Saturday, June 15, 2013

ကမ္ဘာမြေကို သွေးအများဆုံး စွန်းစေခဲ့သူ- မွန်ဂို ဧကရာဇ်- ဂျင်ဂစ်ခန် နှင့် နက္ခတ် ပညာ..(၂)

ဂျင်ဂစ်ခန် ဆိုသော သူတစ်ယောက် အကြောင်း..။
ဗြိတိသျှတို့၏ နေမ၀င် အင်ပိုင်ယာထက် ကျယ်ပြန့်သော မြေပြင်ကို စိုးမိုး သွားသူ တစ်ဦးကို- “တိုက်တိုင်းအောင် စစ်သူကြီး” ဟု စာဖတ်သူ ထင်နေလျှင် မှားသွားပါလိမ့်မည်။

သူအမြဲတမ်း အနိုင်မရခဲ့ပါ။

ငယ်စဉ်က သွေးသောက် ညီအကို ဖြစ်ရာမှာ- အာဏာယှဉ်ပြိုင်မှု Power Struggle ပွဲတွင် ရန်သူ ဖြစ်သွားကြရသော ဂျမူလ်ကာ နှင့် တိုက်ခဲ့ရာ တွင်လည်း ရှုံးခဲ့ဘူး၏။ 
အင်အား သိပ်မရှိသေးခင် အနေအထား- ကနဦး တိုက်ပွဲတွင်- ရန်ငြိုး ရန်ဘက် ဖြစ်သူ မာကစ် တို့ နှင့် တိုက်ပွဲ ဖြစ်ရာတွင်လည်း အင်အား ၁၀-ဆ မက- ကွာလွန်းသောကြောင့်- ရှုံးဘူး၏။
ရှုံးနိမ့်၍ သူ၏ တပ်များကို ဆုတ်ခွာစေသော အခါ- အခြားသော မွန်ဂို လူမျိုးစုများ ရှုံးလျှင်- လက်ထဲမှ လက်နက်တို့ကို ပစ်ချလျှက် အသက် အတွက် ခွေးပြေး ၀က်ပြေး ပြေးကြသော ထိုခေတ် အခါတွင်- သူ၏ တပ်ဖွဲ့များမှာ အလွန် စနစ်ကျစွာ ဆုတ်သွားကြခြင်း ဖြစ်လေရာ- မားကစ် ခေါင်ဆောင် အနေဖြင့်- “ဘယ်သူမှ ဆက်မလိုက်ကြနဲ့- သူတို့ ဆုတ်သွားတာ- တပ်အနေနဲ့ ထွက်ပြေးတာ မဟုတ်ပဲ- လူတစ်ယောက် ထဲ နောက်ဆုတ် သွားသလို တစ်စု တစ်လုံးတည်း ရှိနေလေတော့- ငါ့မှာ ဒီထက် လူ ၂-ဆ ပိုရှိလည်း ငါဆက်လိုက်မှာ မဟုတ်ဘူး။ ရှုံးတာတောင် ဒီလောက် စနစ်ကျနေယင်- သူတို့က တိုက်ခိုက်ယင်- ဒီထက် ၂-ဆ ပြင်းထန် လိမ့်မည်” ဟု ဆိုခဲ့ရ၏။
ဤသည်ကား စည်းကမ်းကို ဖေါ်ဆောင်တတ်သည့် ဂျင်ဂစ်ခန် ဖြစ်၏။
သူသည် စာမဖတ်တတ်၊ စာမရေးတတ်ခဲ့။ သို့သော်- သူသည် အတွေး အခေါ် ညံ့သူ တစ်ဦးမဟုတ်ချေ။ အများတကာထက် သာလွန်သော စစ်ဗျူဟာ အမြင်ရှိသူ၊ စစ်သားများကို မည်သို့ ထိမ်းသိမ်း ရမည်ကို သိသူ ဖြစ်၏။
သူ၏ စည်းကမ်းတို့ကို ဥပဒေ အဖြစ် ထုတ်ခဲ့သော- ယက်ဆာ ဥပဒေတွင်- ရိုးရှင်းသော်လည်း အဓိပ္ပါယ် များစွာ လေးနက်သော အချက်များစွာ ပါ၏။ သူ၏ ဥပဒေ မှ သူ၏ အမြင်ကို သိမြင်နိုင်၏။
  • တစ်ဦးကို တစ်ဦး ချစ်ခင်ပါ။ (စစ်တိုက်ခြင်း သည်- တကဏ္ဍ၊ ပုဂ္ဂိုလ်ရေး မုန်းတီး မှု ကို တကဏ္ဍ၊ ခွဲခြားခြင်း ဖြစ်သည်။)
  • မည်သည့် လူမျိုးမှ မဆို- ပညာရှိသူကို လေးစားပါ။
  • မခိုးရ။
  • သက်သေ လိမ်လည် ထွက်ဆိုခြင်း မပြုရ။
  • ရည်ရွယ်ချက် ရှိရှိဖြင့် လိမ်လည်သူ၊ မှော်စုံး အတတ် လေ့ကျင့်သူ၊ ဒလျှို ဒလန် လုပ်သူ၊ တစ်ပါးသူများ ပဋိပက္ခ ခိုက်ရန် ဖြစ်ချိန်တွင်- တစ်ဘက်မှ ၀င်၍ စွက်ဘက်သူ တို့အား- သေဒဏ် စီရင်မည်။
  • ညီအကို အချင်း သစ္စာ မဖေါက်ရ။ မဖြစ်နိုင်သော ကတိ မပေးရ။
  • သူတစ်ပါး သားမယား နှင့် မဖေါက်ပြန်ရ။ 
  • ဖြောင့်မတ်သူကို ချီးမွမ်း၍- အပြစ်မဲ့သူကို ကာကွယ်ပေးရမည်။
  • စား၍ ရသော အစာ မှန်သမျှကို မျှဝေ ရမည်။ မိမိ အစားကို သူများ အား ခွဲပေးရမည် စိုး၍ ဦးစား စားသောက်ခြင်း မပြုရ။ သူများတကာ လှူဒါန်း ထားသော အစာကို လှူသူက ပြန်စွန့် မစားသေး မချင်း ဘယ်တော့မှ မစားရ။
  • အားလုံးသော အဖွဲ့အစည်းတို့ကို တစ်ဖွဲ့တည်း အနေဖြင့် သဘောထားရမည်။ ဘုရားသခင် နှင့် ပတ်သက်သူသည်- ခန်တို့၏ ဥပဒေ ကို လိုက်နာ သရွေ့ ထိုသူအား အနှောက်အယှက် မပြုရ။
  • မွန်ဂို နန်းဆက်တို့ကို ကွပ်မျက်ရာတွင် သွေးမထွက်စေရ။ ၄င်းတို့အား- ကော်ဇောဖြင့် ပတ်ပြီးမှ- ရိုက်နှက်၊ ထုသတ်ခြင်းဖြင့်သာ ကွပ်မျက်ရမည်။ (မှတ်ချက်- သွေးသောက် ညီအကိုဟောင်း ဖြစ်သူ ဂျမူလ်ခါ သည်- ၄င်းအား ထိုသို့ ကွပ်မျက်ပေးရန် တောင်းဆိုခဲ့သည်။)
  • လုပ်ငန်းရှုံး ဒေ၀ါလီ ခံရသူသည်- ၃-ကြိမ် မြောက် ဖြစ်ပါက- သေဒဏ် စီရင်ရမည်။
  • စီးဆင်းနေသော ရေတွင်လည်းကောင်း၊ မွန်ဂို အိမ်တွင်းတွင် လည်းကောင်း ရေချိုးခြင်း၊ အပေါ့စွန့်ခြင်း မပြုရ။
  • စမ်းချောင်း၊ မီးပုံ၊ ပြာပုံ တို့တွင် ဓါး၊ လှံ မထဲ့ရ၊ ၄င်းတို့တွင် အပေါ့မစွန့်ရ။ (မှတ်ချက်- မွန်ဂိုတို့သည် ရေ၊မြေ၊လေ၊မီး ဓါတ်ကြီးများကို ကိုးကွယ် ယုံကြည် ကြသည်။ ထို့ကြောင့် ထိုဥပဒေ ကို ပြဋ္ဌာန်းခြင်း ဖြစ်သည်။)
စသော စည်းကမ်းများ ရှိသကဲ့သို့။
  • မည်သည့် မွန်ဂို တစ်ဦးတစ်ယောက် အနေဖြင့်- မိမိ၏ အရှင်သခင်ကို ရန်သူလက်သို့ မည်သည့် အကြောင်းနှင့်မျှ ဖမ်းဆီး အပ်နှံခြင်း မပြုရ။ (ဂျမူလ်ကာ နှင့် နောက်ဆုံး တိုက်ပွဲတွင်- ဂျမူလ်ကာ ၏ စစ်ဗိုလ်များသည်- သူတို့၏ သခင်အား လေးစားမှု မရှိတော့သောကြောင့်- ဂျင်ဂစ်ခန် ဘက်သို့ ပြောင်းရာတွင်- ဂျင်ဂစ်ခန် မှ ၄င်းတို့ကို မျက်နှာပေးစေရန်- သခင် ဖြစ်သူ ဂျမူလ်ကာ ကို ဖမ်းပြီး ဂျင်ဂစ်ခန် အား ဆက်သ ခဲ့သည်။ သို့သော်- ဂျင်ဂစ်ခန် ဆီမှ ရရှိသော ဆုလာဘ်မှာမူ- မိမိသခင်ကို သစ္စာဖေါက်သော ထိုစစ်ဗိုလ်တို့အား ခေါင်းဖြတ် စေခဲ့ခြင်းပင် ဖြစ်တော့သည်။ ဟောလိဝုဒ် ရုပ်ရှင်တွင်- ဂျမူလ်ကာ မဟုတ်ပဲ- အခြားသူ အနေဖြင့် ရိုက်ကူးပြထားသည်။)
  • သက်ဆိုင်ရာ အကြီးအကဲ “ခန်” တို့အနေဖြင့်- မိမိတို့၏ ရဲဘော်များကို တိုက်ပွဲတွင် ဒဏ်ရာဖြင့် ထားပစ်ခဲ့ခြင်း မပြုရ။ ဖေါက်ဖျက်ပါက သေဒဏ် ဖြစ်သည်။
  • တိုက်ပွဲ အောင်မြင်မှု တို့မှ ဆုအဖြစ် ခွဲတမ်း ချသည်များကို အညီအမျှ ခွဲဝေပေးရမည်။ ရဲမက် တို့ ဒဏ်ရာကြောင့် ကိုယ်တိုင် လာရောက် မယူနိုင်ပါက- အကြီးအကဲ “ခန်” ကိုယ်တိုင် သွားရောက် ပေးရမည်။ (ဂျင်ဂစ်ခန် ကိုယ်တိုင် ဤသို့ ကျင့်ကြံခဲ့သော ကြောင့် သာမာန် မွန်ဂိုလူမျိုးစု လေး၏ ခေါင်းဆောင်မှ- ရဲမက်တို့၏ ချစ်ခင်မှု လေးစားမှုကို ရပြီး - စစ်ဧကရာဇ် ဖြစ်ခဲ့ရခြင်းလည်း ဖြစ်၏။)
  • ဖခင် သေဆုံးသွားပါက- သားကြီး အနေဖြင့်- မိခင်ကို စောင့်ရှောက်ပြီး- ဖခင်၏ အခြား မိန်းမများကို - ဇနီးမယား အဖြစ် လက်ထပ်ယူရမည်။ ထိုမိန်းမ တို့၏ သားသမီးများကို- မိမိ၏ သားသမီးများ အဖြစ် စောင့်ရှောက်ရမည်။ (ရာသီဥတု ကြမ်းတမ်းသော၊ အစာရေစာ မလွယ်ကူသော ဒေသတွင် ယောက်ျား၏ စောင့်ရှောက်မှုကို မခံရသော မိန်းမတို့ အနေဖြင့် လွန်စွာ အတိဒုက္ခ ရောက်မည် ဖြစ်သောကြောင့်- တာဝန်ယူတတ်မှု နှင့် ယှဉ်တွဲကာ ပြဋ္ဌာန်းသော ဥပဒေ ဖြစ်၏။)
အချုပ်ဆိုရသော်- ဂျင်ဂစ်ခန် ၏ ၀ါဒမှာ- တာဝန်ယူမှု၊ သစ္စာရှိမှု နှင့်- တစ်စုံတစ်ယောက်က သင့်ကို ပေးခဲ့တာ ပြန်ပေးပါ ဟုပင် ဖြစ်သည်။

သူ့နှင့် သူမိသားစုဝင်များကို ရက်စက်ခဲ့သူများ- အား မပျက်မကွက် ပြန်လည် ရက်စက်ခြင်းသည် သူ၏ သွေးတာဝန် ပင် ဖြစ်တော့၏။

များစွာသော သူတို့ အနေဖြင့် ဂျင်ဂစ်ခန် သည် လွန်စွာ ရက်စက် ကြမ်းကြုတ်သူ ဖြစ်ကြောင်း နားလည်ထားသော်လည်း- သူ၏ ကောင်းမြတ် သော ထင်ရှားသည့် အရည်အချင်းများ အနက်မှာ အချို့မှာမူ-
  • သူသည် နပိုလီယန် ကဲ့သို့ပင်- မိမိ၏ ချစ်သူ အပေါ်တွင် လွန်စွာမြတ်နိုး တန်ဘိုး ထားစွာ ချစ်တတ်သူ ဖြစ်သည်။ သူသည် မိန်းမများစွာ ရှိသော်လည်း- မိမိ၏ ဇနီးမယားကို တန်ဘိုးထား စောင့်ရှောက်သော လင်ယောက်ျားကောင်း တစ်ဦးလည်း ဖြစ်၏။ ဇနီးဖြစ်သူအား ရန်သူများက ဖမ်းဆီးသွားပြီး - နောင်အတန်ကြာမှ- ကယ်တင်နိုင်ပြီး- မကြာခင် သူမတွင် ကိုယ်ဝန် ရှိသော်လည်း- ဂျင်ဂစ်ခန် သည် ထိုဇနီးအား- မြတ်နိုး တန်ဘိုး ထားသည်သာမက- ထိုသားအားလည်း သူ၏ သားအဖြစ်ပင် သတ်မှတ်သည်။
  • သူသည် စစ်သား တစ်ဦးမျှသာ မဟုတ်- နိုင်ငံရေး အမြင်လည်း ရှိသူ ဖြစ်ကြောင်းကို- အောက်ပါ အချက်တို့ အရ- မြင်တွေ့နိုင်သည်။
  • သူသည်- လက်အောက် ငယ်သားများအား - ရက်ရောစွာ ပေးကမ်း စောင့်ရှောက်သူ ဖြစ်သည်။
  • သစ္စာကတိ ကို တန်ဘိုးထားသူ ဖြစ်၏။ သစ္စာမဲ့သူများကို လွန်စွာ ရွံ့မုန်း၏။
  • သူ့တွင်- အင်မတန် မြန်ဆန် တိကျ စွာ လူကဲခတ် နိုင်စွမ်း ရှိသူ ဖြစ်သည်။
  • သူသည်- သူ၏ မွန်ဂိုတပ်များကို စနစ်တကျ ဖွဲ့စည်းပြီး- စစ်စွမ်းရည် မြင့်တက်အောင် မြှင့်တင်ပေးနိုင်သူ ဖြစ်သည်။ 
  • Meritocracy ခေါ် လုပ်ဆောင်နိုင်မှု စွမ်းရည်ကို ဦးစားပေးသူ ဖြစ်သည်။
  • မိမိ၏ မွန်ဂို ရဲမက်များကို တိုက်ပွဲတွင် ဒဏ်ရာဖြင့် စွန့်ပစ်ထားခဲ့သော အရာရှိ ခေါင်းဆောင်များကို သေဒဏ် စီရင်သည်။
  • စစ်ဗျူဟာများကို လိုအပ်သလို- အမြဲ ပြုပြင် ပြင်ဆင်သည်။ အများထင်ထားသကဲ့သို့- ဧကရာဇ် တစ်ပါး အနေဖြင့်- အမိန့်ပေး စေခိုင်း ရုံ သက်သက်မျှ မဟုတ်ပဲ- တပ်မှူး၊ စစ်ကဲများ၏ အမြင်များကို သေချာစွာ နားထောင်ပြီး- နောက် တာဝန်ပေး စေခိုင်းခြင်း ဖြင့်- မိမိ၏ ရည်ရွယ်ချက် ကို အောင်မြင်အောင် လုပ်နိုင်သည်။
  • သူသည် မည်သူနှင့် မဟာမိတ် လုပ်ထားသင့်သည်ကို သိခဲ့ပြီး- ထိုသူ့အား မိမိ၏ ပိုင်ဆိုင်မှု အကောင်းဆုံးကို ရက်ရောစွာ ပေးနိုင်သူလည်း ဖြစ်သည်။
ရာဇ ယောဂ တို့နှင့် ဂျင်ဂစ်ခန် 

