Sunday, November 7, 2010

စစ် ဧကရာဇ် နပိုလီယံ နှင့် ဗေဒင်ပညာ (အပိုင်း ၂)

စစ် ဧကရာဇ် နပိုလီယံ နှင့် ဗေဒင်ပညာ (အပိုင်း ၂)
၁၅၅၀-တွင် ပေါ်ထွန်းခဲ့သော ဆေးပညာရှင်လည်း ဖြစ်၊ နက္ခတ်ဗေဒင် ပညာရှင်လည်း ဖြစ်သော နော်စထရာ ဒေးမတ် သည် “ရာစုနှစ်” အမည်ရသော ရှေ့ပြေးကျမ်း တွင် ကဗျာပုံစံမျိုးဖြင့် အောက်ပါ အတိုင်း ရေးထားခဲ့သည်။ (ဤသည်မှာ နပိုလီယံ မမွေးခင် နှစ်ပေါင်း ၂၁၉- နှစ်က ဖြစ်သည်။)

“ဧကရာဇ်တစ်ပါး မွေးလို့လာ၊ အီတလီ အနားမှာ၊
မင်းသားပုံ ထက်စာ၊ အများ အမြင်မှာ- သူက သားသတ်သမားပါ။”

နပိုလီယန် လက်ထက်တွင် လူပေါင်း ၃-သန်းခန့် သေဆုံးခဲ့ရသည်ကို ရည်ညွှန်းနေတော့၏။ အမှန်အားဖြင့် ထိုစဉ်က ကမ္ဘာပေါ်တွင် ရှိသော လူဦးရေနှင့် ယှဉ်လိုက်သော် နပိုလီယန် ကြောင့် သေဆုံးခဲ့ရ သူတို့သည် ဟစ်တလာ သတ်ခဲ့သော လူအရေအတွက် ထက် ပို၏။
“သာမာန် စစ်သားလေးကပါ- ဧကရာဇ် ကြီး ဖြစ်လို့လာ၊
အင်္ကျီ ဂျာစီတိုလေးမှာ၊ ရှည်လျားလို့ပါ။”
“ဆံပင် တိုနဲ့ ၁၄-နှစ်၊ ရက်စက်မှုတွေ စုံလို့ဖြစ်”

ဤအချက်တွင်လည်း နပိုလီယန်ကို ငယ်နာမည်အားဖြင့် အချို့က “ကတုံးလေး” ဟု ခေါ်တတ်ကြလျှက်- သူအုပ်စိုးသော ၁၄-နှစ်တာ ကာလ (၁၇၉၉- နိုဝင်ဘာလ ၁-ရက်မှ ၀ါတာလူး စစ်ပွဲ ဖြစ်သော ၁၈၁၅- ခုနှစ် ဇွန်လ အထိ) တွင် ဖြစ်ပွားခဲ့သော အဖြစ်တို့ကို ရည်ညွှန်း နေပြန်ပါတော့သည်။

