Saturday, September 18, 2010

Malefic-Benefic Planet & Human Being (ဂြိုဟ်ဆိုး၊ ဂြိုဟ်ကောင်း-လူဆိုး၊လူကောင်း)

ဗေဒင်ပညာတွင် ဂြိုဟ်တို့ အကြောင်းကို ပြောကြသော အခါ- စနေ၊ အင်္ဂါ ဆိုလျှင် ဂြိုဟ်ဆိုး၊ ကြာသပတေး၊ သောကြာ ဆိုလျှင် ဂြိုဟ်ကောင်းဟု ပြောကြ ဆိုကြ၊ သုံးသပ်ကြ သည်ကို နေရာတိုင်း လိုလိုတွင် တွေ့ရပါသည်။

၎င်းတို့သည် အမှန်တကယ်ကော- ထိုအတိုင်း ဂြိုဟ်ဆိုး၊ ဂြိုဟ်ကောင်း ဖြစ်ကြပါ၏လော။

လူတို့နှင့် လွန်စွာမှ ဝေးကွာလှ သည့် ကောင်းကင်တွင် တည်နေပြီး၊ မိမိကိုယ်တိုင် တစ်ခါမှ နီးနီးစပ်စပ် မဆက်ဆံဘူးသော ထိုဂြိုဟ်တို့ကို ဂြိုဟ်ဆိုး၊ ဂြိုဟ်ကောင်း ဟု မသတ်မှတ်ခင်- မိမိ နှင့် အမျိုးဇတ်တူချင်း လည်းဖြစ်၊ နေ့စဉ် နှင့် အမျှ တွေ့ကြုံ ဆက်ဆံ နေရသော သူများ ဖြစ်သော လူ အချင်းချင်း ကိုပင်လျှင်- လူဆိုး လူကောင်း သတ်မှတ် ရာတွင် မည်သည့် ဥပဒေသကို ကျွန်တော်တို့ အနေဖြင့် သုံးစွဲ နေကြ ပါသနည်း။

အကယ်၍ ကျွန်တော်တို့ လူအများစု သည်သာ- အမှန်တကယ် ကောင်းသောသူ၊ အစစ်အမှန် ဆိုးသောသူ၊ ယခု ကောင်း သော်လည်း နောင်ဆိုးမည့်သူ၊ ယခု ဆိုးသော်လည်း နောင် ကောင်းမည့်သူ၊ အပြင်ပန်း ကောင်းမွန်သော် လည်း အတွင်းသဘော ဆိုးသူ၊ အပြင်ပန်း ဆိုးသော်လည်း- အတွင်းသဘော ကောင်းမွန်သူ၊ အချို.နေရာများတွင် ကောင်း သော်လည်း အချို.နေရာ များတွင် ဆိုးသောသူ၊ ယခု အသုံးမကျဟု မြင်ရသော်လည်း အရေးကြုံ လာလျှင် သက်လုံ ကောင်းသည့်သူ- စသည်တို့ကိုသာ အမှန်တကယ် ဆန်းစစ် ဝေဘန် နိုင်ကြပါလျှင်- ချစ်သူ ကြင်ဘက် ရွေးချယ်ရာတွင် လည်းကောင်း၊ အပေါင်းအဖော် ရွေးချယ်ရာတွင် လည်းကောင်း၊ လုပ်ငန်း စပ်တူစပ်ဘက် ရွေးချယ်ရာတွင် လည်းကောင်း၊ ငွေချေးငှားရာတွင် လည်းကောင်း- ပြဿနာများ ပေါ်လာတော့မည် မဟုတ်ပါ။

အဘယ့်ကြောင့် ရွေးချယ်မှုများ မှားယွင်းနေကြပါသနည်း။ အောက်ပါတို့ကြောင့် ဖြစ်သည်။

- စရိုက် နှင့် စိတ်ဓါတ် ကွဲပြားမှုကို တစ်ခုချင်းစီ မဆန်းစစ်မိခြင်း။
- တစ်ဘက်သူ၏ စိတ်ဓါတ်အင်အား ခိုင်ခံ့မှုကို မသုံးသပ်မိခြင်း။
- အခြေအနေ တို့၏ တွန်းပို့ပေးတတ်သော သဘောကို နားမလည်ပဲ- ဤသူအား လူကောင်း၊ ဤသူအား လူဆိုးဟု ပုံသေ အမြဲယူဆထားမိတတ်ခြင်း။

ကျွန်တော်တို့ ငယ်ရွယ်စဉ်က- ကာတွန်းစာအုပ် ဖတ်သော အခါများ၊ ရုင်ရှင် ကြည့်သော အခါများတွင်- ဘယ်သူက လူဆိုးကြီး၊ ဘယ်သူက ဇတ်လိုက်၊ ဘယ်သူက လူကောင်း စသည် ဖြင့်- မိမိတို့ နားလည် သလို သတ်မှတ်ကာ၊ ဇာတ်လိုက်ကို အားပေး၊ လူဆိုးကို မုန်းတီး စသည်ဖြင့် ရုပ်ရှင်နှင့် စာအုပ်တို့၏ ရဿ ကို ခံစားခဲ့ကြပါသည်။
တကယ်ပဲ- အပြင်မှာ လူဆိုး၊ လူကောင်း၊ ဤသို့ ကွဲပြားနေကြပါသလား။
လူကောင်းသည် အမြဲတမ်း ကောင်းနေပြီး၊ လူဆိုးသည်ကော အမြဲတမ်း ဆိုးနေပါသလား။

ခရဇ်တော် မပေါ်မီ အနှစ် (၄၀၀) ခန့်က- ပေါ်ထွန်းခဲ့သော ဂရိ အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီး အကြောင်းမှ စတင်ပါရစေ။