ဂျင်ဂစ်ခန်၏ ဇာတာတွင် ရာဇ ယောဂ မြောက်များစွာ ပါဝင်နေ၏။ သို့သော်- ရာဇ ယောဂ နှင့် ပါတ်သက်၍- နက္ခတ္ထ ဝေဒ ပညာရှင်၊ ၀ါသနာရှင် များ အနေဖြင့်- ကျယ်ကျယ် ပြန့်ပြန့် သိရန် လိုအပ်သော အချက်များစွာလည်း ရှိနေလေ၏။

အချို့က- ရာဇ ယောဂ ပါလျှင်- အမျိုးသား ဆိုယင် မင်းဖြစ်မည်။ အမျိုးသမီး ဆိုလျှင် မိဘုရား ဘုရင်မ ကဲ့သို့ ဖြစ်မည် ဟု ဆိုတတ်ကြ၏။ ရာဇ ယောဂ နှင့် ရာဇ ယောဂ ကဲ့သို့သော ယောဂများသည် ဇာတာရှင်၏ ဘုန်းတန်ခိုး ကြီးမားနိုင်မှု၊ ဘ၀ အောင်မြင် ကြီးပွား နိုင်မှုတို့ကို ဖေါ်ပြသော ရှေးကျမ်း အလာ ယောဂ ခေါ် ယုဂ်များ ဖြစ်ကြသည်။

အမှန်အားဖြင့် ရာဇ ယောဂ ဆိုသည်မှာ- အများအား ဦးဆောင်နိုင်သော အစွမ်းရှိသည့် ယောဂ (၀ါ) planetary situations နှင့် Planetary Combination တို့ ဖြစ်ပြီး- ရာဇ ယောဂ ပုံစံ အမျိုးမျိုး ရှိနေလေရာ- လူတိုင်း တစ်ခုမဟုတ် တစ်ခုတော့ ရနေတတ်၏။ မြင်အောင် ကြည့်တတ်ဘို့သာ လိုအပ်ပါ၏။

အဓိက အချက်မှာ- ရာဇ ယောဂ ကို ရှာတွေ့ပြီးနောက် ထိုရာဇ ယောဂ အနေဖြင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စွမ်း ရှိ မရှိကို လေ့လာရမည် ဖြစ်၏။

ထို ယောဂများ ကောင်းစွာ အလုပ် လုပ်နိုင်မှု တို့သည် ဂြိုဟ်နှင့် ဘာဝ တို့၏ အင်အားများ၊ ဇာတာခွင် တည်ဆောက် ဖွဲ့စည်းပုံ ဆိုင်ရာ အနေအထားများ တို့အပေါ်တွင်ပါ ဆက်စပ် မူတည် နေသည်ကို သတိပြု စေလို ပါသည်။ ဆရာသခင် ၀ါဟရ မိဟိရ အနေဖြင့် ညွှန်ပြ ခဲ့သည်မှာ- 
"ရာဇ ယောဂ ပင် ရသော်လည်း- သက်ဆိုင်ရာ ဂြိုဟ်တို့ အင်အား နည်းသော ရာဇ ယောဂ သည်- လေထဲတွင် တိုက်အိမ် ဆောက်သော- စိတ်ကူးဖြင့်သာ ကြီးပွား ဦးဆောင် နေတတ်သော ရာဇ ယောဂပင် ဖြစ်လိမ့်မည်" ဟု ဖြစ်သည်။ 
ထိုရာဇ ယောဂ ကို ဖြစ်စေသော ဂြိုဟ်တို့သည်- ဒုဌာန ဘာဝ များ ဖြစ်သော ၆-တန့်၊ ၈-တန့် နှင့်၊ ၁၂-တန့်တို့တွင် တည်နေခြင်းဖြင့်- ရာဇ ယောဂ ပျက်ယွင်းသည် ဟု ဆရာသခင် က ညွှန်ပြ ခဲ့ပါ၏။ ထပ်ဆင့်၍လည်း လဂ် အားနည်းလျှင် လည်းကောင်း၊ ဂြိုဟ်တို့အား အဖျက် ဂြိုဟ်တို့က လွှမ်းမိုး ဖျက်ဆီး လိုက်သည်ကို လည်းကောင်း- ရှိနေပါက- ရာဇ ယောဂ အင်အား ပျက်စီးသွားတော့၏။ 

ဤသည်ကို ရာဇ ဘင်္ဂ ယောဂ ဟု ခေါ်ပါ၏။

နိစ္စဘင်္ဂ ရာဇ ယောဂ ကို- အများစု ကြားဘူး သော်လည်း- ရာဇ ဘင်္ဂ ယောဂ ကိုမူ သိပ်သတိ မပြုပဲ- ရာဇ ယောဂ ရလျှင်ပင် ကျေနပ် ပျော်ပိုက် သွားတတ် ကြပါ၏။ မည်သူကမျှ ကိုယ်ပိုင် ရရှိထား သည်ကို အဆိုးပြော ခံရမည်ကို မကြိုက်သော လူ့ စိတ်ပင် ဖြစ်တော့၏။

ရှေးကျမ်း စနစ်အတိုင်း လေ့လာပါကလည်း- ရာဇ ယောဂ တွေ့ရုံမျှ နှင့် ဇာတာရှင် ကြီးပွားပြီ၊ အထွတ်အထိပ် ရောက်ပြီဟု ဟောရန် မဟုတ်သေး၊ ထိုရာဇ ယောဂ များကို ဖျက်ဆီးတတ်သော အရိဋ္ဌ ယောဂ များ ပါရှိ မရှိ၊ အကယ်၍ ပါရှိလျှင် ထိုအရိဋ္ဌ ယောဂ များ၏ အဖျက်စွမ်းကို ချေဖျက် နိုင်သည့် ယောဂများ ပါ-မပါ ကိုပါ ဆက်လက် လေ့လာရမည် ဖြစ်၏။

ကြီးပွား အောင်မြင်မှု နှင့် ပတ်သက်သော- ကံကောင်း ထောက်မမှု၊ ဥစ္စာ ပိုင်ဆိုင်မှု၊ စည်းစိမ် - အထူးသဖြင့် အုပ်ချုပ်နိုင်စွမ်း နှင့် ၄င်းတို့သည် မိဘ ထံမှ အလွယ်တကူ ဆက်ခံ ရမည်လား- မိမိ ကိုယ်တိုင် အားစိုက် လုပ်ဆောင် ခြင်းဖြင့် ပိုင်ဆိုင်ရမည် လား ဆိုသည်တို့ကို ရာဇ ယောဂ - ရလာသည့် ပုံစံ အမျိုးမျိုးကလည်း ဖေါ်ပြနေ၏။

ရာဇ ယောဂ အား အလွယ်ပြောရသော်- ကိန်းအိမ်များ နှင့် တြိကုန်း အိမ်များ ဆက်သွယ်နေမှု နှင့် အဓိက ဆက်စပ် နေတတ်ခြင်း ဖြစ်ပြီး- ၉-တန့်၊ ၁၀-တန့်၊ ၂-တန့်၊ ၁၁-တန့် နှင့် လဂ် (သို့မဟုတ်) စန်း တို့ ဆက်စပ် နေမှု တို့ပင် ဖြစ်သည်။ မြန်မာ နက္ခတ်ရှင် များစွာတို့က- ကိန်းအိမ်ရော၊ တြိဂေါဏ အိမ် အတွက်ပါ- အိမ်ရှင် ဖြစ်နေသော ဂြိုဟ်တို့ကို ယောဂ ကာရက ဟူ၍ သတ်မှတ် ကာ အထူးပြု လေ့လာတတ်ပါ၏။ 
ရာဇ ယောဂ များကို လေ့လာရာတွင်- 
  • ဂြိုဟ်တို့ တည်နေရာ အလိုက်- planetary situations (သို့မဟုတ်) Planetary Placement အရ- ရရှိသော ရာဇ ယောဂများ-
  • ဂြိုဟ်တို့ အချင်းချင်း အပူးအမြင် လွှမ်းမိုးမှု တို့ကြောင့်- ဖြစ်ပေါ် ရရှိသော ရာဇ ယောဂ များ၊
  • ဂြိုဟ်တို့ အချင်းချင်း အိမ်ဖလှယ်ခြင်း၊ သမ္ဗန္ဓ ပြုကြခြင်းကြောင့် ဖြစ်ပေါ်လာသော ရာဇ ယောဂများ။
  • အခြားခြားသော ရာဇ ယောဂ မျိုးခွဲများ- ဟု၍ ရှိရာတွင်-
မိန်လဂ် ပိုင်ရှင် ဆိုပါအံ့- ကြာသပတေးသည် ၄င်းပိုင်ရာ မိန်လဂ် တွင်- လဂ်နှင့် အတူ ရပ်တည်ပြီး- မိန်လဂ် သမား အတွက် ၉-တန့် အိမ်ရှင် ဖြစ်သော အင်္ဂါသည်လည်း- ၄င်းပိုင် ဗြိစ္ဆာရာသီတွင် တည်သည် ဆိုပါအံ့- ထိုဇာတာရှင်သည်- မြင့်မြတ် ကြီးပွား ကံကောင်းစေသော၊ ဥာဏ်ပညာ ကြီးစွာဖြင့် ဦးဆောင်စွမ်း ရှိစေသော လက္ချမီး ယောဂ ကို ရပြီ ဖြစ်၏။ လက္ချမီး ယောဂ သည်လည်း ရာဇ ယောဂ တစ်မျိုးတွင် ပါဝင်၏။ (မှတ်ချက်- လက္ချမီး ယောဂ အခြား အနေအထားလည်း ရှိသော်လည်း - လွန်စွာ ရှုပ်ထွေး သွားမည် စိုး၍ ဤဆောင်းပါးတွင် မဖေါ်ပြတော့ပါ။)

ဤအုပ်စုတွင် ပါဝင်သော အခြား ရာဇ ယောဂ ပုံစံ တစ်မျိုးမှာကား- အဓိ ယောဂ ခေါ် အဓိယ ယုဂ် ဖြစ်၏။ ပရာသျှရ ဆရာက - ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ တို့သည် သောမဂြိုဟ်များ ဖြစ်လျှက်- စန်းခေါ် တနင်္လာမှ နေ၍ ရေတွက်သော်- ၆-တန့်၊ ၇-တန့်၊ ၈-တန့် အတွင်းတွင် တည်နေလျှင်- ဇာတာရှင်သည် မင်းအစိုးရ၊ စစ်သေနာပတိ တို့ ဖြစ်လိမ့်မည် ဟု ဆိုခဲ့၏။ သာရ၀လိ ကျမ်းတွင်လည်း- အဓိ ယောဂ ကိုပင် ရာဇ ယောဂ ဟု သတ်မှတ်ခဲ့၏။

လဂ်သခင် သည် အင်အားကောင်းပြီး၊ အခြားသော ဂြိုဟ်များမှာလည်း ဥုစ်၊ကသစ်၊ ကိန်း၊ တြိဂေါဏ အိမ်တို.တွင် ရပ်တည်ခြင်း ဖြင့် ရတတ်သော- မရိဒိင်္ဂ ယောဂ သည်လည်း မင်းကဲ့သို့ ဖြစ်စေတတ်သော ရာဇ ယောဂ တစ်မျိုးပင် ဖြစ်၏။

ဤသို့သော တည်နေရာကြောင့် ဖြစ်ရသော ရာဇ ယောဂ ၀င် ယောဂ တို့တွင် - စနေသည် တူရာသီတွင် တည်လျှက်- လဂ်မှ ကိန်းအိမ် တွင် တည်နေပါက- ရလာတတ်သော ပဉ္စမဟာ ပုရိဿ ယောဂ တစ်ခု ဖြစ်သော သဿ ယောဂ သည်လည်း ပါဝင်၏။ ဤယောဂ ကို ရထားသော သူတို့ အနေဖြင့်- အောင်မြင် ကြီးပွားခြင်း၊ အဆင့်အတန်း မြင့်မားခြင်း၊ နာမည် ကျော်ကြားကာ- အများကို အုပ်ချုပ်နိုင်စွမ်း ကို ရထားသည် ဆို၏။

ဂြိုဟ်တို့ အချင်းချင်း အပူးအမြင် လွှမ်းမိုးမှု တို့ကြောင့်- ဖြစ်ပေါ် ရရှိသော ရာဇ ယောဂ များ အနေဖြင့်မူ- ၇-တန့်သခင်သည် ဥုစ်ရလျှက်၊ ၁၀-တန့်တွင် ရပ်တည်ကာ ၉-တန့်၊ ၁၀-တန့် သခင်တို.နှင့်ပါ ပူးနေပါက ရတတ်သော- သီရိနာသ ယောဂ ပိုင်ရှင် အနေဖြင့်- နတ်ဘုရား၏ ဘုရင် ဖြစ်မည် ဟုပင် ဆိုထား၏။ 

ထို့အပြင်လည်း- ကြာသပတေးသည် တနင်္လာမှ ကိန်းအိမ် (၁၊၄၊၇၊၁၀ တန့်တွင်) ရပ်ခြင်းဖြင့် သော်လည်းကောင်း- ကြာသပတေး သည် တနင်္လာနှင့် ပူးနေခြင်းကြောင့်သော် လည်းကောင်း ရတတ်သည့် ဂဇ ကေသရီ ယောဂ- သည်လည်း ရာဇ ယောဂ တစ်မျိုးပင် ဖြစ်၏။
ဆက်လက်၍ ကိန်းအိမ် ရှင် နှင့် တြိကုန်း အိမ်ရှင်များ အိမ်ဖလှယ်နေခြင်း၊ ဆက်စပ် နေခြင်း ကြောင့် ဖြစ်လာသော ရာဇ ယောဂ အမျိုးအစားများ ရှိသကဲ့သို့-
  • ပဉ္စမဟာ ပုရိသ ယောဂများ၊
  • ကာဟာလ ယောဂ၊
  • ၀ိပရိတ္တ ရာဇ ယောဂများ၊
  • နိစ္စ ဘင်္ဂ ရာဇ ယောဂများ တို့လည်း ရှိသေး၏။ 
ဤနေရာတွင်- မိုးတား နည်းစနစ် အရ- ဒုဌာန အိမ်ရှင်များ ၊ ဒုဌာန တွင် နေလျှင် ကောင်းသည် ဆိုသော ၀ိပရိတ္တ ရာဇ ယောဂများ ကို လက်ခံ အသုံးပြုခြင်း မရှိပဲ- ဒုဌာန အိမ်ရှင် အနေဖြင့်- ဒုဌာန ဖြစ်သော်လည်း မိမိပိုင် ရာသီတွင် တည်မှသာ ကောင်းသည် ဟု လက်ခံ ကျင့်သုံးပါသည်။