နပိုလီယန် မမွေးခင် အနှစ် ၂၀၀-ကျော်ကပင် ကြိုတင် သိနေကြသော နက္ခတ်ပညာရှင် ကြီးများ၏ ပညာမှာ အံ့ဘွယ် မကောင်းပါသလော။
၁၈၀၄ ခုနှစ်တွင် ဘိသိက်သွန်းခံယူပြီးနောက်၊ နပိုလီယန်သည် အိုလီဗား ရီယက်စ် ရေးသားခဲ့သော စာအုပ်ကို အနည်းငယ် ဖတ်ကြည့်မိခဲ့သည်။
၆-နှစ်အကြာ၊ ၁၈၁၀ ခုနှစ်တွင် မေရီလူးဝစ်ကို လက်ထပ်ပြီးနောက်- ထို ဟောပြောချက်ကို သေသေချာချာ ဖတ်ခဲ့သည်။
ထို့နောက်တွင် စိန့် စူလ်ပစ် ဘုရားကျောင်းမှ ကျမ်းစာ ဆရာကို ခေါ်၍ “ဘာသာတရားတို့ သည် ရှေ့ပြေး နိမိတ် ဟောပြောချက် တို့ကို လူတို့ အား ယုံကြည်စေပါသလား” ဟု မေးမြန်းခဲ့၏။
ကျမ်းစာ ဆရာတော် ခရစ်ယာန် ဘုန်းကြီး အနေဖြင့်-
“ဘုရားသခင်ရဲ့ ၀ိညာဉ်တော်သည် ပုရောဟိတ်တို့ မှ စကားပြောလေ့ ရှိပါသည် အရှင်” ဟု လျှောက်တင် ခဲ့ပါသည်။
အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း-
  • ဖရက်ဒရစ် မင်းကြီး၏ အိပ်မက်
  • အိုလီဗား ရီယက်စ် ၏ ရှေ့ပြေးဟောကိန်း
  • နော်စထရာ ဒေးမတ် ၏ “ရာစုနှစ်” အမည်ရသော ရှေ့ပြေးကျမ်း
တို့သည်ကား နပိုလီယန် မတိုင်မီကပင် ပေါ်ထွန်းလာခဲ့သော နိမိတ် ရှေ့ပြေးကြီး များဖြစ်ကြ ပါတော့သည်။
*********************************************
အယူသည်းသော နပိုလီယန်။
အခြားသော ကော်စီကန် ကလေးငယ်တို့ ကဲ့သို့ပင်၊ နပိုလီယန်သည် တစ္ဆေသရဲ ဇတ်လမ်းများ၊ သွေးစုတ် ဖုတ်ကောင် နှင့် တောမီး စသည် ဇတ်လမ်း တို့ဖြင့် ကြီးပြင်းလာခဲ့သည်။
  • သူ၏ ကလေးထိန်း ဖြစ်သူ အိလာရီသည် မကြာခဏ ဆိုသလို သရဲပြေး ဂါထာများကို ရွတ်ပေးခဲ့သည် ဆို၏။
  • သူသည် သူ့အိပ်မက်တို့ကို မကြာခဏ အဓိပ္ပါယ်ဖေါ်ကြည့်တတ်သည်။ သူသည့် နိမိတ်နှင့် အဆောင် လက်ဖွဲ့တို့ကို ယုံကြည်သည်။
  • သူသည် ဖလန်နယ် ဝေ့စ်ကုတ်နှင့် အင်္ကျီအကြားတွင် အနက်ရောင်ဖြင့် အသည်းပုံထိုးထားသည်ကို ပုံမှန် ၀တ်ဆင် ခဲ့သည်။
  • သူသည် ဖာရိုးဘုရင်၏ အုတ်ဂူတွင်းမှ ရခဲ့သော ပိတုန်းကောင်ကို သူဝတ်သော ဝေ့စ်ကုတ် အိပ်ထောင်တွင် ထည့်ထား လေ့ ရှိခဲ့သည်။
  • တိုက်ပွဲ မထွက်ခင်- နပိုလီယန်သည် လက်မှတ် ၂-ကြိမ်ထိုးလေ့ ရှိသည်။ သူသည် ကောင်စီဝင် လူကြီး ၅၀၀ တို့အား အာဏာသိမ်းသော နေ့စွဲ ကို ပြင်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော ထိုစတင်သော နေ့ ၁၇-ဘရူမိုင်းယား လ သည် သောကြာနေ့ ဖြစ်နေသောကြောင့် ဖြစ်သည်။
  • သူသည် ကံမကောင်းသော လူအများ သူ့အနား ၀ိုင်းရံနေခြင်းကို မနှစ်သက်တတ်ပါ။ တစ်စုံ တစ်ယောက်အား ရာထူးခန့်အပ်ရန် အတွက်သူ့ရှေ့တော်သွင်း လျှင်- “ဒီလူက ကံကောင်းတတ်တဲ့ သူလား” ဟုမေးတတ်သည်။ တစ်ဘက်သူ သည် ဘ၀ တစ်သက်တာတွင် အောင်မြင်မှု ရလာခဲ့သူ မဟုတ်ပါက- ရာထူးပေးရန် အတွက် ချက်ချင်း ငြင်းပယ် တတ်သည်။
  • အခြားတစ်ဘက် တွင်- သူ့အတွက် ကံကောင်းသူဟု အမြဲ မြင်ရသူကား- သူ၏ မိဖုရား ဖြစ်သူ ဂျိုးဇက်ဖင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမကို ဝေးဝေးမှာ ဖယ်ထားရန် သူအနေဖြင့် အမြဲ တွန့်ဆုတ် ခဲ့ရသည်။