ဆိုကရေးတီး သည် လွန်စွာ ထူးချွန်သော အတွေးအခေါ် ပညာရှင်ကြီး ဖြစ်သဖြင့်- ပညာ ဆည်းပူးလိုသူ တပည့်များစွာသည် သူ့ထံတွင် ကျောင်းအိပ်ကျောင်းစား ဖြင့် ပညာသင်ယူ ခဲ့ကြပါသည်။
တစ်နေ့တွင် ဂျစ်ပဆီ ဗေဒင် ဆရာမ တစ်ယောက်သည် ဆရာကြီး စာသင်ကျောင်း အနားသို့ ရောက်လာသဖြင့် တပည့်တို့သည် ထို ဗေဒင် ဆရာမ ထံတွင် တစ်ယောက် တစ်လှည့် ဗေဒင် ကြည့်နေ ခဲ့ကြသည်။ ဆရာကြီးသည် ကျောင်းသားများ စုရုံးနေရာသို့ ရောက်ရှိလာရာ- ကျောင်းသား တို့က ဆရာကြီးအားလည်း ထိုဆရာမ ထံတွင် ဗေဒင် ကြည့်ရန် တောင်းဆို သဖြင့် ဆရာကြီးလည်း ဗေဒင် ကြည့်သည် ဟုဆိုပါသည်။ ထိုအခါ-ဂျစ်ပဆီ ဆရာမ က ဆရာကြီး၏ လက္ခဏာနှင့် ဇာတာအား ကြည့်ပြီး- “သင်သည်-လွန်စွာမှ ရမ္မက်ကြူးသူ ဖြစ်သည်။ လွန်စွာ ရာဂ ကြီးသူ ဖြစ်သည်။ လွန်စွာမှ အစားအသောက်၊ အအိပ် ကြူးလွန်သူ ဖြစ်သည် ဟု ဟောချ လိုက်ပါသည်။”

ဆရာကြီး၏ ဖြူစင်သော သီလ၊ သန့်စင်သော အနေ အထိုင်၊ ခြိုးခြံသော အအိပ် အစားကို သိထားကြသူ တပည့် အများသည် “ဟာ-ဆရာမ ဟောတာ မှားနေပြီ၊ ဆရာကြီး ဘယ်လောက် မြင့်မြတ်သည်ကို ကျွန်တော်တို့ အားလုံး သိကြ ပါတယ်။” ဟု တစ်ပြိုင်တည်း ငြင်းဆိုကြပါတော့သည်။ သို့သော်- ဆရာကြီးကမူ- “ဆရာမ ဟောတာ အလွန်မှန်ပါတယ်။ အတိအကျကို မှန်ပါတယ်၊ ကျွန်တော်ဟာ ဆရာမ ပြောတဲ့ အတိုင်း၊ ရမ္မက်ကြူးသူ၊ ရာဂကြီးသူ၊ အစား၊ အအိပ်ကြူးသူ ဖြစ်ပါသည်။” ဟု ဆိုလိုက်ရာ- တပည့်များအနေဖြင့် “မဟုတ်တာ ဆရာကြီးရယ်၊ ဆရာကြီးရဲ့ ကိုယ်ကျင့်တရား အင်မတန် မြင့်မြတ်တာ၊ ဆရာကြီး အစားအအိပ် အလွန်နည်းတာကို ကျွန်တော့်တို့ အားလုံး အသိပဲလေ၊ ဘယ်မှာ မှန်လို့လဲ” ဟု မကျေမနပ် ဆိုကြပါသည်။

ဤအခါတွင် ဆရာကြီးမှ- “ငါ့တပည့်တို့-ဆရာမ ပြောတဲ့ အချက်တွေဟာ၊ ဆရာကြီးရဲ. အတွင်း သဏ္ဍာန်မှာ အမှန်ရှိနေတဲ့ စိတ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာ၊ အသိဥာဏ် ဆိုတဲ့ ထိမ်းချုပ် နိုင်စွမ်းအားကြောင့် မင်းတို့ အခုလို သိထားကြတဲ့- ကိုယ်ကျင့်တရား ကောင်းမွန်တဲ့၊ တဏှာ ရာဂ နည်းပါးတဲ့၊ အအိပ်အစား ချိုးခြံတဲ့ ဆရာကြီး အနေနဲ့ မင်းတို့က ငါ့ကို မြင်နေ ရတာပါ။ ဆရာမ ပြောတဲ့ မကောင်းတဲ့ စိတ်တွေ အားလုံးဟာ ငါ့ရင်ထဲမှာ-ပင်ကိုယ်သဘာဝ အနေနဲ့ ရှိနေပါတယ်” ဟု ပြောပြခဲ့သည် ဟု ကြားဘူးပါသည်။

ဤသည်မှာ- မိမိ၏ အတွင်းစိတ်-အရှိကို အရှိအတိုင်း မြင်နိုင်ရုံသာမက-မှန်ကန်စွာ ၀န်ခံသော ဆရာကြီး၏ စိတ်ဓါတ်နှင့် ဂုဏ်သိက္ခာမှာ လွန်စွာ လေးစားစရာ ကောင်းလှပါသည်။

ပုထုဇဉ် လူသားတို့တွင်- လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ ကိလေသာ မီးများ မငြိမ်းကြသေး သဖြင့် ထိုသို့သော မကောင်းသည့် စိတ်များ သည် လူတိုင်းတွင် ရှိကြပါသည်။
သို့သော်-ဥာဏ်ပညာ ကြီးသော၊ ခိုင်ခံ့သော စိတ်ရှိသူများသည် ထိုကဲ့သို့သော လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ ကိလေသာ တို့ကို အကောင် အထည် ဖေါ်ဆောင်ရွက် သည့် အဆင့် အထိ မရောက်သွားရန် ထိန်းချုပ်နိုင်ခြင်း ကြောင့်- ၄င်းတို့ကို ပညာရှိ သူတော်ကောင်း အနေဖြင့် မြင်တွေ. ကြရ ပါသည်။
စိတ်ဓါတ် အင်အားနည်းသူ၊ ပါတ်ဝန်းကျင် မကောင်းသော အခြေအနေ တို့တွင် ကြီးပြင်း လာရသူ၊ ဆရာကောင်း သမားကောင်းများနှင့် ဆုံစည်းခွင့်မရသူ၊ ထိုသို့သော စိတ်ဆိုး၊ စိတ်ရိုင်း များကို မပြုပြင်၊ မထိမ်းသိမ်းနိုင်ခြင်းကြောင့် - ရာဇ၀တ်ကောင်များ၊ လူဆိုးများဟု အများက သတ်မှတ်ထားခြင်း ခံထားရပါသည်။