ဆက်လက်၍- 
နိစ္စ ဘင်္ဂ ရာဇ ယောဂ ခေါ် နိစ် ဖြစ်ခြင်းမှ ပေါ်လာသော ရာဇ ယောဂ များကို လေ့လာရာတွင်-
ဂြိုဟ်တို့ အနေဖြင့် နိစ်မိခြင်းသည် အင်အား နည်းစေသော အနေအထား တစ်ရပ်တွင် ရှိသော်လည်း- ထိုသို့ နိစ် ဖြစ်နေရာမှ တစ်ဆင့်- အင်အားကောင်းလာ နိုင်ပြီး ရာဇ ယောဂ အဆင့်သို့ ဖြစ်သွားစေနိုင်သော နိစ္စ ဘင်္ဂ ရာဇ ယောဂ များ အကြောင်းကိုလည်း ရှေးကျမ်းများတွင် ရေးသား ညွန်ပြခဲ့ကြပါသည်။ အလွတ်ကျက်မှတ် ခြင်း မဟုတ်ပဲ- ၄င်းတို့၏ ဆိုလိုရင်းကို လေ့လာရန် သင့်သော ယောဂများ ဖြစ်ပါသည်။

ဤနေရာတွင် စဉ်းစား ရမည့် အချက်မှာ နိစ်ပျက်တိုင်း- ရာဇ ဖြစ်သွားနိုင်ပါမည်လား။ အင်အားနည်း စေသော အကြောင်း ပျက်ခြင်းသည်- အင်အားများစေသော အကြောင်း ကို ဖြစ်စေခြင်း နှင့် ပတ်သက် ပါသည်လား၊ အောက်တွင် ဖေါ်ပြထားသော နိစ္စဘင်္ဂ ယောဂ များတွင် မည်သည် တို့သည်- နိစ်ပျက် ရုံမျှ မက- ရာဇ ယောဂ အဆင့်သို့ တက်လှမ်းသွား နိုင်သော ယောဂများ ဖြစ်နိုင်သနည်း၊ မည်သည်တို့သည် နိစ်ပျက်ရုံ သက်သက် မျှသာ ဖြစ် နိုင်မည်နည်း တို့ကို ဆက်လက် ဆင်ခြင် သွားစေလိုသည်။
ဥပမာ- လူတစ်ဦး အနေဖြင့်- နေမကောင်းဖြစ်၍- ဆေးရုံတက် နေရာမှ- ဆေးရုံ ဆက်တက် စရာမလို တော့ပဲ- ဆင်းခွင့်ရခြင်းကို လွန်စွာ ကျန်းမာရေး ကောင်းသည်ဟု ဆိုနိုင်ပါမည်လား။ အသားမမည်း ဘူးဟု ဆိုခြင်းသည် အသားဖြူသည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း တို့ကို နားလည် ရပါမည်။
သို့သော်- အချို့သော အခြေ အနေများတွင်မူ- ကြားဟူ၍ ရှိမနေတတ်ပဲ- မကောင်းသော ဖြစ်ရပ် ဖြစ်ခွင့် မကြုံသည့် နှင့်ပင် အလိုလို ကောင်းသော ဖြစ်ရပ် ဖြစ်ခွင့် ကြုံသွားသော အနေအထား များလည်း ဖြစ်သွားပါ၏။ 

ဂျင်ဂစ်ခန်၏ ဇာတာတွင် ။

ဂဇ ကေသရီယောဂ (၁)
ကြာသပတေးသည် တနင်္လာမှ ကိန်းအိမ် (၁၊၄၊၇၊၁၀ တန့်တွင်) ရပ်ခြင်းဖြင့်ဤ ယောဂ ကိုရရှိသည်။
ကြာသပတေးသည် တနင်္လာမှ ကိန်းအိမ် (၁၊၄၊၇၊၁၀ တန့်တွင်) ရပ်ခြင်းဖြင့်ဤ ယောဂ ကိုရရှိသည်။ ဂဇ ဆိုသည်မှာ ဆင်ကို ဆိုလို၍ ကေသရီသည် ခြင်္သေ့ကို ဆိုလိုသည်။ ဆင်နှင့် ခြင်္သေ့တို.သည် တောတောင် အလယ်တွင် လွန်စွာထင်ရှား၍ အခြားသော တိရစ္ဆာန်များ၏ ကြောက်ရွံ.လေးစားခြင်းကို ရရှိသကဲ့သို. ၄င်းတို.သည် လူအများကို သင်ကြားပေးနိုင်ခြင်း၊ အကြံပေးတတ်ခြင်း၊ သြဇာ အာဏာကြီးမားခြင်း တို.တွင် ထင်ရှားသည်။ သေဆုံး ပြီးနောက် အချိန်ကြာမြင့်သော ကာလ အထိ ၄င်းတို.၏ အမည်မှာ ကြာရှည်စွာတည်တံ့သည်။ မှတ်ချက်၊ ဂဇကေသရီ ယုဂ်ကို တွေ့ရှိပါက ၄င်းကို ဖျက်ဆီးတတ်သော ကမ္မဓရုမယုဂ် (Kemadruma Yoga) ၊ (တနင်္လာ၏ ဘေးဘယ်ညာ နှစ်ဘက်စလုံး တွင် တနင်္ဂနွေမှ လွဲ၍ မည်သည့်ဂြိုဟ်မှ မရှိသောယုဂ်) ပါမပါ ကြည့်ရန်လိုပါသည်။ အကယ်၍ ကမ္မဓရုမ ယုဂ် ကို တွေ့ခဲ့ပါလျှင် လည်း ၄င်း၏ အဆိုးကို ပျက်ပြယ်၍ ကောင်းခြင်းကို ပြန်လည် ဖြစ်စေ တတ်သော ကာလပဓရုမယုဂ်၊ (Kalpadruma Yoga) (လဂ်မှ ကိန်းအိမ်တို.တွင် ဂြိုဟ်ရပ်တည်ခြင်း ယောဂ) ပါမပါ ကြည့်ရန်လိုပါသည်။

ဂဇ ကေသရီယောဂ (၂)
ကြာသပတေးသည် တနင်္လာနှင့် ပူးနေပါက ဤယောဂကို ရသည်။
ကြာသပတေးသည် တနင်္လာမှ ကိန်းအိမ် (၁၊၄၊၇၊၁၀ တန့်တွင်) ရပ်ခြင်းဖြင့်ဤ အမျိုးအစား ဂဇ ကေသီရီ ယောဂ ကိုရရှိသည်။ သူတစ်ပါး တို့အား လွှမ်းမိုး နိုင်စွမ်း ကြီးမားသည်။ ကိုယ်ကျင့် တရားကောင်းမည်။ အမည် ကျော်ကြားမည်။ ကြွယ်ဝမည်။  ပူးတည်သော ဘာဝ အနေအထား အလိုက် အကျိုးပေးမှု အပြောင်းအလဲ ရှိသည်။ 

နိစ္စဘင်္ဂ ရာဇယောဂ-  (၁)
နိစ်မိနေသော ဂြိုဟ်၏ ဥုစ်ရာသီ အိမ်ရှင် သည် တနင်္လာဂြိုဟ်မှ ကိန်းအိမ် (၁၊၄၊၇၊၁၀တန့်) တွင် ရပ်တည် ခြင်းဖြင့် ဤယုဂ်ကို ရရှိသည်။
ထို.ကြောင့် နိစ် ဖြစ်သော သဘော ပျက်ပြယ်ကာ ရာဇယုဂ် ဖြစ်သော အဆင့်သို.ရောက်ရှိသွားသည်။
ဤဇာတာတွင် သောကြာသည် နိစ်ရာသီတွင် တည်၏။ တနည်းအားဖြင့်- နိစ် ဆိုသော အင်အားနည်းသော အနေအထားရောက်သွား သော်လည်း- သောကြာ-ဥုစ်ရသော ရာသီဖြစ်သော မိန်ရာသီ၏ အိမ်ရှင် ကြာသပတေးသည် တနင်္ဂလာနှင့် အတူတူတည်နေခြင်း၊ တနည်းအားဖြင့် တနင်္ဂမှ ရေတွက်သော်- ၁-တန့်တွင် တည်အားဖြင့်- နိစ္စဘင်္ဂ ရာဇ ယောဂ အဖြစ်သို့ ရောက်သွားသည်။

နိစ္စဘင်္ဂ ရာဇယောဂ (၂)
နိစ်မိနေသော ဂြိုဟ်သွားရောက် ရပ်တည်နေသော ရာသီ၏ အိမ်ရှင်သည် ၄င်းပိုင်အိမ်တွင် နိစ် ဖြစ်သည့် နိစ်သခင် ဂြိုဟ်နှင့် ပူးခြင်း၊ မြင်ခြင်း၊ ဆက်စပ်ထားခြင်းဖြင့် ဤယုဂ်ကို ရရှိသည်။ ထို.ကြောင့် နိစ် ဖြစ်သော သဘော ပျက်ပြယ်ကာ ရာဇယုဂ် ဖြစ်သော အဆင့်သို.ရောက်ရှိသွားသည်။
ဤဇာတာတွင်- နိစ်မိသော သောကြာဂြိုဟ်သည်- ဗုဒ္ဓဟူးပိုင် ကန်ရာသီတွင် တည်၍- နိစ်ဖြစ်ခြင်း ဖြစ်၏။ ကန်ရာသီ ပိုင်ရှင် -ဗုဒ္ဓဟူးသည် ကန်ရာသီ ၂၈း၃၃ အံသာ၊ နိစ်မိသော သောကြာသည် ကန်ရာသီ ၁၉း၅၆ အံသာတွင် တည်၍- ရာသီချင်း အတူတူ ဖြစ်နေသောကြောင့်လည်း- ဤယောဂ ကို ပြန် ရရှိသည်။ (မှတ်ချက်- မိုးတား စနစ်တွင်မူ- ၅-ဒီဂရီ အတွင်း ကျရောက်မှ သာ ပူးသည်၊ မြင်သည် သတ်မှတ်သော်လည်း- ရှေးကျမ်း လာ ယောဂ များကို လေ့လာရာတွင်- သမားရိုးကျ ထုံးစံ အတိုင်းသာ သုံးသပ်သည်။)

နိစ္စဘင်္ဂ ရာဇယောဂ (၃)
နိစ်မိနေသော ဂြိုဟ်အား၊ ၄င်း၏ မူလအိမ်တွင် ဥုစ်ရမည့် ဂြိုဟ် မှ ပူးခြင်း၊ မြင်ခြင်း၊ ဆက်စပ်ထား ခြင်းဖြင့် ဤယုဂ်ကို ရရှိသည်။
ထို.ကြောင့် နိစ် ဖြစ်သော သဘော ပျက်ပြယ်ကာ ရာဇယုဂ် ဖြစ်သော အဆင့်သို.ရောက်ရှိသွားသည်။
သောကြာ-ဥုစ်ရသော ရာသီဖြစ်သော မိန်ရာသီ၏ အိမ်ရှင် ကြာသပတေးသည် နိစ်မိထားသော သောကြာ နှင့်  အတူတကွ တည်နေခြင်း၊ နိစ္စဘင်္ဂ ရာဇ ယောဂ နောက်တစ်မျိုးကို ထပ်မံ ရရှိပြန်သည်။

ရာဇယောဂ (၁)
၎-တန့် အိမ်ရှင်၊ ၅-တန့်အိမ်ရှင်၊ ၇-တန့်အိမ်ရှင်၊ ၉-တန့်အိမ်ရှင်၊ ၁၀-တန့်အိမ်ရှင် တို.အနက်မှ တစ်ခုခုသည် လဂ်သခင်အား ပူးခြင်း၊ မြင်ခြင်း၊ ဆက်သွယ်မှု ပြုခြင်း၊ တစ်ဖန် လဂ်သခင်မှ လည်း ၄င်းအား အပြန်အလှန်အားဖြင့် ပူးခြင်း၊ မြင်ခြင်း၊ ဆက်သွယ်ခြင်း ရှိနေပါက ဤယုဂ် ကို ရရှိသည်။
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။

ရာဇယောဂ (၂)
၎-တန့် အိမ်ရှင် သည် ၅-တန့်အိမ်ရှင်၊ ၉-တန့်အိမ်ရှင်၊ တို.အနက်မှ တစ်ခုခုကို ပူးခြင်း၊ မြင်ခြင်း၊ ဆက်သွယ်မှု ပြုခြင်း၊ တစ်ဖန် ၄င်းတို. မှ လည်း ၄-တန့် အိမ်ရှင် အား အပြန်အလှန်အားဖြင့် ပူးခြင်း၊ မြင်ခြင်း၊ ဆက်သွယ်ခြင်း ရှိနေပါက ဤယုဂ် ကို ရရှိသည်။
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။

ရာဇယောဂ (၃)
၅-တန့် အိမ်ရှင် သည် ၇-တန့်အိမ်ရှင်၊ ၁၀-တန့်အိမ်ရှင်၊ တို.အနက်မှ တစ်ခုခုကို ပူးခြင်း၊ မြင်ခြင်း၊ ဆက်သွယ်မှု ပြုခြင်း၊ တစ်ဖန် ၄င်းတို. မှ လည်း ၅-တန့် အိမ်ရှင် အား အပြန်အလှန်အားဖြင့် ပူးခြင်း၊ မြင်ခြင်း၊ ဆက်သွယ်ခြင်း ရှိနေပါက ဤယုဂ် ကို ရရှိသည်။
ရှေးကျမ်း အဆိုအရ- အိမ်ရှေ.မင်းသား ကဲ့သို.သော တော်ဝင် နန်းနွယ် အဖြစ်ကို ရမည်ဟု ဆိုထားသည်။

ရာဇယောဂ (၄)
၇-တန့် သခင်နှင့် ၉-တန့်သခင် တို. အပြန်အလှန် မြင်နေကြပါက ဤယောဂ ကိုရသည်။
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။

ရာဇယောဂ (၅)
၉-တန့် သခင်နှင့် ၁၀-တန့်သခင် တို. အပြန်အလှန် မြင်နေကြပါက ဤယောဂ ကိုရသည်။
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။

ရာဇယောဂ (၁၆)
၅-တန့် သခင်နှင့် ၉-တန့်သခင် တို. ပူးနေခြင်း၊ အပြန်အလှန် မြင်နေခြင်း ရှိကြပါက ဤယောဂ ကိုရသည်။  (ဗြို.ဟဇ် ပရသျှရ ဟောရ သျှတ္တရ ကျမ်း၊ ၄၁၊၃၃-၃၄)
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။

