်သော တန်ဘိုးဖြစ်သည်။)
ဆက်လက်၍
  • Tropical year (သူရိယ သိဒ္ဓန္တ) = 365.2421756
  • Tropical year (Modern Astronomy) = 365.2421904 (သူရိယ သိဒ္ဓန္တ အနေဖြင့် ၁.၄ စက္ကန့်သာ တိုတောင်းသည်။) အရပ်သုံး ဖြစ်သော solar Year အနေဖြင့်မူ 365.2425 ရက်ပေါင်း ရှိသည်။ 365.2425 ရလာပုံမှာ- ၄ နှစ် တစ်ကြိမ် ရက်ထပ်ခြင်း ဖြင့် တွက်ပါက 365.25 ဖြစ်သော်လည်း- အမှန်တကယ် ဖြစ်နေသော Tropical year တန်ဘိုး 365.2421904 နှင့် နီးစပ်စေရန် အတွက်- ဂရီဂိုရိရမ် ခရစ် သက္ကရာဇ် ကို ၄ နှင့် စား၍ ပြတ်သော်လည်း ၁၀၀ နှင့် စား၍ မပြတ်ပါက- ရက်ထပ်နှစ် အဖြစ်မယူပဲ- ၄၀၀ နှင့်ပါ စား၍ ပြတ်ပါမှသာ ရက်ထပ်နှစ် အဖြစ်ယူ ခြင်းဖြင့်- သက္ကရာဇ် ၁၆၀၀၊ ၂၀၀၀ တို့သည် ရက်ထပ်နှစ် ဖြစ်သော်လည်း- သက္ကရာဇ် ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ တို့သည် ရက်ထပ်နှစ်များ မဟုတ်တော့ပဲ- တစ်နှစ်တာ အတိုင်းအတာ ပျမ်းမျှ တန်ဘိုးမှာ 365.2425 ဖြစ်သွားပြီး- Tropical year တန်ဘိုး 365.2421904 နှင့် နီးစပ်သွား စေခြင်း ဖြစ်သည်။ စကားချပ်)
ဤနေရာတွင် မတူညီသော တိုင်းတာမှု ၂-ခုဖြစ်သည့် ယခုခေတ် Modern Astronomy မှ တွက်ချက်သော Tropical year တန်ဘိုး 365.2421904 နှင့် sidereal year (သူရိယ သိဒ္ဓန္တ) တန်ဘိုး 365.258756 တို့ကို နှိုင်းယှဉ်၍ မရပါ။ တစ်ခုသည် Tropical year ၏ Average length ခေါ် တစ်နှစ် တာ၏ ပျမ်းမျှ တန်ဘိုး ဖြစ်နေပြီး၊ အခြား တစ်ခုသည် sidereal year ခေါ် နက္ခတ် နှစ်၏ Actual Length ခေါ် ပကတိ အတိုင်းအတာ ပမာဏ ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ (မြန်မာ ပြက္ခဒိန် နှင့် ပတ်သက်၍ လုပ်ဆောင်နေသူ ၀ါသနာရှင်များကို အကြံပြု ပေးခြင်း ဖြစ်ပါသည်။)
ဆက်လက် တင်ပြပေးပါမည်။
အားလုံး ချမ်းမြေ့ကြပါစေ။

[+/-] show/hide this post