ဤသည်မှာ လူတစ်ယောက် အနေဖြင့် ကောင်းသည် ဆိုးသည်မှာ မကောင်းမှု၊ အဆိုးဓါတ် ကို ထိန်းချုပ် နိုင်စွမ်းရှိမရှိ ပေါ်တွင် တည်နေခြင်းကို ဆိုလိုနေပါသည်။ ထို့ကြောင့်- လူအများစုအနေဖြင့် အခြားလူတစ်ယောက်၏ ဗဟိဒ္ဓစရိုက် သွင်ပြင်ကိုသာ လေ့လာ၍- ဤသူကား လူဆိုး၊ ဤသူကား လူကောင်း ဟူ၍ သတ်မှတ် ကြမည် ဆိုလျှင် မှန်ကန် သဘာဝကျ ပါမည်လား။

ဦးစွာ- စရိုက်ဆိုးခြင်း၊ နှင့် စိတ်ဓါတ် ဆိုးခြင်းကို ခွဲခြားစွာ ပြောရပါမည်။
အချို.သည်- ဖြူစင်သော စိတ်ရင်းကောင်းများ ရှိသော်လည်း- အပြုအမူ၊ အပြော အဆို တိုတောင်း မှုကြောင့်- အပြောဆိုးသူ၊ ရိုင်းပြသူ အဖြစ် သတ်မှတ်ခြင်း ခံရကာ ဝေးဝေးမှ ရှောင်ရှား ခံကြရပြီး၊ အချို.မှာလည်း မိမိသူငယ်ချင်း အတွက် ဖြစ်စေ၊ အမြင်မတော်သော ကိစ္စများနှင့် ပါတ်သက်၍ ဖြစ်စေ၊ ကိုယ်နှင့် မဆိုင်သော ကိစ္စများတွင် ပါဝင်၍ ခိုက်ရန် ဖြစ်မိခြင်း ကြောင့် အချုပ်ကျ၊ ထောင်ကျ အပြစ်ဒဏ် ခံကြရတတ်သည်။ ထိုသူများကို လူဆိုးဟု သတ်မှတ်ကြမည် ဆိုလျှင်- မိမိကိုယ်မိမိ သပ်သပ် ရပ်ရပ် ၀တ်စား ဆင်ယင်ပြီး၊ လူကြည်ညိုအောင် နေသော်လည်း- မည်သူ တစ်ဦး၏ အကျိုးကိုမှ စေတနာမှန် ဖြင့် ကူညီ ဆောင်ရွက်ပေးခြင်း မရှိပဲ၊ တနည်းအားဖြင့် မျက်စိရှေ.တွင် မြင်နေရသော မတရားမှု များတွင် “ငါ နှင့် မဆိုင်” ဟု ဘယ်သူ သေသေ၊ ငတေမာ ပြီးရော ဆိုသော စိတ်ဓါတ် ရှိသူများကို လူကောင်းဟု သတ်မှတ် နိုင်ပါမည်လား။

မြတ်စွာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကာလ က- အခြားသူအား စကား စပြောလျှင်- “ဟဲ့- သူယုတ်မာ” ဟု စတင် ခေါ်တတ်သည့် အကျင့်ရှိသည့် ရဟန္တာ မထေရ် တစ်ပါး ရှိသည်ကို ဖတ်ဘူး ပါသည်။ ကိလေသာ ကင်းစင်သော ရဟန္တာ ဖြစ်၍- စိတ်ဓါတ်ပိုင်း ဆိုင်ရာနှင့် ပါတ်သက်၍ ပြောစရာ ရှိမည် မထင်ပါ။
ဤသည်မှာ- စရိုက် နှင့် စိတ်ဓါတ် ခွဲခြား သုံးသပ်နိုင် ဘို့ စဉ်းစား နိုင်ရန် ဖြစ်သည်။

မြန်မာ ရာဇ၀င်တွင် ထင်ရှားသည့် စစ်သူကြီး မဟာဗန္ဓူလ ဖြစ်လာမည့် မောင်ရစ်သည်- ဒီပဲရင်း ဒေသ၊ ၄င်းမွေးရာ ဇာတိတွင်- နေရာတကာ ရန်ဖြစ်၊ မူးလျှင် သွေးဆိုးတတ်သော သူဟု ငယ်ပေါင်းများက အသိအမှတ် ပြုထားရသူဖြစ်သည်။

ကမ္ဘာပေါ်တွင် လူပေါင်းများစွာ၏ အသက်၊ အိုးအိမ်ကို ပျက်စီးစေရန်- စစ်ကြီးများကို ဖန်တီး ခဲ့သူတို့သည်- ဂုဏ်သရေရှိ၊ ပညာတတ် ချမ်းသာ၍ လူကြီး လူကောင်းများ အဖြစ် အများက အသိအမှတ် ပြုခံထား ရသူများ ဖြစ်သည်။

အေးဆေးစွာ နေထိုင်၍ ပညာတတ် တစ်ယောက် အဖြစ်ရောက်ရှိသော်လည်း- မိမိကိုယ် တစ်ဦး တစ်ယောက်၏ ဘ၀ ရပ်တည်မှု ကိုသာ အာရုံစိုက်သော မိမိအတွက် အကျိုးမရှိလျှင်၊ တနည်း အားဖြင့် မိမိ၏ အကျိုးစီးပွားကို မထိခိုက်သေးသရွေ.၊ အားလုံးကို လျစ်လျူရှုတတ်ပြီး အခြားသူများ၏ အခက် အခဲကို ကူညီ ပေးလိုစိတ် မရှိသော သူများကိုမူ နေရာတိုင်းတွင် တွေ့နိုင် ပါသည်။