ရာဇယောဂ (၇)
၎-တန့်သို့မဟုတ် ၁၀-တန့် အိမ်ရှင် နှင့် ၅-တန့်၊ ၉-တန့်အိမ်ရှင်၊ တို. ပူးကပ်စွာ ရှိနေပါက ဤယုဂ် ကို ရရှိသည်ဟု ဗြို.ဟစ်ဇာတက ပရာသရ ဟောရသျှတ္တရ ကျမ်းတွင် ပြဆိုထားပြန်သည်။ (ဗြို.ဟဇ် ပရသျှရ ဟောရ သျှတ္တရ ကျမ်း၊ ၄၁၊၃၇)
ဤ ယုဂ်ပိုင်ရှင် အနေဖြင့် အောင်မြင်မှု၊ အသိအမှတ်အပြု ခံရမှု၊ လူနေမှု အဆင့်အတန်းသည် တစ်ဆင့်ခြင်း မြင့်တက်လာ ပြီး မင်းနှင့်တူသော အဖြစ်ကို ရသည်ဟု ရှေးကျမ်းများက ဆိုထားသည်။

ရာဇယောဂ (၈)
သောကြာဂြိုဟ်သည် ကာရက အံသာ လဂ္ဂဏတွင် တည်ခြင်း (သို့မဟုတ်) ၄င်းမှ ၅-တန့်တွင် တည်နေခြင်း၊ ဖြစ်ကာ ၄င်းအား  တနင်္လာ (သို့မဟုတ်) ကြာသပတေး ၏ အမြင်၊ ဖြစ်စေ ဆက်သွယ် မှု ဖြစ်စေကို ရနေပါက ဤယောဂကို ရသည်။ (ဗြို.ဟဇ် ပရသျှရ ဟောရ သျှတ္တရ ကျမ်း၊ ၄၁၊၁၁)
ဤဇာတာရှင်သည် မြင့်မြတ်သော - တော်ဝင်မျိုးနွယ်တို့နှင့် သွေးသား ဆက်စပ် တတ်လျှက် - တော်ဝင် အသိအမှတ် ပြုခြင်း ခံရသူ ဖြစ်တတ်သည် ဟု ဆိုထားသည်။
ဤရာဇ ယောဂ သည်ကား- ဇေမဏိ ဆရာရသေ့ မူနှင့် ပရသျှရ ဆရာ၏ မူတို့ ဆက်စပ်နေသော ယောဂ ဖြစ်သည်။ ဤဇာတာတွင် အံသာ အမြင့်ဆုံး ဂြိုဟ် - တနည်းအားဖြင့် အတ္တမာ ကာရက ဂြိုဟ်မှာ ဗုဒ္ဓဟူး ဖြစ်ပြီး- အတ္တမာကရာက- ဂြိုဟ် အနေဖြင့် န၀င်း စက်တွင် တည်သော ရာသီ သခင်အား- ကာရက အံသာ လဂ္ဂဏ ဟူ၍ ခေါ်သည်။ ယခု အခါ အတ္တမာ ကာရကဂြိုဟ် ဗုဒ္ဓဟူးသည်- န၀င်းစက်တွင်လည်း- ကန်ရာသီ တွင် ပင် တည်ခြင်း။ (ဤသို့ ရာသီ နှင့် န၀င်း တို့တွင် တူစွာ တည်ခြင်းကို များစွာသော နက္ခတ် ဗေဒင် ပညာရှင်များက ၀ဂ္ဂတ္တမ န၀င်း ဟု သတ်မှတ် ကြလေ့ ရှိသည်။) ထိုကန်ရာသီ သည်- ဗုဒ္ဓဟူးပိုင်ရာ ဖြစ်နေပြန် ၍- ဤဇာတာ၏ ကာရက အံသာ လဂ္ဂဏ မှာ လည်း- ဗုဒ္ဓဟူးပင် ပြန်ဖြစ်နေပြန်သည်။ သောကြာသည်- ကာရအံသာ လဂ္ဂဏ ခေါ် ဗုဒ္ဓဟူးနှင့် အတူတည်နေခြင်း ကြောင့်- အထက်တွင် ဖေါ်ပြထားသော ရာဇ ယောဂ ကို ရပြန်၏။ နောက်ဆက်တွဲ အနေဖြင့်- ကြာသပတေး နှင့်လည်း အံသာ အလွန်ပူးကပ်စွာ တည်ခြင်းကြောင့်- ဤရာဇ ယောဂ ကို တင်းပြည့် ကျပ်ပြည့် ရလိုက်ပြန်တော့၏။
ဂျင်ဂစ်ခန်၏ အဘိုး..သည် တစ်ချိန်က- မွန်ဂို ပြည်နယ်တွင် အရေးပါခဲ့သော နန်းမျိုး အနွယ်ဖြစ်သော်လည်း- ဖခင် လက်ထက်တွင်မူ- သာမာန် လူမျိုးစု ခေါင်းဆောင် အဆင့်မျှသာ ရှိခဲသည်။

ရာဇယောဂ (၉)
ဂြိုဟ်တစ်လုံးသည် နိစ်မိနေသော်လည်း၊ ရောင်ခြည်အား ကောင်းနေခြင်း၊ သို့မဟုတ် နောက်ပြန် သွားနေခြင်း၊ ကောင်းသော ရပ်တည်မှု ရှိပါက ဤယောဂကို ရသည်။ (ဖလဒီပက ၇၊၃)
ဤဇာတာရှင်သည် အုပ်ချုပ်သူမင်း ကဲ့သို့ အဆင့်အတန်း၊ မြင့်မား၍ တော်ဝင် အနေအထား ရှိမည်ဟု ဆိုထားပါသည်။
သောကြာဂြိုဟ်သည် နိစ်မိထားလျှက်- နေ၏ လွှမ်းမိုးမှု မိထားသော အနေထား တွင်ရှိခြင်း၊ နောက်ပြန် သွားခြင်း မရှိသော်လည်း- ကောင်းသော ရပ်တည်မှု ဖြစ်သည့်- ၄-တန့် ၊ မိတ်ရာသီတွင် တည်ထားခြင်း။ မိတ်န၀င်းတွင် တည်ထားခြင်း ကြောင့်- ဤရာဇ ယုဂ်ကိုမူ အင်အားနည်းစွာဖြင့် ရထားသည် ဟု ဆိုနိုင်ပါသည်။

ရာဇယောဂ (၁၀)
သာဝတ္ထ စိန္တာမဏိ ကျမ်း၏ အဆိုအရ နိစ်မိသော ဂြိုဟ်ရပ်တည်ရာ ရာသီ၏ အိမ်ရှင် ဂြိုဟ် ဖြစ်စေ- နိစ်ဂြိုဟ် တည်ရာ- ရာသီတွင် ဥုစ် ဖြစ်မည့် ဂြို ဖြစ်စေ- တစ်ခုခု သည် စန်းခေါ် တနင်္လာဂြိုဟ်မှ ဖြစ်စေ၊ လဂ်မှ ဖြစ်စေ ကိန်းအိမ် ဖြစ်သော (၁၊၄၊၇၊ ၁၀) အတန့်များတွင် ကျရောက်ပါက ရာဇယုဂ်ကို ရသည် ဟုဆိုသည်။  (သာဝတ္ထ စိန္တာမဏိ  ၉၊၁၃)
ဤဇာတာရှင်သည် ရှင်ဘုရင် သို့မဟုတ် ထိုကဲ့သို. အုပ်ချုပ်ရသော သူ ဖြစ်လိမ့်မည်။
ဤဇာတာတွင်- နိစ်မိသော သောကြာဂြိုဟ် ရပ်တည်သော ရာသီ အိမ်ရှင် သည် ဗုဒ္ဓဟူး ဖြစ်၍- ၄င်းသည်- စန်းမှ နေ၍- ၁-တန့် (စန်း နှင့် ရာသီတူစွာ ရှိနေခြင်း) ကြောင့်- ဤဇာတာ အနေဖြင့်- အထက်ပါ ရာဇ ယောဂ ကို ထပ်မံ ရရှိပြန်လေသည်။

ရာဇယောဂ (၁၁)
သာဝတ္ထ စိန္တာမဏိ ကျမ်း၏ အဆိုအရ စန်းခေါ် တနင်္လာဂြိုဟ် ရပ်တည်သော န၀င်းရာသီပိုင် အိမ်ရှင်ဂြိုဟ်သည် လဂ်မှ ဖြစ်စေ၊ ဗုဒ္ဓဟူးဂြိုဟ်မှ ဖြစ်စေ ကိန်းအိမ် ဖြစ်သော (၁၊၄၊၇၊ ၁၀) အတန့်များတွင် ဖြစ်စေ၊ များတွင် ဖြစ်စေ၊ တြိကုန်း အိမ်များဖြစ်သော (၁၊၅၊၉) အတန့်များတွင် ဖြစ်စေ ကျရောက်ပါက ရာဇယုဂ်ကို ရသည် ဟုဆိုသည်။  (သာဝတ္ထ စိန္တာမဏိ  ၉၊၂၈)
ဤဇာတာတွင်- စန်းခေါ် တနင်္လာသည် သောကြာပိုင် ပြိဿ န၀င်းတွင် တည်၏။ ထိုသောကြာ သည်-  ဗုဒ္ဓဟူး နှင့် အတူတကွ တည်ခြင်း (ဗုဒ္ဓဟူးမှ ၁-တန့်) ကြောင့်- ဤအမျိုးအစား ရာဇ ယောဂကို ရပြန်ပါသည်။

ဇေမဏိရာဇ ယောဂ (၁၂)
ကမ္ဘာကျော် ဝေဒပညာရှင် ကေ-အင်န်- ရောင်အို ၏ အဆိုအရ စန်းခေါ် တနင်္လာဂြိုဟ် နှင့် သောကြာတို.သည် အတူတကွပူးယှဉ်နေခြင်း၊ သို့မဟုတ် တနင်္လာအား သောကြာမှ မြင်ထားခြင်း ရှိပါက ဤရာဇယုဂ်ကို ရသည် ဟုဆိုသည်။

အခြား ယောဂ များ နှင့် ဂျင်ဂစ်ခန် 
အသျှရာယ နာဠ ယောဂ
ဂြိုဟ် ၇ လုံးတို.သည် ဒွိဘာဝ ရာသီတွင် တည်နေကြလျှင်- အသျှရာယ နာဠ ယောဂကိုရရှိသည်။
အသျှရာယ နာဠ ယောဂ ကိုရထားသူသည် ခြေလက် တို. ပုံမှန် မရှိတတ်၊ လွန်စွာ ပါးနပ် လိမ္မာသည်။ ငွေကြေး အနေအထား၊ ဘ၀ အနေအထား အတက်အကျ ရှိတတ်သည်။ ကြည့်ကောင်း သော ရုပ်ရည် ရှိသည်။ သူ၏ နီးစပ်သော ဆွေမျိုးညာတိ တို.ကို ချစ်မြတ်နိုးတတ်သည်။

အက္ကရိတိ ၀တိ ယောဂ
ဂြိုဟ်အားလုံးတို့သည် ကိန်းအိမ် (၄) ခု မှ အပ အခြားသော အိမ်များ တွင် သာရပ်တည်ကြသည်။
ဇာတာရှင်သည် တစ်ဆင့်ခြင်း ကြွယ်ဝ ချမ်းသာစေရန် ပြုလုပ်မည်။ မကြီးကျယ်သော်လည်း တာရှည်ခံသော စည်းစိမ် ရမည်။ အသက်ရှည်မည်။ အပြောအဆို ချိုသာ၍ မိမိ၏ ပိုင်ဆိုင်မှုတို့ကို သိုသိပ်စွာ ထားလိမ့်မည်။

အက္ကရိတိ ၀ါပိ ယောဂ (အပ္ပေါ ကလိမ) ယောဂ
ဂြိုဟ်အားလုံးတို့သည် ကိန်းအိမ် (၄) ခု မှ အပ အခြားသော အိမ်များ တွင် သာရပ်တည်ကြသည်။ 
ဇာတာရှင်သည် တစ်ဆင့်ခြင်း ကြွယ်ဝ ချမ်းသာစေရန် ပြုလုပ်မည်။ မကြီးကျယ်သော်လည်း တာရှည်ခံသော စည်းစိမ် ရမည်။ အသက်ရှည်မည်။ အပြောအဆို ချိုသာ၍ မိမိ၏ ပိုင်ဆိုင်မှုတို့ကို သိုသိပ်စွာ ထားလိမ့်မည်။

သံခရ ကောလ ယောဂ
ဂြိုဟ်တို့သည် ဘာဝ တစ်ခုတည်း တွင် သာ ရပ်တည်ကြသည်။
ဇာတာရှင်သည် ဆင်းရဲခြင်း၊ ပညာမတတ်ခြင်း၊ ကောက်ကျစ်ခြင်း၊ ဒုက္ခ ဆင်းရဲကြီးစွာရောက်ခြင်း၊ တစ်နေရာမှ တစ်နေရာသို့ လှည့်သွားလာနေရခြင်းများ ဖြစ်တတ်သည်ဟု ဆိုထားသည်။

ဝတ္ထုမတ္တိ ယောဂ
သောမဂြိုဟ်များ ဖြစ်ကြသော (ဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေး) တို.သည် လဂ်မှ နေ၍ ဥပစာရ အိမ်များ ဖြစ်သော (၃၊၆၊၁၀၊၁၁) တို.တွင် ရပ်တည်ပါက-ဤယောဂကို ရသည်။
ဇာတာရှင် သည် အလွန်အမင်း ကြွယ်ဝချမ်းသာ နိုင်ပြီး၊ မိမိအိမ်တွင် နေလျှက်နှင့် ပင် သက်တောင့် သက်သာ ချမ်းသာကို ရလိမ့်မည် ဟု ပြဆိုထားသည်။

ဝင်္ကန္တ စောရ ဘိသိ ယောဂ
လဂ်သခင် သည် ရာဟု၊စနေ သို့မဟုတ် ကိတ်တို.နှင့် ပူးယှဉ်နေပါက ဤယောဂကို ရသည်။ (သာဝတ္ထ စိဏ္တာမဏိ ၂၊၇၆)
ဤဇာတာရှင်သည် မိမိအနီးပါတ်ဝန်းကျင်ရှိ လူများက မိမိအား ကောက်ကျစ်ခြင်း၊ ခိုးယူ လှည့်ဖျားခြင်းတို့ကို အမြဲတစ်စေ သံသယ ဖြစ်နေရတတ်သော အနေအထားတွင် ရှိသည်ဟု ဆိုထားသည်။

ဓနယောဂ (၁)
၉-တန့်သခင် သည် ၅-တန့်သခင် နှင့် ပူးနေပါက ဤယောဂကို ရသည်။ (ဗြို.ဟဇ် ဇာတက ပရာသျှရ ဟောရ သျှတ္တရ ၄၃၊၁၄)
ဇာတာရှင် ထိုဂြိုဟ်တို. ပိုင်သော ဒဿာ ကာလ တို.တွင် ကြွယ်ဝ ချမ်းသာခြင်းအကျိုးကို ခံစားရမည်။
ဤဇာတာတွင် ၉-တန့် အိမ်ရှင်မှာ- ကြာသပတေး ဖြစ်သည်။ (မိုးတား စနစ် အနေဖြင့် အိမ်ရှင် နှင့် သခင်ကို ခွဲခြား သုံးသပ်ပါသည်။) ထိုနည်းတူ ၅-တန့် အိမ်ရှင်မှာ အင်္ဂါ ဖြစ်ပါသည်။ (မိုးတား စနစ်အရ- ၄င်းကိုလည်း ၅-တန့် သခင်ဟု မခေါ်တွင်ပါ၊ အိမ်ရှင် ဟုသာ သတ်မှတ်ပါသည်။) မည်သို့ပင် ဆိုစေ- ၉-တန့် အိမ်ရှင် ကြာသပတေး နှင့် ၅-တန့် အိမ်ရှင် အင်္ဂါ တို့ ရာသီ တစ်ခုတွင် ပူးတည် နေ၍လည်း- ဇာတာရှင် အနေဖြင့်- အထက်ပါ ဓန ယောဂ ကို ရထားပါသည်။) 