(တိုက်ဆိုင်သည် လားတော့ မသိ- နပိုလီယန်၏ အောင်မြင်မှုများသည် မိဖုရားကြီး ဂျိုးဇက်ဖင်း နှင့် အကြောင်း ပါခဲ့သော ၁၇၉၆ ခု မှ ၁၈၀၉ အတွင်း တွင် သာ ဖြစ်ခဲ့ပြီး၊ နပိုလီယန်၏ ကျဆုံးမှုတို့သည် နန်းညွန့် နန်းလျာ သားသမီး သူ့အတွက် မွေးမပေးနိုင်သော ဂျိုးဆက်ဖင်းနှင့် ကွာရှင်းခဲ့သော ၁၈၀၉ - ခုနောက်ပိုင်းမှ စတင်ခဲ့လေသည်။)
  • သူသည် အိပ်မက်များ၊ ရှေ့ပြေးဟောချက်များ နှင့် ပယင်းကျောက်၏ တန်ခိုးသတ္တိတို့ကို ယုံကြည်သည်။
  • သူတွင် ရှေ့တွင် ဖြစ်လာမည့် ကိစ္စများကို ကြိုတင် အာရုံရထားခြင်း မရှိပါမူ- အာဏာ သိမ်းခြင်း အလုပ်ကို လုပ်ရဲမည့် ရဲတင်းမှု မရှိနိုင်ပါဟု မကြာခဏ ပြောတတ်သည်။
အီတာလျံ ကန်ပိန်း Italian campaign ကာလရက်များ အတွင်- ဂျိုးဇက်ဖင်း ပုံတူ အရုပ်ကို ကာထားသော မှန်ကလေး ကွဲသွားသော အခါ သူ၏ လက်ထောက် ဖြစ်သူ မားမောင့် အား-
“မားမောင့် ရေ- ငါ့မိန်းမ နေမကောင်းဘူးလား၊ ငါ့အပေါ် သစ္စာဖေါက်လား တစ်ခုခုပဲ” ဟု ပြောခဲ့သည်။
*********************************************
နပိုလီယန် အား ဘိသက်သွန်းသော နေ့တွင် - သူနှင့် မိဖုရား ဖြစ်သူ ဂျိုးဇက်ဖင်းတို့ စီးနင်းလာသော တျူယီလာယီ ၀င်ပေါက်သို့ အရောက် မြင်းရထား ထိပ်မှ လင်းယုန်ရုပ် ကျိုးပြီး မြေပေါ်သို့ ကျရောက် သောအခါ - နပိုလီယန်သည် မျက်စိကို မှိတ်ထားပြီး. ဖယောင်းရုပ် တစ်ရုပ်အလား ဖြူဖပ် ဖြူလျော် ဖြစ်သွားခဲ့သည် ဆို၏။
၁၈၁၂-ခုနှစ် ရုရှား ကန်ပိန်းတွင်- ရန်သူ့ အခြေအနေ ထောက်လှမ်းနေခိုက်၊ တောယုန် တစ်ကောင် ဖြစ်ပြေးသည်ကို လန့်သွားသော နပိုလီယန်၏ မြင်းသည် ရုတ်တစ်ရက် လှည့်ခါချလိုက်သဖြင့် မြင်းပေါ်မှ လိမ့်ကျခဲ့သည်။ ဘာစကားမှ မပြောပဲ မြင်းပေါ် ပြန်တက် ပြီး ဖြူလျော်နေသည်။ သူ့ အနေဖြင့် နိမိတ်ဆိုးကို တွေ့ပြီဟု သူသိလိုက်၏။ မိနစ် အနည်းငယ် ကြာပြီးနောက်- သူနှင့် အတူ ပါလာသူများအား..
“မင်းတို့အားလုံးလည်း ငါထင်သလိုပဲ ထင်ကြတာပဲ မဟုတ်လား” ဟု လှမ်းမေးခဲ့သည်။
*********************************************
စစ် ဧကရာဇ် နပိုလီယံ ၏ မိသားစု ဘဝ
နပိုလီယန် အား မွေးဖွားခဲ့ကြသော မိဘ နှစ်ပါးတို့မှာ - ရှေ့နေနှင့် နိုင်ငံရေးသမား တစ်ဦးဖြစ်သူ “ကာလို ဘူအွန်နာပါတ်” နှင့် မိခင် ဖြစ်သူ “မေရီ လက်တီဇီယာ” တို့ဖြစ်ကြသည်။
