Saturday, September 11, 2010

Astrology Remedy & Karma (ဗေဒင် ယတြာနှင့် ကံ၊ ကံ၏ အကျိုး)

ဤဆောင်းပါးကို ရေးသားမည် ကြံလိုက်၊ မရေးပဲ နေယင် ကောင်းမလားဟု စိတ်ကူး ၀င်လိုက် ဖြင့် အကြိမ်ပေါင်း များစွာ ချီတုံ၊ ချတုံ ဖြစ်ခဲ့ရသည်။
သို့သော်လည်း- မျက်စေ့ရှေတွင် အခြေအနေ မျိုးစုံတို့ကို မြင်တွေ့နေရသည်။ ဝေဒ ယတြာ၊ နတ်၊ ဘာဘာ ညာညာ ဆိုလျှင် မျက်စိစုံမှိတ် ယုံကြည်တတ်သူများ ရှိသလို၊ အချို. အနေဖြင့်မူ- အကြောင်းတစ်ခုခု ကြောင့် ဖြစ်စေ၊ ယခင်က လှည့်ပတ်သူ တို့၏ သားကောင် ဖြစ်ခဲ့ရ ဘူးသော အတွေ့အကြုံကြောင့် ဖြစ်စေ၊ ဗေဒင် ယတြာ ဆိုလျှင် မယုံကြည် တတ် သူများလည်း များစွာရှိနေပါသည်။
ထိုအနေအထား (၂) ခုတို့သည်ကား- အစွန်းတရား ၂-ပါးပင်ဖြစ်ကာ- ယင်းအစွန်း တရား ၂-ခု စလုံးသည် ဝေဒပညာကို အကူအညီ တောင်းသူ၊ အခက်အခဲ တွေ့သူ၏ အခြေအနေ အခက် အခဲကို တိုးတက်ကောင်းမွန် စေရန် အသာထား- နောက်ဆက်တွဲ ပြဿနာ များပင် ဖြစ်စေ တတ်သောကြောင့် အားလုံး အကျိုးအတွက် ဤဆောင်းပါးကို ရေးချ လိုက်ရ ပါတော့သည်။
ဤနေရာတွင်- ဝေဒပညာရှင် Practioner ဘက်နှင့် ဝေဒပညာ၏ အကူအညီကို တောင်းခံလာသူ Client တို့ဘက် နှစ်ဦး၊ နှစ်ဘက် ကိစ္စကို သုံးသပ်ရပါမည်။