ဓနယောဂ (၂)
လဂ်သခင်သည် ၂-တန့်၊ ၅-တန့်၊ ၉-တန့်၊ ၁၁-တန့် အိမ်ရှင်များနှင့် အပြန်အလှန် ဆက်သွယ်မှု ရှိပါက ချမ်းသာခြင်းကို ဖြစ်စေသည့် ယုဂ်ကို ရသည် ဟုဆိုသည်။
ဤယောဂကို ရပါက-ဇာတာရှင်သည် ကြွယ်ဝ ချမ်းသာ လိမ့်မည်။
လဂ်သခင် တနင်္လာသည်- ၂-တန့် သခင် တနင်္ဂနွေ၊ ၅-တန့် အိမ်ရှင် အင်္ဂါ၊ ၉-တန့် အိမ်ရှင် ကြာသပတေး၊ ၁၁-တန့် အိမ်ရှင် သောကြာ တို့ နှင့် အတူတကွ တည်နေခြင်းဖြင့်- ဤဓန ယောဂ ကိုလည်း ရလိုက်ပြန်ပါသည်။

ဓနယောဂ (၃)
၂-တန့် သခင်သည် ၅-တန့်၊ ၉-တန့် နှင့် ၁၁-တန့် အိမ်ရှင်များနှင့် အပြန်အလှန် ဆက်သွယ်မှု ရှိပါက ချမ်းသာခြင်းကို ဖြစ်စေသည့် ယုဂ်ကို ရသည် ဟုဆိုသည်။
ဤယောဂကို ရပါက-ဇာတာရှင်သည် ကြွယ်ဝ ချမ်းသာ လိမ့်မည်။

ဓနယောဂ (၄)
၅-တန့် သခင်သည် ၉-တန့် နှင့် ၁၁-တန့် အိမ်ရှင်များနှင့် အပြန်အလှန် ဆက်သွယ်မှု ရှိပါက ချမ်းသာခြင်းကို ဖြစ်စေသည့် ယုဂ်ကို ရသည် ဟုဆိုသည်။
ဤယောဂကို ရပါက-ဇာတာရှင်သည် ကြွယ်ဝ ချမ်းသာ လိမ့်မည်။

ဓနယောဂ (၅)
၉-တန့် သခင်သည် နှင့် ၁၁-တန့် အိမ်ရှင် တို. အပြန်အလှန် ဆက်သွယ်မှု ရှိပါက ချမ်းသာခြင်းကို ဖြစ်စေသည့် ယုဂ်ကို ရသည် ဟုဆိုသည်။

သာဝ ၀ိရီယ ဓနယောဂ
ဤယောဂကို ရထားပါက-ဇာတာရှင်သည် မိမိ၏ ကိုယ်ပိုင်အားထုတ်မှု ဖြင့် ကြွယ်ဝခြင်း ဖြစ်စေလိမ့်မည်။

ကမ္မဇီဝ ယောဂ (၁)
အင်္ဂါသည် လဂ်မှ ဖြစ်စေ၊ စန်းမှ ဖြစ်စေ၊ တနင်္ဂနွေမှ ဖြစ်စေ ၁၀-တန့်၏ အိမ်ရှင် ဖြစ်နေသော် ဤယောဂကို ရသည်။ (ျဗိဳ.ဟဇ္ဇာတက)
ဇာတာရှင် လုပ်ကိုင်သော အသက်မွေးဝမ်းကျောင်း လုပ်ငန်း သို့မဟုတ် ဇာတာရှင် ၏ ဘ၀ အဆင့်အတန်း သည် သဘာဝ တွင်းထွက် စသည်များ၊ မီး သို့မဟုတ် အပူ နှင့် သက်ဆိုင်သော စက်အင်ဂျင်၊ လက်နက်၊ စသည်တို.နှင့် ဆက်စပ်နေတတ်ခြင်း၊ သိုမဟုတ် ဇာတာရှင် အနေဖြင့် အင်အားသုံးရသော လုပ်ငန်းများ၊ ရန်သူနှင့် ဆက်ဆံရသော လုပ်ငန်းများကို လုပ်ကိုင် ရတတ်သည် ဟု ဆိုထားသည်။

ကမ္မဇီဝ ယောဂ (၂)
အင်္ဂါဂြိုဟ်သည် လဂ်မှ ဖြစ်စေ၊ တနင်္လာခေါ် စန်းမှ ဖြစ်စေ၊ တနင်္ဂနွေဂြိုဟ်မှ ဖြစ်စေ၊ ၁၀-တန့်မြောက် ရာသီ၏ အိမ်ရှင်ကို ပူးခြင်း။ မြင်ခြင်း ဖြစ်ခဲ့သော် ဤယောဂကို ရရှိသည် ဟု ဗြို.ဟဇ်ဇာတက ကျမ်းမှ ဆိုထားပါသည်။
ဤယုဂ်ကိုရပါက အင်္ဂါနှင့်ဆိုင်သောလုပ်ငန်းများ၊ တွင်းထွက်ပစ္စည်းများ၊ မီး၊ မီးဖိုချောင်၊ စက်ကရိယာတို.နှင့် ဆိုင်သော လုပ်ငန်းများ၊ လက်နက် ခဲယမ်းမီးကျောက်တို.နှင့် ဆိုင်သောလုပ်ငန်းများ၊ စွန်.စားရသော လုပ်ငန်းများ၊ ခန္ဓာကို စွမ်းအင်ကို အသုံးချရသော လုပ်ငန်းများကို လုပ်ရမည်ဟု ဆိုထားပါသည်။ ဤယောဂ ကို လေ့လာရရာတွင်လည်း အင်္ဂါ၏ မူလသဘာဝ ဖြစ်သော၊ ရန်မက်ဖြစ်ပွားခြင်း၊ တိုက်ခိုက်ခြင်း၊ သိုင်းပညာ၊ ကိုယ်ခံပညာ နှင့်သက်ဆိုင်သောလုပ်ငန်းကို လုပ်ကိုင်ခြင်းတို.ကို လုပ်ကိုင်ရမည်ကို  ကောက်ချက်ချသင့်ပါသည်။ တစ်နည်း အားဖြင့် အင်္ဂါသည်- တီထွင် ထိုးဖေါက် ခြင်း၊ ရင်ဆိုင် ယှဉ်ပြိုင်ရခြင် တို.ကို ဖော်ဆောင်သော ဂြိုဟ်လည်း ဖြစ်သည်။

ပရကရမ ယောဂ
၃-တန့်သခင်သည် ကောင်းသော န၀င်း ရာသီတွင်၊ သောမဂြိုဟ်တို.၏ အပူးအမြင်ကို ရထားကာ အင်္ဂါသည် လည်း ကောင်းသော ရာသီတွင် ရပ်တည်ပါက ဤယောဂကို ရသည်။
ဤဇာတာရှင်သည် သတ္တိကောင်းခြင်း နှင့် ပြည့်စုံ မည်ဟု ဆိုထားသည်။

ဝိစိတြ သောဓျ ပရကာရ ယောဂ
၎-တန့်သခင်နှင့် ၁၀-တန့်သခင် တို.သည် စနေ၊ အင်္ဂါတို.နှင့် အတူတကွ ပူးယှဉ်သော် ဤယောဂကို ရသည်။  (သာဝတ္ထ စိန္တာမဏိ ၄၊၅၅)
ဇာတာရှင်သည်- နန်းတော်ကဲ့သို့ ကြီးကျယ်သော အိမ်များစွာ၏ အရှင်သခင် ဖြစ်မည် ဟု ဆိုထားသည်။

ဗန္ဓု ပူဇ ယောဂ
သာဝတ္ထ စိန္တာမဏိ ကျမ်းအရ ၄-တန့်သို့မဟုတ် ၄-တန့် ဘာဝ သခင် တို.သည် ကြာသပတေး ဂြိုဟ်နှင့် ဆက်စပ်မှု ရှိပါက ဤယုဂ်ကို ရသည်။ (သာဝတ္ထ စိန္တာမဏိ ၄၊၆၅)
ဇာတာရှင်သည် မိသားစုဝင်များနှင့် မိတ်ဆွေများကို လေးစား တန်ဘိုးထား လိမ့်မည် ဟုဆိုသည်။

ဗာဟု ထရိ ယောဂ
လဂ်သခင်နှင့် ၇-တန့်သခင်တို.သည် ပူးနေလျှင်သော်လည်းကောင်း၊ တစ်ခုနှင့် တစ်ခု အပြန်အလှန် မြင်နေကြလျှင်သော်လည်းကောင်း၊ ဤယုဂ်ကို ရသည်။
ဇာတာရှင်တွင် အိမ်ထောင်ဆက်များလိမ့်မည် ဟုဆိုသည်။

စတုချ ချက္ကရ ယောဂ
မည်သည့် ဂြိုဟ်ကမျှ စရ ရာသီများတွင် ရပ်တည်ထားခြင်း မရှိပါက ဤယောဂကို ရသည်။ (သမ္ဗု ဟောရ ပရကသျှ ကျမ်း)
ဤယောဂကို ရခြင်းဖြင့် ဇာတာရှင်သည် ဘုန်းတန်ခိုး အင်အား ကြီးမားခြင်း၊ ပညာမျိုးစုံ တတ်မြောက်ခြင်း၊ အသက်ရှည်ခြင်း နှင့် အစွမ်းပြနိုင်ခြင်းများ ရှိမည် ဟု ဆိုထားသည်။

ရာဇ သမ္ဗန္ဓ ယောဂ
လဂ်မှ နေ၍ ၁၀-တန့် သခင်သည် အတ္တမာ ကာရက သခင် နှင့် ပူးခြင်း၊ မြင်ခြင်း ရှိလျှင်သော်လည်းကောင်း၊ အတ္တမာ ကာရက ကိုယ်တိုင် နှင့် ပူးခြင်း၊ မြင်ခြင်း ရှိနေလျှင်သော်လည်းကောင်း ဤယောဂကို ရသည်။ (ဗြို.ဟဇ် ပရသျှရ ဟောရ သျှတ္တရ ကျမ်း ၄၂၊၁)
ဤဇာတာရှင်သည် မင်းအတိုင်ပင် အဆင့်သို့ ရောက်ရှိမည်ဟု ဆိုထားသည်။

ဂြိုဟ်ပူး ယောဂ များ နှင့် ဂျင်ဂစ်ခန် 
(ဂြိုဟ်ပူးယောဂများ - အလွန်များပြားသောကြောင့်- နောက်ဆောင်းပါးတွင် ဆက်လက် ဖတ်ရှုကြပါရန်။)

အားလုံး ချမ်းမြေ့ပါစေ…
နျူမာန် (မိုးတား)

[+/-] show/hide this post

Friday, May 24, 2013

ကမ္ဘာမြေကို သွေးအများဆုံး စွန်းစေခဲ့သူ- မွန်ဂို ဧကရာဇ်- ဂျင်ဂစ်ခန် နှင့် နက္ခတ် ပညာ..(၁)


အချိန်သည်ကား-
မွန်ဂို ကုန်းမြေမြင့် တောင်တန်း တွင် နေထိုင်သူများ အဘို့- အေးမြသော ဆောင်းဒဏ်ကို အရိုးခိုက်အောင် ခံစားကြရသည့်- စက်တင်ဘာလ ကာလ ည တစ်ည ဖြစ်တော့၏။
ဖြစ်ချင်တော့- အစွန်းရောက် သော မွန်ဂို ရာသီဥတု၏ အရိုးခိုက်အောင် အေးမြသည့် ဆောင်းလေ တစ်သုန်သုန် တိုက်နေသည် သာ မက - ယနေ့ည အဘို့မှာမူ- လမင်း၏ ချမ်းမြေ့သော လွှမ်းမိုးမှု အလင်းရောင် ကိုပါ မြင်တွေ့ခွင့်မရသည့် လကွယ်နေ့ညလည်း ဖြစ်ပြန်၏။

တစ်နည်းအားဖြင့်- ဆောင်းကာလ လကွယ်ည၏ သန်းခေါင် မတိုင်မီ လေး-

မိုးတိမ်များ ကင်းစင်သော မွန်ဂိုတောင်တန်းများ တွင် လရောင်၏ လွှမ်းမိုးမှု ကင်းမဲ့ ပျောက်ဆုံးနေခြင်းကြောင့်- အခြားသော ကြယ်၊ နက္ခတ် တာရာများကို အခြားခြား သော နေ့များနှင့် များစွာ ပိုသာလျှက်-ယနေ့ည တွင် မြင်တွေ့ရသည် ဟုဆိုနိုင်တော့၏။

အထက်ပါ- ကြယ်၊ နက္ခတ် တာရာတို့တွင်- လုံးဝ မပါဝင်ပဲ ကောင်းကင်ယံတွင် ထူးခြားစွာ ပျောက်ဆုံး နေသည် များက- တော့ .. တနင်္ဂနွေ မှ- စနေ အဆုံး ဂြိုဟ် ၇-လုံးတို့ ပင် ဖြစ်ကြ၏။

နေမင်း၊ လမင်း၊ ဆိုသော တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ ဆိုသော- နေ့ ၇-နေ့ ကို အစိုးရသော ဂြိုဟ်မင်း ၇-နှစ်လုံး တို့သည် မိုးကုတ် စက်ဝိုင်းအောက်တွင် ရောက်နေသဖြင့်- ယခု အခိုက်တွင် မမြင်ရနိုင်။ တိုက်ဆိုင်လွန်းသည်က- ထို ၇-လုံးသော ဂြိုဟ် အားလုံးတို့သည် ယခု ကာလတွင် မိုးကုတ်စက်ဝိုင်း အောက်ဘက် ရောက်နေသော ကန်ရာသီတွင် တည်လျှက်- တိတိ ကျကျ အားဖြင့် ဆိုရပြန်သော်- အင်္ဂါနှင့် ဗုဒ္ဓဟူးတို့သည် ကန်ရာသီ စိတြ နက္ခတ်၊ ကျန်ဂြိုဟ် ၅-လုံးတို့သည်- ကန် ရာသီ- ဟဿတ နက္ခတ် တို့တွင် တစ်ပြိုင်နက် တည်ရှိနေခိုက်-

တစ်နည်းအားဖြင့်- ဆိုပြန်လျှင်လည်း-
ထိုဂြိုဟ်တို့သည်- အံသာများ အလွန်နီးစပ်စွာ ပူးကပ်နေခြင်းကြောင့်- ဂြိုဟ်များ အချင်းချင်း အားပြိုင် စစ်ထိုးနေသည်ဟု ခေါ်တတ်ကြသော- ဂြဟယုဒ္ဓ အချိန်-

ပုံမှန်အားဖြင့်- ဂြိုဟ် ၂-လုံး၊ ၃-လုံးမျှသာ အားပြိုင်ရတတ်သော်လည်း- ယခု - ယနေ့ တွင်တော့- ရှိရှိသမျှ သော ဂြိုဟ်များ အားလုံး လိုလို အားပြိုင် စစ်ထိုးနေကြချိန်။
လူသား ကလေးငယ် တစ်ယောက်- ကမ္ဘာမြေပြင်သို့ ရှင်သန် ရောက်ရှိခဲ့၏။

ထပ်မံ၍- ထူးခြားသည်ကလည်း-
မွေးဖွားလာသော ကလေးငယ်သည်- ရဲရဲနီသော သွေးခဲ တစ်ခုကို လက်တွင် ဆုပ်ကိုင်လျှက်- မိခင်၏ ၀မ်းဗိုက်မှ သည် ပြင်ပ လောက ဆီသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။

ထပ်မံ၍- ဆိုရပြန်လျှင်လည်း-
ထိုနေ့သည်ကား-

  • ပုံမှန် လကွယ်ညမျိုး မဟုတ်-
  • နေကြတ်သော- နေ့၏ လကွယ်ည. 