ဆိုးပေ ကြမ်းတမ်းသော လူသတ်သမား တစ်ယောက်သည် လူအရေအတွက် ရာဂဏန်းမျှ ကိုသာ အလွန်ဆုံး သတ်ဖြတ်နိုင် မည်ဖြစ်သော်လည်း၊ ပြုံးရွှင် ချိုသာသော ဂုဏ်ကြီးရှင် ရာထူး ကြီးမားသော လူကြီး လူကောင်း ဆိုသူများသည် လူအရေ အတွက် သိန်းသန်း နှင့် ချီ၍ တိုက်ရိုက် သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း သတ်ဖြတ် နိုင်ခဲ့ကြ ပါသည်။ ဆက်လက်၍ လည်း လုပ်ဆောင်နေကြဆဲ ဖြစ်ပါသည်။
သို့ဆိုလျှင်- သူတို့သည် လူကောင်း ဖြစ်ကြ ပါ၏လော။

မြတ်စွာ ဘုရားကို နည်းမျိုးစုံဖြင့် လုပ်ကြံနိုင်ရန် ကြံစည် အားထုတ်သူ၊ သံဃာ သင်းခွဲသူ ဒေ၀ဒတ် သည်- ဒေ၀ဒဟ ပြည်၏ နန်းညွှန့် နန်းလျာ မင်းသားလည်းဖြစ်၊ ဘုရားနှင့် ညီအကို ၀မ်းကွဲ တော်သူလည်း ဖြစ်၊ ယောက်ဖတော်သူလည်း ဖြစ်၏။ မိမိ၏ တန်ခိုး အစွမ်းကို ပြသပြီး အဇာတသတ် မင်းသားငယ် ထံမှ လာဘ် လာဘများကို ဇိမ်ကျကျ စားသောက် နေသဖြင့် မြတ်စွာ ဘုရားမှ- ၄င်းအား “ငါဘုရားတွင် သာရိ ပုတ္တရာ၊ မောဂ္ဂလာန် စသော လက်ဝဲတော်ရံ၊ လက်ယျာ တော်ရံ သံဃာများ ရှိနေလျှက်- သင့်ကဲ့သို့ အများတံထွေးကို စားသူအား မည်သို့ ကြောင့် သံဃာကို အပ်ရပါမည်နည်း” ဟု ပြင်းထန်စွာ မိန့်ဆိုသော အခါတွင်- မြတ်စွာဘုရား ရိုသေစွာ လက်ယျာရစ် သုံးပါတ် ပါတ်ပြီးမှ ယဉ်ကျေးစွာ ပြန်ထွက်သွားကို ဒေ၀ဒတ်ကို လူကောင်းဟု ဆိုနိုင် ပါမည်လား။
ဤသည်မှာ- စရိုက်နှင့် စိတ်ဓါတ် ကွာခြားမှုပင် ဖြစ်သည်။

တစ်ဘက်တွင် ဂုဏ်သရေရှိ ဘုရား လူကြီး အမည်ခံ၍- ရပ်ရွာတွင် သြဇာညောင်း သော်လည်း မိမိ၏ လိုဘ ပြည့်ရေး အတွက်- လိုအပ်လျှင် လိုအပ်သလို- လာဘ်စားရန်၊ အကျင့်ပျက်ရန်၊ မိမိနှင့် မသင့်မြတ်သူများကို ချောက်ချရန်၊ ဖောက်ပြန်ရန် ၀န်မလေး သော လူကြီး၊ လူကောင်း ဆိုသူတို့နှင့် ထမီစုတ် ခိုးသူ - သူခိုးတို့ မည်သူက ပိုသာမည် ထင်ပါသနည်း။

လက်မရွံ. လူမိုက် ဆိုသော လူတစ်ယောက်နှင့်- အဆင့်မြင့် လူဂုဏ်တံ တစ်ယောက် တို့ မည်သူက ပို၍ လူ့ဘောင်လောက ကို ဒုက္ခပေးနိုင်ပါသနည်း။

အားငယ်စိတ် နှင့် အခြေအနေ ပါတ်ဝန်းကျင်-

ဆရာကြီး ပီမိုးနင်း အနေဖြင့် လူတို့၏ သိမ်ငယ်စိတ် အကြောင်းကို ရေးသားခဲ့ဘူးပါသည်။ လူတိုင်းတွင် သိမ်ငယ်စိတ် ရှိကြသည်။ ထို့စိတ်ကြောင့် ပင်- ထိုသိမ်ငယ်စိတ်ကို ကာကွယ် ဖုံးအုပ်ရန် အတွက် မာန ကိုမွေးယင်း- အတ္တတို့ ကြီးထွား လာကြသည်။ ဥစ္စာရှိသူက ဥစ္စာမာန ဖြင့် ထောင်လွှား၍ ၄င်း၏ သိမ်ငယ်စိတ်ကို ကာကွယ်နေစဉ်တွင်- ဥစ္စာမရှိသူ ကလည်း- “သူ့မှာ ပိုက်ဆံ ရှိတာ၊ ငါက ဘာလို့ ဂရုစိုက်မှာလဲ” ဟု မိမိ၏ သိမ်ငယ် စိတ်ကို ပြန်လည် ကာကွယ်ယင်း- မရှိမာန ဖြစ်တည် လာရသည်။
ဆီးသီးသည် မဗျိုင်းသည် မိမိ အနေဖြင့် ဆီးသီးသည် ဘ၀မှ ဘုရင့် မိဖုရား အဖြစ်ရောက်ခဲ့ ပြီးနောက် ဆီးသီးကိုပင် မမြင်ဘူးချင်ယောင် ဆောင်ခဲ့ ရသည်မှာ နုံချာသော ခဲ့သော မိမိ၏ အတိတ် ဘ၀ကို အခြားသူများ သိသွားမှာ စိုးသော သိမ်ငယ် စိတ်ကြောင့် ဖြစ်၏။
တစ်ချိန်က မြန်မာပြည်တွင် ထင်ရှားခဲ့သော လူမိုက်ဂိုဏ်း ခေါင်းဆောင် လမ်းမတော် ဖိုးတုတ်သည်- ထိုသို့ အနေအထား မရောက်မီက-လွန်စွာ ကြောက်တတ်သော လူတော မတိုး သည့် ဘုန်းကြီးကျောင်းသား တစ်ဦး အဖြစ်ဖြင့် သရက်တော ကျောင်းတိုက်တွင် ကြီးပြင်း လာခဲ့သူ ဖြစ်ပါ၏။
ဤအချက်မှာ- အားငယ်မှုကြောင့်- ဖြစ်လာတတ်သော နောက်ဆက်တွဲ စိတ်ဓါတ်များ ဖြစ်ပါ၏။