ဝေဒပညာရှင်ဘက်ခြမ်း။
ပညာရပ်ကို အမှန်စင်စစ် တတ်မြောက်၍ ပညာကို အဿပြာဖြင့် ရောင်းမစားသော ပညာရှင် စစ်စစ်များ ရှိသလို၊ အနည်း အကျဉ်းမျှသော ပညာကို အသုံးပြု၍ အမြန်ဆုံး ဖြတ်လမ်းနှင့် ကြီးပွား ချမ်းသာရန် ဆောင်ရွက်တတ် ကြသော ပညာရှင် အမည်ခံတို့ များစွာ လည်း ရှိပါသည်။ ပညာရှင် ဆိုသည် မှာလည်း လူသား တစ်ဦးပင် ဖြစ်၍ စားဝတ်နေရေး ကိစ္စ ရှိသည် မှန်သော်လည်း- “ဝေဒ” ဆိုသော မူရင်း အဓိပ္ပါယ် ကိုယ်၌က- “အသိဥာဏ် ပညာ” ဟု ဆိုလို ထားသဖြင့်- ငွေကြေး တန်ဘိုးဖြင့် အသိဥာဏ် ပညာနှင့် ကျင့်ဝတ် သိက္ခာ ကို တန်ဘိုး ဖြတ် လဲလှယ်၍ မသင့် ပါပေ။
လွန်ခဲ့သော နှစ်အနည်းငယ်က အမေရိကန် နိုင်ငံတွင် ဗေဒင် ဆရာမ တစ်ဦး နှင့် သူမ၏ သမီးတို့ အသတ်ခံခဲ့ ရပါသည်။ ထို ဗေဒင် ဆရာမ သည် ဗီယက်နမ် လူမျိုးဖြစ်၍- အမေရိကန် တွင် အောင်မြင် ထင်ရှားကာ သူနှင့် ၄၅- မိနစ် တစ်ကြိမ် ဆွေးနွေးလျှင် အမေရိကန် ဒေါ်လာ ခုနှစ်ထောင် (၇၀၀၀) အထိ ပေးရသည့် သူဖြစ်ပါသည်။ သို့သော် သတင်း ဖေါ်ပြချက်များ အရ- ထိုဗေဒင် ဆရာမသည် စီးပွားရေး လုပ်ငန်းရှင်များ အတွက်- အောက်လမ်း ယတြာများ စီရင် ပေး၍ လုပ်ငန်း ရှင် တစ်ဦးမှ တောင်းဆို လာလျှင် အခြား ပြိုင်ဘက် တစ်ဦးအား အစီအရင်ဖြင့် တိုက်ခိုက်ခြင်းကို စီရင်ပေးသော သူဖြစ်သည်ဟု ပါရှိ ပါသည်။
ကံ-ကံ၏ အကျိုးကို လေ့လာ ဆန်းစစ်ရမည့် ပညာရှင်ပင် ဖြစ်လင့်ကစား- လောဘ ဇော တိုက်၍၊ မလုပ်သင့် မလုပ်ထိုက်သော၊ ယုတ်မာ အောက်တန်းကျသော၊ ဝေဒ ပညာရှင်များ ထားရှိရမည့် ကိုယ်ကျင့်တရား ကို ချိုးဖောက်မိခြင်း ကြောင့် သူနှင့် တကွ သူ့သမီး ဖြစ်သူပါ အသတ်ခံခဲ့ ရပါသည်။ မကောင်းသော ကံဆိုသည်မှာ - ကိုယ့်ထံ ပြန်လည်လာ စမြဲ ဖြစ်ပါ၏။ ထိုအကုသိုလ်ကံ သည် ယခုမှ အစပင် ဖြစ်သေး၍- သေလွန် ပြီးနောက် တွင် နောက်ဆက်တွဲ ခံစားရမည်များကို ချင့်ချိန် နိုင်ပါသည်။ ကောင်းသောကံ-ဆိုးသောကံ- မိမိလုပ်သော ကံတို့ သည် မိမိထံ အသေအချာ ပြန်လာပါမည်။ အချိန်ပဲ စောင့်ရန် လိုပါသည်။
တစ်ဖန်- အချို.သော ပညာရှင် စစ်စစ်များပင် လျှင်- တစ်ဦး တစ်ယောက်ကို ပုဂ္ဂိုလ်ရေး အရ ရန်ညိုးထားမိ၍ သောကြောင့် ပညာရပ်ကို အသုံးချ ခုတုံးလုပ်ကာ ယတြာ အမည် တပ်လျှက် ကလဲ့စား ချေရန် ကြိုးစားခဲ့မှုများကို မြတ်စွာ ဘုရား ကျီးမင်း ဖြစ်ခဲ့သော ဇတ်တော်တွင် တွေ့နိုင် ပါသည်။ ပုဏ္ဏား၏ ခေါင်းပေါ် ကျီးတစ်ကောင် မစင်စွန့် မိသည်ကို အကြောင်းပြု၍- ဘုရင့် ဆင်တော် မီးလောင် ဒဏ်ရာကို ကျီးဆီ ဖြင့် လိမ်းကျံ ရမည်ဟု အကြံပေးခဲ့၍၊ အဆီ မရှိသော ကျီးကန်း တို့မှာ မျိုးပြုတ်မတတ် ဖြစ်သွား ၍ ဘုရားလောင်း ကျီးမင်း ကိုယ်တိုင်- ဘုရင်ထံသို့ သွား၍ ရှင်းပြရသည်ကို ဇတ်တော်တွင် ဖတ်ခဲ့ဘူးပါသည်။
ထိုသို့သော ဖြစ်ရပ် ဆန်ဆန်များလည်း- အခြားဇတ်တော်များ တွင် တွေ့ရ ပါသေးသည်။ ဇတ်တော် တစ်ခုတွင်- မင်းသား တစ်ဦးအား အငြိုးထား၍- အချိန်စောင့် နေသော ပုဏ္ဏားသည် ဘုရင် အခက်အခဲ ဖြစ်၍ ယတြာ တောင်းသော အခါတွင်- ထိုမင်းသား လည်း အသတ်ခံရစေရန်၊ မိမိကိုယ်လည်း မသင်္ကာ မဖြစ်စေရန် အတွက် မင်းသား အရေအတွက် မည်မျှ၊ မင်းသမီး အရေအတွက် မည်မျှကို လည်ချောင်းလှီး၍ ယဇ်ပူဇော် ယတြာ ချေရမည်ဟု ယတြာပေးခဲ့ခြင်း တို့ကိုလည်း ဖတ်ခဲ့ဘူးပါ၏။
ယခုခေတ်တွင်လည်း- ဝေဒ စည်းနှင့် ကျင့်ဝတ်ကို ချိုးဖောက်နေသူ များစွာတို့ ရှိနေကြောင်းကို အောက်ပါ လင့်ခ်တွင် ဖတ်ကြည့်လိုက်ပါ။ (ဗေဒသုခုမ ဆိုက်မှ “ခွင်ဖန် ရိုက်စား ဆရာများ”)
ကိုယ့် အလုပ် ကိုယ် ကောင်းစွာ မလုပ်သော ထိုသူများ အတွက် ဆရာတော် ဦးဗုဓ် မိန့်ကြား ခဲ့ဘူး သလိုပင်- “ဒီကိစ္စက ငါနှင့် မဆိုင်၊ အ၀ိစိနှင့် သာ ဆိုင်သည်” ဟု ပြောရ ပါတော့မည်။