နေတစ်ခုတည်း ကြတ် သည်မဟုတ်- များစွာသော ဂြိုဟ်တို့သည်- လောင်ဂျီတွဒ် မျှသာ မက- Declination ခေါ် လတ္တီတွဒ်အားဖြင့်လည်း- ကမ္ဘာနှင့် တစ်တန်းတည်း နီးနီး ကျရောက် နေခဲ့သဖြင့်- သာမာန် ဂြဟ ယုဒ္ဓ ခေါ် ပုံမှန် ဂြိုဟ်စစ်ထိုးချင်းမျိုး မဟုတ်ပဲ- အထူး ဂြဟ ယုဒ္ဓ ဟုပင် ခေါ်တွင် ရမည် ဖြစ်၏။
(Alignment for Conjuction and Opposition ဇယားဖြင့် ဖေါ်ပြထားသည်ကို လေ့လာနိုင်ပါသည်။)
တာတာ လူမျိုးစု - တစ်စု၏ ခေါင်းဆောင် တစ်ဦး ဖြစ်သော- “ယဆုခယ်” မှ မွေးလာသော ထိုကလေးငယ်ဟာ “တမူးဂျင်” ဟု အမည်ပေးခဲ့ကြ၏။

ထိုကလေးငယ် သည်- နောင် နှစ်ထောင်ပေါင်း များစွာ အထိ ကမ္ဘာပေါ်ရှိ လူမျိုး အားလုံးမှ- “ဂျင်ဂစ်ခန်” ဟု သိရှိသွားကြရသော-

  • တစ်နည်းအားဖြင့်- ထိုစဉ်ကာလ- က ကမ္ဘာ့လူဦးရေ၏ အပုံ ၂၀ ပုံ တစ်ပုံ- တစ်နည်းအားဖြင့် လူဦးရေ ၅ ရာခိုင်နှုန်း ခန့်ကို အသက်ပျောက်စေခဲ့သော- 
  • မဟာ အလက်ဇန္ဒား ဘုရင်၏ အင်ပိုင်ယာ၏ ၄-ဆ။
  • အနှစ် ၄၀၀ တည်ဆောက်ခဲ့ရသော ရောမ အင်ပိုင်ယာ၏ ၂-ဆ ကျယ်ပြန့်သော အင်ပိုင်ယာ ကို အနှစ် ၂၀ ကျော်အတွင်း တည်ဆောက်ခဲ့သည့်-

မွန်ဂို စစ်ဘုရင်ကြီး ဖြစ်လာမည် ဟု မွန်ဂို မိသားစုဝင်များက ထိုအချိန်က မသိရှိခဲ့ရ..

သို့သော်-
အချို့သော- ကောင်းကင် နက္ခတ် ပညာကို တတ်ကျွမ်း နားလည်ကြသော- အာရပ်၊ စပိန်၊ ဂရိ၊ ရောမ နှင့် စစ္စလီ နက္ခတ်ပညာ ရှင် အချို့တို့သည်- ကမ္ဘာပေါ်တွင် ကြီးမားသော အန္တရာယ် မုန်တိုင်းကြီး တစ်ရပ် ကျရောက်မည်။ ထိုကာလသည်- ဂြိုဟ်များ အားလုံး- တူရာသီ အနီး အနားတွင် တစ်ပြိုင်နက် စုစည်းတည်နေသော ကာလပိုင်း ဖြစ်မည်ဟု ဟောပြော ခဲ့ကြ၏။

ပါရှန်း လူမျိုး နက္ခတ်ပညာရှင်- Al'hakim သည်- ယေရှု ခရစ်တော် ဖွားမြင် မည့် အကြောင်း၊ တမန်တော် မိုဟာမက် ပေါ်ပေါက်မည့် အကြောင်းများကိုလည်း- နှစ်ပေါင်း များစွာကပင် ကြိုတင် ဟောပြောခဲ့သွားဘူးသေး၏။

ဂျင်ဂစ်ခန် နှင့် ပါးရှန်း ဘုရင်။
အကယ်၍- သင်သည် အီရန် နိုင်ငံသား တစ်ဦး - ယခင် အခေါ် အားဖြင့် ပါးရှန်း နိုင်ငံသား တစ်ဦး နှင့် စကားစမည် ပြောဖြစ်မည် ဆိုပါအံ့..

ယခုခေတ် အခေါ် အီရန်၊ တစ်ချိန်က ပါးရှန်း နိုင်ငံတော်အား- 
ရက်ရက်စက်စက် ချေမှုန်းခဲ့ရာတွင်-
လူပေါင်း သိန်းနှင့် ချီ၍ သတ်ဖြတ်ခဲ့ရာတွင်- အရှင်လတ်လတ် မျက်လုံး ဖေါက်ထုတ်၊ ခေါင်းဖြတ်ပြီးနောက်- ဦးခေါင်းမဲ့ ကိုယ်ခန္ဓာများကို သံချွန်ကြီးများပေါ်တွင် တန်းလန်း တစို့ ထိုးလျှက်- အများအား ကြောက်လန့် စေမှု ကို ဖြစ်စေခဲ့သော- ဂျင်ဂစ်ခန် ၏ အကြောင်းများကို ကြားရ နိုင်ပါလိမ့်မည်။

ပါရှန်းပြည်အား- တိုက်ခိုက် ချေမှုန်းရာတွင်- ကိုလိုနီ ဒေသ ကျူးကျော် လိုခြင်းထက်- ရန်ကြွေး တုန့်ပြန်ခြင်းက အဓိက အကြောင်း ဖြစ်သည်ဟု ဆိုနိုင်၏။

သက္ကရာဇ် ၁၂၁၈-ခုနှစ်တွင် တရုပ်ပြည် မြောက်ပိုင်းကို အောင်နိုင်ခဲ့သော ဂျင်ဂစ်ခန် သည်- ပါးရှန်း နန်းဆက် ဖြစ်သော ခ၀ါ ရစ်ဇမစ် နန်းဆက်၏ ဘုရင်- ရှား အလာ အဒ္ဒင် မုဟမ္မဒ် ထံသို့ - ကုန်သွယ်ရေး တမာန်များ ပို့လွှတ်ခဲ့၏။ 

ထိုစဉ်က- ယခု အီရန် နိုင်ငံ၊ ဥဇဘက် ကစ္စတန် နိုင်ငံ၊ တာ့်က်မန်စ္စတမ် နိုင်ငံများကို လွှမ်းမိုး အုပ်စိုးနေသော ရှားဘုရင် သည်- ကုန်သွယ်ရေး တမာန်များ အား သူလျှိုဟု မသင်္ကာဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူအား သေဒဏ်ပေး၍- အခြားသော ကုန်သည်များအား မုတ်ဆိပ်ရိတ်ပြီး- မွန်ဂို ဒေသသို့ ပြည်နှင်ဒဏ်ပေး ပြန်ပို့လိုက်၏။
မိမိ၏ ရန်ကြွေး၊ မိမိ၏ အတ္တမာနကို ထိပါးသော အရှက်ကျွေး၊ မိမိအား တစ်ပါးသူက ပြုခဲ့ဘူးသော ကျေးဇူးကြွေး တို့ကို - တုန့်ပြန်ရမှ ကျေနပ်တတ်သော ဂျင်ဂစ်ခန် သည် ပါရှား ပြည်သို့ အလုံးအရင်း နှင့် ၀င်ရောက် ထိုးဖေါက်လာတော့၏။

သက်ဆိုင်ရာ မြို့များသို့ ရောက်လာပါက- အညံ့ခံမလား- စစ်ယှဉ် မလား ဟု ရာဇသံ ပေးလျှက်- အညံ့ခံမည် ဆိုလျှင်- အသက် ချမ်းသာပေး၍- အညံ့မခံ သော မြို့များတွင်မူ- ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး မကျန် ရက်ရက်စက်စက် သတ်ပစ် ခဲ့၏။ သို့ရာတွင်- သူ၏ ကတိတည်ကြောင်း ကိုတော့- အညံ့ခံခဲ့သော ယာ့ဇ်တ် နှင့် ရှီရက်ဇ် မြို့များကို ချမ်းသာပေးခဲ့ခြင်းက သက်သေခံခဲ့၏။

ယခု အီရတ်နိုင်ငံ- ဘဂ္ဂဒက် မြို့၏ ခေါင်းဆောင် ဖြစ်သူ-က ပါရှားပြည်၏ ရှားဘုရင် အား- ယခင်ကပင် မသင့်မြတ်သူ ဖြစ်သဖြင့်- မွန်ဂိုတို့ဖြင့်- မဟာမိတ် ပြုရန် ကြိုးစား၏။ သူကြိုးစားပုံမှာ- ခရူးဆိတ် စစ်ပွဲကြီး အတွင်းက ဖမ်းဆီး ရမိထားသော ခရစ်ယာန် ဘာသာရေး တပ်သား သုံ့ပန်း များအား- ဂျင်ဂစ်ခန် ထံသို့ လက်ဆောင် ပဏ္ဏာပြု မိတ်ဖွဲ့ခြင်း ဖြစ်၏။ မိမိတွင် ကြီးမားသော စစ်အင်အားရှိထားပြီး- အခြား လူပို မလိုသော ဂျင်ဂစ်ခန် အနေဖြင့်- သုံ့ပန်း စစ်သည်များအား အလိုမရှိသောကြောင့်- ၄င်းတို့အား သက်ဆိုင်ရာ ဥရောပ နိုင်ငံများသို့ ပြန်ပို့ပေးလိုက်၏။

ပါးရှန်းတို့၏ ခ၀ါ ရစ်ဇမစ် နန်းဆက်ကြီးအား ဖျက်ဆီးပစ်ရန်မှာ - ဂျင်ဂစ်ခန် အတွက် ၂-နှစ် မျှပင် မကြာလိုက်။
ထို့နောက်တွင်တော့- ဂျော်ဂျီယာ၊ ကရိုင်းမီးယား၊ ဘူလ်ဂေးရီးယား၊ အိန္ဒိယ နှင့် တရုပ်ပြည် တစ်နိုင်ငံလုံး မွန်ဂိုလက်အောက် ရောက်သွားပြီး- ဂျင်ဂစ်ခန်၏ အင်ပိုင်ရာသည်- တရုပ်ပြည်မှသည် Black Sea ခေါ် ပင်လယ်နက် ဒေသ အထိ ခြေဆန့် ခဲ့တော့၏။

ဂျစ်ဂစ်ခန်၏ မွန်ဂိုတပ်ကြီးသည်- သဲကန္တာရတွင် အပင်များ စိုက်ပျိုး နိုင်ရန် လုပ်ဆောင် ထားသော ပါးရှားတို့၏ အင်မတန် အဆင့်မြင့်သည့်- မြေအောက် ရေပေး စိုက်ပျိုးရေး စနစ်ကြီးပါ- တစ်ပါတည်း ဖျက်ဆီးသွားခဲ့ သဖြင့်- ငတ်မွတ် ခေါင်းပါးသော ဒုဗ္ဘိကန္တာရ ကပ်ကြီးကိုပါ- နောင် နှစ် ၁၀၀ လောက် အထိ- ပါးရှား နိုင်ငံတွင် ဖြစ်သွား စေခဲ့၏။

မွန်ဂိုတပ်၏ သတ်ဖြတ်မှုကြောင့် လည်းကောင်း- ငတ်မွတ်ခေါင်းပါးမှု ကြီးကြောင့် လည်းကောင်း- ပါးရှား လူဦးရေ ၂-သန်းခွဲ ခန့်မှ သည် ၂-သိန်းခွဲ အထိ လျော့ကျသွားခဲ့ရသည် ဆို၏။

ပါးရှားပြည်အား ဖျက်ဆီးချေမှုန်းခဲ့ရာတွင်- ရာဇ၀င် တွင်ကျန်ရစ်ခဲ့သည့် ဂျင်ဂစ်ခန်၏ စကားမှာမူ-
“I am the Scourge of God! If you had not committed great sins, God would not have sent a punishment like me among you.”“ငါသည်ကား- ဘုရားသခင်မှ ဆုံးမရန် စေလွှတ်လိုက်သူ ဖြစ်၏။ သင်တို့တွင် မကောင်းမှု များ ကြီးကျယ်စွာ မလုပ်ထားပါက- ဘုရားသခင်သည်- ငါကဲ့သို့ ဆုံးမ မည့်သူကို သင်တို့ထံ လွှတ်လိုက်မည် မဟုတ်.. ”
ဟု ပင် ဖြစ်တော့၏။
(ဓါတ်ပုံများကို https://ridgeaphistory.wikispaces.com/Genghis+Khan မှ ယူထားပါသည်။ Credit to https://ridgeaphistory.wikispaces.com/Genghis+Khan)




ဂျင်ဂစ်ခန် ၏ နောက်ဆုံး ခရီး။ 
ပါးရှားပြည်ကြီးအား ဖျက်ဆီးခဲ့ပြီး- ၁၀ နှစ် မကြာခင်မှာပင်- ဂျင်ဂစ်ခန် သေဆုံး ခဲ့ရ၏။
သေဆုံးပုံကို ပြောကြပုံ အမျိုးမျိုးရှိရာတွင်- မှတ်တမ်းများ အနေဖြင့်-

  • မြင်းပေါ်မှ လိမ့်ကျသော ဒဏ်ကြောင့် တစ်ဖြေးချင်း သေဆုံးရသည် ဟူ၍ လည်းကောင်း-
  • အဆုတ် အအေးမိသော ရောဂါကြောင့် ဖြစ်သည် ဟူ၍ လည်းကောင်း၊
  • သူဖမ်းထားသော တရုပ်မင်းသမီးတစ်ပါးက- သူမ၏ အင်္ကျီတွင်း ၀ှက်ယူလာသော ဓါးမြှောင်ဖြင့်- ဂျင်ဂစ်ခန်၏ ငယ်ပါအား လှီးဖြတ် ပစ်လိုက်သဖြင့် ဟူ၍ လည်းကောင်း..