ဘုရား အလောင်းတော် ကဲ့သို့ မြင့်မြတ်သော မဟာလူသား တို့တွင်မူ- လူသာမာန် တို့ကဲ့သို့ သိမ်ငယ် စိတ် မရှိ၊ ထို့ကြောင့်လည်း- မိမိအသက်အား ရန်ရှာသူကိုပင် ခွင့်လွှတ်နိုင်ကြသည်။ မိမိက တစ်ဘက်သူအား အနိုင်ရသော အခါ - ထိုသူအား အဆုံးစီရင်ခြင်းသည် ထိုသူကို ကြောက်၍ ဖြစ်သည်ကို စိတ်ပညာရှင်များ နားလည်ပါသည်။

မိမိ၏ အသက်ကို ချမ်းသာရန် အတွက်- အရှက်ကင်းမဲ့စွာ တောင်းပန် တိုးလျှိုး ရမှာ ၀န်မလေးသူသည်- အနိုင်ရသော အခါ တစ်ဘက်သူအား သတ်ပစ်ရန် ၀န်မလေးတတ်။

မိမိတွင် ငွေကြေးမရှိခင်က ငွေကြေးမရှိသူများကို အထင်ကြီး၊ တိုးလျှိုးတောင်းပန် တတ်သူသည် ငွေကြေး ပြည့်စုံသွားသော အခါ ယခင် က မိမိ အနေအထားတွင် ရှိသောသူ တို့ အပေါ်တွင် အထင်သေး၊ ရှုံ.ချ၍၊ ငွေဂုဏ်မောက် တတ်သည်မှာ- ၄င်း၏ ဟဒယ နှလုံးဓါတ် သည် နုနယ်၍- ငွေကြေးဟူသော ဗဟိဒ္ဓတရား၏ လွှမ်းမှုဒဏ်ကို မတောင့်ခံ နိုင်သောကြောင့် ဖြစ်သည်။
ဤသည်မှာ အကြောက်တရား၊ သိမ်ငယ်မှုကြောင့် ဖြစ်လာသော စိတ်ဓါတ် တို့ ဖြစ်သည်။

စရိုက်သည်- အထုံအဖြစ်ဖြင့် ပါလာသော အရာဖြစ်၍- အလွယ်တကူ စွန့်ပစ်ရန် မလွယ်။ အခြားတစ်ဘက်တွင် ပင်ကိုယ် စိတ်ဓါတ် အားဖြင့်- အားငယ်သူ၊ ကြောက်တတ်သူ၊ မိမိကိုယ် မိမိ အလွန် ချစ်တတ်သူ တို့သည်- အခြေအနေ တစ်ခုသို့ ရောက်သွားသော အခါ မိမိ၏ အသက်ရှင်သန် ရေးအတွက် သော်လည်းကောင်း၊ မိမိ၏ ဂုဏ်သိက္ခာ မဆုံးရှုံး စေရေး အတွက် လည်းကောင်း၊ ယုတ်မာ ကြသူများ ဖြစ်သွား တတ်ပါ၏။ ထိုသူသည် ပညာတတ်သူ သော်လည်းကောင်း၊ ဥစ္စာရှိသူ သော်လည်းကောင်း၊ ဆွေဂုဏ် မျိုးဂုဏ် ကြီးမားသူ လည်းကောင်း၊ မည်သူ မဆို ဖြစ်နိုင် ပါသည်။ ပင်ကိုယ် ခိုင်မာသည့် စိတ်မရှိပဲ- ချစ်ခြင်း၊ ကြောက်ခြင်း၊ တွေဝေ ခြင်း (အားငယ်စိတ် ၏ နောက်ဆက်တွဲ) တို့ကြောင့်- အခြေအနေ တစ်ခုတွင် ဆိုးရွားယုတ်မာ သောသူ အဖြစ်ပြောင်း သွားနိုင်သော်လည်း- စရိုက်ကောင်းသူ ဖြစ်လျှင်- ထိုသူ ဆိုးသည် ကိုပင် ပါတ်ဝန်းကျင်က ဆိုးသူဟု မမြင်သိနိုင်ပါ။
တကယ့် အပြင်လောကတွင် လူဆိုးနှင့် လူကောင်းသည် ရုပ်ရှင်ထဲ၊ စာအုပ်ထဲ မှာလို အလွယ်တကူ ကွဲပြား မနေပါ။

အဘယ့်ကြောင့် ဆိုသော် ကောင်းသော စိတ်ဓါတ်များ ဖြစ်သည့်- မတရားမှုကို မုန်းတီးခြင်း၊ အားနည်းသည့် ဘက်မှ ရပ်တည်ခြင်း၊ သနားခြင်း၊ စသော စိတ်ဓါတ် တို့သည်လည်း လူဆိုးဟု သတ်မှတ် ထားသော သူများတွင် ရှိနေကြသလို- ဆိုးညစ် ယုတ်မာသော၊ တစ်ကိုယ်ကောင်း ဆန်သော၊ မနာလို ၀န်တိုသော ဣသာ မစ္ဆိရိယ၊ ဆိုသော စိတ်ဓါတ် များသည်လည်း လူကောင်းဟု သတ်မှတ်ခြင်း ခံထားရသော သူများတွင် ရှိနေသောကြောင့် ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်အတွင်းက အင်မတန် ရက်စက်ကြမ်းကြုတ်သည်ဟု ထင်ရှားသော နာဇီ အရာရှိကြီး အချို.ကို လုပ်ကြံရန် အတွက်- မဟာမိတ် သူလျှိုမယ် တို့သည် ယုံကြည်ခြင်း ခံရသော အတွင်းစည်း အနေအထားကို ရောက်ခဲ့ပြီးမှ- ထိုသူတို့တွင် လူကြီးလူကောင်း ဆန်သော၊ လက်အောက် ငယ်သား အပေါ် ယုံကြည်သော စိတ်ဓါတ်များကို တွေ့ရခြင်းကြောင့် ထိုသူတို့အား လုပ်ကြံရန် အတွက် မလုပ်ရက် နိုင်ခဲ့ကြသော သူလျှိုတို့၏ အကြောင်းကို ကြားဖူး ပါသည်။