ဝေဒပညာ၏ အကူအညီကို တောင်းခံလာသူ ဘက်ခြမ်း။


ယုံကြည်မှု လွန်ကဲခြင်း အစွန်းတရား။
အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း- ဝေဒပညာကို လေ့လာ ယုံကြည်ခြင်းသည် အပြစ် မဟုတ် သော်လည်း-ဆင်ခြင်မှု အားနည်းစွာဖြင့် မျက်စေ့မှိတ် ယုံကြည် ကြခြင်းသည် ကား-မိမိအနေဖြင့် ငရဲ မကြောက်သော သိက္ခာမဲ့ လုပ်စားသူတို့၏ ချောက်တစ်မျိုး၊ လှန့်တစ်သွယ် ကွန်ယက် အတွင်း သို့ ကျဆင်းသွားနိုင်ပါသည်။
ထိုမျှ မက- ထို့ထက်ပိုဆိုးသော အနေအထားမှာကား- ယတြာ၊ နတ်၊ ဗေဒင်၊ အကြား အမြင် တို့ကို ယုံကြည်ခြင်း ထက်ပိုလွန်ကာ- ကိုးကွယ်သော အနေအထားသို့ ရောက်ပါက- သရဏဂုံ ပျက်သွားခြင်း ပင်ဖြစ်တော့သည်။
ဗုဒ္ဓဘာသာတွင်- ရတနာ သုံးပါးမှ တစ်ပါး အခြား အားကိုး- ကိုးကွယ်စရာ မရှိပါ။ ထိုသို့ သော ယုံကြည်သူတို့သည် ဗေဒင် ယတြာကို လုံးလုံးလျားလျား အားကိုးလျှက်- မိမိ တို့၏ အမှန်အားကိုး ဆည်းကပ်ရာ ပျောက်ဆုံးသော အဆင့်သို့ ရောက်ပါမူ- ရတနာ ၃-ပါးသည် မျက်စေ့ရှေ.တွင် ရှိနေသော်မှ တန်ဘိုးထားရမှန်း- မသိနိုင်သော အနေအထားသို့ ရောက်သွား ပါတော့သည်။ အချို.ဆိုလျှင် မိမိကိုယ်မိမိ သရဏဂုံ ပျက်နေမှန်းပင် မသိတော့ပါ။
ကံ-ကံ၏ အကျိုး ကို နားလည်ရမှန်း မသိတော့သော အနေအထားသို့ ရောက် သွားသော သူတို့မှာမူ-အမည်အားဖြင့် ဗုဒ္ဓဘာသာ အမည်ပင် ခံထားပါစေ-အဆိုးဝါး ဆုံးသော ဒိဋ္ဌိ အနေသို့ ရောက်သွားနိုင်ပါ၏။ ဘုရားကို သွေးစိမ်းတည်အောင် ပြုလုပ်သူ၊ သံဃာ သင်းခွဲသူ၊ မိခင် ဖခင်ကို သတ်ဖြတ်သူ စသော ကံကြီး ထိုက်သူတို့ပင်လျှင်-မဟာ အ၀ိစိ ငရဲတွင် ကမ္ဘာပျက်ပါက- လွတ်မြောက် နိုင်သေး သော်လည်း-ကံ-ကံ၏ အကျိုးကို မယုံကြည် သူတို့ မှာမူ နောက် ကမ္ဘာသစ် အထိ အ၀ိစိ ငရဲတွင် ဆက်လက်ကျ ခံရသည် အထိ ကြောက်စရာ ကောင်းသော အပြစ်ကြီး ဖြစ်၏။ ကံ-ကံ၏ အကျိုး - နှင့် ပါတ်သက်၍ အောက်တွင် ဆက်လက် ရှင်းပြပေးပါမည်။