ဤနေရာတွင် မိခင်နှင့် ပါတ်သက်၍ စိတ်ဝင်စားစရာ အချက်များ ရှိနေပါသည်။
နပိုလီယံ ၏ မိခင်။
နပိုလီယန်၏ မိခင် ဖြစ်သူ မေရီ လက်တီဇီယာ ကို ၁၇၅၀ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် ကော်စီကာ၊ အက်ဂျာ စီယို မြို့တွင် မွေးဖွားခဲ့သည်။
မိခင်ဖြစ်သူ မေရီ လက်တီဇီယာ ဘိုနာပါတ် (နောင်သော အခါ နပိုလီယန်တို့ မိသားစု တစ်ခုလုံးသည် မူလ အမည် “ဘူအွန်နာပါတ်” ကို ပြင်သစ် အမည် ဖြစ်သော “ဘိုနာပါတ်” သို့ ပြောင်းလဲလိုက်သည်။) ဘ၀ တစ်သက်တာတွင် ဆင်းရဲ ချမ်းသာ အနေအထား မျိုးစုံတို့ကို ကြုံတွေ့ခဲ့ရသူဖြစ်သည်။
မိခင် ငယ်ရွယ်စဉ်က -
မေရီသည် ရာထူးနိမ့်သော်လည်း- မြင့်မြတ်သော နိုဘယ် အီတလီမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး- သူမ ၅-နှစ်သမီးတွင် ဖခင် ဖြစ်သူ ဆုံးပါးခဲ့ပြီး၊ မိခင်က စစ်ဗိုလ် တစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သူမ ဘ၀တွင် အိမ်မှု ကိစ္စများအပ- ပညာရေးမရရှိခဲ့ရပါ။
ထို့နောက် ၁၇၆၄-ခုနှစ်တွင် နပိုလီယန် ၏ ဖခင် ဖြစ်လာမည့် - သူမတို့နှင့် မျိုးရိုး အဆင့်အတန်းချင်း တူသူ“ကာလို ဘူအွန်နာပါတ်” (နောင်သော အခါ “ကာလို ဘိုနာပါတ်”) နှင့် လက်ထပ်ခဲ့သည်။ ထိုစဉ်က နပိုလီယန်၏ ဘခင်လောင်း မှာ ၁၈-နှစ်ဖြစ်၍၊ မိခင်လောင်း မေရီမှာ ၁၄-နှစ်ဖြစ်သည်။
သူမသည် စုစုပေါင်း ကလေး - ၁၄- ယောက်မွေးဖွားခဲ့သော်လည်း - နို့စို့အရွယ်ကို ကျော်လွန်အသက်ရှင်သူမှာ ၈-ယောက်သာ ရှိခဲ့သည်။ ထိုအထဲမှ- ဆက်လက် အသက်ရှင်ကျန်ရစ်သူမှာ နပိုလီယန်၏ အကိုဖြစ်သူ ဂျိုးဇက် နှင့် နပိုလီယန် တို့ဖြစ်သည်။
နပိုလီယန် ၏ ဖခင်သည် ကော်ဆီကန် တော်လှန်ရေးသမားများကို ထောက်ခံသူ ဖြစ်ခဲ့၍ ၁၇၆၈-တွင် ပြင်သစ် စစ်တပ်များနှင့် ကော်ဆီကန် တော်လှန်ရေး သမားတို့ တိုက်ပွဲ စတင် ဖြစ်ပွားသည်။ ၁၇၆၉-ခုနှစ် နှစ်ဦးပိုင်းတွင် ကိုယ်ဝန် မိခင် လောင်း မေရီသည် ခင်ပွန်းဖြစ်သူနှင့် အတူ ရှေ့တန်း တွင် အတူလိုက်ပါကခဲ့ရာ ကော်ဆီကန် တို့ရှုံးသဖြင့်- ကိုယ်ဝန်ကြီးဖြင့် တောင်ကို ကျော်ဖြတ်၍ အက်ဂျာစီယို အရောက် ပြန်ပြေးခဲ့ရသည်။
မကြာခင်မှာပင် သူမ- ဒုတိယမြောက် အသက်ရှင်သော သားယောင်္ကျားလေး ဖြစ်သူ နပိုလီယန်ကို မွေးဖွားခဲ့ပါတော့သည်။