အထက်ပါ ရှင်းပြချက်တို့ကို အနှစ်ချုပ်လိုက်လျှင် အောက်ပါ အချက် (၃) ချက်ကို ရပါမည်။

(၁) စရိုက်ဆိုးတိုင်း၊ စိတ်ဓါတ် မဆိုးသလို၊ စရိုက်ကောင်းတိုင်းလည်း စိတ်ဓါတ် မကောင်းပါ။
(၂) လူကောင်း ဖြစ်သည် ဟု သတ်မှတ်ထားခြင်း ခံထားရသူများ တွင်လည်း- သဘာဝ အတိုင်း လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန၊ အကြောက်တရား တို့ရှိနေခြင်းကြောင့် ထိုသူ အချို.တို့သည်လည်း ခိုင်မာ တောင့်တင်းသော စိတ်ဓါတ် အခံ မှန် မရှိခဲ့လျှင်- အခြေအနေ၊ ပါတ်ဝန်းကျင်၊ တို့မှ တွန်းပို့သော အခါ လူ့ဘောင် လောကကို ဖျက်ဆီးသူ များ အဖြစ်သို့ ရောက်သွား နိုင်သကဲ့သို့၊ လူဆိုးဖြစ်သည် ဟုသတ်မှတ် ထားခြင်း ခံထားရသူ တို့သည်လည်း အကြောင်း တိုက်ဆိုင်သောအခါ- မြင့်မြတ်သော လုပ်ရပ်များကို လုပ်ဆောင်ပေး တတ်သော ကြောင့် ဖြစ်သည်။
အကောင်းထဲတွင် အဆိုးရှိပြီး၊ အဆိုးထဲတွင် အကောင်းရှိသည်။ အပူထဲတွင် အအေးရှိပြီး၊ အအေးထဲတွင် အပူရှိသည်။ အမှောင်ထဲတွင် အလင်းရှိပြီး၊ အလင်းထဲတွင် အမှောင်ရှိသည် ကို ဖုန်းရွှေပညာ နှင့် အာယုဗ္ဗေဒ ပညာများက အသုံးချ ထားပါသည်။
(၃) မိမိကိုယ်တိုင်၏ ဓါတ်ခံ အင်အား နည်းပါးမှုသည် ပါတ်ဝန်းကျင်လွှမ်းမိုးမှုတို့ကို မကာကွယ် မတားဆီးနိုင်ခံလျှင် ဖြစ်စေ၊ ထိန်းချုပ်နိုင်သော ဓါတ်တို့၏ အထောက်အပံ့ကို မရရှိခဲ့လျှင် ဖြစ်စေ- ကောင်းသည်ဟု သာမာန် အားဖြင့် သတ်မှတ်ထားသော လူအချို.သည် အခြေအနေ တို့က တွန်းပို့လာသော အခါ မထင်မှတ်ဘွယ် ဆိုးယုတ် သွားနိုင်ပါသည်။

လူအကြောင်း နားလည်လျှင်- ဂြိုဟ်အကြောင်းလည်း နားလည်နိုင်ပါသည်။

အဘယ့်ကြောင့် ဆိုသော်- အရာအားလုံးသည် လောက၏ နိယာမကို မဆန့်ကျင်သောကြောင့် ဖြစ်၏။
ရာဟုဂြိုဟ်၊ ကိတ်ဂြိုဟ်၊ စနေဂြိုဟ်၊ အင်္ဂါ ဂြိုဟ်တို့သည် ကျွန်တော်တို့ ဗေဒင်ဆရာများ၏ စွဲချက်တင် အပြစ်ဖို့ခြင်း ဒဏ်ကို တစ်သတ်မတ်တည်း အမြဲ ခံနေရသော ဂြိုဟ်များ ဖြစ်ကြ ရရှာ သည်။ ထိုဂြိုဟ်များ ဒဿာ စားနေချိန်၊ ထိုဂြိုဟ်များ၏ အမြင်ကို အခြားသော ဂြိုဟ်များ၊ ဘာဝများ ခံစားရချိန်တွင် အဆိုးကိစ္စများကို ဟောရန် ကျွန်တော့်တို့က ကြိုးစားမိပါ တော့သည်။

၎င်းတို့သည် စရိုက်ဆိုးပါ၏။ သို့သော် ထိုတစ်ချက်တည်းဖြင့် တော့ ဂြိုဟ်ဆိုးဟု အပြော ခံရခြင်းမှာ သိပ်တော့ မတရား လှပါပေ။ တစ်ဘက်စီးနင်း ဆန်လွန်းလှ၏။

ကြာသပတေး၊ သောကြာ စသော ဂြိုဟ်များ ဒဿာ စီးနေချိန်၊ ထိုဂြိုဟ်များ၏ အမြင်များကို ရထား ချိန်တွင် ကျွန်တော်တို့ ဗေဒင်ဆရာများ က အကောင်းပြောဘို့ ပြင်တော့သည်။ အဘယ့်ကြောင့် ဆိုသော် ထိုဂြိုဟ်တို့သည် ပင်ကိုယ် စရိုက်ကောင်းသော ဂြိုဟ်များ၊ တနည်း အားဖြင့် သဘာဝ သောမ ဂြိုဟ်များ ဖြစ်သောကြောင့် ဖြစ်၏။

ရှေးကျမ်းမြတ် တို့သည်- အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း- သဘာဝ ပါပ ဂြိုဟ်၊ သဘာဝ သောမ ဂြိုဟ်တို့ကို သတ်မှတ် ပေးခဲ့သော်လည်း- ဥာဏ်ပညာ ကြီးသူတို့ အနေဖြင့်- ဂြိုဟ်တို့၏ သဘော သဘာဝကို နားလည်စေရန် သဲလွန်စ ချန်ထားပေးခဲ့သည်။
ထိုသဲလွန်စသည်ကား- တနင်္လာ ဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ် တို့ဖြစ်၏။