မယုံကြည်မှု အစွန်းတရား။
ရှေးဟောင်း လောကီ ပညာရပ်များတွင်-မိမိတို့ သဘောအလျောက် မယုံကြည်သော် မယုံကြည်ပဲ နေနိုင်ပါ၏။ သို့သော်- လောကီ ပညာတို့ ၏ အစွမ်းသည် ယုံကြည်မှု (သဒ္ဓါ) အပေါ်တွင် တည်ဆောက် ထားသော သဘောတရားရှိ၏။
မယုံကြည်သူ တို့အနေဖြင့်- မယုံမကြည်ဖြင့် ပြုလုပ်သော ယတြာသည် စွမ်းမည် မဟုတ်။ ငွေကုန်ရုံသက်သက် သာ ရှိမည်။ အကယ်၍ ထူးခြားမှု ရှိသွားလျှင်မှ- တိုက်ဆိုင်မှု ကြောင့်သာ ဖြစ်သည်။
ပေါရိသာဒ ဇတ်တော်တွင်-လူသား မစားဖြစ်၍ မိမိဘာသာ အနာ ရောဂါ ပျောက်သွား သည်ကို နတ်ကြောင့်ဟု ထင်မှတ်၍ - ကတိပြုထားသည့် အတိုင်း ၁၀၁ ပါးသော မင်းတို့ဖြင့် ယဇ်ပူဇော် ရန် လုပ်ခဲ့သည်ကို စာဖတ်သူများ ကြားဖူးကြပါလိမ့်မည်။ အမှန်မှာ- နတ်ကြောင့် မဟုတ်။ တိုက်ဆိုင်မှု ကြောင့်ဖြစ်၏။
သာမာန် မယုံကြည်ခြင်းသည် မည်သို့မျှ ပြဿနာ မရှိသော်လည်း၊ လောကီ အစီအရင် နှင့် ပါတ်သက်သော-အစောင့်အရှောက် ပုဂ္ဂိုလ်များ၊ ပညာရှင် ကြီးများ၊ ဝေဒ ကျမ်းဂန် များ၊ မိမိအပေါ်တွင် အဿပြာနှင့် မဟုတ်ပဲ စေတနာ ထား ကူညီခဲ့ ဘူးသော ဝေဒ ပညာရှင်တို့အား ကာယကံ၊ ၀ဇီကံ တို့ဖြင့် ပစ်မှား မိပါလျှင်- ထိုအပြစ် တို့ကို လုံးဝ ကျေပျောက် သည် အထိ တောင်းပန်ခြင်း မလုပ်ပဲ- ယတြာ တို့ကို လုပ်ပါက လုံးဝ အစွမ်းပြ မည် မဟုတ်။
ဤအစွန်းတရား (၂) ပါးတို့သည် သတိထားရန် လိုအပ်သော အနေအထားတို့ ဖြစ်ပါ၏။