သားသမီးများကို စည်းကမ်းတင်းကြပ်စွာ ရိုက်နှက် ဆုံးမတတ်သော မိခင် တစ်ဦး ဖြစ်သလို၊ ခင်ပွန်း ဖြစ်သူကိုလည်း- ၀တ္တရားကျေပွန်သော ဇနီးကောင်းတစ်ဦး အဖြစ် အချိန်တစ်ခု အထိကြာမြင့်စွာ နေထိုင်ခဲ့ပါ၏။
သို့သော်-
၁၇၇၀ နှစ်လွန်နောက်ပိုင်း (၁၇၇၆-မှ ၁၇၈၄ အတွင်း) မှ စတင်၍ ခင်ပွန်းဖြစ်သူ၏ မိတ်ဆွေ ဖြစ်သော ကော်စီကာ ဒေသဆိုင်ရာ ပြင်သစ် စစ်ဒေသမှုး တစ်ဦးဖြစ်သူ ကွန်တဲ ဒီ မာဘူး နှင့် အချစ်ဇတ်လမ်း စတင် ခဲ့တော့သည်။ ထို့နောက်တွင် ပြင်သစ် စစ်ဗိုလ်သည် ၁၈-နှစ် သမီးတစ်ယောက်ကို လက်ထပ် ယူလိုက်ပြီး နောက် ၃၄-နှစ် အရွယ် မေရီနှင့် အဆက်ဖြတ်လိုက်တော့သည်။ ထို့ကြောင့် ဘိုနာပါတ် မိသားစုမှ ကလေးငယ် တစ်ယောက် ယောက်သည်- ထိုပြင်သစ် စစ်ဗိုလ်၏ ကလေး ဖြစ်နိုင်သည်ဟု ယူဆချက်များ ရှိသော်လည်း- နပိုလီယန် သည် သူ၏ သားဖြစ်မည်ဟူ၍ပြောရန် ခိုင်မာသော အထောက်အထားမရှိခဲ့ပါ။
သို့သော် နပိုလီယန်၏ ဖခင်ဖြစ်သူ ကာလို၏ လူမှုရေး ၀င်ဆန့်မှု၊ မိခင် နှင့် ပြင်သစ် စစ်ဗိုလ်၏ အချစ် ဇတ်လမ်း၊ နပိုလီယန် ကိုယ်တိုင်၏ ထက်မြက်မှုတို့ကြောင့်- နပိုလီယန် အနေဖြင့် အသက် ၁၀-နှစ်သား ၁၇၇၉ တွင် ဗိုလ်သင်တန်း (military academy at Brienne) တို့ တက်ရောက်ခွင့်ရခဲ့သည်။
လင်ယောင်္ကျား ဖြစ်သူ- ကာလိုသည် ၂၄-ရက် ဖေဖေါ်ဝါရီလ ၁၇၈၅ တွင် သေဆုံးခဲ့ပြီးနောက် ပညာသင် အရွယ်သားသမီး တို့နှင့် ငွေကြေး အခက်အခဲ စကြုံခဲ့ရသည်။ သို့သော်- ၁၇၉၁-တွင် သူမ၏ အိမ်ပေါ်ထပ်တွင် နေထိုင် သေဆုံးသွားခဲ့သော အာချာဒေကွန် လူစီယန် ထံမှ အမွေကဲ့သို့ ရရှိလိုက်သဖြင့် ပြန်ပြေလည် သွားပြန်ပါသည်။ ၁၇၉၃-တွင် နပိုလီယန်သည် ပေါ်လီတိုက်ပွဲတွင် ရှူံးနိမ့်ပြီး အသက်လွတ် ထွက်ပြေးခဲ့ရသောကြောင့် ပြင်သစ် ပြည်မသို့ ပြောင်းရွှေ.နေထိုင်ခဲ့ရလေသည်။
ထိုနှစ်များအတွင်းတွင် မေရီသည် ဆန်ပြုတ်သောက်နေခဲ့ရသော ကာလများ ဖြစ်ခဲ့လေတော့သည်။
(မေရီ၏ ဘုရင့်မယ်တော် ဖြစ်သော နောက်ပိုင်းကာလတို့သည် သိပ်စိတ်ဝင်စား မရှိတော့ဖြင့် မေရီ အကြောင်းကို ဤနေရာတွင်ပင် ရပ်ထားလိုက်ပါသည်။)
နပိုလီယန် ၏ ဘ၀တစ်သက်တာ ကံကြမ္မာတို့ကို မိုးတားနက္ခတ္တဝေဒ နည်းဖြင့် သုံးသပ်ပုံတို့ကို နောက်လာမည့် စစ် ဧကရာဇ် နပိုလီယံ (အပိုင်း ၃) တွင် ဆက်လက် ဖတ်ရှူပါရန်။
စစ် ဧကရာဇ် နပိုလီယံ (အပိုင်း ၁) ကိုဖတ်ရန် ဤနေရာ ကို နှိပ်ပါ။
 

[+/-] show/hide this post

No comments:

Post a Comment