တနင်္လာ ဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့မှာမူ- ဒြဗ်ထုထည် အရလည်း သေးငယ်- မကြာခဏ နေနှင့် နီးစပ်သွား၍ အင်အားတောက်ပမှု နည်းခြင်း ကြောင့် ၄င်းတို့သည် ပုံမှန် အားဖြင့် ကိုယ်ပိုင် ဓါတ်အင်အား နည်းပါးသော ဂြိုဟ်များ ဖြစ်၏။ ထို့ကြောင့် ထိုဂြိုဟ်တို့ အနေဖြင့် ရောက်တည် ရာ နေရာ အရလည်း ထပ်မံ၍ အင်အားနည်းနေ ပြီး၊ မကောင်းသော အခြားသော ဂြိုဟ်များ၏ လွှမ်းမိုးမှု ရှိပါမူ- ထိုသူတို့သည် ဂြိုဟ်ဆိုးသဘွယ် ပြုမူတော့၏။

နက္ခတ် ပညာတွင် ကြာသပတေးကို အထူးအကောင်း ပြော၏။ အဘယ့်ကြောင့် ဆိုသော် ၄င်းတာဝန် ယူထားသည်မှာ ပညာနှင့် အသိဥာဏ် ဖြစ်ရုံမျှ မက- ဂြိုဟ် ကိုယ်၌အားဖြင့် ထုတည် အရွယ်အစားကြီးမား၏။ တစ်နှစ်လျှင် တစ်ရာသီ နှုန်းဖြင့် ဖြေးညှင်းစွာ ဖြတ်သန်း၏။ ထို့ကြောင့် ပုံမှန် အားဖြင့်၊ များသော အားဖြင့် ကြာသပတေးသည် ဂြိုဟ်ကောင်း ဟု သတ်မှတ် နိုင်သော်- အချို.သူများ၏ ဇာတာတွင် ကြာသပတေးသည် အင်အားနည်းပါး သော အနေအထား တွင် တည်ရှိနေလျှင်- ၄င်းအား တိုက်ရိုက် အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက် အားဖြင့် သော်လည်းကောင်း ဂြိုဟ်ဆိုးများ၏ လွှမ်းမိုးမှု၊ ပါတ်သက်မှုများ နက်ရှိုင်းစွာ ရှိနေလျှင် ထိုကြာသပတေး ကိုယ်တိုင်ပင် ထိုဇာတာရှင် များအတွင် ဂြိုဟ်ဆိုး ဖြစ်သွားတတ်၏။ သို့သော် စရိုက်ကောင်းသော (တစ်နည်းအား ဖြင့် ပညာတတ် လူကြီး လူကောင်း တို့ နှင့် ဥပမာပေးရပါမည်။) ဂြိုဟ်ဖြစ်သဖြင့်- ၄င်း၏ လွှမ်းမိုး ဖျက်ဆီးမှုသည် စရိုက်ကြမ်းသော ဂြိုဟ်များ ဖျက်ဆီးပုံနှင့် မတူသည်ကို သတိပြုရပါမည်။

ထို့ကြောင့်လည်း- လူတို့ နည်းတူပင်- ဂြိုဟ်တို့မှာ-
- မူရင်း စရိုက် နှင့် သဘာဝ အရ ကွဲပြားမှုရှိသည်။
- ဂြိုဟ်တစ်လုံးစီ၏ မူလ သဘာဝ အင်အား ခိုင်ခံ့မှု အရကွဲပြားမှု ရှိသည်။
- အခြေအနေ၊ အချိန်အခါ ဆိုသော ကောဇာ အနေအထား တို့၏ တွန်းပို့ ပေးမှုကြောင့် အကောင်း အဆိုး ပြောင်းတတ်သော သဘောရှိသည်။

ထိုဂြိုဟ်တို့၏ လွှမ်းမိုးမှု မိမိအပေါ်တွင် ရိုက်ခတ် သက်ရောက်တတ်သော အနေအထားမှာ- မူလ ဇာတာအရ-
- ဂြိုဟ်တစ်လုံးစီ အင်အား ခိုင်ခံ့မှု
- ထိုဂြိုဟ်တို့သည် မိမိနှင့် သက်ဆိုင်သော အခြား ဂြိုဟ်တို့နှင့်၊ သက်ဆိုင်ရာ အတန့် ဘာဝ တို့အပေါ်တွင် မည်မျှ အင်အားနှင့် လွှမ်းမိုးထားမှု၊
တို့အပေါ်တွင် မူတည်နေသည်။