ယတြာနှင့် ကံ-ကံ၏ အကျိုး

ဗေဒင် ပညာသည် ကံ-ကံ၏ အကျိုးကို ဆန်းစစ်လေ့လာသော ပညာသာ ဖြစ်သည်။ ကံ-ကံ၏ အကျိုး ကို ဆန့်ကျင်သော ပညာမဟုတ်။ ဤသည်ကို သဘောပေါက်လျှင်- ငွေကြေး အမြတ် ထုတ်ရန် အတွက်- ငရဲ မကြောက်သော လူလိမ်တို့၏ အန္တရာယ်မှ ကင်းဝေး ပါလိမ့်မည်။
အနောက်တိုင်း-နက္ခတ်ပညာရှင် ကြီး ဖြစ်ခဲ့သော၊ တနည်းအားဖြင့် ခေတ်သစ် အနောက်တိုင်း နက္ခတ် ပညာ၏ ဘခင် ဟု သတ်မှတ် ထားခြင်း ခံရသော၊ သီအို ဆိုဖီ ဂိုဏ်းဝင် အင်္ဂလိပ်လူမျိုး နက္ခတ်ပညာရှင်ကြီး Alan Leo ပြောခဲ့သော စကား တစ်ခု ရှိပါသည်။ “သင် သည်- ယခု ဘ၀၊ နောက်ဘ၀ ရှိသည်ကို မယုံကြည်လျှင်၊ ကံ-ကံ၏ အကျိုးကို မယုံကြည် လျှင်၊ ဤစာအုပ်ကို မဖတ်ပါနှင့်၊ သင့် အတွက် အချိန်ကုန် ရုံသာ ရှိလိမ့်မည်” ဟု ဖြစ်သည်။
“ကံ” ဆိုသည်မှာ“ကမ္မ” ဟူသော စကားမှ လာ၍၊်- ဟိန္ဒူဘာသာ ၀င်များ၏ “ကမ္မ” နှင့် ဗုဒ္ဓ၀ါဒ ၏ “ကမ္မ” သည် မတူညီပါ။ မဟာ ဗြဟ္မာ အယူရှိသော ဟိန္ဒူ ဘာသာ အရ- “ကမ္မ” ဟူသည် မှာ ထိုအတ္တကောင် (Soul) ဖန်တီးစဉ် အချိန်ကပင် သတ်မှတ်ပေးထားပြီး၊ ဖြစ်၍ မိမိတို့ အနေဖြင့် ဘာမျှ လုပ်၍ မရပဲ- သက်ဆိုင်ရာ နတ်မင်း၊ ဗြဟ္မာတို့၏ “ပူဇာ” မှု ပေး၍ အသနားခံ တောင်းပန် ဆုတောင်း ရသော အနေအထား ဖြစ်သည်။ မြတ်စွာ ဘုရား ၏ “ကမ္မ” မှာမူ- မည်သည့် ဖန်တီး ရှင်တို့အပေါ်တွင်မှ မူမတည်- ကောင်းတာလုပ် ကောင်းတာ ဖြစ်၊ မကောင်းတာလုပ် မကောင်းတာ ဖြစ်သော၊ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်သော ၀ါဒ ဖြစ်၏။
ယခု လက်ငင်း အချိန်တွင် ဖြစ်ပေါ်နေသော အခြေအနေ ဖြစ်ရပ် တို့သည်-ယခင် ဘ၀ပေါင်း များစွာ မှ ပြုလုပ်ခဲ့သော လုပ်ရပ် အကြောင်းတရားများ နှင့်၊ ယခုမျက်မှောက် မတိုင်မီလေးခင် အထိ ပြုလုပ်ခဲ့သော အကြောင်း တရားတို့၏ အကျိုးဆက် ဖြစ်ပါသည်။
လွန်ခဲ့သော ၁၀-နှစ်၊ အနှစ် ၂၀-က ပညာရပ် တို့ကို လေ့လာ သင်ကြားခဲ့သော အကျိုးတရား အဖြစ်၊ မိမိတွင် အသိပညာ၊ အတတ်ပညာ၊ အဆင့်အတန်း ၀င်ငွေ တို့ ဖြစ်ပေါ်ရခြင်း သည် အကြောင်းကြောင့် အကျိုးဖြစ်ခြင်းပင် ဖြစ်၏။
မေးစရာ မေးခွန်း ရှိလာပါပြီ၊ အကြောင်းတရားလုပ်တိုင်း အကျိုးတရား ဖြစ်ပါ၏ လော။
အဖြေမှာ- ဖြစ်ခွင့်တန်သော အချိန်တွင် ဖြစ်ကို ဖြစ်လာပါ၏။
အတိတ်တွင် လူတစ်ယောက်သည် ကောင်းမှု တစ်ခုကို ပြုလုပ် ထားမိသော်လည်း- ထိုကောင်းမှုသည် အောက်ပါ ၀ိပတ္တိ တရား (၄) ပါးတို့ဖြင့် ကြုံကြိုက်နေမူ- ထိုကောင်းမှု၏ အကျိုးတရားကို မရနိုင်သေး။
  • ဂတိ ၀ိပတ္တိ
  • ကာလ ၀ိပတ္တိ
  • ပယောဂ ၀ိပတ္တိ
  • ဥပဓိ ၀ိပတ္တိ
ဥပမာ အားဖြင့်- လူတစ်ယောက် ပြုခဲ့သော ကုသိုလ်ကောင်းမှုသည်- လူဖြစ်ပါက- လွန်စွာ ဘုန်းတန်ခိုး ကြီးသော မင်းတစ်ပါး အဖြစ်ကို ရောက်မည် ဖြစ်သော်လည်း- အခြားသော အကုသိုလ် အကျိုးပေး က ၀င်ရောက်သွားမှု ကြောင့် ခွေးတိရစ္ဆာန် ဘ၀သို့ ရောက်သွားသော် ထိုကုသိုလ်ကံသည် အကျိုးပေးခွင့်မသာ။ နောင် အကျိုးပေးခွင့် ရလာသည် အထိ စောင့်ရပါတော့မည်။ ဤသည်ကို ဂတိ ၀ိပတ္တိ ဟုခေါ်၏။