ဟူ၍ အမျိုးမျိုး ကွဲလွဲနေကြ၏။

ဂျင်ဂစ်ခန် ၏ ဇာတာ အား နက္ခတ်ပညာ ရှုထောင့်မှ လေ့လာခြင်း။ 


ဆရာကြီး ဘီဗွီ ရာမာန် သည်- သူ၏ ထင်ရှားသော စာအုပ် တစ်အုပ် ဖြစ်သည့်- “Notable Horoscope” စာအုပ်တွင် ဂျင်ဂစ်ခန်၏ ဇာတာ အကြောင်း လေ့လာခဲ့သည်။

သမိုင်းမှတ်တမ်း များအရ- ကွဲလွဲမှုများ ရှိနေသောကြောင့်- မိုးတား အမြင် ဖြင့် တွက်ယူ ထားသော ရက်စွဲ နှင့် ဆရာကြီး ဘီဗွီ ရာမာန် အသုံးပြုသော ရက်စွဲ - မွေးချိန်မှာ ကွာခြားမှု ရှိသော်လည်း- ၄င်း၏ စာအုပ်တွင်လည်း-ဆရာကြီးသည်- ဇာတာရှင်အား ကရကဋ် လဂ်ဟူပင် ယူဆ ထားခြင်း ဖြစ်၏။

မိုးတားမှ အသုံးပြုသော မွေးနေ့မှာ- ယခုခေတ်သုံး ဂရီဂိုရီယမ် ပြက္ခဒိန် အားဖြင့်- ၁၁၈၆-ခုနှစ် စက်တင်ဘာလ- ၂၁-ရက်၊ တစ်နည်းအားဖြင့် ဆိုသော ဂျူလီယန် ပြက္ခဒိန် အားဖြင့် စက်တင်ဘာလ- ၁၄-ရက်၊ တနင်္ဂနွေ ဖြစ်ပြီး- ဆရာကြီး ရာမာန် အနေဖြင့်- ၁၁၈၆-ခုနှစ် စက်တင်ဘာလ- ၁၆။ ၁၅-ရက် နံနက် ၁း၃၀ ဟု ယူဆပါသည်။
နက္ခတ်ပညာ သုတေသီများ အတွက် အဓိက လမ်းညွှန်မှု များ၊ အချက်အလက်များ စုဆောင်း မျှဝေသည့် http://www.astro.com/astro-databank/Khan,_Genghis ဆိုက်မှလည်း- ဂျူလီယန် ပြက္ခဒိန် အားဖြင့် စက်တင်ဘာလ- ၁၄-ရက်၊ ည ၁၁း၅၀ ဟု ပြဆိုထားပါသည်။

မိုးတား အနေဖြင့်မူ ဇာတာရှင်၏ ဖြစ်ရပ်များ နှင့် ညှိနှိုင်းပြီး- ည ၁၁း၅၀ အစား- ည ၁၁း၅၈- (သန်းခေါင်မတိုင်မီ ၂-မိနစ်) အနေဖြင့် ပြန်လည် ညှိယူပါသည်။

ဂျင်ဂစ်ခန် နှင့် ကာလသပ္ပယောဂ။
ပြီးခဲ့သော ဆောင်းပါးများစွာတို့တွင်- အိန္ဒိယ ဗေဒင်ဆရာများ၏ ခြောက်လှန့် နေကျ ယုဂ် တစ်ခု ဖြစ်သည့်- ကာလသပ္ပ ယောဂ အကြောင်း နှင့် - မကောင်းပါဘူး၊ အင်မတန် ဆိုးပါသည် ဆိုသော်လည်း - လူဘောင် လောက တွင် အထွဋ်အထပ် အောင်မြင်မှုရရှိသည့် ဇာတာရှင် တို့ အကြောင်းကို ရေးခဲ့ပြီး ဖြစ်၏။ 

ထိုအခါ- စာဖတ်သူတို့ အနေဖြင့်- ကာလသပ္ပယောဂ ရလျှင်- အထွဋ်အထိပ် ကောာင်းနိုင်မည် ဟု လည်း အလွဲ နားလည် သွားမည်ကိုလည်း စိုးရိမ် မိ၏။

မိုးတား အနေဖြင့်- ကာလ သပ္ပယောဂ ကို လုံးဝ လက်မခံပါ။ အဘယ့်ကြောင့် ဆိုသော် မည်သည့် ရှေးနက္ခတ် ပညာရှင် ကြီးများကမှ အသုံး မပြုခဲ့ပဲ- မပြောခဲ့ပဲလျှက် နောက်မှ ပေါ်လာသော- တီထွင်ထားသည့် ယောဂ ဖြစ်သောကြောင့် ပင် ဖြစ်၏။

မည်သို့ ဆိုစေ- ဂျင်ဂစ်ခန်၏ ဇာတာကို လေ့လာမည် ဆိုပါက- မြင်လွယ်သော- ကာလသပ္ပယောဂ ကိုလည်း ကြည့်နိုင်ပါသေး၏။

ကာလသပ္ပယောဂ ကိုပင်- ကာလသပ္ပယောဂ နှင့် ကာလ အမြိတ္တ ဟူ၍- ၂-မျိုးခွဲ လေ့လာပါကလည်း- ဂျင်ဂစ်ခန်၏ ဇာတာသည် ကာလသပ္ပယောဂ အမျိုးအစားတွင်ပင် ပါ၏။



တနည်း အားဖြင့် ၄င်းသည် ပုံ (၁) အတိုင်း ရာဟု နှင့် ကိတ် ကြားတွင် ဂြိုဟ်များ တည်ခြင်း ဖြစ်၍- “ဥဓိ ဂေါလရဒ္ဓ” ဟု လည်းကောင်း၊ “ဂါရသစ္စ ယောဂ” ဟု၍လည်းကောင်း ခေါ်သော အမျိုးအစား ဖြစ်၏။
တစ်ဖန်- လဂ် ၏ တည်နေရာ အလိုက်အားဖြင့် လည်း- ပုံ (၁) အနေအထား တွင် ကိတ် ခေါ် မြွေအမြီး သည် လဂ်မှ ၆-တန့် အတွင်းတွင် တည်နေပါက- ၄င်းအား “၀ိလောမ ကာလသပ္ပ ယောဂ” ဟု ခေါ်ပြီး- ၄င်းသည် အလွန်ဆိုးသော အကျိုးပေးသည်ဟု ဆိုကြပြန်သည်။

အိန္ဒိယ ဆရာတို့၏ အဆိုအရ- “ကာလသပ္ပ ယောဂ” ရှိသူသည်-

  • အသက် ၃၅-နှစ် (အသေးစိတ်ကို ဆက်ကြည့်ပါ။) အရွယ် အထိ ကောင်းသော အကျိုးပေးခွင့် မရ။ 
  • စိတ်အနားမရ၊ အဆိုးမြင် ဘ၀ နှင့် ဘ၀တွင် မတည်ညိမ်မှုများ ရပြီး- မကြာခဏ မြွေနှင့် ပတ်သက်သော အိပ်မက်များ မက်တတ် သည် ဆို၏။ 
  • ချစ်ခင် သူများ၏ လိမ်လည် လှည့်ဖျားခြင်းကို ခံရတတ်သည် ဆို၏။
  • အထူးသဖြင့် ရာဟု နှင့် ကိတ် ဒဿာ ကာလများတွင်- စိတ်ဒုက္ခများ ကြီးကျယ် စွာ ခံစားရမည်။ မကောင်းသော အရာများတွင် စွဲလမ်း တတ်ပြီး၊ ဘ၀၏ တစ်ဝက် လုံးလုံး ဒုက္ခ သုက္ခ နှင့် ရင်ဆိုင်ရမည် ဆို၏။
  • ရာဟုသည် ၁၀-တန့်၊ ကိတ်- ၄-တန့် တွင်တည် ၍ အခြားဂြိုဟ် ၇-လုံးတို့သည် ထိုဝင်ရိုး၏ တစ်ခြမ်းတည်းတွင်သာ တည်လျှင်- “ဂတက္က ကာလ သပ္ပ ယောဂ” ဟု ခေါ်ပြီး- အမှုအခင်းများ နှင့် ဘ၀တွင် ရင်ဆိုင်ရမည်။ တရားဥပဒေ ၏ ပြစ်ဒဏ်ပေးခြင်း ခံရမည်။ သို့သော်- ကန်လဂ် နှင့် သိဟ် လဂ် ပိုင်ရှင်များ အတွက်မူ အကျိုးပေးသော အချိန်တွင်- နိုင်ငံရေး သြဇာ အာဏာ ရမည် ဆို၏။


ဂျင်ဂစ်ခန်၏ ဘ၀ တွင် ဆိုးဝါးမှုများ၊ အတိဒုက္ခရောက်မှုများ- များစွာ ရှိခဲ့၏။ 
ဤသည်မှာ လည်း အခြားခြားသော အကြောင်းများစွာ ကြောင့် ဖြစ်၏။ 
သူသည် ကြီးမားသော အောင်မြင်မှုများ၏ ပိုင်ရှင်ဖြစ်၏။ အားလုံးသော လူတို့သည် သူ၏ အမည်ကြားသည် နှင့် ကြောက်လန့် တကြား ဖြစ်ကြ၏။ ဤသည်မှာလည်း အခြားခြားသော အကြောင်းများကြောင့် ဖြစ်၏။ 
ထိုထို အကြောင်းများကို သူ၏ ဘ၀ နှင့် ယှဉ်တွဲ၍- ဆက်လက် ဖေါ်ပြပေးပါမည်။

အားလုံး ချမ်းမြေ့ပါစေ…
နျူမာန် (မိုးတား)

[+/-] show/hide this post

Monday, April 8, 2013

ကာလသပ္ပ ယောဂ (၅) မာဂရက် သက်ချာ- (သို့မဟုတ်) ကုန်စုံဆိုင် ပိုင်ရှင်သမီးမှ- ကမ္ဘာ့ခေါင်းဆောင်


သူ့ခေတ် သူ့အခါတွင် စွမ်းအား အကောင်းဆုံးသူဟု- ထင်ရှားသော- အမျိုးသမီး တစ်ဦးတွင်- ဗေဒင် ဆရာ အများစုက - ဤဇာတာရှင် ပိုင်ရှင်အား ကံဆိုးမိုးမှောင် ကြစေသည်ဟု မကောင်းပြောတတ်ကြသဖြင့်- လူအများစု ကြောက်လန့်ကြသော ကာလသပ္ပယောဂ ထင်ရှားစွာ ပါနေသည် ဆိုလျှင် မည်သို့ ပြောကြပါမည်နည်း။
ဤဇာတာရှင်သည်ကား- မကြာမီ နာရီ အနည်းငယ် ခန့်က ဆုံးပါးသွားခဲ့သည့် ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း- ဗြိတိန် နိုင်ငံ သမိုင်းတွင် သက်တမ်း အကြာဆုံး အုပ်ချုပ်သွားနိုင်သူ- ကမ္ဘာတွင် အထင်ရှားဆုံး၊ တန်ခိုး အထွားဆုံး ဖြစ်ခဲ့သူ မာဂရက် သက်ချာပင် ဖြစ်တော့၏။

လူအများစု ကြောက်လန့်ကြသော ကာလသပ္ပယောဂ နှင့် ပတ်သက်၍- ပြီးသော ၂၀၁၂-စက်တင်ဘာလမှ စ၍- ကာလသပ္ပယောဂ ဆိုင်ရာ ပထမဆုံး ဆောင်းပါး- မှ စတင်ပြီး- ကာလသပ္ပယောဂ ရသော်လည်း- ကမ္ဘာကျော် အောင်မြင် ထင်ရှားခဲ့ သူတို့၏ ဇာတာများကို လက်တွေ့ ဝေဘန် သုံးသပ်ပြခဲ့၏။

ထိုသို့ ဝေဘန် သုံးသပ်ပြသ ရာတွင်- များစွာသော စာအုပ်များတွင် ဖေါ်ပြတတ်သော- အချိန်မပါ- နေရာမပါ၊ လဂ် အံသာ မပါ- လင်မြွေကိုက်၍ မုဆိုးမ ဖြစ်ရသော ဇာတာ စသော- ခိုင်မာမှု နှင့် ပတ်သက်၍ အငြင်းပွားဘွယ် ဇာတာမျိုး ၊ ဤဇာတာရှင် တကယ်ရှိမရှိ မည်သူမျှ မသိသော ဇာတာမျိုး မဟုတ်ပဲ- ဇာတာရှင် လည်း လက်ရှိ လူ့သမိုင်းတွင် အမှန်တကယ်ရှိ- ဖေါ်ပြသော ဖြစ်ရပ် တစ်ခုတည်း ကိုသာ ကွက် ရေးခြင်းမျိုး မဟုတ်ပဲ- ဇာတာရှင်၏ စိတ်ဓါတ်၊ စရိုက်မှ စ၍- သူ၏ ဘ၀ အနေအထား စသဖြင့် ဘက်စုံ ထောင့်စုံ မှ ဝေဘန် သုံးသပ် ပြခဲ့သော်လည်း- အချို့သူများ အနေဖြင့် လက်ခံရန် ခက်ခဲနေကြောင်း သိရှိရ၍- အငြင်းမပွား လိုသောကြောင့်လည်း- ဤဆောင်းပါးများကို ရပ်တန့် ခဲ့ပါသည်။

သို့သော်လည်း- ယနေ့ သတင်းတွင် ထိုသံမဏိ အမျိုးသမီးကြီး ဆုံးပါးသွားပြီ ဆိုသည်ကို သိလိုက်ရသဖြင့် - နက္ခတ် ဗေဒင် ပညာကို မှန်ကန်စွာ လေ့လာ လိုသူတို့တွင် အကျိုး တစ်စုံတစ်ရာ ရနိုင်မည်ကို ရည်ညွှန်း၍ ယခု ဆောင်းပါးကို ရေးလိုက်ရခြင်းလည်း ဖြစ်ပါသည်။

သံမဏိ အမျိုးသမီး၏ ဘ၀ အစ…
မာဂရက် သက်ချာအား- ၁၉၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃-ရက်နေ့တွင်- လင်ကွန်းရှိုင်းယား ဒေသ- ဂရမ်သမ် မြို့ငယ်လေးတွင် မွေးဖွားခဲ့၏။ မြို့ငယ်လေးဟု ဆိုရခြင်းမှာ ၂၀၀၁-ခုနှစ် သန်းခေါင်စာရင်း အရ- လူဦးရေ ၃-သောင်း ၄ ထောင်မျှသာ နေသော ဈေးမြို့လေး ဖြစ်၏။ 

ဖခင် ဖြစ်သူက-သာမာန် ကုန်ခြောက်ဆိုင် ပိုင်ရှင်မျှသာ ဖြစ်၏။ 
သူမ အနေဖြင့်- ငယ်စဉ်က- 
- စန္ဒယား တီးခြင်း၊
- ဟောကီ ကစားခြင်း၊ 
- ကဗျာ ရွတ်ဆိုခြင်း၊
- ရေကူးခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ပြီး- နောက်ပိုင်းတွင်- အောက်စဖို့ဒ် တက္ကသိုလ်- ဆိုမားဗေးလ် ကောလိပ်တွင် ဓာတု ဗေဒ ဆိုင်ရာ ပညာတော်သင် ဆု ရခဲ့၏။ အမှန်အားဖြင့် ဦးစွာ အပယ်ခံခဲ့ရပြီးမှ - အခြားတစ်ယောက်မှ ဆက်လက် မတက်ဖြစ် သဖြင့်- သူမ အနေဖြင့်- ရရှိခဲ့ခြင်း ဖြစ်၏။'

- အောက်စဖို့ဒ် တွင် ၁၉၄၃ မှ ၁၉၄၇ အထိ ပညာသင်ကြားခဲ့ပြီး- ဘီအက်စီ (ဓါတု) ဘွဲကို - ဓါတ်မှန် အထူးပြုဖြင့် ရရှိခဲ့၏။
- ၁၉၅၁-တွင် သူမ၏ အိမ်ထောင်ဘက် ဖြစ်လာမည့်- ဒင်းနစ် သက်ချာ နှင့် ဆုံဖြစ်ခဲ့ပြီး - ၁၉၅၁-ခုနှစ် ဒီဇင်ဘာတွင် လက်ထပ် ဖြစ်ခဲ့၏။ သားနှင့် သမီး အမွှာကို မွေးဖွားခဲ့၏။ ၁၉၅၅ အထွေထွေ ရွေးကောက် ပွဲသို့ မိခင် ဖြစ်ကာစ မာဂရက် သက်ချာ အနေဖြင့် မပါဝင် ဖြစ်ခဲ့လိုက်နိုင်။
- သို့သော်လည်း- နောက်သော အခါ 4 May 1979 – 28 November 1990 အထိ သက်တမ်း အရှည်ဆုံးသော ၀န်ကြီးချုပ် အဖြစ်- ကမ္ဘာတွင် ထင်ရှားခဲ့တော့၏။