မြန်မာ စကားလုံး “အင်အား” ဆိုသည်မှာ- အဓိပ္ပါယ်ရောထွေးနိုင်သော စကားလုံး ဖြစ်သောကြောင့်- နက္ခတ်ပညာကို လေ့လာသူ အများစုတို့သည်- ကျမ်းတို့က ဆိုလိုသော အင်အားကို ရောထွေးစွာ နားလည်သွားတတ်ကြသည်။ ထို့ကြောင့် လည်း- မကောင်းသော စနေ၊ အင်္ဂါတို့ အင်အားနည်းလေ ကောင်းလေ ဟူ၍ လည်းကောင်း၊ မကောင်း သော ဒုဌာန ဘာဝ အိမ်ရှင်တို့ (၆-တန့်၊ ၈-တန့်၊ ၁၂-တန့်) အိမ်ရှင် တို့ အင်အားနည်းလေ ကောင်းလေ ဟူ၍ လည်းကောင်း မှားယွင်းသော ဆုံးဖြတ်မှု များပေါ်ပေါက် လာရခြင်း ဖြစ်သည်။
“အင်အား” ဆိုသည်မှာ- “Strength” ခေါ် တောင့်တင့် ခိုင်မာမှု စွမ်းအား ဟု အဓိပ္ပါယ် တစ်မျိုးထွက်၍၊ အခြား အဓိပ္ပါယ် တစ်ခုမှာ- “Influence” ခေါ် လွှမ်းမိုးမှု စွမ်းအား ဟူ၍ (၂) ခုကွဲပြား စွာ ရှိနေသည်။
  • မည်သည့် ဂြိုဟ်မဆို၊ တနည်းအားဖြင့် မည်သည့် ဘာဝ အိမ်ရှင်မဆို- “Strength” ခေါ် တောင့်တင့် ခိုင်မာမှု စွမ်းအား ကောင်းခြင်းသည် အရေးကြီးသော လိုအပ်ချက် တစ်ခု ဖြစ်ပါသည်။ ထိုမှသာ ထိုဂြိုဟ်သည် သက်ဆိုင်ရာ တာဝန်တို့ကို ကောင်းမွန် ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်သည်။ ဆိုလိုသည် မှာ ဂြိုဟ်ဆိုးတို့သည် လည်း သက်ဆိုင်ရာ တာဝန်များရှိနေခြင်း ကြောင့် ၄င်းတို့၏ အင်အားကောင်းခြင်း သည် လိုလားသင့်သော အချက်တစ်ခု ဖြစ်သည်။
  • “Influence” ခေါ် လွှမ်းမိုးမှု စွမ်းအား ဆိုသည်မှာ- ထိုဂြိုဟ်သည် အခြား သော ဂြိုဟ်များ နှင့် အတန့် ဘာဝ တို့ကို အပူး၊ အမြင် အံသာ အနေအထား နီးစပ်မှုတို့ဖြင့် - လွှမ်းမိုးထားခြင်းကို ဆိုလိုသည်။
    - ဆိုလိုသည်မှာ- ဇာတာရှင် တစ်ဦးအတွက်- ၆-တန့်သခင်လည်းဖြစ်၊ စရိုက်အရ လည်း ကြမ်းတမ်းသော သဘာဝ ရှိသည့် အင်္ဂါသည် ဂြိုဟ်ဆိုး တစ်ခု ဖြစ်သည်ဟု ဆိုနိုင်၍- ၄င်း အင်အား “Strength” ကောင်းခြင်းသည် ဇာတာရှင် အနေဖြင့် မတော်တစ်ဆ ဖြစ်ရပ်များတွင် ပါဝင်သော်မှ အသက်အန္တာရယ်မှ လွတ်မြောက်နိုင်ခြင်း၊ ရန်သူကို အောင်နိုင်ခြင်း၊ အလုပ် လုပ်ကိုင် ရာတွင် မည်သူနှင့် မျှ မတူအောင် စိတ်ရောကိုယ်ပါ ထူးခြားထက်မြက်စွာ လုပ်ကိုင်နိုင်ခြင်း စသော အစွမ်းများကို ပေး၍ လိုအပ်သော ကိစ္စ ဖြစ်သော်လည်း- ထိုအင်္ဂါသည် မူလ ဇာတာတွင် မည်သည့် အခြားသော ဂြိုဟ်များ၊ ဘာဝ များကိုမျှ ဖျက်ဆီးထားခြင်း မရှိပါမူ ဤဇာတာရှင် သည် ဘ၀ တစ်သက်တာ အားဖြင့် အောင်မြင်၍ အန္တရာယ်မှ ကင်းဝေး မည့်သူဖြစ်သည်။ သို့သော် ထိုအင်္ဂါသည် အခြားသော ဂြိုဟ်များ၊ အတန့် ဘာဝများကို မူလ ဇာတာတွင် ဖျက်ဆီးတိုက်ခိုက် ထားမှုများ ရှိနေပါမူ- ဇာတာရှင် အနေဖြင့် ကံကြမ္မာ အနိမ့်ပိုင်း ကျရောက်ချိန်၊ ဒဿာ ကာလ အတွင်းတွင် ကောဇာ အင်္ဂါသည် သက်ဆိုင်ရာ ဂြိုဟ်များ၊ ဘာဝများကို နီးစပ်စွာ လွှမ်းမိုးမှု “Influence” ဖြစ်သော အချိန်ပိုင်းတွင် ဇာတာရှင် တွင် မတော်တစ်ဆမှု၊ ခိုက်ရန် ဖြစ်ပွားမှု၊ အမှုအခင်း ဖြစ်မှု၊ များ ပြဿနာ များကို ထင်ရှားစွာ ကြုံတွေ့ရမည် ဖြစ်သည်။
“ဗေဒင် ပညာ” ဟူသည်- “ဗေဒ” ဆိုသော အသိဥာဏ် ပညာ ကို ကိုယ်စားပြုသည်။ ဗေဒင် ပညာ ကို အများစုက နားလည် ထားသည်မှာ ရှေ.ဖြစ်နောက်ဖြစ် ဟောသော Fortune Teller ဟူ၍ ဖြစ်သည်။ Fortune Telling အမျိုးမျိုး ရှိ၏။ အချို.သော နည်းတို့မှာ အလွန်ပင် မှန်သော်လည်း- အသိဥာဏ် ပညာဟူ၍ လုံးလုံး နီးပါးပင် မလိုချေ။ ဗေဒင် ကျမ်းတို့တို- အသိဥာဏ် မပါပဲ- အာဂုံကျက် ခဲ့သော်- ကျမ်းတတ်သော“ဗေဒင် ဆရာ” ဖြစ်သွား၏။ အမှန်က “ဗေဒင် ပညာ” သည် ကျမ်းတို့ကို အထောက်အကူ သဘောထား၍- ဟောပြော စိစစ်ခြင်း တို့ကို အခြေခံပြီးနောက်- မိမိ၏ အသိဥာဏ် တံခါးကို ဖွင့်သော - ပညာရပ် ဖြစ်သည်။

ထို့ကြောင့်လည်း- ဗေဒင် ပညာ၏ အနှစ်သာရကို သဘောပေါက်သွားသော ပညာရှင်ကြီး များသည် ပကတိ အနှစ်သာရကို ရှာဖွေရန် လူ့ဘောင် လောကကို စွန့်ခွာ သွားကြခြင်း ဖြစ်သည်။

ဗေဒင် ၀ါသနာရှင်များ အားလုံး “ဗေဒ (ဝေဒ)” ကို နားလည်သော “ဗေဒင် ဆရာ” များဖြစ်နိုင် ကြပါစေ။

နျူမာန် (မိုးတား)

[+/-] show/hide this post

No comments:

Post a Comment