ဥပမာ အတိတ်ကုသိုလ်ကံ အရ- လူတစ်ယောက်သည် အေးချမ်းသာယာ သော ခေတ်နှင့် ကြုံပါမူ- ဥစ္စာ ပစ္စည်း ပြည့်စုံသော သူဌေးတစ်ယောက် ဖြစ်ရမည် ဖြစ်သော်လည်း၊ ခေတ်ပျက် သော ကာလ၊ စစ်ကြီး ဖြစ်ပွားနေသော ကာလတွင် သူအနေဖြင့် စည်းစိမ် ဥစ္စာများ စုဆောင်း သိုလှောင်နိုင်ရန် အသာထား အသက်ပင် မနည်းလုပြေး နေရသဖြင့်- သူ၏ ကုသိုလ်ကံ အကျိုးပေးခွင့် မရခြင်းကို ကာလ ၀ိပတ္တိ ဟုခေါ်၏။
ဥပမာ- အတိတ်ကုသိုလ်ကြောင့် ပညာထူးချွန်ရမည့် သူတစ်ယောက်သည် - သူ၏ မကြိုးစား မှုကြောင့် ပညာရေး ထူးချွန် ပေါက်မြောက်မှု မရှိရခြင်းသည် ပယောဂ ၀ိပတ္တိ ဖြစ်၏။
ဥပမာ- လူတစ်ယောက်သည် ဥပဓိ ရုပ်ကောင်းမွန်ပါက- အများ၏ ကြည်ညိုခြင်း ခံရသော ခေါင်းဆောင် တစ်ယောက် ဖြစ်ရမည့် အစား- အခြားသော အကုသိုလ်ကံ ကြားခံ သွားခြင်းကြောင့်- ဥပဓိ ချွတ်ယွင်းသွားသဖြင့် ထိုဘ၀တွင် အများကြည်ညိုသည့် ခေါင်းဆောင် မဖြစ်ရ ခြင်းသည် ဥပဓိ ၀ိပတ္တိ ဖြစ်၏။
ထိုနည်းတူပင်- အကုသိုလ် ကံတို့မှာလည်း ၄င်းတို့ အကျိုးပေးခွင့် မသာသေးချိန်တွင်- တန်းစီ စောင့်ဆိုင်းနေကြသည်မှာု မိမိနောက်တွင် အရိပ်သည် ထပ်ခြပ်မကွာ လိုက်သကဲ့ သို့ပင် ဖြစ်သည်။
၎င်းတို့ အကျိုးပေးခွင့် ရသွားသော အချိန်တွင်ကား- အားလုံး ၀င်လာပါတော့သည်။
ဤသည်မှာ- ကံ- ကံ၏ အကျိုးပေးသဘော အခြေခံမျှသာ ဖြစ်၏။
ဝေဒ ပညာသည်- ဇာတာရှင် ၏ အတိတ်မှ ကုသိုလ်ကံ တို့ အခွင့်ပေါ်ခွင့် ရရန်၊ အကုသိုလ် တို့ အခွင့် မပေါ်စေရန် အတိုင်း အတာ တစ်ခု အထိ ယာယီ တားဆီး ရန် ကြိုးစား ပေးသော ပညာသာ ဖြစ်၏။ အကုသိုလ်ကံကို လွင့်ပါးသွားအောင်၊ ပယ်ပျောက် သွားအောင် လုပ်ခြင်း မဟုတ်။
အခြေ အနေသစ် တစ်ရပ်ကို ဖန်တီးသော ပညာရပ်များ မရှိမဟုတ်။ ရှိပါ၏။ သို့သော် လောက ဓမ္မတာကို ဆန့်ကျင်လျှင် လောက၏ ဒါဏ်ခံခြင်းကို ပြန်ခံရပါမည်။ သို့မဟုတ် မိမိအနေဖြင့် ကြိုတင်၍ တစ်ခုခုကို ပေးဆပ်ထားရပါမည်။
ထို့ကြောင့်လည်း အချို.သော ပညာရှင်ကြီးများ. အနေဖြင့်- မိမိတို့ ကိုယ်တိုင်အနေဖြင့် သာမက- အခြားသူများ အတွက်ပါ ယတြာလုပ်ပေးခြင်း မပြု။ မိမိလုပ်ခဲ့သည် အကုသိုလ် ကံကို ယခု မခံစားရရန်- အချိန်ဆွဲပေးလိုက်ခြင်းဖြင့်- ထိုအကုသိုလ်ကံသည် လျော့ပါး သွားမည် မဟုတ်၊ နောင်ကာလ တစ်ခုသို့ ပို့ပေးလိုက်ခြင်း သာဖြစ်၍- ဘာမျှ မထူးဟု သဘော ထားကြသည်။