ကာလသပ္ပယောဂ နှင့် မာဂရက် သက်ချာ။ …

ဝန်ကြီးချုပ်ဟောင်း မာဂရက် ၏ ဇာတာတွင်- ဂြိုဟ်အားလုံးသာမက- လဂ်ပါ အပါအ၀င်- ရာဟု နှင့် ကိတ် ကြားတွင် တည်နေခြင်းဖြင့်- ကာလသပ္ပယောဂ ခေါ် မြွှေကျိန်စာ ယုဂ် ကို ရထားတော့၏။

တစ်နည်း အားဖြင့် ဆိုသော်- ဥဓိ ဂေါလ ရဒ္ဓ၊ ဟူ၍ လည်းကောင်း၊ ဂါရ သစ္စ ယောဂ ဟူ၍ လည်းကောင်း ခေါ်တတ်ကြသည့် - ရာဟု နှင့် ကိတ်ကြား ဂြိုဟ်များ တည်နေသည့် ယောဂမျိုး ဖြစ်၏။ မြွှေ၏ ၀မ်းဗိုက် အတွင်း ဂြိုဟ်များ ရောက်နေသည်ဟု ဆိုသော အမျိုးအစား ဖြစ်၏။

ဆက်လက်၍လည်း- လဂ်မှ နေ၍ တည်ပုံအရ ခွဲခြမ်း လေ့လာပါက-
ကိတ်သည် လဂ်မှ နေ၍- ၄-တန့် တွင် တည်ခြင်းကြောင့်- (ကိတ်သည် လဂ်မှ ၆-တန့် အတွင်းတွင် တည်သော အမျိုးအစား- ဖြစ်သည့် ၀ိလောမ ကာလသပ္ပ ယောဂ ဖြစ်ပြီး- အလွန်ဆိုးသော အကျိုးပေးသည် ဟု ဆိုကြပြန်သေးသည်။ စာရှု သူသည် - ကာလသပ္ပ ယောဂ ကို လေ့လာဘူးလျှင် ထိုအကျိုးပေး တို့ကို သိနိုင်မည် ဖြစ်၏။)

တစ်ဖန်- ရာဟုသည် ၁၀-တန့်၊ ကိတ်သည့် ၄-တန့် တွင် တည်ခြင်းကြောင့်- ဂတက္က ကာလသပ္ပယောဂ ဖြစ်ပြီး- အမှုအခင်း များနှင့် ဘ၀တွင် ရင်ဆိုင်ရမည်၊ တရား ဥပဒေ၏ ပြစ်ဒဏ်ပေးခြင်း ခံရမည် ဟု ဆို၏။ သို့သော် ကန်လဂ် နှင့် သိဟ်လဂ် ပိုင်ရှင်ဆိုပါက- နိုင်ငံရေး သြဇာ အာဏာ ရမည် ဟု ဆိုသော်လည်း မာဂရက် သက်ချာသည် တူလဂ် ဖြစ်ခြင်းကြောင့်- ထိုကောင်းကျိုး ရနိုင်စရာ မရှိ။ (ကျွန်တော်၏ ပထမ ဆောင်းပါး http://www.motaa.info/2012/09/blog-post.html ကို ပြန်လည် ဖတ်ရှု နိုင်ပါသည်။)



မိုးတား စနစ် အနေဖြင့်မူ- ထိုသို့သော အယူအဆများကို လက်မခံပဲ- ပရာသျှရ ဆရာမြတ်၊ ၀ါဟရ မိဟိရ ဆရာမြတ်များ ညွှန်ပြခဲ့ရာ- ရှေးကျမ်းမူရင်း များ၏ သဘောကိုသာ အသုံးချ၍- လေ့လာ ဆန်းစစ်ပါသည်။ 


မူလ ဇာတာ တည်နေရာ နှင့် လွှမ်းမိုးမှု ဆန်းစစ်ချက် အနှစ်ချုပ်

ဇာတာရှင်သည် တူ လဂ်- သိဟ် စန်း ဖြစ်သည်။
၁၁-တန့် ဘာဝ သခင် ဖြစ်သော-တနင်္ဂနွေ ဂြိုဟ် သည် မိတ်ဖြစ်သော ကန် ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ ဘုန်းတန်ခိုး နှင့် ဆိုင်သော တနင်္ဂနွေ၊ လာဘ ဘာဝ သခင် တနင်္ဂနွေ အနေဖြင့် ဒုဌာန ဖြစ်သော ဗျာယ ဘာဝ တွင် ကျရောက်ခြင်း ဖြစ်သောကြောင့်- ဤအချက်မှာ ယေဘူယျ အားဖြင့်- မကောင်းဟု ပြောနိုင်သော အနေအထား ဖြစ်၏။ သို့သော်- ဖြစ်ရပ် တို့ကို တစ်နေရာတည်းမှ ထောင့်တစ်ထောင့် တည်းမှ ကြည့်၍ မရပဲ- ဘက်စုံ ထောင့်စုံမှ လေ့လာမှသာ အဖြေမှန် နှင့် နီးစပ်မည် ဖြစ်၏။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော စိတြ နက္ခတ် ကိုစီးနင်း ထား၏။ 

သို့သော်- ထို တနင်္ဂနွေ ပိုင်သော- ၁၁-တန့် ဘာဝ အလယ်မှတ် နေရာ- သိဟ် ၂၂း၂၈ အား ၃-တန့် သခင် ကြာသပတေးမှ ၉-တန့် အမြင် အတိအကျ နီးပါး ဖြင့်- လွှမ်းမိုး အားပေး လိုက်၏။ တစ်ဖန်- တနင်္ဂနွေသည် သူသွားတည်ရာ- ၁၂-တန့် ဘာဝ အား အလယ်မှတ် အား အတိုင်းအတာ တစ်ခု အထိ လွှမ်းထားခြင်းဖြင့်- ၁၂-တန့် ဘာဝ၏ အင်အားကို ထိန်းလိုက်ခြင်းဖြင့်- ၁၂-တန့် ဘာဝ ရော၊ ၄င်း တနင်္ဂနွေ ကိုယ်တိုင်ပါ- အင်အား ကောင်းသွားတော့၏။ မိုးတား အင်အား တွက်နည်းဖြင့် တွက်လိုက်သော အခါ- တနင်္ဂနွေသည် မူလ အင်အား အနေဖြင့် 148% ရှိကာ၊ ၁၂-တန့် သခင် ဖြစ်သော ဗုဒ္ဓဟူး၏ လွှမ်းမိုးမှု -68% ကိုတော့ ရထား၏။ တနင်္ဂနွေအား  ဂြိုဟ်ကောင်း အနေဖြင့် တိုက်ရိုက် လွှမ်းမိုးမှု မရှိ သဖြင့်- မိမိကိုယ်တိုင် အောင်မြင် မှုကို ပြုလုပ်ခဲ့ရကြောင်း ထင်ရှားတော့၏။


ဆက်လက်၍- တနင်္လာကို လေ့လာမည် ဆိုပါက-

၁၀-တန့် ဘာဝ သခင် ဖြစ်သော-တနင်္လာ ဂြိုဟ် သည် မိတ်ဖြစ်သော သိဟ် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ ဤသည်မှာ အလွန်ကောင်းသော အနေအထား ဖြစ်တော့၏။ န၀င်း စက် အားဖြင့် လဂ်သခင် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-ကိတ် ပိုင်သော မာဃ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 192% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ တနင်္လာသည် လည်း အလွန်အားကောင်း နေသည်ကို မြင်ကြရ၏။

သံမဏိ အမျိုးသမီး ဖြစ်စေခြင်း၏ အဓိက အကြောင်း တစ်ချက်သည်ကား- အင်္ဂါ-

၇-တန့် ဘာဝ သခင် ဖြစ်သော-အင်္ဂါ ဂြိုဟ် သည် ဥဒါသိမ် ဖြစ်သောကန် ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ ၄င်းကိုလည်း- ဒုဌာန တွင် တည်၍ အင်္ဂါ အားနည်းမည်ဟု အမှတ် တမဲ့ ပြောနိုင်သော်လည်း- န၀င်း စက် အားဖြင့် လဂ်သခင် သောကြာ ပိုင်သော ပြိဿ န၀င်း ဖြစ်ကာ-တနင်္လာ ပိုင်သော ဟဿတ နက္ခတ် ကိုစီးနင်း ထားသည်။ အင်္ဂါအား အဓိက အားကောင်း စေသည့် အချက်မှာ- အင်္ဂါ၏ မူလတြိဂေါဏ သခင် အဖြစ် ပိုင်ဆိုင်ရာ- ၇-တန့် ဘာဝ အလယ်မှတ် ဖြစ်သော မိဿ ၂၂း၂၈ အား- ၃-တန့် သခင် ကြာသပတေး မှ ၅-တန့် အမြင်ဖြင့် အတိအကျ နီးပါး၊ ၅-တန့် သခင် စနေမှ လည်း ၇-တန့် အမြင်ဖြင့် အတိအကျ နီးပါး လွှမ်းမိုးထားခြင်းက- အင်္ဂါအား မူလ အင်အား အနေဖြင့် 206% ရှိသွားစေတော့၏။ ထို့ပြင် အင်္ဂါအား ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ မိုးတား စနစ်တွင် စနေကို ဂြိုဟ်ဆိုးဟု ပုံသော ယူဆခြင်း မရှိသည်ကို သတိပြုပါလေ။

တစ်ဘက်တွင်-
၁၂-တန့် ဘာဝ သခင် ဖြစ်သော-ဗုဒ္ဓဟူး ဂြိုဟ် သည် မိတ်ဖြစ်သော တူ ရာသီ (၁၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-အင်္ဂါ ပိုင်သော စိတြ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 120% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။

သံမဏိ အမျိုးသမီး ဖြစ်စေခြင်း၏ အဓိက အကြောင်း တစ်ချက်သည်ကား- ၃-တန့် သခင် ကြာသပတေး ပင် ဖြစ်တော့၏။

၃-တန့် ဘာဝ သခင် ဖြစ်သော-ကြာသပတေး ဂြိုဟ် သည် သခင်၊-ဖြစ်သော ဓနု ရာသီ (၃-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် သောကြာ ပိုင်သော တူ န၀င်း ဖြစ်ကာ-သောကြာ ပိုင်သော ပြုဗ္ဗာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 489% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ဂရပ် ပုံတွင် ကြည့်လိုက်ပါက- ၃-တန့် သခင်၏ အင်အားသည် ကြောက်ခမ်း လိလိ အင်အား ကောင်းနေခြင်းကို တွေ့ကြရမည် ဖြစ်၏။

ကြာသပတေး အားကောင်းသွားရခြင်း၏ အကြောင်းရင်းများတွင်- မိမိအနေဖြင့်- မူလတြိဂေါဏ သခင် အဖြစ် ပိုင်သော ဓနုရာသီတွင် တည်ခြင်း၊ တည် ရာတွင်လည်း- ၄င်း၏ အလယ်မှတ် ကို စီးနင်းလျှက် တည်ခြင်း - ထို ၃-တန့် ဘာဝ အလယ်မှတ်အား- ၅-တန့်သခင် စနေကပါ အထောက်အကူပြုထားခြင်း တို့ကြောင့် ဖြစ်တော့၏။ စနေသည်- ထိုမျှသာမက- ကြာသပတေး ဂြိုဟ်အား ၃-တန့် အမြင်ဖြင့်ပါ လွှမ်းမိုး ထောက်ပံ့ပေးနေတော့၏။ တူရာသီ အတွက် စနေသည် ကာရက သောမဂြိုဟ် ဖြစ်သည်ကို သတိပြုပါချေ။

၁-တန့် (လဂ်) သခင် ဖြစ်သော-သောကြာ ဂြိုဟ် သည် - 
ဥဒါသိမ် ဖြစ်သောဗြိစ္ဆာ ရာသီ (၂-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-စနေ ပိုင်သော အနုရာဓ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 102% ရှိကာ၊ -99% ဂြိုဟ်ဆိုး လွှမ်းမိုးမှု ရှိသည်။  ဂြိုဟ်ကောင်းလွှမ်းမိုးမှု မရှိပါ။

၅-တန့် ဘာဝ သခင် ဖြစ်သော-စနေ ဂြိုဟ် သည် 
ဥုစ်၊မိတ်ဖြစ်သော တူ ရာသီ (၁-တန့် (လဂ်)) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် အင်္ဂါ ပိုင်သော မိဿ န၀င်း ဖြစ်ကာ-ကြာသပတေး ပိုင်သော ၀ိသာခါ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 145% ရှိကာ၊  ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။

ရာဟု ဂြိုဟ် သည် 
ကရကဋ် ရာသီ (၁၀-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ဗုဒ္ဓဟူး ပိုင်သော ကန် န၀င်း ဖြစ်ကာ-စနေ ပိုင်သော ဖုသျှ နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 161% ရှိကာ၊  ကိတ်မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။ ယေဘူယျ အားဖြင့် အင်အား အနှုတ် ဖြစ်နေတတ်သော ရာဟု အတွက်- အင်အား ကောင်းနေခြင်းမှာလည်း ထူးခြားသော ဇာတာ တစ်ခုပင် ဖြစ်တော့၏။

ကိတ် ဂြိုဟ် သည် 
မကာရ ရာသီ (၄-တန့် ဘာဝ) ဘာဝ တွင်တည်သည်။ န၀င်း စက် အားဖြင့် ကြာသပတေး ပိုင်သော မိန် န၀င်း ဖြစ်ကာ-တနင်္ဂနွေ ပိုင်သော ဥတ္တရာသဠ် နက္ခတ် ကိုစီးနင်း ထားသည်။ မူလ အင်အား အနေဖြင့် 0% ရှိကာ၊  ရာဟု မှ အပ ဂြိုဟ်ဆိုး လွှမ်းမိုးမှု မရှိပါ။

အချုပ်ဆိုရသော်- 
ကာလ သပ္ပယောဂ ပိုင်ရှင်များပင် ဖြစ်သော်လည်း- အင်မတန် မြင့်မားသော အောင်မြင်မှုတို့ကို ရခဲ့သည်- ကမ္ဘာကျော် ပုဂ္ဂိုလ် များ လက်တွေ့ရှိ နေသော်လည်း- မိမိ ယုံကြည်မှု အရ- ကာလ သပ္ပယောဂ ကို သုံးစွဲ နေကြ သူများ ရှိနေဆဲပင် ဖြစ်ပါ၏။ မိမိယုံကြည်ရာကို မိမိ လက်ခံယုံပင် ဖြစ်ပါသည်။

မိုးတား အနေဖြင့်မူ- မူအသစ် နည်းအသစ် တီထွင်ခြင်း လုံးဝ မဟုတ်ပဲ- ရှေးရိုးမူများကို သုတေ သန အမြင်ဖြင့် လက်တွေ့ ဝေဘန် ဆန်းစစ်ကြည့်ခြင်းသာ ဖြစ်ပါ၏။

အားလုံး ချမ်းမြေ့ကြပါစေ။

နျူမာန် (မိုးတား)
Motaa.info

[+/-] show/hide this post