အကုသိုလ်ကံ တို့၏ အကျိုးတို့ ပေါ်လာလျှင်- သူတော်ကောင်း တို့သည် ပေးဆပ်ခြင်း အဖြစ်ဖြင့်- ၄င်းတို့ တွင် တည်ရှိနေသော အကြွေးတို့ကို ဆပ်သွားကြသည်ကို သိနိုင် ကြပါသည်။ မြတ်စွာ ဘုရား အနေဖြင့် တန်ခိုးတော်ဖြင့် တားဆီး ထားလျှင် ၀ဋ်တော်တို့ကို ရှောင်လွဲ နိုင်မည် ဖြစ်သော်လည်း၊ မတားဆီးခဲ့။ ရှင်မောဂ္ဂလာန် ကိုယ်တော်ကြီး၊ ရှင်သာရိပုတြာ ကိုယ်တော်ကြီး တို့သည် မိမိတို့၏ အတိတ်မှ ၀ဋ်ကြွေးတို့ကို ကျေနပ်စွာ ပေးဆပ် သွားခဲ့ကြသည်။
ဝိဋဋူပ မင်းသား အနေဖြင့် ဘုရား၏ ဆွေတော်မျိုးတော် သာကီဝင်တို့ကို မျိုးပြုတ် သတ်ဖြတ်ရန် ချီတက်လာချိန်တွင်- ဘုရားသည် မိမိ၏ တန်ခိုးဖြင့်လည်း မကာကွယ်။ မိမိ အနေဖြင့် တရားပြ၍- သူ့အသက် သတ်ခြင်းသည် မကောင်းဟုလည်း မဟောကြား၊ ထိုအစား “ဆွေရိပ်မျိုးရိပ် ကအေးမျှ၍၊ ဤဘက်အခြမ်းတွင် နေပါသည်” ဟုသာ ပြောကြား ၍၊ နောက်ဆုံး (၃) ကြိမ်မြောက်တွင် လုံးဝ ပါဝင် ပါတ်သက်ခြင်း မရှိတော့။
ဈာန် အဘိညာဉ် တို့ဖြင့် ပြည့်စုံသော၊ ဘုန်းတန်ခိုး လွန်စွာ ကြီးမြတ် သော ပုဂ္ဂိုလ် ပင်လျှင်- သတ္တ၀ါတို့၏ ကံနှင့် ပါတ်သက်လာလျှင် ၀င်ရောက် စွက်ဖက်ခြင်း မပြု သည်ကို တွေ့ရ ပါသည်။
သို့သော်လည်း- လူသားထဲက လူသား ဖြစ်သော အချို.အနေဖြင့် မိမိတို့ တတ်နိုင် သလောက်- အချိန်ဆွဲ ထားနိုင်လည်း မနည်းလှ ဟူသော သဘောဖြင့် - ဗေဒင် ယတြာ ပညာကို အသုံးပြုကြခြင်း ဖြစ်၏။ သို့သော်- ဤသို့ မကောင်းကျိုးကို နောက်ပို့ ထားခြင်းဖြင့်- မကောင်းမှု ပြုသည့် ပုဂ္ဂိုလ်အား အကုသိုလ် အလုပ်များ ဆက်လုပ်ခွင့် ပေးခြင်းသည် ကား စင်စစ် အားဖြင့် ကူညီခြင်း မဟုတ်၊ ရေနစ်သူ ၀ါးကူထိုးခြင်း မျှသာဖြစ်သည် ကို ယတြာ လုပ်ပေး သူရော၊ ယတြာ တောင်းဆိုသူ အနေဖြင့် ပါ သိထားရန် လိုသည်။
ထို့ကြောင့် MOTAA ပညာတွင်- ယတြာကို မတောင်းပဲ လုံးဝ မပေးရပါ။ ယတြာ လိုအပ် နိုင်သည် ဟု အရိပ်အမြွက်မျှသာ ပြော၍- တစ်ဘက်သူမှ- တုန့်ပြန်မှု ၊ တောင်းဆိုမှု မလုပ်ပါက- မိမိ၏ သွေးသားရင်းပင် ဖြစ်ပါစေ၊ ဆက်လက် တိုက်တွန်းခြင်း မပြုရပါ။
အချို.မှာ- ဗေဒင် ဆရာက ယတြာလိုသည်ဟု ပြောလျှင်ပင်- ငွေကိစ္စ ပါလာသည် ထင်၍၊ ခပ်ဆိပ်ဆိပ် နေကြသည်။ အမှန်က- အခမဲ့ ပေးနိုင်သော ယတြာများ ရှိသော်လည်း- မတောင်းခံလျှင် မပေးရသဖြင့်- ထိုသို့ ဆိပ်ဆိပ် နေလျှင် ဆက်လက် ကူညီပေးခြင်း မတတ်နိုင်ပါ။
ဤသို့ဆိုလျှင်- ယတြာနှင့် ကံ-ကံ၏ အကျိုး တို့ အကြောင်းကို သဘောပေါက် နိုင်လောက် ပါပြီ။ အလိမ်ခံ ရမည့်သူများ နည်းပါးသွားလျှင်- လိမ်စားပြီး၊ ငရဲသွားမည့်သူများ ကိုလည်း အကုသိုလ် ဆက်လက်လုပ်နိုင်ခွင့် နည်းသွားသဖြင့် ကူညီ ကယ်တင်ရာ ရောက်မည် ဟု ထင်ပါသည်။

နျူမာန် (မိုးတား)

[+/-] show/hide this post

5 comments:

Oak Soe MMTL said...

အတွေ့အကြုံနဲ့ စေတနာရှေ့ထားပြီး ရေးသားထားတဲ့ ဒီဆောင်းပါးလေးကို ခဏခဏ လာဖတ်မိပါတယ်။ ဒါမျိုးလေးတွေ အလျဉ်းသင့်ရင် ရေးပါဦး ဆရာ။

Numan said...

ကိုအုပ်စိုးရေ-
အခုလို အမြင်လေး တုန့်ပြန်တာကို ကျေးဇူးတင်ပါတယ်။ နောင်ကို လည်း အလျင်းသင့် သလို အများအတွက် အကျိုးရှိမယ့်- ကျွန်တော့်တို့ မြန်မာတွေ အတွက် အကျိုးရှိမယ့် ဆောင်းပါးလေး တွေ ရေးပါဦးမယ်။

Pyae Phyo said...

ကောင်းပါတယ်။ ယတြာဆိုတာနဲ့ ကြောက်ကြောက်နေတယ်။ တချို့ဗေဒင်ဆရာတွေက ဗေဒင်တွက်ခကနည်းနည်း ယတြာဖိုးကများများဆိုတော့ ဗေဒင်တွက်မယ်ဆိုရင်ကြိုပြောထားရတယ်။ ယတြာတော့မလုပ်ဖူးဆိုပြီးတော့။ အဲ့ဒီတော့ အလကားပေးနိုင်တဲ့ယတြာမျိုးကျတော့ နစ်နာတာပေါ့နော်။ ပြီးတော့ ဗေဒင်အပေါ်ယုံကြည်တောင်မှ ယတြာမလုပ်တဲ့သူဆိုရင် ဗေဒင်ဆရာတချို့က ခြိမ်းခြောက်စကားတွေနဲ့ဟောတော့ ပညာတွေကိုပါ အထင်သေးသွားကြရော။ ဒီလိုလေးပြောပေးတော့ ဗေဒင်ဆရာတွေလည်း ရှောင်သင့်တာရှောင်လို့ရတာပေါ့။ ငရဲကျတာမျိုးလေ။

seinthaung said...

အခုလို စေသနာကိုရှေ့ထာပြီး အတွေ့ ကြုံတွေကို ဝေငှပေးတဲ့အတွက် ကျေးဇူးအရမ်းကိုတင်ပါတယ်၊

ဟွမ် said...

ဆရာ ဒီမှာ စာမရေးတာကြာ ပြီနော်ဆရာ

Post a Comment